ကျနော်တို့ တိုင်းပြည်က ဓာတ်ဆီဆိုင်တွေ သည်လည်း မျှမျှတတ ယှဉ်ပြိုင်ဖို့ လိုတယ်

အောင်သီဟ
ယှဉ်ပြိုင်မှုကော်မရှင်၏ အဖွဲ့ဝင် စီးပွားရေးပညာရှင် ဦးသုတအောင်
Want create site? Find Free WordPress Themes and plugins.

အီရန် နိုင်ငံ နှင့် အမေရိကန်နိုင်ငံ၏ ပဋိပက္ခ ကိစ္စများကြောင့် ကမ္ဘာ့ရေနံဈေးများ မြင့်တက်ခဲ့ရာ ပြည်တွင်း စက်သုံးဆီ များလည်း ရက်ပိုင်းအတွင်း တဖြည်းဖြည်း မြင့်တက်လာသည်။ စက်သုံးဆီ အမျိုးအစား အပေါ် မူတည်ပြီး တလီတာလျှင် ကျပ် ၁၀၀၀ ဝန်းကျင် နှင့် ကျပ် ၉၀၀ ကျော်သို့ ဈေးနှုန်း ပြန်တက်လာလျက်ရှိသည်။

အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းသည် နိုဝင်ဘာလ လကုန်ပိုင်းမှာ စတင်ကာ တဖြည်းဖြည်း ကျဆင်း လာလျက် ရှိပြီး ဇန်နဝါရီလအတွင်းတွင် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည် ကျပ် ၁၄၅၀ ဝန်းကျင်အထိ သို့ ရောက်ရှိလာလျက်ရှိသည်။

ယင်းသို့ စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်လာမှု နှင့် အမေရိကန်ဒေါ်လာဈေး ကျဆင်းလာမှုကြောင့် ပြည်တွင်း ဈေးကွက် နှင့် စားသုံးသူများအပေါ် ရိုက်ခတ်လာနိုင်မည့် အခြေအနေများနှင့် အစိုးရအနေဖြင့် ပြင်ဆင် ဆောင်ရွက်ရန် လိုအပ်မည့် ကိစ္စများနှင့် ပတ်သက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ယှဉ်ပြိုင်မှုကော်မရှင်၏ အဖွဲ့ဝင် စီးပွားရေးပညာရှင် ဦးသုတအောင်ကို ဧရာဝတီ သတင်းဌာန သတင်းထောက် အောင်သီဟက ဆက်သွယ် မေးမြန်းထား သည်။

မေး ။ ။ အမေရိကန် နဲ့ အီရန် ပဋိပက္ခကြောင့် ပြည်တွင်း စက်ဆုံးဆီတွေကလည်း ဒီရက်ပိုင်းမှာ ဈေး လိုက်တက်လာ တော့ ဒီရိုက်ခတ်မှုက ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။

ဖြေ ။ ။ စက်သုံးဆီကနေပြီးတော့ တွဲဖက်အကျိုးက ကုန်တင်ကုန်ပို့က ကားတွေနဲ့ပဲ သွားရတာဆိုတဲ့အခါမှာ ကားတွေက ဓာတ်ဆီလိုတယ်လေ။ အဲဒီတော့ ပြည်တွင်းဖြစ်တွေတောင်မှ ရှမ်းပြည်က ဂေါ်ဖီထုတ် ဆိုရင်လည်း ဈေး တက်ချင်တက် လာနိုင်တယ်။ ရှမ်းပြည်က ဂေါ်ဖီထုတ်က ရန်ကုန်ရောက်ဖို့ နေပြည်တော်ကို ရောက်ဖို့ဆိုရင် ကားနဲ့ လာရတာလေ။ အဲဒီ တော့ ပြောချင်တာက ကုန်ဈေးနှုန်း လိုက်တက်လာမယ်ပေါ့။

ဒါပေမဲ့ ဒီလိုတက်လာမယ့် ကိစ္စက ကျနော်ကတော့ သိပ်ပြီး ကြောက်စရာ ကောင်းတဲ့ ကိစ္စလို့ မမြင်ဘူး။ တကမ္ဘာလုံးမှာ ပြဿနာဖြစ်တယ်ဆိုရင် နည်းနည်းဈေးတက်တာပဲ။ တကမ္ဘာလုံးကလည်း စစ်မဖြစ်ချင်ကြတဲ့ အတွက် ဒါကို ပြန်ငြိမ်းချမ်း သွားအောင် လုပ်ကြမှာပဲ။

ခဏလို့ပဲ ထင်တယ်။ အရှေ့အလယ်ပိုင်းကတော့ မငြိမ်းချမ်းတာ ကြာပြီ။ အခုကတော့ စစ်ဖြစ်နေပြီလို့လည်း ပြောလို့ရတယ် ဒီအတိုင်းပဲ ရန်ဆောင်နေတယ်လို့လည်း ပြောလို့ရတယ်။

အဲဒီတော့ ကျနော်တဦးတည်း အမြင်အရ အရမ်းကြီး အဆိုးမြင်ရမယ့် အချိန်လို့ မမြင်ရသေးဘူး။ ဒါပေမယ့် ကျနော်တို့လို တိုင်းပြည်တွေအတွက် ထိခိုက်မှုတော့ ရှိတယ်။

မေး ။ ။ အခုအခြေအနေအရ ဈေးနှုန်းတွေ ထပ်တက်လာဖို့ စိုးရိမ်ရမယ့် အခြေအနေတခုလား။

ဖြေ ။ ။ စိုးရိမ်စရာ မကောင်းတာတော့ မဟုတ်ဘူး။ စိုးရိမ်စရာကောင်းအောင်တော့ အရမ်းကြီးဖြစ်နေမှာ တော့မဟုတ် ဘူး။ အမြဲတမ်းဗျာ တခုခုဆိုရင် ထိုးတက်သွားတော့မှာပဲ ကြောက်အောင်လိုက်ပြီး ခြိမ်းခြောက်ေ လျှာက်ပြောတဲ့ဟာပေါ့ အဲဒီလို လုပ်မယ်ဆိုရင်တော့ မကောင်းတဲ့ မသမာတဲ့ လုပ်ငန်းရှင်ပဲ အဆင်ပြေ သွားလိမ့်မယ်။

တကမ္ဘာလုံးနဲ့ ရှိတဲ့ ရိုက်ခတ်မှုကိုတော့ ကျနော်တို့တွေ အားလုံး ခံစားရမှာပဲ။ ဒါပေမယ့် အဲဒီလိုဟာတွေ အတွက်ကိုတော့ ကျနော်တို့တွေ ပြင်ထားဖို့ လိုတယ်။ နည်းနည်း စိုးရိမ်ဖို့ လိုတယ်။ ဒါပေမယ့် ဓာတ်ဆီ ထည့်စရာ မရှိတော့လောက်စရာ ဆိုးဆိုးဝါးဝါးကြီး ပေါ့နော် တချို့လူတွေက သိပ် ဒရာမာ များတတ်တယ်။ အဲဒီလို ဒရာမာ များရလောက်အောင် မရှိသေးဘူး။

နိုင်ငံ နှစ်နိုင်ငံ စစ်များ ဖြစ်သွားမယ်ဆိုရင်တော့ တကမ္ဘာလုံးမှာ လာပြီး ရိုက်ခတ်မှာပဲ။ အဲဒါကို အခွင့်အရေး ယူပြီးတော့ ယှဉ်ပြိုင်မှုကို ချိုးဖောက်လို့တော့ မရဘူး။

မေး ။ ။ အခု ဒေါ်လာဈေးကလည်း ပြီးခဲ့တဲ့ လတွေကတည်းက တဖြည်းဖြည်း ပြန်ကျလာနေတယ်။ တချို့ပြော နေကြတယ် မြန်မာကျပ်ငွေ မာလာတယ်ပေါ့။ တဖက်ကျတော့ ကမ္ဘာ့မှာကို ဒေါ်လာဈေးကျနေလို့ ဒီမှာ လိုက်ကျတာပေါ့။ ဒေါ်လာဈေးက ဘာကြောင့် ကျနေတာလဲ။

ဖြေ ။ ။ ကျနော်ကတော့ ဘာကိုမြင်လဲဆိုတော့ ဒီနှစ်ခု စလုံး ဖြစ်နိုင်တယ်။ လောလောဆယ်မှာက ဒီပဋိပက္ခ ထဲမှာ အမေရိကန်ပါတဲ့ အတွက်ကြောင့် ကမ္ဘာက အမေရိကန်ဒေါ်လာအပေါ်မှာ ယုံကြည်မှုက နည်းနည်းကျ ဆင်းတာပေါ့။ အဲဒါကြောင့် ကမ္ဘာမှာ ဒေါ်လာဈေးကတော့ နည်းနည်းကျလာမှာပဲ ဒါကတော့ သိပ်ပြီး ငြင်းစရာ မရှိဘူး။

ကျနော်တို့ဘက်မှာတော့ အစိုးရက ဒေါ်လာဈေး မတရား မတက်အောင်တော့ လုပ်တဲ့ လုပ်ဆောင်ချက်တွေ ရှိတယ်။ ဘောဂဗေဒ သဘောတရားအရ ဘယ်ဟာမှ အရမ်းတက်တာ မကောင်းသလို အရမ်းကျတာလည်း မကောင်းဘူး။ မှန်းလို့ ရနေတဲ့ အခြေအနေလေးကတော့ ကောင်းတယ်ပေါ့။

မြန်မာငွေက တအားကြီး မာသွားတယ် ဆိုရင်လည်း ကျနော်တို့ရဲ့ ပို့ကုန်တင်ပို့မှုကို ထိခိုက်နိုင်တယ်။ ကျနော်ပြောချင်တာ က အခုလောလောဆယ်မှာ မြန်မာကျပ်ငွေက သိပ်မာနေတယ်လို့ ပြောချင်တာ မဟုတ်ဘူး။

ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီဆိုင် တချို့ကိုတွေ့ရစဉ် / ဧရာဝတီ

ကျနော်တို့က အဲဒါကို အတင်းကြီး ကြည့်နေတာထက် အမေရိကန်ဒေါ်လာ တခုတည်း မဟုတ်ဘူး။ တခြား ကျန်တဲ့ ကျပ်နဲ့ ဘတ်(ထိုင်း) ရော ငြိမ်နေလား၊ ကျပ်နဲ့ ယွမ် (တရုတ်) ဘယ်လိုနေလဲ၊ ကျပ် နဲ့ ယန်း (ဂျပန်)၊ ကျပ်နဲ့ ယူရို (ဥရောပ) နဲ့ ဘယ်လိုနေလဲ ဆိုတဲ့ ကိန်းဂဏန်းတွေကိုလည်း ကြည့်ဖို့လိုတယ်။

အဲဒါကို ကြည့်လိုက်ရင် ဒေါ်လာရဲ့ ပြဿနာလား၊ ကျပ်နဲ့ ပြဿနာလား ဆိုတာ သိနိုင်တယ်။ နောက်တခုက ကိုယ့်ငွေကြေးကို ထိန်းရမယ်။ ငွေတန်ဖိုးက တက်နေတာ ကောင်းတယ်လို့ မြင်တဲ့ သူလည်း ရှိသလို ငွေတန်ဖိုး က ကျနေတာ ကောင်းတယ်လို့လည်း မြင်တဲ့သူရှိတယ်။ ဘောဂဗေဒ ပညာရပ်ဆိုင်ရာတွေမှာ မျိုးစုံရှိတာပေါ့ ဘယ်ဟာက မှန်တယ် ဘယ်ဟာက မှားတယ်ဆိုပြီး ရှိမနေဘူး အကုန်ပြောင်းပြီး တွေးလို့ရတယ်။

တိုင်းပြည်မှာ အစီအစဉ်တွေ ရေးဆွဲထားဖို့လိုတယ်။ ရှေ့ကို မှန်းဆဖို့ ကိစ္စတွေပေါ့။ ဘယ်ဟာပဲဖြစ်ဖြစ် ကိုယ့်ငွေရဲ့ ခိုင်မာမှုကိုတော့ လုပ်ထားရမှာပေါ့။ နောက်တခုက ဒေါ်လာအပေါ်မှာပဲ မှီခိုနေရတဲ့ ယဉ်ကျေးမှု ကိုလည်း လျှော့ချပြီး အဲဒီကနေ ရုန်းထွက်နိုင်လာရင်တော့ ပိုကောင်းတာပေါ့။
မြန်မာငွေကြေးကများ မတရား ခိုင်မာလာပြီလား ဆိုတာတော့ ပူစရာတော့မရှိဘူး။ တချို့တချို့တွေက ပူတတ် တယ်လေ မြန်မာငွေတန်ဖိုး သိပ်တက်လာရင် ကျနော်တို့ တိုင်းပြည်ကနေ Export ပို့ရတာ ခက်သွားမလား ဆိုတာကို ပူတတ်တဲ့ လူတချို့ရှိတယ် ကျနော်ကတော့ ဒါကို ပူစရာလို့ မမြင်ဘူး။

မေး ။ ။ အရင်က စက်သုံးဆီလုပ်ငန်းရှင်တွေက ပြောကြတာက ပြည်ပ ရေနံဈေးနဲ့ ဒေါ်လာဈေးတက်လို့ စက်သုံးဆီ ဈေးရတက်တာပေါ့။ ဒါပေမယ့် အခုက ရေနံဈေးက တက်တယ်ဆိုပေမယ့် ဒေါ်လာဈေးက ကျနေတဲ့ အချိန်ဖြစ်တော့ လုပ်ငန်းရှင်တွေကပဲ ဈေးတင်လိုက်တင်နေတာလား ဘယ်လိုသုံးသပ်လို့ရမလဲ။

ဖြေ ။ ။ လုပ်ငန်းရှင်ကတော့ ဘယ်လိုပဲ ဖြစ်ဖြစ် သူ အကျိုးအမြတ်ရအောင်လုပ်မှာပဲ။ အဲဒီမှာ တခုပဲ ကျနော် ရဲ့ ယှဉ်ပြိုင်မှုကော်မရှင်ရဲ့ စီးပွားရေးပညာရှင် တယောက်အမြင်ဆိုရင် ဈေးတက်တာရတယ် နားလည်လို့ ရတယ်။ အရှေ့အလယ်ပိုင်းမှာ ဆီဈေးတက်ရင်တော့ တကမ္ဘာလုံးတက်မှာပဲ ဒေါ်လာနဲ့ပဲ တွက်တွက် ဘာနဲ့ပဲ တွက်တွက် သူကတက်မှာပဲ။ ရေနံရဲ့ real price က တက်သွားလိမ့်မယ်။

ရေနံဈေးတက်သွားတဲ့အတွက် ကျနော်တို့ဆီက စက်သုံးဆီဈေးက တက်သွားနိုင်တယ်ပေါ့။ ဒီနေ့အထိကတော့ မတရားကြီး ခုန်တက်သွားတာ မဟုတ်သေးဘူး။ ကျနော်တို့တိုင်းပြည်က ဓာတ်ဆီဆိုင်တွေသည်လည်း မျှမျှတတ ယှဉ်ပြိုင်ဖို့ လိုတယ်။

အားလုံးက ဈေးတွေကို လက်ဝါးရိုက်ပြီး ညှိထားတယ်ပေါ့။ ဘယ်ဆိုင်သွားသွား ကျပ် ၉၀၀ ကျော်နဲ့ ညှိထား တယ်ဆိုရင် ကော်မရှင်အနေနဲ့ အရေးယူဖို့ ကြည့်နေမယ်။ ဒါပေမယ့် ဈေးကတော့ တက်သွားတယ် စားသုံးသူ တွေအတွက်ကို ရွေးချယ်ဝယ်ယူလို့ ရအောင် ဈေးမျိုးစုံနဲ့ ပေးနေသေးတယ်ဆိုရင်တော့ ဒါသည် လက်ခံလို့ရတဲ့ အခြေအနေလို့ ကျနော်တော့ မြင်တယ်။

ကျနော်ကတော့ ကမ္ဘာ့ဈေးကွက်ကြီးကို ကြည့်ပြောတာထက်စာရင် ယှဉ်ပြိုင်မှုအမြင်နဲ့ ကြည့်တယ်ဆိုရင် ကမ္ဘာလည်း တက်သွားတာဆိုတော့ ဘာမှမတတ်နိုင်ဘူးလေ။ ဒါပေမယ့် ဝယ်သူတွေအတွက် ရွေးချယ်ခွင့် ရှိနေသေးတယ်ဆိုရင် ဒါဟာ မဆိုးဘူးပေါ့။ ရွေးချယ်စရာ မရှိတော့ဘူး ဆိုရင်တော့ စိုးရိမ်စရာပေါ့။ အဲဒါဆိုရင် တခုခုလုပ်ရတော့မှာပေါ့။

မေး ။ ။ ဘာတွေများ ပြင်ဆင်ထားဖို့ လိုအပ်မလဲ။ ကျနော်တို့ နိုင်ငံကရော ပြင်ဆင်ထားနိုင်မယ့် အခြေအနေ ရော ရှိလား။

ဖြေ ။ ။ ဒီလို ပြဿနာက ကျနော်တို့ တိုင်းပြည်အတွက် အိပ်ရာက နိုးဖို့အတွက်ကို အိပ်ရာလာနိူး သလိုပေါ့။ ကျနော်တို့ တိုင်းပြည်မှာက နေရှိတယ်။ နေပူတဲ့ တိုင်းပြည်ဗျာ ဆိုလာလို ဥစ္စာမျိုးမှာ နေစွမ်းအားသုံးတဲ့ ဟာမျိုးမှာ ကျနော်တို့က ပိုပြီးတော့ ရင်းနှီးမြှုပ်နှံမှု ထည့်သင့်တယ်။ အခုက ကျနော်တို့ ထည့်သင့်သလောက် မထည့်ဘူး။

လျှပ်စစ်ကားတွေပေါ့ ကျနော်တို့ တိုင်းပြည်ကသာ လျှပ်စစ်ကားများများ သုံးမယ်ဆိုရင်ပေါ့ တခြားနိုင်ငံ တော် တော်များများဆိုရင် လျှပ်စစ်ကားဆိုရင် အခွန်ကင်းလွတ်ခွင့် ပေးထားပေါ့။ လျှပ်စစ်ကားကို သက်သာအောင် လုပ်ထားတယ်။ အားပြန်သွင်းလို့ ရမယ့် နေရာတွေလည်း အများကြီး ဖော်ထားတယ်။

လျှပ်စစ်ကို ကျနော်တို့က နေက ထုတ်လုပ်လို့ ရမယ်။ ရေအားလျှပ်စစ်ကနေ ယူလို့ရတယ်။ အဲဒီလျှပ်စစ်နဲ့ ကားကို ပြန်ပြီး အားသွင်းထားနိုင်မယ်ဆိုရင် အရှေ့အလယ်ပိုင်းက ရေနံကို မှီခိုရတဲ့ ဘဝကနေ ကျနော်တို့က လွတ်မယ်။

ဒီလိုပြဿနာကို ဘယ်လို ကာကွယ်ရမလဲ ဆိုတဲ့ မေးခွန်းက တော်တော်နောက်ကျနေတဲ့ မေးခွန်းဗျာ။ ကျနော်တို့က အစကတည်းက ခပ်ကြီးကြီး တွေးဖို့လိုတယ်။ ဒီလိုပြဿနာမျိုးတွေက အရှေ့အလယ်ပိုင်း မှာဖြစ်နေတာပဲ ပြဿနာတွေက မနက်ဖြန်၊ သန်ဘက်ခါဆိုရင် ငြိမ်းသွားတာလည်း ဖြစ်နိုင်သလို၊ နောက်လေးငါး နှစ်မှာ ပြန်ထဖြစ်လာနိုင်တယ်။

အဲဒီတော့ အရှေ့အလယ်ပိုင်း က ရေနံတို့ ဓာတ်ဆီတို့ လောင်စာစွမ်းအင်ကို မမှီခိုရတဲ့၊ မှီခိုမှုနည်းလာလေလေ ကျနော်တို့ က ကောင်းလေပဲ။ အဲဒီလို နည်းလာဖို့အတွက်ကိုလည်း ကျနော်တို့က နေတို့လို ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် တွေဘက် ကို များများသွားနိုင်ဖို့လိုတယ်။ ကားတွေက အစ ကျနော်တို့ရဲ့ ဘဝနေထိုင်မှုပုံစံတွေက အစပေါ့။

ကျနော်တို့က ကားတွေကို အဟောင်း မသွင်းရတော့မယ့် အတူတူ အစကတည်းက ဒီ လျှပ်စစ်ကားလိုမျိုးကို များများ သွင်းပြီး သုံးဖို့လိုမယ်။ ကားစီးတဲ့ ဘဝနေထိုင်မှုပုံစံကို ပြောင်းဖို့လိုတယ်။ ဒီလိုမျိုးတွေ ပြောင်းလဲထား ပြီပြီဆိုရင် ဒီလိုပြဿနာမျိုးကို အဝေးကြီးကတော့ ကြိုပြီးရှောင်လို့ရတယ်။

မေး ။ ။ ဒေါ်လာဈေး နဲ့ စက်သုံးဆီ ဈေးတွေရဲ့ ရှေ့အလားအလာက ဘာတွေဆက်ဖြစ်လာနိုင်လဲ။

ဖြေ ။ ။ သူတို့ရဲ့ ဈေးတွေကတော့ အမြဲပြောင်းပြန် ဖြစ်နေမှာ မဟုတ်ဘူး။ ဒေါ်လာဈေးက အမေရိကားကသာ ပေါ်လစီတခုခုကို မှန်အောင် လုပ်လိုက်နိုင်တယ်ဆိုရင် သူတို့ ငွေတွေ ပြန်တက်သွားတာ ဖြစ်နိုင်မယ် ဒါကတော့ တော်တော် ပြောရခက်တယ်။

ဒီပြဿနာကလည်း ဘယ်လောက်ကြာမယ် မကြာဘူးဆိုတာ ကျနော်တို့ မှန်းလို့ရမှာ မဟုတ်ဘူး။ အကြာကြီး ကြာတာ လည်း ဖြစ်နိုင်တယ် ခဏလေးနဲ့ ပြီးသွားတာလည်း ဖြစ်နိုင်တယ်။

နောက်ပြီးတော့ ရေနံက တချို့နိုင်ငံတွေမှာ ရေနံအရင်းအမြစ်တွေရှိတယ်။ ဥပမာ အမေရိကန်မှာဆိုရင် ရေနံ အရင်းအမြစ် တွေရှိတယ် ဒါပေမယ့် မသုံးဘူး အပြင်ကနေပဲ ဝယ်သုံးနေတယ်။ အဲဒီလို ရေနံအရင်းအမြစ်တွေကို ဖွင့်လိုက်တယ်ဆို ရင်လည်း ရေနံဈေးက ထင်သလောက် ထိုးမတက်တော့တာလည်း ဖြစ်နိုင်တယ်။ အသေ အချာကြီး စိုးရိမ်ပြီး ပူစရာမလို ဘူး။ ဒါပေမယ့် ရိုက်ခတ်မှုတွေကတော့ ရှိနေအုန်းမှာပဲ။

မေး ။ ။ စက်သုံးဆီ ဈေးတက်လာမယ်ဆိုရင် သယ်ယူပို့ဆောင်ရေး စရိတ်တွေတက်မယ် ကုန်ဈေးနှုန်းတွေ တက်မယ်ဆိုတော့ အစိုးရအနေနဲ့ကရော ဘာတွေစောင့်ကြည့်ပြီး ပြင်ဆင်ထားဖို့ လိုမလဲ။

ဖြေ ။ ။ ကျနော်အနေနဲ့ကတော့ ဒီပြဿနာကို အကြောင်းပြပြီး ဈေးကစားတဲ့ ကိစ္စတွေကို စောင့်ကြည့်ရမှာ ပဲလို့ ပြောချင်ပါတယ်။

You may also like these stories:

စည်းမဲ့ကမ်းမဲ့ လက်မှတ်မရှိဘဲ ဝင်လုပ်မယ့်သူတွေကို ကာကွယ်တာ

ကိုယ့်သားမယားကို အဓမ္မပြုကျင့်ကြသလား

ဘဏ်မတူသည့် MPU (Debit) ကတ်များ ငွေလွှဲနိုင်မည့် အစီအစဉ် ဘဏ် ၂ ခုနှင့် စတင်

Did you find apk for android? You can find new Free Android Games and apps.
Loading