ရခိုင်အရေးအကြောင်းပြု ပေါ်ပေါက်လာသည့် ပြုပေါ်ပေါက်လာသည့် ပြဿနာများကြောင့် ယခုအခါ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)တွင် တရားစွဲဆိုသဖြင့် ယခုအခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းနေရပြီ ဖြစ်သည်။
ယခုအမှုအတွက် ပထမဆုံးအကြိမ် ကြားနာမှုကို နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့ တွင် ပြုလုပ်လျက်ရှိရာ ယခု ပြဿနာကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့ အနေဖြင့် မည်မျှ ဖြေရှင်းဆောင်ရွက် နိုင်မလဲဆိုသည်ကို ဧရာဝတီမှ သတင်းထောက် မိုးမိုးက လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ ဆုံမေးမြန်းထားပါသည်။
ဦးစိုးသိန်း (သမ္မတရုံး ဝန်ကြီးဟောင်း)
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ကျနော်ပြောချင်တာက သွားတာ လောလွန်းတယ်လို့ ပြောချင်တယ်။ တရားရုံးရဲ့ အခင်းအကျင်း ဘာမှန်း မသိသေးဘူး ပေါ့နော်။ မနေ့ကဆို တဘက်သတ် စွပ်စွဲချက်ပဲပေါ့။ အဲဒီမှာ ကိုယ်က သိပ်စောလွန်းပြီး သွားဖြေရှင်းတယ်လို့ ထင်တယ်။ တရားရုံးရဲ့ သဘောထားလည်း မသိဘူး။ တရားခွင်ထဲမှာ သွားထိုင်နေရင်း ခံစားမှုတွေ သိပ်များမယ်။ အဲ့ဒါကြောင့် မသွားသင့်သေးဘူး။
ခပ်လှမ်းလှမ်းက ကြည့်ရမယ်။ လိုတဲ့ အခါမှ သွားရမယ်။ အခု သွားတဲ့အခါမှာ နောက်တခါ သွားရမလိုလို၊ ခက်မလိုလို ဖြစ်တတ်တယ်။ ကျနော်ပြောတယ်။ စစ်တပ်အတိုင်း ပြောမယ်ဆိုရင် တပ်မှူးတယောက်က သိပ်ရှေ့ တန်းကျလို့လည်း မရဘူး။ ရှေ့တန်း မကျလို့လည်း မရဘူး။ အသင့်အတင့်နေရာ ရွေးချယ်ပြီး စစ်ကြောင်းမှာ လိုက်ရတယ်။ ဒီလိုပဲ ဒါက သိပ် ရှေ့တန်းကျလွန်းတယ်။ ဘာဖြစ်မှန်း မသိဘူး။ ဖန်တီးတာက သွားတာက ကိုယ်က အကြီးဆုံး ဖြစ်တဲ့ အတွက်ကြောင့် စစ်ပွဲ မနိုင်ဘူးဆိုရင် ကိုယ့်ထက် ကြီးတဲ့သူလည်း မရှိတော့ဘူး။
ဒါကြောင့် သွားတာလွယ်တယ်။ အခြား ပညာရှင်၊ နိုင်ငံတကာက ပညာရှင်တွေကလည်း ပြောပါတယ်။ သွားတာ နည်း နည်း လွဲတယ်။ ကဲ ထားတော့ မနေ့က ဟိုဘက်က ပြောတာတွေ နားထောင်ရတာပေါ့။ သိပ်ခိုင်လုံလှတယ် မရှိဘူး။ လူတွေ သတ်တယ်ဆိုတာလည်း ဇာတ်နာအောင်ပြောနေတာပေါ့။ ဒါသူတို့ဘက်ပဲ ရှိသေးတယ်။
ICJ ရဲ့ သဘောက ဒီလိုလူကြီးတွေ သွားဖို့မဟုတ်ဘူး။ အခြားနိုင်ငံတွေ အစွဲခံရတာ ရှိပါတယ်။ သူတို့ဘာမှ ဂရုမစိုက်ဘူး။ သူတို့ရှေ့နေငှားပြီးတော့ လုပ်လိုက်ရုံပဲ။ ရှေ့နေငှားပြီးရင် အဲ့ဒီရှေ့နေကို လမ်းညွှန်ရုံပဲ။ ပြန်ပြောမယ် ကိုယ်က လမ်းညွှန် မယ်။ တထစ်ခံထားတာပေါ့။ အခုက လုံးဝ ဒဲ့သွားတွေ့တော့ အခါကျတော့ နည်းနည်းခက်မလားလို့ ကျနော့် စိတ်ထဲ ထင်တာပေါ့နော်။
ICJ အမှုမျိုးက ၃၊ ၄၊ ၅ နှစ်ကြာတဲ့ အမှုမျိုးဗျ။ တရက်ထိုင်၊ တရက်ပြီးတဲ့ အမှုမျိုး မဟုတ်ဘူး။ ဒါကြောင့်မို့ ပြည်တွင်းမှာ လည်း အကြာကြီး ဆွေးနွေးတိုင်ပင်ပြီး သွားတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ အခြေအနေကို ကြည့် ကြည့် သူ့ကို ဘယ်သူမှ ခံမပြောဘူး။ Against မလုပ်ဘူး။ Against လုပ်ရင်လည်း သူ မကြိုက်ဘူး။ အဲ့ဒါ မဟုတ်ဘူး။ ခေါင်းဆောင်က အစ္စရေးမှာဆိုရင် အရမ်း Against လုပ်တယ်။ အဲဒီကရတဲ့ ဖြေရှင်းချက်ကိုသာလျင် ဖော်ဆောင်တာ။
ကျနော်တို့က မဟုတ်ဘူး။ လူကြီးကို အရမ်း ရိုသေတာ။ ကြီးပြီဆို အကုန်ကြောက်တာပဲ။ ကြောက်စရာ မဟုတ်ပါဘူး။ အဲဒါက ကျနော်တို့ တိုင်းပြည်ရဲ့ အားနည်ချက်ပဲ။ ကျနော်တို့က တယောက်တယောက် မဆွေးနွေးဘူး။ ICJ ကိစ္စက ၄၊ ၅၊ ၆ နှစ်ကိစ္စ။ ကိုယ်ကသွားပြီး ဒီတပွဲနဲ့ ပြီးတဲ့ တိုက်ပွဲမှ မဟုတ်တာ။ တိုက်ပွဲပေါင်းမြောက်များစွ အဲ့တော့ ဘယ် ခေါင်းဆောင်က ဆက်တိုက်မှာလဲ။
ဦးအောင်လှိုင်ဝင်း (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
မနေ့က ဂမ်ဘီရာဘက်က တင်ပြတာပေါ့။ နားထောင်ရတာတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော် အချိန်ယူပြီး စုဆောင်းလာ တယ်။ သက်သေ အချက်အလက် ၁ သောင်းကျော် စုဆောင်းပြီးတော့ တင်ပြလာတယ် ပြောတယ်။ ဒီဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည်ဒေသမှာ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာ စစ်တပ်ဘက်က အမြဲတမ်း ငြင်းဆိုခဲ့တယ်ပေါ့။
ဖြစ်တဲ့ ဖြစ်စဉ်တွေ အကုန်လုံးက ရခိုင်ဒေသတခုထဲမှ မဟုတ်ဘူး။ ကချင်တို့ ချင်းတို့မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေကို လေ့လာ ကြည့်မယ်ဆိုရင် ဒီလိုမျိုးပုံစံတူတွေ့ခဲ့တယ်ပေါ့။ ရခိုင်ဒေသမှာ တကယ် ဖြစ်မဖြစ်ဆိုတာတော့ ဘယ်သူမှ သွားပြီးတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့ခွင့်မရှိဘူး။ နောက်တခါ လွှတ်တော်လို ဟာမျိုးကလည်း သွားရောက်စစ်ဆေးတာ လုပ်လို့ မရဘူး။ ပြည်နယ်လွတ်တော်တွေကလည်း လုပ်လို့ မရတော့ဘူး။
နိုင်ငံခြား ဒီမိုကရေစီ တိုင်းပြည်မှာက အဲလို ဖြစ်ခဲ့ရင် အစိုးရရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီးတော့ သွားရောက် စစ်ဆေးတဲ့အခါ အဖွဲ့တွေ ဖွဲ့တာတော့ ရှိတယ်။ ဘယ်လောက် သေချာလဲဆိုတော့ ကျနော်တု့ိကိုယ်တိုင် စုံစမ်း စစ်ဆေးခွင့် မရှိတော့ အတိအကျတော့ မပြောနိုင်ပါဘူး။ ဒီဘက်က တင်ပြတာပဲ ရှိတာပေါ့။
အတိုင်ပင်ခံကို မြန်မာနိုင်ငံက ပြည်သူတွေက အင်မတန်မှ ရိုးသာကြတယ်။ တဦးနဲ့ တဦး ကူညီတယ်။ ဘာသာခြားတို့၊ လူမျိုးကြားတို့ အမြင် မရှိဘူး။ အစဉ်အလာထဲက ဆိုရင်လည်း ဂျပန်တွေ သူတို့အပေါ် ဆိုးရွားခဲ့ရင်တောင်မှ ထွက်ပြေးတဲ့ အခါကျတော့ ဝှက်ထားပေးတာ ရှိတယ်။ အဲလောက်ထိ နိုင်ငံခြားသားဆိုရင်လည်း ကူညီတယ်ပေါ့။
ပြည်သူရဲ့ ရိုးသားတဲ့စိတ်ဓာတ်ကို နိုင်ငံတကာက သိအောင် ပြောခဲ့မယ်လို့တော့ ကျနော်ကတော့ ယူဆပါတယ်။ တာဝန်ရှိတဲ့ လူတွေ ရှိခဲ့ရင်တောင်မှ လူတစုသာ ဖြစ်တယ်။ အဲ့ဒီ လူတစုကိုလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ အညီ အရေးယူ အပြစ်ပေးဖို့ ဒီလို သတင်းစကားတွေ နိုင်ငံတကာကို ပြောခဲ့မယ်လို့ ကျနော့်ဘက်က ယုံကြည်ပါတယ်။
လူတစုကိုပဲ ပြစ်မှတ်ထားပြီး လုပ်သွားမယ်လို့ပဲ ထင်ပါတယ်။ ပြည်သူ အကုန်လုံးကို ပစ်မှတ် မထားဘူးလို့ ထင်ပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ အရေးမှာလည်း အားပေးထောက်ခံခဲ့တဲ့ နိုင်ငံတွေ ဖြစ်နေတဲ့ အတွက်ကြောင့်မိုလို့ပါ။
ဦးဖေသန်း(ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ရခိုင်အမျိုးသား ပါတီ
အတိုင်ပင်ခံ ပုဂ္ဂိုလ် သွားတာနဲ့ ပတ်သက်လို့ တချို့က သဘောမတူဘူးပေါ့။ တချို့ကလည်း တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတယ်ဆိုပြီး ပြောကြတာ ရှိတယ်။ ဒီအပေါ်မှာတော့ မပြောချင်ပါဘူး။ သူက ဘာတွေ ပြောမလဲ ဆိုတာတော့ စိတ်ဝင်စားတာပေါ့။ ဟိုကတော့ တရားလိုဘက်က စွဲချက် တင်လိုက်ပြီပေါ့နော်။ ဘယ်လို အနေအထားနဲ့ ဖြေရှင်းမလဲ ဆိုတာတော့ စိတ်ဝင်စားဖို့ကောင်းတာပေါ့။ ငြင်းမလား၊ ငြင်းရင် ဘာဖြစ်လာမလဲ။ ငြင်းရင် အကျိုးဆက်တွေက အများကြီး လက်ခံမလား၊ လက်ခံမယ်ဆိုရင် အကျိုးဆက်တွေက ရှိလာမှာပဲ။
ဖုံးတဝက်၊ ကွယ်တဝက် လုပ်နေမယ်ဆိုရင် မဟုတ်ပြန်ဘူး။ အရင်ကလည်း ဒါတွေက မဟုတ်ပါဘူး။ တချို့က ဝန်ခံတယ်။ စုံစမ်း စစ်ဆေးရေး ကော်မရှင်နဲ့ စုံစမ်းနေပါတယ်။ စစ်တပ်ဘက်ကလည်း အရေးယူနေပါတယ်။ အဲ့လိုမျိုးပြောလို့လည်း ဒီကိစ္စက ပြီးသွားမှာ မဟုတ်ဘူး။ ဟုတ်တယ်၊ မဟုတ်ဘူးပြောဖို့ တော်တော့ကို ပြဿနာရှိတယ်။ သူက လက်ခံလိုက်ပြီ ဆိုပါတော့ တပ်နဲ့က ပြဿနာ ဖြစ်ဦးမယ်။ ကိုယ်ကိုကိုယ်တိုင်ကလည်း တရားခံ ဖြစ်မယ်။ တိုင်းပြည်ကလည်း တရားခံ ဖြစ်မယ်။ အဲဒါတွေကို မဟုတ် ဘူးလို့ သူသွားရှင်းတာကို။ မဟုတ်ဘူးလို့ သွားရှင်းပြန်ရင်လည်း နိုင်ငံတကာဖိအားက ဆက်တိုက်လာအုန်းမယ်။
သူတို့က ဒါမှန်တယ်လို့ ဆိုရင်တော့ သူတို့ဘက်က Action တွေ လာဦးမှာပဲလေ။ အဲဒါကို ကျနော်တို့ ဘယ်လို ကြံ့ ကြံ့ခံနိုင်မလဲ။ အဲ့ဒါတော့ တော်တော်လေး အရေးကြီးတယ်။ စီးပွားရေး၊ နိုင်ငံရေးအရ နောက်ဆုံး စစ်ရေးအရတောင် ဖြစ်လာနိုင်တယ်။ အဲလိုဆိုးကျိုးတွေက တစီတတန်းကြီး ပါလာမှာပေါ့လေ။ အဲဒါကြောင့်တော်တော်ကို စိုးရိမ်စရာ ဖြစ်ပါတယ်။
အထူးသဖြင့်တော့ ကျနော်တို့ ရခိုင်ပြည်နယ်အတွက် ကျနော်တို့ စိုးရိမ်တာပေါ့။ ဘင်္ဂလီတွေကို ရိုဟင်ဂျာ နာမည်ပေး မယ်။ တိုင်းရင်းသားအဖြစ် လက်ခံမယ်ဆိုတဲ့ ဟာတွေကို နောက်ဆက်တွဲ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ ပြဿနာတွေ ကိုလည်း အများကြီး ရှိနိုင်တယ်။
အဲဒီတော့ ဒါက ဆုပ်လည်း ဆူး၊ စားလည်း ရူး၊ အနေအထားမျိုးတော့ ရှိနေတာပေါ့နော်။ အကောင်းဆုံး ဖြစ်စေချင် တယ်။ မြေမသေ တုတ်မကျိုးပေါ့နော်။ သိပ်ပြီး နစ်နာတာတွေ ဖြစ်သွားမယ်ဆိုရင် တိုင်းပြည်အတွက် သိပ်မကောင်း ဘူး။ နိုင်ငံတကာရဲ့ ဖိအားကိုလည်း ခံရမယ်ဆိုရင်လည်း တိုင်းပြည်က နလန် မထူနိုင်ဘူး။ အဲ့ဒီ အခြေအနေမျိုးမှာ ဘယ်လို သွားမလဲဆိုတာ ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲဆိုတာ စောင့်နားထောင်ရမှာပေါ့နော်။
အကျဉ်းထဲ အကြပ်ထဲရောက်နေတော့ သူ့မှ ရွေးချယ်စရာ ၃ လမ်းပဲ ရှိတယ်။ ပထမ တချက်က မဟုတ်ပါဘူးဆိုတာ။ အဲ့ဒါကျတော့ ကမ္ဘာက ဘယ်လိုမှ လက်မခံဘူး။ သူတို့ အထောက်အထားတွေလည်း အများကြီးပဲ။ ဟုတ်ပါတယ်ဆိုပြန် တော့လည်း ကျနော်တို့နိုင်ငံက တရားခံ ဖြစ်မှာ။ ကိုယ်ကိုတိုင်က အရေးယူခံရမှာ။ တပ်မတော်ကလည်း အရေးယူ ခံရ မှာ။ ဟုတ်ပါတယ်ဆိုပြီး ကိုယ့်တိုင်းပြည် ပြန်လာတဲ့အခါမှာ မျက်နှာပမ်းလှမှာ မဟုတ်ဘူးဆိုတော့ ပုန်းတဝက် ကွယ်တ ဝက်ပဲ ပြောမယ်ထင်တယ်။
သူကိုယ်တိုင် အဲဒီမှာ သွားတဲ့အခါ မသိသေးတဲ့ အကြောင်းအရာတွေ သိလာမှာပေါ့။ သူတို့ ဒါတွေ မဟုတ်ပါဘူးလို့ ပြောတဲ့ အခါမှာ သူက ဘာကို ဖော်မလဲ၊ ဘာကို ကွယ်မလဲဆိုတာကို စောင့်ကြည့်ရမယ့် အနေအထား ဖြစ်တယ်။ ကျနော်တို့ နိုင်ငံအတွက်တော့ အောင်ပွဲနဲ့ ပြန်လာစရာ အကြောင်း မရှိဘူး။ အနည်းနဲ့ အများ ဘေးထွက်ဆိုးကျိုး ရှိလာမယ်လို့ ထင်ပါတယ်။
လူကိုရွေးပြီး တရားစွဲတာ ဆိုပေမယ့် နိုင်ငံရဲ့ ဂုဏ်သိက္ခာတော့ ထိခိုက်တယ်။ တနိုင်ငံလုံးကို ကာကွယ်တယ်ဆိုတဲ့ နေ ရာမှာ လူတွေကိုကာကွယ်မလား၊ နိုင်ငံကို ကာကွယ်မလား၊ အဲ့ဒါက ပို အရေးကြီးတယ်။ မဟုတ်ပါဘူး ငြင်းခဲ့တယ် တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာ ဘယ်လို ဖြစ်မလဲ။ ဟိုမှာမဟုတ်ပါဘူး ငြင်းခဲ့တာက အောင်နိုင်တာ မဟုတ်ဘူး။
အဲ့တော့ လက်မခံဘူး၊ လက်ခံတယ်ဆိုတာက ဘယ်ဟာက ဖိအား ပိုပျင်းမလဲပေါ့နော်။ လက်မခံဘူးဆိုလည်း ဒီလူတွေ ဟာ အရေးယူဖို့ နိုင်ငံတကာက လက်လျော့လိုက်မှာ မဟုတ်ဘူး။ တိုင်းပြည်ကိုလည်း အရေးယူမှု၊ ပိတ်ဆို့မှုတွေ အများကြီး လာမယ်။
လက်ခံတယ်ဆိုရင်တော့ ဒီလူတွေအတွက် မကောင်းဘူး။ နိုင်ငံအတွက်လည်း နည်းနည်းတော့ ဖြစ်တာပေါ့။ ဒါပေမယ့် အပြုသဘောနဲ့ ဆောင်တယ်လို့ ကမ္ဘာက မြင်ကောင်းမြင်လိမ့်မယ်။ ဆုံးဖြတ်ဖို့ ခက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘာပြောမလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ဦးဆီဟူးဒွေ့ (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက် ဖြေရှင်းတာဟာ စွပ်စွဲချက်တွေ အပေါ်မှာ သူအကောင်းဆုံး ချေပ နိုင်လိမ့် မယ်လို့ ယုံကြည်ပါတယ်။ ကျနော်တို့ နိုင်ငံကို စွပ်စွဲတာက လူမျိုးတုန်း သတ်ဖြတ်မှု ဆိုပြီး စွပ်စွဲတာလေ။ ကျနော်တို့ နိုင်ငံမှာ အဲ့လို လူမျိုးတုန်း သတ်ဖြတ်မှု စွပ်စွဲတဲ့နေရာမှာ ရိုဟင်ဂျာဆိုပြီးမှ အသုံးပြုထားတယ်။ ကျနော်တို့ နိုင်ငံကလည်း ရိုဟင်ဂျာ ဆိုတာ မရှိဘူး ဆိုပြီးမှ အစဉ်အစိုက် ကျနော်တို့ရဲ့ ခေါင်းဆောင်တွေကလည်း ပြောပြီးသား ဖြစ်တယ်။
ဒီနေရာမှာ စွပ်စွဲတာနဲ့ လက်ရှိမြေပြင် ကျနော်တို့ဆီမှာ ခေါ်ဝေါ်နေတဲ့ အသုံးအနှုန်းတွေက လွဲနေတယ်။ အဲ့ဒါကြောင့် လည်း ဖြေရှင်းနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ သူတု့ိရဲ့ စွပ်စွဲချက်တွေကို အကောင်းဆုံး ချေပနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ အတိုင်းအတာ တခုထိတော့ ချေပတဲ့ အခြေအနေ တဆင့်ထက်တဆင့် ဖြေရှင်းမယ့် အပေါ်မှာပဲ မူတည်ပါတယ်။
နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံက သမိုင်းကြောင်း မတူပါဘူး။ သူ့နိုင်ငံမှာ သူ့သမိုင်းကြောင်းအရ ရပ်တည်နေတဲ့ ဖြစ်ပျက်နေ ကျသလို တခြား နိုင်ငံတခုက သူ့နိုင်ငံရဲ့ မူဘောင်ကနေ ကြည့်မယ်ဆိုရင်တော့ အပြစ်ပြောစရာတွေတော့ ဘယ်နိုင်ငံမှ မလွတ်ပါဘူး။ ဒီအခြေအနေကို အခြေခံပြီးမှ စွပ်စွဲတယ်လို့ပဲ ကျနော်မြင်ပါတယ်။
ဒေါ်ဇင်မာအောင် (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
အထူးသဖြင့် အတိုင်ပင်ခံ ပုဂ္ဂိုလ်တာဝန်ထက် နိုင်ငံခြားရေး ဝန်ကြီး တယောက်ရဲ့ တာဝန် နဲ့ သွားတယ်လို့ ဒီလိုမျိုးပဲ ကျမ မြင်ပါတယ်။ Protocol အရ ဦးဆောင်ပြီး သွားတယ်ဆိုပေမယ့်လည်း သူနောက်မှာ နိုင်ငံတကာ ဥပဒေ ရေးရာ ကျွမ်းကျင်တဲ့ သူတွေလည်း ပါမယ်။ စွပ်စွဲတဲ့သူနဲ့ စွပ်စွဲခံရတဲ့သူပေါ့။ အခုချိန်ထိတော့ ဆုံးဖြတ်ချက်ချတဲ့ အနေအထားမျိုးတော့ မရောက်သေးဘူး။
ဒီလိုသွားခြင်းအားဖြင့် ဥပဒေကြောင်းအရ ချေပဖို့ အခွင့်အလမ်း ရမယ်ပေါ့။ ချေပတဲ့အခါမှာလည်း ပြည်တွင်းမှာ ပြော နေဆိုသလို ချေပတာထက်စာရင် သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ နိုင်ငံတကာ အဆင့် ဥပဒေ ပညာရှင်တွေနဲ့ သွားတာ ဖြစ်တဲ့အတွက် နိုင်ငံရေးအရ ကိုယ်ပြောချင်တာ ပြောတာထက်စာရင် Technical ပိုင်းအရ ညှိနှိုင်းပြီးတော့ ဥပဒေ ပညာရှင်တွေနဲ့ ဥပဒေကြောင်းမှာ နိုင်ငံတကာ တရားခွင်မှာ ပြောရဖို့ ရှိလိမ့်မယ်လို့ ကျမ ဒီလိုပဲ မျှော်လင့်ပါတယ်။ အဲဒီ အတွက်ကြောင့်မလို့ မြန်မာပြည်အတွက် ထိုက်သင့်တဲ့ တရားမျှတမှုရဖို့အတွက် သွားတယ်လို့ နားလည်တယ်။ တရားမျှတမှု ရလာမယ်လို့လည်း မျှော်လင့်ပါတယ်။
မြန်မာဘက်က သူတို့ရဲ့ စွပ်စွဲချက်တွေကို ဘယ်လို လက်ခံမလဲပေါ့။ တဘက်က ဒါအခုမှ တရားရုံးမှာ အစပဲ ရှိသေး တယ်။ သူတို့ရဲ့ စွပ်စွဲချက်တွေက ခိုင်လုံမှု ရှိတယ်၊ မရှိဘူးဆိုတဲ့ ဆုံးဖြတ်ချက် ချဖို့ အတွက်ကတော့ ကျမတို့ ကိုယ်တိုင် လည်း အကျေအလည် နားထောင်ပြီးတော့မှ ခုခံချေပတဲ့ သူနဲ့ စွပ်စွဲပြောဆိုတဲ့ အနေအထားမှာ ဒီတရားခွင်ကလည်း တိုက်ရိုက်လွှင့်ပေးနေတဲ့ အတွက်လည်း ကောင်းပါတယ်။
တဘက်က တုန့်ပြန်မှု မရှိသေးဘဲ ခိုင်မာတယ်။ မခိုင်မာဘူးဆိုတာ အခုချိန်မှာတော့ စောပါသေးတယ်။ သတင်း အရင်း အမြစ် မှန်ကန်တိကျတဲ့ အဖြေရဖို့ဆိုတာ ကျမတို့ကိုယ်တိုင် အကန့်အသတ်ရှိနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂကရော ဘယ်လို အနေအထားမျိုးနဲ့ သူတို့ ရခဲ့လဲဆိုတဲ့ အပေါ်မှာလည်း သေသေချာချာ မသိဘူး။
အချက်အလက် ရှာဖွေရေး ကော်မရှင်က သူ့အလုပ် သူလုပ်ခဲ့တယ်။ တဘက်မှာကျတော့လည်း ကျမတို့က သူတို့ေ လာက်တောင်မှ ဒီနိုင်ငံထဲမှာနေပေမယ့် သိခွင့် မရှိခဲ့ဖူးပေါ့။ အဲ့အတွက် ဘယ်လောက်မှန်မလဲ၊ မမှန်ဘူးဆိုတာ ကျမအနေနဲ့ အကဲဖြတ်ချက်ပေးဖို့ ခက်ပါတယ်။
ဦးစိုင်းထွန်းအေး (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)
ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်
အတိုင်ပင်ခံပုဂ္ဂိုလ်က ICJ တရားရုံးမှာ သွားပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အချက်တွေကို တရားရင်ဆိုင်တာကို ကြိုဆို ပါတယ်။ တရားရုံးက ဆုံးဖြတ်လာမယ့် ဆုံးဖြတ်ချက်တွေဟာလည်းပဲ ဘယ်ဟာက အမှန်တရား၊ ဘယ်ဟာက ဖုံးကွယ် ထားတယ်။ ဒါတွေလည်း ပေါ်ထွက်လာမယ်လို့ ယူဆတယ်။
ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေအရ ဂမ်ဘီယာနိုင်ငံက သက်သေထွက်ဆိုချက်တွေဟာ အချက်အလက် ခိုင် မာတယ်လို့ ထွက်ဆိုတယ်။ ဒီနေ့မှာ မြန်မာနိုင်ငံ အနေနဲ့ ဘယ်လို ပြန်ချေပမလဲဆိုတာကို စောင့်ကြည့်ရမှာပေါ့။ နိုင် ငံအတွက် အကောင်းဆုံး ခုခံ ကာကွယ်နိုင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။
သတင်းအချက်အလက် နည်းပညာတွေ ထွန်းကားနေတော့ အခုခေတ်ထဲမှာ လျှို့ဝှက်လို့ သိပ်မရှိတော့ဘူးတော့လို့ ထင် ပါတယ်။ ဒီနေ့ အမှန်တရားဟာ ဘယ်ဘက်က မှားလဲမှန်လဲ ဆိုတာဟာ ပေါ်ထွက်လာစရာ အကြောင်းရှိတယ်လို့ မျှော်လင့်ထားတယ်။
အရှုံး/ အနိုင်က ချက်ချင်း သိနိုင်မယ့် အနေအထားကတော့ မရှိဘူး။ အဲဒီတော့ စစ်ဆေးမှု အပေါ်မှာ ကြည့်ပြီးမှ တဖက်နဲ့ တ ဖက် အပြန်အလှန် ခိုင်လုံတဲ့ သက်သေတွေနဲ့ အမှုကို ရင်ဆိုင်သွားဖို့ ရှိပါတယ်။ ဘယ်က နိုင်မယ်၊ ဘယ်ကရှုံးမယ်ဆိုတော့ ဝေခွဲမရတော့ဘူး။
You may also like these stories:
တိုင်းပြည်လည်း မနာစေချင်ဘူး၊ အမှန်တရားကိုလည်း ရပ်တည်စေချင်တယ်
ဒေါ်အောင်ဆန်းစုကြည်နှင့် သွေးစည်းညီညွတ်ကြောင်း သဟိဂ်သို့ ရပ်နီးရပ်ဝေးမှ လာပြသကြ
ICJ အမှုတွင် ပြည်တွင်းနိုင်ငံရေးအပေါ် ဦးစားပေးလေ့လာခြင်း