တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ယခုလ ဇန်နဝါရီ ၁၇ ရက်မှ ၁၈ ရက်အထိ မြန်မာနိုင်ငံသို့ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့် ချစ်ကြည်ရေးခရီးစဉ်အဖြစ်၂ ရက်ကြာ လာရောက်မည် ဖြစ်သည်။
၎င်းသည် ဒုသမ္မတအဖြစ် တာဝန်ယူထားစဉ် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ လာရောက်ခဲ့ဖူးပြီး သမ္မတဖြစ်ပြီး နောက်ပိုင်း ယခုအကြိမ်သည် ပထမဆုံး လာရောက်ခြင်း ဖြစ်သည်။
ထိုခရီးစဉ်တွင် တရုတ်နိုင်ငံ၏ မဟာဗျူဟာ ရပ်ဝန်းနှင့်လမ်းမ စီမံကိန်းများ (BRI) အတွက် မြန်မာနိုင်ငံအတွင်း ပြုလုပ်မည့် စီမံကိန်းများ၊ နှစ်နိုင်ငံကြားကုန်သွယ်ရေးနှင့် စီးပွားရေးဇုန်များ အကောင်အထည်ဖော်ရေးတို့ကို သဘောတူ လက်မှတ်ရေး ထိုးဖွယ်ရှိကြောင်းလည်း လေ့လာသူများက ဆိုထားသည်။
၎င်း၏ ခရီးစဉ်အတွင်း မြန်မာပြည်သူများ ကန့်ကွက်နေသည့် မြစ်ဆုံကဲ့သို့ စီမံကိန်းများနှင့် အခြားသော တရုတ်ရင်းနှီးမြှုပ် နှံမှု စီမံကိန်းများအား ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိရေး၊ တရုတ်-မြန်မာ နယ်စပ်ဒေသ တိုက်ပွဲများရပ် တန့်ရေးတို့ကို တရုတ်နိုင်ငံက ပိုမိုတွန်းအားပေးရန် မျှော်လင့်မှုများလည်း ရှိနေသည်။
သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်နှင့်အတူ နှစ်နိုင်ငံကြား နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး ဆက်နွယ်မှုများနှင့် ပတ်သက်၍ တရုတ်သမ္မတ၏ ခရီးစဉ်အပေါ် နယ်ပယ်အသီးသီးက လူပုဂ္ဂိုလ်များ၏ သဘောထား အမြင်များကို ဧရာဝတီက စုစည်း ဖော်ပြလိုက်ပါသည်။
ဒေါ်ခင်ခင်ကျော်ကြီး
လက်ထောက် ဒါရိုက်တာ၊ Research Program၊ ISP-Myanmar
တရုတ်သမ္မတ လာတဲ့ ခရီးစဉ်က အကြမ်းဖျင်းပြောရင် တရုတ်-မြန်မာသံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်အတွက် ချစ် ကြည်ရေးခရီးစဉ် လာတယ်။ သဘောကတော့ တရုတ်-မြန်မာချစ်ကြည်ရေးကို ပိုပြီးတော့ ခိုင်မာအောင် ကွန်ကရစ် လောင်းတဲ့ သဘောမျိုးလို့ ယူဆရတယ်ပေါ့နော်။
နောက်တခုကတော့ ဒီခရီးစဉ်မှာ တရုတ်သမ္မတက သူတို့ရဲ့ ရပ်ဝန်းနဲ့လမ်းမစီမံကိန်းပေါ့။ သူသွားတဲ့ ခရီးစဉ်တွေတိုင်းမှာ ဒီစီမံကိန်း အတွက် သဘောတူညီမှုတွေ ရအောင် ပိုပြီးတော့ တွန်းအားပေးတဲ့ သဘောတွေ ရှိခဲ့တယ်။ ဒီခရီးစဉ်မှာလည်း တရုတ်နဲ့ မြန်မာ စီးပွားရေး စင်္ကြန်လမ်းနဲ့ ပတ်သက်လို့ အလွတ်သဘောဆွေးနွေးချက်တွေ၊ ဝန်ကြီးဌာနချင်း ဆွေးနွေး ချက်တွေ ရှိတယ်။ အဲဒါတွေကို ဒီခရီးစဉ်မှာ သဘောတူ စာချုပ်တွေ လက်မှတ်ထိုးဖို့ ရှိမယ်ပေါ့။
တရုတ်- မြန်မာဆက်ဆံရေးမှာ ရှိနေတဲ့ စီးပွားရေးစင်္ကြန် ပူးပေါင်း ဆောင်ရွက်မှုကိုလည်း တဆင့် ပိုပြီးတော့မှ တွန်းအား ပေးတဲ့သဘောလို့ ယူဆရပါတယ်။ အရင်က ထိုးထားတဲ့ သဘောတူညီချက်တွေ၊ ဝန်ကြီးဌာနချင်း အလုပ်သဘော ဆွေး နွေးထားချက်တွေကို သမ္မတက အနားလာသတ်တဲ့ သဘောလို့ပဲ မြင်ပါတယ်။
ဦးသန်းစိုးနိုင်
နိုင်ငံရေး လေ့လာသုံးသပ်သူ
အဓိကကတော့ One Belt One Road (OBOR) နဲ့ ဆက်စပ် ပတ်သက်တဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ရေးနဲ့ နယ် စပ်ဒေသမှာ ကုန်သွယ်ရေးဇုန်တွေ ထူးထောင်ရေးကိစ္စတွေပေါ့။ အဲဒါနဲ့ တဆက်တည်း တရုတ်နိုင်ငံခြားရေး သံတမန် မစ္စ တာ ဆွန်ကော့ရှန်က ရှမ်းပြည်မြောက်ပိုင်းက မဟာမိတ် လက်နက်ကိုင် အဖွဲ့တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီအတွက် စီးပွား ရေး ပူးပေါင်းဆောင်ရွက်ရေးကို တိုးမြှင့်ဖို့ လိုအပ်တာနဲ့အမျှ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေမှာလည်း သူတို့ရဲ့ တွန်းအားပေးမှုတွေ ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
စီးပွားရေးနဲ့ ပတ်သက်လို့တော့ အပြောင်းအလဲက သိပ်ကြီးကြီးမားမား ရှိမှာတော့ မဟုတ်ပါဘူး။ လက်ပံတောင်းတောင်လို၊ မြစ်ဆုံလို စီမံကိန်းတွေက အစပြုပြီး တရုတ်ရဲ့စီမံကိန်းတွေအပေါ် ပြည်သူတွေဘက်က ယေဘူယျအားဖြင့် သိပ်ပြီးတော့ မကျေလည်မှုတွေ ရှိနေတာက မှန်ပါတယ်။ တရုတ်ဘက်ကလည်း OBOR စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အတော်လေးကို တွန်းအားပေးချင်တဲ့ သဘောရှိတယ်။
ဘာလို့လဲဆိုတော့ ကူမင်း-မန္တလေး ရထားလမ်းဆိုရင် ၃ နှစ်ကျော် ကြာခဲ့ပြီ။ မြေပြင်အနေအထား စစ်ဆေးတာ၊ မြေပုံထုတ် တာ စတဲ့အဆင့်တွေ ရောက်နေပေမယ့် နှေးနေတာပေါ့။ ရွှေလီဘက်မှာကျတော့လည်း ရထားလမ်းတွေ၊ ဘူတာတွေက ပြီးနေပြီ၊ ဒီဘက် မူဆယ်ဘက်ကျတော့ မြေပြင်တိုင်းတာမှုပဲ ရှိသေးတော့၊ ဒါတွေအပေါ်မှာ တရုတ်ကသိပ်ပြီး အားမလို အားမရ ဖြစ်တာတွေလည်း ရှိမှာပေါ့။
နောက်တခုက နယ်စပ်ဒေသ ကုန်သွယ်ရေးမြှင့်တင်ဖို့ပေါ့။ အဲဒီမှာလည်း သူတို့ဘက်က ပြင်ဆင်ထားတာတွေ ရှိပေမယ့် ဒီဘက်က ပြင်ဆင်မှုတွေက မရှိသေးဘူး။ နောက်ပြီး ကျောက်ဖြူ စီမံကိန်းမှာလည်း လက်တွေ့ လုပ်ဆောင်မှုတွေက အခုမှ စမယ့် သဘောပေါ့။ ခြုံပြောရရင် မြန်မာပြည်နဲ့ MOU စာချုပ်တွေ လက်မှတ်ထိုးထားပြီး လက်တွေ့ အကောင်အထည်ဖော် မှုမှာ နောက်ကျနေတဲ့ အတွက် သူတို့က တွန်းအားပေးချင်တဲ့ သဘောလို့ပဲ ယူဆပါတယ်။
ဒါတွေနဲ့ သွယ်ဝိုက်ပြီးတော့လည်း မူဆယ်-မန္တလေး ရထားလမ်း လုပ်မယ်ဆိုရင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေ လှုပ် ရှားတဲ့ နေရာဖြစ်တော့ အဲဒီနေရာတွေမှာ စစ်ရေး လှုပ်ရှားမှုတွေ လျော့ကျလာအောင် သူတို့ဘက်ကလည်း တွန်းအားပေး လိမ့်မယ်လို့ ယူဆရပါတယ်။ အကျိုးသက်ရောက်မှုအနေနဲ့ သူ့ရဲ့ခရီးစဉ်ဟာ မြန်မာပြည် ငြိမ်းချမ်းရေး အတွက်လည်း အထူးသဖြင့် ရှမ်းမြောက်ဒေသမှာ အတော်လေး တိုးတက်မှုများ ရလာမလားလို့ မျှော်လင့်မိပါတယ်။
ဦးအောင်သူငြိမ်း
ပြင်ပ ဆက်ဆံရေး ဒါရိုက်တာ၊ ISP Myanmar
ကျနော် မြင်တာတော့ ဒီခရီးစဉ်က အရေးကြီးတယ်။ အရေးကြီးတယ်ဆိုတာက ဆယ်စုနှစ် တခု ကျော်ပြီးမှ လာတဲ့ ခရီးစဉ် ဖြစ်တယ်။ နောက်တခုက ကျတော့ Symbolic သဘောမျိုးပေါ့။ အာဆီယံနိုင်ငံတွေကို လှည့်ပြီးတော့မှ နောက်ဆုံးခရီးစဉ် အဖြစ် ရောက်လာတဲ့ ခရီးစဉ် ဖြစ်တော့ ကျန်တဲ့ နိုင်ငံရေးအခြေအနေ ပေါင်းစုံနဲ့ တွက်မယ်ဆိုရင် အရေးကြီးတယ်လို့ ထင် ပါတယ်။
တရုတ်-မြန်မာ ဆက်ဆံရေးက တလျှောက်လုံး ဆက်ရှိခဲ့တာ၊ သမ္မတ မလာပေမယ့်လည်း ရှိတာပဲ။ တခုရှိတာက သမ္မတ လာတဲ့အခါကျတော့ အရေးကြီးတဲ့ တချို့ နားလည်မှု စာချွန်လွှာ၊ MOU တွေ ထိုးမယ်ဆိုတာကတော့ ယေဘူယျလုပ်ထုံး လုပ်နည်းပါပဲ။ ရှိမယ်လို့လည်း ယူဆပါတယ်။
မြောက်ပိုင်းက လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ပတ်သက်လို့တော့ ဒီလို ထိပ်သီး ခေါင်းဆောင်လာတဲ့ အချိန်မှာ ဒီလိုကိစ္စ တွေကို ဆွေးနွေးမယ်လို့တော့ မယူဆဘူး။ တရုတ်နိုင်ငံက လိုချင်တဲ့ အနေအထားက ကျနော်တို့ဆီမှာ လုံးဝ ငြိမ်းချမ်းရေး ရသွားတဲ့ အနေအထားလောက်အထိ မမျှော်လင့်ထားဘူးလို့ ထင်တယ်။ ဒါကလည်း သူတပါးနိုင်ငံရဲ့ ပြည်တွင်းရေးကိစ္စ လို့ သူတို့ ခံယူမှာပေါ့နော်။
အဲဒီတော့ သူတို့ လုပ်တဲ့ကိစ္စက ပဋိပက္ခကြီး တစုံလုံး အသွင်းပြောင်း ဖွံ့ဖြိုးတိုးတက်သွားတဲ့ အနေအထား ဖြစ်ချင်မှဖြစ် မယ်။ ကျနော် မြင်တာကတော့ တည်ငြိမ်မှု ရတယ်ဆိုလို့ရင် အလုပ်လုပ်လို့ ကိုင်လို့ရတယ်ဆို ပြီးပြီ အဲဒီလို ပုံစံမျိုးသွားဖို့ ပိုများပါတယ်။ အခုက ကမ္ဘာပေါ်မှာလည်း စီးပွားရေး အကြပ်အတည်းက ရှိတယ်။
မြန်မာနိုင်ငံမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံဖို့ဆိုရင် တရုတ်ကလွဲပြီး တခြားနိုင်ငံ မရှိသလောက် အနေအထားရှိတယ်။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုထားတဲ့ စာရင်းတွေ ကြည့်ရင်တော့ တရုတ်က ဒုတိယ ဖြစ်တယ်။ ဒါပေမယ့်လည်း ပြဿနာက ကျနော် တို့ ဘာလိုချင်တာလဲ၊ ကျနော်တို့ အခြေအနေနဲ့ ကိုက် ညီမှာက ဘာလဲဆိုတာ စဉ်းစားသင့်တယ် ထင်တယ်။ တရုတ်ဘက် ကတော့ သူ့ရဲ့ ပရောဂျက်ကြီးတွေ၊ စီမံကိန်းကြီးတွေ အဆိုပြုလိမ့်မယ်၊ စဉ်စားဖို့ကတော့ ကျနော်တို့အပိုင်းမှာ သေချာ လုပ်ဖို့ လိုမယ်လို့ ထင်ပါတယ်။
ဦးမောင်မောင်စိုး
နိုင်ငံရေး လေ့လာသုံးသပ်သူ
တရုတ်ပြည် အနေနဲ့ကတော့ မြန်မာပြည်ကို သူ့ရဲ့မဟာဗျူဟာ အချက်အချာကျတဲ့ တိုင်းပြည်တခုအဖြစ် သဘောထားပါ တယ်။ အဓိက ကတော့ တရုတ်ပြည် တောင်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေအတွက် ရေလမ်း ထွက်ပေါက်လိုချင်တာ ပေါ့။ သမုဒ္ဒရာထွက်ပေါက် လိုချင်တာပါ။ တရုတ်ပြည် အရှေ့ဘက်ကမ်းရိုးတန်း ဒေသတွေဟာ ပင်လယ်ကုန်သွယ်ရေး လုပ်ငန်းနဲ့ အတူ ဖွံ့ဖြိုးတိုးတက်မှု ရှိတယ်။ တဦးချင်ဝင်ငွေ မြင့်မားတယ်။ အနောက်ပိုင်းနဲ့ တောင်ပိုင်း ပြည်နယ်တွေကျ တော့ ရေလမ်းထွက်ပေါက် မရှိတဲ့အခါ ဖွံ့ဖြိုးမှု နိမ့်တာပေါ့။
တရုတ်အနေနဲ့ မြန်မာပြည်ကို ဖြတ်ပြီးတော့ အိန္ဒိယသမုဒ္ဒရာကို ရေလမ်းဖောက်ဖို့အတွက် စဉ်းစားတယ်။ အဲဒီအတွက် မဟာဗျူဟာကျတဲ့ တိုင်းပြည်တပြည် အဖြစ် မြန်မာပြည်ကို သဘောထားတယ်။ ဒီအခြေခံ အပေါ်မှာ မြန်မာပြည်က လက် ခံနိုင်တဲ့ အနေအထားတွေကို စဉ်းစားပြီးတော့ ရင်းရင်းနှီးနှီး ဆက်ဆံတာ။ နိုင်ငံရေးအရ ကျားကန်ပေးတာ၊ ထောက်ပံ့ပေး တာ၊ အကူအညီပေးတာတွေနဲ့ ဆက်စပ်မှု ရှိလာလိမ့်မယ် ထင်ပါတယ်။
ခရီးစဉ်မှာ ကျောက်ဖြူစီမံကိန်းနဲ့ ပတ်သက်ပြီး လက်မှတ် ရေးထိုးတာတွေ ရှိလာနိုင်သလို တခြား ပရိုပိုဆယ်တွေလည်း တင်လာနိုင်တယ်။ ဆိုလိုတာကတော့ လွယ်ဂျယ်-ဗန်မော်ကားလမ်း၊ ရထားလမ်း ဖောက်လုပ်ပြီးတော့ ဧရာဝတီမြစ် ကြောင်းအတိုင်း စုန်ဆင်းပြီးတော့ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကိုလည်း သူတို့ စဉ်းစားနိုင်ပါတယ်။
မငြိမ်းချမ်းတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ သူတို့အနေနဲ့ ဖြစ်နိုင်တဲ့ နည်းလမ်းပေါင်းစုံ အပေါ်မှာ စဉ်းစားမှာပဲ။ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့လည်း တရုတ်အနေနဲ့ကတော့ ဒီထက်ပိုပြီးတော့ တွန်းတွန်းတိုက်တိုက် ပါဝင်လာလိမ့် မယ်လို့ ထင်ပါတယ်။
ဗိုလ်မှူးကြီး နော်ဘူ
သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ၊ ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)
ကျနော့် တဦးတယောက်ရဲ့ အမြင်ကတော့ အခုလို ခရီးစဉ်ကို ကြိုဆိုပါတယ်၊ ကောင်းပါတယ်။ ဒါပေမယ့် KIO ရဲ့ သဘော ထားကို ပြောတာတော့ မဟုတ်ဘူးပေါ့နော်။ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံလည်း ဖြစ်ပါတယ်။ နောက် ပြီးတော့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အားလုံး မြန်မာအစိုးရနဲ့ ပူးပေါင်းပြီးတော့မှ လုပ်ဆောင်နေတဲ့ အင်အားကြီးနိုင်ငံ လည်း ဖြစ်ပါတယ်။
နောက်တချက်ကတော့ ကျနော်တို့ ပြည်တွင်းစစ်ကို ဒီဘက်အစိုးရနဲ့ ကူညီပံ့ပိုးပြီးတော့မှ နိဂုံးချုပ်ဖို့ အဆင်ပြေအောင် ကူညီပံ့ပိုးနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် တရုတ်သမ္မတ ကိုယ်တိုင် လာရောက်ပြီးတော့မှ ကျနော်တို့ မြန်မာနိုင်ငံရဲ့အတွင်းရေး၊ ပြဿနာတွေကို၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့တောင်းဆိုနေတဲ့ နိုင်ငံရေးအရ အခွင့် အရေးတွေ၊ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေတယ်ဆိုတဲ့ အကြောင်းတွေကို လေ့လာမယ်ဆိုရင်တော့ တိုင်းရင်း သား အဖွဲ့တွေလည်း ပိုပြီးတော့မှ အကျိုးရှိမယ်လို့ ကျနော်ခံယူပါတယ်။ ပြည်တွင်းစစ် ချုပ်ငြိမ်းဖို့အတွက် တရုတ်အစိုးရမှာ တာဝန်လည်း ရှိပါတယ်။
ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေရင် သူတို့နဲ့ ဆက်ဆံရေးကလည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ စီးပွားရေးကလည်း အဆင် ပြေမှာ မဟုတ်ပါဘူး။ တရုတ်ပြည်နဲ့ နယ်စပ် ထိစပ်နေတာက ရှည်လျားသလို စစ်တွေဖြစ်နေရင် သူတို့ရဲ့ စီးပွားရေးက လည်း အဆင်ပြေမှာ မဟုတ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းဖို့ အရေးကြီးတယ်လို့ ထင်ပါတယ်။ တရုတ် သမ္မတ လာပြီးရင် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လျော့ကျမလား ဆိုတာကတော့ သူလာတဲ့ ရည်ရွယ်ချက်အပေါ် မှာလည်း မူတည်တယ်လို့ ပြောလိုပါတယ်။
မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးလှတဲ့ နိုင်ငံရေး ပြဿနာတွေကို သူက စိတ်ဝင်စားပြီးတော့မှ လေ့လာမယ်ဆိုရင်တော့ တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့တွေရဲ့အကြောင်းတွေစဉ်းစားမယ်ဆိုရင်တော့ တိုက်ပွဲတွေလည်း လျော့သွားနိုင်ပါတယ်။ အဲဒီ ဘက်က မကြည့်ဘဲ တခြားဘက်ကပဲ ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲတွေက ရပ်ဆိုင်းဖို့ အကြောင်းတော့ မရှိဘူးလို့ ရှုမြင် ပါတယ်။
ဗိုလ်မှူး မိုင်းအိုက်ကျော်
ပြန်ကြားရေး တာဝန်ခံ၊ ပလောင် (တအန်း) လွတ်မြောက်ရေး တပ်မတော် (TNLA)၊
တရုတ်သမ္မတ လာမယ့်အပေါ် ကြိုဆိုလား မကြိုဆိုဘူးလား ဆိုတာထက် သူလာတာက ဘာကြောင်းလဲဆိုတာ ကျနော်တို့ မသိဘူး။ ကျနော်တို့ သဘောပေါက်တာက တရုတ်-မြန်မာနှစ် ၇၀ ပြည့် ချစ်ကြည်ရေး လာတယ်ဆိုတာပဲ ထုတ်ပြန်ထား တာ တွေ့တယ်ပေါ့။ ဘာတွေ ဆွေးနွေးကြမယ်ဆိုတာ မသိရတဲ့အတွက် မှတ်ချက်ပေးဖို့တော့ ခက်ပါတယ်။
တိုက်ပွဲတွေ လျှော့ချဖို့၊ တွေ့ဆုံဆွေးနွေးဖို့ ဆိုတာတွေက အခုမှ မဟုတ်ပါဘူး။ အရင်ကတည်းက တရုတ်ပြည်က ဆက်စပ် ပေးတယ်။ ဆက်စပ်ပေးတယ် ဆိုတာက ဝင်စွက်ဖက်တာ၊ ဖိအားပေးတာတွေတော့ မရှိပါဘူး။ တွေ့ဆုံ ဆွေနွေးမှုရလဒ် တွေက မတိုးတက်လာတဲ့ အတွက် တိုက်ပွဲတွေက ဆက်ဖြစ်နေတာပဲ ဖြစ်ပါတယ်။
စီမံကိန်းတွေနဲ့ ပတ်သက်လို့ အရင်ကလည်း ကျနော်တို့ ပြောဖူးပါတယ်။ စီမံချက်တွေအရ ကျနော်တို့ နယ်ထဲမှာလည်း ဖြတ်မယ်လို့ သိရပါတယ်။ ဒီအထဲမှာ ဒေသခံတွေရဲ့ ပိုင်ဆိုင်တဲ့ မြေယာတွေ၊ ရေရှည် လုပ်ကိုင် စားသောက်နေတဲ့နေရာ တွေတော့ ဆုံးရှုံးရနိုင်ဖွယ်လည်း ရှိပါတယ်။ အဓိကတော့ လူထုကို အကျိုးပြုနေတာတွေ မပျက်ဆီးရေး၊ တကယ်လို့ပါ သွားမယ်ဆိုရင်လည်း တန်ရာတန်ကြေး ရသင့်ဖို့တော့ လိုအပ်တာပေါ့။
ဦးလှဦး
ဥက္ကဋ္ဌ
နယ်စပ် ကုန်သွယ်မှု မြှင့်တင်ရေး ကော်မတီ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
တရုတ်သမ္မတ လာမယ့် ခရီးစဉ်မှာ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာနက ဆန်ကွဲနဲ့ ပတ်သက်တဲ့ MOU တခု ရယ်၊ ကျွဲ၊ နွားတင်ပို့မှုနဲ့ ပတ်သက်တဲ့ MOU တခုရယ် ရေးထိုးမယ် ကြားတယ်။ စီးပွား ကူးသန်းကတော့ တရုတ်နိုင်ငံနဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နေရာမှာ စီးပွားရေးဇုန် လုပ်ဖို့ MOU ရေးထိုးဖို့ ရှိတယ် ကြားတယ်။
လယ်ဆည်က ရေးထိုးမယ့် လက်မှတ် ၂ ခုမှာ တခုက ဆန်ကို ရေးထိုးလိုက်ရင် တရုတ်ပြည်ကို ကိုတာ(ခွဲတမ်း) မလိုဘဲနဲ့ တင်ပို့နိုင်မှာ ဖြစ်တယ်။ ကျနော်တို့ဆီက နွားတို့ ကျွဲတို့ တရားဝင် ရောင်းခွင့်ရရင် ယေဘူယျအားဖြင့် ကောင်းကျိုးဘက်ကို ဦးတည်တယ်။ ကုန်သွယ်ရေးမှာတော့ ဆက်ပြီး ဆွေးနွေးစရာတွေ ရှိတယ်။ ကျနော်တို့ကလည်း စိုက်ပျိုးရေးနိုင်ငံဖြစ်တော့ ပို့ချင်သလောက်တော့ ပို့မရတဲ့အတွက် အခက်အခဲလေး နည်းနည်းဖြစ်တဲ့ အနေအထား ရှိတယ်။ တရုတ်သမ္မတ လာရင် စီးပွားရေး အရ နည်းနည်းလေး ကောင်းတဲ့ တွန်းအားလေးတခုတော့ ဖြစ်တာပေါ့နော်။
တရုတ်ရဲ့ သဘာဝအရကိုလည်း နိုင်ငံတော် အကြီးအကဲတွေ အချင်းချင်းမှာ မိမိရဲ့ ကဏ္ဍပေါင်းစုံကို ဆွေးနွေးထားလေ့ ရှိတယ်။ ဒါကြောင့် နှစ်ဖက်စလုံး ဆွေးနွေးရင်တော့ နှစ်ဖက်စလုံး လိုအပ်တဲ့ အတိုင်းအတာလေး ရှိတယ်။ ရာခိုင်နှုန်းပြည့် ကြီး ဖြေရှင်းနိုင်ဖို့ ဆိုတာ ခက်ပါတယ်။ အိမ်နီးနားချင်း နိုင်ငံဆိုတာ ညှိနှိုင်းပြီးတော့ သွားရမှာပေါ့။ တချို့ဟာတွေကျတော့ လည်း အခြေအနေအရ အဆင်သင့် မဖြစ်တာတွေ ရှိတယ်။ ပတ်ဝန်းကျင်အရ အခက်အခဲ ဖြစ်နေတာတွေ ရှိတယ်။ ဒါလေးတွေလည်း နည်းနည်းတော့ အချိန်ယူပြီး လုပ်ဆောင်ရမယ့် အပိုင်းရှိတယ်လို့ ထင်တယ်။
ဒါပေမယ့် တနိုင်ငံနဲ့ တနိုင်ငံ ဆိုတာက နိုင်ငံရေး၊ စီးပွားရေးရော၊ လူမှုရေးရော ကဏ္ဍပေါင်းစုံရှိတာ ဆိုတော့ တခုနဲ့တခု သိပ်အများကြီး ရောစပ်မှုမလုပ်ဘဲနဲ့ ခွဲခွဲခြားခြားလေး ကဏ္ဍတခုချင်းစီ ဆွေးနွေးရင်တော့ ပိုပြီး ကျနော်တို့ နိုင်ငံအတွက် ကောင်းကျိုးလေး ပိုရမှာ ဖြစ်တယ်လို့ မြင်တယ်။
ကိုမင်းဇာနည်လင်း
စီးပွားရေး သုတေသီ
တရုတ်နိုင်ငံရဲ့ ခေါင်းဆောင် မြန်မာနိုင်ငံကို လာတယ်ဆိုတာကတော့ ကောင်းတယ်လို့ မြင်တယ်။ ကိုယ့်နိုင်ငံရဲ့ နှစ်နိုင်ငံ ကိစ္စရပ်တွေကို ခေါင်းဆောင်တွေကြားမှာ ဆွေးနွေးအမြင်ဖလှယ်ရမယ့် အခွင့်အရေးတရပ်ကို မြန်မာနိုင်ငံက ရရှိမှာပေါ့။
သို့သော်လည်း တချိန်တည်းမှာပဲ ကိုယ့်တိုင်းပြည်ရဲ့ အကျိုးစီးပွားအတွက် အစိုးရက ဆွေးနွေး ပြောကြားမယ်ဆိုတာက လည်း ယုံမှားသံသယတော့ မရှိဘူး။ ဒါပေမယ့် ဒီလိုဆွေးနွေးတဲ့ အခါမှာကျရင် နှစ်နိုင်ငံကြား ဆွေးနွေးတာဖြစ်တဲ့အတွက် နှစ်နိုင်ငံစလုံးက သူ့အကျိုးစီးပွား၊ ကိုယ့်အကျိုးစီးပွားတွေ ရှိကြတယ်ပေါ့။
တခါတလေကျရင် ကိုယ်တွေကရော ကိုယ့်နိုင်ငံ အကျိုးစီးပွားကို ဘယ်လောက်အထိ ထဲထဲဝင်ဝင် သုံးသပ်ထားသလဲ ဆိုတာ နည်းပညာပိုင်းဆိုင်ရာ ကိစ္စရပ်တွေပေါ့။ သူတို့ ဘယ်လောက် လုပ်ထားသလဲ ဆိုတာကတော့ မပြောတတ်ဘူး။ အစိုးရကတော့ ပိုသိမှာပေါ့။ နောက်တခုက တရုတ်သမ္မတ ခရီးစဉ်မှာ တရုတ် နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေ ပြောကြမှာ ရှိတယ်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်း စီမံကိန်းကိစ္စတွေ ပြောမယ်ပေါ့။ နောက်တခုက တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် ကိစ္စတွေ ပြောမယ်လို့ သိထားရတယ်။
တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်ကိစ္စကလည်း အင်မတန်မှ အရေးကြီးသလို အရမ်းလည်း သိမ်မွေ့ပြီးတော့ ရှုပ်ထွေး တယ်။ မြစ်ဆုံထက်တောင် ပိုပြီး ရှုပ်ထွေးသေးတယ်။ သူက စီမံကိန်းတွေ အများကြီး ရှိတာလေ။ ဒီကနေ ကိုယ့်နိုင်ငံရဲ့ အကျိုးစီးပွားကို များများရနိုင်အောင် ဘယ်လိုလုပ်မလဲပေါ့။ နှစ်ဖက်စလုံး အပြန်အလှန် အကျိုးရှိမယ့် လုပ်ငန်းစဉ်တွေကို ဘယ်လို လုပ်မလဲဆိုတာတွေ အရေးကြီးတယ်။
တရုတ်နဲ့ ပတ်သက်ရင် သတင်းတွေမှာ သိပ်မကြားရတဲ့ ကိစ္စတခု ရှိတယ်။ အဲဒါက တရုတ်နိုင်ငံ နယ်စပ်မှာ အလုပ်သွား လုပ်နေကြတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ကိစ္စ။ မြန်မာနိုင်ငံကလူတွေ သိန်းနဲ့ချီပြီး နယ်စပ်မှာ အလုပ်လုပ်နေကြတာ။ ဒီ အလုပ်သမားတွေက တရုတ်နိုင်ငံက တရားဝင် အသိအမှတ် ပြုပေးထားတဲ့ အလုပ်သမားတွေ မဟုတ်ဘူး။ ဒီအလုပ်သမား တွေအပေါ်ကို ကာကွယ်ပေးမယ့် စနစ်၊ ယန္တရားတွေ နှစ်နိုင်ငံစလုံးမှာ မရှိဘူး။ ဒီယန္တရားကိုလည်း အခု ခရီးစဉ်မှာ စထားပြီး အကောင်အထည် ဖော်ထားနိုင်မယ်ဆိုရင် ကောင်းမယ်။ ကုန်ပစ္စည်း တရားဝင် ဖြစ်မှုကိုပဲ ပြောနေတာ များတယ်။
သိန်းနဲ့ချီတဲ့ တရုတ်နယ်စပ်က ကိုယ့်နိုင်ငံရဲ့ လုပ်သားတွေ ခေါင်းပုံဖြတ်ခံနေရတာတွေလည်း ရှိတယ်။ နှစ်ဖက်စလုံးက ဘာမှလေ့လာသုံးသပ်ထားတာ မရှိတော့ ပြဿနာ တခုခုဖြစ်လာရင် ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ ဖြေရှင်းရေး ယန္တရားတွေ လည်း လုံးဝ မရှိဘူး။ ထိုင်းနိုင်ငံနဲ့ ဆိုရင် G to G သဘောတူညီမှုတွေ လုပ်ထားပြီးသား ရှိနေပြီ။ ရေရှည်လုပ်ငန်းတွေဖြစ် တဲ့ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွေပေါ့။ ဒီလုပ်သား ကိစ္စတွေကလည်း မမေ့သင့်တဲ့ ကိစ္စတခုလို့ မြင်တယ်။
လက်ရှိမှာ မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံက နံပါတ်သုံး အဆင့်မှာ ရှိနေတယ်။ နောက်ပိုင်းမှာ တရုတ်ကိုသွားတဲ့နှုန်းထားတွေ ပိုပြီးတက်လာမယ့် အနေအထားရှိလာမှာ ဖြစ်တဲ့အတွက် ဒီလိုကိစ္စကို နှစ်နိုင်ငံ အစိုးရကြားမှာ မူဘောင် သဘောတူညီမှုတခု လုပ်သင့်နေပြီ။
ဦးနီ
ဒု ဥက္ကဋ္ဌ
မြန်မာနိုင်ငံ တရုတ်ကုန်သည်များ အသင်း
တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ၁၉၄၉ ခုနှစ်မှာ တော်လှန်ရေး အောင်မြင်ခဲ့တယ်။ အဲဒီတော့ ၁၉၅၀ မှာ မြန်မာနိုင်ငံက ကွန် မြူနစ်နိုင်ငံ မဟုတ်တဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံကို ပထမဆုံး အသိအမှတ်ပြုတဲ့နိုင်ငံ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာ နိုင်ငံနဲ့ တရုတ်နိုင်ငံတို့ဟာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေး မူ ၅ ချက်နဲ့ အတူတူလုပ် ဆောင်ခဲ့ကြပါတယ်။ နယ် စပ် ကုန်သွယ်ရေးတွေမှာ အဓိကကျတဲ့ နိုင်ငံလည်း ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ ပြည်ပ ကုန်သွယ်မှုရဲ့ ၄ ပုံ ၁ ပုံလောက်ကို ရှိ တယ်။
ဒီခရီးစဉ် နောက်ပိုင်းမှာ မြန်မာပြည် အတွက်ရော တရုတ်ပြည် အတွက်ရော ပိုမိုကောင်းတဲ့ အလားအလာ ရှိနိုင်မယ်လို့ ယူဆပါတယ်။ NLD အစိုးရရဲ့ အဓိကထား လုပ်ဆောင်ချက် တခုဖြစ်တဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိုလည်း ပိုမို လုပ်ဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာလို့ဆိုရင် သမ္မတ ရှီကျင့်ဖျင် မလာခင် ရက်ပိုင်း အတွင်းမှာပဲ တရုတ်နိုင်ငံရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ ဆွန်းကောရှန် လာရောက်ပြီးတော့ ရှမ်းပြည် မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့တွေ အားလုံးကို တွေ့ဆုံမှု ရှိခဲ့တယ်။ ဒါက မြန်မာ့ ငြိမ်းချမ်းရေးအတွက် လာရောက် ညှိနှိုင်းပေးတဲ့ သဘောမျိုးလို့ ယူဆပါတယ်။
ကျနော်တို့ မြန်မာနိုင်ငံက တရုတ်နိုင်ငံရဲ့ OBOR စီမံကိန်းရဲ့ အဓိကကျတဲ့ နေရာမှာရှိနေတဲ့ နိုင်ငံ တနိုင်ငံလည်း ဖြစ်ပါ တယ်။ ဒီလို စီမံကိန်းတွေအတွက်လည်း ပိုမိုမြန်ဆန်စွာ လုပ်ဆောင်သွားနိုင်မယ်လို့လည်း ထင်တယ်။ နောက်တချက်က စီး ပွားရေးသာ မကပါဘူး။ နိုင်ငံရေးမှာလည်း ဒီအတိုင်းပါပဲ။ သိကြတဲ့အတိုင်းပဲ ICJ မှာ မြန်မာနိုင်ငံက ရင်ဆိုင်နေရတယ်။ ကမ္ဘာမှာလည်း အနောက်နိုင်ငံများရဲ့ပြစ်တင် ဝေဖန်မှုတွေကို ရင်ဆိုင်နေရတယ်။ ဒီလိုအခြေအနေမျိုးမှာ တရုတ်သမ္မတ လာရောက်တယ် ဆိုတာ ဒီလို အခြေအနေတွေအတွက် လာပြီးအားပေးတဲ့ သဘောပေါ့။
နယ်စပ် ကုန်သွယ်ရေးမှာ တရုတ်ပြည်ဘက်က ပိတ်လိုက်၊ သောင်းကျန်သူတွေက နှောင့်ယှက်လိုက်နဲ့ တော်တော်လေး အဆင်မပြေခဲ့ပါဘူး။ ဒီခရီးစဉ်မှာ ကျနော်တို့ သိသလောက် နယ်စပ် ကုန်သွယ်ရေးကို ပိုမိုပြီးတော့ စနစ်ကျအောင် လုပ် ဆောင်နိုင်မယ့် MoU တခုတော့ ပါမယ်လို့ မျှော်လင့်တယ်။ ဒီ MoU ထိုးပြီးရင် ပုံမှန် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း တခုလို ဖြစ်လာနိုင်တယ်။
နောက်တခုက ကျောက်ဖြူ အထူးစီးပွားရေးဇုန်ပေါ့။ အရင် တရုတ်က ၈၅ ရာခိုင်နှုန်း၊ မြန်မာက ၁၅ ရာခိုင်နှုန်းပေါ့။ နောက် ပိုင်းမှာ မြန်မာအစိုးရဘက်က ညှိနှိုင်းမှု တခုလုပ်ပြီး တရုတ်က ၇၀ ရာခိုင်နှုန်း၊ မြန်မာက ၃၀ ရာ ခိုင်နှုန်း ပြောင်းလိုက်တယ်။ ဒါက တရုတ်ဘက်ကလည်း သဘောတူတယ်ပေါ့။ ဒီကိစ္စလည်း လုပ်ဆောင်ချက်တွေ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်စရာရှိ တယ်။ နောက် ရွှေလီ-မန္တလေး-ရန်ကုန်-ကျောက်ဖြူ ရထားလမ်း စီမံကိန်းတွေပေါ့။ အခုလည်း ရထားလမ်းပိုင်း ဆိုင်ရာတွေ ကို စစ်ဆေးမှုတွေ လုပ်နေပြီပေါ့။ ဒါတွေ အားလုံးပြီးသွားရင် မြန်မာပြည်ရဲ့စီးပွားရေးမှာ ပိုမိုပြီးတော့ ကောင်းမွန်လာနိုင် မှာပါ။
ဦးမျိုးရန်နောင်သိန်း
BAYDA Institute တည်ထောင်သူ
ပထမ တချက်အနေနဲ့က နိုင်ငံတကာ ဆက်ဆံရေးပေါ့။ အမေရိကန် ပြည်ထောင်စုရော အနောက်နိုင်ငံတွေရောက မြန်မာ နိုင်ငံနဲ့ ပတ်သက်ရင် ပထဝီနိုင်ငံရေး အရကိုက လျစ်လျူရှုထားလို့ မရဘူး။ သမ္မတရှီက ၂၀၂၀ အကျော်မှာမှ ဒီကို ပထမဦး ဆုံးလာတာ ဆိုတော့ ဒါက နိုင်ငံတကာ ဆက်ဆံရေး အတွက် တကယ့်ကို ခိုင်မာတဲ့ ထိရောက်တဲ့ သက်ရောက်မှု ရှိတယ် လို့ ကျနော် မြင်တယ်။
နောက်တခုက ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ရှမ်း၊ ကချင် နယ်စပ်ဒေသ ကုန်သွယ်ရေးမှာ ယူနန်ပြည်နယ် အစိုးရနဲ့ ဒေသဆိုင်ရာ အစိုးရနဲ့ ပြဿနာတွေ ရှိတယ်။ ဟိုဘက်ကုန်သည် ဒီဘက်ကုန်သည် ပြဿနာတွေ ရှိတယ်။ တကယ်တမ်း ကျတော့ ဗဟိုအစိုးရ အဆင့်က ပြည်နယ် အစိုးရအဆင့် လုပ်နေတာတွေ၊ အောက်ခြေ ပြဿနာတွေကို မသိဘူး။ အဲဒီလို ဖြစ်နေတာတွေကို ဖြေရှင်းနိုင်မယ် ထင်တယ်။
ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့တော့ တရုတ်က ဟိုတုန်းကတည်းက ပါနေတာပဲ။ သမ္မတ ရှီ ပါလာတဲ့အတွက်တော့ အထိုက်အလျောက်တော့ သက်ရောက်မှု ရှိမယ်။ ဒါပေမယ့် အများကြီးတော့ မမျှော်လင့်ထားဘူး။ ဘာကြောင့်လဲဆိုတော့ တကယ်တမ်း အရေးကြီးတာက ဒီလက်နက်ကိုင် အဖွဲ့တွေရဲ့ စိတ်ဆန္ဒ၊ တပ်မတော်ရဲ့ စိတ်ဆန္ဒ ပိုအရေးကြီးတယ်။
အဓိကတော့ တရုတ်က တရုတ်အိပ်မက် (Chinese Dream) ပေါ့။ ရာစုနှစ်၂ ခုပြည့်၊ ကွန်မြူနစ်ပါတီ နှစ် ၁၀၀ ပြည့်၊ နောက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှစ် ၁၀၀ ပြည့်ဆိုပြီး လုပ်နေတာတွေ ရှိတယ်။ အဲဒီမှာ ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်း ပေါ့။ အဲဒီအတွက် မြန်မာနိုင်ငံက အရေးလည်းကြီးတယ်။ အဲဒါကို အခြေပြုပြီး ကျနော်တို့တွေက စီပွားရေး လုပ်ဆောင်တဲ့ အခါမှာ ငွေကြေး အကျိုးအမြတ် တခုတည်း မဟုတ်ဘဲနဲ့ လူသားအရင်းအမြစ်နဲ့ နည်းပညာ အကျိုးအမြတ်တွေလည်း ရရှိ နိုင်ဖို့ ဆွေးနွေးဖို့ လိုမယ်လို့ ထင်တယ်။
ဒီလိုမဟုတ်ရင် ငွေကြေး အကျိုးအမြတ်ရပြီးတော့ ဂေဟဗေဒ စနစ်ပျက်စီးသွား မယ်။ လူမှုစီးပွားစနစ် ပျက်စီးသွားမယ်ဆို ရင် ရတဲ့အကျိုးအမြတ်နဲ့ မကာမိဘူး။ နောက်တခုက နိုင်ငံရေး အရရော၊ စီးပွားရေး အရရော မဟာဗျူဟာမြောက် ဆက် ဆံရေးက ရပ်ဝန်းနဲ့ ပိုးလမ်းမ စီမံကိန်းပေါ် အခြေခံပြီးတော့မှ တည်ဆောက်ဖို့ လိုတယ်။ နိုင်ငံရေး၊ စီးပွားရေးအရ တရုတ် နဲ့က ဘယ်အဆင့်မှာ ဘယ်လိုသွားမလဲဆိုတာ ခိုင်မာတဲ့အဆင့်တွေ ရှိဖို့လိုတယ်။ ကျနော်တို့ဘက်က ကြိုးနီ ယန္တရား စနစ် က ဆက်ရှိနေသေးတယ်။ အကောင်အထည်ဖော်တဲ့နေရာမှာ နှောင့်နှေးနေသေးတယ်ပေါ့။
ခြုံပြောရရင်တော့ ရှီကျင့်ဖျင်လာတာကို သမ္မတကြီးတယောက် လာတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ပဲ ပြီးမသွားဘဲနဲ့ လက်တွေ့ကျတဲ့ ခိုင်မာတဲ့ သူ့ဘက်ကိုယ့်ဘက် အကျိုးရှိတဲ့ စီမံကိန်းတွေကို မဟာဗျူဟာမြောက်စွာ ဆွေးနွေးဖို့ မျှော်လင့်တယ်။ ပြယုဂ် တခု တင်မဟုတ်ဘဲ အလုပ်ပါတဲ့ လာရောက်မှု၊ ဆွေးနွေးမှု ဖြစ်စေချင်တယ်။
You may also like these stories:
တရုတ်သမ္မတ ခရီးစဉ်၌ ကျောက်ဖြူ စီးပွားရေးဇုန် လက်မှတ်ထိုးမည်ဆိုသည့် အပေါ် ဒေသခံများ သဘောထား
တရုတ်သမ္မတ ခရီးစဉ်အတွင်း ဆန်ကွဲ လွတ်လပ်စွာ တင်ပို့နိုင်ရေး MOU ရေးထိုးမည်
တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို