ဖက်ဒရယ်ဒီမိုကရေစီကို ဦးတည်လျှောက်လှမ်းရင်း ကြုံတွေ့လာရတဲ့ အခြေအနေ ပြဿနာ အရပ် ရပ်ကို ရင်ဆိုင်ခဲ့ရတဲ့ ၂၀၁၉ ခုနှစ် တနှစ်တာဟာ မကြာခင်ဘဲ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ယခုလို နှစ်တနှစ် ကုန်ဆုံးပြီး နှစ်သစ်ကို ကူးပြောင်း တော့မယ့် အချိန်မှာ ပြည်တွင်းစစ်ရပ်စဲပြီး ငြိမ်းချမ်းရေး ရရှိရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးစတဲ့ စိန်ခေါ်မှုများစွာနဲ့ ကြုံ တွေ့နေရဆဲဖြစ်တဲ့ မြန်မာပြည်သူ ပြည်သားတွေအတွက် ဘာသာရေးခေါင်းဆောင်းအချို့နဲ့ လူပုဂ္ဂိုလ်အချို့ရဲ့ နှစ်သစ် ကူးဆုတောင်းစကားတွေကို ဧရာဝတီက ဖော်ပြလိုက်ပါတယ်။
ဦးပညာသီဟ (ရွှေညဝါ ဆရာတော်)
ငြိမ်းချမ်းပါစေ၊ သာယာပါစေဆိုပြီး ခေါင်းစဉ်တွေနဲ့ တရားတွေလည်း ဟောခဲ့ပေမယ့် ဘာမှဖြစ်မလာပါ ဘူး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ပက်သက်လို့လည်း လက်ရှိအစိုးရကို ပြောခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါ ဘူး၊ သူတို့လည်းပဲ ရုန်းနေရတာ သနားစရာတော့ ကောင်းပါတယ်။
ဒီတိုင်းပြည်မှာ နေရတာ တော်တော် လေး ငရဲကြီးတယ်၊ တရားဥပဒေစိုးမိုးရေးကလည်း မရှိဘူး၊ အစိုးရကလည်း ဒါကို အခုထိ မကိုင်တွယ်နိုင် ဘူး၊ ပြည်သူအားလုံးကိုတော့ နေကောင်းကြပါစေ၊ ကျန်းမာကြပါစေ၊ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။
ကာဒီနယ် ချားလ်စ်မောင်ဘို (မြန်မာနိုင်ငံ ကက်သလစ် ခရစ်ယာန်၊ ဂိုဏ်းချုပ်ဆရာတော်)
ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး ရောင်ခြည်ဟာ ကျနော်တို့မြေပေါ်မှာ ထွန်းလင်းပါစေ၊ ကျနော်တို့ မြန်မာနိုင်ငံရှိ ညီအကို၊ မောင်နှမ တဦးစီတိုင်းဟာ ငြိမ်းချမ်းခြင်းနဲ့ ပြန်လည်သင့်မြတ်ခြင်းအတွက် သံတမန် ဖြစ်ပါစေကြောင်း ဆုတောင်းပါ တယ်။ နိုင်ငံများနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဟာလည်း ကျွန်ုပ်တို့ တတ်နိုင်တဲ့အပိုင်းနဲ့ ကူညီနိုင်ပါတယ်၊ နိုင်ငံရေးတည်ဆောက်တဲ့ နေရာမှာ လူတိုင်းပါဝင်ကြဖို့ရန်အတွက် ခရစ်စမတ်က စိန်ခေါ်နေပါတယ်၊ မြန်မာနိုင်ငံဟာ သမိုင်းကြောင်း အလှည့်အပြောင်းတခုကို ကြုံတွေ့နေရပါတယ်၊ မြောက်များစွာသော စိန်ခေါ်မှုတွေကို ရင်ဆိုင်နေ ရပါတယ်။
တိုင်းရင်းသားလူမျိုးများ အကြားမှာ မပြီးဆုံးနိုင်တဲ့ စစ်ပွဲများ၊ လူများ အများအပြား အစုလိုက်အပြုံလိုက် အိုးအိမ်စွန့်ခွာရခြင်း၊ လူငယ်များစွာ ပြည်ထွက်ပြီးတော့ အလုပ်လုပ်ကိုင်ရခြင်း၊ရာသီဥတု ဆိုးဝါးဖောက်ပြန်ခြင်းတို့ကြောင့် ပြန်လည်အေးချမ်းမှုကို လိုလားတောင်းတနေကြပါတယ်။
မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံးမှာ တရားစွဲခဲ့ပါတယ်။ ပြင်းထန်တဲ့ စကားလုံးများနဲ့ နိုင်ငံတော်ကို တိုက်ခိုက်ခဲ့ပါတယ်၊ မြန်မာနိုင်ငံကလူများ ဒုက္ခခံစားနေရတာကို ကမာ္ဘက စိုးရိမ်ပူပန်တာကို မြန်မာနိုင်ငံ အနေနဲ့ နားလည်ဖို့ရန်အတွက် လိုအပ်ပါတယ်၊ ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းပြီးတော့ ပြဿနာရဲ့ သက်ရောက်မှုဒဏ်ခံစားနေရသူများ နေရပ်အိမ်ကို ပြန်ဖို့ရန်အတွက် လိုအပ်ပါတယ်၊ တချိန်တည်းမှာ နိုင်ငံတကာက မြန်မာနိုင်ငံကို ပိုမိုလည်းပဲ နားလည်ဖို့လိုအပ်ပါတယ်။
နိုင်ငံတခုအနေနဲ့ မြန်မာနိုင်ငံဟာ မိမိရဲ့ လုံခြုံရေးအတွက် ပြုလုပ်အပ်တဲ့ အစီအမံများရှိပါတယ်၊ ကမာ္ဘတဝှမ်းလုံးမှာ လည်းပဲ နိုင်ငံများဟာ မိမိရဲ့ လုံခြုံရေးအစီအမံ ကိုယ်စီရှိကြပါတယ်။
ဒီတိုင်းပြည်မှာ တွေ့ကြုံနေရတဲ့ ဒီမိုကရေစီ ရုန်းကန်မှုကို ကမာ္ဘက နားလည်ဖို့ရန်အတွက် လိုအပ်ပါတယ်၊ စစ်မှန်တဲ့ ဒီမိုက ရေစီရရေး ရုန်းကန်နေရတဲ့ မြန်မာနိုင်ငံ ကို နိုင်ငံတကာက တွဲပြီးတော့ ကူညီဖို့ ရန် လိုအပ်ပါတယ်။
အခုချိန်မှာ မြန်မာနိုင်ငံတော်သစ်ကို ပြန်လည်အရေးယူဖို့ရန် ကြိုးစားနေကြတယ်၊ ယင်းအတွက် ထိခိုက်ကြသူများဟာ ပြည်သူပြည်သားများသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားများအ တွက် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြုလုပ်ပေးသင့်သော အရာမှာ ပြစ်တင်ရှုတ်ချခြင်းမဟုတ်ဘဲ နား လည်မှုပေးခြင်း၊ အကြံပေးခြင်း၊ ဖေးမတွဲကူခြင်းများသာ ဖြစ်ပါတယ်။
သာမန်ပြည်သူလူထုကို ထည့် တွက်ခြင်းမရှိဘဲနဲ့ ပိတ်ဆို့အရေးယူမှုများဟာ မြန်မာနိုင်ငံသားများအပေါ် ကမာ္ဘက ထားတဲ့ စေတနာကို မှန်ကန်စွာအဓိပ္ပါယ် ကောက်ယူနိုင်လိမ့်မှာ မဟုတ်ပါဘူး။
မြန်မာပြည်မှာရှိတဲ့ ပြည်သူပြည်သားများဟာ မျှော်လင့်ခြင်း၊ တိုးတက်ဖွံ့ဖြိုးခြင်းနဲ့ ငြိမ်းချမ်းခြင်းကို ရရှိ စေတော်မူပါ၊ ငြိမ်းချမ်းရေးဟာ ဖြစ်နိုင်ပါတယ်။ ငြိမ်းချမ်းခြင်းသာလျှင် တခုတည်းသော လမ်းစဉ်ဖြစ်ပါ တယ်။ စိတ်ကောင်း၊ နှလုံးကောင်း ရှိတဲ့သူတွေ ငြိမ်သက်ချမ်းသာခြင်း ခံစာရပါစေ။ ပျော်ရွှင်တဲ့ ခရစ်စ မတ်နဲ့ ငြိမ်းချမ်းသာယာတဲ့ နှစ်သစ်ဖြစ်ပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ဟာဂျီ ဦးအေးလွင် (အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တဦး)
၂၀၂၀ ခုနှစ်ထဲမှာ မြန်မာပြည်မှာ မှီတင်းနေထိုင်တဲ့ ပုဂ္ဂိုလ်များရော၊ ကမာ္ဘအဝှမ်းမှာရှိနေတဲ့ သဗ္ဗေသတ္တာ ဝေနေယာ တွေရော အားလုံးငြိမ်းချမ်းသာယာဖို့အတွက် မြန်မာပြည်ကြီးမှာလည်း တရားမျှတမှုရှိပြီး တော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ပါစေ။
ကျနော်တို့ရဲ့ခေါင်းဆောင်က မြန်မာပြည်ရဲ့အလှ သည် မတူကွဲပြားမှုလို့ ကမာ္ဘမှာပြောထားပါတယ်။ အဲ့ဒီအတိုင်း လက်တွေ့ကျင့်သုံး ဆောက်တည်နိုင်ရန် မြန်မာပြည်သူ/သားအားလုံးရဲ့ နှလုံးသားမှာ အဲ့ဒီစိတ်ဓာတ် ကိန်းဝပ်ပါစေလို့ ကျနော် ဆုတောင်းအပ်ပါ တယ် ခင်ဗျာ။ တရားမျှတတဲ့၊ ရေရှည်တည်တံ့တဲ့ အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးရရှိပါစေလို့ ကျ နော်ဆုတောင်းပါတယ်။
ဒေါ်ကက်သလင်းသိန်း (အင်ကြင်းမေ ဟိန္ဒူအမျိုးသမီးကွန်ယက်)
ကမာ္ဘ့အလယ်မှာ မြန်မာနိုင်ငံအနေနဲ့ မျက်နှာပန်းပွင့်ပြီး ICJ နဲ့ ပက်သက်တဲ့ အမှန်တရားပေါ်ပေါက်ပါ စေ။ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အသီးသီးက စည်းလုံးညီညွတ်စွာနဲ့ ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ၂၀၂၀ ခုနှစ်ကစတင်ပြီး နှစ်စဉ်စည်းစည်းလုံးလုံးနဲ့ နေနိုင်ကြပါ စေလို့ ဆုတောင်းလိုက်ပါတယ်။
ဦးမြအေး (၈၈ မျိုးဆက် ၊ကျောင်းသားခေါင်းဆောင်)
နှစ်တိုင်း၊နှစ်တိုင်းတော့ ဆုတောင်းနေတာပဲ။ ကျနော်တို့ ဘယ်တုန်းကမှလည်း ဆုတောင်း မပြည့်ဘူးဗျာ။ အားလုံးက မူ တွေ၊ Principle တွေ၊ Value တွေပေါ်မှာ ရပ်ပြီး စကားပြောလာတဲ့ တနေ့ ကျနော်တို့ တိုင်းပြည် အေးချမ်းလာပါလိမ့်မယ်။
အဲ့အတိုင်းသွားဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်။ နောက်တခုက တိုင်းရင်းသား တော်လှန်ရေးတွေ လုပ်တယ်။ တန်းတူညီ မျှ အခွင့်အရေးတွေ မရလို့ တော်လှန်တာ ဖြစ် ပါတယ်။
တော်လှန်ရေးရဲ့ သဘာဝမှာ ဘေးထွက်ဆိုးကျိုးဆိုတာလည်း ရှိတတ်စမြဲပါပဲ။ မည်သို့ပင် ဘေး ထွက်ဆိုးကျိုးတွေ ရှိပါစေ၊ အပြစ်မဲ့ လူတွေ လက်နက်မဲ့ အရပ်သားတွေ ဒေသခံပြည်သူတွေ အပေါ်မှာ တော့ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းက ဘယ်သူပဲဖြစ်ဖြစ် အခွင့်အရေးချိုးဖောက်တာမျိုး၊ ဖိနှိပ် တာမျိုး လုပ်တာ မလုပ်သင့်ပါဘူး။
အထူးသဖြင့် အင်အားပိုကြီးတဲ့ တပ်မတော်အနေနဲ့ လုံးဝ မလုပ်သင့် ပါဘူး။ ဒါတွေ မလုပ်တော့တဲ့ တနေ့ ကျနော်တို့ တိုင်းပြည် အေးချမ်းလာပါလိမ့်မယ်။ အဲ့အတိုင်းပဲ ဖြစ်ပါ စေလို့ ကျနော်ဆုတောင်းပါတယ်။
ဦးခိုင်သုခ (သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ၊ ရက္ခိုင်စစ်တပ် (AA)
နှစ်သစ်ဆုတောင်းကတော့ ရခိုင်ပြည်သူတွေကို ဘေးကင်းပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့။ ဘာလို့ဆိုတော့ အခြေ အနေကြည့်ရတာက လက်ရှိ အခြေအနေကို သုံးသပ်ကြည့်ရင် လာမယ့် ၂၀၂၀ ကာလက ဒီ ၂၀၁၉ ထက် ပြင်းထန်လာနိုင် တဲ့ အနေအထားတွေ တွေ့နေရတယ်။
ဘာ့ကြောင့်လဲဆိုတော့ ဗမာ စစ် တပ်ဘက်က အခုချိန်ထိ လူအင်အား၊ လက်နက်အင်အားတွေကို နေ့စဉ်နဲ့အမျှ ဖြည့်တင်း နေတာကြောင့် တိုက်ပွဲက ဆက်ပြီး ပြင်းထန်လာမယ့် အနေအထား မြင်နေရတယ်။ ဒါ့ကြောင့် ရခိုင်ပြည်သူတွေက လည်း ဖြစ်ပေါ်လာမယ့် အနေအထားတွေကို အကောင်းဆုံး ဘေးကင်းအောင် လုံလုံခြုံခြုံနဲ့ သတိကြီး စွာ နေထိုင်ကြဖို့ပေါ့။
တဖက်မှာလည်း မတရားမှုတွေကို တွန်းလှန်တဲ့အခါ အတူတကွ လက်တွဲပြီးတော့မှ မတရားမှုထဲကနေ ရုန်းထွက်ကြဖို့ ကျနော်တို့က နှစ်သစ်အနေနဲ့ ဆုတောင်းစကား ပြောချင်ပါတယ်။
အခု အနေအထား အရတော့ ကျနော့်တယောက်တည်း သုံးသပ်ချက်ဆို Bilateral က သိပ်ပြီး မျှော်လင့်ချက်မရှိဘူး။ ဗမာ စစ်တပ်နဲ့ ဗမာအစိုးရဘက်ကသာ အင်အားသုံးပြီး အနိုင်ယူဖို့ ကြိုးစားနေတာပဲ တွေ့ရတယ်။ တွေ့ဆုံ ဆွေးနွေးပြီး စေ့စပ်ပွဲ တွေကတဆင့် ပြန်လည်ရင်ကြားစေ့ရေးဆိုတဲ့ အနေအထားမျိုးကိုလုပ်တာ မတွေ့ရဘူး။
အင်အားသုံးပြီး အနိုင်ယူမယ်ဆိုတာတွေပဲ တွေ့နေရတော့ သိပ်ပြီးတော့ Bilateral တွေ ဖြစ်မယ်ဆို တာကတော့ ကျနော့်အနေနဲ့ကတော့ အခုချိန်ထိ သိပ်မျှော်လင့်ချက် မရှိပါဘူး။
ဦးဝင်းအောင်ခန့် (ဥက္ကဌ၊ မြန်မာနိုင်ငံ အဝေးပြေး သယ်ယူပို့ဆောင်ရေး အသင်း (ရှမ်းပြည်မြောက်ပိုင်း)
ကျနော်တို့ တိုင်းပြည်အမြန်ဆုံး ငြိမ်းချမ်းပြီးတော့ စီးပွားရေး ကောင်းမွန်ပါစေ။ ၂၀၁၉ ထဲမှာတော့ ကျ နော်တို့ မကောင်း ဘူးဗျ။ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်နယ်စပ်မှာ လုပ်တဲ့သူတွေအတွက် တရုတ်နိုင်ငံရဲ့ မူဝါဒ တင်းကြပ်မှုတွေကြောင့် ကျနော်တို့ ကုန်သွယ်မှုလုပ်တဲ့ သူတွေအတွက် အများကြီးအခက်အခဲ တွေ ဖြစ်တယ်။
ဒါကြောင့် မြန်မာပြည်က လယ်ယာထွက်ကုန်တွေ၊ လုပ်တဲ့သူတွေအတွက်ကတော့ မ ကောင်းတဲ့ နှစ်တနှစ်ဖြစ်တယ်။ နောက်ပြီး ကျနော်တို့ ကုန်စည်သယ်ယူ ပို့ဆောင်ရေးလုပ်တဲ့ သူတွေအ တွက်လည်း မကောင်းတဲ့ နှစ်ဖြစ်တယ်။
လာမယ့် ၂၀၂၀ ခုနှစ်မှာတော့ မကောင်းခဲ့တဲ့ ၂၀၁၉ ခုနှစ်က အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်း ပါ တယ်။ ကျနော်တို့ အခက်အခဲတွေကို ကျော်လွှားပြီးတော့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် လုပ်ငန်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။
နယ်မြေငြိမ်းချမ်းရေး အတွက်လည်း ကျနော်တို့က နယ်စပ်မှာ နေတဲ့သူတွေဖြစ်တဲ့အတွက် အမြန်ဆုံး ငြိမ်းချမ်းရေး ရစေချင်ပါတယ်။ နယ်မြေ မအေးချမ်း ရင် အများကြီး ဒုက္ခရောက်ကြရတယ်။ အမြန်ဆုံး ငြိမ်းချမ်းရေးရပြီးတော့ စီးပွားရေး တိုးတက် ကောင်း မွန် ကြပါစေလို့ ဆုတောင်းပါတယ်။
ဒေါက်တာ မောင်မောင်လေး (ဒုတိယဥက္ကဌ၊ UMFCCI)
နှစ်သစ်မှာ အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ၊ အားလုံးညီညီညွတ်ညွတ်နဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရအောင် ဖော်ဆောင်နိုင်ကြပါစေ၊ ကိုယ်စီကိုယ်စီ လုပ်ငန်းကိုင်ငန်းတွေ တိုးတက်အောင်မြင် ပြီးတော့ တိုင်းပြည်ကို ဒီမိုကရေစီပန်းတိုင်နဲ့ ဖက်ဒရယ်ပန်းတိုင်ကို ညီညွတ်စွာ တက်လှမ်းနိုင်ပါစေလို့ ဆုတောင်းပါတယ်။
လာမယ့် ၂၀၂၀ မှာ မြန်မာ့စီးပွားရေးဟာ ဆထက်တပိုး တိုးတက် ဖွံ့ဖြိုးအောင်မြင် ပါစေ၊ အောင်မြင်ဖို့ရာမှာ ပြည်တွင်း ငြိမ်းချမ်းရေးရပြီး တပေါင်းတစည်းတည်း တိုင်းပြည်ရဲ့မျက်နှာ၊ ပြည် ထောင်စုရဲ့ မျက်နှာကို ကြည့်ပြီးတော့ အားလုံး လုပ်ဆောင်ကြမယ်ဆိုရင် မြန်မာနိုင်ငံကြီးနဲ့ ပြည်သူပြည် သားတွေ အားလုံး ရွှေထီးပြန်ဆောင်းနိုင်ပါမယ်၊ ပုံရိပ်လည်း ပြန်ကောင်းအောင် လုပ်ယူဖို့ လိုပါတယ်။
လာမယ့်နှစ်မှာ စိန်ခေါ်မှုတွေလည်း တော်တော်လေးကို ရင်ဆိုင်ရဖို့ ရှိတဲ့အတွက် စုပေါင်းပြီးတော့ သေသေချာချာ တိုင်းပြည်ရဲ့မျက်နှာကိုကြည့်ပြီးတော့ မြန်မာနိုင်ငံဟာ ဒေသတွင်းမှာ မြေဧရိယာအားဖြင့် အ ကြီးဆုံး နိုင်ငံဖြစ်တဲ့အတွက် အများကြီးလုပ်ဆောင်နိုင်ဖို့ အခွင့်အလမ်းရှိပါတယ်၊ ဒါကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်တွေအားလုံးက သူတို့ရဲ့ အားသားချက်တွေကို ပြည်တွင်း၊ ပြည်ပအထိ ထိုး ဖောက်ပြီးလုပ်နိုင်မှ မြန်မာနိုင်ငံဟာ လမ်းကြောင်းမှန်ပေါ်ကို ပိုမြန်မြန်တက်နိုင်မယ်လို့ မျှော်လင့်ပါ တယ်။
ဆလိုင်း အိုက်ဇက်ခင် (ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးဟောင်း)
ရခိုင်မှာဆိုလည်း ဒီလိုအနေအထားမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ၂၀၁၇ ခုနှစ်၊ နှစ်လယ်ပိုင်း လောက်မှာ ကျနော် တော်တော်လေး သတိထားမိတယ်။ ၂၀၁၉ မှာ အရှိန်တော်တော် ပြင်းထန်နိုင်တယ် ဆိုတာပေါ့လေ။
အဲ့ဒီတုန်းကတော့ ကျနော်တို့ ICJ ကိစ္စတော့ မမျှော်မှန်းခဲ့ဘူးပေါ့။ အခုကတော့ ရခိုင်မှာ မှ မဟုတ်ပဲ ကျန်တဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း သူ့အနေအထားနဲ့သူပေါ့။
ကချင်မှာဆိုလည်း “Jingphaw Mungdaw Nhtoi” လုပ်မလား။ “Kachin Mungdaw Nhtoi” လုပ်မလား ဆိုတာကလည်း အင်မတန်မှ စိတ်မကောင်းစရာ အခြေအနေမျိုးပေါ့။ ဒါတွေအားလုံးမှာ ဘာကိုတွေ့ရလဲဆိုတော့ ကျနော် တို့ တိုင်းပြည်ရဲ့ ဒီမိုကရက်တစ် အကူးအပြောင်းကို အနက်ဖွင့်တဲ့အခါမှာ အုပ်စုတွေကြားထဲမှာ အထူးသ ဖြင့် အင်အားကြီးတဲ့ နိုင်ငံရေး အင်အားစုတွေ ကြားထဲမှာ သိပ်သဘောထား တည်ငြိမ်မှု မရှိဘူးလို့ ကျနော်တို့ သုံးသပ်လို့ရတယ်။
ဥပမာ NLD နဲ့ ဒီဘက် ဒီမိုကရက်တစ်ကျတော့ ဒီမိုကရေစီအကူးအပြောင်းမှာ အရပ်သား အုပ်ချုပ်တာက အခုမှစတယ်။ ပန်းတိုင် မရောက်သေးဘူး၊ သွားရဦးမယ်လို့ ရပ်တည်ချက်က ရှိတယ်။
တဖက်မှာ ပြည်ခိုင်ဖြိုးတို့ တပ်မတော်တို့ကတော့ ဒီမိုကရေစီအကူးအပြောင်းက ၂၀၁၁ က စနေပြီ။ ချောမွေ့တဲ့ အကူး အပြောင်းကို ဦးသန်းရွှေက လုပ်ပေးသွားတယ်။ တိုင်းပြည်က ဖွံ့ဖြိုးရေးပိုင်းကိုပဲ သွားရမယ်။
တိုင်းပြည်က ပုံမှန်အခြေအနေပဲ ရှိတယ်လို့ သူတို့က ကိုင်တယ်။ အဲ့ဒီအတွက် NLD သည် လက်ရှိအနေအထား မျိုးမှာ တိုင်းပြည်ကို မထိန်းနိုင်ဘူး။ NLD သည် အရည်အချင်းမရှိဘူးဆိုပြီး သူတို့ဘက်က ဖွင့်ဆိုတာ ပေါ့။
ဒီဘက်က ဒီမိုကရက်တစ်အုပ်စုကတော့ အကူးအပြောင်းကာလဆိုတာ ဒီလိုပြောင်းကို ပြောင်းရ မယ်ဆိုတာနဲ့ အခုမှ အရပ်သားအစိုးရက အုပ်ချုပ်တော့ ဒါတွေ ကြုံရတယ်လို့ ဆိုကြတယ်။
တိုင်းပြည်မှာ အရပ်သားအစိုးရ အုပ်ချုပ်ပြီး လာဘ်စားမှုတွေကို တိုက်ဖျက်လာတာနဲ့ အမျှ ဘာတွေ တွေ့ရမလဲဆိုတော့ တရားမဝင် စီးပွားရေးကို ထိန်းချုပ်ဖို့ ကြိုးစားတာကနေ စပြီး ၂၀၂၀ မှာ NLD အနိုင် မရရှိရေးဆိုတဲ့ သူတွေကလည်း ပေါ်လာတာပေါ့။
အဲ့ဒါ ကြောင့် တပ်ကပဲဖြစ်ဖြစ် ပြည်ခိုင်ဖြိုးပဲဖြစ်ဖြစ် NLD ပဲ ဖြစ်ဖြစ် ပြည်ထောင်စုအဆင့် အင်အားကြီး နိုင်ငံရေး အင်အား စုတွေ ကြားထဲမှာ ဖြစ်တဲ့ကိစ္စက ၂၀၂၀ ရွေးကောက်ပွဲ အတွက် အားယူအားပြိုင်တဲ့ အနေအထားမျိုးလည်း ပါနေတယ်။
ဒါ့ကြောင့် NLD ဘက်ကလည်း နောက်ဆုတ်လို့မရတဲ့ အနေအထားမျိုး ကျနော်တို့တွေ့တယ်။ NLD ဘက်က နောက် ဆုတ်သွားရင် အခြေအနေက ခေတ္တခဏတော့ ငြိမ်သွားမယ်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် တကယ့် ပြည်သူတရပ်လုံးက လိုချင်တဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးက ပိုဝေးသွားနိုင်တယ်။
ဒီလိုစဉ်းစားချက်တွေ ရှိပါတယ်။ ဒီလိုအခြေအနေမှာ ပြည်ထောင်စုရဲ့ အကျပ်အတည်း၊ နေပြည်တော်ရဲ့ အကျပ်အတည်း မှာ အခြေခံပြီး AA အဖွဲ့အစည်းလိုမျိုးကလည်း နောက် ကိုနေဆန်းလွင်တို့ ရိုဟင်ဂျာ အုပ်စုတွေကလည်း ဒါကို အခွင့် ကောင်းယူပြီး တိုက်ခိုက်လာတဲ့ အနေအထား တွေ ရှိတယ်။
ဒါတွေက အခုမှ ဖြစ်လာတာတော့ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၄ ၊ ၅၊ ၁၀ နှစ်လောက် ကတည်း က အင်အားစုလာပြီး အခုချိန် မှာ ဘွားကနဲ ကြုံလာတဲ့ အနေအထားမျိုးပဲ။ ကျနော်တို့ ကြံဖန်ပြီး ကျေး ဇူးတင်ရ၊ စိတ်သက်သာရာရမယ့် အနေအထား ရှိတာက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တာဝန်ယူတဲ့ အချိန်မှာ ဒါတွေ ကြုံရတာက သူ့ရဲ့ ဉာဏ်ပညာနဲ့ အခြေအနေကို ဆိုးဆိုးဝါးဝါး မဖြစ်အောင် ထိန်းပေးနိုင်တဲ့ ပုဂ္ဂိုလ်တယောက်တော့ ကျနော်တို့မှာ ရှိတယ်ဆိုတဲ့ စိတ်တော့ရှိတယ်။
သူသာ မဟုတ်ရင် ဒီထက် အခြေအနေဆိုးသွားမလားလို့ စဉ်းစားရတဲ့ အနေအထား မျိုးရှိတယ်။
အဲ့ဒီအတွက် နှစ်သစ်မှာ ကျနော်တို့ ဆုတောင်းပေးချင်တာကတော့ ပြည်ထောင်စုအဆင့် အင်အားကြီး တဲ့ နိုင်ငံရေး အင်အားစုကြီးတွေက အချင်းချင်း အာဃာတတွေမပါပဲ တိုင်းပြည်ရဲ့ ဖြစ်နေတဲ့ အခြေအနေ မှန်ကို လက်ခံနားလည်ပြီး တဖက်နဲ့ တဖက် ထိန်းထိန်းသိမ်းသိမ်း၊ စည်းစည်းလုံးလုံးနဲ့ ပြည်ထောင်စု ကြီး တခုလုံးအတွက် ဆောင်ရွက်ပေးနိုင်ဖို့ ကျနော်တို့ ဆုတောင်းတယ်။
တဖက်ကလည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်နဲ့ ဖြစ်တဲ့ကိစ္စတွေမှာလည်း အမုန်းတရား တွေ မယုံ ကြည်မှုတွေကို ဖယ်ချပြီး ညီအစ်ကိုချင်းတွေ ဖြစ်တယ်ဆိုတဲ့ စိတ်နဲ့ အပြန်အလှန် အလျော့ပေးပြီး ငြိမ်းငြိမ်းချမ်း ချမ်းဖြစ်ဖို့ ကျနော်တို့ ဆုတောင်းပါတယ်။
ပြည်သူလူထုကလည်း ဒီထက်ပိုပြီး ခံနိုင်ရည်ရှိဖို့ စိတ်မပျက်သွားဖို့ ကိုယ့်ရဲ့ လုံခြုံမှုတွေကိုလည်း သတိထားကြဖို့ပဲ တိုက်တွန်းချင်ပါတယ်။
ဦးဇော်မင်းဝင်း (ကုန်သည်/စက်မှု အသင်းချုပ်(UMFCCI)၊ ဥက္ကဋ္ဌ)
နှစ်သစ်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံသူနိုင်ငံသားအားလုံး ကိုယ်ကျန်းမာ၊ စိတ်ကျန်းမာ ရှိကြပြီး မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေ။ နိုင်ငံတော်ရဲ့ အကျိုးစီးပွား ပြည်သူများရဲ့ အကျိုးစီးပွား၊ ပုဂ္ဂလိလက လုပ်ငန်းရှင်များရဲ့ အကျိုး စီးပွား ဖွံ့ဖြိုးတိုးတက် အောင်မြင်မှု အကျိုးရလဒ်ကောင်းများ ရရှိခံစားနိုင်ကြပါစေ လို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့သ အပ်ပါတယ်။
နိုင်ငံရဲ့ မူဝါဒတွေလည်း ချမှတ်ထားပြီဖြစ်တဲ့အတွက် လက်တွေ့လုပ်ကြမယ်ဆိုရင်တော့ အများကြီး တိုးတက်လာနိုင်စ ရာတွေ ရှိပါတယ်။ သို့သော်လည်း တဘက်ကလည်း စိန်ခေါ်မှုတွေ အများကြီး ရှိနေတယ်။ ဒီစိန်ခေါ်မှုတွေ ကျော်လွှား နိုင်ဖို့က တဦးတယောက်တည်း၊ အဖွဲ့အစည်း တခုတည်း၊ အစိုးရ တခုတည်း တရပ်တည်း လုပ်ဆောင်လို့ မရပါဘူး။
ပုဂ္ဂလိကနဲ့ နိုင်ငံတော်နဲ့ ပူးပေါင်းပြီး ဝိုင်းဝန်းပြီး ဆောင်ရွက်ကြမှပဲ အောင်မြင်မှု ရကြမှာပါ။ အာဆီယံ နိုင်ငံတွေ အပြင် နိုင်ငံတွေ တော်တော်များများက လည်း မြန်မာနိုင်ငံကို စိတ်ဝင်စားကြတယ်။ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြဖို့တွေ ရှိပါတယ်။ ဒါတွေကို လုပ်နိုင်ဖို့ ပြည်တွင်းလုပ်ငန်းရှင်တွေကလည်း စိတ်ဝင်တစား နဲ့ လုပ်ကြမယ်ဆိုရင် လာမယ့် ၂၀၂၀ ကတော့ စီးပွားရေးက အကောင်းဘက်ကို သွားနိုင်ဖို့ ရှိတယ်။