နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသော ကလေးငယ်တဦး လိင်အကြမ်းဖက်ခံရမှု သံသယတရားခံ ကိုအောင်ကြီးကို တရားရှင် လွှတ်ပေးခဲ့မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အဆင့်မြင့် အရာရှိများက ဒီဇင်ဘာ ၁၉ ရက်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ရှင်းလင်းပွဲတွင် ကလေးငယ်၏ အမည်နှင့် တရားလိုဖြစ်သူ မိခင်၊ ဖခင် အမည်များကိုပါ ထုတ်ဖော် ပြောကြား ခဲ့ရုံသာမက ရဲတပ်ဖွဲ့၏ တရားဝင် လူမှုကွန်ရက်စာမျက်နှာဖြစ်သော ရဲဇာနည်တွင်ပါ အမှုဖြစ်စဉ်ဆိုင်ရာ “လက်ရေးမူတိုင်စာ’’ သက်သေခံ အထောက်အထား တချို့ကို ထုတ်ပြရာ၌ ကာယကံရှင်တို့၏ အမည်ရင်းနှင့်တကွ နေရပ်လိပ်စာ၊ အလုပ်အကိုင်များပါ ဝင်သည့် တိုင်ကြားစာများကို ယမန်နေ့ ညနေပိုင်းက ထုတ်ဖော် တင်ပြခဲ့သည်။
ကလေးငယ်၏ ဂုဏ်သိက္ခာအတွက် သက်ဆိုင်သူများက လျှို့ဝှက်ပေးထားခဲ့ကာ ဗစ်တိုးရီးယားအမှုဟုပင် သုံးစွဲခဲ့ သည့်ကြားက ယခုလို ရဲတပ်ဖွဲ့၏ လုပ်ရပ်ကြောင့် ပြစ်တင်ဝေဖန်မှုများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာခဲ့ သည်။
ဥပဒေကြောင်းအရ ပြန်လည်တရားစွဲဆိုနိုင်ရေး ပြောဆိုမှုများလည်း ရှိနေသဖြင့် ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို ဧရာဝတီအကြီးတန်း သတင်းထောက်များ ဖြစ်သည့် ဇူးဇူးနှင့် ထွန်းထွန်းတို့က ဆက်သွယ် မေးမြန်းထားသည်။
မရည်မွန်ဦး (ကျား/မတန်းတူညီမျှရေးကွန်ရက် – ပဲ့ကိုင်ကော်မတီဝင်)
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အထူးသဖြင့် ဒါ child rape (သက်ငယ်မုဒိမ်းမှု) ဖြစ်တယ်။ ဒီလိုကိစ္စရပ်တွေမှာ ကျမတို့ ဘယ်သောအခါမှ ကျူးလွန်ခံရသူရဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို ထုတ်ဖော်ခွင့် မရှိဘူးဆိုတာ ဥပဒေ အရရော နိုင်ငံတကာ စံချိန်စံညွှန်းတွေအရရော ရှိတယ်။ ဒီလို ထုတ်ဖော်ပြောဆိုခြင်းဟာ မြန်မာနိုင်ငံမှာရှိနေတဲ့ တည် ဆဲဥပဒေတွေကို ချိုးဖောက်ခြင်းလည်း ဖြစ်သလို နိုင်ငံတကာမှာ မြန်မာက လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတကာ ကွန် ဗင်းရှင်းတွေကိုလည်း ချိုးဖောက်တာ ဖြစ်တယ်။
ဒီလို ကလေးရဲ့ နာမည်နဲ့ ကလေးမိဘတွေရဲ့ နာမည်တွေ နေရပ်လိပ် စာ အလုပ်အကိုင်တွေကို ဖော်ပြခြင်းဟာ တကယ်မဖြစ်သင့်တဲ့ လုံးဝကို မဖြစ်ရမယ့် ကိစ္စဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးအောင် လုပ်ဆောင် ရမယ့် အဖွဲ့အစည်း ရဲတပ်ဖွဲ့ကနေ ဒီလို ဥပဒေချိုးဖောက်တဲ့ လုပ်ရပ်ကို လုပ်ဆောင်တာဟာ ကျမတို့ ဘယ်လိုမှ သည်းမခံနိုင်တဲ့ ကိစ္စ ဖြစ်သွားပါတယ်။
နေပြည်တော်လို နေရာက ဖြစ်စဉ်မှာတောင် ပြည်သူအများ စောင့်ကြည့်နေတာတောင် ဒီလိုတွေဖြစ်နေတာ အခြား ပဋိ ပက္ခဖြစ်တဲ့နေရာတွေက လိင်အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနေမှုတွေသည်လည်း စိုးရိမ်စရာဖြစ်တယ်ဆိုတာ သိသာပါတယ်။
တချို့ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး တရားစွဲမှာတွေ ရှိတယ်လို့ သတင်းတွေမှာ ဖတ်ရတယ်။ ကာယကံရှင် သမီး ငယ်လေးရဲ့ ဖခင်ကလည်း ဒီကိစ္စကို တရားစွဲလို့ရမယ်ဆိုရင် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး တရားစွဲမယ်လို့ ပြောထားတာတွေလည်း ရှိတယ်။ ၇ လပိုင်းကမှ ထွက်ထားတဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေမှာဆိုရင် ၉၆ (ဃ)နဲ့ (င) အရ မှုခင်းတခုဖြစ်တဲ့အချိန်မှာ ပါဝင်တဲ့ ကလေးသူငယ်တွေရဲ့ အမည် ထုတ်ဖော်ပြောတာမျိုး မရှိဘူး။ ထုတ်ဖော် ပြောခြင်းမပြုရ ဆိုတာကိုလည်း တွေ့ပါတယ်။ ဒါ ဥပဒေအရ အရေးယူ ဆောင်ရွက်လို့ ရနိုင်တဲ့ အခြေ အနေတော့ ရှိတယ်လို့ ကျမ မြင်ပါတယ်။
မြန်မာနိုင်ငံမှာ ရှိနေတဲ့ လက်ရှိ ရှိနေဆဲ လူမှုအသိုင်းအဝိုင်းရဲ့ အမြင်အရ ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့သူတွေ ကို ကျမတို့က ဖြစ်လာပြီဆို ဒီလူက ဒီလိုလုပ်ခံရတယ် မုဒိမ်းကျင့်ခံရတယ်။ စော်ကားခံရတယ်ဆိုတဲ့ အမြင်မျိုးတွေနဲ့ မြင်တတ် ပြောတတ်ကြတယ်။ နှိမ်ချဆက်ဆံတဲ့ ပုံစံမျိုးတွေ ကျူးလွန်ခံရ တဲ့သူပေါ်မှာ နစ်နာအောင်လို့ မြင်တဲ့ အမြင် တွေက ကျမတို့ လူမှုအသိုင်းအဝိုင်းတွေမှာ ရှိနေတယ်။ ပထမဆုံးအနေနဲ့ ဒီလိုအမြင်တွေကို ပြောင်းလဲဖို့ လိုတယ်။
ကျူးလွန်ခံရတဲ့သူက ဘာအပြစ်မှ ရှိတဲ့သူမဟုတ်ဘူး။ ဒီလိုဖြစ်လာပြီဆိုရင်လည်း ကျူးလွန်ခံရတဲ့သူဘက် က ရှက်ရမှာ မဟုတ်ဘူး။ ဒီဖြစ်စဉ်မှာဆိုရင် ရဲတပ်ဖွဲ့က ကျူးလွန်ခံရတဲ့သူကို ကာကွယ်စောင့်ရှောက်ခြင်း မပြုတာဟာ ကျူးလွန်တဲ့သူကို ကာကွယ်လိုက်တယ်လို့ပဲ မြင်တဲ့အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အပါအဝင် ကျူးလွန်တဲ့သူတွေဟာ ရှက်စရာဖြစ်တယ်။
မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုအားလုံးက ဒါကို တသဘောတည်းရှိနေဖို့ လိုပါတယ်။ ဒီ သမီးလေးရဲ့ နာမည်၊ မိဘ နာမည်တွေကို ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားသည့် တိုင်အောင် ညီညွတ်စွာနဲ့ပဲ ဒီဟာကို နားမထောင်ကြဘူး။ မသိချင်ကြဘူးဆိုတဲ့ ပုံစံမျိုးနဲ့ တုန့်ပြန်ခဲ့တာကိုလည်း အများကြီး ကျေနပ်တယ်။ အဲဒါနဲ့ တဆက်တည်းပဲ။ သိသွားတဲ့ မြင်သွားကြတဲ့ သူတွေကလည်း ဒါ သမီးလေးအတွက် ရှက်စရာကိစ္စ မဟုတ်ဘူး။ သမီးလေး မိသားစုအတွက် ရှက်စရာ ကိစ္စ မဟုတ်ဘူး။ ကျူးလွန်တဲ့သူတွေ၊ ကျူးလွန်တဲ့သူကို ဝိုင်းဝန်း ကာကွယ်ပေးတဲ့သူတွေ ကပဲ ရှက်စရာ ဖြစ်တယ်ဆိုတာကို တသံတည်း ထုတ်ဖော်ပြောကြားဖို့ လိုပါတယ်။
ဒေါ်ခိုင်ခိုင်လဲ့ (မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်)
ကလေးသူငယ် ဥပဒေအရ ဒါက တားမြစ်ထားတဲ့ တားမြစ်ချက်ပဲလေ။ ဥပဒေ ဘက်တော်သားတွေအနေနဲ့ လိုက်နာရ မှာပေါ့။ လိုက်ကိုလိုက်နာရမယ့် အချက်ပဲ။ သူတို့ကိုယ်၌က ဒီဥပဒေကို မသိလို့ပဲဖြစ်ဖြစ် ရည်ရွယ်ချက်ရှိစွာနဲ့ လုပ်တာ ပဲ ဖြစ်ဖြစ် မည်သို့ပင် ဆိုစေကာမူ ကိုယ်လုပ်တဲ့ ပြုလုပ်မှုကို တာဝန်ယူရမှာပဲ။ ဒါက institution တခုပဲလေ။ အရေး ယူချင်တဲ့သူ အနေနဲ့တော့ အရေးယူလို့ရပါတယ်။ ဒါက တရားစွဲအဖွဲ့အစည်း ဖြစ်တဲ့အတွက်ကြောင့် ကိုယ်လုပ်လိုက် တဲ့ အလုပ်ကို အပ်ကျမတ်ကျတော့ လုပ်ဖို့ လိုတယ်လို့ ထင်တာပဲ။
ရဲတပ်ဖွဲ့ဝင်တွေကို တရားစွဲတာ မဟုတ်ဘူး။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သူ့ရဲ့ပြုလုပ်မှုကို သူ တာဝန်ယူရမှာ။ တာဝန်ရှိတဲ့ သူတွေက တာဝန်ယူရမှာ။ တရားစွဲစရာ မလိုဘဲနဲ့တင် ဘယ်လိုတာဝန်ယူမလဲ ဆိုတာကို ပြည်သူအပေါ်မှာ သူတို့က ချပြရမှာ။ တရားစွဲလာတာမျိုး ထက်စာရင် သူတို့က ဘာလုပ်မလဲဆိုတာကို ချပြရမှာ။
ဦးအောင်မျိုးမင်း (Equality Myanmar – ဒါရိုက်တာ)
ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ချိုးဖောက်သလို ကလေးသူငယ် ဥပဒေမှာပါတဲ့ အချက်ကို ကျူးလွန်တာလည်း ဖြစ်ပါတယ်။ အခွင့်အရေးအရ ပြောမယ်ဆို မြန်မာနိုင်ငံက လက်မှတ်ထိုးထားတဲ့ ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ နိုင်ငံတကာစာချုပ် CRC မှာ ကလေးများရဲ့ ပုဂ္ဂလိက လွတ်လပ်ခွင့်ကို ကာကွယ်ပေးရမယ်။ ကလေးများရဲ့ အကောင်း ဆုံး အကျိုးအတွက် ဒါမျိုး လုပ်ဆောင်ပေးရမယ်ဆိုတာ အတိအလင်း ဖော်ပြထားပြီးသားပါ။ ရာဇဝတ်မှုတွေ မှာ ဆိုရင်တောင်မှ ကလေးတွေ ပါဝင်ပတ်သက်တဲ့ အမှုမျိုးဆို မီဒီယာနဲ့ ပေးမတွေ့ရဘူး။ အများပြည်သူ ကြားနာမှုတောင် ခွင့်မပြုရဘူးဆိုတာ ဖော်ပြထားတာဖြစ်လို့ ကလေး အခွင့်အရေးဆိုင်ရာ ရှုထောင့်အရ ပြောမယ်ဆို ဒါမျိုး လုပ်ဆောင် ခြင်းက ချိုးဖောက်မှုလို့ ပြောချင်ပါတယ်။
နောက်တခုက ပြည်တွင်းဥပဒေအရ မကြာမီက လတ်လတ်ဆတ်ဆတ် ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးဆိုင် ရာ ဥပဒေထဲမှာ အပိုဒ် ၉၆ မှာ ဒီအချက်နဲ့ ငြိနေတာ တွေ့ရပါတယ်။ တရားဥပဒေမှာ ပါဝင် ပတ်သက်နေတဲ့ ကလေး တွေ ဘယ်သူပဲဖြစ်ဖြစ် မျက်မြင်သက်သေတောင် ပါတယ်။ ကျူးလွန်ခံရသူ စွပ်စွဲခံရသူ တင်မကပါဘူး။ မျက် မြင် သက်သေ ကလေးတွေရဲ့ အကြောင်းအရာတွေကို အများသိအောင် သတင်းမီဒီယာတွေ၊ တီဗွီတွေ၊ ဆိုရှယ်မီဒီယာ ကနေ ဖြန့်လွှင့်တာ လုံးဝ မလုပ်ရဘူး။
ဒါကို ပြစ်ဒဏ်အနေနဲ့တောင် သတ်မှတ်ထားပါတယ်။ အနည်းဆုံး ထောင်ဒဏ် ၄ လကနေ ၂ နှစ်ထိ ချမှတ်နိုင်တဲ့ထိ ရှိပါတယ်။ ကလေးဆိုင်ရာ နိုင်ငံတကာ စာချုပ်ရဲ့ သတ်မှတ်ထားတဲ့ အခွင့်အရေးကို ချိုးဖောက်ရာ ရောက်သလို ပြည်တွင်းမှာ ပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ဥပဒေကိုလည်း ချိုးဖောက်ရာ ရောက်နေပါတယ်။
သီးခြားလွတ်လပ်ပြီး တရားဥပဒေ စိုးမိုးတဲ့ နိုင်ငံဆိုရင်တော့ တရားစွဲလို့ ဖြစ်နိုင်ပါတယ်။ ဦးတိုက်လျှောက်ထားပြီးတော့ ဒီကိစ္စကို ကလေးသူငယ်ဆိုင်ရာ ဥပဒေ ချိုးဖောက်မှုနဲ့ ဘယ်သူမဆို တရားစွဲလို့ ရပါတယ်။ တရားစွဲဖို့အတွက် ကျနော် တိုက်တွန်းပါတယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်မှာက တရားစီရင်ရေး မဏ္ဍိုင်ရဲ့ အားနည်းမှုရယ် တခြားသော မဏ္ဍိုင်တွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေ ရှိနေတာ အားလုံးသိတဲ့အတိုင်းပါ။ ဒီလိုမျိုး လုပ်ဆောင်တဲ့အခါ အခက်အခဲ စိန်ခေါ်မှုတွေ အများကြီး ရှိနိုင်တယ်။
ဗစ်တိုးရီးယားကိစ္စပဲ ကြည့်ပါ။ ဖြစ်နေတဲ့ကိစ္စက ဒီလောက်ထိ ရှင်းလင်းနေတာတောင်မှ ပါဝင် ပတ်သက်သောသူများ ဆက်စပ်သောသူများရဲ့ လုပ်ဆောင်မှုကြောင့် တရားဥပဒေအတိုင်း ဖြစ်ဖို့ အများကြီး စိန်ခေါ်မှု ရင်ဆိုင်နေရတာ တွေ့နေရပါတယ်။ နိုင်ငံတကာ အနေအထား၊ ပုံမှန်အနေအထားအရ ဒါက လုပ်ဆောင်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ တိုင်းပြည်ကတော့ လုပ်ဆောင်မှုအတွက် စိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်ရမှာတော့ သေချာပါတယ်။
(မနေ့ကဖြစ်စဉ်) တကယ်ကို ရုပ်ပျက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရဲတပ်ဖွဲ့ဆိုတာ တရားဥပဒေ စိုးမိုးရေးအတွက် အဓိ က တာဝန်ယူ လုပ်ဆောင်ပေးတဲ့ ဌာန ဖြစ်ပါတယ်။ ပြည်သူလူထုက တရားဥပဒေကို ချိုးဖောက်လို့ရှိရင် အရေး ယူတဲ့ အရာမျိုး တရားဥပဒေဘောင် အတွင်းကို ဆောင်ကြဉ်းနိုင်ဖို့အတွက် တာဝန်ရှိသော ဌာနဖြစ်ပါတယ်။ အဲဒီလို တာဝန်ရှိပြီး ဥပဒေစိုးမိုးရေး လုပ်ဆောင်မယ့်သူ ကိုယ်တိုင်က တရားဥပဒေကို မလေးစားဘူး။ တရားဥပဒေမှာပါတဲ့ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို မလိုက်နာဘူးဆိုတာ ဒီဌာနရဲ့ အားနည်းချက်ကြီး ဖြစ်သွားပါတယ်။ လူတဦး တယောက်ရဲ့ ပြောကြားချက် မဟုတ်ဘူး။ ဌာနတခုလုံးပေါ်မှာ ဂုဏ်ပျက်စေပါတယ်။
အထူးသဖြင့် ရဲတပ်ဖွဲ့ဆိုရင် ကျနော်တို့မှာ ယုံကြည်မှုတွေ၊ အထင်ကြီးမှုတွေ အားနည်းနေတဲ့အချိန်မျိုးမှာ အခု သူတို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်လို့ ပြောကြားလို့ မျှော်လင့်ချက် ထားနေတဲ့ ကာလအတွင်းမှာ အခုလိုမျိုး ပြောကြားချက်က တရားလက်လွတ် အရမ်းဆန်ပြီး နိုင်ငံတော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို လေးစားလိုက်နာမှု မရှိ ဘူး။ ဥပဒေ ချိုးဖောက်တဲ့သူကို အရေးယူဖို့အတွက်လည်း အရမ်းအားနည်းနေတဲ့ပုံစံ သက်သေအထောက်အထား ဖြစ်သွားပါတယ်။
ဒေါ်လှလှရီ (တရားလွှတ်တော်ရှေ့နေ – ဥပဒေရေးရာကုစားရေးအဖွဲ့ ဒါရိုက်တာ)
ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မ ၅၇ အရ ဗစ်တိုးရီးယားလေးဟာ ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်အဖြစ် သတ်မှတ်ချက်ထဲမှာ ပါနေတယ်။ ပုဒ်မ ၅၇ ထဲမှာ အတိအလင်း ပြောထားတယ်။ ကလေးသူငယ်ကို ကာကွယ်စောင့်ရှောက်တယ် ဆိုတဲ့ အပိုင်းမှာ အမှုရင်ဆိုင်နေရတဲ့ ကလေးကို တခြားအပြင်ကနေ ခွဲခြားဆက်ဆံတာ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရအောင်လုပ်တာ။ တခြားဟာတွေလည်း လုပ်လာနိုင်တယ်။ အဲဒီအတွက် ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ကလေးဆိုပြီး အတိအလင်း ဖော်ပြထားတာ။
အဲဒါကို ဥပဒေကို အကောင်အထည်ဖော်နေတဲ့ တရားစွဲအဖွဲ့ကနေပြီး ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၉၆(ဃ)(င) ပါ အခွင့်အရေးတွေကို ချိုးဖောက်တယ်။ (ဃ)(င)ပါ ဥပဒေ ပြဋ္ဌာန်းချက်တွေကို လိုက်နာခြင်း မရှိဘဲ ဒီလို မျိုး သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာသည် တော်တော်လေးကို ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကို မလိုက်နာတဲ့သဘော ဖြစ်နေတယ်ဆိုတာ မှတ်ချက်ပြု ပြောလိုတယ်။ ကျမတို့ နိုင်ငံသည် တရားဥပဒေစိုးမိုးရေးကို သွားနေတာ။ no one is above the law ဘယ်သူပဲဖြစ်ဖြစ် ဥပဒေနဲ့ မကိုက်ညီဘဲ ဥပဒေကို ကျော်လွန်ပြီးတော့ လုပ် လို့မရပါဘူး။
သတင်းစာ ရှင်းလင်းတဲ့သူတွေက ရဲတပ်ဖွဲ့ရဲ့ တော်တော်လေး ကြီးတဲ့အပိုင်းကဆိုတာ သိရှိရတယ်။ ဘယ်လောက်ပဲ ရာထူးကြီးကြီး ဥပဒေကို မလိုက်နာဘူးဆိုရင် ဥပဒေအရကတော့ အရေးယူတာ လုပ်ရမယ်လို့ မြင်တယ်။ ရာထူးကြီး တဲ့သူမို့လို့ အာဏာ ပါဝါကြီးတဲ့သူမို့ အရေးယူလို့ မရဘူးဆိုရင် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးက တော်တော် လေး ကို ခက်ခဲသွားပါလိမ့်မယ်။ ဒီ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေအရဆိုရင် ပုဒ်မ ၁၁၇ မှာ အတိအလင်း ပြောထားပြီးသား။
ဤဥပဒေပါတဲ့ ပြစ်မှုများကို ရဲအရေးပိုင်တဲ့ ပြစ်မှုအဖြစ် သတ်မှတ်တယ်ဆိုပြီး ရဲက သူ့ဘာသူ တရားလို လုပ်ပြီး ဖွင့်ရင် လည်း ရတယ်။ တချို့ပြောနေတဲ့ တရားရုံးမှာ ဦးတိုက်လျှောက်စရာ မလိုပါဘူး။ ဒါက ရဲအရေးပိုင်တဲ့ အမှုဖြစ်လို့ ရဲစခန်းမှာ ကျမတို့ အမှုဖွင့်ရပါမယ်။
ကျမတို့ပြောတဲ့အခါ ဥပဒေကို ကိုင်ပြီး ပြောရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေကို မသိနားမလည်လို့ ကျူးလွန်လို့ လည်း မရပါဘူး။ ဒီလောက် ဥပဒေကို အကောင်အထည် ဖော်နေတဲ့ တရားစွဲအဖွဲ့က ဥပဒေကို မသိလို့ လုပ်တယ် လို့ တော့ မထင်ပါဘူး။ ဘာကြောင့် ဒီလိုမျိုး ဖြစ်လဲဆိုတာကို စုံစမ်းစစ်ဆေးမှ သိနိုင်မယ်။ ဒါကြောင့် ဒီဟာကို ရဲစခန်း က အမှုဖွင့်ကို ဖွင့်ပေးရပါလိမ့်မယ်။
ဒါက ရဲအရေးပိုင်တဲ့ အမှုဖြစ်တယ်လို့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁၇ မှာ အတိအလင်း ပြော ထားပြီးသားပါ။ အမှု စစ်ဆေးတဲ့အခါမှာ သူတို့ရဲ့ ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေ အရ ရဲခုံရုံးမှာပဲ စစ်မလား။ ရဲတရားရုံးနဲ့ပဲ စစ်မလား။ အရပ်ဖက်နဲ့ စစ်မလားဆိုတာ သူတို့ရဲ့လုပ်ငန်းစဉ် ဖြစ်သွားပါပြီ။ ရဲအရေးပိုင်တဲ့ ပြစ်မှု ဖြစ်တဲ့အတွက် ရဲက အမှုဖွင့်တဲ့ လုပ်ငန်းစဉ်တွေ၊ စုံစမ်းစစ်ဆေးဖော်ထုတ်တဲ့ လုပ်ငန်းစဉ်တွေကို သွားလုပ်ရမှာ ဖြစ်ပါတယ်။
တရားစွဲအဖွဲ့ဖြစ်တဲ့ ဥပဒေကို အကောင်ထည်ဖော်နေတဲ့ သူတွေက သူတို့ရဲ့ လျှို့ဝှက်ထားရမယ့် ကိစ္စ၊ သူတို့ရဲ့ privacy ကို ထုတ်ဖော်ပြောဆိုလာတာ ဥပဒေသမား တယောက်အနေနဲ့ ကျမ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိပါဘူး။ ဒါကို သက်ဆိုင်ရာတွေက လုပ်ငန်းစဉ်အတိုင်း အကောင်အထည်ဖော်မှသာလျှင် မြန်မာနိုင်ငံရဲ့ တရားဥပဒေ စိုးမိုးရေးမှာ ကျမ တို့ ပြောနိုင်မှာ ဖြစ်ပါတယ်။
ဒီကိစ္စက ရာထူးကြီးတာမို့ ဒီတိုင်းထားလိုက်ဖို့ဆိုတာ မဖြစ်သင့်ပါဘူး။ ဒါသည် ရဲအရေးပိုင်တဲ့ ပြစ်မှုဖြစ်တယ်လို့ ဥပဒေမှာ သတ်မှတ်ထားပြီးသားပါ။ သက်ဆိုင်ရာ ရဲစခန်းတွေအနေနဲ့ အမှုဖွင့် စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ပြီး ဘာကြောင့် ဒီလိုမျိုး ထုတ်ဖော်ပြောလာရတာလဲ ဆိုတာကို စုံစမ်း စစ်ဆေးသင့်တယ်။
ဗစ်တိုးရီးယားလေးရဲ့ အမှုမှာ စွပ်စွဲခံရသူ ကိုအောင်ကြီး တရားရှင်လွတ်သွားပြီ။ ဘယ်သူကျူးလွန်တာလဲ ဆိုတာကို တရားမျှတမှု ရရှိဖို့ မိဘတွေ မိသားစုတွေအနေနဲ့ သမီးလေးရဲ့ တရားမျှတမှုအတွက် စိုးရိမ်ပူပန်မှု ရှိနေတဲ့ အနေ အထား မှာ ဒီလိုမျိုး သမီးလေးရဲ့ နာမည်နဲ့ သူ့ရဲ့ မိသားစု မိဘတွေရဲ့ background တွေကို ချပြခြင်းသည် ဥပဒေကို ထပ်ပြီးတော့ မလိုက်နာတာ ဖြစ်တယ်။ ချိုးဖောက်တာ ဖြစ်တယ်။ ဒါကြောင့် ဒီကိစ္စကို သက်ဆိုင်ရာ လူကြီးတွေအနေနဲ့ စွမ်းစွမ်းတမံ အမြန်ဆုံး စုံစမ်းစစ်ဆေးသင့်တယ်လို့ ပြောလိုပါတယ်။
ဦးမိုးရန်နိုင် (ဒုရဲမှူးဟောင်း)
ရဲတပ်ဖွဲ့က ဒီကလေးမလေးရဲ့ နာမည်တွေကို ထုတ်ဖော်ပြောကြားခဲ့တဲ့အပြင် သူတို့ရဲ့ “ရဲဇာနည်” ဖေ့စ်ဘုတ် စာမျက်နှာ ကနေ စာရွက်စာတမ်းတွေကို ဖော်ပြတာကိုလည်း တွေ့ရတယ်။ အဲဒီ လုပ်ရပ်တွေကိုကြည့်ရင် ရဲတပ်ဖွဲ့က ဂုဏ်သိက္ခာမဲ့ လွန်းတဲ့အပြင်ကို ဥပဒေကို စောင့်ထိန်းရမယ့် သူတို့ကိုယ်တိုင်က ဥပဒေကို ချိုးဖောက်တယ်လို့ ကျနော်က မြင်တယ်။
အမှု စတင်ကိုင်တွယ်ကတည်းက ရဲလုပ်ငန်းစဉ်တွေ ပြည့်စုံလုံလောက်မှုမရှိဘူး၊ အားနည်းခဲ့တယ်လို့ ထင်တယ်။ အမှုကို အချိန်နဲ့ တပြေးညီ မဖွင့်ခဲ့ဘူး။ နောက်ရက်မှဖွင့်တယ်။ နောက်ပြီး သူတို့ကိုယ်တိုင် တရားရုံးကို တင်ပြခဲ့တဲ့ သက်သေ အထောက်အထားတွေကလည်း ကျွမ်းကျင်တဲ့ ကွန်ပျူတာ ပညာရှင်တွေနဲ့ ဖော်ထုတ်လိုက်တော့ မူရင်းတွေ မဟုတ်တဲ့သဘော တင်ပြသွားတာ တွေ့ရတယ်။ အဲဒီကတည်းက ရဲတပ်ဖွဲ့က ဒါနဲ့ပတ်သက်ရင် ဖုံးကွယ်နေတယ်လို့ပဲ မြင်လာတယ်။
ဒီကိစ္စအပေါ်မှာ နစ်နာတဲ့ ကာယကံရှင်မိသားစုက တရားစွဲဆိုတဲ့ လမ်းကြောင်းတခုလည်း ဖြစ်နိုင်သလို သူတို့ ကိုယ်တိုင် ပြောပြောနေတဲ့ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေနဲ့လည်း တပ်ဖွဲ့တွင်းကလည်း အရေးယူလို့ ရပါတယ်။ နောက်ပြီး အဂတိကော်မရှင်ကနေလည်း အရင်တုန်းက ရန်ကုန်တိုင်းဥပဒေချုပ်ကိုတောင် ကျော်ဇောသတင်းနဲ့ စပြီး အမှုဖွင့်ပြီး ဝင်ရောက်ဆောင်ရွက်တာမျိုး ရှိခဲ့တော့ ဒီဖြစ်စဉ်မှာလည်း ကော်မရှင်ကနေ ဝင်ရောက် ဆောင်ရွက်ရင် ရလိမ့်မယ်လို့ ယူဆပါတယ်။ နောက်ဆုံး ဒီကိစ္စပတ်သက်ပြီး ကလေးမလေးရဲ့ မိသားစုကို ဝန်းရံ တဲ့အနေနဲ့ အားပေးနေပါတယ်လို့ စကားပါးချင်ပါတယ်။
ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)
ပထမတခုက သံသယတရားခံ ကိုအောင်ကြီးကို လွှတ်တာ စောသေးတယ်ဆိုတဲ့ မှတ်ချက်ပေါ့။ ဒီမှတ်ချက်က တရားရုံးကသာ ကျေနပ်မှုမရှိလို့ အရေးယူမယ် ဆိုရင်တော့ တရားရုံး မထီမဲ့မြင်ပြုမှုနဲ့ အရေးယူရနိုင်တာပေါ့။ ကိုအောင်ကြီးကို အမှုစစ်ဆေးတဲ့ ကာလမှာ တရားလိုပြသက်သေ ၂၀ ဦးလောက်ကို စစ်ဆေးခဲ့ပြီးပြီ။ စစ်တာကလည်း နှစ်ပါးထိုင် အထူးတရားရုံး ဖြစ်တယ်။ စစ်ဆေးပေါ်ပေါက်ချက်တွေ အရရော၊ ဥပဒေအရပါ စွဲချက်မတင်မီ တရားရှင် လွှတ်လို့ ရတယ်ဆိုတဲ့ ပြဌာန်းချက်တွေရှိလို့ လွှတ်ပေးလိုက်တာပါ။
နောက်တချက်က ဗစ်တိုးရီးယားနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ထုတ်ဖော်လိုက်တာပေါ့။ ဒါက ၂၀၁၉ ခုနှစ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အမှုစစ်ဆေးနေတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ စုဆောင်းတာ၊ ဖြန့်ဖြူးတာစတဲ့ အားလုံးဟာ ပြစ်မှုဖြစ်တယ်လို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၀၁ (က)၊ အပိုဒ်ခွဲ ၂ အရဆိုရင် ထောင်ဒဏ် ၄ လကနေ ၈ လအထိ ကျနိုင်တယ်၊ ငွေဒဏ် အနည်းဆုံး ကျပ် ၄ သိန်းကနေ အများဆုံး ၆ သိန်းအထိ ကျနိုင်တယ်၊ ဒဏ်နှစ်ရပ်လုံးလည်း ကျနိုင်တယ်လို့ အတိအကျ ပြဌာန်းထားပါတယ်။
အဲဒီအထဲမှာလည်း ကန့်သတ်ထားတာမရှိဘူး။ မည်သူမျှလို့ ဆိုထားတဲ့အတွက် ရဲတပ်ဖွဲ့ အပါအဝင် မည်သည့် အဖွဲ့အစည်း၊ မည်သည့်နိုင်ငံသားကမှ ဒါကိုဖောက်ဖျက်လို့ မရဘူး။ ဒီဥပဒေပြဌာန်းချက်ရှိပါလျက်နဲ့ ဒီလို လုပ်လိုက်တဲ့အတွက် ဒီဥပဒေရဲ့ ပုဒ်မ ၉၆(ဃ)ကို ကျူးလွန်ရာရောက်တယ်လို့ မြင်ပါတယ်။
ကျင့်ဝတ်ပိုင်းအရ ကြည့်ရင်လည်း သတင်းရှင်းလင်းပွဲမှာလည်း ပြောသွားတယ်၊ ရဲဇာနည်ပေ့ချ်မှာလည်း သတင်း အဖြစ် တရားဝင်တင်တော့ သတင်းမီဒီယာကျင့်ဝတ်အရ ကြည့်ရင်လည်း ကျင့်ဝတ်နဲ့ ညီညွတ်တယ်လို့ ပြောလို့ မရဘူး။ ရဲကျင့်ဝတ်နဲ့ကြည့်ရင်လည်း တရားရုံးကို ရောက်ရှိသွားတဲ့ မှုခင်းမှတ်တမ်းတခုကို တရားရုံးရဲ့ ခွင့်ပြုချက် မရဘဲနဲ့ ရဲတပ်ဖွဲ့ကနေ ပြည်သူလူထုကို ချပြဖို့ အခွင့်အရေး မရှိပါဘူး။ ဒါကလည်းပြောရရင် မြန်မာနိုင်ငံ လျှို့ဝှက်ချက် အက်ဥပဒေကို ကျူးလွန်ရာ ရောက်ပါတယ်။
နောက်တခုက ကလေးနဲ့ မိဘများရဲ့ ဂုဏ်သရေကို ညိုးနွမ်းစေတဲ့ ဆောင်ရွက်ချက်တွေ တင်ခဲ့တာဖြစ်တဲ့အတွက် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀(အသရေဖျက်မှု)ကို ကျူးလွန်ရာ ရောက်ပါတယ်။ ဒါတွေကိုကြည့်ရင် ပြုလုပ်ခဲ့တာတွေဟာ ရဲကျင့်ဝတ်နဲ့လည်း မညီဘူး၊ လူ့ကျင့်ဝတ်ပိုင်းအရ လည်း ကလေးငယ်ဟာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံလိုက်ရကတည်းက အရွယ်နဲ့မမျှတဲ့ နစ်နာမှုတွေ၊ ဂုဏ်သရေပျက်မှုတွေ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်လုံခြုံမှုတွေ ချိုးဖောက်ခံထားရပြီး အင်မတန် နစ်နာနေတဲ့ အနေအထားမှာ ဒီလိုထပ်ပြီး အမည်တွေ၊ လိပ်စာ အတိအကျတွေ ဖော်ထုတ်ခြင်း ခံရတာက ကြီးမာတဲ့ထိုးနှက်မှုကို ကြုံရတာပါပဲ။ လက်ရှိတင် မဟုတ်ဘဲ နောင် အနာဂတ် ကာလအထိ ဂုဏ်သရေနဲ့ လွတ်လပ်လုံခြုံမှုကို ထိပါးနိုင်တဲ့ အတွက် လူ့ကျင့်ဝတ်နဲ့လည်း မညီပါဘူးလို့ မြင်ပါတယ်။
ခြုံပြောရရင် သတင်းစာရှင်းလင်းပွဲမှာရော၊ ရဲဇာနည်ပေ့ချ်မှာရော ကလေးငယ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အ လက်တွေကို ချပြခြင်းသည် ဥပဒေပိုင်းအရရော၊ ကျင့်ဝတ်ပိုင်းအရရော ဆီလျော်မှုမရှိတဲ့၊ မသင့်မြတ်တဲ့လုပ်ရပ် လို့ မြင်ပါတယ်။
ဦးဝင်းနိုင် (ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်)
လျှို့ဝှက်ပြီးမှ ထိန်းသိမ်းထားရမယ့် ကိစ္စတွေကို ဥပဒေချိုးဖောက်ပြီးမှ ဖော်ပြတဲ့အခါကျတော့ နစ်နာသူဘက်က နေပြီး ကော်မတီကို တိုင်ကြားလာရင် ဆက်ပြီး တင်ပြ ဆောင်ရွက်ပေးသွားဖို့ ရှိပါတယ်။ ကျနော်တို့အနေနဲ့တော့ ဒါက အကြီးအကျယ် ချိုးဖောက်မှုလို့ပဲမြင်တယ်။ ဒီအမှုစဖြစ်ကတည်းက တိုင်စာတွေက ရောက်နေတာတွေရှိတယ်။ ကော်မတီရဲ့ တာဝန်၊ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့ တာဝန်အရ လွှတ်တော်ဥက္ကဌ မှတဆင့် ဆောင်ရွက်ဖို့ လုပ်တာတွေ ရှိပါတယ်။
မနေ့က သတင်းစာရှင်းလင်းပွဲနဲ့ ပတ်သက်ပြီးလည်း ကျနော်တို့ကော်မတီကို ဖုန်းနဲ့ဆက်ပြီး ကိုယ်စားတိုင်တာ တွေလည်း အများကြီးရှိတယ်။ သက်ဆိုင်ရာ ကာယကံရှင်တွေ ကိုယ်တိုင်နဲ့လည်း ကျနော်တို့နဲ့ တွေ့ဖို့တော့ရှိပါတယ်။ ကျနော်တို့ကတော့ ဆက်ပြီး ကူညီသွားမယ်၊ ရပ်တည်သွားမယ်။ ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို အကောင်း ဆုံး ကာကွယ် စောင့်ရှောက်နိုင်ဖို့ ကလေးသူငယ်ဥပဒေ ဆိုတာကို ပြဌာန်းထားတာ၊ သာမာန်လူတွေတောင် မကျူးလွန်တဲ့ ကိစ္စကို အဓိက ကိုင်တွယ် ကျင့်သုံးနေတဲ့ တာဝန်အရှိဆုံးဖြစ်တဲ့ ဌာနကြီးတွေကနေ စပြီးတော့ ဖောက်ဖျက်လိုက်တယ်ဆိုတာ သိပ်တော့မကောင်းဘူး။ လုံးဝ မဖြစ်သင့်တဲ့ကိစ္စ။ ဒါကိုသူတို့မှာ လုံးဝတာဝန်ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ တာဝန်ခံရလိမ့်မယ်လို့ ယူဆပါတယ်။
You may also like these stories:
ကလေးသူငယ် အဓမ္မကျင့် ခံရသည့် တိုက်ရိုက်ရုပ်သံ ကြည့်ရှုတာကြောင့် ထောင်ချခံရတဲ့ ကျောင်းဆရာ
ကိုအောင်ကြီး၏ ရှေ့နေကို Wisdom Hill ကျောင်း ကြီးကြပ်ရေးမှူးက တရားစွဲမည်
ဗစ်တိုးရီးယားအမှု ဒေါ်ဥမ္မာလှိုင်၏ သား၂ ဦးကို တရားခွင် စစ်ဆေးမှု ပြုလုပ်မည်ဟုဆို