မြန်မာနိုင်ငံတွင် လူမှုဖူလုံရေးစီမံကိန်းကို ၁၉၅၄ ခုနှစ် အက်ဥပဒေနှင့် ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ရက်မှ စတင်အကောင် အထည် ဖော်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်အကြာတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေကို ပြဌာန်းကာ ၂၀၁၄ ခုနှစ်တွင် စတင် ကျင့်သုံးခဲ့သည်။
လက်ရှိတွင် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ အာမခံထားသည့် လုပ်သားဦးရေမှာ ၁၄ သိန်း ၃ သောင်းခန့် ရှိနေပြီး ထိုသူများတွင် လူမှုဖူလုံရေး အာမခံ ထားခြင်းနှင့် ပတ်သက်ပြီး မိမိတို့၏ အကျိုးခံစားခွင့်များကို တောင်းဆိုရန် သိရှိမှုနည်း ပါးခြင်းများ ရှိနေသည်။
ယင်းအပြင် တချို့ အလုပ်ရုံပိုင်ရှင်များမှာ အလုပ်သမားများထံမှ ဖူလုံရေးကြေး ကောက်ခံသော်လည်း အစိုးရ လူမှုဖူလုံရေး ဦးစီးဌာနသို့ ပေးသွင်းထားခြင်း မရှိသည်များလည်း ရှိနေသည်ဟု သိရသည်။
ထိုသို့ လူမှုဖူလုံရေး အာမခံထားလျှင် အလုပ်သမားများအတွက် မည်သည့် အကျိုးခံစားခွင့်များ ရရှိခံစားနိုင်ခြင်း၊ လူမှု ဖူလုံရေး အာမခံ ဘာကြောင့်ထားသင့်သလဲ၊ လူမှုဖူလုံရေးကြေး ပေးသွင်းရန် ပျက်ကွက်သော စက်ရုံ၊ အလုပ်ရုံများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်နေသည် များနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံး တိုင်းဒေသကြီး တာဝန်ခံ အရာရှိ ဦးထွန်းကြိုင်ကို ဧရာဝတီသတင်းဌာန သတင်းထောက် မျိုးပပစန်းမှ တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ မြန်မာနိုင်ငံမှာ လက်ရှိ လူမှုဖူလုံရေးကို အမျိုးအစား ဘယ်လောက်နဲ့ လုပ်ဆောင်နေပါသလဲ။ လူမှုဖူလုံရေးနှင့် ပတ်သက်ပြီး ပြည်သူတွေ ဘာကြောင့် ဆောင်သင့်သလဲ ဆိုတာလေး ရှင်းပြပေးပါ။
ဖြေ ။ ။ လူမှုဖူလုံရေး စီမံကိန်းကို ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးအက် ဥပဒေနဲ့ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး အကောင် အထည် ဖော်ခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်း ၅၈ နှစ်ကြာတဲ့အခါမှာ ကျနော်တို့ ဥပဒေကို ပြင်ဆင်ပြီးတော့ ၂၀၁၂ ခုနှစ် အကျိုးခံစားခွင့် လူမှုဖူလုံရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော် အမှတ် ၁၅ နဲ့ သြဂုတ် လမှာ ပြဌာန်းခဲ့ပါတယ်။ ဒီ ဥပဒေကို ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ စတင် ဆောင်ရွက်ခဲ့ပါတယ်။ ဥပဒေမှာ အာခခံ စနစ် ၆ မျိုး ရှိသည့်အနက် ဥပဒေ ပုဒ်မ ၁၀၀ အရ လက်ရှိ အကောင်ထည်ဖော် နေတာတော့ အာမခံ စနစ် ၂ မျိုး ဖြစ်ပါတယ်။
အခု အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အာမခံစနစ် ၂ မျိုးမှာဆိုရင် အကျိုးခံစားခွင့် ၁၅ မျိုးကို ခွင့်ပြုထုတ်ပေး လျက် ရှိပါတယ်။ အဲဒါတွေကတော့ အာမခံ အလုပ်သမားတွေ မကျန်းမာမှု၊ မီးဖွားမှု၊ သေဆုံးမှု၊ အသက်အရွယ်ကြီးမှု စသည့် လူမှုဒုက္ခတွေ ကြုံတဲ့အခါမှာ ကျနော်တို့က အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား စုပေါင်းထားတဲ့ အာမခံ စနစ် တခု ဖြစ်တယ်။ ဒီလူမှုဖူလုံရေး စီမံကိန်းကနေပြီး လူမှုကာကွယ်ရေး စောင့်ရှောက်ရေး လုပ်ငန်းစဉ်ကို ဆောင်ရွက်လျက် ရှိပြီးတော့ အလုပ်သမားတွေက လူမှုရေးဒုက္ခတွေ တွေ့ကြုံပြီးတော့ ဝင်ငွေလျော့နည်း သွားတဲ့ အခါမှာ ဆုံးရူံးမှု မရှိစေရေးနဲ့ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်စေရေး အတွက်ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးတာရယ်။ ငွေကြေး ပံ့ပိုးမှုပေးတဲ့ အဖွဲ့အစည်း တခု ဖြစ်တာကြောင့် လူမှုဖူလုံရေးကို အားလုံး အကျုံးဝင် မှတ်ပုံတင်သင့်တယ်။
မေး ။ ။ လူမှုဖူလုံရေး ထားခြင်းရဲ့ ကောင်းကျိုးတွေ အနေနဲ့ အလုပ်သမားတွေက ဘယ်လိုအကျိုးခံစားခွင့်တွေ ရရှိနိုင်မလဲ။
ဖြေ ။ ။ လက်ရှိ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ အာမခံစနစ်က ကျန်းမာရေးနဲ့ လူမှုရေးအကျိုးဆောင် အာမခံ စနစ်ရယ်။ နောက် အလုပ်ခွင်ထိခိုက်မှု အကျိုးခံစားခွင့်စနစ်ပေါ့။ ဒီအာမခံ စနစ် ၂ ရပ်အတွက်ကို အလုပ်သမားရဲ့ လုပ်ခ လစာပေါ်မှာ မူတည်ပြီးတော့ အလုပ်ရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားက ၂ ရာခိုင်နှုန်း ပေးသွင်းရပါတယ်။ ရရှိနိုင်တဲ့ အကျိုးခံစားခွင့်တွေက ၅ မျိုးရှိတယ်။
နံပါတ် ၁ ကတော့ စတင်အကျူံးဝင်တာနဲ့ကို သူက ထည့်ဝင်ကြေး မပေးရသေးဘူး။ မှတ်ပုံတင်တဲ့ ကာလ ၁ လ အတွင်း မှာပင် သူ့မှာ ဆေးကုသခွင့် ရှိတယ်။ နံပါတ် ၂ ဘယ်လိုအကြောင်း ကိစ္စနှင့်မဆို သေဆုံးပါက နာရေးစရိတ် ရရှိမှာ ဖြစ် တယ်။ နံပါတ် ၃ အလုပ်ခွင်တွင်း ထိခိုက်မိပါက ယာယီ အကျိုးခံစား ခွင့်ရှိတယ်။ နံပါတ် ၄ လုပ်အားဆုံးရူံးသွား တဲ့အတွက် အမြဲတမ်း အကျိုးခံစား ခွင့်ရှိတယ်။ နံပါတ် ၅ အလုပ်ခွင် ထိခိုက်မှုကြောင့် သေဆုံးသွားတဲ့အခါ ကျန်ရစ်သူမှ အကျိုးခံစား ခွင့်ရှိုတယ်။
ဒီအကျိုးခံစားခွင့် ၅ ရပ်က မှတ်ပုံတင်ပြီးတာနဲ့ကို အလုပ်သမားတွေက ရမှာ ဖြစ်တယ်။ အလားတူ မှတ်ပုံတင် ကာလ သတ်မှတ်ထားတဲ့ မကျန်းမာမှု အကျိုးခံစားခွင့်တွေ ဆိုရင် ၆ လပေးတယ်။ ဒီလအတွင်း အနည်းဆုံး ထည့်ဝင်ကြေး ၄ လ ပေးသွင်း ထားပြီးပြီ ဆိုလျှင် အလုပ်သမားက မကျန်းမာမှုနဲ့ ပတ်သက်တဲ့ အကျိုးခံစားခွင့် ရှိတယ်။ ခံစား ခွင့်က သူနောက်ဆုံး လုပ်ခဲ့တဲ့ ၄ လရဲ့ လခ ပျမ်းမျှ ၆၀ ရာခိုင်နှုန်း အများဆုံး ရက်သတ္တပတ် ၆ ပတ် ခံစားခွင့် ရမှာဖြစ်တယ်။
အလားတူပဲ မှတ်ပုံတင်ကာလ ၁၂ လ အတွင်း ထည့်ဝင်ကြေး ၆ လ သွင်းထားတာ ရှိတယ်ဆိုရင် အကျိုးခံစားခွင့်တွေက မီးဖွားခွင့်နဲ့ ဆိုင်တဲ့ ငွေကြေးအကျိုး ခံစားခွင့်ရမယ်။ အာမခံ ထားတဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ် မီးမဖွားမီ ရက်သတ္တပတ် ၆ ပတ်၊ မီးဖွားပြီး ရက်သတ္တပတ် ၈ ပတ် စုစုပေါင်း ၁၄ ပတ် ရရှိပြီး အဲဒီအတွက် မီးမဖွားမီ နောက်ဆုံး လုပ်ခဲ့တဲ့ လစာရဲ့ ၇၀ ရာခိုင်နှုန်း ၁၄ ပတ်ကနေ အများဆုံး ၁၈ ပတ် အထိ ခံစားခွင့်ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကလေး အမွှာမွေးရင် ၄ ပတ် ထပ်တိုးခံစားခွင့်ရှိလို့ ဖြစ်ပါတယ်။
မီးဖွားစရိတ်အနေနဲ့ ကလေးတယောက်ေ မွးဖွားရင် ၁၂ လ အတွင်းရရှိတဲ့ ပျမ်းမျှ လုပ်ခ လစာရဲ့ ၅၀ ရာခိုင်နှုန်း အကယ်၍ အမွှာ မွေးတယ် ဆိုရင် ၇၅ ရာခိုင်နှုန်း တကယ်လို့ ၃ ဦးနဲ့ အထက် ဖြစ်သွားတယ် ဆိုရင် ၁၀၀ ရာခိုင်နှုန်း မီးဖွားစရိတ် အနေနနဲ့ ခံစားခွင့်ရမှာ ဖြစ်တယ်။
ဒါ့အပြင် အာမခံထားတဲ့ အမျိုးသမီးတွေ အကြောင်းကြောင်းကြောင့် ကိုယ်ဝန် ပျက်ကျမှု ဖြစ်တယ်ဆိုရင် အများဆုံး ရက်သတ္တပတ် ၆ ပတ်အထိ ပျမ်းမျှ လုပ်ခလစာရဲ့ ၇၀ ရာခိုင်နှုန်း အထိ ခံစားခွင့်ရမှာ ဖြစ်ပါတယ်။ တဦးနဲ့ တဦးက မတူညီနိုင်ဘူး။ ဆရာဝန်ရဲ့ ပြောကြားချက်က နှစ်ပတ်ပေးတာ သုံးပတ်ပေးတာရှိတယ်။ သို့သော် အများဆုံး ရက်သတ္တပတ် ၆ ပတ် လို့ ပြောတာဖြစ်တယ်။ ဒါလေးကို သိစေချင်တာဖြစ်တယ်။
အာမခံထားတဲ့ အမျိုးသားတွေကျတော့ ဖခင်ဖြစ်မှု ၁၅ ရက်ခံစားခွင့်ရမှာဖြစ်တယ်။ ဒါကလည်း ပျမ်းမျှ လုပ်ခလစာရဲ့ ၇၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ရမယ်။ ဖခင်ကျတော့ ကလေးတယောက်မွေးရင် ၂၅ ရာခိုင်နှုန်း၊ အမွှာဆိုရင် ၃၇ ဒသမ ၅ ရာခိုင် နှုန်းနဲ့ သုံးဦးနဲ့ အထက်ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း ဒါကျနော်တို့ ခံစားခွင့်တွေ ပေးမှာ ဖြစ်ပါတယ်။ နောက်ခံစားခွင့် တခု ကတော့ ၁ နှစ်အောက်ကလေး မွေးစားမှုကို အာမခံ အမျိုးသမီးအနေနဲ့ ရက်သတ္တပတ် ၈ ပတ် ခံစားခွင့် ရမှာဖြစ်တယ်။
ဒါအပြင် အာမခံထားတဲ့ အလုပ်သမားတွေက လပေါင်း ၁၈၀ နဲ့ အထက် ပေးသွင်းထားရင် သူတို့ အလုပ်ခွင်ကနေ အငြိမ်း စားယူသွားတဲ့ အခါမှာ ဆေးကုသခွင့် ခံယူခွင့်ကိုလည်း သတ်မှတ်ချက်နဲ့အညီ ခံစားခွင့်ရမှာ ဖြစ်တယ်။
ဆေးကုသမှုနဲ့ ပတ်သက်လို့ ဆေးဖိုးကုန်ကျစရိတ်အတွက် ဆိုရင်လည်း ကျနော်တို့ ဆေးရုံကို နယ်ကနေပြီးတော့ လာ တက်ရတဲ့ အခါမှာ ခရီးစရိတ်တွေ ပြန်ပေးတာ ရှိတယ်။ လိုအပ်လို့ ဆေးဝါးတွေ ဝယ်ယူရတာ ရှိမယ်။ နောက်တခု ဓာတ်ခွဲ စမ်းသပ်ရတာ တွေရှိရင် ဆေးဖိုး ပြန်အမ်းပေးတာတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ ဒီခံစားခွင့်တွေကို ကျနော်တို့ သတ်မှတ်ထားတဲ့ ဥပဒေနဲ့ အကျူံးဝင်တဲ့အခါ အာမခံ လုပ်သားတွေ ရရှိ ခံစားနိုင်မှာ ဖြစ်ပါတယ်။
မေး ။ ။ အခုလိုမျိုး ဖူလုံရေးကြေးတွေ ပေးတယ်ပေါ့နော်။ ဒါပေမယ့် ဥပမာ လိူင်သာယာ၊ ရွှေပြည်သာတို့လို စက်ရုံ အလုပ်ရုံ များတဲ့ နေရာတွေမှာဆိုရင် ရန်ကုန်ကတင်မဟုတ်ပဲ တခြားတိုင်းဒေသကြီးက ရွှေ့ပြောင်းလာတဲ့ အလုပ်သမားတွေ ရှိတယ်။ သူတို့တွေက ဒါကို နားမလည်တဲ့အခါကျတော့ သူတို့အခွင့်အရေး မရတာတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အသိပညာပေးတဲ့ လုပ်ဆောင်မှုတွေ ရှိပါသလား။
ဖြေ ။ ။ လက်ရှိမှာ ပညာပေး ဟောပြောခြင်းနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာ တိုင်းအဆင့်၊ ခရိုင်အဆင့် ရုံးခွဲ တွေက လစဉ် ကွင်းဆင်းပြီးတော့ လုပ်ဆောင် နေပါတယ်။ ဒီလိုလုပ်တဲ့ နေရာမှာတော့ အလုပ်ရှင်တွေက သူ့လုပ်ငန်းရဲ့ လိုအပ်ချက်အရ အလုပ်သမားတွေကို ထုတ်နှုတ်ပေးတဲ့နေရာမှာ ကန့်သတ်ချက် ရှိတဲ့ အတွက်ကြောင့်မို့ အပြည့်အ၀ ထုတ်ပေးမှု မရှိဘူး။ ပြောချင်တာက သူတို့လည်း လုပ်ငန်းလည်ပတ်ရမှာကိုး အဲဒီတော့ ကျနော်တို့ကို အရေအတွက် ကန့်သတ်ချက်နဲ့ ထုတ်ပေးတယ်။ ဒါကြောင့် ဟောပြောပွဲ တက်ရောက်တဲ့ သူတွေကျသိရပြီး တချို့ကျတော့လည်း မသိရဘူးပေါ့နော်။ အားနည်းနေသေးတယ်။
နောက်တခုကလည်း ကျနော်တို့ လက်ကမ်းစာစောင်တွေ အိတ်ဆောင်စာအုပ်တွေ အသိပညာပေး ဗီနိုင်းတွေ ဒါတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်နေပါတယ်။ အခုလည်း ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ အတွက်ကြောင့် မို့ နောက်ပိုင်းမှာ အင်တာနက် ဝက်ဆိုဒ်တွေ လုပ်မယ်။ အွန်လိုင်းနဲ့ လုပ်သွားဖို့ ရှိပါတယ်။
မေး ။ ။ ၁၉၅၄ ဖူလုံရေး ဥပဒေကနေ အခုသုံးနေတဲ့ ၂၀၁၂ ခုနှစ် ဥပဒေအထိ ပေါ့နော် ဥပဒေရဲ့ အားနည်းချက်၊ အားချက်တွေကရော ဘယ်လိုမျိုးရှိမလဲ။
ဖြေ ။ ။ ၁၉၅၄ ခုနှစ် လူမှုဖူလုံရေးဥပဒေကတော့ အာမခံစနစ် ၂ မျိုးပဲရှိတယ်။ အခု ဥပဒေမှာတော့ အာမခံစနစ် ၆ မျိုးရှိတယ်။ နောက်တခုက ဒီဥပဒေကို စတင်ဆောင်ရွက်စဉ်မှာ ကျနော်တို့ အာမခံ လုပ်သားက ၇ သိန်းပဲရှိတယ်။ အခုဆိုရင် လူဦးရေ ၁၄ သိန်း ၃ သောင်းအထိ ရှိလာပြီ။ အကျိုးခံစားခွင့် တွေကလည်း ပိုများလာတယ်။ ဒါက အားသာချက်တွေ ဖြစ်တယ်။ အကျိုးခံစားခွင့် ပိုရတဲ့အတွက် လူတွေက ပိုပြီးတော့ မှတ်ပုံတင်လာတာ တွေ့ရတယ်။
မေး။ ။ အခုအာမခံထားတဲ့ လုပ်သားဦးရေကလည်းများလာတယ်။ ၁ ဒသမ ၄၃ သန်း နီးပါး ရှိလာပြီဆိုတော့ ဒီလုပ်သားဦးရေ အကုန်လုံးကို လူမှုဖူလုံရေးက လွှမ်းခြုံနိုင်မှုရှိရဲ့လား။
ဖြေ ။ ။ အာမခံလုပ်သား အားလုံးကို လွှမ်းခြုံနိုင်မှု ရှိပါတယ်။ ဒါကို အကောင်အထည် ဖော်ဆောင်ရွက်တဲ့ နေရာမှာဆိုရင် ပြည်နယ်နဲ့တိုင်း ဒေသကြီး ရုံး ၁၃ ခု ရှိတယ်။ ခရိုင်ရုံး ၄ ရုံးရှိတယ်။ မြို့နယ်ရုံး ၇၈ ရုံးရှိတယ်။ ဆေးကုသမူပိုင်းနဲ့ ဆိုရင် အလုပ်သမား ဆေးရုံကြီး ၃ ရုံ၊ လူမှုဖူလုံရေး ဆေးခန်း ၉၆ ခု၊ ဌာနကြီးဆေးခန်း ၅၈ ခန်းရှိတယ်။ ဒါ့အပြင် လူမှုဖူလုံရေး Care Well ဆေးခန်း ၅ ခန်းရှိတယ်။ နောက် Provider Purchaser Split (PPS) နဲ့ လုပ်နေတဲ့ ဆေးခန်း ၇ ခုရှိတယ်။ တိုင်းရင်းဆေးခန်း ၁ ခုရှိပြီးတော့ mobile medical care units ဆိုတဲ့ အလုပ်ခွင်အရောက် ဆေးကုသတဲ့စနစ်ကို ရွှေ့ပြောင်း ယာဉ် ၂ စီးနဲ့ု ဆောင်ရွက်ပေး လျက်ရှိပါတယ်။
မေး ။ ။ လူမှုဖူလုံရေးစနစ်ကို ပိုကောင်းအောင်လို့ ဒစ်ဂျစ်တယ် စနစ် ပြောင်းဖို့ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ လက်ရှိ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ လက်ရှိက အိုင်တီနည်းပညာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အကျုံးဝင်ထားတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ဘဏ်တွေ အလုပ်ဌာနတွေမှာ အလုပ်သမား ၅၀ နဲ့ အထက်ရှိတဲ့ အလုပ်ဌာတွေမှာဆိုရင် သူတို့ဆီကနေ လက်ရှိပေးသွင်းနေတဲ့ ထည့်ဝင်ကြေးတွေကို ဒီဂျစ်တယ်စနစ်နဲ့ ဆောင်ရွက်ဖို့ ရှိပါတယ်။ နည်းပညာနဲ့ ပတ်သက်တဲ့ အစီအမံတွေကိုလည်း လုပ်ထား ပြီးသားရှိပါတယ်။ ခွင့်ပြုမိန့်ရတာနဲ့ ဆောင်ရွက်ဖို့ လုပ်နေပါတယ်။
မေး ။ ။ ဒစ်ဂျစ်တယ် စနစ်ပြောင်းဖို့ ဘယ်လောက်ကြာမလဲ။
ဖြေ ။ ။ မူလကတော့ Plan တွေက ဆွဲထားပြီးသားဖြစ်တယ်။ နိုင်ငံတော် သမ္မတရုံးကို တင်ထားတယ်။ ခွင့်ပြုမိန့် ကျတာနဲ့ ဆောင်ရွက်ဖို့တော့ လုပ်နေတယ်။ ကာလကတော့ ပြောလို့မရသေးဘူး။ ကြားမှာတော့ mobile app တို့ ဘာတို့ လုပ်ဖို့ လည်း ဆောင်ရွက်နေပါတယ်။ မကြာခင် နောက် ၃ လအတွင်းမှာ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးတော့ E-service လုပ်မယ်။ မကြာခင်မှာပဲ pilot Project အနေနဲ့ ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေနဲ့ စလုပ်ဖို့ ရှိတယ်။ အလုပ်သမားတွေရဲ့ ထည့်ဝင်ကြေး သွင်းတဲ့နေရာမှာ ရန်ကုန်မှာရှိတဲ့ ပုဂ္ဂလိက ဘဏ်ခွဲပေါင်း ၆၅၀ နဲ့ ချိတ်ဆက်ပြီးသွားမယ်။ အွန်လိုင်းစနစ်နဲ့ လုပ်ဖို့ အတွက်ကို ကျနော်တို့ အစီအမံတွေ ဆောင်ရွက်နေပါတယ်။
ပုဂ္ဂလိက ဘဏ်ဖြစ်တဲ့ ကမ္ဘောဇဘဏ်တို့ ဧရာဝတီဘဏ်တို့ အစရှိတဲ့ ဘဏ်တွေနဲ့ ဆွေးနွေး ချိတ်ဆက်ပြီးတော့ အွန်လိုင်း စနစ်နဲ့ ပေးနိုင်ရေးအတွက် အစီအမံတွေကို စတင် လုပ်နေပါပြီ။
မေး ။ ။ အွန်လိုင်းစနစ်နဲ့ လုပ်ဆောင်မယ်ဆိုရင် ရုံးလုပ်ငန်းတွေကို ဘယ်လောက်ထိ လျှော့ချနိုင်မလဲရှင့်။
ဖြေ။ ။ ကျနော်တို့ကို အာမခံထည့်ဝင်ကြေး အလုပ်ရှင်က လာသွင်းတဲ့အခါမှာ ရုံးကို လာနေရတယ်။ အချိန်တွေကုန်တယ်။ အဲဒီလို စောင့်ဆိုင်းစရာမလိုပဲနဲ့ အွန်လိုင်းပေါ်ကနေ သွားနိုင်မယ်။ ငွေကြေးအတွက် လုံခြုံစိတ်ချရမှုတွေ ရှိလာမယ်။ ပိုပြီးတော့ လုပ်ငန်းမှာ မြန်ဆန်ပြီးတော့ လွယ်ကူသွားမှာဖြစ်တယ်။
မေး ။ ။ လူမှုဖူလုံရေးဆိုတဲ့နေရာမှာ စက်ရုံတချို့က အလုပ်သမားတွေ ဆီက လူမှုဖူလုံရေးကြေး ကောက်လိုက်တယ်။ ဒါပေမယ့် တဖက်မှာကျတော့ အလုပ်သမား ဦးစီးဌာနကို ပြန်မသွင်းဘူး။ အလုပ်သမားတွေကလည်း ဒါကိုမသိဘူး။ သူတို့ အကျိုးခံစား ခွင့်တင်တဲ့အခါမှသာ ဒါမျိုးကို သိတယ်။ ဒါတွေကို ဆရာတို့ ဦးစီးဌာနတွေ အနေနဲ့ ဘယ်လိုမျိုး အရေးယူ ဆောင်ရွက်ပါသလဲ။
ဖြေ ။ ။ လူမှုဖူလုံရေး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ထည့်ဝင်ကြေးကို အလုပ်ရှင်သည် ပေးသွင်းရမယ့် သက်ဆိုင်ရာ ကာလ ကုန်ဆုံးပြီးနောက် ဥပမာ ၁ လပိုင်းအတွက် ပေးသွင်းရမယ် ဆိုရင် ၂ လပိုင်း ၁၅ ရက်အထိ ပေးသွင်းနိုင်ကြောင်း ဥပဒေ အရ ပြဌာန်း ဆောင်ရွက်ရတယ်။ တကယ်လို့ လာမသွင်းဘူး ဆိုရင်တော့ ကျနော်တို့က ဥပဒေ ပုဒ်မ ၈၈ အရ နောက် ပိုင်းမှာ ပျက်ကွက်တဲ့ရက် အသီးသီးကို ထည့်ဝင်ကြေး ထပ်ဆောင်း ၁၀ ရာခိုင်နှုန်းကို ဒဏ်အနေနဲ့ ကောက်ခံတာ ဖြစ်ပါ တယ်။ အချို့က အချိန်မီ ပေးသွင်းနိုင်ခြင်း ရှိတယ်။ အချို့က အချိန်မီ ပေးသွင်းနိုင်ခြင်း မရှိဘူး။ မရှိတဲ့သူတွေကို ၁ ရက်၊ ၂ ရက် အစရှိသဖြင့် ပျက်ကွက် တဲ့ ရက်အသီးသီး အတွက်ကို ပျက်ကွက်ကြေးနဲ့တကွ ဌာနကို သွင်းရမယ်။ ဒီလို ပြစ်ဒဏ်နဲ့ ကျနော်တို့ဆီက ဆောင်ရွက်ပါတယ်။
အလုပ်ရှင်က ပျက်ကွက်လို့ အလုပ်သမားများ အကျိုးခံစားခွင့် ဆုံးရူံးသလားဆိုတော့ လူမှုဖူလုံရေးမှာ အာမခံ လုပ်သား အဖြစ် စာရင်းသွင်းပြီးတာနဲ့ သူက ခံစားခွင့် ရှိပြီးသား ဖြစ်တယ်။
မေး ။ ။ အခုလို အလုပ်သမားထံက လူမှုဖူလုံရေးကြေး ဖြတ်တောက်ထားပြီး ထည့်ဝင်ကြေး အစိုးရကို ပြန်လည် ပေးသွင်းဖို့ ပျက်ကွက်တဲ့ စက်ရုံ ဘယ်လောက်ရှိပါသလဲ။
ဖြေ ။ ။ လစဉ် လစဉ် အချိန်မီပေးသွင်းနိုင်တာနဲ့ အချိန်မီ ပေးမသွင်းနိုင်တဲ့ ဌာနတွေ ရှိတယ်။ ရန်ကုန်မှာ ဆိုရင် အလုပ်ရှင် ဌာနပေါင်း ၁ သောင်းကျော် ရှိတယ်။ များသောအားဖြင့် စက်ရုံပိုင်ရှင် ရာဂဏန်းလောက်ကတော့ သတ်မှတ်ရက် အတွင်း မသွင်းနိုင်တာ ရှိတယ်။ ဒီစက်ရုံပိုင်ရှင်တွေကို ကျနော်တို့ ဒဏ်ကြေးဆောင်တဲ့ စနစ်နဲ့ သွားတယ်။ အဲဒီမှာ ထပ်ကျန်တဲ့ စက်ရုံတွေ လည်းရှိတယ်။ ဒါပေမယ့် သတ်မှတ်တဲ့ ဘဏ္ဍာနှစ်အတွင်းမှာတော့ ကျနော်တို့က အပြီးသတ် ရအောင် ဆောင်ရွက်ရပါတယ်။
မေး ။ ။ ဒီလိုမျိုး ဒဏ်ရိုက်တဲ့ စနစ်ကရော ထိရောက်မှုရှိရဲ့လား။ တခြား အပြစ်ဒဏ် ကြီးကြီးမားမား လုပ်တာမျိုး၊ တရားစွဲ တာမျိုး ရှိလား။
ဖြေ ။ ။ ကျနော်တို့ လူမှုရေးအာမခံ သဘောမျိုး ဖြစ်တဲ့အတွက် ဥပဒေကတော့ ပြဌာန်းချက် ရှိပြီးသား ဖြစ်တယ်။ ပျက်ကွက်တဲ့ အတွက် ဥပဒေပုဒ်မ ၈၈ အရ ကျနော်တို့က ကောက်ခံရမယ်။ အဲဒီလိုပဲ ဥပဒေပုဒ်မ ၇၈ အရတော့ မည်သူမဆို ကျန်ငွေ မဖြစ်စေရ ကောက်ခံရမယ်လို့ ပြဌာန်းထားပြီးသားဖြစ်တယ်။ ဒါကိုမှ သူ့ဘက်က ပျက်ကွက်လာပြီ ဆိုရင် သတိပေးခြင်းတွေလုပ်ပြီး သွားရတာဖြစ်တယ်။
အသိပေးတာတောင် တမင်ပျက်ကွက်လာပြီဆိုရင် ကာလတခုလည်း ရောက်ပြီဆိုရင်တော့ ကျနော်တို့က တရားစွဲဆိုခြင်း ကို သွားရပါတယ်။ ရုံးချုပ်ကို တင်ပြရပါတယ်။ ဝန်ကြီးရုံးရဲ့ ခွင့်ပြုချက်ရပြီဆိုမှ တရားစွဲဆိုခြင်းကို ဆောင်ရွက်ရပါတယ်။ ဒီ လိုမျိုး အဆင့်ဆင့် သွားရပါတယ်။ နောက်ဆုံးပြစ်ဒဏ်အနေနဲ့ ဆိုရင် တရားစွဲဆိုတဲ့ အပြစ်ဒဏ်အထိ ရောက်သွားပါမယ်။
မေး ။ ။ ဆရာတို့အနေနဲ့ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင်တွေကို မြန်မာနိုင်ငံရဲ့ လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့ ဥပဒေ တွေ အကြောင်း သိနားလည်အောင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နံှမှု ကော်မရှင် (MIC) နဲ့ ဘယ်လိုမျိုး ချိတ်ဆက် ဆောင်ရွက်မှုတွေ ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့က အသိပညာပေးတာ။ ဆွေးနွေးပွဲတွေ လုပ်တဲ့အခါမှာ ကျနော်တို့ဘက်က ပါဝင်လုပ်ဆောင်တာမျိုး တို့ လုပ်ပါတယ်။ လုပ်ငန်းဌာနတခု မှတ်ပုံတင်ပြီဆိုတာနဲ့ သူတို့ဘက်က လိုက်နာမယ့် ဟာတွေ၊ ပေးဆောင်ရမယ့် ဟာတွေနဲ့ ကျနော်တို့ဘက်က အကျိုခံစားခွင့် ပြန်ပေးမယ့် ရပိုင်ခွင့်မျိုးတွေကိုတော့ ဆွေးနွေး ဆောင်ရွက်ရတာတွေ ရှိပါတယ်။ အဲဒီလိုမျိုးတော့ လုပ်ဆောင်ပါတယ်။
မေး ။ ။ လူမှုဖူလုံရေး အာမခံထားတဲ့ ငွေကြေးက တနှစ်ကို ပျမ်းမျှ ဘယ်လောက်ရရှိပြီး။ အာမခံထားတဲ့ လုပ်သားကရော သူ့ရဲ့ အကျိုးခံစားခွင့်ကို မသိလို့ ပြန်မထုတ်တဲ့ ငွေကြေးက ဘတ်ဂျက် ဘယ်လောက်လောက် ကျန်နေပါသလဲ။
ဖြေ ။ ။ အဲဒါကျတော့ ကျနော်တို့က တိတိပပ ပြောဖို့ ခက်ပါတယ်။ လက်ရှိ ကျနော်တို့ အကျိုးခံစားခွင့် ထုတ်ပေးတာ ဆိုရင် တလကို အမှုတွဲပေါင်း ၃ သောင်း ၆ ခြောက်ထောင်ကျော်နဲ့ ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ထုတ်ပေးလျက် ရှိပါတယ်။ ဒါက အကျိုးခံစားခွင့်ပဲ ဆေးကုသမှု ခံစားခွင့် မပါသေးဘူး။ ကျနော်တို့ လူမှုဖူလုံရေး ဆေးခန်းတွေမှာ ကုသ နေတဲ့ လူနာတွေက လစဉ် ဦးရေ ၃ သောင်းကျော် ရှိတယ်။
မေး ။ ။ အလုပ်သမားတွေက ပြောတယ်ပေါ့နော်။ လူမှုဖူလုံရေး ဆေးခန်းတွေကို သွားရင် အများစုက ဆေးကုန် နေတာမျိုး။ ပြတ်လပ်တာမျိုး တွေကို ကြုံတွေ့ရတယ်လို့ ပြောတယ်။ ဒီအပိုင်းနဲ့ ပတ်သက်ပြီး ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ပြင်ဆင် ဆောင်ရွက်တာမျိုး ရှိပါသလဲ။
ဖြေ ။ ။ ကျနော်တို့ ဆောင်ရွက်တာက ဆေးခန်းဆိုရင် ၁ နှစ်ကို ဆေးဝါးပစ္စည်း ၂ ကြိမ် တောင်းဆိုနိုင်တယ်။ ဒီကြားထဲ လည်း အရေးပေါ် တောင်းဆိုနိုင်တယ်။ အခုနောက်ပိုင်း ဆေးဝါးကတော့ ပြတ်လပ်တာမရှိဘူး။ အတတ်နိုင်ဆုံး ပုဂ္ဂလိက ဆေးကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး ကုသပေးလျက် ရှိပါတယ်။
မေး ။ ။ စက်ရုံတွေမှာတွေ့ရတာက လူမှုဖူလုံရေး ယာယီကတ်ပြား ထုတ်ပေးထားခြင်း မရှိတာ တွေ့ရတာများတယ်။ ဒီလိုစက်ရုံတွေကိုရော အရေးယူဆောင်ရွက်မှု ရှိပါသလား။
ဖြေ ။ ။ ကတ်ပြား ထုတ်ပေးထားခြင်း မရှိဘူးဆိုတာက တချို့ကျတော့လည်း အလုပ်သမားတွေက ပြောင်းရွှေ့ပြီးတော့ လုပ် ကြတယ်။ အဲဒီလိုဆိုရင် အသစ်အနေနဲ့ပဲ သွားကြတယ်။ အဲဒီတော့ ဘာဖြစ်လည်းဆိုတော့ အလုပ်ရှင်က မခန့်မှာဆိုးလို့ အရင် ကတ်ပြားကို မပြကြဘူး။ သူတို့ လက်ထဲမှာ မရှိတာမဟုတ်ဘူး။ ရှိတယ်။ နောက်ထပ် အသစ်သစ်တွေကြောင့် မရဘူးလို့ ပြောကြတယ်။ တချို့လည်း မရသေးတာကို အချိန်နဲ့ တပြေးညီတောက်လျှောက် လုပ်ပေးလျက်ရှိပါတယ်။ ဒီနံပါတ်နဲ့ လူမှုဖူလုံရေး အကျိုးခံစားခွင့်နဲ့ ဆေးကုသခွင့်။ သွားတာဖြစ်တယ်။
မေး ။ ။ တခြားဖြည့်စွက် ပြောချင်တာများ ရှိပါသေးလားရှင့်။
ဖြေ ။ ။ ကျနော်ရဲ့ အာမခံအလုပ်သမားတွေ အလုပ်နေရာတွေ တခုနဲ့ တခု ဘယ်လိုပဲပြောင်းပြောင်း ပင်ရင်းကတ်ကို ဆက်ပြီးတော့ အသုံးပြုသွားဖို့ လိုပါတယ်။ အလုပ်တနေရာနဲ့ တနေရာ ပြောင်းသွားလည်း နံပါတ်တခုထဲနဲ့ သွားမှသာလျှင် သူ့ရဲ့ အကျိုးခံစားခွင့်က ဆက်စပ်ပြီးတော့ ခံစားရမှာ ဖြစ်တဲ့အတွက် ဘယ်နေရာပဲပြောင်းပြောင်း ရထားတဲ့ နံပါတ်လေးကို ဆင့်ကဲ ဆင့်ကဲ အသုံးချသွားဖို့ ပြောလိုပါတယ်။ ဒါမှသာ သူ့ရဲ့ အကျိုးခံစားခွင့်တွေ ဆုံးရှုံး နစ်နာမှုမရှိဘဲ ခံစားရမှာ ဖြစ်ပါတယ်။