တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် ချင်းလူမျိုး ၂၀၀ ကျော်လည်း AA ဘက်မှ ဝင်ရောက် တိုက်ခိုက်ပေးနေသည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောဆိုထားသည်။
AA ဘက်မှ တော်လှန်ရေးအောင်မြင်ပါက ရခိုင်ပြည်နယ်နေ ချင်းလူမျိုးများကိုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးမည် ဟူသည့် အချက်ဖြင့် စည်းရုံးခြင်းကြောင့် တပ်ထဲ ဝင်လာကြခြင်း ဖြစ်သည်ဟုလည်း ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ပြောဆို သည်။
ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်း AA စတင် အခြေချပြီးနောက် တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလာသည့် ၂၀၁၆ ခုနှစ် နောက်ပိုင်းကတည်းက AA က ပလက်ဝ မြို့နယ် ကျေးရွာများတွင် နေထိုင်သည့် ချင်းလူမျိုးများ အပေါ် လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ရှိသည်ဟူသည့် စွပ်စွဲချက်များ ရှိနေပြီး AA ဘက်မှ ၎င်းတို့ မလုပ်ကြောင်း ပြန်လည် ငြင်းဆို ထားသည်။
AA ဘက်မှ ၎င်းတို့၏အမျိုးသားရေး လှုပ်ရှားမှုများကို နှောင့်ယှက်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီး ထိန်းသိမ်းမှု များလည်း ရှိနေသည်။
AA ၏ နိုင်ငံရေး ရပ်တည်ချက်၊ တော်လှန်ရေး လုပ်ဆောင်နေမှုများအပေါ် ချင်းလူမျိုးများ၏ သဘောထားများနှင့် ပတ်သက်၍ ဆလိုင်း အိုက်ဇက်ခင်၏ အမြင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။
ဆလိုင်း အိုက်ဇက်ခင်သည် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူဖြစ်ပြီး ချင်းလူမျိုးများ၏ လူမှုရေးဆိုင်ရာ ကိစ္စရပ်များ တွင်လည်း ကူညီဆောင်ရွက်နေသူ တဦးဖြစ်သည်။
၂၀၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲ ပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရက ဆလိုင်း အိုက်ဇက်ခင်ကို ချင်းပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး အဖြစ် ရွေးချယ်ခန့်အပ်ခဲ့ပြီး ၂၀၁၈ ခုနှစ် မေ ၁၇ ရက်တွင် နုတ်ထွက်ခွင့် ပြုခဲ့သည်။
မေး။ ။ NLD ဘူးသီးတောင် မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးမှုနဲ့ ပတ်သက်ပြီး ရပ်တည်ချက် ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ သိသလောက်ကတော့ ICJ (အပြည်ပြည်ဆိုင်ရာ တရားရုံး) ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ကို ထောက်ခံဖို့ စီစဉ်တဲ့ အကြောင်းမှာ မူတည်ပြီး AA ဘက်က ဖမ်းသွားတယ်၊ ခေါ်သွားတယ် ဆိုတာမျိုး ကျနော်တို့ သိတယ်။ အဲ့ဒီလိုပဲ မီဒီယာတွေက ရေးတာကို သိထားတယ်။ ဒီလိုဖြစ်တော့ ဆက်စပ်တာက တတိုင်းတပြည်လုံး ရပ်တည် ထောက်ခံနေတာလေ။ ICJ မှာ အသေးစိတ် ဘယ်လောက်ထိ ဘယ်လို သွားမယ် ဆိုတာက တပိုင်းပါ။ တိုင်းသူပြည်သားများ အနေနဲ့ အထူးသဖြင့် ကိုရဲသိန်းအနေနဲ့ ဆိုရင် NLD ပါတီဝင်အနေနဲ့ သူ့ခေါင်းဆောင် နဲ့ အတူ သူရပ်တည်တယ်ဆိုတာက ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်ထဲက ကိစ္စတွေ အတွက် အထူးသဖြင့် ဘူးသီးတောင် မှာ ဖြစ်တဲ့ ကိစ္စတွေအတွက် ဘူးသီးတောင်မှာရှိတဲ့ ဥက္ကဋ္ဌက ကမကထ ပြုပြီး နိုင်ငံတော် အတိုင်ပင်ခံနဲ့ အတူ ရပ်တည် တယ် ဆိုတာကို စည်းရုံးဆောင်ရွက်တာလို့ ကျနော်တို့ မြင်တယ်။
အဲ့ဒီမှာ AA က ခေါ်သွားတယ်ဆိုတော့ ဒါက တော်တော်ကြီးကို မဖြစ်သင့်ဘူး။ ဒါက တချက်ပါ။ ဒုတိယ တချက်က လက်နက်ကြောင့် သေသွားတယ်ဆိုတော့ တပ်က ပစ်လို့ ဆိုတာပေါ့။ ကျနော်တို့ကတော့ တပ်ကပဲ ပစ်ပစ်၊ ဘယ်သူ့ ကြောင့်ပဲ ဖြစ်ဖြစ် ဘာလို့ ခေါ်သွားရသလဲ ဆိုတဲ့ မေးခွန်းကစ စဉ်းစားရတာပေါ့။ သူတို့ မခေါ်သွားဘူးဆိုရင် AA မှာ တာဝန်မရှိဘူးပေါ့။ အခုကတော့ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ထိတယ်ဆိုရင် AA နဲ့ မဆိုင်ဘူး။ အခုက AA ခေါ်သွားလို့ ဒီလိုမျိုး ဖြစ်သွားတယ်ဆိုတဲ့ အချိန်ကျတော့ AA မှာ တာဝန်ရှိတာပေါ့။
BBC မှာ ကျနော် နားထောင်ဖြစ်တာ သူတို့ မေးတာ ၂ ရက်၊ ၃ရက် ဆက်တိုက် လက်နက်ကြီး ကျတယ် ဆိုရင် ဒီလူ တွေကို ဘာလို့ လုံခြုံတဲ့ နေရာ မရွှေ့သလဲပေါ့။ နောက်တခု စဉ်းစားစရာ ရှိတာက မလုံခြုံတဲ့နေရာမှာ အရပ်သားတွေ ကို ဘာလို့ ထိန်းသိမ်းသလဲဆိုတာက မေးစရာ ရှိတာပေါ့။ ဘာပဲပြောပြော ကျနော်တို့က ဟိုဘက်ဒီဘက် ဘက်လိုက် ပြောတာ တော့ မဟုတ်ပါဘူး။ ဒါပေမယ့် အနေအထား တခုမှာ အရပ်သားတွေကို မလုံခြုံတဲ့နေရာမှာ ထားတဲ့ကိစ္စ၊ အာမ မခံနိုင်တဲ့ နေရာမှာ ထားတဲ့ ကိစ္စကတော့ ဒါကတော့ တော်တော်လေး အရပ်သားတွေ အတွက် နစ်နာတယ်။ အဲ့ဒီ့ထဲမှာ အခုလို တချို့တာဝန်ရှိသူတွေ ဝန်ထမ်းတွေကို ခေါ်သွားတော့ အထူးသဖြင့် AA အနေနဲ့ကတော့ အစိုးရကို တော်လှန်တဲ့ အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ ကိစ္စတွေ လက်ရှိအာဏာရပါတီနဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ ကိစ္စတွေ ဖြစ်လာ တာပေါ့။ အရင်တုန်းကတော့ တပ်နဲ့ပဲ ဖြစ်တယ်လို့ ကျနော်တို့ နားလည်တယ်။ အခုက တပ်နဲ့ မကတော့ဘူး။ သူတို့ ဖန်တီးတာက အစိုးရနဲ့ပါ ဖြစ်လာတယ်။ နောက် အာဏာရပါတီနဲ့ပါ ဖြစ်လာတယ် ဆိုတဲ့ အနေအထားမျိုးပေါ့။
ဒီတော့ AA ရဲ့ လုပ်ဆောင်မှုက ကွန်ဖက်ဒရေးရှင်းတွေ ဖက်ဒရေးရှင်းတွေ မကတော့ဘူး။ ဒီ့ထက် ပိုလွန်တဲ့ ရည်မှန်း ချက်နဲ့များ ပိုလုပ်နေသလားလို့ သတိထားရမယ့် အနေအထား ရှိတာပေါ့။
မေး။ ။ တခြားပြည်နယ်တွေမှာ တိုက်ပွဲဖြစ်တဲ့ အခါ လမ်းမှာ သွားလာနေတဲ့ အစိုးရ ဝန်ထမ်းတွေ တိုက်ခိုက်နေသူ တွေ မဟုတ်ပဲ ခရီးသွားလာနေတဲ့ ဝန်ထမ်းတွေကို ဖမ်းဆီးတာ မတွေ့ရဘူး။ AA ကတော့ ဒီနှစ်အတွင်း ဖမ်းတဲ့ လူဦး ရေ တော်တော်များခဲ့တယ်။ သေဆုံးသူတွေလည်း ရှိတယ်။ ဒါပေမယ့် တဖက်မှာတော့ ဂျနီဗာ ကွန်ဗန်းရှင်းနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာတွေကို လေးစားလိုက်နာပါတယ်လို့ အမြဲ ပြောနေတာလည်း ရှိတယ်။ သူတို့ တကယ်ပဲ လိုက်နာတယ်လို့ မြင်ပါသလား။ ဒီအခန်းကဏ္ဍနဲ့ ပတ်သက်ရင် AA အပေါ် ဘယ်လို မြင်ပါသလဲ။
ဖြေ ။ ။ ဒါကတော့ ဘယ်သူပဲ ဖြစ်ဖြစ် ပြောတာတော့ ပြောလို့ ရတာပေါ့။ အခုခေတ်မှာ ဘယ်သူပဲဖြစ်ဖြစ် နိုင်ငံတကာ ဥပဒေတွေ ဂျနီဗာ ကွန်ဗန်းရှင်းမှ မကဘူး။ အခြားသော လူ့အခွင့်အရေးဆိုင်ရာတွေက သင်ယူလို့ ရတာကိုး။ သင်ယူ ပြီး ပြောလို့ ရတာကိုး။ တပ်မတော်ကလည်း အုပ်ချုပ်တဲ့ အချိန်တုန်းက ပြောခဲ့တာ ရှိတာပဲ။ ပြောတာက တပိုင်းဗျ။ တခု ရှိတာက Spokesperson ရဲ့ ပြောဆိုချက် ဆိုတာက Spokesperson လုပ်ခဲ့ဖူးတော့ သိတယ်။ Spokesperson ရဲ့ပြောဆိုချက်ဆိုတာက တည်ဆောက်ထားတဲ့ အနေအထားတခုပဲ။ တခုရှိတာက အမှန်တကယ် မြေပြင်မှာ ဘယ်လို ဖြစ်သွားသလဲ ဆိုတာက အရေးကြီးတယ်။ မြေပြင်မှာ ဘယ်လိုဖြစ်သွားသလဲဆိုတာပေါ် မူတည်ပြီး ပြောရေးဆိုခွင့် ရှိသူက ကိုယ့်ဘက်ကိုယ် ရပ်တည်ပြီး ပြောရတာပဲ။ အရေးကြီးတာက မြေပြင်မှာ တကယ်ဖြစ်နေတဲ့ အတိုင်း၊ ပြောရေး ဆိုခွင့်ရှိသူ ပြောတဲ့အတိုင်း မြေပြင်မှာ တကယ်ဖြစ်သလား၊ မဖြစ်ဘူးလား ဆိုတာက နောက်ထပ် မီဒီယာတို့က စုံစမ်း ဖော်ထုတ်ရမယ့် သဘောရှိတာပေါ့။ ပြည်သူတွေဆီမှာတော့ သတင်းအမှန်က ရှိပြီးသားပါ။
တခြားပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေက တပ်နဲ့ ထိပ်တိုက် တိုက်ကြတယ်။ အရပ်သားတွေ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ အစိုးရဝန်ထမ်းတွေ မထိခိုက်အောင် တတ်နိုင်သမျှ ရှောင်တယ် ဆိုတာ သူတို့ရဲ့ စည်းကမ်းပေါ့။ သူတို့ရဲ့ ရပ်တည်ချက်က ဖက်ဒရယ် ဆိုတဲ့ အနေအထား၊ ပြည်ထောင်စုက မခွဲထွက် ပါဘူးဆိုတဲ့ အနေအထားက ရပ်တည်တာပေါ့။ KIO (ကချင် လွတ်လပ်ရေး အဖွဲ့)တို့ KNU (ကရင် အမျိုးသား အစည်း အရုံး) တို့ ဆိုရင်လည်း သူတို့မှာ သီးခြား ကိုယ်ပိုင်ပြဌာန်းခွင့် အတွက် တိုက်ပွဲဝင်နေကြတာတောင် အထူးသဖြင့် အစိုးရ နဲ့ ပတ်သက်လာရင် တတ်နိုင်သမျှ အစိုးရဘက်ကို မထိခိုက်အောင် ကြိုးစားတာမျိုးတွေ တွေ့ရတယ်။ ဥပမာ အရင်အစိုးရ လက်ထက်က KIA (ကချင် လွတ်လပ်ရေး တပ်မတော်) က ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီး ဦးကမန်းဒူနော် ဆိုရင် တိုက်ပွဲကြားမှာ ဖမ်းမိ သွားတာမျိုးရှိတယ်။ ဖမ်းမိတာမျိုးတော့ မဟုတ်ဘဲ စစ်ဆင်ရေးကြားမှာ ရောက်သွားတော့ ဦးကမန်းဒူနော်ကို ထိန်းသိမ်း လိုက်ရတဲ့ ခေါ်ထားလိုက်ရတဲ့ သဘောရှိတယ်။ ဒါပေမယ့် နောက်တရက်၊ တညလောက်ကျတော့ ဦးကမန်းဒူနောင်ကို ပြန်ခိုင်းတယ်။
အခု ကိုဝှေ့တင်း ဖြစ်တဲ့ ကိစ္စဆိုရင် သူတို့ Accident ခေါ်သွားတဲ့ သဘောပဲ။ ကျနော်တို့ အစက နားလည်တာက။ ဒီနောက်ပိုင်းမှာ AA က Accidently ခေါ်သွားတဲ့ကိစ္စကို သူတို့က ပြန်တည်ဆောက်တယ်။ အဓိက ကတော့ မြေပြင် တပ်ဖွဲ့ တွေက ဘယ်လို ဆက်ဆံသလဲ ဆိုတဲ့ကိစ္စ ရှိပါတယ်။ ကိုရဲသိန်း ကိစ္စဆိုရင် တပ်ဘက်က ပြောတာက ဒီဇင်ဘာ ၁၁ ရက် ခေါ်သွားပြီးကတည်းက ၁၂ ရက်၊ ၁၃ ရက်ကတည်းက ကိုရဲသိန်းက မရှိတော့ဘူးလို့ တပ်ဘက်က ပြောတဲ့ သဘောထား ရှိတယ်။ နောက်ကျမှ မနေ့တနေ့ကမှ လက်နက်ကြီးကျည် ကျပြီး သေသွားတယ်ဆိုတာ မဟုတ်တော့ ဘူးပေါ့ တပ်ဘက်က ပြောတာက။ ဒါကလည်း မမှန်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။
အရေးကြီးတာက မြေပြင်မှာဖြစ်တဲ့ မြေပြင်တပ်ဖွဲ့၊ တပ်သားတွေက ဒေါသနဲ့အလျောက် ရှေ့တန်းမျက်နှာပြင်မှာ ဖြစ်တဲ့ ကိစ္စတွေက တမျိုးဖြစ်လိမ့်မယ်။ Spokesperson ဆီ ရောက်တော့ သူက တမျိုးပေါ့။ ကျိုးကြောင်း ဆီလျော်တာမျိုး ဖြစ်အောင် သူက ပြောရတာကိုး။ အဲ့ဒီ့ ၂ ခုရဲ့ အဟကိုတော့ ကျနော်တို့က နားလည် သဘောပေါက်ဖို့ လိုပါတယ်။ ဒါကတော့ ကိုခိုင်သုခမှ မဟုတ်ပါဘူး။ Spokesperson တိုင်းကတော့ ဒီလိုပြောတာပါပဲ။
မေး။ ။ ရခိုင်ပြည်နယ်ရဲ့ အလားအလာကိုရော လာမယ့်နှစ်တွေ အတွက် ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ အခုအခြေအနေမှာ ကျနော်မြင်တာကတော့ အခြေအနေ ပိုဆိုးလာဖို့ပဲရှိတယ်။ AA ဘက်ကလည်း နောက် ဆုတ် ဖို့ ခက်တယ်။ တပ်ဘက်ကလည်း နောက်ဆုတ်ဖို့ ခက်တယ်။ အစိုးရဘက်ကတော့ တောက်လျှောက် ကြားနေဖို့ ကြိုးစား တယ်။ နောက်တလှမ်း ဆုတ်တယ်။ ကြားနေဖို့ ကြိုးစားတယ် ဆိုတာက အစိုးရက ထိန်းနိုင်ဖို့ သူကိုယ်တိုင် ကျွံ ဝင်သွား လို့ မဖြစ်လို့ တပ်နဲ့ AA နဲ့ ကြားထဲမှာ ဖြစ်တဲ့ကိစ္စကို ထိန်းသိမ်းနိုင်တဲ့ နေရာတခုကို သူက တည်ဆောက်တယ်။ အဲ့ဒီ့နည်းနဲ့ တတ်နိုင်သမျှ ကြိုးစားတယ်။
နိုင်ငံတကာက Third Party တွေ သူခေါ်တယ်။ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်တဲ့ ကိစ္စမှာ Third Party intervention တွေကလည်း သိပ်အရေးကြီးတယ်။ Third Party intervention ဖြစ်အောင် သူခေါ်တယ်။ ဂျပန်နိုင်ငံ သားတွေ ဖိလစ်ပိုင်က ဆရာသမားတွေ သူသုံးတယ်။ ပြီးတော့ ဆရာဦးအေးသာအောင်တို့ ဆရာဖေတို့ ပါတဲ့ အဖွဲ့တွေ နဲ့လည်း ထပ်ထိန်းဖို့ ကြိုးစားတယ်။ နောက်ပြီးတော့ ထိန်းဖို့ ကြိုးစားတာ အားလုံးကို အထူးသဖြင့် ဒေသမှာ ရှိတဲ့ ရခိုင် နိုင်ငံရေးသမားတွေက ဟက်ဟက်ပက်ပက် မရှိဘူး။ ဒီဟက်ဟက်ပက်ပက် မရှိတာက လူထုကြားမှာပါ ယုံကြည်မှု မရှိအောင် ဖြစ်စေတယ်။ အစိုးရဘက်က ကြိုးစားပြီး ဖော်ဆောင်တဲ့ Third Party intervention ဖြစ်တဲ့ External Third Party Intervention၊ Internal Third Party Intervention နှစ်ခုလုံးကို အလုပ်မဖြစ်အောင် ဖြစ်တယ်။ ဥပမာ ပြည်နယ်အစိုးရကလည်း တခုခုဆို တပ်တို့ ရဲတို့ကို ညွှန်ကြားတယ်။ ဒါပေမယ့် တပ်တို့ ရဲတို့ကလည်း ပြည်နယ် အစိုးရ ရဲ့ စကားကို ဘယ်လောက်ထိ နားထောင်သလဲ၊ နားမထောင်သလဲ ဆိုတဲ့ ကိစ္စက နောက်တပိုင်း၊ ကျနော်တို့က ပြန် စဉ်းစားလို့ ရတယ်။
ဒီတော့ ၂၀၂၀ မှာ ရခိုင်ပြည်နယ်ရော ကျနော်တို့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာရောက ထိတွေ့မှုက ပိုများလာဖို့ပဲ ရှိတယ်။ အခုချိန်မှာ စိတ်ပူတဲ့ အချက်က ကိုထွန်းမြတ်နိုင်ရဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကို ထိန်းသိမ်းထားတဲ့ ကိစ္စ ကလည်း အရင်ဆုံး ရှင်းဖို့လိုတယ်။ ဒီကိစ္စကိုလည်း အမြန်ဆုံး မထိခိုက်အောင် လုပ်ဖို့လိုတယ်။ တချိန်တည်းမှာပဲ တပ်ဘက်က ဖမ်းတဲ့လူတွေ AA ဘက်က ဖမ်းတဲ့လူတွေ အများကြီးပဲ။ တပ်ကတော့ ဖမ်းပြီး တရားရုံး ပို့တယ်။ AA ဘက်ကတော့ ဖမ်းပြီး ဘယ်ကို ပို့သလဲပေါ့။ Reliable Judicial System အရမ်းကြောက်စရာ ကောင်းလာတယ်။ အားကိုးလို့ ရတဲ့ တရားစီရင်ရေးစနစ်တခုက ဟိုဘက် ဒီဘက်မှာ ပြည့်ပြည့်ဝဝ မရှိနေဘူး။ အဲ့ဒါ မရှိခြင်းက အရပ်သား ပြည်သူတွေအတွက် ပိုပြီး စိုးရိမ်စရာကောင်းတဲ့ အနေအထား ဖြစ်တယ်။ လူ့အသက်က တိုက်ပွဲထဲမှာမှကျတာ မဟုတ် ဘူး။ တိုက်ပွဲ အပြင်မှာတောင် ကြက်ကလေး၊ ငှက်ကလေး အသတ်ခံရသလို အနေအထားမျိုး ဖြစ်သွားနိုင်တယ်။ အဲ့ဒါမျိုးကို သုံးသပ်ရင် ၂၀၂၀ ၊ အထူးသဖြင့် ရွေးကောက်ပွဲပေါ့။ တလောကလည်း ရွေးကောက်ပွဲကိစ္စမှာ AA ကို တိုင်ပင်ရမယ်၊ ညှိနှိုင်းရမယ်ဆိုပြီးတော့ ပြောတာတွေက ကိုထွန်းမြတ်နိုင်တို့ပြောတာ ရှိတယ်။
ဒါကို ဆရာဦးလှသိန်းတို့ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကလည်း ဒါကလုပ်စရာ မလိုဘူးပေါ့။ တကယ့် တကယ်တော့ တချို့က ရွေးကောက်ပွဲ ကော်မရှင်ဘက်က ဒီလို တုံ့ပြန်ပြောဆိုတာတောင် တော်တော်လွန်နေပြီလို့ ပြောတယ်။
ပြောမယ်ဆိုရင် နိုင်ငံတော်ကို တော်လှန်နေတဲ့ အဖွဲ့တခု ဖြစ်တယ်။ အဲ့ဒီအဖွဲ့ရဲ့ တရားဝင်မှုသည် မရှိဘဲ နိုင်ငံတော် အဖွဲ့အစည်း တရပ်ဖြစ်တဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတခုဖြစ်တဲ့ ရွေးကောက်ပွဲ ကော်မရှင်လို အဖွဲ့အစည်းမျိုး က ညှိနှိုင်းရမယ်ဆိုတာ ပြောစရာ မလိုဘူးဆိုတာ သုံးသပ်တာ ရှိတယ်။ AA ဘက်က ကြည့်ရင်လည်း အစ္စရေးလို မူပေါ့။ အစ္စရေး တော်လှန်ရေးလုပ်တုန်းက ငါတို့ ဘယ်တရားဝင်မှုမှ မလိုဘူး။ ငါတို့ရှိနေခြင်းက ငါတို့ရဲ့ တရားဝင်မှုပဲ ဆိုတာမျိုး ကျူးကျော်တာ ရှိတယ်။ AA အနေနဲ့ကလည်း ရခိုင်က သူတို့ရဲ့နယ်ဖြစ်တယ်။ သူတို့ နယ်မြေကို သူတို့ ပြန်ဝင်တာ။ သူတို့ နယ်မြေမှာ သူတို့ သြဇာ တည်ဆောက်တာ သူတို့ရဲ့ သမိုင်းပေးတာဝန်ပဲ။ ဘယ်သူမှ အသိအမှတ် ပြုစရာ မလိုဘူး။ ငါတို့ရှိနေခြင်းက ငါတို့ရဲ့ တရားဝင်မှုပဲ ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ရဲ့တရားဝင်မှုကို လုပ်လာတာ ရှိတယ်။
အခုက ဘာတွေ့ရလဲ ဆိုတော့ တပ်နဲ့ AA ကြားမှာ တရားဝင်မှုကို ယှဉ်ပြိုင်နေတယ်လို့ ကျနော်တို့ သုံးသပ်တယ်။ AA ဘက်က ပြည်သူ့အာဏာပိုင် အဖွဲ့ဆိုပြီး လုပ်လာရင် အုပ်ချုပ်မှုဆိုင်ရာ တရားဝင်မှုကိုပါ ထပ်စိန်ခေါ်တဲ့ သဘောမျိုး ဖြစ်လာမယ်။ အဲ့ဒီ့အချိန်ကျရင် ဘာဖြစ်မလဲ ဆိုတော့ တပ်ပိုင်းဆိုင်ရာ ကိစ္စ၊ အရပ်ဘက် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စ၊ တရားစီရင်ရေးကိစ္စ ဒီ ၃ ခုပါလာရင်တော့ ရခိုင်မှာ အစိုးရ ၂ ရပ် ဖြစ်လာမယ်။ နိုင်ငံတော် အစိုးရရယ်။ AA က ထူထောင်တဲ့ ပြည်သူ့အာဏာပိုင် အစိုးရရယ် ဆိုပြီးတော့ပေါ့။ ဒီလို ဖြစ်လာရင် နာမှာကတော့ ပြည်သူလူထုပဲ။
မေး။ ။ ရခိုင်လူထုကလည်း AA ကို အင်တိုက်အားတိုက် ထောက်ခံနေကြတာ။ ဒါကရော အစိုးရအတွက် ရခိုင် ပြည်နယ် တွင်းက ပြဿနာတွေကို ဖြေရှင်းဖို့ အကျပ်အတည်းလို့ မြင်သလား။ ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ၂ ပိုင်း ရှိပါတယ်။ တပိုင်းကတော့ တကယ်ကို နှစ်ပေါင်းများစွာ ဗမာတွေက ခွဲခြားတယ်။ ဖိနှိပ်တယ်။ ဖြစ်လာ ခဲ့တဲ့ အခါမှာ ရခိုင်ပြည်သူတွေကလည်း နည်းမျိုးစုံနဲ့ ခက်ခဲ ပင်ပန်းတာတွေ ဖြစ်တော့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကို အဖြေတခုအနေနဲ့ သူတို့မျှော်လင့်တယ်။ ပထမတုန်းကတော့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP) ပေါ့။ ALP ကို သူတို့ အများကြီး မျှော်လင့်တယ်။ နောက် ALP က မယ်မယ်ရရ အဖြေမပေးနိုင်တော့ AA ကိုထပ်ပြီး ထောက်ခံလာတဲ့ အနေအထား ဖြစ်တယ်။ သာမန် အားဖြင့် ကြည့်လိုက်ရင်တော့ ရခိုင်ပြည်သူတွေက AA ကို ထောက်ခံကြတဲ့ကိစ္စက သူတို့ရဲ့ Emotional အရထောက်ခံကြတာ တွေ့ရတယ်။ ဒီအတိုင်းဆို ကိစ္စမရှိဘူး။ နောက်တခုက အချင်းချင်း ကြောက်လို့ ထောက်ခံကြတယ်ဆိုတာက ပညာတတ် ရခိုင်တွေ ကြားထဲမှာတောင် အရင်က နည်းနည်း အသံရှိတဲ့ ပုံရိပ်ရှိတဲ့ ပုဂ္ဂိုလ်တွေက သူတို့က ဘယ်ဘက်မှာပါ ဆိုတာမျိုး ပြလာကြတဲ့ သူတွေရှိတယ်။ သူတို့ရဲ့ လုံခြုံရေးအရပေါ့။ အဲ့ဒါကတော့ ဘယ်သူဘယ်ဝါ ဆိုတာတော့ ကျနော် မပြောလိုဘူး။ ဒီအခြေအနေတွေ ရှိနေတော့ AA ကိုတော့ ရခိုင် တမျိုးသားလုံးက ထောက်ခံတယ်လို့ ယူဆလို့ ရတယ်။
သို့သော် အရင်က သမိုင်းအဆက်ဆက်ကို ကြည့်ရင်လည်း တော်လှန်ရေးကာလမှာ အခုလိုတော့ ဖြစ်ကြတာပဲ။ ကြာလာ တာနဲ့အမျှ တော်လှန်ရေးကာလ အဆုံးသတ်နိုင်ဖို့ အချိန်ကာလ ကြာမြင့်လာတာနဲ့အမျှ လူထုက တွေဝေ လာတယ်။ လူထုရဲ့ နစ်နာမှုကို ပိုပြီးတော့ သဘောပေါက်လာတဲ့ အခါကျရင် လူထုက AA လမ်းစဉ်ကို ယုံမလား၊ မယုံဘူးလားဆိုတဲ့ လမ်းစဉ် ဖြစ်လာတယ်။ ဒါ့ကြောင့်လည်း ကိုထွန်းမြတ်နိုင်တို့ဘက်က လက်ရှိဆင်နွှဲနေတဲ့ သူတို့ စကားနဲ့ ပြောရင် တော်လှန်ရေးပေါ့။ တော်လှန်ရေးကို မြန်မြန်ဆန်ဆန် ပန်းတိုင်ရောက်ချင်တဲ့ အနေအထားမျိုး တွေ့ရတယ်။ ဒါက ၂၀၂၀ အတွင်းမှာ အများဆုံး သူတို့ လုပ်ကြကိုင်ကြမယ့် အနေအထားရှိတယ်လို့ ကျနော် သုံးသပ် တယ်။ ဒါ့ကြောင့် ၂၀၂၀ ထဲမှာ ထိတွေ့မှုတွေက ပိုများလာမယ်။ ၂၀၂၀ အတွင်းမှာတော့ ရခိုင် ပြည်သူလူထုရဲ့ ထောက်ခံမှု၊ လက်ခံမှုက တော့ လျော့နိုင်စရာ မရှိသေးဘူးပေါ့။ ကျနော်တို့ စောင့်ကြည့်ရမှာက ဖက်ဒရယ်အတွက် ဒီလောက်ထိ တိုက်စရာ လို သလား။ ကွန်ဖက်ဒရေးရှင်း အတွက် ဒီလောက်အထိ တိုက်စရာ လိုသလား ပေါ့။ လက်ရှိ တိုက်နေတဲ့ အနေအထားက အဲ့ဒီ့ထက်များ ပိုနေသလားလို့ စဉ်းစားစရာရှိလာတယ်။
အဲ့ဒီလို စဉ်းစားတာနဲ့ အမျှ တပ်ဘက်ကရော အစိုးရဘက်ကရော ကျန်တဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေကရော ဒီအတိုင်း ကြည့်နေမှာလား ဆိုတဲ့ မေးခွန်းတော့ ရှိတယ်။ အစောပိုင်းက ကျနော် ပြောခဲ့သလိုပဲ တပ်နဲ့ ဖြစ်တဲ့ ကိစ္စကို အစိုးရဘက်က နောက်တလှမ်းဆုတ်ပြီး ထိန်းနိုင်ဖို့ ကြိုးစားတယ်။ အခု အစိုးရလည်း ပါလာတယ်။ အာဏာရ ပါတီလည်း ပါလာတော့ အစိုးရအနေနဲ့သော် လည်းကောင်း၊ အာဏာရပါတီ အနေနဲ့ သော်လည်းကောင်း ဆက်ပြီး ကြားမှာ ရပ်နေပါ့မလားဆိုတဲ့ စဉ်းစားချက် ရှိပါတယ်။
ဒေါက်တာ မျိုးညွှန့်ရဲ့ အင်တာဗျူးကို နားထောင်ရင် ကိုရဲသိန်းကိစ္စနဲ့ ပတ်သက်ပြီးတော့ ကိုရဲသိန်း သေဆုံးသွားတာ တကယ်မှန်ရင် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ တော်တော်ကြီး ထိခိုက်လာလိမ့်မယ်လို့ သတိပေးသွားတာ ရှိတယ်။ ဒါတွေ ကြည့်လိုက်ရင် တော်ရုံ လွယ်လွယ်ကူကူနဲ့တော့ ငြိမ်းချမ်းရေးရသွားဖို့ လွယ်လွယ်ကူကူ တိုက်ပွဲတွေ လျော့သွားဖို့တော့ အလားအလာ သိပ်မမြင်ပါဘူး။
မေး။ ။ AA ရဲ့ လုပ်ရပ်က ဖက်ဒရယ်ထက် ကွန်ဖက်ဒရေးရှင်းထက် ပိုမျှော်မှန်းနေတယ်လို့ မြင်ပါသလား။ ဘယ်လို ရှုမြင်ချက် ရှိပါသလဲ။
ဖြေ။ ။ တကယ်တော့ ကိုထွန်းမြတ်နိုင်တို့ လုပ်တာက ရိုးရှင်းတယ်။ နားလည်း နားလည်လွယ်တယ်။ သူတို့က အချင်း ချင်းကို နယ်ချဲ့ တော်လှန်ရေး၊ နယ်ချဲ့ ဆန့်ကျင်ရေးဆိုတဲ့ အခင်းအကျင်းအောက်ကို ထည့်လိုက်တာ။ ကျူးကျော် ဝင်ရောက်နေတဲ့ သူတွေကို တိုက်ခိုက် မောင်းထုတ်တဲ့ နည်းလမ်းပေါ့နော်။ အဲ့ဒီ့ တော်လှန်ရေး သီအိုရီနဲ့ပေါ့။ သူတို့က ရခိုင်ပြည်နယ် နယ်နိမိတ်ထဲကနေ တပ်မတော်ကို လုံးဝ တိုက်ထုတ်မယ်။ နောက်ပြီး ရခိုင်ပြည်နယ်ရဲ့ အုပ်ချုပ်မှုကို ဗဟိုလွှမ်းမိုးမှု မရှိအောင် သူလုပ်မယ်။ ပြီးရင် သူ့ရဲ့ တရားစီရင်ရေး စနစ်ကို ထူထောင်မယ်ပေါ့။ ဒါက ရှင်းရှင်းပြော မယ် ဆိုရင် သူ့ရဲ့လုပ်ဆောင်မှုက Independent Motive ကို သွားတယ်။ သူက ကွန်ဖက်ဒရေးရှင်းလို့ ပြောလိုက်ပေ မယ့် ဒီမှာ ကွန်ဖက်ဒရေးရှင်းလို့ ပြောတဲ့အခါ ဝ ပုံစံ သွားတယ်။ ဒါပေမယ့် ဝ ကတော့ အခု လက်ရှိ အနေအထား ထက်ကို တက်ဖို့ ခက်တယ်။ လက်ရှိ ရှိတဲ့အနေအထားထက် တက်မယ်ဆိုရင် တရုတ်ရဲ့ ထောက်ခံမှု၊ ဘာပဲပြောပြော တရုတ်က မျက်စိမှိတ်ပြီး မြန်မာနဲ့ ဆက်ဆံရေး အပျက်ခံပြီး ဝကို အခွင့်အရေးပေးစရာ အကြောင်းမရှိဘူး။ လက်ရှိ အနေအထားနဲ့ပဲ ဝ ကို ဆက်ထိန်းသွားဖို့ရှိလိမ့်မယ်။ ဝ ခေါင်းဆောင်တွေကလည်း လက်ရှိမှာတော့ ဒီအတိုင်းပဲ ဆက်သွားလိမ့်မယ်။
လက်ရှိမှာ ဝခေါင်းဆောင်တွေက ကိုယ့်ဘာသာ အုပ်ချုပ်တယ်။ ဖွံ့ဖြိုးတယ်လို့ ပြောပေမယ့် သူတို့မှာ နိစ္စဓူဝ သူတို့မှာ လျော့ပါး ပျက်စီးနေတာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီပဲ။ တချိန်မှာ ဝ တိုင်းရင်းသားတွေက ပညာတတ်လာတယ်။ သူတို့ကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိစ္စကို နားလည် သဘောပေါက်လာရင် လက်ရှိ ဝ ပြည်သူ့အစိုးရရဲ့ အုပ်ချုပ်မှု ပုံစံကို လက်ခံပါ့ဦးမလားဆိုတဲ့ မေးခွန်းရှိတယ်။ အဲ့ဒါကတော့ အမှန်ပဲ။ ဒါကိုလည်း ဝခေါင်းဆောင်တွေက နားလည် သဘောပေါက်ထားပုံ ပေါက်ပါတယ်။ သူတို့ကလည်း ဒီလိုမဖြစ်အောင် အထူးသဖြင့် ပညာရေး ကဏ္ဍတွေမှာ ကန့်သတ်ထားတဲ့ ကိစ္စမျိုးတွေ တွေ့ရတယ်။
အခုရခိုင်မှာလည်း ဒီမော်ဒယ်ကိုသုံးမယ်ဆိုရင် ဥပမာ ကွန်ဖက်ဒရေးရှင်း၊ ဝ ပုံစံမျိုး၊ တကယ်တော့ ဝက အနီးဆုံး ဥပမာ ဖြစ်နေလို့ပါ။ တကယ်တမ်းမှာ ဝ ပုံစံမျိုး ဖြစ်ချင်မှလည်း ဖြစ်မယ်။ သို့သော် အဲ့ဒီလိုသွားရင် တချိန်မှာ ထိပ်တိုက် ဝင်လာမှာက လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကိစ္စပဲ။ AA သည် ပြည်သူ့အာဏာပိုင် ဆိုပြီးတော့ သွားတဲ့အခါမှာ အဲ့ဒီ့ ပြည်သူ့ အာဏာပိုင်ဆိုတာ AA ရဲ့ကျောထောက်နောက်ခံ အဖွဲ့အစည်းပဲ။ တနည်းအားဖြင့် ပြောမယ်ဆိုရင် သူက ပြည်သူ့ အာဏာပိုင်ဆိုတာ အရပ်သားအုပ်ချုပ်မှုကို ရှေ့တန်းက ထုတ်လိုက်ပေမယ့် အဲ့ဒီ့အုပ်ချုပ်မှုမှာ တပ်ဖြစ်တဲ့ AA အနေနဲ့ ရှိနေတယ်။ သူက ဘာတွေ ပျောက်သွားနိုင်လဲ ဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ လှုပ်ရှား သွား လာခွင့်၊ လွတ်လပ်စွာ သင်ကြားခွင့်တို့က အနည်းနဲ့အများကို ပြုတ်ကျသွားလိမ့်မယ်။ အဲ့ဒီလို ဖြစ်လာတာနဲ့အမျှ ဒီမိုကရက်တစ် ယဉ်ကျေးမှုကြီးက ပျက်စီးသွားလိမ့်မယ်။
ဒီလိုတွေဖြစ်လာရင် ရခိုင်အသိုင်းအဝိုင်းမှာ ဘာဖြစ်လာနိုင်လဲဆိုတော့ ဒီအခင်းအကျင်းကို လက်မခံနိုင်တဲ့ လစ်ဘရယ် အုပ်စု၊ အထူးသဖြင့် လူလတ်တန်းစားအုပ်စုက ရခိုင်ပြည်ရဲ့ အပြင်ဘက်မှာ သွားနေမယ်။ ပြည်မဘက်မှာ နေမယ်၊ မဟုတ်ရင် ပြည်ပထွက်မယ်။ ရခိုင်ပြည်မှာ အဓိက ကျန်ခဲ့မယ့်သူတွေက ခုနပြောတဲ့ အခွင့်အလမ်းကို မရှာနိုင်တဲ့ လူတွေ၊ နောက်ပြီး တတ်နိုင်သမျှ ကိုယ့်အိမ် ကိုယ့်ယာမှာပဲ နေပြီးတော့ လုပ်ကိုင်စားသောက်ရမယ့် လူတန်းစား တရပ်က ပေါ်လာလိမ့်မယ်။ ပြည်သူ့ အာဏာပိုင်ဆိုတဲ့ အုပ်ချုပ်မှု ယန္တရားတခု တည်ဆောက်လိုက်နိုင်ပေမယ့် ဒီမိုကရက်တစ် ဘယ်လောက် ဖြစ်နိုင်သလဲဆိုတဲ့ မေးခွန်းရှိတယ်။ ဒါက တပိုင်းပါ။
နောက်တခုက ဘာကို ဆက်ပြောလို့ ရလဲဆိုရင် ဝတို့ ကိုးကန့်တို့နဲ့ ယှဉ်ရင် ရခိုင်ရဲ့ အားသာချက်က ကမ်းရိုးတန်း ထိစပ်တဲ့ နယ်မြေဖြစ်တယ်။ မြန်မာပြည်မနဲ့လည်း ရခိုင်ရိုးမက ကာထားတဲ့ အနေအထားရှိတယ်။ တဖက်မှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ စည်းရုံးရေး၊ ဆက်ဆံရေးက လက်ရှိအနေအထားမှာ မဆိုးဘူး ဆိုတော့ အဲ့ဒါတွေ ကြည့်ပြီးတော့ ကွန်ဖက်ဒရေးရှင်းထက် ပိုတဲ့ ရည်မှန်းချက်ကို သူထားကောင်း ထားနိုင်တယ်။ အထူးသဖြင့် တပ်အနေနဲ့ အစိုးရ အနေနဲ့ကလည်း တော်တော်လေး ထိန်းရခက်လိမ့်မယ်။
ဘယ်သူနဲ့ ပြန်ဆိုင်လဲဆိုတော့ တပ်နဲ့အစိုးရနဲ့ကြား ဆက်ဆံရေးပေါ်မှာလည်း မူတည်လိမ့်မယ်။ ရှင်းရှင်း ပြောရရင် အဖြေရှာဖို့ ကြိုးစားတဲ့သူက အစိုးရပဲ ဖြစ်လိမ့်မယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ဂုဏ်သိက္ခာနဲ့ မာနနဲ့ ဆတ်ဆတ်ထိ မခံ ပြန်တိုက်မယ့် သူက တပ်ဖြစ်ဖို့များတယ်။ တပ်နဲ့ အစိုးရကြားထဲမှာ အစိုးရရဲ့ ပြဿနာ ဖြေရှင်းဖို့ ရှာဖွေချက်ကို တပ် ဘက်က မထောက်ခံနိုင်ဘူး။ မပါနိုင်ဘူးဆိုရင်တော့ ထိန်းသိမ်းမယ့် ကိစ္စက ပိုခက်လိမ့်မယ်။ အဲ့ဒီလိုပြောလို့ အစိုးရနဲ့ တပ်က ပေါင်းပြီး ရခိုင်ကို ဝင်တိုက်မယ်လို့ ပြောချင်တာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့က ကျနော်တို့ သိသလောက် ပြောရရင် ဒီကိစ္စကို လက်နက်မကိုင်ဘဲ အဖြေရနိုင်မယ့် နည်းကို အစိုးရဘက်က ဖြေရှင်းချင်တဲ့ သဘောထား ရှိတယ်။
မာန်အောင်သွားတဲ့ အချိန်မှာလည်း နိုင်ငံတော်အတိုင်ပင်ခံက ပြောတယ်။ သူပြောပေမယ့် သူပြောတဲ့ သီအိုရီကို တပ် ဘက်က ဘယ်လောက်ထိ သိသလဲဆိုတာက တပိုင်းပေါ့။ တပ်မှာကလည်း စိတ်ခံစားချက်တွေ ရှိတယ်။ သူ့လူတွေ ဒီလောက် ဆုံးရှုံးခံပြီးမှ တိုက်ပွဲတွေ ရပ်လိုက်ရမလား။ ရပ်ရင်ရော ဒီလူတွေက ပြောလို့ ရပါ့မလားဆိုတာတွေ ရှိတယ်။ အဲ့ဒါတွေ အကုန်လုံး ခြုံကြည့်လိုက်ရင် ရခိုင်မှာဖြစ်နေတဲ့ အနေအထားက ၂၀၂၀ အလွန်တောင်မှ ကျနော်တို့ နိုင်ငံရေး အရ အဖြေရဖို့ အလှမ်းဝေးတဲ့ အနေအထားတော့ မြင်မိတယ်။
မေး။ ။ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သူ့တပ်ထဲမှာ ချင်းလူမျိုး ၂၀၀ ကျော်တောင် ဝင်တိုက်ပေးနေတယ်လို့ ပြောထား တယ်။ တော်လှန်ရေး အောင်မြင်ရင် ချင်းတွေလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမယ် ဆိုတာမျိုး ရည်မှန်းချက်နဲ့ စည်းရုံး ပြီးတော့ပေါ့။ ဒီတော့ ဆရာကိုယ်တိုင်လည်း ချင်းလူမျိုးဆိုတော့ ဒီအချက်ကို ဘာပြောချင်လဲ။ တကယ်ပဲ မြေပြင်က ချင်းတွေက စိတ်ပါလက်ပါနဲ့ ပါကုန်ကြပြီလား။
ဖြေ။ ။ ကိုထွန်းမြတ်နိုင်ကတော့ Very Nice ပါ ။ သူပြောတာ ဆိုတာကို ကြည့်ပြီး တော်တော်လေး သဘောကျမိ တယ်။ ဆိုလိုချင်တာက သူ့အနေနဲ့က တော်တော်လေး ပညာတတ် အမျှော်အမြင်ကြီးတဲ့ နိုင်ငံရေးသမား တယောက် အနေနဲ့ သူပြောနေတာပေါ့လေ။ ဒါပေမယ့် ကျနော်တို့က ခေတ်အဆက်ဆက် ရခိုင်တွေနဲ့ အတူနေလာတော့ ပိုသိ တယ်။ ရခိုင်ထဲမှာလည်း ကိုထွန်းမြတ်နိုင်တို့လို ပညာတတ်၊ အမျှော်မြင်ရှိတဲ့ ခေါင်းဆောင်ပိုင်းတွေ ရှိသလို အောက်ခြေ မှာကတော့ ဒီအတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။ နောက်ပြီး ချင်းတွေက အပေါ်မှာနေမှာ မဟုတ်ဘူး။ အပေါ်က လူတွေနဲ့ နေရတာ မဟုတ်ဘူး။ အောက်ခြေမှာ ရွာမှာ နေရတာ။ အောက်ခြေမှာ ရွာမှာက ကိုထွန်းမြတ်နိုင်ပြောတဲ့ အတွေးအခေါ် အယူအဆမျိုး ဖြစ်နိုင်ဖို့က ကျနော်တို့က သိပ်တော့ မမျှော်မှန်းဘူး။ အခုချိန်ထိ ချင်းတွေ အနေနဲ့ ကျတော့ ကွန်ဖက်ဒရေးရှင်းကိုတောင် တော်တော်လန့်နေပြီ။ ကွန်ဖက်ဒရေးရှင်းလို့ ပြောတဲ့အခါမှာ ဘာသာရေးက အစ ပါလာတယ်ပေါ့လေ။ ကျနော်တို့က လူမျိုးပဲ မတူတာ မဟုတ်ဘူး။ ဘာသာလည်း မတူဘူး။ အဲ့ဒါတွေက အများကြီး စဉ်းစားစရာ ရှိတယ်။ အခု ကိုထွန်းမြတ်နိုင်ကတော့ ချင်းတွေကိုလည်း ကိုယ့်ဘာသာ သီးခြား အုပ်ချုပ်တာ မျိုး ပေးမယ် ဆိုတာမျိုးကတော့ သူ့ဘက်က ပြောတာက ပြောရမှာပဲ။ သူ့အနေနဲ့ ပြောသင့်ပြောထိုက်တဲ့ စကားဖြစ်တယ်။ အရေးကြီးတာက သူပြောတဲ့ဟာ မဟုတ်ဘဲ အခုကတည်းက သူ့ရဲ့ ဆောင်ရွက်မှုတွေ အားလုံးသည် အထူးသဖြင့် ချင်းလူမျိုးတွေနဲ့ ပတ်သက်တဲ့ အခါမှာ အပေါ်ကနေ အောက်ခြေထိ အများကြီး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်သင့်တဲ့ အနေအထားမျိုး လိုနေသေးတယ်လို့ ကျနော်တို့ ပြောချင်တယ်။
အဲ့ဒီနေရာမှာ တခုရှိတာက ကိုခိုင်သုခ ပြောတဲ့စကားပါ။ တော်လှန်ရေးကာလမှာတော့ လူမျိုး၊ ပါတီ မကြည့်ဘူး။ ထိခိုက်ရင်တော့ ချမှာပဲဆိုတဲ့ စကားမျိုးနဲ့ ကိုထွန်းမြတ်နိုင်ပြောတဲ့ စကားမျိုးက အပေါ်အောက် မတူဘူး။
ကိုထွန်းမြတ်နိုင် ပြောတာကတော့ နိုင်ငံရေးမျှော်မှန်းချက်နဲ့ ပြောနေတဲ့ အနေအထားမျိုးလို့ မြင်တော့ မဆိုးဘူးပေါ့။ သို့သော် ကိုခိုင်သုခ ပြောတာကလည်း မြေပြင်မှာ ဖြစ်နေတာကို တိုက်ရိုက် ရောင်ပြန်ဟပ်ပြီးတော့ ထင်ဟပ်ပြီး ပြောတဲ့ အနေအထားမျိုး ဖြစ်တယ်လေ။ ဒီနှစ်ခုကြားထဲမှာ ချင်းလူမျိုးများအနေနဲ့ ဘယ်ဟာကို ဖြစ်ဖြစ် ကြိုဆိုဖို့ ခက်ပါတယ်။
မေး။ ။ ဒါဆိုရင် AA အင်အားကြီးထွားလာတာနဲ့ အမျှ ချင်းလူမျိုးတွေမှာလည်း စိုးရိမ်ကြောင့်ကြမှုက ရှိနေတယ်ဆိုတဲ့ သဘောပေါ့နော်။
ဖြေ။ ။ စိုးရိမ်မှု ရှိသလားလို့ မေးရင် စိုးရိမ်တာ မကတော့ဘူး။ ကြောက်တောင် ကြောက်နေကြတဲ့ အနေအထားမျိုးပါ။ ဘယ်နေရာ၊ ဘယ်ဒေသလို့တော့ မပြောလိုဘူး။ ကျနော်တို့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကနေ ရခိုင်ပြည်နယ် ဘက်ကို ဆင်းလာပြီး တိုက်ပွဲတွေ စဖော်တဲ့အချိန်မှာ စိုင်းဒင်တောင်တန်း ဒေသတို့ ယိုးချောင်းဒေသမှာ ရှိတဲ့ ကျနော်တို့ ချင်းမျိုးနွယ်စုတွေ နယ်မြေတွေ ကြားထဲမှာ စဆင်းလာတယ်။ အဲ့ဒီ့ကနေတဆင့် ဆက်ပြီးတော့ ရခိုင်ဒေသ၊ ရခိုင် လူမျိုးတွေ နေထိုင်တဲ့ ရွာတွေကြားကို ဆင်းလာတယ်ပေါ့လေ။ ကျနော်တို့က ၂၀၁၇၊ ၂၀၁၈ လောက်ကတည်းက ကျနော်တို့ မျိုးနွယ်စုတွေ နေတဲ့ နေရာတော်တော်များများက လုပ်ကိုင်စားသောက်ဖို့ ခက်သွားပြီ။ ကျနော်တို့ထဲက တချိုု့ ခေါ်သွားခံရတဲ့ လူတွေ အသတ်ခံရတဲ့ လူတွေ ရှိတယ်။ ကျနော်တို့ ဘာမှကျယ်ကျယ်လောင်လောင် မပြောဘူး။ ဖြစ်ကြတဲ့ အချိန်မှာ ထိကြခိုက်ကြတဲ့ ကိစ္စတွေကတော့ ရှိမှာပဲ ဆိုပြီး ဝင်မစွက်ကြပါဘူး။ ဒါပေမယ့် ဦးဝှေ့တင်း ကိစ္စ ဖြစ်လာတော့ ကျနော်တို့ တော်တော်ကြီး တုန်လှုပ်မိပါတယ်။ ကျနော်တို့ နားလည်သလောက်က ဦးဝှေ့တင်းနဲ့က AA နဲ့ ဘာမှ ထိပ်တိုက်ဖြစ်စရာ အကြောင်း မရှိဘူးလေ။
ကိုခိုင်သုခ စွပ်စွဲတဲ့ ကိစ္စတို့ ဆိုတာကလည်း တည်ဆောက်ထားတဲ့ ဇာတ်လမ်းတွေပဲ ဖြစ်ဖို့များတယ်။ ကျနော် သိသလောက်က ကိုဝှေ့တင်းသည် အင်မတန်မှ ရိုးသားပြီးတော့မှ လက်နက်စွဲကိုင်ပြီး တော်လှန်တဲ့ ကိစ္စမျိုးကို မယုံကြည်သူ ဖြစ်တယ်။ သူက ကျနော်တို့ထက် စာရင် သူက ရခိုင်အသိုင်းအဝိုင်းနဲ့တောင် ပိုပြီးတော့ ရင်းနှီးတယ်။ နီးစပ်တဲ့ သူဖြစ်တယ်။ သူကိုယ်တိုင် ဗုဒ္ဓဘာသာ ဖြစ်တယ်လေ။ အဲ့ဒီလို အနေအထားမျိုးမှာတောင် ခေါ်သွားတယ်။ တလကျော်ကြာလာတဲ့အထိ အစအန မရဘူး။ နောက် ကိုခိုင်သုခရဲ့ အင်တာဗျူးမှာ ကြည့်ရင် ကိုဝှေ့တင်း အပါအဝင် သူတို့ ခေါ်သွားတဲ့ လူတွေရဲ့ လုံခြုံရေးကို အာမ မခံနိုင်ဘူး ပြောတာက ကိုဝှေ့တင်းရဲ့ အသက်၊ လုံခြုံမှု အားလုံးက သူတို့ လက်ထဲမှာ ရှိနေတယ်။ လွှတ်တော် ကိုယ်စားလှယ်တောင် ဒီလို ဖြစ်တယ်ဆိုတော့ သာမန်အရပ်သား ပြည်သူတွေ အတွက်ဆိုရင်တော့ ကျနော်တို့ ပိုစိုးရိမ်တာပေါ့လေ။ တခုခု ဖြစ်လာရင်တောင် ကျနော်တို့ ဘယ်သူ့ကို ပြောရမလဲ။ ဘယ်သူ့ကို တိုင်ရမလဲ။ AA က ခေါ်သွားရင်တောင် ကျနော်တို့ AA ထဲက ဘယ်သူ့ကို ပြောရမလဲ။ ဘယ်သူ့ကို တိုင်ရမလဲ ဆိုတာ ဘာမှ မရှိဘူး။
တပ်က ခေါ်သွားတယ် ဆိုရင်တောင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ သမ္မတ တို့ကို လှမ်းတိုင်လို့ ရသေးတယ်။ ဒီအနေအထားမျိုး ဖြစ်တော့ ကျနော်တို့ကတော့ ပိုပြီးတော့ စိုးရိမ်မှု ကြီးပါတယ်။ ။
You may also like these stories:
သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA အဖွဲ့ထုတ်ပြန်
သုံ့ပန်းချင်းလဲလှယ်လိုကြောင်း AA အဖွဲ့ထုတ်ပြန်
AA ဖမ်းဆီးထားသည့် ဓားစာခံများ လွတ်မြောက်ရေး ကြိုးစားမည်ဟု တပ်မတော် ပြော