နေပြည်တော် ဒက္ခိဏသီရီ တရားရုံးတွင် ယခုလ ၁၈ ရက်နေ့က ပြုလုပ်ခဲ့သော ဗစ်တိုရီးယား အမှု ၁၃ ကြိမ်မြောက် ရုံးချိန်းတွင် သံသယတရားခံ အောင်ကြီးကို စွဲချက်တင်နိုင်လောက်သည့် သက်သေခံချက် အထောက် အထား တစုံ တရာ မတွေ့ရဟု ဆိုကာ တရားရှင်လွှတ်ပေးလိုက်သည်။
ဆရာမ နှင်းနုအပါအဝင် လိုပြသက်သေ ၁၉ ဦးကို စစ်ဆေးပြီးနောက် ယင်းသို့လွှတ်ပေးလိုက်ခြင်းဖြစ်သည်။ ကိုအောင်ကြီး သည် သံသယ တရားခံအဖြစ်နှင့် ၇ လ ချုပ်နှောင်ခံခဲ့ရပြီး အချုပ်ထဲတွင်လည်း မုဒိမ်းသမားဟု ဆိုကာ အချုပ်သားများ၏ ဝိုင်းဝန်း ထိုးကြိတ်မှုကိုလည်း ခံခဲ့ရသူဖြစ်သည်။
ထို့ကြောင့် အမှုတွင် ကြုံတွေ့ခဲ့ရသည့်အခြေအနေများ အပါအဝင် ၎င်း၏ အမြင်သဘောထားများ သိရှိနိုင်ရန် အတွက် ကိုအောင်ကြီးကို ဧရာဝတီ နေပြည်တော် သတင်းထောက် မိုးမိုး က မေးမြန်းထားသည်။
မေး ။ ။ Wisdom Hill ကျောင်းကို စရောက်တဲ့ နေ့က အခြေအနေကို ပြန်ရှင်းပြပေးပါလား။
ဖြေ ။ ။ ၁၆ ရက်နေ့က အလုပ်စဆင်းတယ်ပေါ့။ မနက်ပိုင်းမှာ ကျနော့် အိမ်ရှေ့ကို သူတို့လာတယ်ပေါ့နော်။ သူတို့ အိမ်ကို ကျနော်သွားတာ မဟုတ်ဘူးပေါ့။ တရားခွင်မှာ သူတို့ ပြောတာက သူတို့အိမ်ကို ကျနော်က သွားခဲ့တာပေါ့။ ကျ နော်က သူတို့အိမ် သွားခဲ့တာ မဟုတ်ဘူး။ သူတို့က ကျနော့် အိမ်ရှေ့ကိုလာတာပါ။ အိမ်ရှေ့ကနေပြီးတော့ မနက် ၇ နာရီ ခွဲလောက်မှာ သူတို့ကားနဲ့ ကျနော်တို့ ကျောင်းကို သွားကြတယ်။
သွားပြီးတော့ ကလေးတွေ ကြို၊ ကြိုပြီးတော့ ကလေးတွေကို ၉ နာရီလောက်မှာ ကလေးတွေကို ကျောင်းမှာ ချပေးပြီးတော့ ကျနော်နဲ့ ဆရာမကြီး ယောက်ကျာၤးနဲ့ အိမ်ကို ပြန်လာတယ်။ ပြန်လာပြီးတော့ ညနေ ၃ နာရီကျော်လောက်မှ ကျနော့်ညီ ကားနဲ့ ကျနော် ကျောင်းကို ပြန်သွားတယ်။ ပြန်သွားပြီးတော့ အခွေဝင်ယူတယ်။ အခွေဝင်ယူပြီး ကျနော် ထိုင်နေတယ်။ ကားလာတဲ့ အထိ ကျနော် ထိုင်စောင့်နေတယ်။ ကျနော် ထိုင်နေတာက လွဲပြီး ဘာမှ မရှိပါဘူး။
မေး ။ ။ ကိုအောင်ကြီးကို ရဲတပ်ဖွဲ့က ၂ ခါ ပြန်ဖမ်းဆီးတဲ့ အခြေအနေကိုလည်း ပြောပြပါအုန်း။
ဖြေ ။ ။ ပထမ တခေါက်က ကျောင်းထဲဝင်တယ်ဆိုတဲ့ဟာနဲ့ ခေါ်ယူစစ်ဆေးတယ်။ ၅ လပိုင်း ၂၀ ရက်နေ့က စစ်ဆေး တယ်။ ၅ လပိုင်း ၂၄ ရက်နေ့က တခါ စစ်ဆေးတယ်။ ၃၀ ရက်နေ့ကျတော့ အချုပ်ရမန်ယူလိုက်တာပဲ။ ချုပ်ရမန်ယူပြီး တော့မှ ၃၁ ရက်နေ့ကျတော့ ဆရာဝန်က သုတ်ပိုးစစ်ဆေးချက်တွေယူတယ်ပေ့ါနော်။ ကုတင် ၁၀၀၀ ကိုခေါ်ပြီး ယူတာပါ။
အဲ့လို ယူပြီး ၆ လပိုင်း ၄ ရက်နေ့ကျတော့ CID က ကျနော့်ကို စစ်ဆေးတယ်။ CID က DNA စစ်ဆေးတယ်။ အဲ့ဒါတွေ အ ကုန် လုံး စစ်ဆေးပြီးတော့မှ အမျိုးမျိုးမေးတယ်။ ကိုယ်လည်း သိတဲ့ အတိုင်း အမှန်ကို အမှန် အတိုင်း ဖြေတယ်။ ဖြေပြီး တော့မှ ၂၄ ရက်နေ့ကျတော့ ကျနော့်ကို မြို့နယ် တရားရုံးကနေပြီးတော့ အကုန်လုံး သက်သေ ထွက်ဆိုချက်တွေရော၊ DNA တွေ၊ ဆရာဝန် စစ်ချက်ရော အကုန်လုံး မတူပါဘူးဆိုပြီးတော့ မြို့နယ်တရားရုံးက တရားသူကြီးကိုယ်တိုင် ကျနော့် ကိုပြန်လွတ်ပေးခဲ့တာပေါ့။
ပြန်လွတ်ပေးပြီးတော့ ၄၊ ၅ ရက်လောက်နေပြီးတော့ ကျနော်တို့ အဖေတို့နဲ့ နတ်ကန်တော့ရမယ်ဆိုပြီးတော့ ရန် ကုန်ပြန်ပြီးတော့၊ ရန်ကုန်ရောက်ပြီး ဒီနေ့မှ ရောက်ပြီးတယ်ပေါ့နော်။ ဒီနေ့ရောက်တယ်။ ဒီနေ့ပဲ ညပိုင်းကျတော့ ပြန်ခေါ်တာပေ့ါ။ ပြန်ခေါ်တဲ့ အတွက်ကြောင့် သူတို့ လေယာဉ်နဲ့ ခေါ်တာ။ ဒီပြန်ရောက်လာတာပေါ့နော်။
၇ လပိုင်း ၃ ရက်နေ့ပေါ့။ တနေ့လုံး ပြည်ထဲရေး ရုံးမှာ ကျနော်နေခဲ့ရတယ်။ အဲ့ဒီမှာ ကျနော့်ကို ဘာထပ်ယူသေးလဲ ဆိုတော့ ကျနော့်ကို နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေ သူတို့ ထပ်ရိပ်ခိုင်းသေးတယ်။ ရိပ်ပြီး ယူထားသေးတယ်။ မနက်မိုးလင်းကျ သွားတိုက်ခိုင်းတယ်။ အဲ့ဒါတွေလည်း သူတို့ ယူထားသေးတယ်။ သူတို့ ဘာလုပ်မလဲတော့ ကိုယ်လည်း မသိဘူးလေ။ ယူထားပြီးတော့ ကျနော့်ကို အိမ်ပြန်ပို့ပေးမယ် ပို့ပေးမယ်ဆိုပြီးတော့ မနက် မိုးလင်းကျတော့ ၉ နာရီလောက်မှ ပြန်ပို့ပေးမယ်ပေါ့နော်။
၃ ရက်နေ့က တည လုံးအိပ်ပြီးတော့မှ မနက်မိုးလင်းကျတော့ အိမ်ပြန်ပို့ပေးမယ်ဆိုပြီး သူတို့ ကားပေါ် တင်ပြီးတော့ ခေါ်သွား တယ်။ ကျနော်ကလည်း အိမ်ပြန်ပို့ပေးမယ်ထင်လို့ အိမ်ပြန်ပို့ပေးတာ မဟုတ်ဘူး။ ကုတင် ၁၀၀၀ ကို သွားပြီး တော့ ဆီးထပ်စစ်တယ်။ ဆီး ထပ်စစ်ပြီးတော့မှ ခရိုင်တရားရုံးကို ခေါ်ပြီးတော့မှ ကျနော် တရားခံပါဆိုပြီး စွဲချက်တင် လိုက်တယ်ပေါ့နော်။ အဲ့လို ဖြစ်သွားတာ။
ကျနော်ဘာမှလည်း မလုပ်ဘူး။ ကျနော်ဝင်ထိုင်တယ်။ ဝင်ထိုင်တာကို ဒီလိုဖြစ်တယ်။ ကျနော် အမှန်တိုင်း ပြောပြတယ်။ သူတို့က လက်မခံဘူး။ တရားခံပေါ့။ သူတို့က တရားခံ ဆိုတော့လည်း တရားခံပေါ့။ ကျနော်ဟာ ဒီနေ့ ဒီအချိန်အထိ ကလေးကို တခါပဲ မြင်ဘူးတယ်။ ဒါတောင် တရားရုံးမှာ ဗီဒီယို မှတ်တမ်းနဲ့ စစ်ဆေးတဲ့ နေ့က အဲ့ဒါတောင်မှ ပိတ်ကား အပေါ်မှာပဲ မြင်ဖူးတာပါ။ အဲ့ဒါပဲ ပြောချင်ပါတယ်။
မေး ။ ။ ကိုအောင်ကြီးက သံသယ တရားခံနဲ့ ရုံးချိန်း တရားခွင်ထဲကို လာရတယ်။ အဲ့ဒီမှာတရားခွင် စစ်ဆေး ချက်တွေထဲမှာ ထွက်ဆိုချက်တွေနဲ့ ကိုအောင်ကြီး သိထားတဲ့ အချက် ကွဲလွဲချက်တွေများ ရှိရင်လည်းေ ပြာပြပေးပါအုန်း ။
ဖြေ ။ ။ ကွဲလွဲချက်တော့ သိပ်မရှိပါဘူး။ အကုန်လုံး ထွက်ဆိုချက်တွေက အမှန်အတိုင်းပဲ ထွက်ဆိုကျတာပါ။ ဒါပေသိ နည်းနည်း လွဲတာက သူတို့ အိမ်သွားတာနဲ့ မသွားတာ ဒါလေးရယ်။ ဆိုင်ကယ် စီးတာ၊ မစီးတာ။ ကျနော်က နေ့ခင်းပိုင်းက သွားတာက ကျနော့်ညီ ကားနဲ့ သွားတာလေ။ သူတို့က ဘယ်လိုကြောင့်လဲတော့ မသိဘူးပေါ့နော်။ ကျနော် စခန်းမှာတုန်း က သူတို့ ရှေ့စကားနဲ့ နောက် စကားညီအောင်လို့ ဆိုပြီး ဆိုင်ကယ်နဲ့ လာတယ်လို့ ပြောတယ်။ သူက ရိုးရိုးသားသား ပါပဲ။ အဲ့လိုမျိုး ကျနော်လည်း ရိုးရိုးသားသား ပြောလိုက်တာ။ အဲ့တခုလောက်ပဲ လွဲချော်သွားတာပါ။
မေး ။ ။ အဲ့ဒီလို ထွက်ဆိုချက်တွေမှာ ကိုအောင်ကြီးဟာ ပြစ်မှု မကျူးလွန်ပါဘူးဆိုပြီး အားလုံးကထွက်ဆိုကျတယ်။ ဒါပေမယ့်လည်း သံသယ တရားခံ အဖြစ်လက်ထိပ်နဲ့ နေနေရတဲ့ ခံစားချက်ကိုလည်းပြောပြပါအုန်း။
ဖြေ ။ ။ ကျနော့်စိတ်ထဲမှာ ကျနော် မဟုတ်ဘူးဆိုတာကို အမှန်တရားကို စိတ်ထဲမှာ ထည့်ထားတယ်။ ကျနော့်ဘက် က အစွမ်းကုန် ကြိုးစားပေးတဲ့ ရှေ့နေအဘ ဦးခင်မောင်ဇော်၊ ဆရာမ မစုဒါလီအောင်၊ ရှေ့နေ ဆရာ သဲမောင်မောင် ရှေ့နေတွေ အများကြီးပါဘဲ။ သူတို့ ကျနော့် အမှန်တရား အတွက် ရှေ့ကနေပြီးတော့ ဖော်ထုတ်တယ်။ ကိုယ်က အမှန်တရားဖြစ်တဲ့ အတွက် တရားခွင်မှာ အကုန်လုံးကိုပဲ မေတ္တာ ပို့ပြီးတော့ ကိုယ့်ကိုကိုယ် နေပါတယ်။ ဒါပေမဲ့ ခံစားချက်ကတော့ အများကြီးပဲပေါ့။
မေး ။ ။ အချုပ်ထောင်ထဲမှာရော ဘယ်လို ဖြတ်သန်းခဲ့လဲ။
ဖြေ ။ ။ ထောင်ဆိုတာတော့ ဘယ်သူမှ ရောက်ချင်တဲ့နေရာမဟုတ်တော့ အကုန်လုံးက အပြင်နဲ့တော့ တခြားစီပဲပေါ့။ ဒါပေသိ နေရထိုင်ရတာ အဆင်ပြေပါတယ်။ အဆိုးထဲက အကောင်းပဲပေါ့။ နေရတာတော့ အဆင်ပြေပါတယ်။ အကုန် လုံးက ကူညီကျပါတယ်။
ဖြစ်တာကတော့ ၇ လပိုင်း ၄ ရက်နေ့က ကျနော်တရားခံ ပါဆိုပြီးတော့ ခရိုင်တရားရုံးမှာ စွဲချက်တင်တဲ့ နေ့ကတော့ ခရိုင် အချုပ်ထဲ ထည့်တဲ့ အချိန်မှာ အဲ့ဒီတခါကတော့။ ဒါကတော့ ကျနော်တို့ မြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု အရက တော့ ဒီလို အမှုကြီးကတော့ ဘယ်သူမှ လက်သင့်ခံလို့ မရတဲ့ အမှုဆိုတော့ ဝိုင်းပြီးတော့ လူငယ် သဘာဝပဲပေါ့ ဝိုင်းသမ ကျတာပေါ့ (ပြုံးလျက်) ခံခဲ့ရတာပေ့ါနော်။ ဒါပေသိလည်း ဒီနေ့ ဒီအချိန်မှာတော့ ပြီးသွားပါပြီ။ ထောင်ထဲရောက်တော့ အကုန်ကောင်းသွားပါတယ်။
မေး ။ ။ ကိုအောင်ကြီး အနေနဲ့ အမှုမှာလည်း ကိုယ်တိုင် ပါဝင်သလိုပဲ သိခဲ့ရတာ ဆိုတော့ ဗစ်တိုးရီးယား လေးအတွက် အမှုမှန်ပေါ်ပေါက်ရေး အတွက် ကိုအောင်ကြီးအနေနဲ့ ဘာများလုပ်ပေးနိုင်တာ ရှိမလဲ။
ဖြေ ။ ။ ကလေးလေး အတွက် အမှန်တရား အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ကျနော် ဆုတောင်းပါတယ်။ အမှန်တရား ပေါ်ပေါက်ဖို့အတွက်လည်း ကျနော် လုပ်နိုင်သမျှ အကုန်လုပ်ပေးမှာပါ။ ကလေး အတွက်လည်း တကယ် စိတ်မကောင်း ပါဘူး။ ကျနော့်ကို တရားခံဆိုပြီး စွပ်စွဲတယ်။ ကျနော်ပြောချင်တာက ကျနော့်မှာ အဖေ ၊ အမေ၊ အမ၊ ညမ လေးလည်း ရှိပါတယ်။ ပြီးတော့ အကို၊ အမက မွေးထားတဲ့ တူမလေးတွေလည်း ရှိပါတယ်။ အဲ့လိုမျိုး မဟုတ်ပါဘူး။ အဲ့လိုပဲ ကျနော်ပြောချင်ပါတယ်။
မေး ။ ။ ရှေ့လျောက် ဘာများ လုပ်ပေးမယ်လို့ စိတ်ကူးထားလဲ ။
ဖြေ ။ ။ ကျနော်မှာက ဘာမှ ပညာ မရှိဘူးလေ။ အတတ် ပညာပဲ ရှိတယ်။ ကျနော် ကားမောင်းတတ်တယ်။ ကား မောင်းတဲ့ ပညာနဲ့ပဲ ကျနော် အဖေနဲ့ အမေကို သေတဲ့ အထိ ကျေးဇူးဆပ် လုပ်ကျွေးသွားမှာပါ။ ကျနော့် အတွက်တော့ ဒီအမှုက လွတ်မြောက်ခဲ့တဲ့ အတွက် ပြောမပြ တတ်အောင် အရမ်း ဝမ်းသာတယ်။ အဲ့ဒီ အတွက် ကျနော့် အဖေ အမေ ကို သေတဲ့ အထိလုပ်ကျွေးသွားမှာပါ။ ဒါ ကျနော့် ရင်ထဲက စကားပါ။
မေး ။ ။ ကိုအောင်ကြီး စွပ်စွဲခံ ဘဝနဲ့ နေခဲ့ရတဲ့ အတွက် ကိုယ့်ရဲ့ ဆုံးရှုံးမှုအတွက် တောင်းဆိုလို့ ရကြေးဆိုရင် ဘာများ တောင်းဆိုမလဲ ။
ဖြေ ။ ။ ဆုံးရှုံးတာတော့ ကျနော့်မှာ အချိန်တွေရော၊ လူတွေရော၊ ဂုဏ်သိက္ခာတွေရော ဒါတွေက တကယ်ကို ရင်ထဲမှာ ခံစားရပါတယ်။ ငွေရေးကြေးရေးက ကျန်တဲ့ အပိုင်းမှာ ဘာမှ မကုန်ဘူးဆိုပေမယ့်လည်း ကျနော်တို့ မရှိတဲ့ လူကျတော့ အနည်း အကျဉ်းကတော့ ကုန်ရတာပဲလေ။ ကျနော့်ရဲ့ နစ်နာမှု အတွက် ကျနော့်ရင်ထဲမှာတော့ ဟိုလိုမျိုး ဖြစ်ရမယ်။ ဒီ လိုမျိုး ဖြစ်ရမယ်လို့တော့ မရှိပါဘူး။ အားလုံးကို မေတ္တာပဲထားပါတယ်။ မေတ္တာထားတဲ့ အတွက်ကြောင့် အကုန်လုံးရဲ့ မေတ္တာပဲ ပြန်ရတယ်လို့ ကျနော်ထင်ပါတယ်။ အဲ့ဒါကိုပဲ ကျနော် ပီတိ ဖြစ်ရပါတယ်။
မေး။ ။ ကိုအောင်ကြီး ဒီအမှု မဖြစ်ခင် ဘယ်မှာ နေတာလဲ။
ဖြေ ။ ။ ကျနော်က ရန်ကုန်မှာနေတာ များတယ်။ ကျနော့်ဘဝက ရိုးရိုး သာမန် တယောက်နဲ့ပဲ ဖြတ်သန်းလာခဲ့တာပါ။ ကျနော် လူငယ်ဘာဝ နည်းနည်း ဆိုးချင်ဆိုးမယ်။ မိုက်ချင် မိုက်မယ်။ ရိုင်းတော့ မရိုင်းပါဘူး။ ဒါပေသိ ကျနော် လုံးဝ မ ယုတ်မာပါဘူး။ ယုတ်မာ တဲ့ စိတ်ဓာတ် လုံးဝ မရှိပါဘူး။ ဒါ ကျနော်တို့ရဲ့ မိသားတစုလုံးရဲ့ စိတ်ဓာတ်ပါ။ နေပြည်တော်ကို ၁၅ နှစ်လောက်ရှိပြီ။ ဒါပေမယ့် ရန်ကုန်မှာ ရှိတဲ့ အမနဲ့ပဲ အနေများတာ။ ဒီမှာ အပေါင်း အသင်းလည်း မရှိတော့ သိပ်မ နေချင်ဘူး။ အဖေတို့ဆီ ခဏ အလည်လာတယ်။ ပြီးရင် ရန်ကုန်မှာပဲ နေတယ်။ ရန်ကုန်မှာပဲ အလုပ် လုပ်တယ်။
အမှန်အတိုင်း ဝန်ခံရင် ထောင်ထွက်တယောက်ပါ။ ကိုယ့်ရဲ့ အမဲစက်ကြီးနဲ့ ဒီလိုမျိုးတိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတယ် ဆိုတော့ သူတို့ကပြောတာပေါ့။ ထောင်ထွက် ခုနပြောချင်တာ အဲ့ဒါပြောချင်တာ။ ထောင်ထွက်ဆိုပေမယ့် မဆိုင်ဘူးလေ။ ကျနော့်အပြစ် ကျနော်ခံယူပြီးသွားပြီ။ ထောင်ထွက်တိုင်း ယုတ်မာ ရမှာလား။ အဲ့ဒါပြောတာပေါ့။ ထောင်ထွက်တော့ ထောင်ထွက်ပဲ။ ဘာပဲ ထွက်ထွက် လူဟာ စိတ်ဓာတ်အောက်တန်း မကျဖို့ပဲ လိုတာပါ။
ထောင်ထွက်ဆိုတဲ့ အရာကြီးကို သူတို့က နှိပ်ကွပ်ချင်တယ်။ မင်းက ထောင်ထွက်။ မင်း ဟုတ်မှာပေါ့။ မင်းလုပ်မှာပေါ့။ ကျနာ်မလုပ်ပါဘူး။ ကျနော်ထောင်ထွက် ဆိုပေမယ့် ကျနော် မလုပ်ပါဘူး။ ကျနော် မယုတ်မာ ပါဘူးပြောတယ်။ အဲ့တခု တော့ ကျနော် ခံစားရတာပေါ့။ ကျနော် အဲ့ဒါ ပြောချင်တာ။
မေး ။ ။ ကိုအောင်ကြီးကို ဖမ်းတာဟာ အဲ့ဒီနေ့က ကျောင်းကို တစိမ်းယောကျာၤးလေး လာတာ ကိုအောင်ကြီးပဲရှိတယ်။ ပြီးတော့ ကိုအောင်ကြီးဟာ သူ့ရဲ့ လက်တွေကို နမ်းတာမျိုး ဘာညာလည်း တွေ့ရတယ်ဆိုပြီး ရဲဘက်က ပြောတယ် ရှိတယ်။ အဲ့ဒီ အပေါ်မှာရော ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ကျနော် ခုနပြောသလိုပေါ့။ ကျနော် အပြင်ကို ထွက်တယ်။ ကွမ်းတံတွေးတယ်။ ထွေးပြီးတော့ ခုနက ထိုင်ခဲ့တဲ့ ခုံမှာ ဆရာမကြီးပေးတဲ့ အခွေရယ်၊ ကွမ်းထုတ်ရယ် ကျန်ခဲ့လို့ ကျနော်ဝင်ယူတယ်။ ဝင်ယူပြီးတော့မှ ကျနော် ပြန်ထွက် လာတယ်။ ကျနော် ကားအပေါ်မှာ ထည့်တယ်။
ပြီးတော့မှ ကျနော့် မျက်နှာက အဆီပြန်တတ်တယ်။ ထိုင်နေတဲ့ အချိန်က အထဲမှာ အဲကွန်း ဖွင့်ထားတော့ အေးတော့ အ ဆီပြန်တတ်တော့ ပွတ်တာ။ အဲ့ဒီ တခါမှ ပွတ်တာ မဟုတ်ဘူး။ အမြဲတမ်း ပွတ်နေကျ။ သူတို့က ပြောတယ်။ ရဲတွေ စစ် တော့ခေါ်မေးတော့ မင်းမျက်နှာကို ဘာလို့ ပွတ်တာလဲ မေးတော့ ကျနော်က ကိုယ့်ဟာကိုယ် သတိတောင် မထားမိဘူး။ အဆီပြန်လို့ အမှတ်မထင် ပွတ်လိုက်မိတာပါ။ အဲ့ဒါပါဘဲ။