လူမျိုးသုဉ်း သတ်ဖြတ်မှုဖြင့် မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက တရားစွဲထားမှုနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ် အဖွဲ့သည် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) သို့ ၃ ရက်တာ သွားရောက်၍ ခုခံချေပ ဖြေရှင်းခဲ့သည်။
ဒီဇင်ဘာလ ၁၀ ရက်မှ ၁၂ ရက်အထိ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ သွားရောက်၍ တရားဥပဒေကြောင်းအရ သွား ရောက် ရင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
ထိုကဲ့သို့ ၃ ရက်တာအတွင်း တရားစွဲဆိုခဲ့သည့် ဂမ်ဘီယာဘက်မှ လျှောက်လဲချက်များနှင့် မြန်မာနိုင်ငံဘက်မှ ခုခံချေပ ဖြေရှင်းချက်များ အပေါ် နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထားအမြင်များကို ဧရာဝတီ သတင်းဌာနက စုစည်း ဖော်ပြလိုက်ပါသည်။
ဒေါ်မွန်မွန်မြတ်
နိုင်ငံရေး ဆောင်းပါးရှင်
ဂမ်ဘီယာက အချက်၂ ချက်အပေါ် အခြေခံတယ်။ ပထမအချက်က လူမျိုးတုံး သတ်ဖြတ်မှုဖြစ်အောင် ရည်ရွယ်ချက်ရှိ တယ်၊ ဆောင်ရွက်မှု ရှိတယ် ဆိုပြီး စွပ်စွဲတယ်။ အဓိက ကတော့ တပ်မတော် စစ်ဆင်ရေးတွေ ကာလမှာ လူအများအပြား ရာနဲ့ချီ သေခဲ့တယ်။ ဒီ စစ်ဆင်ရေးတွေကြောင့် လူတွေဟာ သိန်းချီပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခဲ့ကြတယ်။ အဲဒါ ကို အဓိကထားတယ်။
အဲဒီမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး လျှောက်လဲတဲ့အဖွဲ့က သမိုင်းအစဉ်အလာ အချက်အလက်တွေအပေါ် အခြေ ခံပြီးတော့ ရခိုင်မှာရှိတဲ့ ပဋိပက္ခတွေဟာ လက်ရှိအခြေအနေ ရောက်လာအောင် ဖြစ်ပျက်လာတာတွေကို ရှင်းပြတယ်။ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး ဆိုတာ ဘာလဲဆိုတဲ့ အသုံးအနှုန်းပေါ့။ ဒါ အခုမှ မဟုတ်ဘူး။ ၁၉၅၀ လောက် ကတည်းက သုံးစွဲတဲ့ အသုံးအနှုန်း။ ဒါကို နားလည်မှု လွဲမှားပြီးတော့ သုံးနှုန်းထားတာကို ရှင်းပြတယ်။
တချို့နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု မြောက်၊ မမြောက်ကို သွားပြီး ချေပတာ မဟုတ်ဘဲ မြန်မာ့ တပ်မတော်က ဒါတွေ မကျူးလွန်ဘူး ဆိုတာကို သွားပြီး ငြင်း ချက် ထုတ်တာလို့ ယူဆတဲ့ လူလည်း ရှိတယ်။
အဓိကပြောချင်တာက သူတို့ ထွက်ဆိုချက်တွေ အားလုံးမှာ မျက်စိစုံမှိတ်ပြီး မြန်မာ့တပ်မတော်ကို ကာကွယ်သွားတာ တခုမှ မတွေ့ရဘူး။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် ဖြေဆိုထားတဲ့ အချက်တွေမှာဆိုရင် ဒီစစ်ဆင်ရေးမှာ ဘယ်လို လုပ်တယ် ဆိုတာ သိရတယ်။ ARSA အဖွဲ့တွေ သေဆုံးမှုတွေ ရှိတယ်။ လေကြောင်း စစ်ဆင်ရေးကြောင့် သေဆုံးမှုတွေ ရှိတယ် ဆိုတာ အားလုံး သူပြောပြသွားတယ်။
နောက်တချက်က တချို့ဖြစ်စဉ်တွေမှာ တပ်မတော်သားတွေဟာ ARSA အကြမ်းဖက် တိုက်ခိုက်သူတွေနဲ့ အရပ်သား တွေကို သေချာခွဲခြားနိုင်မှု၊ ဒါမှမဟုတ် နိုင်ငံတကာ လူသားချင်းစာနာ ထောက်ထားမှု ဥပဒေတွေကို သတိမမူဘဲနဲ့ အင်အားမမျှမတ သုံးစွဲမှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ ဒီအချက်ကို ကြည့်လိုက်တာနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ လျှောက်လဲချက်တွေမှာ တပ်မတော်ကို ကာကွယ်တဲ့ ပြောဆိုချက်တွေ မရှိဘူးလို့ ပြောနိုင်တယ်။
သူ လျှောက်လဲတာ ဒီဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်။ ဒါအမှန်ပဲ။ ဒီဖြစ်ရပ်တွေသည် လူမျိုးတုံး သတ်ဖြတ်မှုအတွက် အားထုတ်မှု တွေ မဟုတ်ဘူး။ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ မဟုတ်ဘူး ဆိုတာကိုပဲ သက်သေပြသွားတာ။
ICJ ကနေ ဘာသတင်း စကားရလဲ ဆိုတော့ မြန်မာပြည်က လက်နက်ကိုင်ထားတဲ့ ဘယ်အဖွဲ့အစည်းကမှ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်ပြီး စစ်ရာဇဝတ်မှုတွေကို အလွယ်တကူ ကျူးလွန်လို့ မရတော့ဘူး။ သူတို့ရဲ့ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို ကမ္ဘာကြီးက စောင့်ကြည့်နေတယ်ဆိုတာကို ICJ က ပေးလိုက်နိုင်တယ်။
ကျမတို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒီသတင်းစကားပေါ်မှာတော့ ကျေနပ်တယ်။ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင် သည်ဖြစ်စေ မြန်မာပြည်ဟာ စစ်အာဏာရှင်စနစ်မှာ နှုတ်ပိတ်ခံထားရတဲ့၊ အမှောင်ချခံထားရတဲ့ နိုင်ငံမဟုတ်တော့ဘူးဆို တာ။ မြန်မာပြည်ဟာ နိုင်ငံတကာရဲ့ စောင့်ကြည့်မှုအောက်မှာ ရောက်နေပြီ။ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားဟာ ကိုယ့် နိုင်ငံရဲ့ ရပ်တည်မှုကို မားမားမတ်မတ်ပြပြီး ရင်ဆိုင်ရမယ့် အခြေအနေကို ရောက်နေပြီဆိုတာ ကျေနပ်စရာကောင်းတဲ့ တိုး တက်မှုပါ။
ဒေါက်တာ ခလမ်ဆမ်ဆွန်
ကချင် နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ
Genocide ဆိုတာ ဘယ်လိုဥပဒေ ဘယ်လို ဘောင်ဝင်ပြီးမှ သတ်မှတ်တယ်ဆိုတာတော့ ဥပဒေဆိုင်ရာအရ နားမလည် ဘူး။ ကျနော်တို့ နားလည်တာကတော့ ရက်စက်မှုတွေ ခံရတဲ့ အတွေ့အကြုံတွေက တော်တော်များများ ရှိခဲ့တယ်ဆိုတော့ ICJ မှာ အမှန်တရား ဖြစ်စေချင်တယ်။ အမှန်တရားကို သွားပြီးမှ ပြုပြင်ပြောင်းလဲမှု တခုတော့ မြင်ချင်တာပေါ့။
တပ်မတော်ပိုင်းက လုပ်ခဲ့တဲ့ အရာတွေကို တာဝန်သိရှိ နားလည်ပြီးတော့ အမှန်တရားဘက်က ရပ်တည်ပြီး ပြည်တွင်း သာမက ပြည်ပကပါ ဒီလို ဖိအားပေးလာတဲ့ အရာကို တာဝန်သိရှိ နားလည်ပြီးတော့ အမှန်ဘက်ကို ဖော်ဆောင်ပြီး တိုင်း ပြည်ကို ငြိမ်းချမ်း စေချင်တာပေါ့။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတာကတော့ အမှန်တရားကို မဖြစ်စေဘူးလို့ ကျနော် ထင်တယ်။ ဘာကြောင့်လဲဆို တော့ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့အရာက အားလုံးကို လွတ်အောင် ပြောသွားတာတွေ ရှိတယ်။ အမှန်တရား ဘက်မှာပဲ ရပ်သလိုလိုနဲ့ ဖုံးကွယ်မှု အပိုင်း၊ ကာကွယ်မှု အပိုင်းလည်း ထည့်ပြောသွားတာတွေ ရှိတာပေါ့။ ဗမာလူထုတွေ ဘက်ကတော့ တိုင်းပြည်ကို ထိပါးလာတဲ့ အချိန်မှာ စည်းလုံးမှု ရှိတယ်ဆိုတာကို တွေ့ရတာပေါ့။ ဒါပေမယ့် တိုင်းရင်းသား တွေ ဘက်ကတော့ အမှန်တရားကို ဖြစ်စေချင်တာ။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ အမြတ်ကတော့ NLD ကတော့ ၂၀၂၀ မှာ သေချာတာပေါ့။
ဂမ်ဘီယာကတော့ မွတ်စလင် တိုင်းပြည်ကို ကိုယ်စားပြုတယ် ဆိုတော့ ရရှိတဲ့ အချက်အလက်တွေ အပေါ်မှာ အခြေပြုတာ ပေါ့။ ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေ ကလည်း မှားမယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာက အထောက်အထား မခိုင်လုံဘဲနဲ့တော့ လုပ်လို့ရမယ်တော့ မထင်ဘူး။ သူတို့လည်း အခိုင်အမာ အချက်အလက်တွေ ရှိလို့ ဒီလို နိုင်ငံတကာ တရားရုံးမှာ တရားစွဲဆိုခြင်း ဖြစ်တယ်။ သူတို့ဘက်ကနေ ဘယ်လောက်အထိ လေးလေးနက်နက် ရည် ရွယ်ချက် ရှိလဲဆိုတာတော့ ကျနော်တို့ နားမလည်ဘူး။
ဒါပေမယ့် ဒီလို အနိဋ္ဌာရုံမျိုး၊ ပဋိပက္ခမျိုး ပပျောက်စေချင်တဲ့ သဘောတော့ ရှိမယ်ထင်တယ်။ မူစလင်တွေကို ကာကွယ်တဲ့ သဘော မဟုတ်ဘဲနဲ့ လူသားချင်း စာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး ကြည့်ပြီးမှ လုပ်တယ်ဆိုရင်တော့ မဆိုးပါဘူး။ ဒါပေမယ့် မွတ်စလင်ဘက်နေ တရားစွဲတယ် ဆိုရင်တော့ အမြင်ကတော့ တမျိုးပြောင်းသွားနိုင်တာပေါ့။ တကယ်တမ်း ဖြစ် ပျက်နေတဲ့ အဖြစ်အပျက်ကို သိရှိပြီးတော့မှ အမှန်တရား ရဖို့ကတော့ အဓိက ဖြစ်တယ်လို့ ခံယူပါတယ်။
ဒေါက်တာမျိုးညွန့်
ဗဟိုအလုပ်အမှုဆောင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဂမ်ဘီယာနိုင်ငံက စွဲဆိုထားမှုနဲ့ ပတ်သက်ပြီး နိုင်ငံရေး သမိုင်းကြောင်းအရ ရှင်းလင်း သွားပြီးတော့ မစ္စတာ ဝီလျံနဲ့တကွ ရှေ့နေများကတော့ နိုင်ငံတကာ တရားရုံးရဲ့ ရှေးယခင် စီရင်ထုံးများကို ကိုးကားပြီး တော့ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ အမှုဟာ စွဲဆိုခွင့် မရှိဘူး။ ဂမ်ဘီယာ အနေနဲ့လည်း ဒီလိုစွဲဆိုနိုင် တဲ့ အခွင့်အရေး မရှိဘူး။ နောက် သူတို့ အဓိကပြောသွားတဲ့ Genocide လို့ မသတ်မှတ်ခဲ့တဲ့ နိုင်ငံတကာ တရားရုံးရဲ့ ရှေ့ စီရင်ထုံးတွေလည်း ရှိတယ်ဆိုတဲ့အကြောင်း အကျယ်တဝင့် ပြောသွားပါတယ်။
မြန်မာနိုင်ငံ အစိုးရကလည်း သူတို့ပြောတဲ့အချက်တွေကို ဒီတိုင်းနေနေတာ မဟုတ်ဘူး ပြုပြင်ပြောင်းလဲဖို့ အစဉ်တစိုက် ကြိုးစားခဲ့တယ် ဆိုတဲ့ အထောက်အထားတွေကိုလည်း အထင်အရှား ထုတ်ဖော်ပြောသွားပါတယ်။
နိုင်ငံတခုလုံး ဂုဏ်သိက္ခာ ထိခိုက်စေတဲ့ အရေအတွက် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က သွားရောက် ကာကွယ်တာမှာ ပါတီတခုတည်းရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး လုပ်တာ မဟုတ်ပါဘူး။ တကယ်တမ်းဆိုရင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို စွပ်စွဲထားတဲ့ အမှုတွေမှာ ကြံရာပါအဖြစ် ထည့်သွင်းနိုင်ဖို့ သူတို့ အပြင်းအထန် ကြိုးစားခဲ့တာပါ။
စစ်ခေါင်းဆောင် ၃ ဦးနဲ့ ပုံကို နိုင်ငံတကာ တရားရုံးမှာ ပြပြီးတော့ မြန်မာနိုင်ငံ အစိုးရကလည်း ဒီစစ်ရာဇဝတ်မှုတွေမှာ ကြံရာပါ ဖြစ်ပါတယ် ဆိုပြီးတော့ ပြောသွားတာပါ။ အဲဒီတော့ မိမိကိုယ်တိုင် အန္တရာယ်ရှိမယ်မှန်း သိရက်နဲ့ လုပ်ဆောင်ခဲ့ တာပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အကျိုးအမြတ်တခုကို မျှော်လင့် လုပ်ဆောင်နေခြင်း မဟုတ်ပါဘူး။
သို့သော်လည်း နိုင်ငံအကျိုးကို စွမ်းစွမ်းတမံ လုပ်ဆောင်နေတာကို နိုင်ငံသားတွေက ယုံကြည်ထောက်ခံလာတဲ့ အခါမှာ တော့ သူကိုယ်စားပြုတဲ့ ပါတီကလည်း ပိုပြီး အရှိန်အဝါ တက်လာတာ မှန်ပါတယ်။ ဒါကတော့ ငြင်းကွယ်လို့ မရပါဘူး။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမှန်တရားအတိုင်း ပြောသွားတာပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ နယ်မြေ ရှင်းလင်း ရေး လုပ်ဆောင်တဲ့အခါမှာ အကြမ်းဖက်သမားနဲ့ သာမန်အရပ်သားကို ခွဲခြားခြင်း မပြုနိုင်တာ၊ ပြည်သူတွေကြားထဲမှာ လုယက် ဖျက်ဆီးတာတွေကို မတားဆီးနိုင်ခဲ့တာ၊ ဒါမျိုးတွေ ရှိခဲ့နိုင်ပါတယ် ဆိုတာကို အတိအကျ ဝန်ခံသွားပါတယ်။
ကျနော်တို့က တပ်မတော်ကို ကာကွယ်တယ် ဆိုရင် တပ်မတော်က လုပ်ခဲ့တယ်လို့ ထင်ရှားတဲ့ ဘယ်ပြစ်မှုကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖုံးဖိသွားတာမျိုး ရှိလို့လဲ။ အင်းဒင်နဲ့ ဂူတာပြင်တို့လို့ ကိစ္စမျိုးမှာ တိတိကျကျ စုံစမ်းစစ်ဆေး အရေး ယူဖို့ လုပ်နေပါတယ်။ နောက် ကျူးလွန်တဲ့သူတွေက တပ်မတော်သားတွေ ဖြစ်နေတဲ့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ စစ်ခုံရုံးကပဲ စစ်ဆေးရမယ် ဆိုတာ မြန်မာနိုင်ငံက လက်ရှိ နိုင်ငံရေး အခြေအနေပါ။ ဘယ်သူ့ကိုမှ အပြစ်ပုံချသွားတာ၊ ကာ ကွယ်သွားတာ မရှိဘူးလို့ ကျနော် တို့ကတော့ ငြင်းဆိုပါတယ်။
ဟာဂျီ ဦးအေးလွင်
အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦး
လုပ်ထုံးလုပ်နည်း၊ ဥပဒေပိုင်း ဆိုင်ရာ ကိစ္စရပ်များမှာ ဂမ်ဘီယာသည် တရားစွဲပိုင်ခွင့် ရှိ၊ မရှိဆိုတဲ့ ကိစ္စ၊ ဒီတရားရုံးက အမှု ကို လက်ခံပြီးတော့ ကြားနာစစ်ဆေးပိုင်ခွင့် ရှိတယ် မရှိဘူး ဆိုတာ ဥပဒေ ပညာရှင်များရဲ့ အငြင်းအခုံတွေ ရှိတာပေါ့။ အချက်အလက် ပိုင်းမှာကတော့ စပ်ဆုပ်ဖွယ်ရာ အင်မတန် ကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ ဖြစ်ခဲ့တယ်ဆိုတာကို ဘယ်သူမှ မငြင်းဘူး။
အရေးယူ ဆောင်ရွက်မှုတွေလည်း လုပ်နေတယ် ဆိုတာကိုလည်း ပြောတယ်။ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကလည်း နောက်ဆုံး နိ ဂုံးချုပ်မှာ ပြောသွားတာက စစ်ခုံရုံးတွေ နောက်ထပ်တောင် ပေါ်လာနိုင်စရာ အကြောင်းရှိတယ်ဆိုတဲ့ ကိစ္စရပ်ကို ပြော တာပေါ့။ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ စက်ဆုပ်စရာဖွယ်ရာ ပြစ်မှုများ ကျူးလွန်ခဲ့တယ်ဆိုတာတော့ အငြင်းပွားမှု မရှိဘူး။
အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးရဲ့ ကြိုးစားမှုကို ထောက်ခံနေတာ ကျနော်တို့လည်း အားရတယ်။ ဒီထပ် တာဝန်သိပြည်သူများ အနေနဲ့ လုပ်သင့်တာကတော့ အထူးသဖြင့် ဌာနဆိုင်ရာနဲ့ အာဏာပိုင် အဖွဲ့အစည်းအဆင့်ဆင့်က လုပ်သင့်တဲ့ကိစ္စက ကျနော်တို့ နိုင်ငံ့ခေါင်းဆောင်က ကမ္ဘာ့အလယ်မှာ ပြောခဲ့တဲ့ ကိစ္စတွေကို တကယ်လက်တွေ့ လုပ်ဖို့ လိုတယ်။
အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်ပြီး သတိထားဖို့ ကိုဖီအာနန် ကော်မရှင်ကိုလည်း ပြောခဲ့ တယ်။ ဘာကြောင့်လဲ ဆိုတော့ လူတစုဟာ သူ့ကိုယ်သူ ဘာလဲခေါ်ဆိုတာက သူတို့ကိုယ်သူတို့ နာမည်ပေးပိုင်ခွင့် ရှိ တယ်။ ကိုယ်ဟာ ဘာလဲဆိုတာ ကိုယ့်နာမည်ကိုယ် ပြောလို့ရတယ်။ အဲဒီနာမည် ပြောလိုက်လို့ တိုင်းရင်းသား ဖြစ်မယ်လို့ နိုင်ငံသား ဖြစ်မယ်လို့ ဆိုတာ တကဏ္ဍ ကိုယ်ဘာလဲ ဆိုတာ ကိုယ့်ဘာသာ ပြောခွင့် ရှိတယ်။
ဒါကို အတိုင်ပင်ခံ ပုဂ္ဂိုလ်က ငြင်းပယ်လို့ မရပါဘူး။ သို့သော်လည်း အလုပ်လုပ်တဲ့နေရာမှာ အငြင်းပွားမှုများ မရှိအောင် ဘင်္ဂါလီလို့လည်း မသုံးပါနဲ့ ရိုဟင်ဂျာလို့လည်း မသုံးပါနဲ့ဆိုတာ အလုပ်လုပ်နေတဲ့ စပ်ကြား၊ နားလည်မှု တည်ဆောက်နေ တဲ့ စပ်ကြားမှာ ဒါလေးတွေကို ဦးစားပေးပြီး မသုံးဘဲ ရှောင်ရှားပါလို့ သူပြောတယ်။
သို့သော်လည်း မနေ့ကတောင် ကြားလိုက်တယ်။ NLD က တာဝန်ရှိသူက ဘင်္ဂါလီဆိုတဲ့ စကားကို မြိန်ရေရှက်ရေ ပြောနေ တယ်။ နိုင်ငံရပ်ခြားမှာလည်း ဒေါ်စုကို တဖက်က ရိုဟင်ဂျာကို မသုံးတဲ့ အတွက်ကြောင့် ထောက်ပြနေတဲ့ အချိန်မှာ တဖက် မှာ ဒီလိုပြောတော့ ဒါတွေက အထောက်အကူ မဖြစ်ဘူးဗျ။ ဒီထက်ဆိုးတာက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဘင်္ဂါလီတောင် မဟုတ်တော့ဘူး ကုလား ဆိုတာကို မြိန်ရေရှက်ရေ ပြောနေတယ်။ ဒါတွေက ခေါင်းဆောင်ကို အထောက်အကူ မဖြစ်ဘူး လို့ မြင်ပါတယ်။ ထောက်ခံမှုတွေ လုပ်နေတယ်ဆိုတဲ့ အပိုင်းမှာ အဲဒီလို လက်တွေ့ကျကျ ထောက်ခံမှုလေးတွေ လုပ်ပေး နိုင်ရင်တော့ တိုင်းပြည်အတွက် အများကြီး ဂုဏ်တက်ပါလိမ့်မယ်။
ဦးအရိယာဝံသာဘိဝံသ
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်
တရားဥပဒေရဲ့သဘောက နစ်နာသူပဲ တရားစွဲရမယ့် သဘော။ အခုက ဘင်္ဂလားဒေ့ရှ်က စွဲဖို့ ကောင်းတယ်။ မဆိုင်တဲ့၊ ဘာမှလည်း ပတ်သက်မှု မရှိတဲ့၊ သက်ရောက်မှုလည်း များများစားစား ပြစရာမရှိတဲ့ ဂမ်ဘီယာလိုက စွဲတယ်ဆိုတာက တော့ သိပ်မကောင်းလှဘူး ထင်တယ်။ လူမျိုးတုံး သတ်ဖြတ်မှုဆိုတဲ့ အဓိပ္ပာယ်ကတော့ နည်းနည်းများမယ်တော့ ထင် တယ်။
ဒါတွေက ဟိုဘက် ဘင်္ဂလားဒေ့ရှ်က လာခဲ့တာ မဟုတ်ဘဲနဲ့ ဒီထဲက ရှိတဲ့သူတွေကို ဆိုရင်တော့ တမျိုးပေါ့နော်။ အခုက ဘင်္ဂလားဒေ့ရှ်က သူတို့လူဦးရေ သူတို့မနိုင်ဘဲ သူတို့ ပြဿနာက ဒီဘက် ပေါက်ထွက်လာတာ။ နောက် ARSA တို့ က ဒီနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးတဲ့ ကိစ္စတွေ ဖြစ်နေတာ ဆိုတော့ ဒါတွေကျတော့ ဖုံးကွယ်တယ်လို့ သိရတယ်။ ဒါတွေကို ဖုံးကွယ် ကတည်းက သူတို့ကို မရိုးသားဘူးလို့ ထင်တာပဲ။
တရားစွဲတာက တပြည်လုံး စွဲတာ။ ဘုန်းကြီးတို့လည်း အမုန်းစကား (hate speech) တွေကို တားတာမှ တားသလား မမေး နဲ့။ အမုန်းခံပြီးတော့ တားနေတာပဲ။ ဒါဖြစ်ပေါ်လာတဲ့ ကိစ္စက လူစုတအုပ်က ဖန်တီးမှု တခုပဲ ဖြစ်နေတာ။ အဲဒီလို လူတစု က ဖန်တီးတာကို ဘာသာပေါင်းစုံ ခေါင်းဆောင်တွေရော ဒီ hate speech ကို ရအောင်တားခဲ့တာပဲ။ ရအောင် တားခဲ့လို့ လည်း အခုဒီအခြေအနေ ရောက်လာခဲ့တာ။ အခုမှ လာပြီး hate speech ကို မတားဘူးလို့ ပြောတော့ ဒါကောင်းတော့ မှာလား။
ဘုန်ကြီးတို့ ဗုဒ္ဓဘာသာမှာကတော့ ဒီလိုလုပ်တာတွေကို သွန်သင်တယ်လေ။ မသတ်ဖို့တော့ မညှဉ်းဆဲဖို့တို့ ဆိုတာကို ဘာသာရေး အရလည်း သွန်သင်နေတာပဲ။ တခု မပြောနိုင်တာက စစ်တပ်ကိစ္စပဲ။ စစ်တပ်က အရင်ကတည်းက သူပဲ အုပ် ချုပ်၊ သူပဲလုပ် သူ့လက်သူ့ခြေ။ ကနေ့အထိ သူ့လက်သူ့ခြေတောင် မပျောက်သေးပါဘူး။ ခေါင်းပိုင်းလေးပဲ ပြည်သူတင် မြှောက်တဲ့ အစိုးရ ဖြစ်ခွင့်ရတာ ရှိသေးတာကိုး။ သူတို့ တရားစွဲချင်ရင် အဲဒီလိုမျိုး ကျူးလွန်တဲ့သူကို ပီပီပြင်ပြင် စွဲရင် ကောင်းတာပေါ့။ အခု ခက်တာက ရှုတ်ချရခက် ထောက်ခံရခက် သူတို့ တရားစွဲပုံကြီးက မကောင်းပါဘူး။
ဦးကြီးမြင့်
တရားလွှတ်တော်ရှေ့နေ
ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ
တရားစွဲခွင့် ရှိ၊ မရှိ ဆိုတာကို နှစ်ဖက် လုနေကြတယ်ပေါ့။ တရားစွဲခွင့် မရှိဘူးဆိုရင် ဒီအမှုက ပြတ်ပြီ ပိတ်ပြီ။ တရားစွဲခွင့် ရှိတယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင်တော့ မကောင်းဘူးပေါ့။ တရားစွဲခံရတယ် ဆိုတာ ဘယ်ကောင်းမလဲ။ နောက်မှာ ကပ်ပါ လာမယ့် ပြဿနာက ကြားဖြတ် တောင်းဆိုချက်တွေ ရှိတယ်။ အဲဒီမှာ အဓိက တောင်းဆိုချက်က အစိုးရ အနေနဲ့ ဒီလို Genocide ဖြစ်စေတာတွေကို မလုပ်အောင် တားဆီးပေးဖို့။
ဒုတိယက တပ်မတော်နဲ့ လက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့ Genocide ဖြစ်စေတာတွေ မလုပ်ဖို့ ဆိုပြီးတော့ အစိုးရရော စစ်တပ်ကိုရော အတူတူ တန်းတူထားပြီးတော့ တောင်းဆိုထားတယ်။ နောက် သက်သေခံပစ္စည်းတွေ ဖျောက် ဖျက် မပစ်ဖို့၊ Genocide ဖြစ်စေမှာတွေကို အားမပေးမိအောင် ဆက်လက် မဖြစ်ပွားအောင် တားမြစ်ပေးဖို့ ဆိုတဲ့ သဘော မျိုးတွေ ပါတယ်။ တကယ့် ပင်းရင်း ပုဒ်မစွဲတာ Genocide ရယ်၊ လျော်ကြေးရယ် ဆိုတာက ဒီအဆင့်မှာ မစဉ်းစားဘူး ကြာ ဦးမယ်ပေါ့။ အခုပြောနေတာက ဂမ်ဘီယာရဲ့ ကြားဖြတ် တောင်းဆိုချက်ကို အလေးထား နားထောင်နေတယ်လို့ သွားတွေ့ ရတယ်။
တရားစွဲခွင့် စီရင်ပိုင်ခွင့် ရှိတယ် ဆိုရင်တော့ နိုင်ငံရဲ့ ပုံရိပ်ကို ထိတာပေါ့။နောက်ဆက်တွဲ ကြားဖြတ် အမိန့်တွေ ပါလာမယ် ဆိုရင် ရခိုင်မှာ ARSA နဲ့ ရက္ခိုင် စစ်တပ် (AA) က အဲဒါကို အခွင့်ကောင်း ယူပြီးတော့ ပိုမိုလှုပ်ရှားလာမယ် ဆိုရင် တပ် မတော်က ခုခံတာမျိုးတွေ အားနည်းလာရင် ရခိုင်ပြည်နယ် မြောက်ပိုင်းက ARSA နဲ့ AA လွှမ်းမိုးတဲ့နေရာ ဖြစ်သွားပြီး တော့ တောင်ပိုင်းက ပြည်ထောင်စု လွှမ်းမိုးတဲ့ နေရာဆိုပြီးတော့ မသိမသာ လည်းကောင်း၊ သိသိသာသာလည်းကောင်း ဖြစ်လာနိုင်ရင်တော့ နိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာကို ထိခိုက်လာနိုင်စရာ ရှိတာပေါ့။ ဖြစ်လာနိုင်တဲ့ အနာ ဂတ်ပေါ့။
တခုတော့ ရှိတယ်။ ICJ က ဘယ်လောက် ဆုံးဖြတ်ဆုံးဖြတ် ကိုယ့်အလုပ်ပဲ ကိုယ်ဆက်လုပ်မယ်၊ နိုင်ငံ ခုခံကာကွယ်ရေး ဆက်လုပ်မယ် ဆိုရင် ICJ ကနေ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို တင်မယ်ပေါ့။ အဲဒီကနေ ဗီဒိုနဲ့ ပယ်လိုက်ရင် ဒီအမှု က ရပ်သွားပြီပေါ့။ မပယ်ရင်တော့ ICC ကို ဆက်ပို့နိုင်တယ်။ နိုင်ငံအတွက် ဘာမကောင်းလဲ ဆိုတော့ ဗီဒို ပယ်လိုက်လို့ ပြီးသွားပေမယ့် ဒီနိုင်ငံဟာ ကူညီချင်စရာ မကောင်းဘူး၊ ဒီလို လူ့အခွင့်အရေးတွေ ချိုးဖောက်နေတယ်။ ICJ ရဲ့ ဆုံးဖြတ် ချက်ကိုတောင် မနာခံတဲ့ နိုင်ငံဆိုပြီးတော့ စီးပွားရေး ပိတ်ဆို့တာတို့ နည်းပေါင်းစုံနဲ့ ဝိုင်းပယ်လာနိုင်တယ်။
ဒေါ်စောမြရာဇာလင်း
ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ဒု ဥက္ကဋ္ဌ
ကျမတု့ိ ပြောချင်တာကတော့ ဂမ်ဘီယာနိုင်ငံကနေ မြန်မာနိုင်ငံကို တရားစွဲတယ်လို့ ကြားလိုက်တဲ့အခါမှာ ကျမတို့ ရခိုင် လူမျိုးတွေ အနေနဲ့ကတော့ ဓားသွားပေါ်မှာ ရပ်နေရသလိုပါပဲ။ ဘာကြောင့်လဲဆိုရင် ရခိုင်ပြည်ကနေစခဲ့တဲ့ ပြဿနာတွေ ဖြစ်ပါတယ်။ အနောက်မြောက်ဘက် ဒေသကနေ စခဲ့တာပေါ့။
တဖက်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးချိုးဖောက်မှု မရှိဘူးလားလို့ မေးလိုက်ရင်လည်း တိုင်းရင်းသား ပေါင်းစုံကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရပ်တန့်ပေးကြပါ ဆိုပြီးတော့ တောင်းဆိုလာတာလည်း နှစ်ပေါင်းများစွာ ကြာပြီဖြစ်ပါတယ်။ အဲဒါကိုလည်း ကျမတို့အနေနဲ့ မေ့လို့ မရဘူးဆိုတာ တချက်ရှိပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ အကြမ်းဖက်မှု ကိစ္စတွေလည်း ရှိခဲ့တယ်။ အဲဒီ နောက်ပိုင်းမှာတော့ ဒီပြဿ နာတွေက ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ ကျမတို့အနေနဲ့ ဖြေရမှာကတော့ တကယ့်ကို ဓားသွားပေါ်မှာ ရပ်နေ ရသလိုပါပဲ။ ဒီလို နိုင်ငံတခု တရားစွဲဆို ခံလိုက်ရတယ် ဆိုတာကတော့ သံချောင်း ခေါက်လိုက်တာပါပဲ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိလို့ မရဘူးဆိုတာ နိုင်ငံတကာ မျက်နှာစာမှာ သံချောင်း ခေါက်လိုက်တယ် ဆိုတဲ့ ပုံစံမျိုးကိုတော့ ကျမ အနေနဲ့ အကဲခတ်မိပါတယ်။
ဂမ်ဘီယာနိုင်ငံက စွဲလိုက်တဲ့ စွဲချက်ဟာဆိုရင် လူမျိုးတုံး သတ်ဖြတ်မှုမြောက်လား၊ မမြောက်လား ဆိုရင် စဉ်းစားစရာက ကျမတို့ ရခိုင်ပြည်နယ်မှာဆိုရင် ဘင်္ဂါလီနွယ်ဖွား မွတ်စလင်တွေက အခုထိ ရှိနေဆဲ ဖြစ်ပါတယ်။ ရှိနေဆဲဆိုတော့ တကယ် လို့သာ ဒီလူတွေက လူမျိုးတုန်း သတ်ဖြတ်မယ်ဆိုရင် ဒီမှာရှိနေကြတဲ့သူတွေက သက်ရှိ နေစရာမရှိတော့ဘူးဆိုတဲ့ စဉ်းစား ချက်က ရှိပါတယ်။
ကျမတို့ အနာဂတ်မှာ ဘူးသီးတောင်၊ မောင်တော ဒေသတွေနဲ့ ပတ်သက်လာရင် နောက်ထပ် ၁၉၄၂ က ဖြစ်သွားတဲ့ ပြဿနာမျိုးတွေ၊ ၂၀၁၂ မှာ ဖြစ်သွားတဲ့ ပြဿနာတွေကတော့ ကျမတို့ မျက်စိရှေ့မှာ မဖြစ်စေချင်သလို နောင်အနာဂတ် မျိုးဆက်တွေမှာလည်း မဖြစ်စေချင်ဘူး ဆိုတာကတော့ ရခိုင်တွေ အားလုံးရဲ့ဆန္ဒနဲ့ အတူတူပါပဲ။ စိတ်ပူစရာတွေကတော့ ကျမတို့ ဘက်မှာက တဖက်တည်းကို စိတ်ပူရတာ မဟုတ်ဘူး၊ နှစ်ဖက်ကို စိတ်ပူရတာမျိုး ရှိပါတယ်။
လူတိုင်းကတော့ ကိုယ့်ဘက်ကို သာစေချင်ကြတာပဲ။ အကောင်းဆုံးရလဒ်ကို ရစေချင်တယ်။ မြန်မာနိုင်ငံက ကမ္ဘာကြီး တခုလုံးမှာ စီးပွားရေး ပိတ်ဆို့မှုတွေ မဖြစ်ဖို့ ဆိုတာလည်း အရေးကြီးသလို ကမ္ဘာကြီး တခုလုံးမှာ ဆက်ဆံလို့ ရနိုင်တဲ့ အနေအထား တခုကတော့ ရဖို့ လိုအပ်ပါတယ်။ အဲဒီလို အနေအထားမျိုး ရနိုင်ပါစေလို့တော့ နိုင်ငံသားတိုင်းက မျှော်လင့် နေကြလိမ့်မယ်လို့ ထင်ပါတယ်။
တရားရေးက ဘယ်လို ဆုံးဖြတ်မလဲဆိုတာတော့ ကျမလည်း ပညာရှင်မဟုတ်တော့ သေချာတော့ မသုံးသပ်နိုင်ပါဘူး။ ဒါပေမယ့် ကျမကတော့ နောင်အနာဂတ်မှာတော့ ဒီလို သံချောင်း အခေါက်ခံရတဲ့ အပေါ်မှာတော့ မြန်မာနိုင်ငံမှာ လူ့အခွင့် အရေး ချိုးဖောက်မှုတွေက အများကြီး လျော့ကျလာနိုင်စရာ ရှိတယ်လို့တော့ ကျမက သုံးသပ်ပါတယ်။
ဦးဦးလှစော
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြောက်ဦးမြို့နယ်
လွှတ်တော်ထဲမှာ ကျနော်တို့က OIC ဆိုတာ အင်မတန် ကြောက်ဖို့ ကောင်းတယ်ဆိုတဲ့ အကြောင်းလည်း ပြောခဲ့ပြီးပြီ။ OIC က တဖက်၊ တပ်မတော်ဘက်နဲ့ အစိုးရဘက်ကလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ရင် သူတို့က ခြောက်ပစ်ကင်း သဲ လည်းစင်တွေ မဟုတ်ဘူး။ နိုင်ငံရေးသော တာဝန်တွေလည်း မဟုတ်ဘူး။ အစိုးရရော တပ်မတော်ကိုရော ကျနော်ပြောတာ အဲဒီတော့ နှစ်ဖက်စလုံး ဖြစ်တဲ့ ကိစ္စမှာ၊ နိုင်ငံတကာ ဥပဒေနဲ့ လုပ်တဲ့ကိစ္စမှာ ကျနော်တို့က ဥပဒေ သမားလည်း မဟုတ် ဘူး။
ဥပဒေသမားတွေ မဟုတ်တော့ နိုင်ငံတကာက ဒီကိစ္စကို ဆုံးဖြတ်လိမ့်မယ်။ ဒါပေမယ့် ကျနော်တို့ ပြောစရာ ရှိတာကတော့ တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ နောက်တချက်က ရခိုင်ပြည်မှာလည်း ဒီကုလားကိစ္စတွေလို မဟုတ် ဘဲ ရခိုင်ပြည်သူတွေ ဖြစ်နေတဲ့ ကိစ္စတွေ ရှိတယ်။ အဲဒါတွေကိုလည်း အစိုးရက လောလောဆယ် အရင်ဆုံး ရှင်းပေးပါဦး။
နိုင်ငံတကာမှာ အပြစ်မရှိဘူး ပြောပြီး အခု ဆက်တိုက်ဖြစ်နေတဲ့ ကိစ္စတွေကျတော့ မရှင်းပေးဘူးဆိုတော့ ပြဿနာက ပိုရှုပ် မှာပေါ့။ ကျနော်တို့က မှားတယ်၊ မှန်တယ် မပြောလိုဘူး။ OIC ကိုလည်း ကျနော်တို့ ကြိုက်တာ မဟုတ်ဘူး။ ဒီဘက်က လူ့ အခွင့်အရေး ချိုးဖောက်မှု လူကို တန်ဖိုးမထားတဲ့ အရပ်သားပြည်သူတွေ သေကြေဒဏ်ရာ ရနေတာကိုလည်း စိတ် မကောင်းဘူး။ ဒီကြားထဲမှာ ကျနော်တို့က ဘယ်သူ မှားတယ် မှန်တယ် မပြောဘူး။ ဥပဒေအတိုင်းပဲ သွားပေတော့။
တရားရုံးမှာက ဟိုဘက်က ပြောမယ်။ ဒီဘက်က ပြောမယ်။ ကျနော်ကတော့ နိုင်ငံရေးအရ စဉ်းစားတာ။ ဥပဒေကြောင်း အရကတော့ မြန်မာပြည်မှာ Genocide ဖြစ်တယ်ဆိုတဲ့ စကားမျိုး ပြောခဲ့တဲ့ ရှေ့နေကလည်း မပြောခဲ့ပါဘူးဆိုတော့ ပိုက် ဆံရရင် လိုက်တဲ့ ရှေ့နေကလည်း ရှိနေတော့ ကျနော်တို့က ဥပဒေဆိုတာ နိုင်ငံတကာကပဲ လုပ်လုပ် ဘာပဲလုပ်လုပ် ရှေ့ နေဆိုတာ လျှာမှာ အရိုးမရှိတိုင်း ပြောတဲ့ဟာတွေ။ ဒါက ဥပဒေပညာရှင်တွေပဲ ဆုံးဖြတ်၊ ကျနော်တို့ ဘာမှပြောစရာ မရှိ ဘူး။ ဥပဒေဆိုတာ ပြစ်မှုကျူးလွန်ထားခံရတဲ့ လူတယောက်ကို တရားစွဲရင် ရှေ့နေကတော့ ကျနော့်လူက မသတ်ဘူး ပြော မှာပဲ။ သတ်ချင်လည်း သတ်မှာပေါ့။ ဒါက ဥပဒေက ဆုံးဖြတ်၊ ကျနော်တို့က ဘာမှ ပြောစရာ မရှိပါဘူး။
အခု ဒေါ်အောင်ဆန်းစုကြည်တို့ ပြောသလို ကိုယ့်ဘက်မှာလည်း အားနည်းချက်တွေ၊ အမှားတွေကလည်း ရှိနေတယ်။ ဆိုတဲ့အခါကျတော့ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ တိုင်းပြည်အတွက် ကတောာ့ မကောင်းဘူး။ အဲဒီတော့ ဘယ်လို ရင် ဆိုင်မလဲ ဆိုတာကတော့ ရေရှည်ပဲ။ နောက်တခု ပိုပြီး စိတ်မကောင်းစရာက တဖက်မှာကျတော့ အရေးကြီးပြီ သွေးစည်း ကြဖို့ ဆိုတာ ပြောတယ်။ လွှတ်တော်ထဲမှာ ကျတော့လည်း ခွပ်လိုက်ကြစို့ သူငယ်ချင်း ဆိုတာလို ဖြစ်နေတဲ့ အခါကျတော့ ကျနော်တို့လည်း သိပ်နားမလည်ဘူး။
ဒီကြားထဲမှာ ကျနော်တို့ ရခိုင်ကလည်း ညှပ်ပါလာတယ်ဆိုတော့ ကျနော်တို့က ပြေပြေလည်လည်ပဲပေါ့ဗျာ၊ ကိုယ့်ရဲ့ မြန်မာ ပြည်ကို ဒီထက် ပိုမိုပြင်းထန်တဲ့ ဖိအားတွေလာရင် မြန်မာပြည်က သွက်ချာပါဒ လိုက်သွားမှာပဲ စိုးရိမ်တယ်။ သွက်ချာပါဒ လိုက်သွားရင် ကိုင်ဆုပ်သလိုဖြစ်သွားရင် ကျနော်တို့ ရခိုင်ပြည်ကတော့ အဓိက ထိမှာပေါ့နော်။ ကျနော်တို့ကလည်း ဆု တောင်းရုံမှတပါး ဘယ်တတ်နိုင်မလဲဗျာ။ ကိုယ့်ဘက်ကလည်း အမှားတွေရှိတာကိုး။ ဟိုဘက်ကလည်း အလစ်ကို ချောင်း နေတာ။ အလစ်ချောင်းနေတဲ့ သူတွေနဲ့ အမှားလုပ်ခဲ့သူတွေ ကြားထဲမှာ ကျနော်တို့ ပြည်သူတွေ မြေစာပင်ဖြစ်မှာကိုပဲ စိုး ရိမ်ပါတယ်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း
တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့
ပထမပိုင်းမှာတော့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပြောပြီးသား ဖြစ်တယ်။ ဒုတိယပိုင်း နိဂုံးချုပ်မှာတော့ လျှောက်တဲ့နေရာမှာ မြန်မာနိုင်ငံရဲ့တရားစီရင်ရေး စနစ်ပေါ့။ စစ်ဘက် တရားစီရင်ရေး စနစ်ဆိုတာကလည်း နိုင်ငံတကာ မှာ တခြားနိုင်ငံတွေမှာ ရှိနေတာပဲ။ မြန်မာနိုင်ငံမှာလည်း ရှိနေတာပဲ။ စစ်ဘက် တရားစီရင်ရေးကို ဆောင်ရွက်နေတဲ့ ကိစ္စ တွေရယ်၊ စစ်ဘက် တရားစီရင်ရေးနဲ့ ပတ်သက်လို့ ပြုလုပ်နေတဲ့ ကိစ္စတွေရယ်၊ ပြုလုပ်နေတဲ့ စစ်တရားရုံးနဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း ကျနော်တို့ သတင်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်။
စစ်တရားရုံးနဲ့ စစ်ဆေးတာရော၊ ICOE က အစီအရင်ခံစာ ထွက်ပေါ်လာတဲ့အခါမှာလည်း စစ်ဘက်ဥပဒေ၊ စစ်ဘက် စည်း မျဉ်းတွေအရ ဆက်လက် စီရင်မယ်၊ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ပြီးလည်း ဖြစ်ပါတယ်။ ဒါကိုလည်း နိဂုံးချုပ်မှာ ပြော သွားတာ တွေ့ရပါတယ်။ နောက်တခုက ဘူးသီးတောင်၊ မောင်တောဒေသမှာ တကယ် လိုအပ်နေတာက အရင်တုံးက ကွဲပြားနေတဲ့ အစုအဖွဲ့တွေကြားမှာ ပြန်လည်ပြီးတော့ သင့်သင့်မြတ်မြတ်နဲ့ နေထိုင်ရေးကို လုပ်ဆောင်နေတာတွေ ပြော သွားတာကိုလည်း တွေ့နိုင်ပါတယ်။ အဲဒီဟာတွေကြောင့် မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး တည်ဆောက် နေတဲ့ကာလမှာ တရားရုံး အနေနဲ့က ဒါတွေအပေါ်မှာ ပိုမိုပြီးတော့ အကျိုးယုတ်စေတဲ့၊ မလိုလားအပ်တဲ့ အမိန့်မျိုး မချမှတ် နိုင်စေရေး အတွက် ဥပမာ၊ အထောက်အထားတွေ အစုံအလင်နဲ့ လျှောက်လဲနိုင်ခဲ့တာ တွေ့ရပါတယ်။
ဒေါ်ထုမေ
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ကမ္ဘာ့ခုံရုံးကတဆင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုမှု၊ ဒီကြားနာမှုတွေထဲမှာ ကိုယ့်နိုင်ငံဘက်က ဟုတ်နေတာတွေလည်း ဟုတ်တယ်။ စွပ်စွဲနေတာတွေလည်း လွန်ကျွံနေတယ်။ ဒီ ICJ ကိုရောက်ဖို့ အတွက် ဂမ်ဘီယာ အပါအဝင် သူ့နောက်မှာ ရှိတဲ့ OIC တွေက နှစ်ပေါင်းများစွာ ကြိုးပမ်း အားထုတ်ခဲ့တဲ့ ဖြစ်တည်လာမှုက ပိုပြီးတော့ အရေးကြီးတယ်။
ICJ မှာ နေပြီးတော့ နိုင်ငံတကာ ခုံရုံးရှေ့မှာ တကမ္ဘာလုံးကို ထုတ်လွှင့် ပြသနေတဲ့အတွက်ကြောင့် စိတ်ဝင်စားမှုထက် ဒီအကြောင်းတရပ်ကို ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းကို ပိုပြီး စိတ်ဝင်စားတယ်။
ICJ ကိုရောက်ဖို့ အတွက် ချက်ချင်း၊ လက်ငင်းရောက်သွားတာ မဟုတ်ဘူး။ အကြောင်းအမျိုးမျိုးကြောင့် ရှိခဲ့တယ်။ ကျမ တို့ ဒီမှာ နေပြီးတော့ မြန်မာဘက်က လျှောက်လဲချက်တွေမှာ နိုင်ငံရေး သဘောတရားအရ၊ ဥပဒေ သဘောတရား အရပါ တယ်။ ဒီအပေါ်မှာတော့ အားသာချက်၊ အားနည်းချက်တွေ ရှိတယ်။ ကိုယ့်ဘက်က မတုံ့ပြန်တာက အားနည်းချက်တွေ ချည်းပဲ။ ကျမတို့နိုင်ငံအနေနဲ့ ဒါကို သတိထားရမယ်။ ဘာလို့လဲဆိုတော့ ဒီဖြစ်စဉ်ဟာ သေးမှာ မဟုတ်ဘူး။
မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ ဖြစ်တယ်။ တရားစွဲဆိုတယ်ဆိုမှတော့ ဒါကောင်းတဲ့ လက္ခဏာ မဟုတ်တော့ဘူး။ နောက်တခုက ICJ ကိုရောက်နေတဲ့ အကြောင်းအရင်းက နှစ်ပေါင်းများစွာကနေပြီးတော့ အချိန်ယူပြီး တော့မှ စနစ်တကျလုပ်ပြီးတော့မှ ခုံရုံးကို ရောက်သွားတာ။
မျိုးဆက်ကို လေ့လာရင် သူတို့ သုံးနေတဲ့ ဝေါဟာရ ကမ္ဘာမှာ မရှိဘူး။ လူသားတိုင်းရရမယ့် အခွင့်အရေး အကုန် ရစေရ မယ်။ ဖန်တီးထားတဲ့ လူမျိုး တမျိုးတော့ မဟုတ်သင့်ဘူး။ မဟုတ်ရဘူး။ ကမ္ဘာကလည်း ဒါကို လက်မခံသင့်ဘူး။ ဒါဘာသာ ရေးနဲ့ မဆိုင်ဘူး နိုင်ငံရေးနဲ့ပဲ ဆိုင်ခဲ့တာ။ သူတို့မြေတွေ ပိုင်တယ် နှစ်ပေါင်းများစွာ နေခဲ့တယ်။ ဒီနိုင်ငံမှာ ဒီနိုင်ငံရဲ့ ဥပဒေ ကို သူတို့ လေးစားလိုက်နာရမယ်။
မြန်မာနိုင်ငံက ဘယ်မှာ အခက်အခဲရှိသွားလဲဆိုတော့ အစိုးရ အဆက်ဆက် စီမံခန့်ခွဲတဲ့ မဟာအမှားတွေ။ လူကိုလူလို့ မမြင်တဲ့ မဟာအမှားတွေကြောင့် ကမ္ဘာ့ဇာတ်ခုံအပေါ်မှာ ဒီလိုမျိုး မျက်နှာငယ်ရတာပေါ့။ ဒါကို ပြုပြင်သွားမယ်ဆိုရင်တော့ အတိုင်းအတာ တခုအထိ မြန်မာနိုင်ငံ တောင့်ခံနိုင်မယ်လို့ ကျမတို့ ယူဆရတယ်။ ဒါပေမယ့် ကမ္ဘာ့ဇာတ်ခုံပေါ် ရောက်သွား တဲ့ အကြောင်းအရင်းကတော့ မေ့လို့ မရဘူး။ ကမ္ဘာမှာ မရှိတဲ့ လူမျိုးတမျိုးကို ဖန်တီးတယ်။ အစိုးရ အဆက်ဆက် မဟာ အမှားအပေါ်မှာ သူတို့အတွက် ဖန်တီးတဲ့ လူမျိုးတမျိုးကို ရအောင် ဖန်တီးတယ်။
သေချာတာ တခုက မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမရှိဘူး။ မြန်မာနိုင်ငံမှာ ဘင်္ဂါလီ ရှိတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ကိုယ် တိုင်က ဒီအသုံးအနှုန်းကို မသုံးဘူးဆိုတော့ မရှိလို့ပေါ့။ ဒီဝေါဟာရကို ဘာလို့ မသုံးလဲ။ အသိအမှတ်မပြုတာ မဟုတ်ဘူး။ ဖန်တီးထားတဲ့ ဝေါဟာရ မရှိတဲ့ အတွက်ကြောင့်မို့လို့ မသုံးတာ။ ဒါရှင်းနေတာပဲ။ ကျမကတော့ ဒီလိုပဲ မြင်တယ်။
You may also like these stories:
ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို ICJ မှာ မြန်မာဘက်က ဘယ်လိုချေပခဲ့သလဲ
ဒေါ်အောင်ဆန်းစုကြည် ICJ ကို ရင်ဆိုင်ဖြေရှင်းမည့် အပေါ် သူတို့အမြင်များ
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်