ရက္ခိုင် ပြည်သူ့ အာဏာပိုင် အဖွဲ့ကို ထူထောင်တော့မယ်

နန်းလွင်နှင်းပွင့်
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြား Bilateral (ပဏာမ အပစ်ရပ်ရေး) စာချုပ် ချုပ်ဆိုဖို့ ဆွေးနွေး ညှိနှိုင်းမှု တွေ ရှိပေမယ့် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာဆိုရင် တပ်မတော်နဲ့ ရက္ခိုင်စစ်တပ် (AA) တို့ကြား တိုက်ပွဲတွေ မရပ်မနားဘဲ ဆက်တိုက် ဖြစ်ပွား နေတာ တနှစ်ကျော်ပါပြီ။ အရပ်သားတွေ ထိခိုက်သေဆုံးမှုနှုန်းကလည်း ပိုမြင့်တက်လာပါတယ်။

လာမယ့် ၂၀၂၀ ပြည့်နှစ်အတွင်း ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေရဲ့ အလားအလာ၊ ပဋိပက္ခတွေ ကြားထဲက ချင်းလူမျိုး တွေ နဲ့ စီးပွားရေးလုပ်ငန်းတွေ စီမံကိန်းတွေအပေါ် AA ရဲ့သဘောထား၊ ၂၀၂၀ မှာ ပေါ်ပေါက်လာမယ့် ငြိမ်းချမ်းရေး အခြေအနေ တွေနဲ့ပတ်သက်ပြီး ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကို ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။  ။ တရုတ်က လုပ်နေတဲ့ BRI (ရပ်ဝန်း နဲ့ လမ်း အစီအစဉ်) စီမံကိန်းနဲ့ ပတ်သက်ပြီး AA ရဲ့ ရပ်တည်ချက်ကရော ဘယ်လို ရှိလဲ။ ထောက်ခံလား ဒီစီမံကိန်းကို။

ဖြေ။  ။ BRI စီမံကိန်းဆိုတာ တကယ့်မဟာစီမံကိန်းကြီးပဲ။ ဒီဟာကို ကျနော်တို့ ဆန့်ကျင်စရာ အကြောင်း မရှိဘူး။ စီမံ ကိန်းတိုင်းမှာ သူ့ရဲ့ ကောင်းကျိုးကို အဓိက ရည်ရွယ်ပြီး လုပ်ကြတာပဲ။ ဒါပေမယ့် ဆိုးကျိုးဆိုတာလည်း ပါလာမှာပဲ။ သို့သော် ကောင်းကျိုးကို ရည်မှန်းတဲ့အချက်ကို ကြည့်ပြီး ဒီစီမံကိန်းကြောင့် ကျနော်တို့ ရခိုင်လူထုတွေ၊ ပတ်ဝန်းကျင်က လူတွေအတွက် ဘာကောင်းကျိုးချမ်းသာကို ရနိုင်မလဲဆိုတာ အပြုသဘောနဲ့ ကြည့်တယ်။ ကျနော်တို့ပြည်သူ လူထုတွေ အကျိုးရှိဖို့ ဘယ်လိုချိတ်ဆက်နိုင်မလဲ ဆိုတဲ့ အတွေးအခေါ်ကိုပဲ အခြေခံထားတယ်။ ဒါ့ကြောင့် ဒီစီမံကိန်းတွေကို ကျနော် တို့ ကြိုဆို ပါတယ်။ ပြီးမှ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရှိရင်လည်း ပူးပေါင်းဆောင်ရွက် သွားမှာပဲ။

မေး။  ။ ကျောက်ဖြူ စီးပွားရေးဇုန် ဆိုရင် ရခိုင်လူထုကို ကျမတို့ ဧရာဝတီက တွေ့ပြီး မေးကြည့်တော့ သူတို့မကြိုက် ကြဘူး။ သူတို့ အခွင့်အရေးတွေ နစ်နာတယ်။ မြေတွေဆုံးရှုံးတယ်ဆိုပြီး ပြောနေကြတယ်။ ဒီတော့ AA ရပ်တည်ချက်က ဘယ်လို ရှိလဲ။

ဖြေ။  ။ ကျောက်ဖြူ စီမံကိန်းကြောင့် ပြည်သူလူထု ဆုံးရှုံး နစ်နာမှု ရှိတယ်။ အဲ့ဒီအပေါ်မှာ အဓိက တိုက်ရိုက် တာဝန် ရှိတာ က နေပြည်တော် ဖြစ်တယ်။ ကျောက်ဖြူ စီမံကိန်းကြောင့် ဆုံးရှုံးမှုဖြစ်လာတိုင်း တရုတ်ကို ရန်သူလို လှမ်းကြည့်တယ် ဆိုတာ လွဲချော်နေတယ်။ မှားယွင်းနေတယ်။ နံပါတ် ၁ က နေပြည်တော်က ဗဟိုအစိုးရမှာ တာဝန်ရှိတယ်။ သူတို့က လက်ညှိုး ထိုးပြီး ရောင်းစားထားတာ။ တရုတ်ကလည်း လျော်ကြေး ပေးပြီးပြီ။ အဲ့ဒီ့လျော်ကြေးတွေကို အိတ်မှာထည့်ပြီး နှစ်ပေါက် တပေါက် ရိုက်ပြီး တရုတ်ကိုပဲ အမုန်းတရားတွေနဲ့ လှည့်ပြီး ပြောနေတာ။ တကယ်ဖြေရှင်းပေးရမှာက နေပြည်တော်က ဖြေရှင်းပေးရမယ်။ ကျနော်တို့ ရခိုင်တချို့က ရန်သူအစစ်အမှန်ကို မြင်အောင်ကြည့်ဖို့ လိုတယ်။ အဓိက ဘယ်သူ့ကြောင့် ဖြစ်နေတယ်ဆိုတာကို မကြည့်ဘဲနဲ့ တလွဲတွေ မြင်နေလို့ မရဘူး။

ဒီမှာလည်း ကျနော်တို့ ULA (ရခိုင် အမျိုးသား အဖွဲ့ချုပ်) နဲ့ တရုတ်ဘက်က တခါတလေ ဆုံဖြစ်ရင် ကျနော်တို့ တင်ပြတာ တွေ ရှိတယ်။ ငါတို့ပြည်သူတွေ လယ်သမားတွေ လယ်ယာတွေ ဆုံးရှုံးတယ်။ လျော်ကြေးတွေ မရဘူးဆိုတော့ လျော်ကြေး ပေးထားပြီလေ။ ဘယ်သူ့ကို ပေးလဲဆိုတော့ နေပြည်တော်ကို ပေးတယ်။ နေပြည်တော်က ပြည်သူတွေကို မပေးဘူး။ ဒါ့ကြောင့် ဒီကိစ္စကို နေပြည်တော်က လုံးဝ ရှင်းပေးရမယ်။ ကျနော်တို့မှာ မှတ်တမ်းမှတ်ရာတွေ သေချာရှိပါတယ်။ ကျနော် က ကိန်းဂဏန်းတွေကို အခု အလွတ်တော့ မမှတ်ထားပါဘူး။ စာရွက်လည်း အဆင်သင့် မကိုင်လာလို့ပါ။ ဒီကိစ္စက နေပြည်တော် မှာ တာဝန်ရှိပါတယ်။ ပြီးရင် ကျနော်တို့က အခြေအနေ တခုပေါ်မှာ အထောက်အထားတွေကို တရုတ်ဘက်တွေကိုလည်း ပို့သွားမှာပါ။

မေး။  ။ နိုင်ငံရေးအရ စီးပွားရေးအရ အပြင် ရခိုင်လူထုနဲ့ ပတ်သက်လာရင်ရော တရုတ်အပေါ် ULA/AA ရဲ့ မူဝါဒက ဘယ်လို ရှိပါသလဲ။

ဖြေ။  ။ တရုတ်ကတော့ အခုချိန်မှာ ကမ္ဘာ့ရဲ့ အင်အားကြီး နိုင်ငံတခုဖြစ်သွားပြီ။ အမေရိကန်ပြီးရင် တရုတ်ပဲ။ သူက အာရှ နိုင်ငံတခုလည်း ဖြစ်တယ်။ ကျနော်တို့နဲ့ နီးနီးနားနားနိုင်ငံကြီး တခုလည်း ဖြစ်တယ်။ သူ့ကို ကျနော်တို့ ပစ်ပယ်လို့ မရဘူး။ သူ့ရဲ့ တိုးတက်မှုတွေကို ကျနော်တို့ အတွက်လည်း အကျိုးရှိအောင် ကျနော်တို့က ဆက်စပ်ပြီးမှ ကိုယ့်လူမျိုးအတွက် ကြိုးစား သင့်တယ်။ ကျနော်တို့မှာ တရုတ်ဖြစ်စေ၊ တခြား အာရှနိုင်ငံတွေ အင်အားကြီးကြီးနဲ့ နိုင်ငံတွေက ကျနော်တို့ ပြည်သူ တွေကို မပစ်ပယ်ဘူးဆိုရင် ကျနော်တို့က အကုန်လုံးနဲ့ မိတ်ဖက် အနေနဲ့ဆက်ဆံရမှာပဲ။ ဘယ်သူ့ကိုမှ ဆန့်ကျင်စရာ အကြောင်း မရှိပါဘူး။ ရခိုင်လူမျိုးတွေအနေနဲ့ ကိုယ့်ထက် အင်အားကြီးတဲ့ နိုင်ငံတွေကို ဆန့်ကျင်မယ်ဆိုရင် ကျနော်တို့ပဲ နစ်နာမှာပေါ့။

မေး။  ။ ပြည်တွင်းမှာ ငြိမ်းချမ်းရေး မရသေးခင် အခုလိုကာလမှာ အစိုးရဘက်က စီမံကိန်းကြီးတွေ အကောင်အထည် ဖော်ဖို့ ကြိုးစားနေတာကို ဘယ်လို မြင်လဲ။ လူထုအတွက်ရော အကျိုးအမြတ် ရှိမယ် ထင်လား။

ဖြေ။  ။ မတည်ငြိမ်တဲ့ ကာလမှာ အကောင်အထည်ဖော်တဲ့ စီမံကိန်းကတော့ အဲ့ဒီ့စီမံကိန်း အောင်မြင်ဖို့ အလားအလာ နည်းပါ တယ်။ တည်ငြိမ်မှု ရှိတဲ့နေရာမှာ အကောင်အထည်ဖော်မှပဲ ဒီစီမံကိန်းက အောင်မြင်မှာပါ။ ပြည်သူတွေ အတွက် ကလည်း အကျိုးက ရသင့်သလောက် ရမှာ မဟုတ်ဘူး။ သို့သော် သူတို့က အကောင်အထည်ဖော်နေတာကို ကျနော်တို့က မဖော်နဲ့ ဆိုလည်း သူတို့ကဖော်မှာပဲ ဆိုတော့ ဘာမှတော့ ဒီ့ထက်ပိုပြီး မှတ်ချက်တော့ မပေးပါဘူး။

ကျနော်တို့ ရခိုင်ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့ မွေးရာပါ အခွင့်အရေး၊ လူမျိုးရေးဆိုင်ရာ အခွင့်အရေး၊ နိုင်ငံရေး ဆိုင်ရာ အခွင့် အရေး၊ နိုင်ငံသား ဆိုင်ရာ အခွင့်အရေးကိုတောင် ဘာမှမရတာ ဒီစီမံကိန်းကနေ အမြတ်ထုတ်ဖို့ ဆိုတာကတော့ ကံကောင်း ရင် ရမယ်ပေါ့။ အဲ့ဒီလိုပဲ ပြောရမယ်။ ကျနော်တို့ရဲ့ မွေးရာပါ အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေးတွေကို ပြန်ရဖို့ အတွက် တော်လှန်ရေးကို အောင်မြင်အောင် ဆင်နွှဲဖို့ပဲ ကျနော်ကတော့ ပြောလိုတယ်။ မဟုတ်ရင်တော့ ဘာမှ လည်း ရမှာ မဟုတ်ဘူး။ ကျနော်တို့က အသုံးချခံပြီး သွေးစုပ်ခံနေရမှာပဲ။

မေး။  ။ နောက်တခုက အိန္ဒိယနဲ့ လုပ်နေတဲ့ ကုလားတန်စီမံကိန်းမှာ AA က စနစ်တကျကို လိုက်တိုက်ခိုက်ပြီး နှောင့်ယှက် နေတယ်လို့ အမြင်တွေရှိတယ်။ ဒါကရော ဟုတ်သလား။ ကုလားတန်စီမံကိန်း အပေါ် သဘောထားကိုရော ပြောပြပါဦး။

ဖြေ ။  ။ အိန္ဒိယ စီမံကိန်းလည်း ဒီအတိုင်းပဲ။ သူက ဒေသဖွံ့ဖြိုးရေး ဆိပ်ကမ်းစီမံကိန်း၊ ကားလမ်း စီမံကိန်းဖြစ်တယ်။ ဒီကိစ္စ ကိုလည်း ကျနော်တို့က ကြေညာချက်ထုတ်ပြီးမှ ကြိုဆိုဖူးတယ်။ ရှင်းရှင်းလင်းလင်းလည်းပြောတယ်။ အခုက မြန်မာအစိုးရ အနေနဲ့ ကျနော်တို့ကို တရုတ်နိုင်ငံက အထင်လွဲအောင် ဘယ်လိုလုပ်ရမလဲ၊ အိန္ဒိယနိုင်ငံက အထင်လွဲအောင် ဘယ်လိုလုပ်ရ မလဲ ထောင်ချောက်ထဲကို သွင်းတာပေါ့ဗျာ။ ရခိုင်ပြည်မှာ အရင်ကလုပ်ခဲ့တဲ့ စီမံကိန်းတွေက သူတို့ ရခိုင်ပြည်က ဘာဝယ်ချင်လဲ။ ရခိုင်က ဘာလုပ်ချင်လဲဆိုတာ ရခိုင်လူမျိုးကို ဂရုစိုက်စရာမလိုဘူး။ နေပြည်တော်နဲ့ အဆင်ပြေရင် ရခိုင်က ထောက်ခံခံ မခံခံ၊ ဗမာနဲ့ အဆင်ပြေရင် ရခိုင်ပြည်ဆိုတာ ကျွန်ပဲလေ။ ဝယ်ချင်ဝယ်၊ ရောင်းချင် ရောင်း၊ ခလုတ်တိုက်ချင်တိုက်ပေါ့ဗျာ။ အခုကတော့ ရခိုင်မှာ ULA ရှိတယ်။ ရခိုင်ပြည်မှာ အလုပ်လုပ်မယ်ဆိုရင် ULA နဲ့ တိုင်ပင်သင့်တယ်။ ULA ကို မရှိဘူးလို့ ယူဆရင်တော့ ULA က ရှိတယ်ဆိုတာကို ပြရမှာပဲ။ ဒါက အင်မတန် ရိုးစင်းတဲ့ အယူအဆပါ။ ရခိုင်ပြည်ကနေ သူတို့ စီမံကိန်းတခု လုပ်မယ်ဆိုရင် ကျနော်တို့ကို သူတို့ လူလိုသူလို အသိအမှတ်ပြုပြီးမှ ဆွေးနွေးရမယ်။ အခုက စီမံကိန်း လုပ်တယ်။ ကျနော်တို့က ထောက်ခံကြိုဆိုတယ်လို့ ကြေညာထားတယ်။

အဲ့ဒီ့ဒေသမှာ ကျနော်တို့ စစ်ကြောင်းတွေ ရှိတယ်။ သွားသွားလာလာ ဆိုရင် သတင်းပို့ပါဆို သတင်းမပို့ဘူး။ သတင်း မပို့ ရင်တော့ ပို့အောင် ကျနော်တို့ လုပ်ရမှာပဲ။ ပြီးရင် ကျနော်တို့ စောစောက ပြောသလို ဘယ်စီမံကိန်းကို မဆို ကြိုဆိုတယ်။ ဒီစီမံကိန်းတွေဟာ ဒေသခံ ပြည်သူတွေ အတွက် အကျိုးရှိရမယ်။ အခုက အဲ့ဒီ့စီမံကိန်းလုပ်တာ ဆောက်လုပ်ရေးကို ဗမာပြည်က လူတွေပဲ အကုန်လုံး ယူထားတယ်။ လောင်စာဆီ ရောင်းဝယ်ခွင့်၊ ပို့ဆောင်ရေး ကုမ္ပဏီ၊ အကုန်လုံး ယူထား တယ်။ ဒေသခံတွေ ဘာမှမရဘူး။ ပြီးရင် အဲ့ဒီ့ပစ္စည်းတွေကို ပို့ဆောင်တဲ့အချိန်မှာ သူက ရေတပ်သင်္ဘောကြီးတွေ အခြံအရံ နဲ့ စစ်သင်္ဘောအုပ်စုလို စစ်ကြောင်း ချီတက်သလို ချီတက်လာတော့ အဲ့ဒီ့သင်္ဘောတွေကို ကျနော်တို့က ဒုံးနဲ့ ပြန်ပစ်ပြီပေါ့။ ဒါကတော့ သဘာဝ ကျတယ်လေ။ သူတို့ လာချင်တယ်ဆိုရင် ကျနော်တို့ကို သတင်းပို့၊ စစ်ကြောင်းပုံစံမျိုးနဲ့ မလာနဲ့။ အဲ့ဒီ့ ဒေသမှာ ဘယ်သူတွေ သွားလာတယ်။ ဘယ်ကိစ္စနဲ့ သွားလာတယ် ဆိုတာ တိုက်ပွဲကြားထဲမှာ သူတို့က သတင်းမပို့ရင် ကျနော်တို့ကတော့ လုံခြုံရေးအတွက် လုပ်သင့် လုပ်ထိုက်တာကို လုပ်တာပဲ။ ဒါဟာ အိန္ဒိယမို့လို့ ဘယ်နိုင်ငံမို့လို့ ဆိုပြီး ဆန့်ကျင်တာ မဟုတ်ဘူး။

အခု ၂၀၂၀ အစောပိုင်းကို ရောက်ပြီ။ ကျနော်တို့ အိန္ဒိယသံရုံးကိုရော သူနဲ့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီတွေကိုရော ကျနော် တို့က အခု စာပို့ဖို့ လုပ်နေတယ်။ ခင်ဗျားတို့ အလုပ်ကို ခင်ဗျားတို့ လုပ်လို့ ရတယ်။ ဒါပေမယ့် ဘာလုပ်လဲ ဆိုတာကိုတော့ ကျနော်တို့ကို အသိပေးရမယ်။ ပြီးရင် စစ်ဆင်ရေးပုံစံနဲ့ သွားလာမှုတွေကို ရှောင်ရှားပြီးမှ စီမံကိန်းဆိုရင် စီမံကိန်း ပုံစံမျိုးနဲ့ သွားလာရမယ်။ ပြီးရင် နောက်တခု ပြောချင်တာ အဲ့ဒီ့ဒေသမှာ စီမံကိန်းနဲ့ စီးပွားရှာတဲ့ လူတွေလည်း ကျနော်တို့ ULA ကို အခွန်ဆောင်ရမယ်။ မဆောင်လို့ မရဘူး။ မဆောင်ရင် ပေးလုပ်မှာ မဟုတ်ဘူး။ ဒါကျနော်တို့ အရှင်းဆုံးပြောတာ။ ကျနော် တို့ Arakan Government ကိုတော့ မထူထောင်သေးဘူး။ ဒါပေမယ့် ရက္ခိုင် ပြည်သူ့အာဏာပိုင် အဖွဲ့ကိုတော့ ထူထောင် တော့မယ်။ အဲ့ဒီလိုဆိုရင် ဒီဒေသမှာ အလုပ်လုပ်ရင် ကျနော်တို့က သူ့ရဲ့စည်းကမ်းတွေကို ကြီးကြပ်မယ်။ သူ့ရဲ့ ဝင်ငွေတွေကို ကျနော်တို့ စိစစ်မယ်။ ပြီးရင် ကျနော်တို့ ပြည်သူအတွက် အကျိုးရှိမရှိကို စိစစ်ပြီး အကုန်လုံးကို အကူအညီပေးမယ်။

ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့ ဘယ်အဖွဲ့အစည်း၊ ဘယ်နိုင်ငံကိုမဆို ကျနော်တို့က အကုန်လုံးကို ပြန်ပြီး အကူအညီ ပေးမယ်။ ဒီစနစ်တွေကို ကျနော်တို့ မကြာခင် စတင်တော့မှာ ဖြစ်ပါတယ်။ လကိုတော့ ကျနော်တို့ အတိအကျ မပြောလိုဘူး။ ဒါပေမယ့် ကျနော်တို့ ဒီ၂၀၂၀ မှာ စမယ်။

မေး။  ။ ဒါဆို ရခိုင်မှာ ရှိတဲ့ စီးပွားရေး လုပ်ငန်းတွေကို အကုန်ကောက်မယ့် သဘောလား။

ဖြေ။  ။ ရခိုင်မှာ စီးပွားရေး လုပ်ငန်းတွေ အများစုက မအောင်မြင်ဘူး။ ဒါပေမယ့် လည်ပတ်တဲ့ လုပ်ငန်းတွေ အကုန်လုံးကို တော့ စိစစ်ပြီးတော့မှ ကျနော်တို့ ဖြည်းဖြည်းချင်း လုပ်သွားမယ်။ တချို့လုပ်ငန်းတွေဆိုရင် မအောင်မြင်တဲ့ အချိန်မှာ ဖိအား တွေရှိရင် သူ့လုပ်ငန်းက ဘယ်လိုမှ မထနိုင်ဘူး ဖြစ်သွားမယ်။ ဒါ့ကြောင့် ကျနော်တို့က ဒီကိစ္စတွေအပေါ်မှာလည်း စဉ်းစား သွားမှာ ဖြစ်တယ်။

မေး။  ။ တခြားတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက အခွန်ဆိုပြီး ကောက်တာဆိုရင် လမ်းပေါ်မှာ ခရီးသွားသူကို လည်း ကောက်တယ်။ ကားတွေလည်း ကောက်တယ်။ လမ်းပေါ်က ခေါက်ဆွဲဆိုင်ကအစ နှစ်စဉ် အကောက်ခံရတယ်။ တည်းခိုခန်း သေးသေးလေးက အစပေါ့။ AA ရော ဒီလိုပဲ လုပ်မှာလား။

ဖြေ။  ။ ကျနော်တို့ ULA အနေနဲ့ကတော့ အဲ့ဒီပုံစံ မရှိပါဘူး။ ကျနော်တို့က စီမံကိန်းတွေ တခြားလုပ်ငန်းတွေကိုပဲ အဓိက ထားမယ်။ လက်လုပ်လက်စား ပြည်သူတွေအတွက် ဆိုရင်တော့ ဒါက နစ်နာတာပေါ့။ ကျနော်တို့ ရခိုင်ပြည်မှာ ရေလုပ်ငန်း တွေ ရှိမယ်။ တခြားလုပ်ငန်းတွေ ရှိမယ်။ လက်လုပ်လက်စား အဆင့် မဟုတ်ဘဲနဲ့ စီးပွားရေးလုပ်ငန်းတွေပေါ့။ နောက်တခု ကလည်း ငွေကြေးအားဖြင့် အလွန်တရာ ကျနော်တို့ များများစားစား ကောက်မှာ မဟုတ်ဘူး။ အဓိကကတော့ ရက္ခိုင် ပြည်သူ့ တော်လှန်ရေး အာဏာကို အသိအမှတ်ပြုမှုကို အဓိက ဦးစားပေးမှာပဲ ဖြစ်တယ်။

မေး။  ။ ကောက်ခံမယ့် နှုန်းထားတွေက ULA/AA ဘက်က သတ်မှတ်မှာပေါ့။

ဖြေ။  ။ ဟုတ်တယ်။ သူတို့အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်နိုင်တဲ့ အပြန်အလှန် အသိအမှတ်ပြုမှုပေါ့ဗျာ။

မေး။  ။ စီးပွားရေး လုပ်ကိုင်သူတွေပဲလား။ ရဲစခန်းတွေ အစိုးရဝန်ထမ်းတွေ လွှတ်တော် အမတ်တွေကိုရော ကောက်မှာ လား။ စာရင်းထဲမှာ ပါလား။

ဖြေ။  ။ အဲ့ဒါတွေကိုလည်း ကျနော်တို့ စဉ်းစားနေတယ်။ အဓိကကတော့ ကျနော်တို့ ဘယ်အစိုးရ လက်နက်ကိုင် အဖွဲ့ပဲ ဖြစ်ဖြစ် ကျနော်တို့ ရခိုင်ပြည်မှာ ရက္ခိုင့်တပ်မတော်၊ ရက္ခိုင် အမျိုးသား အဖွဲ့ချုပ်ရဲ့ သြဇာကို ကျနော်တို့က တည်ဆောက်ဖို့ ကြိုးစားသွားမှာပဲ။ နည်းသည်များသည်တော့ မဆိုင်ဘူး။ (လွှတ်တော် အမတ်တွေ အစိုးရအဖွဲ့ဝင်တွေ အတွက်ကတော့) စဉ်းစားချက်တွေတော့ ရှိနေတယ်။ ဒါပေမယ့် ဖြစ်ဖို့ မဖြစ်ဖို့ကျတော့ မဆုံးဖြတ်ရသေးဘူး။

မေး။  ။ အခွန်ငွေကြေး ပေးဆောင်ရမယ့် နှုန်းထားနဲ့ စနစ်တွေကို အကုန်လုံး Public သိအောင် ထုတ်ပြန်ဖို့ ရှိမလား။ ဒါမှ မဟုတ် ပေးဆောင်ရမယ့် လုပ်ငန်းတွေကိုပဲ သီးသန့်ပြောမှာလား။

ဖြေ။  ။ အဲ့ဒါကတော့ ကျနော်တို့ စီမံကိန်းအလိုက် တခုချင်းစီလုပ်ရမှာ ဖြစ်ပါတယ်။ ရခိုင်ဒေသက စီးပွားရေး အရ အရမ်း ကြီး ဖွံံ့ဖြိုးနေတဲ့ ဒေသ မဟုတ်ဘူးဆိုတော့ ကျနော်တို့ တခုချင်းစီအလိုက်ကို လုပ်ငန်း မထိခိုက်အောင်တော့ လုပ်သွားပါ မယ်။ ဘယ်လုပ်ငန်းလောက်ကနေ စပါမယ်ဆိုတာကိုတော့ အတိကျ မပြောသေးပါဘူး။ သူတို့လုပ်ငန်း မရပ်တန့်သွား အောင်တော့ လုပ်ပါမယ်။ ကျနော်တု့ိ ဖြစ်ချင်တဲ့ သဘောထားကိုလည်း အောင်မြင်အောင်ဆိုတဲ့ အခြေအနေမှာ လုပ်ပါ မယ်။ ကျနော်တို့ ဒီနေ့ထိတော့ ရခိုင်ပြည်မှာ အခွန်ကောက်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ တခါမှ မကောက်သေးဘူး။ ပြည်သူတွေရဲ့ အသိ တရားနဲ့ အကုန်လုံး အဆင်ပြေတယ်။ အဲ့ဒါကြောင့် အခြေခံ လူထုဆီကနေ ဘယ်အိမ်က ဘယ်လောက် ဘယ်ရွာက ဘယ်လောက် ဆိုတာမျိုး တခါမှ မရှိဘူး။ မရှိသေးဘူး။ အခုလည်း အခွန်ကောက်ဖို့အတွက် ပြောတာက ဒေသတွင်း စီမံ ကိန်းတွေ အကျိုးအမြတ် ကောင်းတဲ့ လုပ်ငန်းတွေကိုပဲ အဓိက ပထမအဆင့်မှာ ပစ်မှတ် ထားထားပါတယ်။

မေး။  ။ တကယ်လို့ မပေးဘူးဆိုရင်ရော ဘာဖြစ်နိုင်မလဲ။

ဖြေ။  ။ မပေးရင် အစိုးရတခုကို အခွန်မဆောင်ရင် ဘယ်လို အရေးယူသလဲပေါ့။ မဆောင်ရင် တရားမဝင် ကုမ္ပဏီ ဖြစ်သွား မှာပေါ့။ ဖျက်သိမ်းခံရမှာပေါ့။

မေး။  ။ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကို တရုတ်နဲ့ ပတ်သက်ရင် ဝေဖန်မှု များတယ်။ တရုတ်ကို မလွန်ဆန်နိုင်ဘူး။ တရုတ်က တိုက်ပွဲရပ်ဆို ရပ်ရတယ်ပေါ့။ ဒီ့အပြင် ပြီးခဲ့တဲ့ ပြင်ဦးလွင်ကနေ ရှမ်းမြောက် မြို့ပေါ်တွေကို ဝင်တိုက်တာက တရုတ်နဲ့နေပြည်တော် စီမံကိန်းတွေဆွေးနွေးမှုမှာ စီမံကိန်း အရွယ်အစားတွေ လျှော့ချခံရလို့ စည်းမျဉ်းတွေ ကျပ်မတ်လို့ တရုတ်အနေနဲ့တဖက်လှည့်နဲ့တိုက်ခိုင်းတာလို့ ဝေဖန်ကြသူတွေလည်း ရှိတယ်။ ဒီအပေါ် ဘယ်လို တုံ့ပြန်ချက် ရှိပါသလဲ။

ဖြေ။  ။ တရုတ်က နိုင်ငံကြီးတခုပဲ။ သူက နေပြည်တော်နဲ့ စီမံကိန်းကို မအောင်မြင်လို့ ကျနော်တို့ သူပုန်အဖွဲ့ သေးသေး လေးကို မီးဆွစရာ မလိုအပ်ပါဘူး။ ပြီးရင် ကျနော်တို့က အဲ့ဒီလောက်ထိ သူတို့ မွေးထားတဲ့ ခွေးလို ခိုင်းပြီးမှ လိုက်ကိုက် နေတာ မဟုတ်ပါဘူး။ ကျနော်တို့က ကျနော်တို့ ရပ်တည်ချက်နဲ့ မေမြို့ထိ ဝင်တိုက်တယ်ဆိုတာ ရခိုင်ဘက်မှာ ရက္ခိုင် တပ်တော်ကို စစ်ရေးဖိအားပေးတဲ့ အချိန်မှာ မဟာမိတ်ပီပီ ကျနော်တို့ မဟာမိတ်တွေက လုပ်သင့်တဲ့ အလုပ်ကို လုပ်တာပဲ။ မြန်မာပြည်ထဲမှာ တချို့ရှိတယ်။ တရုတ်ကို အကန်မြင်နေတာ ရှိတယ်။ မြန်မာ့တပ်မတော်ထဲမှာလည်း တရုတ်မုန်းတီးရေး သမားတွေ ရှိတယ်။ သူတို့က တိုင်းရင်းသားကိစ္စတွေ ဖြစ်လာရင် တရုတ်ကို အမြဲတမ်း အပြစ်တင်တယ်။ တရုတ်က ကူညီ နေတယ် ဘာညာပေါ့။ တရုတ်ကသာ ကျနော်တို့ကို ကူညီရင် ကျနော်တို့ ချပစ်လိုက်တာ ကြာပြီ။ တရုတ်က မကူညီလို့။ ကူညီတယ်ဆိုရင် ခင်ဗျားတို့ ဒီလိုအနေအထား မနေနိုင်ပါဘူးလို့၊ သဘော ပြောတာပါ။

တခါတလေတော့ဗျာ၊ တရုတ်က သူ့နယ်စပ်၊ သူ့နယ်နိမိတ်မှာ တည်ငြိမ်ဖို့အတွက် ကျနော်တို့ကို ဖိအားပေးတာ ရှိပါတယ်။ မှန်ပါတယ်ဒါက။ ကျနော်တို့ကတော့ ကိုယ့်အိမ်ထဲမှာ မြန်မာစစ်တပ်နဲ့ ရန်သူလို ဖြစ်နေတယ်။ ကိုယ့်ထက် အဆမတန်  အင်အားကြီးတဲ့ အိမ်နီးချင်းကို အဆင်ပြေအောင် အခြေအနေအရ ဆက်ဆံရတာ ရှိတာလည်း မှန်ပါတယ်။ ကျနော်တို့ မငြင်းပါဘူး။ မြန်မာနိုင်ငံရေး အဝန်းအဝိုင်းက လူတွေ ဝေဖန်နေကြသလို စာချုပ်တွေ စီမံကိန်းတွေကြောင့် သူတို့ တိုက်ခိုင်း လို့ တိုက်တယ်ဆိုတာမျိုးက မမှန်ပါဘူး။ ကျနော်တို့ တိုက်စရာရှိလို့ တိုက်တာပါ။ ပြီးရင် နိုင်ငံရေး၊ တော်လှန်ရေး လုပ်တယ် ဆိုတာ တချို့နေရာတွေမှာ သည်းခံရတာတွေ ရှိတယ်။ စိတ်ရှည်ရတာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ ကျနော် တို့ လူမျိုးတွေရဲ့အကျိုးစီးပွားကို ဦးထိပ်ထားပြီး တော်လှန်ရေးဝင်နေတဲ့ အဖွဲ့အစည်းတွေ ဖြစ်တယ်။ သူတို့ ထင်သလို သူများနိုင်ငံရဲ့ မွေးထားတဲ့သူတွေ မဟုတ်ပါဘူး။

တရုတ်နိုင်ငံရဲ့ အမှီအခိုကိုယူရတာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း တရုတ်ကို အားကိုးရတာပဲ။ သူ ICJ (အပြည်ပြည် ဆိုင်ရာ တရားရုံး) ကို မသွားခင်မှာတောင် တရုတ်ဝန်ကြီးဆီမှာ တွေ့ရတာပဲ။ တရုတ်နိုင်ငံနဲ့ ဆက်ဆံနေတဲ့ နိုင်ငံတွေ နိုင်ငံ ပေါင်း ၁၀၀ ကျော် ၂၀၀ လောက်ကလည်း တရုတ်နိုင်ငံရဲ့ အမှီအခိုကို ယူနေရတာပဲ။ ကျနော်တို့ ၃ ဖွဲ့၊ ၄ ဖွဲ့ကိုမှ တရုတ် သြဇာခံလို့ ပြောတာကတော့ တရားမမျှတပါဘူး။

မေး။  ။ တရုတ်အနေနဲ့ သူ့စီမံကိန်းတွေ လုပ်မယ့်နေရာမှာ ပဋိပက္ခမဖြစ်ဖို့ AA ထိပ်ပိုင်း ခေါင်းဆောင်တွေကို ပြောဆိုတာ ရှိပါသလား။

ဖြေ။  ။ ဟုတ်ပါတယ်။ သူတို့ တွေ့ဆုံတိုင်း ပြောဖြစ်ပါတယ်။ သူတို့ရဲ့ စီမံကိန်းတွေ ရှိတယ်။ ခင်ဗျားတို့ အဲ့ဒါတွေကို တတ်နိုင် သမျှ အဲ့ဒီနေရာတွေ တိုက်ပွဲတွေ မဖြစ်အောင်ဆိုပြီး သူတို့ပြောပါတယ်။ မှန်ပါတယ်။

မေး။  ။ ဒီတော့ ဗိုလ်ချုပ်တို့ဘက်က သူတို့ပြောတဲ့ နေရာတွေကို ရှောင်ကွင်းဖို့ အောက်ခြေတွေကို ညွှန်ကြားထားတာလား။

ဖြေ။  ။ အေးပေါ့ဗျာ။ ဒါက နားလည်မှုဆိုတာ အဲ့ဒါကို ပြောတာပေါ့။ အပြန်အလှန် နားလည်မှုဆိုတာ ဆွေးနွေးလို့ ရတယ်။ ဘယ်ကိစ္စမဆိုပေါ့။ တရုတ်မှရယ်တော့ မဟုတ်ပါဘူး။ တကယ်လို့ မြန်မာနိုင်ငံထဲက ပုဂ္ဂလိက ဖြစ်ဖြစ် လူပုဂ္ဂိုလ် တယောက် ချင်းစီ ဖြစ်ဖြစ် ကျနော်တို့က ဒီလို အခက်အခဲမျိုးရှိပါတယ်။ ဒီနေရာမှာ ဒီလိုမျိုး ကျနော်တို့ကို ကူညီပေးပါလို့ ပြောဆိုလာရင် ကျနော်တို့က ကူညီပေးရမှာပါ။

မေး။  ။ ဒီလို အပြန်အလှန် နားလည်မှုနဲ့ အကူအညီယူတဲ့အပေါ် တရုတ်ဘက်က AA ကို ငွေကြေး၊ လက်နက်ပိုင်းမှာ ပြန် ကူညီပေးတာ၊ အပေးအယူမျိုး ရှိပါသလား။

ဖြေ။  ။ မရှိပါဘူး။ တရုတ်နိုင်ငံက ၁၉၈၀ လောက်ကတည်းက သူ့ရဲ့ မူဝါဒက အပြောင်းအလဲ ဖြစ်သွားပြီ။ သူ့ လမ်းကြောင်းမှာ သူလျှောက်နေတာပါ။ ကျနော် စောစောက ပြောခဲ့သလိုမျိုး တရုတ်ကသာ ငွေကြေးလက်နက် ကူညီမယ် ဆိုရင် ကျနော်တို့ ဒီထက်အများကြီး ပြောင်းလဲသွားပြီ။ ကျနော်တို့က ပူးပေါင်းဆောင်ရွက်တယ် ဆိုတာ ဒီလိုမျိုး ရှိတယ် လေ။ ကျနော်တို့က နိုင်ငံရေး ရည်မှန်းချက်နဲ့ တိုက်ပွဲဝင်နေတာ။ သူနဲ့ဆက်ဆံရေး ကောင်းမွန်တယ်၊ သူနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်တယ်၊ သူ့ဘက်က အသိအမှတ်ပြုမှုတွေကို ကျနော်တို့က ရတယ်ဆိုရင် ကျနော်တို့ အဖွဲ့ အစည်းတွေရဲ့ တရား ဝင်မှုက ပိုပြီးတော့ ခရီးရောက်တယ်။ အဲ့ဒါတွေက ငွေကြေးတွေနဲ့ မဆိုင်သေးဘူး။ သူ့ရဲ့ နိုင်ငံရေး အသိအမှတ်ပြုမှုနဲ့ တရား ဝင်မှုတွေမှာ ကျနော်တို့တွေက ဒါတွေကို ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။ တရုတ်ဆိုတာ ကမ္ဘာပေါ်မှာ ဒုတိယ အင်အား အကြီးဆုံး တိုင်းပြည်၊ သူ့အစိုးရက ကျနော်တို့ကို အကူအညီ တောင်းတယ် ဆိုကတည်းက ကျနော်တို့မှာ တစုံတရာ အသိအမှတ် ပြုမှုနဲ့ တန်ဖိုးထားမှုဆိုတာကို အလိုလို ရလိုက်ပြီးသား ဖြစ်တယ်လို့ ကျနော်တို့က ယူဆတယ်။

မေး။  ။ နိုဝင်ဘာမှာ ဗိုလ်ချုပ်ရဲ့ မဟာမိတ် TNLA (တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်) ဆီက တရုတ် ထုတ် လေယာဉ်ပစ် ဒုံးကျည် တလက်ကို တပ်မတော်က ရသွားတာ၊ အဲ့ဒါတွေက ဘယ်ကရတာလဲ။ တပ်မတော်ကလည်း တရုတ် လက်နက် ဆိုပြီး ပြောနေတယ်။  “ဝ” ဆီကနေ ရတာလား။ ဘယ်ကနေ ဘယ်လို ရလဲ။

ဖြေ။  ။ အဲ့ဒါတွေကတော့ ကျနော်တို့ ပြောလို့ မဖြစ်ဘူး။ တရုတ်အစိုးရက ပေးတာတော့ မဟုတ်ပါဘူး။ တော်လှန်ရေး အဖွဲ့ အစည်းတွေ ဆိုတာကတော့ တော်လှန်ရေးစစ်ပွဲဆိုတာ သူက နည်းလမ်းမျိုးစုံနဲ့ ကိုယ်လိုချင်တာကို ရအောင်တော့ ကြိုးစား မှာပဲ။ စည်းမျဉ်းတချို့ဆိုလည်း သူပုန်ကတော့ ချိုးဖောက်သင့်ရင် ချိုးဖောက်ပြီးတော့ ကိုယ့်ရည်မှန်းချက်ကို အောင်မြင် အောင် ကြိုးစားရမှာပဲ။ ဒီအချိန်မှာ တရုတ်လက်နက်ကိုင်ထားလို့ တရုတ်ကကူညီတယ်လို့တော့ ပြောလို့ မရပါဘူး။ တရုတ် လက်နက်ကို တကမ္ဘာလုံးက ကိုင်နေတာပဲ။ ကျနော်တို့ကို ဒီအချိန်မှာ မြောက်ကိုရီးယားက လက်နက်ပေးရင်လည်း ကျနော် တို့ ကိုင်မှာပဲ။

ဥပမာ ကျနော်တို့ ရက္ခိုင့်တပ်တော်ဆိုရင် လက်နက်ဖွဲ့စည်းပုံ တော်တော်လေး ကောင်းတယ်။ ကျနော်တို့ ရုရှားလက်နက် ရော အမေရိကန်လက်နက်ရော ကျနော်တို့ ကိုင်တယ်။ ရုရှားလက်နက် ကိုင်ထားလို့ ကျနော်တို့ကို ရုရှားက ထောက်ပံ့တယ် လို့တော့ တိုက်ရိုက် ပြောလို့ မရဘူး။ လက်နက် မှောင်ခိုဈေးကွက်ဆိုတာ တကမ္ဘာလုံးမှာ ရှိတယ်။ ကိုယ်ပိုက်ဆံပေးရင် ပေးသလို ရှာလို့ရတယ်။ ပိုက်ဆံ မပေးနိုင်ရင်လည်း တခြားကိုယ့်မှာ ဘာရှိလဲ။ ရွှေရှိလား။ သတ္တုတွေ ရှိလား။ ဒါမျိုးကတော့ တခုခုနဲ့ မရရအောင် ရရှိအောင် ကြိုးစားရတာပဲ။ ဒါတော်လှန်ရေး သဘောသဘာဝ ဖြစ်ပါတယ်။ လေယာဉ်ပစ် လက်နက် ဆိုတာလည်း မှောင်ခိုဈေးကွက်မှာ ပုံစံအမျိုးမျိုးနဲ့ ရရှိအောင် လုပ်လို့ ရပါတယ်။ သူ့ရဲ့ ကြံရည်ဖန်ရည် ထိုးဖောက်နိုင်မှု စွမ်းရည် ပေါ်မှာပဲ မူတည်ပါတယ်။

မေး။  ။ AA မှာရော လေယာဉ်ပစ်ဒုံးတွေ အဆင့်မြင့်လက်နက်တွေ တော်တော်များ ပိုင်ဆိုင်ထားပြီလား။

ဖြေ။  ။ ကျနော်တို့တော့ လေယာဉ်ပစ်လက်နက်တွေ တော်တော်လေးပိုင်ဆိုင်ဖို့အတွက် အရမ်းကြိုးစားနေတယ်။ လေယာဉ် ပစ် လက်နက်တွေကို ပခုံးထမ်းအဆင့် မဟုတ်ဘဲနဲ့ မြေပြင်ကနေ ပစ်နိုင်တာတွေလည်း နံပါတ် ၁ ဦးစားပေးပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လေယာဉ်ပစ် လက်နက်တွေရခဲ့ပြီ ဆိုရင် တိုက်ပွဲက အဖြေထွက်သွားပြီ။ မြေပြင်မှာဆိုရင် သူ့ရဲ့ Morale (စိတ်ဓာတ်ပိုင်းဆိုင်ရာ) အပိုင်းတွေကို ကျနော်တို့ ရိုက်ချိုးနိုင်တယ်။ သူတို့ တော်တော်လေးကို အနေအထား တည်ငြိမ်အောင် ထိန်းထားနိုင်တယ်။ အပေါ်က မလာဘူးဆိုရင် သူလည်း ပြေးပြီ။ အများကြီးပေါ့ဗျာ။ သူ့ရဲ့ Game Changer ပေ့ါဗျာ။ အဲ့ဒါကို ရရှိဖို့ ကျနော်တို့ အများကြီး ရရှိဖို့ ကြိုးစားရမယ်။ ကျနော်တို့မှာ ရှိလား မရှိဘူးလားတော့ ကျနော် မပြောလိုဘူး။ ဒါပေမယ့် ၂၀၂၀ တိုက်ပွဲတွေရဲ့ ဖြစ်စဉ်တွေကို ဆက်လက် ရှုစားတော်မူပါ ပေါ့ဗျာ။

မေး။  ။ မှောင်ခို ဈေးကွက်ကနေ မြောက်ပိုင်း မဟာမိတ်တွေ ဈေးကြီးကြီးပေးပြီး ဝယ်နေတဲ့ လက်နက်တွေက တကယ် ရော အရည်အသွေး ကောင်းတာမျိုး အပြည့်အမီ ရသလား။

ဖြေ။  ။ မှောင်ခိုဈေးကွက်ဆိုတော့ အလိမ်အညာတွေလည်း ရှိပါတယ်။ ခံရတာတွေလည်း ရှိတာပေါ့ဗျာ။ နှမြောတာပေါ့ဗျာ။ ဒါပေမယ့်လည်း ဒါက မတတ်နိုင်ဘူးလေ။

မေး။  ။ နိုင်ငံရေးပိုင်းကို ပြန်မေးချင်ပါတယ်။ အခုဆိုရင် အစိုးရနဲ့တပ်မတော်က နိုင်ငံတကာ မျက်နှာစာမှာ ရင်ဆိုင်နေရတဲ့ ICJ ကိစ္စတွေနဲ့ အလုပ်က ရှုပ်နေပြီ။ ဒီတော့ ပြည်တွင်းက ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမျိုးတွေကို ဒီအစိုးရ သက်တမ်း ကျန်တဲ့ကာလမှာ ဘယ်လောက် လုပ်နိုင်မယ်လို့မြင်လဲ။

ဖြေ။  ။ ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NLD အစိုးရမှာ အချိန်က မကျန်တော့ဘူး။ ဒီကြားထဲမှာ ICJ ကိစ္စကလည်း ပေါ်လာပြီဆိုတော့ မြန်မာ့တပ်မတော်အနေနဲ့ရော အစိုးရ အနေနဲ့ရော တော်တော်လေး အလုပ်ရှုပ်သွားပြီ။ ဒါ့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ရင် မလွယ်တော့ဘူး ထင်တယ်။ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ ကိစ္စကတော့ NLD ပါတီရဲ့ လာမယ့် ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့လည်း အချိုးကျနေတယ်။ နောက် ICJ မှာ NLD ဒေါ်အောင်ဆန်းစုကြည် က ရှေ့ကထွက်ပြီး ရင်ဆိုင်တဲ့ အနေအထားပေါ်မှာ နိုင်ငံရေးအရဖြစ်ဖြစ် လွှတ်တော်ထဲမှာဖြစ်ဖြစ် ဒါအသာစီး နည်းနည်း တော့ ရှိတာပေါ့။ မြန်မာ့တပ်မတော်က သူတယောက်တည်းဆို ရင်မဆိုင်ရဲပါဘူး။ ရင်ဆိုင်ရဲတဲ့ လူကတော့ အသာစီးရတာ ပေါ့။ သူက စကားက အမျိုးမျိုး ထွက်တယ်လေ။ ဥပဒေ ပြင်ဖို့ အချိန်မလုံလောက်တော့ဘူးလို့ ပြောလိုက်တယ်။ ပြီးမှ ICJ ကိစ္စကို ရှေ့ကနေ ခွပ်ဒေါင်းကြီးက တက်ခုတ်တယ် ဆိုတော့ ခဏနေရင် လွှတ်တော်ဥက္ကဋ္ဌက ရအောင်ပြင်မယ်ဆိုတဲ့ အသံက ပြန် ထွက် လာလိမ့်မယ်။ သူက အခြေခံ ဥပဒေကို ပြင်နိုင်လိုက်ရင် ရွေးကောက်ပွဲမှာ ပြောဆိုလို့ ရသွားပြီ။ ဒါ့ကြောင့် ခြေဥပြင်ဆင် ရေးက အနည်းအကျဉ်းလောက် ရှေ့ကို ရောက်ချင် ရောက်မယ်။ ရောက်လာရင်တော့ လွှတ်တော် ထဲက ဆူညံဆူညံတွေတော့ အများကြီး ကြားရဦးမှာပဲ။ သို့သော် လက်ရှိ ၂၀၂၀ နဲ့ ဒီရွေးကောက်ပွဲ ကြားထဲမှာတော့  မြန်မာ နိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ က အပြောင်းအလဲတွေ အကျပ်အတည်းတွေတော့ မြင်ရနိုင်တယ်။ တိုးတက်မှုကို တော့ မြင်ရဖို့ မလွယ်ဘူးလို့ ကျနော် သုံးသပ် ပါတယ်။

မေး။  ။ အထက်မှာ ဗိုလ်ချုပ် ပြောဆိုချက်တွေ အရဆို လာမယ့် ၂၀၂၀ မှာ ရခိုင်ပြည်နယ်မှာရော ပဋိပက္ခက ပိုကြီးလာမယ့် သဘောပဲ ရှိနေတာလား။

ဖြေ။  ။ ရခိုင်ပြည်မှာ ပဋိပက္ခကြီးမယ်၊ မကြီးဘူးဆိုတာ မြန်မာစစ်တပ်ရဲ့ အခက်အခဲနဲ့လည်း ဆိုင်တယ်။ သူတို့က နိုင်ငံ တကာ မျက်နှာစာမှာ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ အမှုစွဲခံနေရတာတောင်မှ စစ်ရာဇဝတ်မှုတွေကို ထပ်ပြီး ရခိုင် ပြည်သူ တွေ အပေါ်မှာ ကျူးလွန်နေတယ်။ အခုရုံးတင်နေပြီ။ ရုံးတင်နေလည်း လုပ်ရပ်တွေက ရပ်မသွားဘူး။ ရုံးတင်ပြီး နောက်ပိုင်း မှာ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတဲ့အပေါ်မှာ အပြောင်းအလဲ လုပ်မယ်ဆိုရင်တော့ သဘောက အပြောင်းအလဲဆိုတာ ပြည်တွင်းမှာ သေချာအောင် ထိန်းပြီး စစ်ပွဲတွေကို ထိန်းပြီးမှ လုပ်ရမယ်ဆို တည်ငြိမ်မှု နည်းနည်းပါးပါး ရနိုင်မယ်။ ဒါမှ မဟုတ် သူကဆက်ပြီး မထူးတော့ဘူး မိုက်မယ်ဆိုရင်တော့ အခြေအနေက ပိုဆိုးမယ်။ အဲ့ဒီလိုတော့ ရှိပါတယ်။ ၂၀၂၀ မှာ  ရခိုင်ဘက်က ရွေးကောက်ပွဲကိစ္စတွေလည်း ကျနော်တို့ စဉ်းစားနေတာတွေတော့ ရှိပါတယ်။

မေး။  ။ ရွေးကောက်ပွဲကရော ၂၀၂၀ ရခိုင်မှာ ကျင်းပနိုင်မလား။ ဘယ်လိုအခြေအနေတွေ ရှိနိုင်မလဲ။ အခက်အခဲဖြစ်နိုင် မယ့် နေရာတွေ တွက်ဆထားတာ ရှိပါသလား။

ဖြေ။  ။ ကျနော်တို့ကတော့ ကျနော်တို့ကိုလာပြီး ညှိနှိုင်းမယ်ဆိုရင် သဘောက ပြည်သူတွေကလည်း ရွေးကောက်ပွဲကို ဖြစ်စေချင်တယ်။ အစိုးရကလည်း ဖြစ်စေချင်တယ်ဆိုရင် ကျနော်တို့နဲ့ လာပြီး ညှိနှိုင်းမယ်ဆိုရင်၊ ရွေးကောက်ပွဲကာလမှာ ဘယ်လို ဘယ်လို ထိန်းသိမ်းမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေတွေက ရှိပါတယ်။ ကျနော်တို့က ပြည်သူ့ရဲ့ဆန္ဒကို အမြဲလေးစား ပါတယ်။ ဒီမိုကရေစီစနစ်အရ ပြည်သူတွေရဲ့ ဆန္ဒထုတ်ဖော်ခြင်း၊ သူ့ရဲ့စနစ်ကို ကျင့်ကြံအားထုတ်ခြင်း ဆိုတဲ့ ကိစ္စတွေကို တော့ ကျနော်တို့ကို လာရောက် ညှိနှိုင်းမယ်ဆိုရင် ကျနော်တို့က လေးလေးစားစားနဲ့ ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်။

မေး။  ။ လာညှိပါဆိုတာက အစိုးရလား၊ လူထုကလား။ နိုင်ငံရေး ပါတီတွေကလား။ ဘယ်သူတွေလဲ။

ဖြေ။  ။ အဘက်ဘက်ကတော့ လိုတာပေါ့။ အစိုးရရဲ့ ရွေးကောက်ပွဲကော်မရှင်၊ အစိုးရအနေနဲ့ သော်လည်းကောင်း၊ ပြီးရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေ Stakeholders တွေ အနေနဲ့ သော်လည်းကောင်း၊ သို့မဟုတ် လူထုထဲက ပြည်သူ့ ကိုယ်စားလှယ် တွေက ကျနော်တို့ ဒါမျိုးဖြစ်ချင်တယ်။ ဒါ့ကြောင့် နှစ်ဦးနှစ်ဖက် မြန်မာ့တပ်မတော်ကလည်း ဒါမျိုးလုပ်ပါ။ ကျနော်တို့ ရက္ခိုင့် တပ်တော်ကိုလည်း ဒါမျိုးလုပ်ပါ။ ပြည်သူတွေအတွက် အရေးကြီးတယ်လို့ ပြောရင် ကျနော်တို့ လေးလေးစားစားနဲ့ ဆောင်ရွက် ပါမယ်။  ။

You may also like these stories:

၂၀၂၅ မတိုင်ခင် အပြောင်းအလဲကြီးတခု ခန့်မှန်းထားတယ်

အလုပ်သမားရေး မန္တလေးတိုင်းအစိုးရ ပိုအာရုံစိုက်ဖို့ လိုနေတယ်

နားမလည်တဲ့ ဘာသာစကားနဲ့ သင်တာဟာ ကလေးကို အကြမ်းဖက်နေတာ

Did you find apk for android? You can find new Free Android Games and apps.
Loading