၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော မြန်မာနိုင်ငံ၏ ထင်ရှားသည့် သတင်းဖြစ်စဉ်များကို ပြန်ကြည့်လျှင် ဖျာပုံဒေသရှိ ပင်လယ်ကျားဖောင် လုပ်ငန်းများ၏ သတင်းများလည်း တခုအပါအဝင် ဖြစ်သည်။
မြန်မာပြည်တွင်းရှိ ရွှေ့ပြောင်းလုပ်သားများကို လူကုန်ကူးခြင်း၊ လုပ်အား ခေါင်းပုံဖြတ်ခြင်း၊ ခြိမ်းခြောက်ရိုက်နှက် ခိုင်းစေ ခြင်း၊ နှစ်စဉ်လူ ၁၀၀ ကျော် သေကြေပျောက်ဆုံးနေသည့် အခြေအနေများ ဖြစ်ပွားနေခြင်းကြောင့် သတင်း မီဒီယာများ က၂၀၁၅ ခုနှစ် နောက်ပိုင်းတွင် ဖျာပုံမြို့နယ်မှ ပင်လယ်ကျားဖောင် လုပ်ငန်းများအကြောင်း အလေးပေး ဖော်ထုတ် ရေးသားခဲ့ကြသည်။
၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ရန်ကုန်မြို့မှ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုမြတ်သူရထွန်းကို အမျိုးသမီး၂ ဦးက ဖျာပုံမြို့နယ်သို့ ခေါ်ဆောင်သွားပြီး ပင်လယ်ကျားဖောင် လုပ်ငန်းခွင်သို့ လူကုန်ကူးခဲ့သည့် ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည့် နောက် ကျားဖောင် လုပ်ငန်းများ၌ ဖြစ်ပွားနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များ အပေါ် မြန်မာပြည် တဝှမ်း လုံးမှ စိတ်ဝင်စားမှု အမြင့်ဆုံး အနေအထားသို့ ရောက်ရှိခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင် ဝေဖန်ပြစ်တင်မှု အများအပြား လည်း ပေါ်ပေါက်ခဲ့သည်။
ကိုမြတ်သူရထွန်း လူကုန်ကူးခံရမှုနှင့် ရိုက်နှက်ညှဉ်းပန်း နှိပ်စက် ခိုင်းစေခံရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ သံသယ တရား ခံ၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီး အရေးယူခဲ့ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကလည်း ပင်လယ်ကျား ဖောင် လုပ်ငန်းများ တည်ရှိရာ ဖျာပုံဒေသသို့ ကွင်းဆင်း စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ပင်လယ်ကျားဖောင် လုပ်ငန်းခွင်သို့ မြန်မာပြည် အတွင်းရှိ ရွှေ့ပြောင်း လုပ်သားများ လူကုန်ကူးခံရမှု၊ ရိုက်နှက် ညှဉ်း ပန်း နှိပ်စက်ခိုင်းစေမှု၊ သေကြေ ပျောက်ဆုံးနေသည့်ကိစ္စများနှင့် ပတ်သက်၍ ဖျာပုံခရိုင် ပင်လယ်ကျားဖောင် လုပ်ငန်းရှင် များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်းကို ဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ဆလိုင်းသန့်စင်နှင့် ထက်ခေါင် လင်းတို့က ဖျာပုံမြို့၌ တွေ့ဆုံမေးမြန်းခဲ့သည်။
မေး။ ။ ကျားဖောင်လုပ်ငန်းခွင်မှာ ဘယ်လို အကြောင်းရင်းကြောင့် ပဋိပက္ခတွေ၊ လူသတ်မှုတွေ ဖြစ်တာပါလဲ။
ဖြေ။ ။ သဘာဝတရား အရ လူတွေများလာရင် ပြဿနာတွေက ရှိမှာပဲ။ ပြဿနာဆိုတဲ့ အထဲမှာမှ ဒီရေလုပ်ငန်းနဲ့ ပတ် သက်လို့ လုပ်ငန်းအမျိုးအစား ၄ မျိုးလောက် ရှိတယ်။ အဲဒါတွေကတော့ အင်္ဂလန်ကျားဖောင်လုပ်ငန်း၊ မျှောပိုက်လုပ်ငန်း၊ စိန်ပိုက်လုပ်ငန်းနဲ့ ဘုံကျောင်းလုပ်ငန်း ရှိတယ်။ ကျန်တဲ့လုပ်ငန်း ၃ မျိုးက ဒီအန္တရာယ် မရှိဘူးလို့ ပြောလို့ရတယ်။ ဒီအင်္ဂ လန် ကျားဖောင်လုပ်ငန်း တခုတည်းမှာပဲ ဒီအန္တရာယ်ရှိနေတယ်။
ဘာကြောင့်လဲဆိုတော့ ကျန်တဲ့လုပ်ငန်းတွေက လုပ်သား ၂၀၊ ၂၅ ယောက်လောက်ဟာ တစုတစီးတည်းနဲ့ နေရာတခု တည်းမှာ၊ မော်တော်တစင်းပေါ်မှာ သွားလာလုပ်ကိုင်ကြတာ ဖြစ်တဲ့အတွက် ဒေါသအလျှောက် တယောက်နဲ့တယောက် ယောက်ျားချင်း ဖြစ်တဲ့အခါ ကျန်တဲ့လူက ဘေးကနေ အချိန်မီ ထိန်းသိမ်းလို့ ရတယ်။ အချိန်မီကာကွယ်လို့ ရတဲ့အတွက် ပဋိပက္ခတွေက အဖြစ် နည်းတယ်။
ကျားဖောင်လုပ်ငန်း ဆိုတာကတော့ ဖောင်တဖောင်ပေါ်မှာမှ လူက ၃ ယောက်လောက်ပဲ ရှိတဲ့အတွက်၂ ယောက် ၁ ယောက် ဖြစ်ခဲ့လျှင် သော်လည်းကောင်း၊ ၁ ယောက် ၁ ယောက်ချင်း ဖြစ်ခဲ့လျှင်သော်လည်းကောင်း ကြားထဲမှာ ဖြေရှင်း နိုင်တဲ့၊ ထိန်းကျောင်းနိုင်တဲ့ အင်အားနည်းတဲ့အတွက် ဒီလို ပဋိပက္ခတွေ ဖြစ်နေတာပါ။
မေး။ ။ ပဋိပက္ခတွေ၊ လူသတ်မှုတွေ ဖြစ်မလာအောင် လုပ်ငန်းရှင်တွေဘက်က ထိန်းကျောင်းမှုတွေ မလုပ်ဘူးလား။
ဖြေ။ ။ ကိုယ့်ရဲ့အလုပ်သမားတွေကို ပိုင်ရှင်တွေက ထိန်းကျောင်းမှု မရှိလို့ ဖြစ်တဲ့ဟာလို့ ပြောလို့မရဘူး။ လုပ်ငန်းရှင် တိုင်းက ဒီလိုရာဇဝတ်မှု ဖြစ်မှာကို သိပ်ကြောက်တယ်။ ဒီလို ရာဇဝတ်မှုတခု ဖြစ်လာခဲ့လို့ရှိရင် အဲဒီ ရန်ဖြစ်တဲ့လူနာကို ပြန်ပို့ရတာတွေရော၊ သေဆုံးတဲ့ အလောင်းကို ရှာရတာတွေရော၊ ကျန်တဲ့ မှီခိုတဲ့ မိသားစုတွေရဲ့ ပူဆွေးသောကတွေကိုပါ ကိုယ်ချင်းစာတယ်။ ခံစားရတယ်။
အဲဒီလို ပြဿနာတွေ ဖြစ်လာတဲ့အတွက် ငွေရေးကြေးရေး ကဏ္ဍ ကုန်ကျသွားတာကို ဆိုလိုတာ မဟုတ်ဘူး။ အဓိက ပြော ချင်တာက ဒီဒုက္ခတွေ ဖြစ်ပေါ်လာလို့ လုပ်တဲ့လူရဲ့မိသားစုရော၊ ခံရတဲ့လူရဲ့ မိသားစုတွေရဲ့ ပူဆွေးသောကတွေဟာ လုပ် ငန်းရှင်အနေနဲ့ ဒီမိသားစုတွေနဲ့ ထပ်တူထပ်မျှ မဟုတ်ရင်တောင် တစိတ်တဒေသ အားဖြင့် ခံစားရတာပါပဲ။ ဒါကြောင့်မို့ ဒီဟာတွေ မဖြစ်အောင် စထွက်စဉ်အခါ၊ လုပ်ငန်း စစဉ်အခါ ကတည်းကိုက ပြောဆိုပြီးတော့ လွှတ်တယ်။
တို့တွေ ရေလုပ်ငန်း လုပ်လာတာ ကြာပြီ။ ရေလုပ်ငန်းက အရင်တုန်းကလို မဟုတ်ဘဲ စနစ်က ပြောင်းလာတာ ရှိတယ်။ အရင်တုန်းကဆိုရင် ရေလုပ်သားတွေဟာ ဖောင်ထွက်တော့မယ် ဆိုရင် အန္တရာယ်ကင်းအောင် ဘုရား ရှိခိုးသွားတယ်။ လုပ်ငန်းရှင်ကို နှုတ်ဆက်သွားတယ်။ ကန်တော့ သွားတယ်။ ဖောင်ထွက်တဲ့ အချိန်မှာ မိသားစုတွေကပါ ကမ်းနားကနေ လက်ခုပ်လက်ဝါး တီးပြီး အိုးစည်ဗုံမောင်းတွေနဲ့ ထွက်ကြတယ်။ အဲဒီတော့ တော်တော် ပျော်စရာကောင်းတဲ့ လုပ်ငန်း လည်း ဖြစ်သလို လုပ်ငန်းတွေလည်း အောင်မြင်ကြတယ်။
ဒီကနေ့ ကျတော့ “ခုန်ဆင်း”ဆိုတဲ့ ဟာတွေ ဖြစ်လာတယ်။ “ခုန်ဆင်း”ဆိုတာက အခု အလုပ်လုပ်တော့မယ် မော်တော် ထွက်ပြီဆိုတော့မှ ကိုယ့်အိမ်မှာ ကျောမခင်းလိုက်ဘဲ ညမအိပ်လိုက်ဘဲ မော်တော်ပေါ် ခုန်ချပြီး လိုက်သွားတယ်။ လုပ် အားခ ကြိုပေးရင်လည်း လိမ်ပြေးတာတို့၊ အချိန်နဲ့ မရောက်တာတို့ ရှိတယ်။ အလုပ်သမား ကိုယ်စားလှယ်က လာအပ် တာနဲ့ ဖောင်ပေါ်ခုန်ဆင်းပြီး လိုက်သွားတယ်။
ဖောင်ထွက်ချိန်မှာ ပင်လယ်အဝကို ဖောင်ဦးစီးက စက်လှေနဲ့ ဖောင်တွေကို အတန်းလိုက် ဆွဲသွားတယ်။ ရေလုပ်သား တွေက ပင်လယ်၀ မရောက်ခင်မှာ ခါးပြတ်ချောင်းဘေး ဘယ်ညာ တလျှောက်မှာ ရှိတဲ့ အရက်ဆိုင်မှာ ဝင်သောက်နေတာ လူက အပြည့်။
အလုပ်သမား ကိုယ်စားလှယ်က အနောက်ကနေ ဆိုင်ကယ်နဲ့ရော၊ စက်လှေတွေနဲ့ရော လိုက်ပြီးတော့မှ ဆိုင်ပေါ်က ဆွဲချရတယ်။ တချို့ဆို ဖောင်ပေါ်ကို ပွေ့ချီပြီး တင်ပေးလိုက်ရတဲ့ အဆင့်တွေ ရှိတယ်။ အမူးပြေမှ အလုပ် ထ လုပ်တာ။ ဒါက အခုလက်ရှိ ဖြစ်နေတဲ့ အဖြစ်။
အရင်တုန်းက ဘုရား ရှိခိုးတယ်၊ ပိုင်ရှင်ကို ဂါဝရပြုတယ်။ အဲဒီအချိန်မှာ ကိုယ်တွေကလည်း “မင်းတို့ ခိုက်ရန် ဒေါသတော့ မဖြစ်ကြနဲ့။ မင်းတို့ မရှိလို့ လုပ်စားတာ။ တယောက်နဲ့ တယောက် ကိုယ်လုပ်ရလည်း မကောင်းဘူး၊ ကိုယ်ခံရလည်း မကောင်းဘူး။ ဒါတွေ ငါမကြိုက်ဘူး” ဆိုပြီး ဒီလို ပြောခွင့်ရသေးတယ်။ အခု လုပ်ငန်းတွေကလည်း များလာ၊ အလုပ်သမား တွေကလည်း များလာတော့ အဲဒီလူတွေကို ပိုင်ရှင်က သြဝါဒပေးတာ၊ သတိပေးတာတွေ လုပ်နိုင်တဲ့ အခြေအနေကို မရှိ ဘူး။
အရင်တုန်းက လုပ်နေကြတဲ့ စိတ်တွေက တို့အဖေတွေက အစ ကိုယ့်သားသမီးတွေကို ရှင်ပြုချင်တာတောင်မှ သူ့ဦးစီးတွေ နဲ့ အတူတူ ရေစက်ခွက် ကိုင်ချင်တယ်၊။ သူ့အလုပ်သမားတွေ သားသမီးတွေနဲ့ အတူတူ ရှင်ပြုချင်တယ် ဆိုလို့ အဲဒီလူတွေ လုပ်ငန်းပြီးတဲ့ အချိန်စောင့်ပြီး ကဆုန်လကြီးမှာ မိုးမလွတ်၊ လေမလွတ်နဲ့ ရဟန်းခံ၊ ရှင်ပြုလုပ်ရတဲ့ အဖြစ်မျိုးတွေ ကြုံဖူး တယ်။
ဒါက သံယောဇဉ် တရားတွေပဲ။ သူတို့ကလည်း ဘယ်နှနှစ်ကြာကြာ လာလုပ်ကြတာပဲ။ အရင်က အနှစ် ၂၀၊ ၃၀ ကလုပ်ခဲ့တဲ့ အလုပ်သမားဟောင်းတွေ အခုချိန် လာတွေ့ နှုတ်ဆက်ရင် နည်းနည်းပါးပါး စဉ်းစားလိုက်တာနဲ့ မှတ်မိတယ်။
ဒီကနေ့ ဖြစ်နေရတဲ့ အဖြစ်တွေက မမှတ်မိတော့ဘူး။ အခု သူက လာလုပ်ပြီးတော့ တော်တော်ကြာ မရှိတော့ပြန်ဘူး။ တော် တော်ကြာ ထွက်ပြေး၊ အဲဒီလို အဖြစ်မျိုးတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတော့ တဖက်နဲ့တဖက်က မေတ္တာတရားတွေ နည်းလာ ကြပြီးတော့ “သူလုပ်လို့ ကိုယ် ပိုက်ဆံပေးရတာ၊ ကိုယ်ပိုက်ဆံပေးလို့ သူလုပ်တာ” ဆိုတဲ့ သူစိမ်းဆန်တဲ့ ခံစားမှုတွေ ဝင် လာတာပေါ့။ လက်တွေ့ လောကမှာတော့ ဒီလိုကြုံတွေ့နေကြရတယ်။
မေး။ ။ လုပ်သား လိုအပ်ချက်အရ လုပ်ငန်းရှင်တွေက ပွဲစားတွေကို အားကိုးရတာတွေ ရှိတယ်။ အဲဒီအပေါ် အခွင့်ကောင်း ယူပြီး လူကုန်ကူးမှု ဖြစ်စဉ်တွေ ပေါ်ပေါက်လာတာလည်း ရှိခဲ့တယ်။ ဒါက ထိန်းချုပ်ကွပ်ကဲမှု အားနည်းချက်ကြောင့် လူကုန် ကူးမှုတွေ ပေါ်ပေါက်လာတယ်လို့ ပြောလို့ရမလား။
ဖြေ။ ။ အဓိကတော့ လုပ်သား လိုအပ်ချက်ကြောင့်ပဲ။ ဒါက နံပါတ် ၁ အချက်ပဲ။ လုပ်သားတွေ ရောက်လာချိန်မှာ လုပ်ငန်း ရှင်က စနစ်တကျ စစ်ဆေးတယ်။ လုပ်ငန်း အတွေ့အကြုံ ရှိလားမေးရင် ဘယ်တုန်းက လုပ်ဖူးတယ် ဆိုပြီး လိမ်ပြောတယ်။ တချို့သမ္ဘာရင့်တဲ့ လူတွေဆိုရင် ကျနော် အရင်က မောင်ဖြူဆီမှာ၊ မောင်နီဆီမှာ လုပ်ဖူးတယ် ပြောတယ်။ ဒါဆို မင်းရဲ့လုပ် အားခ ရှင်းတမ်းပြစမ်း ဆိုတော့ ထုတ်ပြတယ်။
အဲဒီ ရှင်းတမ်းဟာ သူက အဲဒီမှာ လုပ်ဖူးတာ မဟုတ်ဘဲ လုပ်ဖူးတဲ့ အသွင်ကို ဆောင်တာ။ ပင်လယ်ထဲ လုပ်ဖူးတဲ့လူက ထုတ်ထားတဲ့ လုပ်အားခ ရှင်းတမ်းကို အလုပ်သမား အချင်းချင်း ၁ သောင်း၊ ၂ သောင်းပေး ဝယ်လာပြီး ဒါက သူ့ရှင်းတမ်း ပါလို့ပြောပြီး ဒီမှာအလုပ်လာစပ်တာ။ ဒါကလည်း အလိမ်ခံရတဲ့ အချက် တချက် အနေနဲ့ပါတယ်။
ပြောချင်တာက သိလျက်နဲ့လုပ်တာ မဟုတ်ဘူး။ လိမ်တဲ့လူက လိမ်နည်းအမျိုးမျိုးနဲ့ လိမ်တာ။ အလုပ်ရှင် တယောက်ဟာ ၁ နှစ်ကို ငွေဘယ်လောက် အလိမ်ခံနေရသလဲ ဆိုတာ မီဒီယာလောကက တခါမှ မမေးခဲ့ပါဘူး။ ဖြေလည်း မဖြေရသေးပါ ဘူး။
အလုပ်ရှင် တယောက်ဟာ လုပ်ငန်း အကြီးအသေးအလိုက် ၁ နှစ်ကို သိန်း ၅၀၊ ၁၀၀ ကနေ သိန်း ၂၀၀၊ ၃၀၀ အထိ အောင် ရေလုပ်သား အလိမ်ခံရတဲ့ ဆုံးရှုံးမှုတွေ ရှိပါတယ်။ လုပ်ငန်း အရှုံးအမြတ်ကို ပြောတာ မဟုတ်ဘူးနော်။ စရံငွေယူပြီး တော့ မလာလို့ ဆုံးရှုံးရတာကို ပြောပြတာ ဖြစ်ပါတယ်။
မေး။ ။ ဒီလို စနစ်တကျမရှိ၊ ဖရိုဖရဲ အခြေအနေတွေကြောင့် လုပ်ငန်းရှင်ဘက်ကလည်း နစ်နာမှု ရှိတယ်။ လာလုပ်တဲ့ အလုပ်သမားတွေဘက်မှာလည်း ငွေကြေးအရရော၊ အသက်အန္တရာယ်ပါ ထိခိုက်မှုတွေ ဖြစ်နေတယ်။ ဒါတွေကို အကောင်း ဆုံး ကြပ်မတ် ထိန်းသိမ်းဖို့ ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဖြေ။ ။ အဲဒါတော့ ဘယ်သူ့မှာ ဆိုတာထက်၊ လူတဦးတယောက်တည်းထက် နိုင်ငံတော်မှာရှိတဲ့ အစိုးရအဖွဲ့ အစည်းရော၊ ဌာနဆိုင်ရာတွေရော အောက်ခြေလူမှုရေး အသင်းအဖွဲ့တွေရော ဆူကြုံအနိမ့်အမြင့် အလိုက် အားလုံးမှာ တာဝန်ရှိတယ်လို့ ပဲ ပြောချင်ပါတယ်။
မေး။ ။ ဒီအခြေအနေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို ထိန်းကျောင်း ဆောင်ရွက်သင့်တယ်လို့ ယူဆသလဲ။
ဖြေ။ ။ ယခင်နှစ်ကလည်း လွှတ်တော် ကိုယ်စားလှယ်တွေရယ် ခရိုင်အုပ်ချုပ်ရေး အဖွဲ့တွေရယ်၊ ဌာနဆိုင်ရာတွေရယ် ပေါင်းပြီးတော့ အနီးကပ်ဆုံး ဖြေရှင်းနိုင်မယ့် စာချုပ်တခုကို သူတို့ လုပ်ခဲ့တယ်။ သို့သော်လည်း လုံး၀ အောင်မြင်ပြီလားဆို တော့ မအောင်မြင်သေးဘူး။ ရာနှုန်းပြည့် အသက်မဝင်သေးဘူး။
လုပ်ငန်းရဲ့ဒေသ အတွေ့အကြုံနဲ့ ဆိုရင် ကွာဟမှုတွေ ရှိတာပေါ့။ တဖြည်းဖြည်းချင်း ၁ နှစ်ကို တချက်ပြင်သွား၊ နောက် တနှစ်ကို တချက်ပြင်သွားမယ့် အစီအစဉ်တွေတော့ ရှိပါတယ်။ လောလောဆယ်ဆိုရင် ယခင်တုန်းက ဖြည်းဖြည်းချင်း လုပ် နေမယ့် အစား လတ်တလောမှာတင် တာဝန်ရှိတဲ့သူတွေ ဦးဆောင်ပြီးတော့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပြီးတော့ အဖြေ ရှာဖို့ စဉ်းစားထားကြပါတယ်။
မေး။ ။ လွှတ်တော် ကိုယ်စားလှယ်တွေ ပြောတာကတော့ ဒေသန္တရ စာချုပ်က အတည်ဖြစ်ပြီးသား။ ဒါပေမယ့် အသုံးမပြု ကြတာလို့ ပြောတယ်။ ဘာကြောင့်ပါလဲ။
ဖြေ။ ။ အဲဒါက လုပ်ငန်းခွင်နဲ့ ဒေသနဲ့ မကိုက်ညီသေးတာ၊ အံမကျသေးတာလည်း ပါတာပေါ့။ သူတို့ (လွှတ်တော် ကိုယ် စားလှယ်များ) ပြောတဲ့ အတည်ဖြစ်ပြီးသား ဆိုတာလည်း မမှားပါဘူး။ ဒါကို လုပ်သင့်ပါတယ်လို့ ဆိုပြီးတော့ စာချုပ်တခု၊ မူကြမ်းတခုကို လုပ်ခဲ့တာ။ စာချုပ်ဆိုတဲ့ နေရာမှာလည်း တာဝန်ရှိတဲ့လူတွေ၊ သက်ဆိုင်ရာဌာနတွေ ဝိုင်းဝန်းပြီးတော့ စာချုပ်ကြဖို့ လုပ်ဆောင်တဲ့ နေရာမှာ ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့ ရေမြေသဘာဝနဲ့ အံမကျတဲ့ဟာလေးတွေ ဆွေးနွေးအတည်ပြု ချက်ထဲ မပါတဲ့အခါ စာချုပ်ကို နင်လားငါလား အသုံးမပြုကြတာတွေ ရှိနေပါတယ်။
လုပ်ငန်းရှင်ရော၊ အသင်းအဖွဲ့တွေရော၊ ဌာနဆိုင်ရာတွေရော၊ တာဝန်ယူတဲ့ အစိုးရ အဖွဲ့အစည်းတွေရော၊ ရေလုပ်သား ဘက်ရော စုံစုံညီညီ ပါဝင်ပြီးတော့ အပြန်အလှန် လုပ်တဲ့စာချုပ်သည် ဒေသနဲ့လျော်ညီတဲ့ ပြီးပြည့်စုံမယ့် စာချုပ်တခု ဖြစ် လာနိုင်မယ်လို့ ထင်ပါတယ်။
မေး။ ။ ဖောင်ပေါ်မှာ ရေလုပ်သား ၁ ယောက်ဟာ ပြဿနာဖြစ်လို့ပဲ သေသေ၊ ရေထဲခုန်ချလို့ပဲ သေသေ၊ အလောင်းတွေ့ သည်ဖြစ်စေ၊ မတွေ့သည်ဖြစ်စေ လျော်ကြေး ၆ သိန်းကျပ် ဆိုတဲ့ သတ်မှတ်ချက်က လွှတ်တော် ကိုယ်စားလှယ်တွေရော၊ အလုပ်သမား ကိုယ်စားလှယ်တွေရော၊ အလုပ်ရှင်တွေရော အားလုံး စုပေါင်းဆုံးဖြတ်ထားတာလို့ ပြောတယ်။ အဲဒါ ဟုတ် ပါသလား။
ဖြေ။ ။ မဟုတ်ပါဘူး။ ဒါက နိုင်ငံတော်က သတ်မှတ်တဲ့ ဥပဒေပါ။ နိုင်ငံတော်က သတ်မှတ်တဲ့ နှုန်းထားပါ။ လွှတ်တော် ကိုယ်စားလှယ်တွေရော၊ ဒေသ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေရော နားလည်မှု လွဲမှားပြီးတော့ ပြောနေကြတာပါ။
ဘာကြောင့် သေသေဆိုတဲ့ စကားလုံးကလည်း မဟုတ်သေးဘူး။
ဒီလိုဆိုရင် သူ့ဘာသူ ပင်လယ်ထဲမှာ မျောလာတဲ့ ပစ္စည်းတခုကို ကိုယ့်ဘာသာ မက်မောပြီးတော့ ဖောင်လုပ်သား တယောက်က ခါးကို ကြိုးချည်ပြီး ခုန်ချပြီး သွားဆယ်လိုက်လို့ မတော်တဆ၊ ကြိုးပြေသွားတာတို့၊ လှိုင်းလေနဲ့ ပါသွားလို့ မရှိတော့လို့ သေသွားတာသည် လုပ်ငန်းခွင် ထိခိုက်မှု အဓိပ္ပာယ် ဖွင့်ဆိုချက်ထဲမှာ အကျုံးမဝင်ပါဘူး။
နောက်ပြီး ကုန်းပေါ် တက်လာလို့ ရေလုပ်သားတွေရဲ့သဘာ၀ စားကြသောက်ကြ၊ ပျော်ကြပါးကြ၊ ဖဲဝိုင်းသွားကြနဲ့ အခန့်မသင့်လို့ ဖဲဝိုင်းမှာ ဓား ထိုးမှုဖြစ်တာ ကျနော်တို့နဲ့ မဆိုင်ဘူး။ ဒါကြောင့် ဘာကြောင့်သေသေ ဆိုတာမျိုး ပြောလို့မရဘူး။
သို့သော်လည်း ကျနော်တို့က ဥပဒေနဲ့ အရပ်ဓလေ့ကို ညှိနှိုင်းပြီး ဆောင်ရွက်ပေးနေတယ်။ တကယ်တော့ ဥပဒေမှာ အဲဒီအချက်တွေ မပါပေမယ့် “ကိုယ့်ဖောင်မှာ လုပ်သွားတဲ့ အလုပ်သမား တယောက်ပဲကွာ။ ဘယ်လိုပဲ ဖြစ်ဖြစ်ပေးလိုက်ပါ။ မိသားစုတွေလည်း ဒုက္ခရောက်ပါတယ်” ဆိုပြီး အရပ်ဓလေ့ အရ မေတ္တာနဲ့ ညှိနှိုင်းပေးတာပါ။ ဘယ်လိုကြောင့်ပဲသေသေ၊ သေရင် လျော်ရတယ်ဆိုတာတော့ ကျနော်တို့ လေ့လာမိတဲ့ ဥပဒေမှာတော့ လုံး၀ မရှိပါဘူး။
မေး။ ။ ဖောင်လုပ်သားတွေ ဖောင်ပေါ်မှာ အလုပ်မလုပ်လို့ ဆိုပြီး ဖောင်ဦးစီးက ကြိမ်းမောင်းတယ်။ ဆဲတယ်၊ ရိုက်တဲ့အခါ မှာ ဖောင်လုပ်သားက ကျိုးပဲ့တာ၊ ထိခိုက်ဒဏ်ရာရတာတွေ ဖြစ်လာတယ်။ အဲဒီလို ဖြစ်တာကို ပြဿနာ တစုံတရာ တက် မှာ စိုးလို့ ရေထဲကန်ချတာမျိုးတွေရှိတယ်လို့ ပြောကြပါတယ်။ ဒီလိုအခြေအနေတွေ တကယ်ပဲ ရှိနေသလား။
ဖြေ။ ။ လုံး၀ မရှိဘူးလို့တော့ မငြင်းပါဘူး။ ရှိတော့ ရှိနိုင်တယ်။ ရာခိုင်နှုန်းနဲ့ ပြောရင်တော့ ဖြစ်စဉ်အားလုံးနဲ့ ယှဉ်ရင် ၁ ရာခိုင်နှုန်းအောက် ပွိုင့်ဂဏန်းပဲ ရှိပါတယ်။ တချို့က ရိုက်ရင်းနဲ့ ရေထဲကျသွားတယ်။ တချို့ကျတော့လည်း လိုက်ရိုက်လို့ ရေထဲခုန်ချ ထွက်ပြေးတယ်။ တဖောင်နဲ့ တဖောင်ကလည်း အဝေးကြီးလေ။ လက်ပစ်ကူးသွားဖို့ ဆိုတာလည်း ရေသေ ရက်ပဲ ရတယ်။ ရေထရက်ဆို မရဘူး။ ဒါတောင် ရေကူးကျွမ်းမှ ရမှာ။
အဲဒီလို ဖြစ်သွားတဲ့အခါကျတော့ တမင်လုပ်တာတော့ မဟုတ်ဘူး။ ဒါတွေကို ဖောင်ဦးစီးတွေက သိတဲ့အခါမှာ ချက်ခြင်း အလံထိုးပြီး လိုက်ရှာတဲ့ အခါလည်းကျရော ဒီလူက လှိုင်းလေနဲ့ မြုပ်သွားတာတို့ ရှာမတွေ့တဲ့ အခါမျိုးကျရင် ကျနော်တို့က လုပ်တဲ့လူကို ကမ်းပေါ်ခေါ်တင်ပြီး ရဲလက်ကို အပ်တယ်။ အရင်တုန်းကဆို ဒီဘက်မှာ အမာရဲစခန်း တခုပဲ ရှိတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ၊ ၂၀၁၅ လောက်မှာ ဒေါ်ညိမ်းရွာမှာ ရဲစခန်းတခု ထပ်ဖွင့်လိုက်တဲ့ အတွက် တရားဥပဒေ စိုးမိုးရေး ရသွား တယ်။ အဲဒီ ကျူးလွန်တဲ့ ပုဂ္ဂိုလ်တွေကို ရဲစခန်းအပ်တဲ့ အခါ ရဲက အမှုဖွင့်ပြီး စစ်ဆေးတာတွေ လုပ်တယ်။
ဒါပေမယ့် အဲဒီတရားခံဟာ ဟိုတလောတုန်းကတော့ ဟုတ်ပါတယ် ဆိုပြီး သဘောရိုးနဲ့ ဝန်ခံပြီး ဖြောင့်ချက် ပေးတယ်။ တချို့ကျတော့ သမ္ဘာရှိတဲ့အခါမှာ တရားရုံးမှာ တရားသူကြီးဆီကနေ ဖြောင့်ချက်ယူမယ့် အချိန်မှာ သူတို့ကနေပြီးတော့ ဖြောင့်ချက် မပေးလို့ တရားစီရင်ရေးလောကမှာ အားနည်းသွားတာတွေ ရှိခဲ့တယ်။
နောက်တချက်က အလောင်းကို မတင်ပြနိုင်တဲ့ အတွက် တရားရုံးရဲ့သုံးသပ်ချက်က ရိုက်လို့ သေတာလား၊ ဓားနဲ့ခုတ်လို့ သေတာလား၊ ရေနစ်လို့ သေတာလားဆိုတာ အတည်မပြုနိုင်ဘူး။ တကယ်တော့ ကျနော်တို့ အရပ်အမြင်ကတော့ ရိုက်လို့ သေတာ။ မရိုက်ဘဲ ရေထဲတွန်းချတာတောင် သေနိုင်တဲ့ဟာကို။ ရိုက်တဲ့ဒဏ်ရာကလည်း သေကိုသေနိုင်တဲ့ ဒဏ်ရာဆိုတာ နားလည်တယ်။ သို့သော်လည်း ဒါက အရပ်အသိကိုး။ ဥပဒေအသိနဲ့ ကျတော့ အဲဒီလို ကွာဟချက်တွေ ရှိပါတယ်။
မေး။ ။ ရိုက်လို့ပဲ ဖြစ်ဖြစ်၊ ပင်လယ်ထဲ ခုန်ချတာပဲဖြစ်ဖြစ် ရေထဲပြုတ်ကျသွားပြီး အလောင်း ပြန်မရတာတို့၊ လူရှာမတွေ့ တာတို့ ဖြစ်တဲ့ဖြစ်စဉ် တနှစ်ကို ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ တမြို့နယ်လုံးမှာ ပင်လယ်ဆိပ်ကမ်း ၈ ခု ရှိတယ်။ အဲဒီဆိပ်ကမ်း ၈ ခု အားလုံးပေါင်းရင် အလောင်းမတွေ့၊ လူ မတွေ့တဲ့ ဖြစ်စဉ်၊ လူမတွေ့ဆိုတဲ့ နေရာမှာ ရေထဲခုန်ချ ထွက်ပြေးပြီး ကုန်းပေါ် ပြန်ရောက်နေတာလည်း ပါတယ်ပေါ့နော်။ အဲဒီလိုလူတွေ အပါအဝင်ဆိုရင် ဆိပ်ကမ်း ၈ ခုမှာ တနှစ်ကို လူ ၅၀ နဲ့ ၁၀၀ ကြားလောက် ရှိတယ်။
မေး။ ။ ဒဂုံတက္ကသိုလ် ကျောင်းသား ကိုမြတ်သူရထွန်း ကိစ္စမှာဆိုရင် လူကုန်ကူးမှုနဲ့ အရေးယူပြီပေါ့လေ။ အဲဒီလိုဖြစ်စဉ်မျိုး ထပ်မဖြစ်အောင် လုပ်ဖို့ ဘယ်လို အကြံပြုချင်တာရှိပါသလဲ။
ဖြေ။ ။ အရင်ကတော့ အဲဒီလိုဖြစ်စဉ်မျိုးတွေ မရှိခဲ့ပါဘူး။ အခုကလည်း ဒီလူငယ် ၂ ယောက်၊ ၃ ယောက်နဲ့ စပြီး ဖြစ်ပွား လိုက်တော့ အားလုံးကို Alam (အချက်ပေး) ပေးပြီပေါ့လေ။ နောင်ကို ဒီဖြစ်စဉ်မျိုးတွေ မဖြစ်အောင် ဘယ်လိုလုပ်မယ် ဆိုတာ ပိုင်ရှင်တွေက အတွေ့အကြုံတွေ ဗဟုသုတတွေ ရသွားပြီ။ ရသွားတော့ နောက်ထပ် လုပ်သားလာတဲ့အခါမှာ ဒီ ထက်ပိုပြီးတော့ စိစစ်ကြပ်မတ်ဖို့ ဆိုတဲ့ အစီအမံတွေ လုပ်ရတော့မှာပေါ့။
ဒါဆိုရင် လုံး၀ ပျောက်သွားတာ မဟုတ်တာတောင် နည်းသွားတော့မှာပေါ့။ အခုဖြစ်သွားတဲ့ ဖြစ်စဉ်ဟာ လုပ်ငန်း ပမာဏ တခုလုံးနဲ့ နှိုင်းယှဉ်ရင် အနည်းအကျဉ်းလေးလို့ပဲ ခေါ်ရမှာပါ။ အနည်းအကျဉ်းလေးမို့ ခွင့်လွှတ်ပါလို့ ဆိုလိုတာ မဟုတ်ပါ ဘူး။ တခုမှ မဖြစ်ရင် အကောင်းဆုံးပဲ။
တက္ကသိုလ် ကျောင်းသားလေးတွေ လာတုန်းက သူတို့ကို အလုပ်သမားလို့ပဲ သိတယ်။ ဒီမှာ စာချုပ်ချုပ်တော့လည်း လူ အရောင်းအဝယ် အနေနဲ့ လုပ်တာ မဟုတ်ပါဘူး။ စာချုပ်မှာကိုက အလုပ်သမား စရံပေး စာချုပ်လို့ပဲ ပါပါတယ်။ လူ အရောင်းအဝယ် စာချုပ်မဟုတ်ဘူး။ သို့သော် မသိလို့ပဲ ဖြစ်စေ၊ သိလို့ပဲဖြစ်စေ ဥပဒေနဲ့ ငြိစွန်းလာရင် ဥပဒေ အတိုင်းပဲ ဖြစ်မယ်ဆိုတာကို လက်ခံပါတယ်။
မေး။ ။ ကျားဖောင်တွေဆီကို အလုပ်လာလုပ်တဲ့ ရေလုပ်သားတွေ အပေါ်မှာ လူပွဲစားတွေရဲ့ငွေကြေး ခေါင်းပုံဖြတ်မှု၊ လိမ်ညာမှုတွေ ဘာကြောင့်ဖြစ်နေတာပါလဲ။
ဖြေ။ ။ အဲဒီလိုဖြစ်လာတဲ့ အကြောင်းအရင်းဟာ ကာယကံရှင် ရေလုပ်သားက အခြေခံတယ်လို့ပဲ ပြောချင်ပါတယ်။ အရပ် ဓလေ့အရ လူပွဲစားလို့ပဲ ခေါ်ခေါ် အလုပ်သမား ကိုယ်စားလှယ်လို့ပဲ ခေါ်ခေါ်ပေါ့လေ။ သူတို့နဲ့ ရောက်လာတဲ့ အခါကျရင် ပိုက်ဆံကို ဘယ်သူ့ကို ပေးရမလဲလို့ အလုပ်ရှင်က မေးတယ်။ အလုပ်သမား ကိုယ်တိုင်က “သူ့ကိုပဲ (လူပွဲစား) ပေးပါ၊ ဒါက ကျနော်တို့ ဒေသကပါ။ ကျနော်တို့ အမျိုးတွေပါ သူ့ဘာသူ အိမ်ပို့ပါလိမ့်မယ်” ဆိုပြီး ပြောတယ်။ အဲဒီတော့ ကာယကံရှင် ဆန္ဒအရ ဆောင်ရွက်ပေးရတော့ ဒီလို အလိမ်ခံရတဲ့ ဖြစ်စဉ်တွေ ဖြစ်လာတာ။
တခါတလေ မင်းတို့ အိမ်လိပ်စာ ပြောပါလား။ ငါတို့ ဖုန်းနံပါတ်ကို မင်းတို့အိမ်ကို အကြောင်းကြားလိုက်။ ပြီးရင် ငါ့တို့ဆီမှာ ပိုက်ဆံ လာထုတ်ခိုင်းလိုက်ပါလို့ ပြောတယ်။ ကိုယ်က မသင်္ကာလို့ ပြောတာ။ သူတို့က ဘာပြောလဲ။ “မဟုတ်ပါဘူး။ ကျနော်တို့ ကိစ္စ ကျနော်တို့ ရှင်းပါမယ်။ သူ့ကိုပဲ ပေးလိုက်ပါ” တဲ့။
ပိုက်ဆံ လိုချင်လို့ လာလုပ်တဲ့ လုပ်သားကျတော့ ပင်လယ်ထဲရောက်မှ စာနဲ့ရေး၊ စက်နဲ့ပေါက်ပြီး ပြောတယ်။ “ကျနော်နဲ့ ပတ်သက်တဲ့ ငွေသွင်းငွေထုတ်ကို ကျနော့် အိမ်ကလာလိမ့်မယ်။ ကျနော့်အိမ်က လာရင် စက်နဲ့ အကြောင်းကြားပါ။ ကျနော့်စာ မပါဘဲနဲ့ ပိုက်ဆံ မပေးပါနဲ့” တဲ့။ ကုန်းပေါ်မှာ မင်းပြောတော့ မဖြူကို ပေးလိုက်ပါလို့ မင်းပြောတယ်လေ ဆို တော့ “ကျနော် သူ့အိမ်မှာ ၂ ရက်၊ ၃ ရက်စားခဲ့လို့ အားနာလို့ ပြောလိုက်တာပါ” တဲ့။ အဲဒီလို ဖြစ်စဉ်တွေလည်း ရှိတယ်။
အဲဒါကြောင့်မို့ ဦးတို့ ဖိတ်ခေါ်တာက အလုပ် လုပ်ချင်တဲ့သူတွေ ကျနော်တို့ဆီကို တိုက်ရိုက် ဆက်သွယ်ပါ။ တနှစ်တဝါ ဒီမှာ လုပ်ပြီးသွားရင် နောက်နှစ်ဆို လူဟောင်းဖြစ်သွားပြီ။ တခြား လုပ်ချင်တဲ့လူတွေရှိရင် ခေါ်ခဲ့ပါ။ လူ ၅၀၀ လာခဲ့၊ လူ ၁၀၀၀ လာခဲ့။ ကျနော် အကုန်လုံး အလုပ်သွင်းပေးမယ်။ သက်ဆိုင်တဲ့ အထောက်အထား ခိုင်ခိုင်မာမာသာ ယူလာခဲ့၊ ပွဲခ တပြားမှ မပေးနဲ့၊ လုပ်အားခ အပြည့်အ၀ ရအောင်၊ ခေါင်းပုံဖြတ် စနစ်လည်း ပျောက်သွားအောင် ကျနော်တို့ အသင်းဆီ ဆက်သွယ် ပါလို့ လက်လှမ်းမီသလောက် မှာကြားပေးတယ်။ သို့သော်လည်း ဘယ်လောက်မှာမှာ မလာဘူး။ ပွဲစားဆီပဲ သွားတယ်။ သူတို့ ပွဲစားတွေနဲ့ပဲ အလုပ်လုပ်တယ်။ အဲဒီလို ဖြစ်နေတယ်။
မေး။ ။ ရေလုပ်သားတွေ အနေနဲ့ လူပွဲစားတွေရဲ့ခေါင်းပုံဖြတ်တာ၊ လူကုန်ကူးတာ မခံရစေဖို့ ဘယ်လိုနည်းလမ်းနဲ့ ဆောင် ရွက်သွားလို့ ရနိုင်မလဲ။
ဖြေ။ ။ အလုပ်လုပ်ချင်တဲ့ ရေလုပ်သားအနေနဲ့ သက်ဆိုင်ရာ ရေလုပ်ငန်း ရုံးကနေတဆင့် ဆက်သွယ် အလုပ်လုပ်ကိုင်မယ် ဆိုရင် ခေါင်းပုံဖြတ်တာတွေ၊ လူကုန်ကူးတဲ့ ဖြစ်စဉ်တွေ လျော့နည်းသွားမယ်လို့ ထင်ပါတယ်။ အစိုးရဌာန ဆိုင်ရာ ငါးဦးစီး တို့၊ အလုပ်သမားဌာနတို့ သွားတဲ့အခါကျတော့ သူတို့မှာ သူတို့ မိခင်ဌာန လုပ်ငန်းတွေ လုပ်နေရတော့ ဒါတွေကို အား ထည့် လုပ်ကိုင် ဆောင်ရွက်ဖို့ အားနည်းမယ်လို့ ထင်ပါတယ်။
ဒါကြောင့်မို့ တာဝန်ရှိသူတွေရော၊ ဌာနဆိုင်ရာတွေရော ရေလုပ်ငန်းနဲ့ ပတ်သက်တဲ့ လူမှုရေး အသင်းအဖွဲ့တွေပါ ပေါင်းစပ် ပြီးတော့ အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်ပြီး ပေါင်းစပ်ပြီးတော့မှ အကောင်းဆုံး ဖြစ်မယ့် ဒေသန္တရ စည်းကမ်းချက်တွေ သတ်မှတ်ပေးနိုင်မယ် ဆိုရင် ပိုပြီးတော့ အဆင်ပြေလိမ့်မယ် လို့ ထင်ပါတယ်။
ကျနော်တို့ ရေလုပ်ငန်းရှင်တွေက တာဝန်ရှိသူတွေ ညွှန်ကြားရင် အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်ပါတယ်။
အနည်းအကျဉ်း မလိုက်နာသူ တချို့တွေတော့ ရှိတာပေါ့။ အခု ဒါတွေကို စောင့်ကြည့်တဲ့ ကိရိယာတွေ တပ်မယ်
ဆိုတော့ ကိုယ့်လုပ်ငန်းနဲ့ သိပ်တော့ အားမရဘူး။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် သက်ဆိုင်ရာကနေပြီးတော့ လွှတ်တော်က ပြောတယ်၊ ငါးဦးစီးက သတ်မှတ်တယ် ဆိုရင် လိုက်နာမှာပါပဲ။
မေး။ ။ အလုပ်သမား ဥပဒေမှာ လူ ၆ ယောက်အထက် ဆိုလို့ရှိရင် လူမှုဖူလုံရေးတို့ အလုပ်သမား ဦးစီးဌာနကို အကြောင်း ကြားရမယ်။ မှတ်ပုံတင်ရမယ်။ စာရင်း ပို့ရမယ်။ လူမှုဖူလုံကြေး ပေးသွင်းရမယ် ဆိုတာ ပါတယ်။ ဒါပေမယ့် ကျားဖောင် လုပ်ငန်းတွေမှာ ဒီလိုတွေ လုပ်ထားတာ မတွေ့ရဘူး။ ဒါက အလုပ်သမား ဥပဒေကို မလိုက်နာတဲ့ သဘောလား။
ဖြေ။ ။ ဥပဒေကို မလိုက်နာတဲ့ သဘော မဟုတ်ဘူး။ ဥပဒေကို မသိသေးတဲ့ သဘော။ သက်ဆိုင်ရာဌာန အနေနဲ့
ဒီကနေ့ ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေအရ ဒါတွေ လုပ်ဖို့လိုနေတယ် ဆိုတာကို လုပ်ငန်းရှင်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်း ဖို့ လိုနေတယ်။ ဥပဒေ တခုသည် လွှတ်တော်က ပြဋ္ဌာန်းပြီးရင် သက်ဆိုင်ရာ ဌာနတွေကနေ သက်ဆိုင်တဲ့ လုပ်ငန်းရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် သိရှိဖို့ကို ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။
မေး။ ။ ကျားဖောင်လုပ်ငန်းတွေမှာ လူကုန်ကူးခံရတဲ့ ဖြစ်စဉ်တွေ၊ သေကြေပျောက်ဆုံးနေရတဲ့ ဖြစ်စဉ်တွေ လျော့ပါးသွားဖို့ အတွက် တိုင်းဒေသကြီး လွှတ်တော်ကပဲ ဖြစ်ဖြစ်၊ တိုင်းအစိုးရပဲ ဖြစ်ဖြစ် အလုပ်ရှင်၊ အလုပ်သမား လိုက်နာရမယ့် အချက် တွေကို ညွှန်ကြားချက် ထုတ်လိုက်မယ် ဆိုရင် လုပ်ငန်းရှင်များဘက်က လက်ခံနိုင်မလား။
ဖြေ။ ။ အဲဒီလို လုပ်မယ်ဆို ကောင်းတာပေါ့။ ပိုပြီး သင့်တော်တာပေါ့။ ကျနော်တို့တတွေ လုပ်တဲ့ လုပ်ငန်းတွေက ကမ်းဝေး လို့ သတ်မှတ်တဲ့အတွက် ပြည်ထောင်စုကနေပြီးတော့ လိုင်စင်ထုတ်ပေးတာ၊ အမိန့်ကြေညာစာ ထုတ်ပေးတာတွေ လုပ် တယ်။ ဒီကနေ့ အလုပ်ရှင် အလုပ်သမား ပြဿနာ၊ ရာဇဝတ်မှုနဲ့ လူကုန်ကူးမှု ကိစ္စတွေဖြစ်လာတော့ ပြဿနာ အားလုံးကို လက်ရှိ ဖြေရှင်းနေရတာက တိုင်းဒေသကြီးက ဖြစ်တယ်။ အဲဒီလို ကွာဟချက်ဖြစ်နေတဲ့အတွက် တို့မျှော်လင့်တာကတော့ ပြဿနာ နည်းသွားဖို့၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင် စားရဖို့ပဲ မျှော်လင့်ပါတယ်။
အစိုးရ ဆိုတာ ပြည်ထောင်စု အစိုးရရော၊ တိုင်းဒေသကြီး အစိုးရရော ကိုယ့်အစိုးရချည်းပဲ ဖြစ်တဲ့အတွက် သူတို့တတွေက ဘယ်ကပဲ ဘယ်သူ့ လုပ်ပိုင်ခွင့်ပဲ ဖြစ်ဖြစ် အမြန်ဆုံး စီစဉ်ညွှန်ကြားပြီး ဆောင်ရွက်ပေးမယ်ဆိုရင် အင်မတန် လက်ခံကြိုဆို ဖို့ သဘောထား ရှိပါတယ်။ ဘယ်သူကပဲ လုပ်ပေးလုပ်ပေး ပြဿနာတွေ လျော့နည်း အောင်မြင်သွားတယ် ဆိုရင် ကျေနပ် ပါတယ်။
ဒီလုပ်ငန်းကြီးကို ပင်လယ်ပြင်မှာ လူသတ်ကွင်းကြီးလို၊ မူးယစ်ဆေးဝါး စက်ရုံကြီးလို့ ပုံဖော်နေတာတွေ ရှိနေတဲ့အတွက် ဒါ က ဘယ်လိုပဲဖြစ်ဖြစ် ရေလုပ်ငန်းလောကကို ထိခိုက်စေပါတယ်။ ဖျာပုံမြို့ဟာ ရေလုပ်ငန်းနဲ့ ဆန်စပါး ၂ ခုကို အခြေခံပါ တယ်။ ရေလုပ်ငန်းက နံပါတ် ၁ ၊ ဆန်စပါးက နံပါတ် ၂ ဖြစ်ပါတယ်။၂၀၁၁ ခုနှစ် မတ်လတုန်းက လေပြင်းတိုက်တုန်းက ပင်လယ်ပြင်ကြီး တံမြက်စည်း လှည်းသလို ကုန်သွားတာ လူဦးရေ ၁ သောင်းကျော်လောက် လေလွင့်သွားတော့ သီရိ လင်္ကာတို့ အိန္ဒိယတို့ ရောက်သွားကြတယ်။ အဲဒီအချိန်မှာ ဖျာပုံဒေသကြီးဟာ ခြောက်ကပ်သွားတယ်။
ရေလုပ်ငန်းကို မှီတည်ပြီး လုပ်ကိုင်နေကြတဲ့ အရောင်းအဝယ်တွေ အကုန် ယုတ်စွအဆုံး ကန်စွန်းရွက်သည်ကအစ ငြိမ် သွားခဲ့တယ်။ ဒါကြောင့် ကျနော်တို့ သတင်းမီဒီယာတွေကို အားကိုးတယ် ဆိုတာက ဒီလုပ်ငန်းတွေ စနစ်တကျ ရပ်တည် နိုင်အောင် အားကိုးတာပါ။
ဒီလုပ်ငန်းတွေ ထိခိုက်ပျက်စီးသွားရင် ကိုယ့်ပုဂ္ဂလိက စီးပွားရေး နစ်နာတာထက် ဒေသကြီး တခုလုံးရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ နှောင့်နှေးသွားမှာကို စိုးရိမ်ပါတယ်။ အဲဒီလို နှောင့်နှေးသွားခဲ့ရင် ဒီလုပ်ငန်းဟာ ဒေသခံ လုပ်သားပြည်သူ တော်တော်များ များရဲ့ အလုပ်လက်မဲ့ ပြဿနာကို ဖြေရှင်းပေးနေတဲ့ အတွက် ဒီလုပ်ငန်း မရှိတော့ရင် လူတွေ အလုပ်လက်မဲ့ ဖြစ်မယ်။ လူတွေ စားဝတ်နေရေး မပြေလည်ရင် စာရိတ္တတွေ ပျက်မယ်။ စာရိတ္တပျက်ရင် ရာဇဝတ်မှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ ရေလုပ်ငန်းများ စနစ်တကျ ရပ်တည်နိုင်အောင် အားလုံးဝိုင်းဝန်းကူညီပေးကြပါလို့ ပြောချင်ပါတယ်။
You may also like these stories:
ကျားဖောင်နှင့် ပတ်သက်ပြီး ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ အမြန် ပြဋ္ဌာန်းရန် သမ္မတထံ အကြံပြု
ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ
ကျားဖောင် လုပ်ငန်းခွင် သာယာရေး လုပ်ရမယ်