မြန်မာနိုင်ငံမှ အိန္ဒိယ၏ အခြေခံအဆောက်အအုံစီမံကိန်းများ၊ နယ်စပ်လုံခြုံရေး၊ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် နှင့် ဒေသတွင်းအပေါ်သြဇာလွှမ်းမိုးမှု အပါအဝင် နှစ်နိုင်ငံအကြားအပြန်အလှန် အကျိုးစီးပွားရှိသည့် ကိစ္စများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းဌာနသည် အိန္ဒိယ သံအမတ် ဆော်ရက်ဘ် ကူးမားနှင့် တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ အိန္ဒိယနဲ့ မြန်မာအကြားဆက်ဆံရေးကို သံအမတ်ကြီး ဘယ်လိုသရုပ်ဖော်လိုပါသလဲ။ လွန်ခဲ့တဲ့ လေးနှစ်အတွင်း နှစ်နိုင်ငံစစ်တပ်များနဲ့ အစိုးရများအကြားမှာ ဆက်ဆံရေးတိုးတက်မှုတွေကို မြင်ခဲ့ရတယ်မဟုတ်လား။
ဖြေ။ ။ မြန်မာနိုင်ငံဟာ ရင်းနှီးတဲ့မိတ်ဆွေနဲ့ အိမ်နီးချင်းနိုင်ငံပါ။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံခြားရေး မူဝါဒ အစီအစဉ် နှစ်ခုဖြစ်တဲ့ အရှေ့ဖက်သို့မျက်နှာမူလုပ်ဆောင်ခြင်းနဲ့ အိမ်နီးချင်းဦးစားပေးရေးမူဝါဒတွေရဲ့ လမ်းဆုံမှာရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီနိုင်ငံဟာ ဒီအစီအစဉ်နဲ့ ဆုံဆည်းတဲ့ တခုတည်းသော နိုင်ငံဖြစ်ပြီး အဲဒီလို အဓိပ္ပာယ်နဲ့ကျတော့ နှစ်နိုင်ငံဆက်ဆံရေးက ထူးခြားမှုရှိတယ်။
လွန်ခဲ့တဲ့ လေးနှစ်အတွင်း ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေးက အဆင့်မြင့်အရာရှိတွေအဆင့်၊ ဝန်ကြီးအဆင့်၊ အလုပ်သဘောအဆင့်တွေကတဆင့် အပြန်အလှန် လည်ပတ်ပြီး အရှိန်ရလာတယ်။ ကျနော့်ရဲ့ သံအမတ်ခန့်အပ်လွှာကို မြန်မာနိုင်ငံသမ္မတကိုပေးဖို့ သွားရောက်တွေ့ဆုံတုန်းက သူပြောတဲ့အချက်တွေထဲက တခုကတော့ နှစ်နိုင်ငံ အကြား အဆင့်မြင့် ထိတွေ့ဆက်ဆံမှုဟာ ဆက်ဆံရေးတိုးတက်မှုကို အထောက်အကူပြုကြောင်း၊ အဲဒီလို ထိတွေ့ဆက်ဆံမှုကို ပိုမိုခိုင်မာအောင်လုပ်ဆောင်သင့်ကြောင်း သမ္မတကြီးကပြောတယ်။
လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလက အိန္ဒိယသမ္မတက မြန်မာနိုင်ငံမှာ ရောက်နေပြီး မြန်မာသမ္မတအနေနဲ့ နှစ်ဖက် အဆင်ပြေတဲ့နေ့မှာ အိန္ဒိယကိုလာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ခဲ့တယ်။ ကျနော်တို့က အဲဒီနေ့ကို မျှော်လင့်စောင့်စားနေတယ်။ အဆင့်မြင့်အရာရှိတွေ လည်ပတ်မှုအပြင် ကျနော်တို့ဟာ နိုင်ငံခြားရေးရုံးများ ညှိနှိုင်းခြင်း၊ ကဏ္ဍအမျိုးမျိုးမှာ ပူးတွဲလုပ်ငန်းအဖွဲ့တွေ ထူထောင်ခြင်းနဲ့ မြန်မာနိုင်ငံနဲ့ ယေဘုယျ ဆက်ဆံခြင်း အပါအဝင် နယ်ပယ်အသီးသီးမှာ ဆက်ဆံခြင်းတွေဟာ မကြာသေးမီနှစ် အနည်းငယ်အတွင်း တိုးတက်လာတယ်။
မေး။ ။ ပထဝီအရဆိုရင် မြန်မာနိုင်ငံက အိန္ဒိယနဲ့ တရုတ်ဆိုတဲ့ အာရှ ထိပ်သီးနှစ်နိုင်ငံအကြားမှာ သေနင်္ဂဗျူဟာကျစွာ တည်ရှိနေတယ်။ လတ်တလော ဘယ်ကဏ္ဍတွေမှာ အိန္ဒိယက မြန်မာကိုကူညီနေတာလဲ။
ဖြေ။ ။ ကျနော်တို့က ကျနော်တို့နှစ်နိုင်ငံဆက်ဆံရေးကို ဖော်ပြဖို့ အက္ခရာ စီ တွေ အများကြီးသုံးတယ်။ လမ်းပန်းဆက်သွယ်ရေး (Connectivity) က အရမ်းအရေးကြီးတယ်။ ကူးသန်းရောင်းဝယ်ရေး (Commerce) ကလည်း အရေးကြီးသလို၊ စွမ်းရည် (Capacity) တည်ဆောက်ရေးသာမက ယဉ်ကျေးမှု (Culture) ကလည်းအရေးကြီးတယ်။ အဲဒီအပြင် လူမှုအသိုင်းအဝန်း (Community) ဆိုတာလည်း ရှိသေးတယ်။
ကျနော်တို့က လမ်းပန်းဆက်သွယ်ရေးနဲ့ ပတ်သက်ရင် စီမံကိန်းတွေ အများကြီးလုပ်နေတယ်။ ၂၀၁၈ ခုနှစ် သြဂုတ်လတုန်းက တမူး-မိုးရေး (စစ်ကိုင်တိုင်းနဲ့ အိန္ဒိယ မဏိပူရပြည်နယ်အကြား)၊ မြန်မာနိုင်ငံ ချင်းပြည်နယ်က ရိခေါဒါနဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဇော့ခေါသာပြည်နယ်အကြား နေရာတွေဟာ ကုန်းတွင်း နယ်စပ်ဖြတ်ကျော်နေရာတွေဖြစ်ကြောင်း ကျနော်တို့ကြေညာခဲ့တယ်။ အဲဒီကုန်းမြေနယ်စပ်တွေက အခြေခံ အဆောက်အအုံတွေကိုဖော်ထုတ်နေတယ်။
ခင်ဗျားလည်း ထိုင်း-မြန်မာ-အိန္ဒိယကို ဆက်သွယ်ပေးမယ့် အဝေးပြေးလမ်းနဲ့ ပြီးပြည့်စုံတဲ့ရေကြောင်းနဲ့ ဆိပ်ကမ်းတွေပါတဲ့ ကုလားတန် ဘက်စုံတဆင့်ခံ သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်း ကိုလည်း သတိထားမိမယ်ထင်တယ်။ ဒီသုံးနိုင်ငံ အဝေးပြေးလမ်းနဲ့ပတ်သက်ပြီးတော့ ကျနော်တို့က လမ်းမိုင် ၁၀၉ မိုင်ကိုလုပ်နေတာ မပြီးသေးဘူး။ အဲဒီ သုံးနိုင်ငံအဝေးပြေးလမ်းရဲ့အစိတ်အပိုင်းဖြစ်တဲ့ အိန္ဒိယ-မြန်မာချစ်ကြည်ရေးလမ်းမှာ တံတား ၆၉ ခုပါဝင်ပြီး လုပ်ဆောင်စရာတွေ ရှိနေပါသေးတယ်။ ဒါကြောင့် လမ်းပန်းဆက်သွယ်ရေးဟာ နှစ်နိုင်ငံအကြား ကြီးမားတဲ့ ကိစ္စဖြစ်နေပါတယ်။
ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးကလည်း အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ ကုန်သွယ်ရေးဟာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလျံ (ကျပ် ၂.၅၅ ထရီလျံ) ရှိပါတယ်။ ကျနော်တို့ကြည့်ဖို့လိုတာက အခုလောလောဆယ် အနည်းငယ် ကန့်သတ်ထားတဲ့ ကုန်သွယ်တဲ့ ပစ္စည်းစာရင်းက ကျယ်ပြန့်လာနေပါတယ်။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့နဲ့ စီးပွားရေးလုပ်ဖို့ အိန္ဒိယ ကုမ္ပဏီတွေကြားမှာ စိတ်ဝင်စားမှု သိသိသာသာ မြင့်မားနေပါတယ်။
မကြာသေးမီက ဆိုရင် အိန္ဒိယ ကုမ္ပဏီတခုဖြစ်တဲ့ အဒါနီ ဆိပ်ကမ်းများနဲ့ အထူးစီးပွားရေးဇုန် (APSEZ) က အမေရိကန်ဒေါ်လာ သန်း ၂၈၀ လောက်ရင်းနှီးမြှုပ်နှံပြီး ကုန်သေတ္တာဆိပ်ကမ်းတည်ဆောက်ရေး အပါအဝင် အစီအစဉ်တချို့ကို လုပ်ဆောင်ခဲ့ပါတယ်။
ကျနော်တို့ဟာ ဟိုက်ဒရို ကာဗွန် ကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနဲ့ အခြားအခြေခံအဆောက်အအုံ နယ်ပယ်တွေ အပါအဝင် ခင်ဗျားတို့နိုင်ငံက စီမံကိန်းအများအပြားကိုလည်း လေ့လာနေပါတယ်။ စွမ်းရည်တည်ဆောက် လေ့ကျင့်ရတဲ့နယ်ပယ်မှာ ကျနော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရှိန်ရလာနေပြီး ဒါတွေအားလုံးရဲ့ အခြေခံကတော့ ကျနော်တို့တွေရဲ့ ယဉ်ကျေးမှုချင်းနဲ့ ပြည်သူချင်း ဆက်ဆံရေးဟာ ဆက်စပ်နေတာ ဖြစ်ပါတယ်။ ဆက်ဆံရေးတိုးတက်နေတယ်လို့ ပြောရမှာဖြစ်ပြီး ကျနော်တို့ရဲ့နှစ်ပေါင်းများစွာ ရှည်ကြာပြီဖြစ်တဲ့ ဆက်ဆံရေးဟာ လာမယ့်နှစ်တွေမှာ ပိုမိုကျစ်လစ်သိပ်သည်း ကျယ်ပြန့်လာတာကို မြင်ချင်ပါတယ်။
မေး။ ။ အိန္ဒိယနိုင်ငံဟာ လမ်းပန်းဆက်သွယ်ရေးမှာ အလေးအနက်ဆောင်ရွက်နေပြီး လုပ်ဆောင်နေဆဲ စီမံကိန်းတွေလည်း အများကြီးရှိနေတယ်။ တရုတ်နိုင်ငံက အခြေခံအဆောက်အအုံ စီမံကိန်းအများအပြား ကိုလည်းတွေ့နေရပါတယ်။ မြန်မာပြည်သူအများအပြားက အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုပါဝင်ပတ်သက်လာတာကို မြင်ချင်ကြတယ်။ အိန္ဒိယအနေနဲ့ ဘယ်လို သိသိသာသာ ပါဝင်ပတ်သက်နိုင်ပါသလဲ။ သံအမတ်ကြီးကို မြန်မာနိုင်ငံမှာ တာဝန်ပေးထားပါတယ်။ အိန္ဒိယရဲ့ အခန်းကဏ္ဍကို ဘယ်လိုတက်ကြွစွာ မြှင့်တင်မလဲ။
ဖြေ။ ။ ခင်ဗျားရဲ့ မေးခွန်းနဲ့ပတ်သက်တဲ့ သွင်ပြင် နှစ်ခုရှိပါတယ်။ တခုကတော့ ကျနော်ပြောခဲ့တဲ့ အရှေ့ဖက်ကိုမျက်နှာမူဆောင်ရွက်ရေးနဲ့ အိမ်နီးချင်း ဦးစားပေးရေး မူဝါဒ မူဘောင်ပဲဖြစ်ပါတယ်။ နောက်တခုကတော့ အဲဒီမူဝါဒ မူဘောင်နဲ့ပတ်သက်ပြီး ကျနော်တို့ဘာလုပ်လဲဆိုတာပဲ ဖြစ်ပါတယ်။ စောစောက ကျနော်ပြောခဲ့တဲ့အတိုင်း လမ်းပမ်းဆက်သွယ်ရေးက အရေးပါပါတယ်။ ကျနော်တို့မှာ ကုန်းလမ်းဆက်သွယ်ရေး ကောင်းကောင်းရှိရင် နှစ်နိုင်ငံအကြား သွားလာမှုတွေပိုရှိမယ်။ ပြည်သူချင်း အပြန်အလှန်ဆက်ဆံမှု ပိုမိုရှိလာတော့ ကုန်သွယ်ရေးနဲ့ ကူးသန်းရောင်းဝယ်ရေးအပါအဝင် နယ်ပယ်မျိုးစုံမှာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။
ကုန်းလမ်းဆက်သွယ်ရေးက အစိတ်အပိုင်းတခုဖြစ်ပါတယ်။ မကြာသေးမီက ကျနော်တို့ရဲ့ လေကြောင်းဆက်သွယ်ရေးပိုင်းမှာ လုပ်စရာတွေ အများကြီးရှိနေသေးပေမယ့် ပိုမိုခိုင်မာလာတာကို သိမယ်ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အစကောင်းကို စတင်နိုင်ခဲ့ပါပြီ။ အခုလောလောဆယ်တော့ ရန်ကုန်နဲ့ ကာလကတ္တားအကြား နေ့စဉ်လေကြောင်းခရီးစဉ်တွေ ရှိနေပြီး မန္တလေးနဲ့ အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်း မဏိပူရ်က အင်ဖာအကြား တပတ်ကို လေကြောင်းခရီးစဉ် အနည်းငယ်လည်း ရှိလာပါပြီ။
လုံး၀ဖြစ်သင့်တာက အိန္ဒိယမှာ မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားဖို့လိုသလို၊ မြန်မာနိုင်ငံကလည်း အပြန်အလှန် စိတ်ဝင်စားသင့်တာပဲ။ ဒီအတွက် ကျနော်တို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ အဲဒီစိတ်ဝင်စားမှု ကြီးထွားလာတဲ့အခါ၊ ဒါကလည်း ပြည်သူချင်း ဆက်ဆံမှုနဲ့ ခရီးသွားလာမှု လွယ်ကူမှုအပေါ် အကြီးအကျယ် မူတည်နေတယ်။ ကျနော်တို့အနေနဲ့ ပိုမိုခိုင်မာတဲ့ ကူးသန်းရောင်းဝယ်ရေးနဲ့ စီးပွားရေးဆက်ဆံမှုအတွက် ယေဘုယျအားဖြင့်ပြောရရင် ကျနော်တို့ နှစ်နိုင်ငံအကြား ခိုင်မာတဲ့ ဆက်ဆံရေးအတွက် အခြေခံကို ချမှတ်ဖို့လုပ်ရမှာဖြစ်ပါတယ်။
မေး။ ။ အိန္ဒိယနဲ့ မြန်မာတို့ဟာ ရှည်လျားတဲ့နယ်စပ်ခြင်း ထိစပ်နေတယ်။ အိန္ဒိယအစိုးရဟာ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ အိုင်အမ် (NSCN-IM) က အိုင်ဆက်မွီဗာ Isak-Muivah အဖွဲ့ခွဲနဲ့ ငြိမ်းချမ်းရေးစာချုပ်တမျိုးမျိုး ချုပ်ဆိုဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီငြိမ်းချမ်းရေးစာချုပ်ကနေ ဘာတွေမျှော်လင့်ထားလဲ။ နယ်စပ်တလျှောက်က နာဂသူပုန်တွေနဲ့ ပတ်သက်ရင် အိန္ဒိယနဲ့ မြန်မာတပ်မတော်တွေ အကြားမှာလည်း ပူးပေါင်းဆောင်ရွက်မှု အများကြီးတွေ့ရတယ်။ ငြိမ်းချမ်းရေးအရ ဘာကို မျှော်လင့်ပါသလဲ။ ကုန်သွယ်ရေးနဲ့ တိုးတက်မှုအကြောင်းကို သံအမတ်ကြီးပြောခဲ့တယ်။ ဒီဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ဘာအခက်အခဲတွေရှိလဲ။
ဖြေ။ ။ ခင်ဗျားပြောတဲ့အတိုင်း ကုန်းနယ်နိမိတ် ကီလိုမီတာ ၁၆၀၀ ကျော် နယ်နိမိတ် ထိစပ်နေတယ်။ နယ်စပ်မှာ ငြိမ်းချမ်းတည်ငြိမ်မှု ထိန်းသိမ်းရေးဟာ မြန်မာနဲ့အိန္ဒိယအတွက် အပြန်အလှန်အကျိုးရှိတဲ့ကိစ္စဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်ကုန်ကနေ ဒီနှစ်အထိ အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ ဖြစ်ခဲ့တယ်လို့ ကျနော်ထင်တယ်။
နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးထိန်းသိမ်းဖို့ ခင်ဗျားတို့ အစိုးရနဲ့ မြန်မာ့တပ်မတော်တို့နဲ့ ကျနော်တို့ ကောင်းစွာ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တနိုင်ငံကို မလိုလားတဲ့ အုပ်စုတွေက အခြားတနိုင်ငံရဲ့ ပိုင်နက်ကို အသုံးမပြုစေရေးအတွက် တပ်မတော်နှစ်ခုဟာ ညှိနှိုင်းဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ခင်ဗျားတို့ တပ်မတော်က အိန္ဒိယကို မလိုလားတဲ့အုပ်စုတွေ မြန်မာပိုင်နက်ကို အသုံးမပြုနိုင်အောင် အရေးယူမှုတွေလုပ်တယ်။ ကျနော်တို့လည်း ဒီအတိုင်းပဲ လုပ်ဆောင်နေပါတယ်။ ဒါကြောင့်ကျနော်တို့နှစ်နိုင်ငံအကြားမှာ ကောင်းမွန်တဲ့ နားလည်မှုရှိတယ်။ တပ်မတော်နှစ်ခုအကြား နယ်စပ်စခန်းအဆင့်ကနေပြီး အထက်အဆင့်အမျိုးမျိုးမှာ ထိတွေ့ဆက်ဆံမှုတွေရှိတယ်။ ဒါဟာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုဖြစ်ပြီး ဒီလိုပဲဆက်လက်တိုးတက်မယ်လို့ ကျနော်မျှော်လင့်တယ်။
မေး။ ။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးတွေ့မြင်ခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နယူးဒေလီနဲ့ အိန္ဒိယရဲ့ အခြားအစိတ်အပိုင်းတွေကို သွားရောက်ခဲ့တယ်။ နောက်ဆုံးအကြိမ်သွားတုန်းက မြန်မာနိုင်ငံဟာ အိန္ဒိယရဲ့ အရှေ့ဖက်သို့ မျက်နှာမူလုပ်ဆောင်ရေးမူဝါဒအတွက် အဓိက မဏ္ဍိုင်ဖြစ်ကြောင်း အိန္ဒိယကာကွယ်ရေး ဝန်ကြီးက ပြောကြားခဲ့တယ်။ အိန္ဒိယဟာ မြန်မာနိုင်ငံကို ရေငုပ်သင်္ဘောတွေရောင်းဖို့ သဘောတူခဲ့တယ်။ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေလည်း အများကြီးလုပ်ဆောင်နေပြီး အိန္ဒိယက မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ဖို့လည်း ကတိပေးထားတယ်။ နှစ်နိုင်ငံတပ်မတော်တွေအကြား ဆက်ဆံရေးပိုမိုနက်ရှိုင်းလာတာဟာ စိတ်ဝင်စားစရာကောင်းတယ်။ မြန်မာ့တပ်မတော်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ဝေဖန်မှုတွေရင်ဆိုင်နေရတာကို စဉ်းစားရင် အဲဒီဆက်ဆံရေးကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ အစောက ကျနော်ပြောခဲ့တဲ့အတိုင်းပဲ အိန္ဒိယနဲ့ မြန်မာအကြား လုံခြုံရေးနဲ့ ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဟာ အသစ်အဆန်း မဟုတ်ဘူး။ ဒီပူးပေါင်းဆောင်ရွက်မှုကို အချိန်ကာလတခုကြာ တည်ဆောက်ခဲ့ရတာပါ။ အိန္ဒိယက မြန်မာနိုင်ငံကို တခုခုလွှဲပြောင်းပေးတာကို ကျနော်မပြောလိုဘူး။ ဒါပေမယ့် မြန်မာက အိန္ဒိယက ကာကွယ်ရေးပစ္စည်း ဝယ်ယူဖို့ ကောင်းမွန်တဲ့ နိဒါန်းကို စတင်လိုက်ပြီလို့ ကျနော်ထင်ကြောင်း ပြောလိုပြီး ဆက်လက်ကြီးထွားနေမယ်လို့ ကျနော်ထင်တယ်။
အိန္ဒိယနိုင်ငံဟာ ကာကွယ်ရေးပစ္စည်း တင်ပို့ရေးကိုအများကြီး အလေးထားတဲ့ မူဝါဒကို ကျင့်သုံးနေပြီး နှစ်နိုင်ငံအကြား ဒီနယ်ပယ်မှာ ထိတွေ့ဆက်ဆံမှု ကြီးထွားလာတာဟာ ကြိုဆိုရမယ့် ဖြစ်ပေါ်တိုးတက်မှုဖြစ်တယ်ဆိုတဲ့ အချက်ကို အလေးထားတယ်။
မေး။ ။ ရခိုင်ပြဿနာအကြောင်းပြောတဲ့အခါ အဲဒီမှာ အကြမ်းဖက်မှုတွေအကြောင်းကို မေ့နေတတ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က သတိပေးတယ်။ မြန်မာ့တပ်မတော်ကလည်း အကြမ်းဖက်မှု တိုက်ဖျက်ရေးပြဿနာတွေကို အရမ်းပြောပြီး အိမ်နီးချင်းနိုင်ငံတွေက လေ့ကျင်မှုတွေရယူနေတယ်။ မြန်မာ့တပ်မတော်နဲ့ ဆက်ဆံရေးမြှင့်တင်ဖို့ အိန္ဒိယရဲ့ အားထုတ်မှုတွေကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ ရခိုင်ပြဿနာမှာ သွင်ပြင်လက္ခဏာ အမျိုးမျိုးရှိတယ်။ လူ့အခွင့်အရေးကလည်း သွင်ပြင်လက္ခဏာ တခုဖြစ်တယ်။ လုံခြုံရေးလိုမျိုး အခြားသွင်ပြင်လက္ခဏာတွေလည်း ရှိတယ်။ နောက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး သွင်ပြင်လက္ခဏာလည်း ရှိတယ်။ ဒါကြောင့် ရခိုင်ပြဿနာကို အစောဆုံးဖြေရှင်းတာကို တွေ့ရဖို့ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံလိုပြီး နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ရလို့စိတ်ချမ်းမြေ့ကြောင်း ပြောကြားလိုတယ်။
နေရပ်စွန့်ခွာသူတွေ ပြန်နိုင်အောင်လို့ ရခိုင်မြောက်ပိုင်းမှာ အိမ်အလုံး ၂၅၀ ကို ကျနော်တို့ တည်ဆောက်ပေးခဲ့တာကို ခင်ဗျား သတိထားမိမယ် ထင်ပါတယ်။ ဒါကို ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်မူဘောင်အရ လုပ်ဆောင်တာဖြစ်ပြီး အဲဒီအစီအစဉ်အရ လူမှုစီးပွားစီမံကိန်းတွေအတွက် ကျနော်တို့က နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ သန်း (ကျပ် ၇.၄၉ ဘီလျံ) ကို ၅ နှစ်တာကာလအတွက် ပေးမယ်လို့ ကတိပေးထားပါတယ်။ လူမှုစီးပွားတိုးတက်ရေး စီမံကိန်းတွေကို ဆောင်ရွက်ရမယ်ဆိုရင်၊ ရခိုင်ပြည်နယ်မှာ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ရေးအတွက် အဲဒီမှာ အသက်မွေးဝမ်းကြောင်း သင်တန်းဌာန ကူညီထူထောင်ပေးရမယ်ဆိုရင် စိတ်ချမ်းမြေ့ကြောင်း ပြည်ထောင်စုအစိုးရကိုရော၊ ရခိုင်ပြည်နယ်အစိုးရကိုပါ ကျနော်တို့ အသိပေးထားပါတယ်။
မေး။ ။ ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားတဲ့ မွတ်စလင်တွေကို နေရပ်ပြန်ပို့ရေး စိန်ခေါ်မှုတွေအပေါ် အိန္ဒိယ နိုင်ငံရဲ့ အမြင်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်မတော် (AA) ရဲ့ သြဇာ ကြီးထွားလာနေတယ်။ အထူးသဖြင့် အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာပေါ့။ အဲဒီဒေသမှာ အန္ဒိယက ထောက်ပံ့တဲ့ လုပ်ဆောင်ဆဲ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေကို ထိခိုက်မှု ရှိမရှိ သိချင်နေကြတယ်။ ဒါက ဆက်ဆံရေးအပေါ် ဘယ်လိုသက်ရောက်မလဲ။
ဖြေ။ ။ ဒီမှာလည်း နှစ်ပိုင်းရှိတယ်။ ပထမပိုင်းက နေရပ်စွန့်ခွာရသူတွေ ပြန်ရေးဖြစ်ပြီး ဒုတိယပိုင်းက အိန္ဒိယနိုင်ငံက ဆောင်ရွက်နေတဲ့ စီမံကိန်းတွေရဲ့ လုံခြုံရေးဖြစ်တယ်။ ပထမပိုင်းကို ပြောရရင် မြန်မာနိုင်ငံဟာ နေရပ်စွန့်ခွာရသူတွေ ပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ နားလည်မှုတွေ ရှိတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံစလုံးဟာ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ နားလည်မှုတွေရှိတယ်။ ဒီနားလည်မှုတွေကို အကောင်အထည်ဖော်တာနဲ့ နေရပ်စွန့်ခွာသူတွေ မြန်မာနိုင်ငံကို ပြန်နိုင်အောင် အောက်ခြေမှာ ဆောင်ရွက်တာကို ကျနော်တို့ မြင်လိုတယ်။
အိန္ဒိယ စီမံကိန်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့၊ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ ပတ်သက်လို့ အထူးသဖြင့် ချင်းပြည်နယ် ပလက်ဝကနေ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင့်လိုင်ခရိုင် ဇိုရင်ပွိုင်အထိ ဆက်သွယ်မယ့် လမ်းတည်ဆောက်ရေးနဲ့ ပတ်သက်လို့ လုံခြုံရေးအခြေအနေအရ လမ်းတည်ဆောက်ရေးလုပ်ငန်းတွေကို အတားအဆီးဖြစ်နေတယ်။ ပလက်ဝက လုံခြုံရေး အခြေအနေအရ သိပ်များများ လုပ်လို့မရဘူး ဖြစ်နေတယ်။
ဒါကြောင့် လမ်းတည်ဆောက်ရေးလုပ်ငန်းတွေ ဆက်လုပ်လို့ရအောင် ဘာတွေ ဘယ်လိုလုပ်ရမယ် ဆိုတာနဲ့ပတ်သက်ပြီး အခြားနည်းလမ်းတွေကို ကျနော်တို့ ရှာဖွေနေပါတယ်။ ဖွံ့ဖြိုးတိုးတက်ရေးဟာ ရခိုင်ပြည်နယ်အတွက် လိုအပ်ချက်ဖြစ်ကြောင်း၊ ဒီဖွံ့ဖြိုးတိုးတက်ရေးကို ကုလားတန်စီမံကိန်းက အကျိုးပြုမှာဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်တယ်။
စစ်တွေဆိပ်ကမ်းက တလ၊ နှစ်လအတွင်း စတင်လည်ပတ်တော့မယ်။ ဒီအချက်နဲ့တင်ပဲ စီးပွားရေးဆောင်ရွက်မှုတွေ ဖြစ်လာလိမ့်မယ်။ ပြီးတော့ လမ်းသာပြီးသွားရင် စစ်တွေဆိပ်ကမ်းနဲ့ အိန္ဒိယနယ်စပ်နဲ့ အိန္ဒိယဘက်ခြမ်းနဲ့ ချိတ်ဆက်မိသွားမယ်။ ဒီလိုဖြစ်ရင် သက်ဆိုင်ရာဒေသတွင်းမှာ ကုန်သွယ်ရေးနဲ့ စီးပွားရေး ဆောင်ရွက်ချက်တွေလို အပြုသဘောဆောင်တယ်။ ဒီစီမံကိန်းကို ကျနော်တို့ ပြီးအောင်လုပ်နိုင်တဲ့အခါ စီးပွားရေးအလားအလာဟာ လူတိုင်းအတွက် အကျိုးရှိတယ်ဆိုတာကို လူတိုင်းသဘောပေါက်ဖို့ ကျနော်တို့မျှော်လင့်ပါတယ်။
ကုလားတန်စီမံကိန်းဟာ AA ရဲ့ စက်ကွင်းထဲမှာ ရောက်နေတာ ထင်ရှားပုံရတယ်။ သူတို့က ဒီစီမံကိန်းကို တိုက်ခိုက်ကြတယ်။ ဒီစီမံကိန်းကို လေ့လာတဲ့ အိန္ဒိယက အဖွဲ့တဖွဲ့ကို ရက္ခိုင့်တပ်မတော်က ဖမ်းဆီးတာ မကြာသေးမီက ဖြစ်ခဲ့တယ်။ အိန္ဒိယ နိုင်ငံသားတယောက် ကံမကောင်းဘဲ အသက်ဆုံးရှုံးခဲ့တယ်။
ကျနော်ပြောခဲ့သလိုပဲ ဒီစီမံကိန်းက အရေးပါတယ်။ ဒီစီမံကိန်းက ရခိုင်ပြည်နယ်နဲ့ ရခိုင်ပြည်သူတွေကို အကျိုးပြုလိမ့်မယ်။ ခြုံပြောရရင် မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံကိုလည်း အကျိုးပြုတယ်။ စီမံကိန်း အချိန်မီ ပြီးစီးအောင်လို့ လုံံခြုံရေးကိုအာမခံနိုင်ဖို့ ကျနော်တို့တကယ်ကို မျှော်လင့်တယ်။
မေး။ ။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတွေက အရေးကြီးတဲ့ အိမ်နီးချင်းတွေဖြစ်ပြီး နှစ်နိုင်ငံစလုံးက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေကြတယ်။ ဒါပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေနဲ့ အခြေခံအဆောက်အအုံတွေနဲ့ ပတ်သက်ရင် တနိုင်ငံလုံးမှာ ကြီးမားတဲ့ အခြေခံအဆောက်အအုံတွေနဲ့ တရုတ်နိုင်ငံက လေးနက်တက်ကြွတယ်။ မြန်မာနိုင်ငံဟာ အာရှအင်အားကြီးနိုင်ငံ နှစ်နိုင်ငံအတွက် စစ်မြေပြင်နဲ့ ဈေးကွက်ဖြစ်နေတယ်လို့ ပိုပိုပြောလာကြပြီ။
ဖြေ။ ။ ကျနော်တို့က ကျနော်တို့နဲ့ မြန်မာနိုင်ငံရဲ့ ဆက်ဆံရေးကို အခြားနိုင်ငံတခုရဲ့ ရှုထောင့်ကနေ မကြည့်ဘူး။ ကျနော်တို့မှာ ခိုင်မာတဲ့မူဝါဒ မူဘောင်ရှိတယ်။ ပြီးတော့ အိန္ဒိယနဲ့ မြန်မာ အတူတကွ လုပ်ဆောင်ပြီး ကျနော်တို့ရဲ့ မူဝါဒမူဘောင်အတိုင်း ရှေ့ဆက်ရင် ကျနော်တို့အကြား ဆက်ဆံရေးကို ပိုမိုတည်ဆောက်နိုင်မယ်။ ပိုမိုနက်ရှိုင်းခိုင်မာစေမယ်။ ဒီနေ့ထက် ဆက်ဆံရေးပိုမိုခိုင်မာဖို့ လိုအပ်ချက်လည်း ရှိတယ်၊ အလားအလာလည်းရှိတယ်လို့ ကျနော်ထင်တယ်။
ကျနော်စောစောကပြောသလိုပဲ ပိုမိုကြီးမားတဲ့ လမ်းပမ်းဆက်သွယ်ရေး၊ ပိုမိုကြီးမားတဲ့ ပြည်သူချင်းထိတွေ့ဆက်ဆံရေး၊ ပိုမိုကြီးမားတဲ့ စီးပွားရေးဆက်ဆံရေးတွေဟာ ဒီအတွက် အရေးကြီးတယ်။
မေး။ ။ အာသံပြည်နယ် လီဒိုကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကူမင်းကို ဆက်သွယ်ထားတဲ့ လီဒို/ စတီးဝဲလ် လမ်းမကြီးအကြောင်းကို မေးချင်ပါတယ်။ ဒီလမ်းကို ဒုတိယကမ္ဘာစစ်အတွင်း တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံ ကချင်ပြည်နယ်က ရှင်ဗွေယမ်၊ မြစ်ကြီးနားနဲ့ ဗန်းမော်တို့လို မြို့တွေကို ဖြတ်သန်းသွားတယ်။ အမျိုးသားအကျိုးစီးပွားနဲ့ ပတ်သက်တဲ့အကြောင်းတွေကြောင့် အိန္ဒိယဟာ တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့လမ်း အစီအစဉ် (BRI) ကိုသာမက၊ အငြင်းပွားနေတဲ့ ကက်ရှ်မီးယားကို ဖြတ်သွားတဲ့ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြန်ကိုပါ အိန္ဒိယက ဆန့်ကျင်တယ်။ ဒါကြောင့် ဒီ သုံးနိုင်ငံဆက်သွယ်ထားတဲ့ လမ်းကို ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့နဲ့ အိန္ဒိယအရှေ့မြောက်ပြည်နယ်တွေနဲ့ မြန်မာနိုင်ငံက ကချင်ပြည်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေအကြား ကုန်သွယ်မှု မြှင့်တင်ဖို့ အဖြစ် အိန္ဒိယ နိုင်ငံက မြင်ပါသလား။
ဖြေ။ ။ ခင်ဗျားပြောတာ လီဒိုလမ်း၊ သုံးနိုင်ငံ ဆက်သွယ်အဝေးပြေးလမ်းပဲ။ ကျနော်တို့က သုံးနိုင်ငံအဝေးပြေးလမ်းတခုကို လုပ်ဆောင်နေပြီးပြီ။ အဲဒီမှာ အစိတ်အပိုင်း နှစ်ခုရှိတယ်။ တခုက ကလေး၀-ယာကြီးလမ်းပိုင်းနဲ့ အဲဒီက တံတား ၆၉ ခုကို အဆင့်မြှင့်တင်ဖို့ ဖြစ်တယ်။ ကျနော်တို့က အဲဒါတွေကို လုပ်ဆောင်နေပြီး အဲဒီလမ်းပိုင်းက ၂၀၂၁ မှာ ပြီးမယ်လို့ မျှော်လင့်တယ်။ တံတား ၆၉ ခုနဲ့ပတ်သက်ပြီး ဒီတံတားတွေကို ပြင်ဆင်ဖို့ ကျနော်တို့က မြန်မာအစိုးရကို ငွေထုတ်ပေးပြီး ဒီလုပ်ငန်းတွေ မကြာခင်စတင်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ နောက်တခုကတော့ လီဒိုလမ်းနဲ့ ပတ်သက်ရင် အခုအချိန်အထိ ဘာမှလုပ်ဆောင်နေတာ မရှိဘူး။ ကျနော်တို့က သုံးနိုင်ငံအဝေးပြေးလမ်းနဲ့ ကုလားတန် စီမံကိန်းနဲ့တင် အလုပ်တွေလုံလောက်နေပါပြီ။
မေး။ ။ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဘယ်လိုမြင်လဲ။ အဲဒီလုပ်ငန်းစဉ်ဟာ ထိခိုက်လွယ်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အချိန်မရွေး ပျက်စီးနိုင်တယ်လို့ အချို့ကပြောကြတယ်။ တချို့ကကျတော့လည်း ဒီလုပ်ငန်းစဉ်က တိုးတက်နေတယ်။ စိန်ခေါ်မှုတွေအများကြီးရှိနေလို့ အချိန်ယူရမယ်လို့ပြောကြတယ်။ တချို့ကျတော့ အကောင်းမြင်ကြပြီး မြန်မာနိုင်ငံဟာ ထိုက်တန်တဲ့နေရာကို ရောက်မယ်လို့ထင်ကြတယ်။ အခုလက်ရှိ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဘယ်လိုမြင်လဲ။
ဖြေ။ ။ ဒီမိုကရက်တစ်နဲ့ အခြား အသွင်ကူးပြောင်းရေးတွေနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေဆိုတာ အမြဲတမ်း စိန်ခေါ်မှုတွေ ဖြစ်ပါတယ်။ လွယ်ကူတဲ့လုပ်ငန်းစဉ်တွေ မဟုတ်ပါဘူး။ ရေရှည်အမြင်နဲ့ ကြည့်မယ်ဆိုရင် ခင်ဗျားတို့နိုင်ငံဟာ ထူးခြားတဲ့လမ်းကြောင်းကို ရောက်နေပြီလို့ ကျနော်ထင်ပါတယ်။ မြန်မာနိုင်ငံဒီမိုကရေစီ အသွင်းကူးပြောင်းရေးမှာ အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံနဲ့အတူ ရပ်တည်ပါတယ်။ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်ရင် စွမ်းရည်တည်ဆောင်ရေးအရ ကျနော်တို့ဟာ မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံနေပါတယ်။
ပြည်သူ့ဝန်ထမ်းတွေ၊ ခရိုင်တရားသူကြီးတွေ၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေအတွက် သင်တန်းတွေ၊ ရဲတပ်ဖွဲ့အတွက် သင်တန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အရာရှိတွေအတွက် သင်တန်း၊ တရားရေးအရာရှိတွေအတွက် သင်တန်း စသည်ဖြင့် လုပ်ဆောင်နေပါတယ်။ ကျနော်တို့မှာ လုပ်ဆောင်နေဆဲ စွမ်းရည်တည်ဆောက်ရေး အစီအစဉ်တွေ ရှိပါတယ်။ မန္တလေးက မြန်မာသတင်းအချက်အလက် နည်းပညာ သိပ္ပံ [MIIT] လို၊ ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်က စိုက်ပျိုးရေး သုတေသနနဲ့ ပညာရေး အဆင့်မြင့်ဌာနလို အဆင့်မြင့်ဌာနတွေကိုလည်း ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဒါတွေဟာ ရှုပ်ထွေးပြီးအချိန်ယူရတဲ့ ကိစ္စတွေဖြစ်ပြီး ကျနော်ကတော့ အကောင်းမြင်ပါတယ်။
မေး။ ။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) က တဆင့် ငြိမ်းချမ်းရေးရဖို့ မြန်မာနိုင်ငံရဲ့ အားထုတ်မှုမှာ နိုင်ငံအများအပြား ဝင်ရောက်ပတ်သက်နေကြပါတယ်။ အိန္ဒိယ၊ တရုတ်၊ ဂျပန်နဲ့ အနောက်နိုင်ငံတွေဟာ အကျိုးပြုနေကြပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို အကဲဖြတ်မလဲ။ အစောကပြောသလိုပဲ အိန္ဒိယနိုင်ငံဟာလည်း နာဂလူမျိုးတွေအတွက် စိုးရိမ်ပြီး နယ်စပ်ဒေသတွေက တချို့အဖွဲ့အစည်းတွေ ပါဝင်အောင် ကာကွယ်ရေးအရ လုပ်ဆောင်နေတယ်လေ။
ဖြေ။ ။ NCA မှာ မူဘောင်တခုပါတယ်။ ကျနော်တို့ဟာ ခင်ဗျားတို့ နိုင်ငံနဲ့ အတွေ့အကြုံ ဖလှယ်မှု အရလည်း ဆက်ဆံနေတယ်။ ကျနော်တို့မှာ ဖက်ဒရယ် လက္ခဏာဆောင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေရှိတယ်။ ကျနော်တို့တလျှောက်လုံး လုပ်နေတာက ပို့ချချက်တွေ စီစဉ်ပေးတယ်။ အိန္ဒိယက ကျွမ်းကျင်သူတွေကိုခေါ်ပြီး ကျနော်တို့ရဲ့ ဖက်ဒရယ်အတွေ့အကြုံကို မျှဝေတယ်။ ကျနော်တို့ရဲအတွေ့အကြုံနဲ့ ထိတွေ့နိုင်အောင်လို့ ဒီကလူတွေ ဟိုကိုသွားနိုင်အောင်စီစဉ်တယ်။ အရှေ့မြောက်ဒေသမှာ ကျနော်တို့အတွက် စိန်ခေါ်မှုတွေက ဘာတွေဖြစ်တယ်ဆိုတာ ခင်ဗျား ကောင်းကောင်းသိပါတယ်။ ဒါတွေရဲ့ တချို့ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဖြေရှင်းခဲ့ပါတယ်။
ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အတွေ့အကြုံကိုလည်း ကျနော်တို့ မျှဝေတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ အချိန်လိုတယ်။ အဲဒီလို ယုတ္တိခိုင်မာတဲ့ ကောက်ချက်ကို သက်ဆိုင်သူအားလုံးက လက်ခံမယ်လို့ ထင်ပါတယ်။
မေး။ ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်စလင်အကျပ်အတည်းမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍကြောင့် ဖြစ်ပေါ်လာတဲ့ လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်ကို ရင်ဆိုင်ဖို့ သဟိဂ်န်ိုင်ငံတကာတရားရုံးကို သွားပါတယ်။ အခြားနိုင်ငံတွေနဲ့ အစိုးရတွေက အစိုးရကို ထောက်ခံကြောင်း ဖော်ပြကြတယ်။ တိုင်းရင်းသား အမျိုးမျိုးကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေညာချက်တွေထုတ်ကြတယ်။ သံအမတ်ကြီးအဲဒါကို ဘယ်လိုနားလည်လဲ။
ဖြေ။ ။ တရားရေး လုပ်ငန်းစဉ်မို့ ကျနော် အဲဒီကိစ္စကို ဘာမှမပြောလိုပါဘူး။ ကျနော်ပြောချင်တာက အဲဒီကိစ္စကို ဆွေးနွေးတုန်းက ကျနော်တို့ဟာ နိုင်ငံတကာညီလာခံမှာ မဲပေးပြီးဖြစ်တဲ့အတွက် အိန္ဒိယရဲ့ သဘောထားကို ကောင်းကောင်းသိကြပါတယ်။
မေး။ ။ အာဖဂန်နစ္စတန်ပြီးရင် အာရှမှာ မြန်မာနိုင်ငံက အစွက်ဖက်ခံရဆုံးနိုင်ငံလို ဖြစ်နေတယ်။ ဒါမျိုးကို အလေ့အကျင့်ရသလို ဖြစ်နေပြီ။ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ပြဿနာကို ပြောရတာကို ပြင်ပအင်အားစုတွေနဲ့ အစိုးရတွေက ပြောရတာ ခံတွင်းတွေ့နေပုံရတယ်။ နိုင်ငံစုံမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သံတမန်တယောက်အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ဘယ်လိုလမ်းကို လျှောက်ချင်တယ် ဆိုတာကို မြန်မာနိုင်ငံကပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ဟာလည်း မြန်မာနိုင်ငံနဲ့သာ ဆိုင်ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Myanmar Plays a Role in New Delhi’s Two Major Foreign Policy Initiatives: Indian Ambassador ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
အိမ်တွင်းပုန်း အိန္ဒိယ စီးပွားရေး
ကခုန်ပျော်ပါးနေသော ဘောလီးဝုဒ်၏ နောက်ကွယ်