လူမျိုးသုဉ်းသတ်ဖြတ်မှုတွေ ကျူးလွန်တယ်ဆိုပြီး မြန်မာအစိုးရအပေါ် ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ တရားစွဲဆိုထားတာကြောင့် ဒီဇင်ဘာ ၁၀ ရက်မှာ ဂမ်ဘီယာနိုင်ငံဘက်က စတင်ပြီး လျှောက်လဲချက်တွေ ပေးပါတယ်။
မြန်မာနိုင်ငံဘက်က ယနေ့ လျှောက်လဲချက် ပေးရတဲ့ အလှည့်ဖြစ်တာကြောင့် နိုင်ငံတော်အတိုင် ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်စကားပြောပြီး မြန်မာနိုင်ငံဘက်က ခုခံကာကွယ်သွားမယ့် ရှေ့နေ တွေဖြစ်တဲ့ ဒေါက်တာ ဝီလီယမ်ရှဘတ်၊ မစ္စတာ ခရစ္စတိုဖာ စတိတ်ကာ၊ မစ္စ ဖိုဘီအိုကိုဝါး တို့ကလည်း မြန်မာဘက်က ခုခံတဲ့ လျှောက်လဲချက်တွေကို တင်ပြသွားပါတယ်။
ICJ မှာ မြန်မာနဲ့ ဂမ်ဘီယာ အပြန်အလှန် တင်ပြပြောဆိုသွားတဲ့ အပေါ် မြန်မာ့နိုင်ငံရေး အသိုင်းအဝိုင်း က လေ့လာ စောင့်ကြည့်နေသူတွေရဲ့ အမြင်ကို ဧရာဝတီက စုစည်း ဖော်ပြလိုက်ပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့
ကျနော်တို့ကတော့ စတင်ပြီးတော့ တုံ့ပြန်ဆောင်ရွက်စဉ် ကတည်းကတိုင် အဖွဲ့ တွေ ဖွဲ့ကတည်းက
တပ်မတော်ဘက်ကလည်း အရာရှိနှစ်ဦး ပါဝင်ပြီး အစိုးရရဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ခဲ့ပါတယ်။
ပြောတဲ့ဟာတွေမှာတော့ နိုင်ငံတကာအသိုင်းအဝိုင်းကနေ ဖျောက်ထားတဲ့ ရခိုင်ပဋိပက္ခ စတင်ဖြစ်ပွား ရတဲ့ အကြောင်းရင်း၊ ARSA ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ရရှိတဲ့ အချိန်အတွင်းမှာ နိုင်ငံတကာ သိအောင် ပြောပြသွားနိုင်တာကို မြင်ပါတယ်။
တပ်မတော်ရဲ့ တရားစီရင်ရေးစနစ်ပေါ့။ တရားစီရင်ရေး စနစ်နဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ တပ်မတော်အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေနဲ့ ဆောင်ရွက်နေတာကိုလည်း ပြောပြသွားနိုင်တာကို တွေ့ရ ပါတယ်။ ပြီးရင် နိုင်ငံတကာအသိုင်းအဝိုင်းက အမြဲတမ်း ထောက်ပြပြောဆိုနေတဲ့ နယ်မြေရှင်းလင်းရေးပေါ့။ Clearance Operation နဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတကာရဲ့ အထင်အမြင် လွဲမှားနေတာဖြစ်တဲ့အကြောင်းကို ပြောပြသွားတာ တွေရှိပါတယ်။
အဓိက ကျနော်ပြောချင်တာကတော့ ဒီဟာနဲ့ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာတွေ ကျနော်တို့လည်း ကျွမ်းကျင်တဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ကျနော်ပြောချင်တာက အကောင်းဘက်က မျှော်လင့်တယ်။ အကောင်းဘက်က မြင်ပါတယ်လို့ပဲ ပြောချင်ပါတယ်။
ဒေါက်တာ ခလမ်ဆမ်ဆွန် ၊ ဥက္ကဋ္ဌ
ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)
ကျနော့်အမြင် ဘာသာရေး ရှုထောင့်အရ ဆိုရင် မြန်မာပြည်ကြီးက တခုခုတော့ ချို့ယွင်းနေတယ် ဆိုတာကို တော့ လူတိုင်း သိနေတယ်။ ဒီချို့ယွင်းမှု အပေါ်မှာ ကျနော်တို့ တာဝန်ယူ ၊ တာဝန်ခံပြီးတော့ အမှားကို မှားရင်လည်း မှားတယ်ဆိုတာ ဝန်ခံပြီးမှ အနာဂတ် တခုကို ကောင်းအောင် လုပ်နိုင်ဖို့ကိုတော့ ကျနော်တို့က ပိုပြီး မျှော်လင့်တယ်။ လူပုဂ္ဂိုလ်ကို ဒုက္ခရောက်စေချင်တဲ့ နစ်နာစေလိုတဲ့ သဘောမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဒီအမှားကြီးကို လုပ်ခဲ့တဲ့ စနစ်တွေ ပုဂ္ဂိုလ်တွေက ရှိခဲ့တယ်ဆိုတော့ ကျနော်တို့က ပြန်လည် ခုခံမယ်ဆိုရင်လည်း ဟိုဘက်က အထောက်အထားတွေ အများကြီး စုဆောင်းထားပြီးမှ ကမ္ဘာ့ကုလသမဂ္ဂအချက်အလက် ရှာဖွေရေးအဖွဲ့က စုဆောင်းထားတဲ့ အချက်တွေကလည်း တော်တော် ရှိနေတယ် ဆိုတော့ ခုခံချေပဖို့ကတော့ ကျနော်ထင်တယ် အစိုးရဘက်ကလည်း တော်တော့်ကို အကြောင်းပြချက် ကောင်းမှပဲ ကျော်လွှားနိုင်မယ်လို့ ထင်မြင်ပါတယ်။ အကြောင်းပြချက်ကတော့ ပိုပြီး ခိုင်မာမှု ရှိမယ် ဆိုရင် တမျိုးပေါ့။ မရှိခဲ့ရင်လည်း တမျိုးတမည် ဖြစ်သွားနိုင်တာပေါ့နော်။
ကချင်နဲ့ ရှမ်းမြောက်ဒေသက စစ်ဘေးရှောင်ဒုက္ခသည်တွေ ထွက်ပြေးရတဲ့ ကိစ္စနဲ့ နှိုင်းယှဉ်မယ် ဆိုရင် သိသာပါတယ်။ ကျနော်တို့ဘက်မှာလည်း နယ်စပ်ဘက်ကို ထွက်ပြေးတာ ရှိတယ်။ အသင်းတော်တွေ ဘက်ကို ထွက်ပြေးလာတာတွေ ရှိတယ်။ ထွက်ပြေးသွားတဲ့ သူတွေရဲ့ ခံယူချက်၊ ဘာ့ကြောင့် ထွက်ပြေး ရတယ် ဆိုတာကို အမှန်တရားကို ပြောရရင် တပ်မတော်စစ်ကြောင်းကို ကြောက်လို့ ပြေးရတယ်လို့ လူတိုင်းက ပြောကြတယ်။ ကျနော်တို့ဘက်က တပ်မတော်ရဲ့စည်းကမ်း ချို့ယွင်းမှုတွေ ရှိတယ်ဆိုတာက ငြင်းလို့ မရပါဘူး။ ကျနော်တို့ဘက်ကလည်း ကိုယ်ချင်းစာကြည့်တာပေါ့။ သတင်းအချက်အလက်တွေ ကတော့ တဖြည်းဖြည်းလည်း ကြီးသွားနိုင်တာပေါ့။ ဒီသတင်းအချက်အလက်ကြောင့် များသွားတာလည်း ဖြစ်နိုင်တယ်။ နောက် သတင်းတွေကြောင့်လည်း ကြောက်ပြီး ထွက်ပြေးသွားတာ ဖြစ်နိုင်ပါတယ်။
ကျနော်တို့ကချင်မှာဆို စစ်မဖြစ်တဲ့ ရွာတွေလည်း ထွက်ပြေးကြတယ်။ ကျနော် မေးကြည့်ရင် စစ်မဖြစ်ပဲ ထွက်ပြေးရတာက အမြှောက်တွေပစ်တဲ့ အသံတွေ လေယာဉ်နဲ့ လာပြီး ပစ်တဲ့ အသံတွေက သူတို့ မခံနိုင်ဘူး။ ဒါတွေကို ကြောက်လို့ ထွက်ပြေးတယ်လို့ ပြောကြတာပေါ့။ အဲ့တော့ ကျနော်တို့ ကချင်မှာ ဖြစ်တာနဲ့ ရခိုင်ပြည်နယ်ဘက်မှာ ဖြစ်တာကို နှိုင်းယှဉ်ကြည့်ရင် ဖြစ်နိုင်ချေ ရှိတယ်ဆိုတာကို တွေးမိပါတယ်။
အတိုင်ပင်ခံက ကောင်းကောင်းကြီး တာဝန်ယူတယ်ဆိုတဲ့ သူ့ရဲ့ ဦးဆောင်မှုကို ကျနော် လေးစားတယ်။ နိုင်ငံတကာမှာ သွားဖို့ အဆင့်ကလည်း သူက အသင့်တော်ဆုံးလည်း ဖြစ်တယ်။ နိုင်ငံခြားရေး ဝန်ကြီးရော အတိုင်ပင်ခံရော ဖြစ်တယ်ဆိုတော့ ပြောစရာ မရှိပါဘူး။ ကျနော်တို့ ဘာသာရေး ရှုထောင့် ကနေကြည့် ရင်တော့ သူ့ကို ထိန်းသိမ်းခဲ့တဲ့ ဒုက္ခပေးခဲ့တဲ့ စစ်တပ်အပေါ်မှာ သူဒီလောက် သည်းခံပြီး သွားရင်ဆိုင်ရဲတဲ့ ခွင့်လွှတ်ခြင်းကိုလည်း ကျနော်တို့ ဘာသာရေးရှုထောင့်က အသိအမှတ်ပြုပါတယ်။ ကျနော်တို့ စိုးရိမ်မှု ကတော့ အမှန်တရားဘက်ကို ရင်ဆိုင်စေချင်တယ်။ အတိုင်ပင်ခံ အနေနဲ့ ဖြစ်ခဲ့တဲ့ ဥစ္စာတွေကို မဖြစ်ပါဘူး ဆိုတဲ့ ဖုံးကွယ်ထားခြင်းမျိုးကို မဖြစ်စေချင်ဘူး။ အမှန်ကို အမှန်တရားတိုင်း ရင်ဆိုင်ပြီး တာဝန်တော့ ယူစေချင်တယ်။
နောက် တပ်မတော်အပိုင်းမှာ ကျတော့ ကျနော်တို့ တိုင်းရင်းသားတွေက ပြောစရာကို မလိုဘူး။ တိုင်းရင်းသားတွေတိုင်း ခံစားချက်က နှစ်ပေါင်း ၆၀၊ ၇၀ ခံစားမှုတွေက အများက သိပါတယ် ။ ကျနော်တို့ ဘဝ တသက်တာမှာ ပြောခဲ့တာ ဒီကိစ္စတွေပါ။ အခုဒီလို ဖြစ်လာတဲ့ အပေါ်မှာ ကျနော်တို့ တိုင်းရင်းသားတွေ ဘက်မှာ လက်နက်ကိုင်တွေဆို တချို့က ထောက်ခံတယ်။ တချို့က ငြိမ်နေတယ်။ KIO ဆိုရင် ဘာမှ ထုတ်ပြန်ခြင်း မရှိဘူး။ တချို့ကတော့ ထောက်ခံတယ်။ ကျနော့်တယောက်အမြင်ကတော့ တပ်မတော် အပေါ်မှာ ပုဂ္ဂိုလ်ချင်းကတော့ ကိုယ်ချင်းစာပါတယ်။ အခုချိန်မှာ သူတို့ရဲ့ကျပ်တည်းမှုတွေ ရှိနေမယ် ဆိုတာကို ကိုယ်ချင်းစာတယ်။ အမှန်တရားဘက်ကနေ ပြောမယ်ဆိုရင်တော့ သူတို့ လုပ်ခဲ့တဲ့ အရင်ကတည်းက စိုက်ခဲ့တဲ့ အပင်က အခုမှ အသီး သီးတယ်ဆိုတဲ့ ပုံစံမျိုးလည်း ဖြစ်နေတော့ တာဝန်ယူတဲ့ အပိုင်းမှာ မြန်မာပြည် ပြောင်းလဲပြီး ငြိမ်းချမ်းသာယာဖို့ တရားမျှတဖို့ တပ်မတော်အနေနဲ့ ဒါကို ရင်ဆိုင် သွားစေချင်ပါတယ်။ သူတို့ရဲ့ အနစ်နာခံမှု sacrifice commitment ကတော့ မြန်မာပြည်ကြီးကို ပြန်လည်ပြီး ငြိမ်းချမ်းတဲ့ သာယာတဲ့ ပြည်ထောင်စုကြီးကို ဖြစ်လာနိုင်တယ်ဆိုတာ ကျနော် ပြောချင်ပါတယ်။
ဒေါက်တာ မောင်မောင်လေး ၊ ဒုဥက္ကဌ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
ဒါကတော့ ပုံမှန် လျှောက်လွဲချက်နဲ့ ထိထိမိမိ ပြောဆိုနိုင်တယ်။ အဓိကတော့ ဦးဆောင်သွားတဲ့ အဖွဲ့ ၁၅ ယောက်ရဲ့ မှတ်ချက်ပေါ်မှာ မူတည်တာပေါ့နော်။ တော်တော်လေးတော့ ခိုင်ခိုင်လုံလုံနဲ့ ပါမောက္ခကြီးက မြန်မာပြည် ဘက်ကနေ ကာကွယ်ပြီး ပြောဆိုသွားပါတယ်။ တချို့အပိုင်းတွေကျတော့လည်း လက်တင်ဘာသာစကားဖြစ်တဲ့အတွက် နားမလည်တာလည်း ရှိတာပေါ့နော်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တင်ပြသွားတာကတော့ ဒီအကြောင်းအရာ အဖြစ်အပျက်လေးတွေကိုပဲ ပြောပြသွားတာပါ။ ကျနော့်အနေနဲ့ ဝေဖန်ပေးဖို့ ခက်တာပေါ့နော်။ အခုနိုင်ငံမှာ ထောက်ခံပွဲတွေ လုပ်နေတာကလည်း မော်ဒယ်တခုအနေနဲ့ ရတာပေါ့နော်။ နိုင်ငံရေး အရတော့ ထောက်ပံ့မှု ရတယ်။ ပြည်ပမှာက နှစ်ဖက်ပြန်လည်ချေပတဲ့ဟာက ထိထိမိမိဖြစ်ဖို့ လိုပါတယ်။ ဒါ့ကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဥပဒေပါမောက္ခကြီး ပြောသွားတာက တော်တော်လေးကို အချက်အလက်နဲ့ ကျကျနန ပြောသွားတဲ့အတွက် တရားရေးလူကြီးတွေကတော့ သုံးသပ်ပြီး လက်ခံနိုင်စရာ ရှိနိုင်ပါတယ်။ ဒါပေမယ့် မနက်ဖြန်ကျရင် ဟိုဘက်က ပြန်ပြီး ချေပမှာ ဖြစ်တဲ့အတွက် ဘယ်လိုဖြစ်မလာမလဲတော့ မသိဘူးပေါ့နော်။
ဒေါက်တာမျိုးညွန့်
ပြောရေးဆိုခွင့်ရှိသူ ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)
နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဦးဆောင်တဲ့အဖွဲ့က မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ လျော်ညီစွာ ဥပဒေ ကြောင်းအရ ခိုင်ခိုင်မာမာ တင်ပြနိုင်မယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားရုံးက ဘယ်လို သုံးသပ်မလဲဆိုတာတော့ တရားရေးများရဲ့ ဆင်ခြင်တုံတရားပေါ်မှာပဲ မူတည်ပါတယ်။ မနေ့က လျှောက်လဲချက်ကတော့ အချက်အလက်ရှာဖွေရေး မစ်ရှင်ရဲ့ အချက်အလက်ပေါ်မှာပဲ အဓိက အားထား တင်ပြသွားတာ တွေ့ရပါတယ်။ ဒီအချက်အလက် ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင်ခံစာမှာလည်း လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်နိုင်လောက်တဲ့ အနေအထားဆိုတာမျိုး ဖြစ်သွားပါတယ်။ အဲ့တော့ ဖြစ်နိုင်ချေ ရှိရုံမျှလောက်နဲ့ တရားစွဲဆိုခြင်းက မသင့်လောက်ဘူးဆိုတဲ့အပေါ် ရှေ့နေကြီးများ အနေနဲ့ ထောက်ပြသွား တာမျိုး ကျနော်တို့ မှတ်သားရပါတယ်။
ဦးသိန်းသန်းဦး
တရားလွှတ်တော် ရှေ့နေ
ဒေါ်အောင်ဆန်းစုကြည်က ဘယ်သူမဆို လူသားချင်းစာနာမှု မရှိတဲ့ အပြုအမူမျိုးတွေ ဥပဒေ ချိုးဖောက်တာတွေ လုပ်လာရင် သည်းညည်းမခံဘူး။ ဥပဒေအတိုင်း အရေးယူမယ်လို့ သတင်းစကား ပေးလိုက်တာပေါ့။ ခက်တာက ဒီမှာက ဥပဒေရှိနေလျက်နဲ့ ဥပဒေကို လိုက်နာမှု အားနည်းတယ်။ တရားဥပဒေ စိုးမိုးမှု အားနည်းတယ်။ ဒီလိုပဲ ကျူးလွန်တဲ့ သူကို အပြစ်ပေးဖို့ အချိန်က ကြာတယ်။ စစ်တပ်မှာဆိုလည်း သူတို့ ဥပဒေ ရှိပြီးသားပဲ။ ဒါပေမယ့် လိုက်နာမှုက အားနည်းလွန်းတော့ ကျနော်တို့က တွန်းအားတွေ ပေးနေရဦးမှာ။ ကျနော်တို့ နိုင်ငံမှာက ရှုပ်ထွေးတဲ့ အခြေအနေတွေ ရှိနေတာ ကြာနေတာ မှန်တယ်။ ဒါပေမယ့်လည်း စစ်တပ်ဘက်က မတရားသဖြင့် လုပ်တာတွေ နှိပ်စက်နေတာတွေ မလုပ်ပါဘူး လို့ ဇွတ်အတင်း သွားငြင်းလို့ မရဘူး။
တဖက်မှာက သက်သေတွေ အထောက်အထားတွေ အများကြီး ရှိနေတာ။ ပြီးတော့ ရခိုင်ပြည်နယ်မှာ ဆိုရင် ရိုဟင်ဂျာတွေမှ မဟုတ်ဘူး။ မွတ်ဆလင်တွေမှမဟုတ်ဘူး။ အဲ့ဒီ့ပြဿနာဖြစ်နေတဲ့ နေရာဒေသတွေက ဒေသခံတွေ အကုန်ခံစားနေကြရတာ။ ကချင်ပြည်၊ ရှမ်းပြည်မှာလည်း ဒီလိုပဲ။ တဖက်က ဒေါ်အောင်ဆန်းစုကြည် ICJ ကို သွားတာ သူ့ရဲ့နိုင်ငံရေးပဲ။ သူဟာ နိုင်ငံတကာက သူ့ကို ဘယ်လိုမြင်တယ်ဆိုတာ ထည့်တွက်မှာ မဟုတ်ဘူး။ သူဒီလို ပြောဆိုတာတွေက ပြည်သူပြည်သားတွေ သူ့အပေါ် ထောက်ခံယုံကြည်မှု အပြည့်အဝ ရသွားတယ်။ ဒါ ၂၀၂၀မှာ သူ့အတွက် အားသာချက်တွေ အများကြီး ရသွားတယ်။ တဖက်မှာလည်း တပ်က တာဝန်ရှိသူတွေနဲ့ သူတို့ကို ထောက်ခံအားပေးသူတွေ အဓိက တာဝန်ရှိသူတွေအနေနဲ့ ICJ ကို သွားရင်မဆိုင်ရဲဘူးလို့ ပြည်သူက သတ်မှတ်ပြီး ရှုတ်ချကြတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်အတွက်က နိုင်ငံရေးမှာ Win-Win situation ပဲ။
You may also like these stories:
ပြည်သူ့ရှေ့ဆောင်ပါတီသည် ခေါင်းဆောင်တဦးတည်းကို အားကိုးမည့်ပါတီ မဟုတ်ဟုဆို
ICJ အရေး အစိုးရဖြေရှင်းမှု “ဝ” နှင့် မိုင်းလား ထောက်ခံ
ICJ တွင် တရားစွဲခံရမှု အလေးအနက်ထား ရင်ဆိုင်ဖြေရှင်းသွားမည် ဟု NLD ပြော