တိုင်းပြည်လည်း မနာစေချင်ဘူး၊ အမှန်တရားကိုလည်း ရပ်တည်စေချင်တယ်

သဇင်လှိုင်
မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး လုပ်ငန်းကို နှစ် ၃၀ ကျော် ပါဝင်ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်း / Equality Myanmar
Want create site? Find Free WordPress Themes and plugins.

လူမျိုးတုံး သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာ နိုင်ငံက တရားစွဲထားမှုနှင့် ပတ်သက်ပြီး ခုခံဖြေရှင်းရန် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့လည်း ဒီဇင်ဘာလ ၈ ရက်နေ့ကတည်းက နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ ရောက်ရှိနေကြသည်။
ဒီဇင်ဘာလ ၁၀ ရက်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၌ ဂမ်ဘီယာနိုင်ငံမှ တရားရေး ဝန်ကြီးနှင့် ရှေ့နေချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့က လျှောက်လဲချက်များ ပေးခဲ့ခြင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့်အဖွဲ့က တက်ရောက် နားထောင်ခဲ့ကြသည်။
ယနေ့ ဒီဇင်ဘာ ၁၁ ရက် ညနေ ၃ နာရီခွဲက စတင်၍ ကြားနာပွဲတွင် စွပ်စွဲချက်များ အပေါ် မြန်မာနိုင်ငံဘက်က ပြန်လည် ခုခံချေပ လျှောက်လဲချက်များ တင်ပြသည်။
အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံပေါ် ဖြစ်ပေါ်လာမည့် အလားအလာများ၊ အကျိုးသက်ရောက်မှုများကို လူ့အခွင့်အရေး ဆိုင်ရာ လှုပ်ရှားမှုများ ဆောင်ရွက်နေသည့် ညီမျှခြင်းမြန်မာ အဖွဲ့၏ အမှုဆောင် ဒါရိုက်တာ ဦးအောင်မျိုးမင်းကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ မနေ့က ICJ မှာ ဂမ်ဘီယာဘက်က စွဲချက်တင် လျှောက်လဲတဲ့ အပေါ်မှာ သုံးသပ် ပေးပါဦး။

ဖြေ။ ။ သူတို့ စွဲချက်တင်တဲ့ အချိန်မှာ ဘာတွေရလဲဆိုတော့ မြန်မာနိုင်ငံမှာ ဒါတွေကို ကျူးလွန်တယ်ဆိုပြီး စွပ်စွဲတဲ့ ပုံစံ တမျိုးရယ်။ ကျူးလွန်မှုကို တာဝန်ယူပြီးတော့ တားဆီးဖို့ ပျက်ကွက်တယ်၊ ဒါနဲ့ပတ်သက်ပြီးတော့ ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ ပျက်ကွက်တယ်ဆိုတဲ့ အပိုင်း နှစ်ပိုင်းကို တွေ့ရပါတယ်။ အဲဒီ နှစ်ခုကို သက်သေ အထောက်အထားနဲ့ ပြနိုင်ဖို့ အတွက် report ၊ အစီရင်ခံစာတွေ၊ ဓာတ်ပုံသက်သေ အထောက်အထားတွေလည်း တွေ့ရတယ်။

ထွက်ပြေးသွားတဲ့ သူတွေနဲ့ အင်တာဗျူးထားတဲ့ အချက်တွေ တွေ့ရတယ်။ သက်သေ အထောက်အထားဘက်က ပြောမယ် ဆိုရင် တော်တော် ခိုင်လုံနေတဲ့ အခြေအနေမျိုး ရှိတယ်။ ဒါဟာ မဖြစ်ဘူးလို့ ငြင်းလို့ မရတဲ့ အနေအထား ဖြစ်တယ်။ အဲဒီ ကိစ္စတခုက ကျနော်တို့ တိုင်းပြည်အတွက် တော်တော်လေးတော့ ထိခိုက်နစ်နာနိုင်တာပေါ့။ သူတို့ နားမလည်နိုင်တာက ကျနော်တို့ တိုင်းပြည်မှာက ကျူးလွန်တဲ့သူတွေကို အရေးယူဖို့ အခက်အခဲ ရှိနေတဲ့ သဘောတရားကို မသိဘူး။ အခုက နိုင်ငံကို တရားစွဲတာ ဖြစ်တဲ့အတွက် အဓိက ခေါင်းခံရမှာကတော့ အစိုးရပဲ ဖြစ်တယ်။

ကျူးလွန်တာကိုလည်း ပြန်ပြီးတော့ ချေပဖို့အတွက် တာဝန်ရှိသလို ကျူးလွန်တဲ့နေရာမျိုးမှာ အရေးယူမှု မရှိပါဘူး၊ တား ဆီးဖို့အတွက် ပျက်ကွက်ပါတယ်ဆိုတဲ့ ဖြေရှင်းရမှာကို လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အစိုးရ အပေါ်မှာ ကျရောက်နေတာ တွေ့ရပါတယ်။

မေး။ ။ စစ်ဗိုလ်ချုပ် သုံးယောက်နဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ပုံကို တင်းသွင်းတဲ့ အပေါ်ကိုရော ဘယ်လိုထင်မြင်ယူဆ ပါလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် သွားပြီးတော့ ဖြေရှင်းမယ်ဆိုတဲ့ နောက်ပိုင်းမှာ တင်ခဲ့တဲ့ ပိုစတာပေါ့။ တင်တဲ့သူကတော့ ဘာရည်ရွယ်ချက်လဲ မသိဘူး။ ဒါပေမယ့် ဒီပုံကိုကြည့်မယ်ဆိုရင် ပူးပေါင်းပါဝင်ပြီးတော့ လုပ်ဆောင်ပါတယ် ဆိုတဲ့ သဘော တရားကို သက်ရောက်နေတယ်။ တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က တသားတည်း ဖြစ်ပါတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပေါက် သွားတယ်။ အမှန်တော့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်နဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်နေတာတော့ ရှိတယ်။ ကျူးလွန်ခဲ့တဲ့ ကိစ္စကို သူကိုယ်တိုင်က ပါဝင်လား မပါဝင်လား ဆိုတာ သက်သေ အထောက်အထား မရှိဘူး။

ပုံကို ကြည့်လိုက်ခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်နဲ့ ပေါ်လစီခြင်း တူတယ်၊ လုပ်ဆောင်မှုခြင်း တူတယ်ဆိုတဲ့ တသွေးတည်း တသားတည်း ပြနေတယ်။ အဲဒါက အရမ်းကို သတိထားရမယ့် အချက်ပေါ့။ တင်တဲ့သူက ဘယ်လိုသဘော နဲ့ တင်တာ မဟုတ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လူမျိုးတုံး သတ်ဖြတ်မှု (Genocide) ကျူးလွန်တဲ့သူတွေကို ထောက်ခံနေပါတယ်၊ ဒီနေရာမှာသူလည်း ပါဝင် ပတ်သက်ပါတယ် ဆိုတဲ့ သဘောမျိုး ကောက်ယူပြီးတော့ တင်သွားတာ။

ဒါကြောင့်မို့လို့ ဒီပုံ စတင် ကတည်းက နိုင်ငံတကာကို ဒီကိစ္စနဲ့ ပတ်သက်လို့ သတင်းမှားတွေ ပေးလိုက်သလို ဖြစ်သွားနိုင် တယ်။ ပုံက ပြန်ဖြုတ်ချလိုက်လို့ ပုံက မရှိတော့ပေမယ့် သမိုင်းက ကျန်ခဲ့တယ်။ အဲဒီ သမိုင်းကိုလည်း ဖတ်တဲ့သူတွေ ကြည့် တဲ့သူတွေ လိုသလို အဓိပ္ပာယ် ဆွဲနိုင်တယ်။ အဲဒီလို အဓိပ္ပာယ် ဆွဲနိုင်ဖို့ အတွက်လည်း သတင်းအချက်အလက်ကို ဒီပုံက ပေးနေတာ ကျနော်တို့ဆီမှာ တကယ့်ကို မဖြစ်သင့်တဲ့အဖြစ်ကို ကျူးလွန်တယ်လို့ ပြောချင်ပါတယ်။

မေး။ ။ ဒီနေ့ မြန်မာဘက်က ပြန်လည် ချေပလျှောက်လဲမှုမှာရော သက်သေခိုင်လုံတဲ့ လျှောက်လဲချက်မျိုးတွေ ပေးနိုင် လိမ့်မယ်လို့ ယူဆလို့ရလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဘယ်အခြေအနေပေါ်မှာ ရပ်တည်ပြီးတော့ လျှောက်လဲချက်ပေးမယ် ဆိုတာ ကျနော် မသိဘူး။ ဒါပေမယ့် စိုးရိမ်စရာ တခုက Genocide မဖြစ်ခဲ့ပါဘူးလို့များ လျှောက်လဲချက်ပေးမယ် ဆိုရင် သိပ်ပြီးတော့ ခိုင် လုံမှု မရှိတာတွေ အများကြီး တွေ့နေရတယ်။ သေဆုံးခဲ့တယ် လူတွေ သိန်းနဲ့ချီပြီးတော့ ထွက်ပြေးခဲ့ရတယ်။ အင်တာဗျူး တွေရော ဓာတ်ပုံတွေရော ဂြိုလ်တု (Satellite) မှာရိုက်ထားတဲ့ ပျက်စီးသွားတဲ့ အကြောင်းအရာတွေ အကုန်လုံးကို တွေ့ရ တယ်။ ဒါကြောင့် မဖြစ်ဘူးဆိုတာကို ငြင်းဖို့အတွက် အရမ်းကို အခက်အခဲ အများကြီး ရှိတယ်။

ဒါပေမယ့် ဖြစ်ခဲ့ပါတယ် အစိုးရအနေနဲ့ တာဝန်ပျက်ကွက်မှု တားဆီးဖို့အတွက် လိုအပ်သလို အရေးယူနိုင်မှု မရှိဘူးဆိုတဲ့ အရာမျိုးဆို နည်းနည်း သက်သာမယ်။ ဘာကြောင့်လဲဆိုတော့ ကျူးလွန်တာ စစ်တပ်ဖြစ်တယ်၊ လက်နက်ကိုင် အဖွဲ့တွေ ဖြစ်တယ်။ အဲဒါကို အစိုးရအနေနဲ့ အာဏာစက် သက်ရောက်မှု မရှိလို့ ဒါတွေကို တားဆီးမှု အပိုင်းမှာ လုပ်ဖို့အတွက် အခက်အခဲ ရှိတယ်။ အခု သူတို့ပြောနေတဲ့ ချက်ချင်းလုပ်ဆောင်သင့်တဲ့ ကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင်တော့ စွဲချက်တွေအပြင် သိပ်ပြီးတော့ ဆိုးဆိုးရွားရွား မဟုတ်ဘဲနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုရင်တော့ နိုင်ငံရဲ့ သိက္ခာလည်း တက်လာမယ်။

မေး။ ။ မြန်မာနိုင်ငံအနှံ့မှာလည်း ထောက်ခံပွဲတွေ အများအပြား လုပ်တာကို တွေ့ရတယ်။ ဒါပေမယ့် သဘောထား အမြင်တွေ ကွဲလွဲနေတာကို တွေ့ရတယ်။ အဲဒီအပေါ်မှာရော ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ We stand with you ဆိုတာ ဘယ်အပေါ်မှာ ရပ်တည်ပြီး ပြောလည်း ဆိုတာ ကျနော်လည်း မသိဘူး။ ပထမဆုံး ဒေါ်အောင်ဆန်းစုကြည်ကို လေးစားတယ်၊ ဒီလိုမျိုး ဖြစ်တာ သူနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင် တိုင်းပြည်မှာ တာဝန်ရှိတဲ့သူ တဦး အနေနဲ့ နိုင်ငံတကာ ခုံရုံးမှာ သွားရောက်ပြီးတော့ ထွက်ဆိုတာ ဒါနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းရဲတဲ့ သတ္တိ တာဝန်ခံရဲတဲ့ သတ္တိကို အရမ်းလေးစားတယ်။ အစဉ်အဆက် အစိုးရတွေမှာ ဒါမျိုး မရှိကြဘူး။

ဒီကိစ္စက သေချာလား မသေချာလား မသိဘူး။ စွပ်စွဲချက်ပဲ ရှိသေးတယ် စွပ်စွဲချက်ကို ပြန်လည်ဖြေရှင်းဖို့ အတွက် တရား ဥပဒေဆိုင်ရာ အခွင့်အရေးကို ကျင့်သုံးတာ သဘောကျတယ်။ ဒါပေမယ့် ရပ်တည်ချက်ကတော့ ဒီနေ့မှ ကျနော်တို့ သိရမှာ ပေါ့။ သူ့အနေနဲ့ Genocide ကို လက်ခံလား။ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို မလုပ်ပါဘူး မဖြစ်ပါဘူးလို့ ငြင်းဆိုမလား။

ဘယ်လိုပဲဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်။ Genocide မြောက်လား မြောက်လား ငြင်းစရာ ဖြစ်ပေမယ့် အဲဒီဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖြစ်နေတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ပါဝင်ပြီးတော့ လုပ်ဆောင်မှုတွေ ရှိနေတယ်။ အဲဒါကို လုံးဝမရှိပါဘူးလို့ ပြောရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားထားတဲ့ စိတ်ထဲ၊ အမှန်တရားနဲ့ လူ့အခွင့်အရေးကို ရပ်တည်ခဲ့တာတွေကို ပြန်ပြီးတော့ စဉ်းစားစရာတော့ ဖြစ်လာပြီ။ အဲဒါမျိုးပုံစံဆိုရင်တော့ Stand With You က မေးစရာ မေးခွန်းအကြီး ဖြစ်လာမှာပေါ့။
ဒါမှမဟုတ်ဘဲနဲ့ ဟုတ်ပါတယ် ဒီလိုမျိုး ကိစ္စတွေ ရှိပါတယ်။ အားနည်းမှုတွေ ရှိသလို နောက်ပိုင်းမှာ ဒါတွေမဖြစ်အောင် တားဆီးဖို့အတွက် လုပ်သင့်တာ လုပ်ပါမယ်ဆိုရင်တော့ ထပ်ပြီးတော့ ကြိုဆိုစရာ ဖြစ်သွားပြန်ပါပြီ။ အဲဒီတော့ Stand With You နဲ့ လုပ်ဆောင်တဲ့ အချက်တွေက ပုဂ္ဂိုလ်ခင်လို့ ဘာလုပ်လုပ် လက်ခံတဲ့ သဘောမျိုး မဖြစ်ဖို့။ နောက်တခေါက် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ပေမယ့် လူ့အခွင့်အရေး ရှုထောင့်အရ အမှန်တရားနဲ့ တရားမျှတမှုအရ ဒါကို ဆန့်ကျင်ပြီး တော့ ပြောဆိုတဲ့ ထောက်ခံမှု မျက်ကန်း ထောက်ခံမှု မဖြစ်ဖို့ အတွက်တော့ လိုတယ်။

မေး။ ။ မနေ့က လျှောက်လဲချက်မှာ အမုန်းတရား ဖြန့်ချီနေတာကို အစိုးရက အရေးယူ ဆောင်ရွက်မှု မရှိဘူးဆိုတာတွေ ထည့်သွင်း ပြောသွားတယ်ပေါ့။ ဒီလို Hate speech ပြောဆိုမှုတွေက နိုင်ငံသားတိုင်းနဲ့ ဆိုင်တဲ့အခါကျတော့ အဲဒီအပေါ်မှာ ဘယ်လို သုံးသပ်မိလဲ။

ဖြေ။ ။ သူတို့ စွပ်စွဲတဲ့ အချိန်မှာ လူမျိုးရေး မုန်းတီးမှုတွေ သတ်ဖြတ်မှုတွေ ဖြစ်ဖို့အတွက် Social media မှာ အမုန်းတရား လှုံ့ဆော်မှုတွေ အများကြီး ဖြစ်တယ်။ အစိုးရအနေနဲ့ လိုအပ်သလို မကာကွယ်နိုင်ဘူးဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ပြည်သူလူထုက အရမ်းကို ရိုးသားလွန်း အားကြီးတယ်။ လိုရင်လိုသလို ဝါဒဖြန့်တဲ့ အပေါ်မှာ ဆင်ခြင်တုံတရား အားနည်းစွာနဲ့ အမှန်တရားကို သေသေချာချာ စဉ်းစားတာ မဟုတ်ဘဲနဲ့ ကြားတာနဲ့ ယုံပြီးတော့ စိတ်ရဲ့အစွဲနဲ့ ဖြစ်သွားတဲ့ ကိစ္စတွေ အများကြီး ရှိတယ်။ ဒါတွေက ပြည်သူလူထုရဲ့ ဆင်ခြင်တုံတရား အားနည်းမှုတွေ နဂို ရှိပြီးသား အစွဲတွေကို အသုံးချပြပြီးတော့ ပိုပြီးတော့ မီးတောက်အောင် လုပ်ဆောင်မယ့် နောက်ကွယ်က လူတစု ရှိတယ်ဆိုတာကို မေ့လို့မရပါ ဘူး။

အလိုလိုဖြစ်လာတာ မဟုတ်ဘူး ဒါမျိုး ဖြစ်လာဖို့အတွက် စနစ်တကျ ဖြစ်စဉ် သွေးထိုးပြီးတော့ လုပ်ဆောင်တဲ့ လုပ်ငန်းစဉ် ရှိနေတယ် ဆိုတာကိုလည်း စဉ်းစားဖို့ လိုအပ်တယ်။ မြန်မာပြည်က ပြည်သူလူထကို ပြောချင်တာ တခုက ဒီကိစ္စတခုက သာမန်မဟုတ်ပါဘူး။ မုန်းတီးမှု တခုဖြစ်လာဖို့ တိုင်းပြည် အခက်အခဲ ဖြစ်လာဖို့ ကြံစည် လှုံ့ဆော်နေသော လူများရှိပါ တယ်။ အဲဒီကိစ္စမျိုးမှာ ဆင်ခြင်တုံတရား အပြည့်နဲ့ အမှန်ကို အမှန်အတိုင်း ပကတိ အခြေအနေကို ပကတိ အခြေအနေ အတိုင်း မြင်ပြီးတော့ လူကို လူသားလို မြင်သော စိတ်ဓာတ်တွေ ရှိဖို့ လိုအပ်တယ်။ အဲဒါမှ မဟုတ်ရင်တော့ အမုန်းစကား (Hate Speech) ကို ဖြန့်ဖြူးတယ်ဆိုတဲ့ အမှုက ကျနော်တို့ အစိုးရ အပေါ်မှာ ကြီးမားတဲ့ ပြစ်ဒဏ်အဖြစ် ဖြစ်သွားနိုင်တယ်။ အဲဒီအတွက် အားမပေးကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

လူ့အခွင့်အရေး လှုပ်ရှားသူ ဦးအောင်မျိုးမင်

မေး။ ။ နိုင်ငံတကာ မီဒီယာတွေမှာ Live တွေ လွှင့်တယ်။ သတင်းတွေလွှင့်တယ်။ မြန်မာတွေအနေနဲ့ အဲဒီမှာ Comment တွေ သွားမန့်တာကရော ဘယ်လို အကျိုးသက်ရောက်မှု (impact) ကြီးနိုင်လဲ။

ဖြေ။ ။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေကို နိုင်ငံတကာက တော်တော်များများ စိတ်ဝင်စားတယ်။ ဒီအမှု ဖြစ် လာတဲ့ အခြေအနေမှာ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းအပြင် Genocide ကိုရောက်တဲ့ မုန်းတီးမှု အခြေခံလား ဆိုတာ နိုင်ငံတကာက စောင့်ကြည့်နေကြတယ်။ အဲဒီလိုအခြေအနေမျိုးမှာ မုန်းတီးမှုကို ပိုပြီးအားသန်တဲ့ အခြေအနေမျိုး၊ အစိုးရ အပေါ်မှာ လုပ်တဲ့အရာကို အသိအမှတ်မပြုဘဲ ပိုပြီး အထင်မှားစေအောင် ပြောကြားခြင်းက သွေးရိုးသားရိုးတော့ မဟုတ် ဘူးဗျ။

ကျနော်တို့ တိုင်းပြည်က အမြဲတမ်းနောက်ကွယ်က လှုပ်ရှားနေတဲ့ အစီအစဉ်အောက်မှာ ရောက်နေတာမျိုး ရှိတယ်။ တဖက်ကလည်း နိုင်ငံတကာက အစီအစဉ် ရှိသလို၊ တခါတလေ ပြည်တွင်းရေး ပိုရှုပ်ပြီး အစိုးရကို ဒုက္ခရောက်အောင် လုပ်တဲ့ ကြံစည်မှုတွေ ရှိနေတာတွေ့ရတယ်။

ကျနော့် အနေနဲ့ကတော့ တိုင်းပြည်လည်း မနာစေချင်ဘူး။ အမှန်တရားကိုလည်း ရပ်တည်စေချင်တယ်။ အဲဒီတော့ ပကတိ အတိုင်း မြင်သော အရာဖြစ်ပါစေ။ လူတစု ပြဿနာ တခုကို အခြေခံပြီးတော့ နိုင်ငံရေးအရ အသုံးချတာ။ အစိုးရ တခုကို တိုက်ခိုက်တာ ဖြစ်သလို၊ အစိုးရတစ်ခုအတွက် ကာကွယ်မပေးသော အရာမျိုး မဖြစ်ဖို့ တိုက်တွန်းချင်ပါတယ်။ နိုင်ငံရေး ဆိုတာ ကိုယ့်ရဲ့ ခံယူချက်နဲ့ ကိုယ့်ရဲ့ ယုံကြည်ချက်အရ နိုင်ငံရေးအရ လုပ်ဆောင်ပါ။ အခြားလူကို အလွဲသုံးစားလုပ် စတေးပြီးတော့ လုပ်တာမျိုးကို လုံးဝ လက်မခံနိုင်ဘူး။

မေး။ ။ လတ်တလောမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ပိုင်းက ခေါင်းဆောင်တွေကို အမေရိကန်က ပိတ်ပင်လိုက်တာ အပေါ်မှာရော ဘယ်လိုမြင်သလဲရှင့်။

ဖြေ။ ။ စစ်အာဏာရှင် စနစ်တုန်းကဆိုရင်တော့ အမေရိကန်က မြန်မာနိုင်ငံကို စီးပွားရေး ပိတ်ဆို့မှု လုပ်ပြီး ဖိအားပေး တာမျိုး ရှိပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ တက်လာပြီး နောက်ပိုင်းတော့ ဒါတွေအကုန်လုံးကို ဖယ်ရှား လိုက်တယ်။ ဒီမိုကရေစီ အစိုးရဆိုတာကို ကြိုဆိုတဲ့ အပိုင်းနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ အကုန်လုံးကို ဖယ်ရှားလိုက်တယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုက မရပ်တန့်ဘူးဗျ။ လူ့အခွင့်အရေး ချိုးဖောက်မှုက အသွင်အမျိုးမျိုးပြောင်းလာတာ။ အချို့ဆိုရင် ပိုပြီး ဆိုးရွားလာတာတောင် ရှိတယ်။

အဲဒါ ပြန်ကြည့်လိုက်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်မှာ အစိုးရက သပ်သပ်၊ လူ့အခွင့်အရေး ချိုးဖောက်တဲ့ လက်နက်ကိုင် တွေက သပ်သပ်ပုံစံမျိုး ဖြစ်နေတာဖြစ်တဲ့ အတွက်ကြောင့် Sanction (ပိတ်ဆို့မှု) ကတော့ Sanction ပဲ။ အားလုံးကို ပိတ် ဆို့ပြီး စီးပွားရေး ပိတ်ဆို့တဲ့ Sanction မျိုး မဟုတ်ဘဲ Selected Sanction လို့ ခေါ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်သူများကို ရွေးချယ်ပြီးတော့ ပိတ်ဆို့တဲ့ Sanction မျိုးကို လုပ်ကိုင်တယ်လို့ ယူဆပါတယ်။ အရင်တုန်းက စီးပွားရေး ပိတ်ဆို့မှုကို လုပ်မယ်ဆိုရင် ဒီအစိုးရအတွက်လည်း အခက်အခဲ ရှိနိုင်တယ်။ အခုလိုမျိုး ကျနော်တို့ ပြဿနာပေါင်းစုံ ကြုံနေရတဲ့ နိုင်ငံ မျိုးမှာ ရင်းနှီးမြှုပ်နှံမှုလည်း ထိခိုက်တယ်။ တာဝန်ရှိတယ် ဆိုပြီး အများစု စွပ်စွဲနေတဲ့ စစ်ခေါင်းဆောင်တွေကို လုပ်ဆောင် ခြင်းက နည်းလမ်း မှန်တယ်လို့ ယူဆတယ်။ တိုင်းပြည်ကို မနာစေဘဲနဲ့ တာဝန်ရှိသူတွေကို ပစ်မှတ်ထားတဲ့ Selected Sanction ကို ကြိုဆိုပါတယ။်

မေး။ ။ နိုင်ငံတကာ တရားရုံး ရောက်သွားတဲ့ အပေါ်မှာ စီးပွားရေး ပိတ်ဆို့မှုတွေ ရှိလာနိုင်လား။

ဖြေ။ ။ ICJ ဟာ ကျနော်တို့ ခုနက ပြောသလို စီးပွားရေး ပိတ်ဆို့တာတို့၊ တိုင်းပြည်ကို လျော်ကြေး တောင်းတာတို့ကို ရည်ရွယ်တဲ့ တရားခုံရုံး မဟုတ်ပါဘူး။ နိုင်ငံ နှစ်ခုကြားထဲမှာ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ အတွက် သမာသမတ်ကျကျနဲ့ ကြားနာတဲ့ ခုံရုံး ဖြစ်ပါတယ်။ သူတို့တောင်းဆိုတဲ့ တောင်းဆိုချက် တခုက ဒီလက်ရှိ အခြေအနေမှာ အမုန်းတရားတွေ ရပ်တန့်အောင် လုပ်ဆောင်ပေးဖို့၊ နောက် လူ့အခွင့်အရေး ချိုးဖောက်တယ်။ ဒီကိစ္စ ကျူးလွန်တဲ့သူတွေကို အရေးယူပေးဖို့။ ဒါတွေမဖြစ်အောင် အစိုးရက တားဆီးပေးဖို့ အဲဒီ အပိုင်းကိုပဲ သွားမှာဖြစ်ပါတယ်။

ဒါပေမယ့် ဒါတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှု မရှိဘူး။ ICJ ဆိုတဲ့ အပိုင်းမှာ ဖြစ်ရဲ့သားနဲ့ မဖြစ်ဘူးလို့ ပြောဆိုတဲ့ အပိုင်းတွေ မှာတော့ နောက်ထပ် အရေးယူ ဆောင်ရွက်မှုတွေက တိုးလာနိုင်ပါတယ်။ ICJ နဲ့ မရရင် နောက်ထပ် အရင်တုန်းက ခေါ်ကြ တဲ့ ICC လိုမျိုး ဖြစ်လာမယ်။ ဒါဆိုရင် လူပုဂ္ဂိုလ်တဦးပေါ်မှာ သက်ရောက်မှုတွေ ဖြစ်လာမယ်။ အရင်တုန်းကလိုပဲ မြန်မာ နိုင်ငံကို ဝိုင်းဝန်းပြီးတော့ နိုင်ငံလိုက်၊ နိုင်ငံလိုက် အရေးယူမှုတွေ ပေါ်လာနိုင်တယ်။

ICJ မှာတော့ စီးပွားရေးကို ပိတ်ဆို့တဲ့ ဆုံးဖြတ်ချက်မျိုး ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သတိထားဖို့ အရမ်း လိုပါတယ်။ ICJ မှာ ဒီလိုမျိုး အမှုပေါ်လာခြင်းဟာ ဝုန်းခနဲ ဒိုင်းခနဲ မိုးကြိုးပစ်သလို မဟုတ်ပါဘူး။ လေပြေလေးတွေလာ တယ်။ မိုးလေးတွေ သည်းလာတယ်။ တဖြည်းဖြည်းနဲ့ ခု မိုးကြိုးပစ်တဲ့ အဆင့်ရောက်လာတာပါပဲ။

တိုင်းပြည် တပြည်မှာ ဒီလိုဖြစ်နေတဲ့ ကိစ္စတွေကို အစိုးရအနေနဲ့ လိုအပ်သလို အရေးယူ ဆောင်ရွက်ပေးဖို့၊ တကယ်လို့ ဒီကိစ္စတွေ နိုင်ငံတကာ အာရုံစိုက်တဲ့ အချိန်မှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ အခြေအနေမှန်ကို စုံစမ်း စစ်ဆေးဖို့ အရေးယူတဲ့အခါမှာ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ အခွင့်အလမ်းတွေ အများကြီးပေးတယ်။

တချို့သော အခွင့်အလမ်းတွေကို အခွင့်အလမ်းပေးရဲ့သားနဲ့ မယူဘဲနဲ့ ပိတ်ဆို့တာတွေ၊ ခွင့်မပြုတာတွေ၊ ငြင်းဆန်တာတွေ ရှိတဲ့အတွက် ဖြစ်လာတဲ့ကိစ္စမို့လို့ ဒီအချိန်မှာ လုပ်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်ပါတယ်။ အမှန်တရားအတွက် အခွင့် အလမ်းပေးတယ် ဆိုတဲ့ဘက်မှာ မယူထားရင် နောက်ထပ် ဒီ့ထက်ပိုပြီး တင်းကျပ်တဲ့ ဖိအားတွေ ပေါ်လာနိုင်ပါတယ်။ ဖိအားတွေ များလာရင်တော့ အစိုးရ တရပ်တင် မကပါဘူး။ ပြည်သူလူထုတွေ အတွက် အနည်းအများတော့ ပြဿနာ ရှိ လာပါတယ်။

မေး။ ။ ဒါဆိုရင် အကောင်းဆုံး ဖြေရှင်းဖို့ နည်းလမ်းက ဘယ်လိုမျိုးဖြစ်မလဲ။

ဖြေ။ ။ အကောင်းဆုံး ဖြေရှင်းတဲ့ နည်းလမ်းကို အစောကတည်းက ကျနော် ပြောထားပြီးသားပါ။ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေ ဖြစ်တာ အားလုံးသိပါတယ်။ ဘယ်နိုင်ငံသားပဲ ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် အားလုံးက လူဟာ လူပါပဲ။ အကြမ်းဖက်မှုတွေ၊ ဒုက္ခရောက်အောင် လုပ်ဆောင်တဲ့ အကြောင်းအရာတွေ ရှိတယ်။ အဲဒါတွေကို ပထမဦးဆုံးက အဖြစ်မှန် အတိုင်း စုံစမ်း စစ်ဆေးနိုင်ဖို့ အတွက် နိုင်ငံတကာနဲ့ ပူးပေါင်းပြီး လုပ်ဆောင်ဖို့ လိုတယ်။ ကျူးလွန်တဲ့သူတွေက ဘယ်တပ်ဖွဲ့က ဖြစ်ဖြစ်၊ ဘယ်သူဖြစ်ဖြစ် ထိရောက်စွာ အရေးယူပေးဖို့ ဒါကို ကျနော်တို့ တောင်းဆိုထားပါတယ်။ ဒီကိစ္စ တွေကို အစောကတည်းက လုပ်ထားရင် မထွေးလေးကို မြွေမြိုသလို တရစ်ပြီး တရစ် တက်လာမှာ မဟုတ်ပါဘူး။ အဲဒါ တွေကို ပူးပေါင်းဆောင်ရွက်မှု အပိုင်းနဲ့ အမှန်တရားကို ဖော်ထုတ်တဲ့ အပိုင်းအားနည်းတဲ့ အတွက် အခုချိန်မှာ တကမ္ဘာလုံး က ဂရုစိုက်ပြီး မဖြစ်သင့်တဲ့ ကိစ္စမျိုး ဖြစ်သွားတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ICJ အမှုတွင် ပြည်တွင်းနိုင်ငံရေးအပေါ် ဦးစားပေးလေ့လာခြင်း

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်

Did you find apk for android? You can find new Free Android Games and apps.
Loading