ဆရာ ဆရာမတွေ အသံလည်း နားထောင်ပါဦး

ထက်ခေါင်လင်း
မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အခြေခံပညာကဏ္ဍ တာဝန်ခံ ဆရာ ဦးအေးမင်းထိုက် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပညာရေးဝန်ကြီးဌာန အနေဖြင့် အခြေခံပညာ အဆင့်တွင် ပညာသင်နှစ် ၁ နှစ်၏ စာသင်ချိန်ကို မတ်လအထိ တိုးမြှင့် သတ်မှတ်ကာ ဆက်လက် အကောင်အထည် ဖော်နေလျှက်ရှိသည်။ ယမန်နှစ်ထဲက အဆိုပါ စာသင်ချိန် ၁ လတိုးခြင်းနှင့် ပက်သက်ပြီး ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ အကြံပြုချက်များ ပေးပို့ထားသည်ကို ဆက်လက် လစ်လျူရှု့နေသည့်အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၅ ရက်နေ့က ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ သဘောထား ကြေညာချက်ကို ထပ်မံ ထုတ်ပြန်ခဲ့သည်။

ပြည်ထောင်စု ပညာရေးဝန်ကြီး၏ စာသင်နှစ် ၁ လတိုးခြင်းသည် ကျောင်းသားမိဘများ စီးပွားရေး အောင်မြင်အောင် လုပ်နိုင်ရန် အာရုံစိုက်စေလိုသဖြင့် ဆိုသည့် မှတ်ချက်သည် သင့်တော်မှု မရှိသလို မိမိတို့၏ ဆရာ၊ ဆရာမများ၏ သဘောထား အပေါ် လျစ်လျူရှုနေမည်ဆိုလျှင် လာမည့် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲတွင် သင်ကြားရေးနှင့် မဆိုင်သည့် နိုင်ငံ့တာဝန် ခိုင်းစေမှုများကို ဥပဒေနှင့်အညီ မပူးပေါင်း၊ မကူညီတော့မည်ဟု ကြေညာလိုက်သည်။

သို့ဖြစ်ရာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ယခုလို စာသင်ချိန် တလတိုးခြင်း၏ အကျိုးသက်ရောက်မှု၊ ထုတ်ပြန်ချက်အပေါ် သဘောထားများ စသည့် အကြောင်းအရာများကို ဧရာဝတီသတင်းထောက် ထက်ခေါင်လင်းက မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်မှ အခြေခံပညာကဏ္ဍ တာဝန်ခံဖြစ်သည့် ဆရာဦးအေးမင်းထိုက်အား တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ အခြေခံပညာကျောင်းသင်ချိန် ၁ လတိုးမယ်ဆိုတဲ့ အရာမှာ ဒီနှစ် ဇန်နဝါရီမှာ ကြေညာချက်တခု ထွက်တယ်။ အဲဒါက ဒုတိယ ကြေညာချက်။ ပထမအကြိမ်ကလည်း ဆရာတို့ တောင်းဆိုခဲ့တာတွေ ရှိခဲ့တယ်။ အဲဒီမှာရော ဘာတွေ တောင်းဆိုခဲ့ကြလဲ။

ဖြေ။ ။ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလတုန်းက ကျနော်တို့ အနေနဲ့ ဝန်ကြီးဌာနကို အကြံပြု တောင်းဆိုချက် ၇ ချက်နဲ့အတူ စာထုတ်ခဲ့ပါတယ်။ အဲဒီအချက်တွေက ပညာရေး စိတ်ပညာရှင်တွေရဲ့ လေ့လာချက်အရ တနှစ်ပတ်လုံး စာသင်နေတဲ့ ကလေးတွေရဲ့ ဦးနှောက်ကို လုံလောက်စွာ အနားပေးဖို့ လိုအပ်တဲ့အတွက် မတ်လကုန်အထိ ကျောင်းတက်ရင် ကလေးတွေ နားချိန် လျော့သွားမယ်။ ဒါလည်း ထည့်စဉ်းစားရမယ့် အကြောင်းအရာ ဖြစ်တယ်။

နောက်တခုက စာသင်ချိန် လပိုင်းလောက်လေး တိုးလိုက်ရုံနဲ့ ကျောင်းသားကျောင်းသူတွေရဲ့ ပညာရည် တိုးတက်မယ်လို့ တထစ်ချ သတ်မှတ်ဖို့ ခက်ခဲပါတယ်။

တတိယအချက်က မတ်လအတွင်းမှာ တခြားအတန်း အသီးသီးက သင်ကြားရေး တာဝန် ထမ်းဆောင်နေပေမယ့် စတုတ္ထတန်း၊ အဌမတန်းနဲ့ တက္ကသိုလ်ဝင်တန်းတွေ စာမေးပွဲ ကျင်းပဖို့ စာမေးပွဲခန်း ပြင်ဆင်တာ၊ ကြီးကြပ်တာ၊ အဖြေလွှာ စစ်ဆေးတာ၊ အောင်စာရင်း ပြုစုတာ စတဲ့ တာဝန်တွေကို တပြိုင်ထဲ ထမ်းဆောင်ရမှာမို့ ဆရာ၊ ဆရာမတွေ ဝန်ပိစေတယ်။ ဆရာ၊ ဆရာမတွေရဲ့ လက်ရှိအင်အားလည်း မလုံလောက်ဘူး။

တက္ကသိုလ်ဝင်တန်း ဆရာ၊ ဆရာမတွေဟာ သင်္ကြန်ကာလ မတိုင်မီ ဧပြီလ ၁ ရက်နေ့ကနေ သင်္ကြန်အကြိုနေ့ မတိုင်မီ အထိက အဖြေလွှာ စစ်ဆေးရတယ်။ သင်္ကြန်အပြီးမှာ အဲဒီ စစ်ဆေးတဲ့ အဖြေလွှာတွေကို ထပ်လုပ်ရတယ်။ တခြား အတန်း က ဆရာ၊ ဆရာမတွေကြတော့ သင်ရိုးသစ် သင်တန်းတွေ တက်ကြရတယ်။ အဲဒီတော့ ဆရာ၊ ဆရာမတွေ အလုပ်ကို ဆက်တိုက်လုပ်နေကြရတယ်။

နောက်တချက်က တနှစ်ထက် တနှစ် ပိုပူပြင်းလာတဲ့ ရာသီဥတု အခြေအနေအရ အခြေခံပညာကျောင်းတွေမှာ၊ အထူးသဖြင့် ကျေးလက်ဒေသမှာ အသက်အရွယ် ကြီးရင့်နေတဲ့ ဆရာကြီး၊ ဆရာမကြီးတွေရဲ့ ကျန်းမာရေး အခြေအနေလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။

လက်ရှိအချိန်မှာ မိသားစု စားဝတ်နေရေးတွေနဲ့ ကျောင်းစရိတ် မလုံလောက်တဲ့ မိသားစုတွေ အမြောက်အများ ရှိပါတယ်။ အဲဒီက ကလေးတွေဟာ မိသားစု စားဝတ်နေရေး အတွက် နွေရာသီကာလမှာ ကူညီ ဆောင်ရွက် ပေးရတာတွေ ရှိပါတယ်။ အဲဒီလို စာသင်ရက် တိုးလိုက်ရင် မလိုလားအပ်တဲ့ ကျောင်းထွက်မှုလို အလျော့ပေါက်တွေ တိုးလာနိုင်ပါတယ်။

နောက်ဆုံးတချက်က နွေရာသီ အားလပ်ရက်တွေမှာ စာသင်ခန်းပြင်ပ ဗဟုသုတတွေ ရှာမှီးနိုင်ပါတယ်။ ဒီလိုတိုးလိုက်ရင် ဒေသန္တရ ဗဟုသုတ ရှာမှီးချိန် လျော့သွားနိုင်တယ်။

မေး။ ။ အခု စာသင်ချိန် တလ တိုးတာဟာ ပညာရေးဝန်ကြီးဌာနဘက်က အကြောင်းပြတဲ့အချက်က မိဘတွေ စီးပွားရေး ပိုလုပ်ကိုင်နိုင်အောင် ကလေးတွေကို ကျောင်းချိန် များများလုပ်မယ့် သဘောမျိုးပြောတဲ့အပေါ်မှာရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒါကတော့ ဝန်ကြီးက သူ့အမြင်ပြောတဲ့ အပေါ်မှာတော့ ကျနော်တို့ ဘာမှမဝေဖန်လိုဘူး။ ဒါပေမယ့် ဖြည့်စွက် ဆွေးနွေးစရာလေး တခုက ကျနော်တို့က စနစ်တကျ လုပ်စေချင်တာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ စာသင်ချိန် နည်းတယ်လို့ ယူဆတယ်ဆိုရင် ၂ဝ၁၂ ခုနှစ်ကတည်းက လုပ်ခဲ့တဲ့ ပညာရေးစစ်တမ်းတွေ မှာထဲက ထည့်သွင်းခဲ့ရမှာပါ။ မြန်မာပြည်မှာ စာသင်ချိန် နည်းတယ်ဆိုရင် ဘယ်လိုတိုးကြမလဲပေါ့။ အဲဒီထဲက ၃ ကြိမ်အထိ ထည့်သွင်းမထားခဲ့ဘဲနဲ့ ဒီနှစ်ကျမှ လတ်တလော ဆောင်ရွယ်မယ့် သဘော ဖြစ်နေတော့ စဉ်းစားမရဘူး။

နောက်တခုက ကလေးတွေရဲ့ စာသင်ချိန်ကို တကယ်တမ်း တိုးတာ မဟုတ်ဘူး။ စာမေးပွဲရက်ကိုပဲ နောက်ရွှေ့တာ။ တခြား အတန်းတချို့က စာမေးပွဲ ဖြေနေချိန်မှာလည်း ပါနေတယ်။ အဲဒီတော့ ပိတ်ထားရမယ့် အနေအထားနဲ့ တကယ်တမ်း စာသင်ချိန် တိုးတယ် ဆိုတာ ၅ ရက်လောက်ပဲ ရှိနေတယ်။ အဲဒီတော့ စာသင်ချိန်နည်းလို့ စာသင်ချိန်တိုးတယ်ဆိုတဲ့ သဘောမျိုး မသက်ရောက်ဘူး ဖြစ်နေတယ်။

မိသားစုစီးပွားရေးကိစ္စပေါ့။ ဒါလည်း သိပ်တော့မဆိုင်ဘူး ထင်တယ်။ ဘယ်လို ချိတ်ဆက်တွေးလဲတော့ ကျနော်တို့လည်း လိုက်ကိုမမီဘူး။ နယ်ဘက်မှာဆိုရင် နွေရာသီပိတ်ရက်မှာ မိဘရဲ့ စီးပွားရေးကို ကူညီဆောင်ရွက်တဲ့ ကလေးတွေရှိတယ်။ ဥပမာ- မိဘက လယ်လုပ်တယ်ထားတော့။ ကိုယ့်ရဲ့ လက်ငုတ်လက်ရင်း စီးပွားရေးဖြစ်တယ်။ ကလေးက လိုက်သွားရင်း မိဘတွေ လယ်ကို ဘယ်လိုလုပ်လဲဆိုတာ သင်ယူနေတာပဲ။ ပညာသင်တယ်ဆိုတာ ကျောင်းမှာပဲ သင်ယူနေတာ မဟုတ်ဘူး။

ပုံမှန်မဟုတ်တဲ့ သင်ယူနည်းတွေနဲ့ အများကြီးကို သင်ယူနေတာ။ အဲဒီလိုဆို မိဘရဲ့လုပ်ငန်းနဲ့ ရင်းနှီးမှုတောင် ပိုရနိုင်သေးတယ်။ ရန်ကုန်ရဲ့ဘေးပတ်ဝန်းကျင်တင် သွားကြည့်ရင်တောင် တချို့မိသားစုတွေက စားဝတ်နေရေး ခက်ခဲတာ သိနေတာပဲ။ တချို့ကလေးတွေက ထမင်းချိုင့်တောင် မပါပဲ ကျောင်းတက်နေကြရတာ။ ဒါတွေအတွက်လည်း ကျနော်တို့က စဉ်းစားပေးဖို့လိုတယ်။

နောက်က သင်ရိုးညွှန်းတမ်းအသစ်တွေ ဆွဲထားတဲ့ဟာကလည်း စာသင်ချိန် တိုးပြီး ဆွဲထားတာ မဟုတ်ဘူး။ သီတင်းပတ် ၃၆ ပတ်စာပဲ ဆွဲထားတာ။ သူတို့ကိုယ်တိုင်ကိုက အချိတ်အဆက်တွေ ဟနေတယ်။

မေး။ ။ ဆရာ၊ ဆရာမတွေဆိုတာက သင်ကြားရေးချိန် ပြီးရင်တောင် သူတို့အလုပ်တွေက အများကြီး။ လိုအပ်ရင် လိုအပ်သလို ဌာနဆိုင်ရာပွဲတွေ လိုက်ပါ ဆောင်ရွက်ရတာရှိတယ်။ ၂ဝ၂ဝ ခုနှစ်ဆို ရွေးကောက်ပွဲ ကာလက လာပြီ။ သင်ကြားရေးနဲ့ မဆိုင်ပဲ အစိုးရ ခိုင်းသမျှ သူတို့က လုပ်နေရတဲ့ အခြေအနေကိုရော ဘယ်လိုယူဆလဲ။

ဖြေ။ ။ ကျနော်တို့ဆီမှာက ဆရာ၊ ဆရာမဆိုတာ လူ့အဖွဲ့အစည်းရဲ့ ဦးဆောင်တဲ့သူတွေ အဖြစ် သွားနေကြတာ။ ဟိုးရှေးရှေးကတည်းက ရွာမှာ သူကြီး၊ ဘုန်းတော်ကြီးနဲ့ ဆရာ၊ ဆရာမတွေက အလွန်ကို သြဇာကြီးတဲ့သူတွေ။ အဲဒါကြောင့်လည်း ယုံယုံကြည်ကြည်နဲ့ နိုင်ငံတာဝန်တွေကို ခန့်အပ်တယ်လို့ တဖက်က အပြုသဘောနဲ့ မြင်မယ်ဆိုလည်း ရတယ်။ တဖက်မှာ သင်ကြားရေးတာဝန်နဲ့ မဆိုင်တဲ့ ကိစ္စတွေကို ခိုင်းစေတယ်လို့လည်း အမြင်တွေ ရှိပါတယ်။

ဒါက နိုင်ငံရဲ့ လိုအပ်ချက်အရ စေခိုင်းတာကို စဉ်းစားတာမှာ အစွန်းမရောက်ဖို့ လိုပါတယ်။ ဆရာ၊ ဆရာမတွေ ဒါတွေ လုံးဝ မလုပ်ရဘူးလို့တော့ အစွန်းမရောက်ဖို့ လိုပါတယ်။ ဒါက နိုင်ငံရဲ့ အခြေအနေအရ၊ ပြည်သူလူထုရဲ့ ယုံကြည်မှုအရ ဆရာတွေ ကို ဒီတာဝန်တွေ ပေးလာရင် လုပ်ကြရမှာပဲ။

မေး။ ။ ဆရာတို့ရဲ့ ကြေညာချက်ထဲမှာ ပါတဲ့အတိုင်း ဆရာတို့တင်ပြချက်တွေကို အစိုးရအနေနဲ့ မစဉ်းစားဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲမှာ ဘာလုပ်ငန်းတာဝန်ကိုမှ မလုပ်ဘူးဆိုတဲ့(သပိတ်မှောက်မယ်) အထိ ပါတာက ဘယ်လိုရည်ရွယ်ချက်လဲ။

ဖြေ။ ။ ဒါက ကျနော်တို့ ဆရာ၊ ဆရာမတွေရဲ့ အဆင့်အတန်းကို မြင်စေချင်တာ။ ပြည်သူလူထုရဲ့ ယုံကြည်မှုနဲ့ နိုင်ငံရဲ့ ဒီလိုတာဝန်တွေပါ ထမ်းဆောင်ပေးနေရတယ်ဆို မြင်စေချင်တာ။ ဆရာ၊ ဆရာမတွေဟာ နိုင်ငံက တာဝန်ပေးလာရင် သင်ကြားရေး တင်မက ဒီလို အရေးကြီး လုပ်ငန်းတွေပါ ထမ်းဆောင်ရသူတွေဖြစ်တယ်။ အဲဒါကြောင့် ဆရာ၊ ဆရာမ တွေကို မဖိနှိပ်ပါနဲ့။ သူတို့အသံကိုလည်း နားထောင်ပါဦး။ သူတို့မှာ ဘယ်လိုခံစားချက်တွေ ရှိသလဲ။ ဘယ်လိုအခက်အခဲ တွေ ရှိနေလဲ။ မူဝါဒတခု ချလိုက်ရင် အောက်ခြေအထိ ကြည့်ပါ။ တကယ်အကောင်အထည် ဖော်ရတာက ဆရာ၊ ဆရာမတွေပါ။

ကျနော်တခုပြောချင်တာက ကျနော်တို့နိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်တိုင်း တကယ်လုပ်ရတာက စာသင်ခန်းထဲက ဆရာ၊ ဆရာမတွေပါ။ အထက်အဆင့်ဆင့်က အရာရှိတွေဟာ စာသင်ခန်းထဲက ဆရာ၊ ဆရာမတွေ အတွက် အထောက်အပံ့ဖြစ်စေတဲ့ အရာတွေပဲ လုပ်စေချင်တယ်။ ကလေးတွေကို ပြုပြင် ပြောင်းလဲပေးမယ့်၊ သင်ကြားပေးမယ့်သူတွေက စာသင်ခန်းထဲက ဆရာ၊ ဆရာမတွေပါ။

တကယ့်ကို ပညာရေး ပြုပြင်ပြောင်းလဲချင်တယ်၊ နိုင်ငံရဲ့ အနာဂတ် ကောင်းစေချင်တယ်ဆိုရင် ကလေးတွေနဲ့ တကယ်တမ်း ထိတွေ့နေရတဲ့ ဆရာ၊ ဆရာမတွေကို တန်ဖိုးထားဖို့ လိုပါတယ်။ စာသင်ချိန်တိုးလိုက်လို့ ဆရာ၊ ဆရာမတွေ အလုပ်များစေတာမဟုတ်ဘူး။ စာသင်ချိန်ပြီးလို့ ကျောင်းပိတ်ရင်တောင် ဆရာ၊ ဆရာမတွေက ကျောင်းမှာပဲရှိနေတာ။ တခြား ပညာရေးနဲ့ ပတ်သက်တဲ့ အလုပ်တာဝန်တွေ အများကြီး ဆက်လုပ်နေကြရတာ။

နွေရာသီမှာ ကလေးတွေကို ခေါ်ထားချင်တယ်ဆိုရင်တောင် အခုလို စာသင်ချိန် တိုးတာထက် ဘယ်လိုအစီအစဉ်တွေနဲ့ ခေါ်ထားမလဲဆိုတာ စဉ်းစားသင့်တယ်။ ကိုယ့်နိုင်ငံက ကလေးတွေဆိုတဲ့ ရင်ထဲကဆန္ဒနဲ့ စိတ်အားထက်သန်စွာ လုပ်နေတဲ့ ဆရာ၊ ဆရာမကြီးတွေ အများကြီးပါ။ အဲဒီလိုလူတွေအတွက် ခွန်အားဖြစ်စေမယ့် စကားတွေနဲ့ လမ်းဖွင့်ပေးလိုက်ရင် အများကြီးတိုးတက်မှာပါ။ သူတို့ရဲ့ ဆန္ဒတွေရင်ထဲကနေ လျှံကျလာမယ့် ကိုယ့်နိုင်ငံက ကလေးတွေအတွက်ဆိုတဲ့ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်တွေ ဖွင့်ပေးပြီး ဘယ်လိုလုပ်ငန်းတွေနဲ့ ကလေးတွေကို နွေရာသီမှာ သင်ကြားမလဲဆိုတာ လုပ်ပေးရမှာ။

မေး။ ။ ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ ကျနော်တို့ တိုင်းရင်းသားဒေသနဲ့ ကျေးလက်ဒေသတွေမှာ ဆရာ၊ ဆရာမ မလုံလောက်မှု အများကြီး ရှိနေသေးတယ်။ တိုင်းရင်းသား ဘာသာစကားနဲ့ စာပေသင်ကြားမှု အပိုင်းမှာလည်း လိုအပ်နေ သေးတယ်။ ဒါက တိုင်းရင်းသားတွေ အမြဲတမ်း တောင်းဆိုနေကြတဲ့အရာ။ အဲဒါတွေ အရင်မလုပ်ဘဲ အခုလို ကျောင်းချိန် တိုးတယ်ဆိုတာ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်လို့ ယူဆလား။

ဖြေ။ ။ မယူဆပါဘူး။ သင်ရိုးသစ်မှာ 5C လို့ပြောတဲ့အထဲမှာ ဘာပါလဲဆိုတော့ ဆက်သွယ်မှု တိုးတက်ရေးပေါ့။ အခု သတင်းထောက်ကြီးနဲ့ ကျနော်နဲ့ စကားပြောနေတာကိုပဲ ဆက်သွယ်မှုလို့ ကျဉ်းကျဉ်းလေး စဉ်းစားလို့မရဘူး။ နိုင်ငံတကာ အထိ ချိတ်ဆက်ဆောင်ရွက်မယ်ဆို ဘာသာစကားတွေကအစ အများကြီး လိုလာပြီ။ တယောက်နဲ့တယောက် စကားပြောနိုင်ရုံနဲ့ ရပ်သွားတာ မဟုတ်ဘူး။

အင်္ဂလိပ်ကို ဘယ်လိုတိုးတက်အောင်သင်မလဲ။ ဂျပန်၊ ကိုရီးယား၊ တရုတ်စသဖြင့် လိုလာတယ်။ ကျောင်းတိုင်းလုပ်နိုင်မှာ မဟုတ်ပေမယ့် ကျောင်းအုပ်ကြီးတွေကို လုပ်ပိုင်ခွင့် ပေးကြည့်ပါ။ တို့ကျောင်းအနေနဲ့ လုပ်နိုင်ရင် နွေရာသီမှာ ဘယ်လို ဘာသာစကားတွေသင်မလဲ၊ တို့ကျောင်းမှာ တိုင်းရင်းသား ဘာသာစကားကို ဘယ်လို သင်ပေးမလဲပေါ့။ လုပ်တဲ့သူလည်း ရှိမယ်။ မလုပ်တဲ့သူလည်း ရှိမယ်။ ဒါပေမယ့် လုပ်တဲ့သူတွေကို အစိုးရက တခုခုလေး အသိအမှတ် ပြုပေးမယ်ဆိုရင် ဒီပေါ်မှာ အများကြီး တိုးတက်အောင် လုပ်ပေးလို့ ရပါတယ်ခင်ဗျ။ နောက်တခုက အင်တာနက်တွေ၊ ဖုန်းတွေလို အိုင်တီနဲ့ ပက်သက်တာတွေ လုပ်မလား။

မေး။ ။ ပြည်ထောင်စုအဆင့်ကတော့ တနိုင်ငံလုံးကို ခြုံငုံသုံးသပ်ပြီး မူဝါဒ ချတာပေါ့။ တဖက်မှာလည်း ဒေသအလိုက် လိုအပ်ချက်တွေ ရှိနေတယ်။ အဲဒါတွေကို အရင်ဆုံးလုပ်ဖို့ သင့်မလား။ ကျောင်းချိန်တိုးတာက ပိုသင့်မလား။

ဖြေ။ ။ အဲဒီသင်ရိုးညွှန်းတမ်း အသစ်မှာ Local Curriculum ဆိုတာရှိတယ်။ သက်ဆိုင်ရာ ပြည်နယ်နဲ့တိုင်း အစိုးရတွေရဲ့ ဦးဆောင်မှုနဲ့ ဆွဲကြတာ။ ပြီးတဲ့တိုင်းလည်း ပြီးတယ်။ မပြီးတဲ့တိုင်းလည်း မပြီးသေးဘူး။ လူမှုရေးဝန်ကြီးတွေရဲ့ စွမ်းဆောင်မှုပေါ် မူတည်တာပေါ့။ Local Curriculum မှာ သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားတွေလည်း ပါမှာပေါ့။

ကျောင်းချိန်တိုးတာက မသင့်တော်ဘူး။ ဒီနှစ်မှ ဗြုန်းကနဲ လုပ်လိုက်တာ။ စာသင်ချိန် တိုးတာ၊ လျော့တာက ကျနော်တို့ ကလေးတွေရဲ့ ပညာရေး တိုးတက်ခြင်းနဲ့ တိုက်ရိုက် မသက်ဆိုင်ပါဘူး။ ရှေ့လုပ်ငန်းတွေ အများကြီးရှိနေပါတယ်။

မေး။ ။ ဆရာတို့ ကြေညာချက်အတိုင်း ပြည်ထောင်စုအဆင့်က တကယ်ပဲ သူတို့ချမှတ်တာကို ဆက် အကောင်အထည် ဖော်မယ် ဆိုရင် ၂ဝ၂ဝ ခုနှစ် ရွေးကောက်ပွဲကို တကယ် သပိတ် မှောက်မှာလား။

ဖြေ။ ။ ဒါကတော့ အဲဒီအချိန် ဖြစ်ပေါ်လာမယ့် အခင်းအကျင်းပေါ် မူတည်မယ်။ ကြေညာချက်ထဲမှာ ပါပါတယ်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှာ ၆၁ ဦးဆိုတဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့ ဆုံးဖြတ်ချက်နဲ့ ထွက်လာတဲ့အတွက် ဒီအတိုင်း ဆက်ဆောင်ရွက်မယ့် သဘောရှိပါတယ်။ ကြေညာချက်ထဲမှာ ပါသလို သင်ကြားရေးနဲ့ မဆိုင်တဲ့ လုပ်ငန်းတာဝန်တွေကို ဥပဒေနဲ့အညီ ငြင်းပယ်သွားမယ့် သဘောမျိုး ရှိပါတယ်။

လမ်းဖွင့်မယ်၊ တံတားဖွင့်မယ်ဆို ဆရာ၊ ဆရာမတွေက ဟိုးအရင်ထဲကနေ အခုချိန်ထိ ပါနေရတာပဲ။ ဒါက သင်ကြားရေးနဲ့ မဆိုင်တဲ့ အလုပ်တွေ။ နောက် ကျောင်းသားမိဘတွေက ဒီစာသင်ချိန် တလတိုးတာကို သဘောမတူတာက များတယ်။

You may also like these stories:

ဒီမိုကရေစီနှင့် လွှတ်တော်အကြောင်း အလယ်တန်းမှစ၍ သင်ကြားရန် စီစဉ်

အခက်အခဲများကြားက ရာမည မီးအိမ်ရှင်များ

နားမလည်တဲ့ ဘာသာစကားနဲ့ သင်တာဟာ ကလေးကို အကြမ်းဖက်နေတာ

တိုင်းရင်းသားစာပေသင်ကြားရေး ဆရာခန့်အပ်မှု သတ်မှတ်ချက် ဖြေလျှော့မည်

Did you find apk for android? You can find new Free Android Games and apps.
Loading