တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုလ ဇန်နဝါရီလ ၁၇ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သည်။ သူ၏ ခရီးစဉ် အတွင်း နေပြည်တော်က အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံအတွင်းက တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ အပါအဝင် စစ်မီးတောက်လောင်နေသည့် ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက် ဆိပ်ကမ်း စသည့် လုပ်ငန်တချို့ကိုလည်း စတင် အကောင်အထည်ဖော် တည်ဆောက်ရန် သဘောတူ လက်မှတ် ရေးထိုး ကြမည်ဟု သတင်းများ ထွက်ပေါ်နေသည်။
တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့၏ နှစ်ဖက် တိုက်ပွဲများမှာ ၁ နှစ်ကျော်ကြာမြင့်လာသည်နှင့် အတူ စစ်ရေးပဋိပက္ခ ဧရိယာမှာ ရခိုင်မြောက်ပိုင်းမှနေ တောင်ပိုင်းမြို့နယ်များအထိ ကူးစက်ကျယ်ပြန့်လာနေသည့် အတွက် ဒေသခံ တချို့က လည်း ဖွံ့ဖြိုးရေး လုပ်ငန်းများထက် ငြိမ်းချမ်းရေး လုပ်ငန်းများကိုသာ ဦးစားပေး လုပ်သင့်ကြောင်း ပြောဆိုကြသလို တချို့ ကလည်း အလုပ်အကိုင် အခွင့်အလမ်းနှင့် မြေယာလျှော်ကြေးများကိုသာ ပေးဆောင်မည်ဆိုပါက အထူးစီးပွားရေး စီမံ ကိန်းအပေါ် ထောက်ခံ ကြိုဆိုကြောင်း အမြင်အမျိုးမျိုး ဖြစ်ပေါ်လျက် ရှိသည်။
ထိုသို့သော အကြောင်းများနှင့် ပတ်သက်၍ ကျောက်ဖြူ ဒေသခံများ၏ သဘောထား အမြင်များကို ဧရာဝတီ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က မေးမြန်း တင်ပြလိုက်ပါသည်။
ဦးဖိုးစံ
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်၊ ကျောက်ဖြူ မဲဆန္ဒနယ်

တရုတ်သမ္မတ ခရီးစဉ်မှာ ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ) လုပ်ဖို့ သဘောတူ လက်မှတ်ရေးထိုးမယ် ဆိုတဲ့အပေါ် မှာ ကျနော်တို့ ဖြစ်ချင်တဲ့ သဘောထားက ဒေသခံတွေနဲ့ လာရောက် တွေ့ဆုံပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်လေး ဆွေးနွေး ရင်တော့ ပိုလို့ကောင်းမယ်လို့ ထင်တယ်။ဒေသခံတွေရဲ့ သဘောထားကို မရဘဲနဲ့ လုပ်ရင်တော့ ဝိရောဓိတွေ ဖြစ်လာနိုင် တယ်။
စီပွားရေး အထူးဇုန်တခု အကောင်အထည်ဖော်မယ် ဆိုရင် အဓိက မြေယာတွေ လိုတာကိုး။ မြေယာတွေက လယ်သမား တွေဆီမှာပဲ ရှိတယ်။ နောက် အစိုးရပိုင်တဲ့ မြေလွတ်မြေရိုင်းတွေ ရှိတယ်။ အဲဒါတွေ ပတ်သက်လို့ကတော့ ဒီမှာ ပွင့်လင်း မြင်သာစွာ လာရောက်ချပြရင်တော့ ပိုပြီးကောင်းမယ်။ ဒီလို မဟုတ်ဘဲနဲ့ ဒီအတိုင်းသာ လက်မှတ် ထိုးလိုက်မယ်ဆိုရင် ဘယ်နေရာတွေ ဇုန်ထဲမှာပါမယ်။ ဘယ်ရွာတွေ ပြောင်းရွှေ့ရမယ်ဆိုတာတွေကို တိတိကျကျ မသိဘူး။
ဖြစ်လာတဲ့အခါမှာ ရုန်းရင်းဆန်ခတ် ရွာတွေကို ပြောင်းရမယ်ဆိုရင်တော့ ကျနော်တို့ ကိုယ်စားလှယ်အနေနဲ့လည်း ပြည်သူတွေဆီကို ပြောရတာ အခက်အခဲရှိမယ်။ အဲဒီအတွက်နဲ့ ဒေသခံ ပြည်သူတွေကို ချပြတာက ပိုပြီးတော့ ကောင်းမယ်လို့ မြင်မိတယ်။
လက်ရှိမြေပြင် အနေအထားမှာ ပွင့်လင်းမြင်သာစွာ တခုမှတော့ မသိရသေးဘူး။ ရန်ကုန်နဲ့ နေပြည်တော်မှာပဲ အစည်းအ ဝေး လုပ်တာတွေကို တွေ့ရတယ်။ကျနော်တို့ ကျောက်ဖြူ ဒေသခံလာပြီးတော့ ချပြတာတွေ တခုမှာ မရှိဘူး။ အစိုးရဲ့သ ဘောထားရော၊ တရုတ်စီးပွားရေး ကော်ပိုရေးရှင်း (CITIC) ကုမ္ပဏီရဲ့ သဘောထားရော ရေရေရာရာ တခုမှ မသိရဘူး ဖြစ်နေတယ်။
မြေယာတိုင်းတာနဲ့ ပတ်သက်လို့ အစိုးရအဖွဲ့ ၂၀၁၆ ခုနှစ်ကတည်းက ရိုက်နှိပ်ထားတဲ့ စာအုပ်တအုပ်ကတော့ ဇုန်ဧရိယာ သတ်မှတ်ထားတာ တခုလောက်ကိုတော့ တွေ့မိတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးဆီကတဆင့် စာအုပ်ပေးလို့တော့ သိရတယ်။ ရေနဲ့ မြေယာ ဘယ်လောက်ပါမယ်။ ဆိပ်ကမ်းအတွက် သတ်မှတ်ထားတဲ့ မြေက ဘယ်လောက်၊ စက်ရုံ ဧရိယာက ဘယ် လောက် ၊ ဆိပ်ကမ်းကြီးလုပ်ဖို့အတွက်က ဘယ်လောက်ဆိုတဲ့ သတ်မှတ်ထားတဲ့ စာအုပ်တအုပ်တော့ တွေ့မိတယ်။
မြေပြင်မှာ အနေအထားကိုတော့ အုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာဌာနကပဲ စာရင်းကောက်လို့ ရှိတယ်။ ကျနော်တို့ လွှတ် တော် ကိုယ်စားလှယ်တွေကတော့ အဲဒီအထဲမှာ မပါတဲ့အတွက် မသိရဘူး။ ကျောက်ဖြူဇုန် ဧရိယာအတွက် ကနဦး သိုင်းချောင်း ကျေးရွာ အုပ်စုထဲမှာ မြေဧက ၂၅၀ အကောင်ထည်ဖော်မယ် ဆိုတာလည်း တခေါက် ကြားလိုက်တယ်။ အဲဒါကလည်း လောလောဆယ် ပျောက်နေတယ်။
စီပွားရေးဇုန် လုပ်မယ်ဆိုတဲ့အပေါ် ဒေသခံတွေ သဘောထားက အမျိုးမျိုးဖြစ်နေတယ်။ ကျနော်တို့ ကျေးရွာတွေကို ကွင်း ဆင်းတဲ့အခါမှာ တချို့ကလည်း အရင် ရွှေသဘာဝဓာတ်ငွေ့ တရုတ်စီမံကိန်းလုပ်တဲ့ အချိန်တုန်းက အခက်အခဲတွေ ရှိခဲ့ကြ တဲ့အတွက် စိုးရိမ်မှုတွေ ရှိတယ်။
တချို့ကလည်း အလုပ်ကိုင် အခွင့်အလမ်း ပေးမယ်ဆိုရင်တော့ လက်ခံမယ်ဆိုတဲ့ အမြင်သဘောထားက နှစ်မျိုး ဖြစ်နေ တယ်။ အဲဒီအတွက်နဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိတယ်၊ ဖွံ့ဖြိုးတိုးတက်လာမယ် ဆိုရင်တော့ ကျနော်တို့ကလည်း ထောက်ခံတယ်။
အဲဒီလိုမှ မဟုတ်ဘဲနဲ့ မြေယာတွေပဲ အသိမ်းခံလိုက်ရပြီးတော့ ရွာတွေပဲ ပြောင်းရွှေ့ခံရတာ၊ ဒေသခံ ပြည်သူတွေ အခက် အခဲပဲ ကျမယ်ဆိုရင်တော့ ကျနော်တို့လည်း ပြည်သူတွေ ရင်ထဲမှာ ရှိသလို ဒီစီမံကိန်းကို မထောက်ခံနိုင်ဘူး။ စီမံကိန်း က ဒေသခံပြည်သူတွေကို ဘယ်လောက် အကျိုးပြုမလဲဆိုတာက သူတို့ ရေးဆွဲထားတဲ့ Master Plan သိရပြီးမှ ပြောလို့ရ မယ်။ ကိုယ်စားလှယ်တဦးအနေနဲ့ ခန့်မှန်းပြီး ပြောဖို့က ခက်တယ်။ ဒီဟာတွေက အဓိက အစိုးရအပေါ်ကို မေးခွန်းထုတ် ရမှာ ဖြစ်တယ်။
တရုတ်သမ္မတနဲ့ တာဝန်ရှိတဲ့ အစိုးရ အကြီးအကဲတွေကို ကျနော်တို့ ပြောချင်တာ တိုက်တွန်းချင်တာက ပြည်သူအတွက် အမှန်တကယ် အကျိုးရှိတယ်၊ ဒေသအတွက်လည်း အမှန်တကယ် အကျိုးပြုမယ်၊ နိုင်ငံအတွက်လည်း အကျိုးရှိမယ်ဆိုရင်တော့ ကျနော်တို့ကတော့ ကြိုဆိုတယ်။
အဲဒါမျိုး မဟုတ်ဘဲ မြေသိမ်းယာသိမ်းကိစ္စတွေနဲ့ နိုင်ငံခြားကလာတဲ့ လူတွေနဲ့ ပြဿာနာပေါင်း သောင်းခြောက်ထောင် ဖြစ် ပြီးတော့ နိုင်ငံခြားကလာတဲ့ လူတွေပဲ အလုပ်အကိုင်အခွင့်လမ်း ရပြီး ဒီဒေသကလူတွေက ပညာကလည်း မရှိ အလုပ်အ ကိုင် အတွေ့အကြုံကလည်း မရှိဘူးဆိုတဲ့အခါ အလုပ်အကိုင် အခွင့်လမ်းမရရှိဘဲနဲ့ ပြည်သူတွေပဲ ဒုက္ခရောက်မယ့် အနေ အထားဆိုရင်တော့ ကျနော်တို့က ကန့်ကွက်ရမှာ ဖြစ်တယ်။
ဦးထွန်းကြည်
ညှိနှိုင်းရေးမှူး၊ ကျောက်ဖြူ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအသင်း

ကျနော်တို့ သဘောထားက ရခိုင်ပြည်နယ်မှာ အခု အခြေအနေအရ ပြည်ထောင်စု အစိုးရအနေနဲ့ မဖြစ်မနေ လုပ်ဖို့ လိုအပ် တာက ငြိမ်းချမ်းရေး ကိစ္စပေ့ါလေ။ နောက်တခါ လူပေါင်း ၁ သိန်းကျော်လောက် အိုးအိမ် စွန့်ခွာပြီးတော့ ထွက်ပြေးနေရ တာတွေကို သူတို့ ဘဝလုံခြုံစွာ အိမ်ပြန်နိုင်ရေး အဓိက ပစ်မှတ်ထားပြီးတော့ လုပ်ဖို့လိုတဲ့ ကာလလို့ ကျနော်အနေနဲ့ မြင်မိ တယ်။ ရင်းနှီးမြှုပ်နှံမှုက မလိုအပ်ဘူးလားဆိုတော့ ဒါလည်း လိုအပ်ပါတယ်။ ဒါပေမယ့် အခု အချိန်အခါမှာ ပထမဦးစားပေး လုပ်ငန်းတခုတော့ မဟုတ်ဘူး။
ဒီအချိန်အခါမှာ တရုတ်သမ္မတကလည်း မြန်မာနိုင်ငံရေး ပြုပြင်ပြောင်းလဲကို ဇောင်းပေးပြီးတော့ စကားပြောသင့်တဲ့ ကာလ လို့လည်း မြင်တယ်။ အဲဒီလို မဟုတ်ဘဲ သူတို့နိုင်ငံရဲ့အကျိုးစီးပွားအတွက်ပဲ ကြည့်ပြီး လုပ်မယ်ဆိုရင် ဒီနိုင်ငံရဲ့ ပဋိပက္ခက ပိုပြီးတော့ တာရှည်သွားမယ်။
လက်ရှိ မြေပြင်မှာတော့ လောလောဆယ် တခုမှ အကောင်အထည်ဖော်တာတွေတော့ မရှိသေးဘူး။ သဘာဝ ပတ်ဝန်း ကျင်နှင့် လူမှုဘဝ ထိခိုက်မှု ဆန်းစစ် လေ့လာချက် (EIA/SIA) တွေတောင်မှ မလုပ်ရသေးဘူး။ သူတို့မှာ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ သဘောတူညီမှု စာချုပ် (MoA) လက်မှတ်ထိုးပြီးမှပဲ EIA ၊ SIA လုပ်မယ်။ အဲဒီလို လုပ်တာ ၁ နှစ်လောက်တော့ ကြာမယ်။ အဲဒီလို လုပ်ငန်းပြီးတဲ့အခါ သို့တည်းမဟုတ် လုပ်ငန်းလုပ်တဲ့ ကြားကာလမှာ မြန်မာအစိုးရမှာ သူတို့ ရထားတဲ့ ရှယ်ယာတွေထဲက တချို့ကို ပြန်ရောင်းရမှာ ရှိသေးတယ်။
ကျနော်တို့က မြင်တာက ဒီကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ဖော်ဆောင်ခြင်းအားဟာ လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတိုင်းသွားရင်တော့ ဒေသခံ ပြည်သူတွေအတွက် အကျိုးမရှိနိုင်ဘူး။ အခုလည်း ကျနော်တို့ ရခိုင်ဘက်က အရင်းအနှီး တွေ အများကြီး ပေးထားရတာပဲ။ ဂက်စ်ပိုက်လိုင်း၊ ရေနံပိုက်လိုင်း နောက်တခါ သဘာဝဓာတ်ငွေ့တွင်းတွေ တူးပြီးတော့ ထုတ်ယူနေတာတွေလည်း အများကြီး ရှိတယ်။
အခုထိ အကျိုးအမြတ် တပြားမှ ပြန်မရဘူးလေ။ အဲဒါတွေက ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အဓိက ပြဿနာမှာ မူတည်နေ တယ်။ အာဏာခွဲဝေရေး၊ သဘာဝ သယံဇာတဆိုင်ရာ ခွဲဝေမှုတွေ လုပ်ဖို့ လိုတယ်။ အဓိကတော့ တိုင်းရင်းသားများ လို လားနေတဲ့ ပြည်ထောင်စု၊ ပြည်နယ်တွေရဲ့ အာဏာခွဲဝေမှု၊ လုပ်ပိုင်ခွင့် ခွဲဝေမှု၊ အခွန်အခနဲ့ သယံဇာတခွဲဝေမှု အပိုင်းကို ပထမဦးစားပေး အနေနဲ့ သွားမှ ဒီနိုင်ငံ စစ်မှန်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တခုဖြစ်မယ်။
ဒီလို မဟုတ်ရင်တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ခရီးတခုကို မရောက်နိုင်ဘူး။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်က လက်ရှိ ကာ လမှာ ရခိုင်တိုင်းရင်းသားတွေ အတွက် မရှိမဖြစ်လို အပ်နေတဲ့အရာတခုတော့ မဟုတ်ဘူး။ သို့သော် ရခိုင်တွေအတွက် လိုအပ်တဲ့ အချိန်ကတော့ စောစောက ကျနော်ပြောတဲ့ ပြည်ထောင်စုနဲ့ ပြည်နယ်တွေ အာဏာခွဲဝေမှု၊ လုပ်ပိုင်ခွင့် ခွဲဝေမှု ပြီးသွားတဲ့ကာလ စစ်မှန်တဲ့ ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ပြီးတဲ့ ကာလမှ ဒီစီမံကိန်းတွေကို ဆက်လက် လုပ်သင့်တယ်လို့ ကျနော် မြင်တယ်။
တကယ်လို့များ ကျောက်ဖြူ အထူးစီးပွားရေးဇုန် လုပ်ငန်းတချို့တပိုင်းကို လုပ်ကိုင်ဆောင်ရွက်ဖို့ အစိုးရအနေနဲ့ သဘောတူ လက်မှတ်ထိုးလိုက်မယ်ဆိုတဲ့ ကိစ္စတွေကတော့ ရခိုင်နိုင်ငံရေးသမားတွေနဲ့ ပိုပြီးတော့ သက်ဆိုင်ပါလိမ့်မယ်။ ကျနော်တို့ က သာမန် လူမှုရေးအသင်းအဖွဲ့တွေသာ ဖြစ်တယ်။ ဒီဟာက တကယ့် မဟာဗျူဟာနိုင်ငံရေးလေ။ ရခိုင်နိုင်ငံရေးသမား တွေ၊ ရခိုင်နိုင်ငံရေး ပါတီတွေရဲ့ အခန်းကဏ္ဍကို ကျနော်တို့ စောင့်ကြည့်ရမှာပေါ့။
တရုတ်ဘက်က ရခိုင်ပြည်နယ်အတွင်းမှာ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို လုပ်ဖို့ ဆန္ဒပြင်းပြနေတယ်ဆိုတဲ့အပေါ်ကို ကျနော့် အမြင်ကတော့ တရုတ်ကတော့ လိုအပ်ချက်ကို ပြောနေမှာပဲ။ သူလိုချင်တာကို သူတောင်းနေမှာပဲ။ နောက်တခုက အိန္ဒိယ ရဲ့ အရှေ့မျှော်ဝါဒကလည်း ရခိုင်ပြည်နယ်ထဲမှာ လာပြီးတော့ အခြေတည်နေတာကိုး။ ဆိုတဲ့အခါ ဘယ်လို ပုံစံမျိုးဖြစ်လာ နိုင်လဲ ဆိုတာကတော့ တိတိကကျ ပြောဖို့ ခက်တယ်။
မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ တိုင်းရင်းသား အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက် အားကောင်းလာမလဲ ဆိုတဲ့ အပိုင်းမှာ ပိုပြီး မူတည်သွားလိမ့်မယ်လို့ ကျနော်အနေနဲ့ မြင်တယ်။ ပြောရမယ်ဆိုရင်တော့ တရုတ်က အိန္ဒိယရဲ့ အရှေ့ မျှော်ဝါဒကို မြန်မာနိုင်ငံထဲမှာ အဆုံးသတ်ဖို့ စဉ်းစားတယ်။ အိန္ဒိယကလည်း မြန်မာနိုင်ငံထဲကနေပြီးတော့ သူရဲ့ ကုန်သွယ် ရေး လမ်းကြောင်းကို ဖောက်ထွက်ဖို့ စဉ်းစားတယ်။
တရုတ်ကလည်း ရခိုင်ပြည်နယ် ကျောက်ဖြူကို အခြေတည်ပြီးတော့ အရှေ့အလယ်ပိုင်း နိုင်ငံတွေအထိ သူရဲ့ ကုန်သွယ်မှု စီးပွားရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့ မျှော်မှန်းထားတာတွေကို တွေ့ရတယ်။ ဒီကြားထဲမှာတော့ ကျနော်တို့ အများကြီး ရှုပ်ထွေးလာနိုင်တယ်။ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာနိုင်တာက ဘာလဲဆိုရင် ရခိုင်လူထုတရပ်လုံး လိုချင်နေတဲ့၊ လိုအပ်နေတဲ့ ပုံစံနဲ့ လက်ရှိပြည်ထောင်စု အစိုးရ ဖော်ဆောင်တဲ့ အခင်းအကျင်း နှစ်ခုကြားမှာ ကောင်းမွန်တဲ့ အချိတ်အဆက်တခုကို မတည်ဆောက်ထားနိုင်ရင်တော့ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေး ခရီးလမ်းကြောင်းဟာ မသေချာမရေရာနဲ့ ခက်ခဲသွားမယ်လို့ ကျနော် ထင်တယ်။
အဓိကတော့ ငြိမ်းချမ်းရေးကိုပဲ တည်ဆောက်ဖို့ လိုတယ်။ အခုအချိန်ကတော့ မြန်မာနိုင်ငံ အကျပ်အတည်း၊ မြန်မာ အစိုးရ ရဲ့ကမ္ဘာ့ဖိအား အပေါ်မှာ ကျရောက်နေတဲ့ အကျပ်အတည်းကြောင့် တရုတ်ရဲ့လိုအင်ကိုတော့ အတိုင်းအတာတခုထိ မဖြစ် ဖြစ်အောင် လိုက်လျောမယ်လို့တော့ ကျနော်အနေနဲ့ မြင်တယ်။
ဦးကျော်အေးသိန်း
စီမံ/ဘဏ္ဍာဝန်ကြီး၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်

တရုတ်သမ္မတ ကိစ္စတွေနဲ့ ပတ်သက်လို့ ကျနော်တို့ဆီကို စာဝင်တာတွေ၊ အကြောင်းကြားတာတွေ တခုမှတော့ မရှိဘူး။ ကျောက်ဖြူ အထူးစီပွားရေးဇုန် ကိစ္စလည်းပဲ စီပွား ကူးသန်း ဝန်ကြီးဌာနကိုပဲ မေးရမယ်။ ကျနော်တို့က ဘာမှ အတည်ပြု ပြောကြားလို့ မရဘူး။
လတ်တလောမှာလည်း အဲဒီ ကျောက်ဖြူ အထူးစီပွားရေး ကိစ္စနဲ့ပတ်သက်လို့ အကောင်အထည်ဖော် ဆောင်ရွက်တာ မရှိ သေးဘူး။ လက်မှတ်ထိုးဖို့ လုပ်နေတဲ့အပိုင်းပဲ ရှိတယ်။ သဘောတူ လက်မှတ်မထိုးဘဲ ဘာမှ လုပ်လို့ မရဘူးလေ။ အဲဒီ လက်မှတ်ထိုးမယ့် ကိစ္စကလည်း ပြည်ထောင်စုက လုပ်နေတာလေ။
ဒီကျောက်ဖြူ အထူးစီပွားရေးဇုန်က ပြည်ထောင်စုက ကိုင်တွယ်ပြီး လုပ်တာဖြစ်တဲ့ အတွက်ကြောင့် ကျနော်တို့အနေနဲ့က တော့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးရတာပဲ ရှိတာကိုး။ ဥပဒေ၊ လုပ်ထုံး၊ လုပ်နည်းကတော့ ဒီလိုပဲ ပြဋ္ဌာန်းထားတာလေ။ ကျနော်တို့ တခုမှ လုပ်တာ မရှိဘူး။ ပြည်ထောင်စုကပဲ အဓိက လုပ်ကိုင် ဆောင်ရွက်တယ်။ ကျနော်တို့ကတော့ ပြည် ထောင်စုက ခိုင်းလာတာတွေ၊ တာဝန်ပေးတာတွေ ရှိလာရင် လုပ်ပေးရမယ် အဲဒါတွေပဲ ရှိမှာပေါ့။
ဦးစောမောင်နု
လယ်သမား၊ သိုင်းချောင်း ကျေးရွာ

SEZ နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဒေသခံတွေကို ဘယ်အချိန် လုပ်မယ်၊ ဘယ်လ အကောင်အထည်ဖော်မယ်ဆိုတာ တိတိကျကျ ချပြစေချင်တယ်။ အဲဒီလို မချပြဘဲနဲ့ မြို့ပေါ်က သူဌေးပွဲစားတွေလောက်နဲ့ပဲ တွေ့ဆုံလိုက်၊ လက်မှတ်ထိုး လိုက် လုပ်မယ်ဆိုရင်တော့ ကျနော်တို့ လယ်သမားတွေက ထွက်ပြီးတော့ ဆန္ဒပြလိုက်ရမှာပဲ။
ကျနော်တို့ ဖြစ်ချင်တာက ဒေသခံ လယ်သမားတွေကို ဒီနှစ်တော့ စီးပွားရေးဇုန် လုပ်မယ်။ လယ်သမားတွေ အနေနဲ့ မြေယာလျှော်ကြေးက ဘယ်လောက်တော့ ပေးမယ်ဆိုလည်း ပေးမယ်။ မပေးဘူးဆိုလည်း မပေးဘူးပေါ့။ လယ်သမားတွေ ဘယ်လို ဆန္ဒရှိလဲ၊ လျှော်ကြေးက ဘယ်လောက် လိုချင်လဲ။ အဲဒီလို အကြောင်းချင်းရာတွေကို တခုမှ မပြောဘဲနဲ့ ကျောက် ဖြူမြို့က သူဌေး ပွဲစားလောက်နဲ့ တွေ့ဆုံပြီး တိုင်ပင် ဆွေးနွေးလို့ လုပ်မယ်ဆိုရင်တော့ ကျနော်တို့ ဒေသခံလယ်သမားတွေ က လုံးဝ သဘောမတူဘူး။ သဘောတူစရာ အကြောင်းအရာလည်း မရှိဘူး။
အခုထိလည်း ကျနော်တို့ ဒေသခံ လယ်သမားတွေကို အကြောင်းကြားတာလည်းမရှိ။ အသိပေးတာလည်း မရှိ။ လယ် သမား အယောက် ၁၀၀ မှာ အယောက် ၃၀ လောက်က ဒီစီမံကိန်းကိစ္စနဲ့ ပတ်သက်လို့ သိရမယ်ဆိုရင်လည်း ကျနော်တို့ ကျေနပ်တယ်။ အခုက တယောက်တလေမှကို မသိရတာ။
လောလောဆယ် မြေပြင် အနေအထားမှာတော့ ဘာမှတော့ အကောင်အထည်ဖော်တာ မတွေ့သေးဘူး။ ပြီးခဲ့တဲ့ နှစ်တွေ က တခါ ကြားမိလိုက်တာက ကျနော်တို့ သိုင်းချောင်း ကျေးရွာအုပ်မှာ ကနဦး ဧက ၂၅၀ ကျော်ကို အကောင်အထည်ဖော် မယ်လို့တော့ သတင်း ကြားမိတယ်။ အဲဒီလိုမျိုး အကောင်အထည်ဖော်မယ် ဆိုရင် ကျနော်တို့ လယ်မြေတွေ ပါမှာပဲ။
ကျနော်တို့ မျှော်လင့်တာက အထူးစီးပွားရေးဇုန် တကယ်တမ်း လုပ်လာမယ်ဆိုရင် ကျနော့်မှာ သားသမီး ၃ ဦး ရှိတယ်။ တယောက်လောက်ကိုတော့ အဲဒီလုပ်ငန်းတခုခုမှာ အလုပ်သွင်းပေးရမယ်။ ကျနော်တို့ မွေးထားတဲ့ သားသမီးတွေ ဘာအ လုပ်မှလည်း မပေးဘူး။ ဒီအတိုင်း အလုပ်မရဘူး ဆိုရင်တော့ ဒီစီမံကိန်းပေါ် သဘောမတူနိုင်ဘူး၊ မကျေနပ်နိုင်ဘူး။
ကျနော်တို့ လက်တွေ့ မြင်နေရတာက ဒေသခံ လယ်သမားတွေ လုံးဝ မနစ်နာစေရလို့ ပြောပြီး လုပ်သွားတဲ့ သိုင်းချောင်း ရေကာတာ စီမံကိန်းပေါ့ ။ အဲဒီလို ပြောဆိုပေမယ့် လုပ်ငန်းကို စတင် အကောင်အထည် ဖော်လာတဲ့ အခါ ဒေသခံ လယ် သမားတွေ အနားတောင် မကပ်ရတော့ဘူး။ ဒေသခံ လူထုကလည်း ကျောက်ထမ်းသမားအလုပ်တောင် မရကြဘူး။ အဲဒီ လိုမျိုး ဖြစ်မှာကိုလည်း ကျနော်တို့ မလိုချင်တော့ဘူး။
ကျနော်တို့ လိုချင်တာက မိသားစု တစုမှာ လုပ်နိုင်ကိုင်နိုင်တဲ့ လူငယ်တွေထဲက ၅ ယောက်မှာ ၂ ယောက်လောက်က စက် မောင်းဆိုလည်း စက်မောင်း၊ တခြားသူနဲ့ အဆင်ပြေမယ့် အလုပ်ဆိုလည်း အလုပ်ပေါ့။ တနေရာရာတော့ အလုပ်ပေးစေ ချင်တယ်။
ကျနော်တို့ အနေနဲ့ကတော့ စီမံကိန်း လာမယ့်အပေါ် စိုးရိမ်ပူပန်မှုဆိုတာထက် လိုချင်တာက ကျနော်တို့ တောင်းထားတဲ့ မြေယာလျှော်ကြေးငွေကိစ္စကို ညှိနှိုင်းလာမယ်။ ကျနော်တို့ကို နေရာထိုင်ခင်းတွေ ချပေးမယ်။ နောက်တခါ လယ်မြေတွေကို စက်မှုလယ်ယာတွေ အကောင်အထည်ဖော်ပေး လာမယ်ဆိုရင် ဘယ်နေ့ လာလုပ်လုပ် ကျနော်တို့ လယ်သမားတွေ အား လုံး သဘောတူပါတယ်။
လယ်မြေ အငြင်းပွားမှုကလည်း ကျနော်တို့ လယ်သမားတွေ တော်တော် ရှုပ်ထွေးနေတယ်။ ၃ ဧက ရှိတဲ့ လယ်သမား တယောက်မှာ အခွန်ပြေစာရတာက ၁ ဧက ပဲ ထွက်တယ်။ အဲဒါတွေကို မြေစာရင်းရုံးကို သွားပြီးတော့ ဒီဟာတွေကို လုပ်ပေးပါလို့ ပြောရင်လည်း လုပ်ပေးမယ်။ လုပ်ပေးမယ် လို့သာ ပြောတယ်။ အခုထိ ဘာမှလည်း မလုပ်ပေးဘူး။ အဲဒါကြောင့် ကျနော်တို့ လယ်သမားတွေမှာ ပိုင်ဆိုင်မှု အထောက်အထားကလည်း ပြည့်ပြည့်စုံစုံ မရှိဘူး။
နောက်တခါ ပျဉ်းမနားက ဦးသိန်းစိန်နဲ့ ဇော်မျိုးဝင်းဆိုတဲ့ နာမည်တွေနဲ့ လယ်မြေဧက ၁၀၀ ကျော်လောက် အမည်ပေါက် နေတာ ရှိတယ်။ အဲဒါတွေကို ကျနော်တို့ ရုံးကို သွားပြီးတော့ ကျနော်တို့ သိုင်းချောင်းကျေးရွာ အုပ်စုမှာ ဦးသိန်းစိန်ဆိုတဲ့ နာမည်နဲ့ လူလည်း မရှိဘူး။ ကျနော်တို့ ကျေးရွာအုပ်စု တခုလုံးမှာ ဦးသိန်းစိန် ဆိုတဲ့ နာမည်ကို ရှာရင်လည်း တယောက်မှ လည်း မရှိဘူး။ ဇော်မျိုးဝင်းဆိုတဲ့ နာမည်ကလည်း အဲဒီပတ်ဝန်းကျင် တခုလုံးမှာ အဲဒီလို နာမည် မရှိဘူး။
အဲဒီလို နာမည်တွေ ဒေသမှာ မရှိဘဲ ပျဉ်းမနားက လူတွေ ဒေသခံလယ်သမားတွေ လုပ်ကိုင်စားသောက်တဲ့ လယ်မြေတွေ ကို ဘယ်လို ဘယ်လို ပိုင်သွားတာလဲ ဆိုပြီး ကျနော်တို့ မကျေနပ်တဲ့ အတွက် ရုံးကို သွားပြီး ဖြေရှင်းပေးဖို့ တောင်းလည်း တောင်းဆိုပြီးပြီ။ ဒီလို ဓားမဦးချ မြေယာတွေ တခြားက လူတွေက အမည်ပေါက်နေတာတွေကို ဖြေရှင်းပေးပါလို့ ပြောထား ပြီးပြီ။ လုပ်ပေးမယ်။ လုပ်ပေးမယ်ဆိုတာပြီး အခုထိ လုပ်ပေးတာ မရှိသေးဘူး။
မကြည်ကြည်နှင်း
ဂုံးချိန် ကျေးရွာသူ

တရုတ်သမ္မတ လာမယ်ဆိုတာကိုတော့ ကျမတို့ အွန်လိုင်းပေါ်မှာ တွေ့ရတယ်။ SEZ လုပ်မယ့် ကိစ္စတွေနဲ့ ပတ်သက်လို့က တော့ ကျမတို့ သေချာ မသိဘူး။ ဒါပေမယ့် အဓိက ကျမတို့ မြင်တာက အစိုးရအနေနဲ့လည်း ဒီလောက် ရခိုင်မှာ စစ်မီး လောင်နေတယ်။ ပြည်သူတွေ ဒုက္ခတွင်းကြီးထဲ ကျနေကြတယ် အချိန်မှာတော့ ဒီ ကျောက်ဖြူ SEZ ကို အကောင်အထည် ဖော်ဖို့အတွက် သဘောတူ လက်မှတ်ထိုး ဆိုတာက ဒါအဓိက အရေးကြီးတဲ့ လုပ်ငန်းတခု မဟုတ်ဘူးလို့ ပြောချင်တယ်။
အစိုးရ အနေနဲ့လည်း စီပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဒီ SEZ လုပ်ဖို့ လိုတယ်လို့ ပြောနေတာ ရှိတယ်။ ကျမတို့ ပြောချင် တာက ဒီအခုဖြစ်နေတဲ့ စစ်မီးကို ငြှိမ်းသတ်ဖို့ မကြိုစားဘဲ အခုဆိုရင် ရခိုင်မြောက်ပိုင်းမှာတင်မက ကျမတို့ ဒီမှာတောင် သို့လော သို့လော အသံတွေ ကြားနေတယ်။ ကျမတို့ ဒေသကိုတောင် ဒီစစ်မီးကူးနေပြီလို့ ပြောလို့ ရတယ်။ အမ်းမြို့နယ် တွေမှာလည်း ကူူးနေပြီ။
အဲဒါတွေကို အာရုံမရောက်ဘဲ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မာန်အောင်မှာ ဆိုလာမီး လင်းရေးနဲ့တော့ ရောက်လာတယ်။ သို့သော်လည်း ရခိုင်ပြည် မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာ အလုံးစုံကို လျစ်လျူ ရှု့ပြီးတော့ သူ့ရဲ့သက်တမ်းကာလ တလျှောက်မှာ အခုထက်ထိ တခေါက်တောင်မှ မသွားဖူးသေးဘူး။ အဲဒါမျိုးဖြစ်နေတော့ ကျမတို့ ရခိုင်ပြည်နယ် အရေးနဲ့ ပတ်သက်ပြီးတော့ အစိုးရရဲ့ ချဉ်းကပ်မှုတွေ အားလုံးလွဲနေပြီလို့ ကျမအနေနဲ့ သုံးသပ်မိ တယ်။
ကျောက်ဖြူ SEZ နဲ့ပတ်သက်လို့ကလည်း လက်ရှိ မြေပြင်မှာ အရပ်ဘက်လူမှုအဖွဲ့တွေရော လူထုရော ဘာတွေ လုပ်မယ်။ ဘယ်အချိန် လုပ်မယ်ဆိုတာ တိတိကျကျ သိထားတာ တခုမှတော့ မရှိဘူး။ သက်ဆိုင်ဌာနဆိုင်ရာ ဘက်ကလည်း ပွင့်လင်း မြင်သာစွာ ချပြတာ ဘာတခုမှလည်း မရှိဘူး။ ဟိုတလောကဆို ကျမဆီကို ကျောက်ဖြူ NLD ခေါင်းဆောင် တယောက်က ရန်ကုန်က ဧည့်သည်တယောက်ကို ခေါ်လာပြီးတော့ လာတွေ့တယ်။ ပါလာတဲ့ ဧည်သည်က ရွှေဂတ်စ်နဲ့ ပတ်သက်ပြီး သူ လေ့လာချင်တယ်။ နောက်တခါ SEZ ပတ်သက်ပြီး ဒေသခံတွေအနေနဲ့ ဘယ်လောက် သိထားလဲ ဆိုတာ လာမေးတယ်။ ခေါ်လာတဲ့ NLD ပါတီက အစ်ကို ကျမက ပြောလိုက်တယ်။ အစ်ကိုတို့ အာဏာရပါတီက လူတွေကိုပဲ ဒီကိစ္စပြန်မေးရမယ်။ ပါတီမှာ အရေးပါ အရာရောက်တဲ့ လူတယောက် အနေနဲ့ ဘယ်လောက် သိထားလဲ။ ကျမတို့ကတော့ တိတိကျကျ ဘာတခုမှ သိရတာ မရှိဘူး။ စီပွားရေးဇုန် တည်ဆောက်မယ်လို့သာ သိရတယ်။ ကျမတို့ ဒေသခံတွေကို တကယ်လည်း ဘာတခုမှ ချပြတာ မရှိသေးဘူး။ အဲဒီလိုပဲ ပြန်ပြောလိုက်ရတယ်။
လောလောဆယ် ကျမတို့ တွေ့မိတာတခုက ကျောက်ဖြူမြို့ပေါ်မှာတော့ အင်္ဂလိပ် စကားပြောသင်တန်းဆိုလား၊ တရုတ် စကားပြော သင်တန်းဆိုလား သင်တန်း တခုတော့ ဖွင့်တယ်လို့ ကြားတယ်။ အဲဒါကလည်း SEZ အတွက် ဖွင့်တာလား။ ဘာအတွက် ဖွင့်တာလည်း ဆိုတာလည်း ကျမတို့က ရေရေရာရာ မသိဘူး။
ကျမတို့ ဒေသမှာ လုပ်နေတဲ့ နိုင်ငံခြား စီမံကိန်း လုပ်ငန်းတွေနဲ့ ပတ်သက်လို့ ကျမတို့ ဝေဖန်ထောက်ပြချင်တာက ပြဿနာ ဖြစ်လို့ အစိုးရဘက်ကနေ တခုခု ဖြေရှင်းတဲ့အခါ ဥပဒေဆိုတာကိုပဲ ကိုင်ပြီး ပြောနေတယ်။ တရုတ်နဲ့ ဒေသခံ ပြည်သူတွေ ကြားမှာ ကိုင်တွယ်ဖြေရှင်းတဲ့ ဥပဒေက တမျိုး၊ ကိုးရီးယားနဲ့ ဒေသခံပြည်သူကြားမှာ ကိုင်တွယ်ဖြေရှင်းတဲ့ ဥပဒေက တမျိုး အဲဒီလို ဖြစ်ပျက်နေတယ်။
ဥပမာ- ရွှေဂတ်စ် ပိုက်လိုင်း စီမံကိန်းကြောင့် လယ်မြေတွေ ပျက်စီးသွားတာတွေကို ကိုးရီးယားက လျှော်ကြေးပေးတာက သိန်း ၃၀ ဆိုရင် တရုတ်က လျှော်ကြေးပေးတာ ၁၇ သိန်း အဲဒီလို ဖြစ်နေတယ်။ အဲဒါတွေကို နှိုင်းယှဉ်ပြီးတော့ သက်ဆိုင် ရာ ဌာနတွေကို တင်ပြတော့လည်း ဥပဒေ ဆိုတာကိုပဲ လာလာပြောတယ်။ ဥပဒေမှာ ဒီလိုပဲ ပါတယ်။ အဲဒီစကားနဲ့ အဆုံး သတ်သွားတယ်။
ကျမတို့ အနေနဲ့ မြင်တာ လောလောဆယ် ဒီ SEZ လုပ်မယ်ဆိုတာထက် ရခိုင်ပြည် ငြိမ်းချမ်းဖို့ လိုနေသေးတယ်။ အဲဒီ ပြဿနာကို အရင် ဖြေရှင်းသင့်တယ်။ အဲဒါတွေမှာ ဘယ်ဟာတွေကို အရင်ဆုံး လုပ်သင့်လဲဆိုရင် ရခိုင်လူထု ဘဝ လုံခြုံ မှုကို အရင် ပေးရမယ်။ ကိုယ့်နေရာ ကိုယ့်အိမ်မှာတောင် ကိုယ်မနိုင်ဘဲ ဘယ်စီးပွားရေးက ကျမတို့ကို အထောက်အကူ ပြုမလဲ။
နောက်တခါ ကျမတို့ အသက်၊ အိုးအိမ် စည်းစိမ်ကို ကျမတို့ မပိုင်နိုင်သေးတဲ့ အနေအထားတခုမှာ အဲဒီစီပွားရေးကို ကျမ တို့ ဘယ်လောက် ထိန်းသိမ်း ကာကွယ်နိုင်မလဲ၊ တရားဥပဒေ စိုးမိုးရေးမှု ရှိရမယ်။ ဘဝ အာမခံချက် ရှိရမယ်။ အဲဒီမှပဲ ဒီအ လုပ်တွေကို လုပ်သင့်တယ်။
လက်ရှိ အနေအထားမှာ အသက်ရှင် ရပ်တည်ဖို့က ပထမ ဖြစ်နေတယ်။ အခု ကျမတို့ ရခိုင်လူထုတွေ အသက်ရှင် ရပ် တည်ဖို့ အခွင့်အရေးတောင် မရှိသလို ဖြစ်နေကြရတယ်။ မလုံခြုံမှုတွေ ခံစားနေရတဲ့ အချိန်တခုမှာ စီးပွားရေး ဖွံ့ဖြိုး တိုး တက်အောင် လုပ်မယ်ဆိုတဲ့ အပိုင်းက ဒုတိယ အနေနဲ့ လုပ်ကိုင် ဆောင်ရွက်သင့်တယ်။
ဆက်စပ်ဖတ်ရှုရန်
BRI စီမံကိန်းများတွင် လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်မည်ဟု တရုတ်သံအမတ်သစ်ပြော
ကျောက်ဖြူ စီမံကိန်းကြီးတွေက အကျိုးကျေးဇူးဆိုတာ ဒေသခံတွေအတွက် ဘာမှ မရှိသေးဘူး
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ