ပြည်ပရောက် မြန်မာနိုင်ငံသား/ဟောင်း အသိပညာရှင်၊ အတတ်ပညာရှင်တွေ အနေနဲ့ နိုင်ငံအတွက် ပါဝင်ကူညီပံ့ပိုး ချင်တယ်ဆိုရင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့က မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးကနေတဆင့် ဆက်သွယ်ကြဖို့ မြန်မာအစိုးရက ဖိတ်ခေါ်ထားပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေမှာလည်း နိုင်ငံရဲ့လူ့စွမ်းအားအရင်းအမြစ် လိုအပ် ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ဖိတ်ခေါ်ခဲ့တာတွေ၊ မြန်မာနိုင်ငံသား/ဟောင်းတွေ ဘက်ကလည်း ကမ်းလှမ်းတာတွေ ရှိခဲ့ တယ်လို့ ဂျီနီဗာမြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ် အဖွဲ့ရုံးရဲ့ ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံကို ပြန်လာပြီး ပါဝင်ကူညီ အကျိုးပြုလိုသူတွေအနေနဲ့ လေ့လာသင်ယူခဲ့တဲ့ ပညာရပ်ဆိုင်ရာ ဘွဲ့၊ ကျွမ်း ကျင်တဲ့ နယ်ပယ်၊ ပါဝင်အကျိုးပြုလိုတဲ့ အခန်းကဏ္ဍ၊ ပါဝင်ကူညီနိုင်တဲ့ ကာလ စသဖြင့် အချက် ၁၅ ချက် ပါဝင်တဲ့ လျှောက်လွှာကို ဖြည့်စွက်ပြီး ကောင်စစ်တာဝန်ခံ အရာရှိ ဦးကျော်ကျော်လွင်ထံ ဆက်သွယ်ပေးပို့ရမှာ ဖြစ်ပါတယ်။
ပြည်ပရောက် မြန်မာတွေထဲမှာ မြန်မာနိုင်ငံကို ပြန်ပြီးကူညီချင်ကြသူတွေ ရှိပေမယ့်လည်း ပြန်လာဖို့ ကြိုးစားတဲ့အခါ အကန့်အသတ် အခက်အခဲတွေကြောင့် အဆင်မပြေတာတွေ ရှိနေသလို တချို့ပြန်လာပြီးသူတွေမှာလည်း အကြောင်း အမျိုးမျိုးကြောင့် ပြန်ထွက်သွားတာမျိုးတွေ ရှိပါတယ်။
ဒါကြောင့်လည်း ပြန်လာမယ့် အသိပညာရှင်၊ အတတ်ပညာရှင်တွေ အတွက် လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်း ဟာ အဆင်သင့် ဖြစ်နေပြီလား၊ ဇန်နဝါရီ ၁၃ ရက်က ထုတ်ပြန်တဲ့ ကြေညာချက်ဟာ ဘယ်လို သဘောမျိုး ဆောင်နေ သလဲဆိုတာတွေနဲ့ ပတ်သက်လို့ ပြည်တွင်း ပြည်ပက မြန်မာနိုင်ငံသား/ဟောင်း အသိပညာရှင်၊ အတတ်ပညာရှင်တွေ ကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။
ကိုဘိုကြည်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)
အခု ကြေညာချက်အရ အစိုးရက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို ပြန်ခေါ်တာမဟုတ်ဘဲ သူတို့ လိုအပ်နေတဲ့ လူ့စွမ်းအား အရင်းအမြစ်အတွက် အကန့်အသတ်နဲ့ခေါ်တဲ့စာ ဖြစ်နေတယ်။ နောက်တချက်က အစိုးရက လိုလို့ခေါ် တယ်ဆိုရင်လည်း ထုတ်ပြန်ကြေညာချက်ကို ဒီထက်ပိုချောမွေ့အောင်ရေးရင် ပိုကောင်းမယ်ထင်တယ်။ အစိုးရအနေနဲ့ အခုလို အကန့်အသတ်နဲ့ မဟုတ်ဘဲ ပြည်ပရောက် မြန်မာနိုင်ငံသားအားလုံးအတွက် ဥပဒေတခုချမှတ်ပြီး လုပ်ဆောင် သင့်တယ်။
၂၀၁၂ လောက်တုန်းက ဂျော်ဂျီယာနိုင်ငံမှာ အတိုက်အခံက အနိုင်ရပါတီကို အနိုင်ရရှိပြီး အာဏာရခဲ့တယ်။ အဲဒီ တုန်းက အနိုင်ရပါတီရဲ့ ပထမဆုံး လွှတ်တော်မှာ စပြီး ဆုံးဖြတ်ချက်ချတာက ဂျော်ဂျီယာမှာ နိုင်ငံရေး အကျဉ်းသား ရှိတယ် ဆိုတာကို အသိအမှတ်ပြုပြီး လွှတ်ပေးရေး ဆုံးဖြတ်ချက်နဲ့ နိုင်ငံရေးအရ ထွက်ပြေးသွားတဲ့ (Political Exiles) တွေကို ပြန်လာဖို့ ဆုံးဖြတ်ချက် ချတယ်ဆိုတာ ဥပမာတွေ ရှိခဲ့ပါတယ်။ အစိုးရအနေနဲ့ အခုလို မိမိသဘောနဲ့ လာလုပ် ဆိုတာမျိုးထက် ကိုယ်လိုအပ်တဲ့ နေရာအတွက် နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားဟောင်းတွေထဲက သင့်တော် မယ့်သူကို အစိုးရက ရှာဖွေချဉ်းကပ်တာက ပိုအလုပ်ဖြစ်မယ် ထင်ပါတယ်။
မြန်မာနိုင်ငံဟာ လူ့စွမ်းအားအရင်းမြစ် လိုအပ်နေတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါကို အမြန်ဆုံး ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။ ဒီလို ဖြည့်ဆည်းဖို့ စဉ်းစားတဲ့အခါမှာ နိုင်ငံရေး လှုပ်ရှားမှု နောက်ခံကြောင့် ပြည်ပ ရောက်သွားရတဲ့သူတွေကို ဂုဏ် သိက္ခာရှိရှိ ပြန်လာနိုင်ရေးအတွက် လုပ်ဆောင်ခြင်းကလည်း လိုအပ်နေတဲ့ လူ့စွမ်းအားအရင်းမြစ်ကို တစုံတရာ အထောက်အကူ ဖြစ်နိုင်ပါတယ်။ အစိုးရအနေနဲ့ ဒါကိုလည်း ဥပဒေပြုပြီး အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။
အဲဒီလို လုပ်ပေးပြီး သူတို့ အပြီး ပြန်မလာနိုင်ခဲ့ရင်တောင် သူတို့ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့အချိန် ပြန်လာနိုင်အောင် တံခါးဖွင့်ထားပေးဖို့ လိုအပ်တယ်။ အနည်းဆုံး သူတို့ ပြန်လာလည်ရင် နိုင်ငံခြားငွေရတယ်။ သူတို့က သာမန်လာလည် တဲ့ နိုင်ငံခြားသားထက်တော့ ပိုက်ဆံ ပိုသုံးကြပါတယ်။ သူတို့ရဲ့ အတွေ့အကြုံတွေကလည်း နိုင်ငံအတွက် အကျိုးရှိ မှာပါ။
ဒေါက်တာ တင့်ဆွေ
အမေရိကန် အခြေစိုက် မြန်မာ့အရေး လေ့လာသူ
ဆရာက ပြန်လုပ်ဖို့ မရှိပါ။ နိုင်ငံရေးထဲမှာ အရွေးခံခွင့် မရှိပါ။ ကျန်းမာရေး ဆေးကုဖို့ အသက်အရွယ်ကြီးပြီ။ ပညာရေး ကို ဖြစ်စေချင်တယ်။ ဟောပြောတာ သင်တန်းပေးတာတွေ လုပ်ချင်တယ်။ ခက်တာက မြန်မာစာရော အင်္ဂလိပ်စာပါ ဆရာ့အမြင် အသိ အတွေ့အကြုံတွေနဲ့ အံဝင်မှာ မဟုတ်ဘူး။ နိုင်ငံရေးလည်း ဟောပြောတာ သင်တန်းပေးတာတွေ လုပ်ပေးချင်တယ်။ ဖိတ်ခေါ်ချက် ရှိမှသာ လုပ်ချင်တယ်။
ဟိုးစောစောနှစ်တွေက အလည်ပြန်မယ်လို့ စိတ်ကူးစဉ်က NLD ရုံးချုပ်မှာ လူငယ်တွေကို ဟောပြောဖို့ စီစဉ်ခဲ့သေး တာ။ ရုံးချုပ်ကလည်း welcome လုပ်ပါတယ်။ မလာဖြစ်ခဲ့ဘူး။ အခု ဂျီနီဗာ သံရုံးက ထုတ်ပြန်တာကို တချို့က စော စောကတည်းက လုပ်သင့်တာလို့ အပြစ်မြင်ကြတယ်။ ဆရာက မမြင်ပါဘူး။ အဲဒီလို လုပ်စရာတွေ ဆက်လုပ်ဖို့သာ အစိုးရကို တွန်းသင့်တယ်။ တိုင်းပြည် အကျိုးကို မျက်နှာမူတဲ့ အတွေး အပြော အရေးနဲ့ အလုပ်တွေ လုပ်ကြစေချင် တာ။
အစိုးရ တခုတည်းသာ အပြစ်ဖို့နေတာ မှားတယ်။ လုပ်ချင်တာအတွက် တာဝန်ရှိသူတွေဘက်က ဖြည့်တာ လျော့တာ မျိုးတွေသာ ရှိတယ်။ လက်ရှိ ရာထူးဝန် အဖွဲ့ဆိုတာကြီးကလည်း ရှိသေးတာ။ ဆရာက အဲဒါကို သဘောမကျဘူး။ သွားကတည်းက မျှော်လင့်ချက်ကြီးနဲ့ သွားတာ မသင့်ပါ။ ကိုယ့်လမ်း ကိုယ်ဖောက်ကြရမှာပါ။ ပညာတတ်တိုင်းလည်း တချို့မစွံပါ။
ပြည်ခိုင်ဖြိုး အစိုးရကလည်း ပြည်ပရောက်သူတွေ ပြန်လာပြီး တိုင်းပြည်အတွက် လုပ်ကြဖို့ ခေါ်ခဲ့ပါတယ်။ တချို့ပြန်ကြ တယ်။ တချို့က သမ္မတ အကြံပေး လုပ်တယ်။ အခုတော့ သူတို့တတွေ တခြားနေရာတွေ ရောက်ကုန်ကြပြီ။ ကိုယ့် ဘာသာရပ်အရ အထဲဝင် လုပ်နေသူတွေလည်း ရှိခဲ့တယ်။ အလုပ်သမားရေး၊ လယ်သမားရေး လုပ်သူတွေနဲ့ မီဒီယာ တွေ။ အခု အစိုးရတက်တော့လည်း ဒေါ်အောင်ဆန်းစုကြည်က အနည်းဆုံး ၂ ကြိမ် ဖိတ်ခေါ်မှု လုပ်ပြီးပြီ။ သိရသ လောက် ပြန်လုပ်နေသူ အတော်ကို နည်းလွန်းတယ်။
၂၀၁၂ သြဂုတ်လထဲမှာ အရင်အစိုးရကနေ အမည်မည်း စာရင်း (Black list) ထဲက ၂၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပါ တယ်။ အဲဒီတုန်းက ၁၉၉၀ မှာ အရွေးခံရပြီး အပြင်ထွက်နေကြရတဲ့ လွှတ်တော် အမတ်တွေကို ထိပ်မှာ တွေ့ရတယ်။ ကျနော်က နံပါတ် ၇ မှာ။ နိုင်ငံခြားသားတချို့လည်း ပါတယ်။ အဲဒီ စာရင်းက နာမည်မှားတာတွေ ပါတယ်။ လူထပ်နေ တာတွေ ပါတယ်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ နောက်ဆုံးပတ်မှာ လက်ရှိ အစိုးရကနေ လူပေါင်း ၆၀၇ ယောက်ကို အမည် မည်း စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ နိုင်ငံခြားသား ၃၀၀ နဲ့ မြန်မာလူမျိုး ၂၀၀ ကျော် ပါတယ်။
ဘာကြောင့် နည်းနေသေးလဲ တဦးချင်း အကြောင်းပြချက်တွေ ရှိမယ်။ ကျနော် တယောက်တည်း အနေနဲ့ နံပါတ်တစ် က လုံခြုံရေး။ လက်နက်ကိုင် အဖွဲ့တွေဟာ လူထုက ရွေးကောက် တင်မြှောက်တဲ့ အစိုးရ လက်အောက်မှာ မရှိသေးပါ။ ဘယ်သူ ဒုတိယ ဦးကိုနီ ဖြစ်မလဲ။ ဗျူရိုကရေစီက နောက်တချက်။ တခြားနိုင်ငံ ပတ်စ်ပို့ ကိုင်ထားပြီးသူတွေ ကိုယ်မွေး ခဲ့တဲ့ နိုင်ငံမှာ နှစ်ရှည်နေထိုင်ရေး ခက်ခဲသေး၊ ဈေးကြီးသေးတယ်။
၂၀၁၈ နွေရာသီမှာ ကျနော် ပထမဆုံးအကြိမ် ပြန်တော့ အဝင် အထွက်တော့ မခက်ခဲ့ပါ။ ကျနော်တို့ အရွယ်တွေက အစိုးရခန့်အလုပ် လုပ်မရတော့ပါ။ လုပ်နိုင်သေးသူတွေအတွက် စဉ်းစားပြုပြင်ပေးရမယ်။ နောက်တခုက အခြေအနေ။ ဆင်းရဲနိမ့်ကျသေးတာကို ထည့်မပြောပါ။ တတ်ထားတဲ့ပညာနဲ့ ဆီလျော်တဲ့ အခြေခံတွေ။ ဆေးပညာရှင်ဆိုရင် ဆေးရုံ၊ ဓာတ်ခွဲခန်း၊ ခွဲစိတ်ခန်း၊ လျှပ်စစ်၊ တခြား ဘာသာရပ်တွေမှာလည်း ရှိတယ်။ အားလုံး ပြည့်စုံမှသာ လာမယ်ပြောတာ မဟုတ်ပါ။ ပြင်စရာတွေ အများကြီးထဲက တချို့ကိုသာ တင်ပြတာ။
ပြန်လာနိုင်ရေး လျော့ပေါ့ပေးတာ ရှိသလို ဝန်ကြီးဌာနတိုင်းမှာ ပြင်စရာတွေကို တွန်းလုပ်ရပါမယ်။ ခုထိ အားမရပါ။ ပညာရေးမှာ ပြောစရာတွေက ပိုများတယ်။ ကျနော်သာ စာသင်ခွင့်ရရင် လက်ရှိ အခြေအနေအောက်မှာ မသင်ချင်ပါ။ အဲဒါက အခြေခံ အဆောက်အအုံတွေနဲ့ မဆိုင်တာ။ ဥပဒေ၊ အာမခံစနစ်၊ အင်တာနက်၊ တိုင်းပြည်ကို မဏ္ဍိုင်ပြုတဲ့ အပြု သဘောစိတ်ဓာတ်တွေ ဖြစ်ပါတယ်။
ဒေါ်မီမီဝင်းဘတ်
ပါမောက္ခ- ဟာဝိုင်အီ အခြေစိုက် လုံခြုံရေးဘာသာရပ်ဆိုင်ရာ အာရှ-ပစိဖိတ်ဌာန
ကျွမ်းကျင်မှု မြင့်မားပြီး ပညာတတ်တဲ့ မြန်မာတွေကို ပြန်လာဖို့ ဖိတ်ခေါ်တဲ့ မြန်မာအစိုးရရဲ့ဆုံးဖြတ်ချက်ဟာ အလွန် ကောင်းမွန်တဲ့ အမြင်သဘောထား ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရက ဒီမူဝါဒကို စနစ်တကျ အကောင်အထည် ဖော်ဖို့ ဖွဲ့စည်းပြင်ဆင်မှုနဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီးပြီလား ဆိုတာတော့ ကျမ မသိဘူး။ ဝါရှင်တန်ဒီစီက မြန်မာသံရုံးရဲ့ ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်တဲ့အခါမှာလည်း ဒီမူဝါဒသစ်နဲ့ ဒါနဲ့ ပတ်သက်လို့ ဘာကိုမှ ရှာမတွေ့ဘူး။
ဒီမူဝါဒသစ်ကို ကျမ အကောင်းမြင်ပါတယ်။ စနစ်တကျ အကောင်အထည်ဖော်ရင် အရမ်းကို အားကောင်းမယ်လို့ ကျမ ယုံကြည်တယ်။ မြန်မာနိုင်ငံ တိုးတက်ရေးကို နည်းလမ်းအမျိုးမျိုးနဲ့ အထောက်အကူပြုနိုင်တဲ့ ပြည်ပရောက် မြန်မာ ၃ မျိုး ရှိပါတယ်။ နံပါတ် ၁ က မြန်မာနိုင်ငံကို ပြန်ပြီး မြန်မာနိုင်ငံထဲမှာ အချိန်ပြည့် လုပ်နိုင်တဲ့သူတွေ ရှိတယ်။ ၂ က မြန် မာနိုင်ငံကို အချိန်မှန်ပြန်ပြီး ကာလတို စီမံကိန်းတွေ လုပ်နိုင်တဲ့သူတွေ ရှိတယ်။ ၃ က သူတို့နေထိုင်ရာ နေရာတွေမှာပဲ ဆက်နေပြီး မြန်မာနိုင်ငံရဲ့ ရှုထောင့်အမြင်တွေနဲ့ အမျိုးသား အကျိုးစီးပွားကို အကျိုးဆောင်ပေးမယ့် ဂုဏ်ထူးဆောင် သံအမတ်တွေ ဖြစ်ပါတယ်။
၁ နဲ့ ၂ က သူတွေအတွက် မြန်မာအစိုးရ အနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ မတွေ့နိုင်တဲ့ ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ပညာရပ်တွေနဲ့ ပြည့်စုံသူတွေကို စနစ်တကျနဲ့ ဂရုတစိုက် ရွေးချယ်ရပါမယ်။ ၃ က လူတွေအတွက်တော့ မြန်မာအစိုးရ ဟာ သံရုံးတွေကတဆင့် သူတို့နဲ့ ပုံမှန်ထိတွေ့ပြီး သူတို့ရဲ့ ထောက်ခံမှုရအောင် လုပ်ရပါမယ်။ အဲဒီလို စည်းရုံးထားတဲ့ မြန်မာ့ အသိုက်အဝန်းတွေဟာ မြန်မာနိုင်ငံရဲ့ သံရုံးတွေကို များစွာ အထောက်အကူပြုပြီး သူတို့ နေထိုင်ရာ နိုင်ငံတွေ မှာ သံရုံးတွေရဲ့ သြဇာသက်ရောက်မှုကို ပိုမိုကျယ်ပြန့်စေပါတယ်။
အဲဒီလို နိုင်ငံတွေမှာ ကျယ်ပြန့်တဲ့ သက်ရောက်မှုဟာ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နိုင်ပြီး မြန်မာနိုင်ငံရဲ့အမြင်နဲ့ သဘော ထားတွေကို ထောက်ခံမှု တိုးတက်စေပါတယ်။ အဲဒီလို ထောက်ခံမှုမျိုးကို မကြာသေးမီက ICJ မှာ မြန်မာနိုင်ငံရဲ့ သဘောထားကို ထောက်ခံတဲ့ ပြည်ပရောက် မြန်မာများရဲ့ ကြီးမားတဲ့ စုဝေးပွဲက ပြသနေပါတယ်။
မြန်မာအစိုးရကို ထောက်ခံဖို့ စွမ်းအားတွေနဲ့ ဆန္ဒတွေ ရှိနေကြပါတယ်။ အဲဒီ စွမ်းအားတွေနဲ့ ဆန္ဒတွေကို စနစ်တကျ ကိုင်တွယ်ပြီး ကမ္ဘာတဝှမ်း သံတမန်ရေး ထိုးနှက်ချက်တွေကို ချဲ့ထွင်ရမှာက မြန်မာအစိုးရရဲ့ တာဝန်သာ ဖြစ်ပါတယ်။ ပြည်ပရောက် မြန်မာတွေကို ထိတွေ့ဆက်ဆံပြီး အကောင်းဆုံး အသုံးချတဲ့ မူဝါဒသစ်က အကောင်းဆုံး ခြေလှမ်းဖြစ် တယ်။ အစိုးရအတွက် နောက်တဆင့်ကတော့ ဒီမူဝါဒ အကောင်အထည်ဖော်ဖို့ ထိရောက်တဲ့ လုပ်ငန်းစဉ်နဲ့ ဖွဲ့စည်း ပြင်ဆင်မှုတွေ ချမှတ်ဖို့ပဲ ဖြစ်ပါတယ်။
ဦးအောင်သူငြိမ်း
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူ
ကျနော်မြင်တာတော့ ဒါက ကြိုဆိုရမယ့် ကိစ္စပါ။ လက်တွေ့မှာတော့ ကျနော်တို့လည်း ပြန်လာတာ ကြာပြီ။ ၂၀၁၂ က တည်းကပေါ့။ ဒီအနေအထား အောက်မှာတော့ တချို့လုပ်ထုံးလုပ်နည်းတို့၊ တချို့ကိစ္စတွေမှာ အခက်အခဲတွေက အများကြီး ရှိသေးတယ်။ အဲဒီလို အနေအထားမျိုးမှာ ဖိတ်ခေါ်မှုကတော့ အစပေါ့။ ကျန်တဲ့လုပ်ငန်းစဉ် ကျန်တဲ့စဉ်းစား နည်းကိစ္စတွေ ပေါင်းစုံ ဆက်လုပ်ဖို့လိုဦးမယ် ထင်ပါတယ်။
ဆိုလိုချင်တာက ပြန်လာတဲ့သူတွေမှာ ကလေးတွေ ရှိမယ်။ ဒီလူတွေက နိုင်ငံခြားသား ခံယူထားတာတွေ ရှိလာမယ်။ ကျနော်ကိုယ်တိုင် ဆိုရင်တောင် မင်္ဂဆောင်မယ့်ကိစ္စ တရားဝင် မလုပ်ရသေးဘူး။ ဒါတွေဟာ ဥပဒေကြောင်း ကိစ္စတွေ၊ လုပ်ထုံးလုပ်နည်းတွေမှာ ဘယ်လို ဖြေလျှော့မလဲဆိုတာ အသေးစိတ်ပိုင်းတွေမှာ အများကြီးကျန်ဦးမှာပါ။
ဘာကို ရည်ရွယ်ပြီးခေါ်သလဲ မသိဘူးပေါ့ဗျာ။ အထူးသဖြင့် ပြန်လာနိုင်တဲ့သူတွေက ဆရာဝန်တွေ ရှိနိုင်တယ်။ အဲဒီမှာ ဆရာဝန် လိုင်စင်တို့၊ ဆေးကုသခွင့်တို့မှာ အများကြီး ထပ်ပြင်ဖို့ လိုသေးတယ်။ နောက်တခါ အင်ဂျင်နီယာလို ပညာ ရှင်တွေ၊ ကိုယ်ပိုင်လုပ်ငန်းနဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေတော့ ပြန်လာနိုင်ပါတယ်။ လက်ရှိ မြန်မာပြည် Market (ဈေး ကွက်)ထဲမှာ စနစ်တကျ ဝင်ပေါင်းဖို့ဆိုရင်တော့ အများကြီး အခက်အခဲတွေ ရှိသေးတယ်။ မူဝါဒ တခုတော့ စလိုက်ပြီ ပေါ့။ ဒါပေမယ့် သေချာဆက်ပြီးတော့ ပြုပြင်ပြောင်းမှုတွေလုပ်ဖို့က အများကြီး လိုသေးတယ်လို့ ထင်ပါတယ်။
နော်ပန်းသဉ္ဇာမျိုး
ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသား ရေးရာဝန်ကြီး
ဒီဖိတ်ခေါ်တာက နိုင်ငံခြားရေး ဝန်ကြီးဌာနက ဖိတ်ခေါ်တာ ဟုတ်မဟုတ်တော့ ကျမ သေချာ မသိသေးဘူး။ သတင်း တွေ တက်လာတာကိုပဲ တွေ့တာ။ ကျမတို့ အစိုးရဘက်က ဒါ တကယ် ဖိတ်ခေါ်တာ ဟုတ်မဟုတ်ကို ယနေ့အချိန်ထိ Confirmation (အတည်ပြုချက်) မသိသေးတာတော့ အမှန်ပဲ။ မနက်က (ဇန်နဝါရီ ၁၄) မှ အဲဒီသတင်းကို တွေ့တာ ပေါ့။ ကျမအတွက်ကတော့ ဒါကို ဝမ်းသာတယ်။ တချိန်တုန်းက၂၀၁၅ တုန်းကလည်း NLD ပါတီကနေ ပြည်တွင်း/ပမှာ ရှိတဲ့ ပညာရှင်၊ တတ်သိပညာရှင်တွေ ဒါ သစ်ခုတ်သမားချိန် မဟုတ်တော့ဘူး။ ပန်းပုထုသမား အချိန်ရောက်ပြီ။
တတ်သိပညာရှင်တွေကို နိုင်ငံ့အကျိုးပြု နိုင်ငံတည်ဆောက်တဲ့ နေရာတွေမှာ ပူးပေါင်းပါဝင်နိုင်တဲ့လူတွေ လာပြီး ပူး ပေါင်းကြပါဆိုပြီး ဒီလိုပဲ NLD ပါတီက ဖိတ်ခေါ်ခဲ့တဲ့ အတွက်ကြောင့် ကျမကိုယ်တိုင် NLD ကို ပါခဲ့တာပေါ့။ အဲဒီ အချိန် အခါတုန်းက။ အခုလည်းပဲ ကျမတို့နိုင်ငံမှာ တတ်သိပညာရှင်တွေ အများကြီး လိုအပ်တယ်။ နိုင်ငံတော် ပြုပြင်ပြောင်း လဲရေး ကဏ္ဍတွေမှာ လိုအပ်တဲ့အတွက် ဒီတတ်သိပညာရှင်တွေကိုလည်းပဲ စနစ်တကျ လူမှန်နေရာမှန် စီမံခန့်ခွဲတတ် ဖို့ လိုတယ်။ အကျင့်စာရိတ္တ ပိုမိုကောင်းမွန်တဲ့ တတ်သိပညာရှင်တွေ မျိုးစုံလည်း လိုအပ်တာပဲ။
နိုင်ငံတော်အနေနဲ့ ပြန်လည် တည်ဆောက်တဲ့အခါမှာ တတ်သိပညာရှင်က ကျမတို့နိုင်ငံမှ မဟုတ်ဘူး။ တခြား နိုင်ငံ တွေလည်း ဒီလိုမျိုး ဖိတ်ခေါ်ခဲ့ကြတယ်။ ဒီမိုကရေစီ အပြောင်းအလဲ ကာလဖြစ်ခဲ့တဲ့ နိုင်ငံတိုင်းလိုလိုမှာ။ ဒါ ကျမတို့ နိုင်ငံအတွက် ဖိတ်ခေါ်တာ ကောင်းခြင်းပဲ ဖြစ်ပါတယ်။ ကျမလည်းပဲ နိုင်ငံတကာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ အကုန်လုံး ဒီနိုင်ငံ တည်ဆောက်ရေး ကာလမှာ ကျရာကဏ္ဍကနေ လာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါလို့ ပြောချင် ပါတယ်။
စိန်ခေါ်မှုကတော့ နေရာတိုင်းမှာ ရှိပါတယ်။ အပြောင်းအလဲတိုင်းက စိန်ခေါ်မှုပဲ။ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မယ့် ပညာရှင် မျိုး လိုအပ်ပါတယ်။ အကုန်လုံး လူမှန်နေရာမှန် မဟုတ်ဘူးလား ဆိုတဲ့နေရာမှာ မဟုတ်ဘူးလို့လည်း ကျမ မဆိုလိုဘူး။ တချို့နေရာတွေမှာ လိုအပ်ချက်တွေ ရှိသေးတယ်။ ဒီထက်မက ပိုပြီး လူမှန်နေရာမှန်တွေ ဖြစ်ဖို့ လိုအပ်တဲ့အပိုင်းလေး တွေ ရှိတယ်။
နိုင်ငံ ပြုပြင်ပြောင်းလဲရေး ကဏ္ဍမှာ ပညာရှင်တွေ လိုအပ်နေတာ အမှန်ပဲ။ အဲဒီ ပညာရှင်တွေကလည်း သူ့ကဏ္ဍ အလိုက် တည်ဆောက်ရေး ကာလမှာပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး/ကျန်းမာရေး/ ပညာရေး ကဏ္ဍ အသီးသီးမှာပဲ ဖြစ်ဖြစ်၊ Policy making (မူဝါဒရေးရာ)ကဏ္ဍမှာပဲဖြစ်ဖြစ် သူ့ကဏ္ဍမှာ ကျရာတာဝန်ကို ထမ်းဆောင်ပေးသွားမယ်ဆိုရင် ပြုပြင် ပြောင်းလဲတဲ့နေရာမှာ စေတနာမှန်ရင် မြန်မှာပဲလေ။ အဲဒါကို ယုံကြည်တယ်။ စေတနာမှန်မှန်နဲ့ ပြောင်းလဲစေလိုတဲ့ စိတ်ဆန္ဒနဲ့ ပြန်လာပြီး ပြောင်းပေးရင် ပြုပြင်ပြောင်းလဲမှု ကဏ္ဍက ပိုပြီးတော့ မြန်လာမယ်လို့ ယူဆတယ်။ အခက်အခဲ တွေကတော့ ရှိနေဦးမှာပါပဲ။ ရှိနေတဲ့ အခက်အခဲကိုပဲ ဒီပညာရှင်တွေက ဖြေရှင်းပေးနိုင်ဖို့ လိုတယ်။
ပြဿနာ ဖြေရှင်းမှု (Problem solving) ကောင်းရမယ်။ စီမံအုပ်ချုပ်မှု ကောင်းရမယ်။ အဓိက အဲဒါပဲ။ တချို့ပညာရှင်တွေက သူ့ပညာမှာတော့ တဖက်ကမ်းခတ် အရမ်းကျွမ်းကျင်ပေမယ့် management မှာ ကျတော့ အား နည်းသွားတာတွေ ရှိတယ်။ Social မှာ အားနည်းသွားတာတွေ ရှိတယ်။ လက်ရှိ လိုအပ်နေတဲ့ အခြေအနေအရ Management ကို နိုင်တဲ့ပညာရှင်မျိုး၊ ပရော်ဖက်ရှင်နယ်တွေ အကုန်လုံးကို စီမံနိုင်တဲ့ ပရော်ဖက်ရှင်နယ်မျိုး လိုချင် တာ။
ပရော်ဖက်ရှင်နယ်တွေကို တစုတစည်းတည်း ခေါင်းမိုး တခုတည်းအောက်မှာ ဟာမိုနီဖြစ်ဖြစ် integration (ပေါင်းစပ်)၊ coordination(ပူးပေါင်း)ဖြစ်ဖြစ် ပေါင်းစပ် ညှိနှိုင်းပေးနိုင်မယ့် စီမံအုပ်ချုပ်မှု ကျွမ်းကျင်တဲ့ လူမျိုးတွေ အများကြီး လိုအပ်တယ်။ နောက်တခုက ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့ ပညာရှင်မျိုးတွေ လိုအပ်တယ်။ နေရာတိုင်းမှာ အခက် အခဲတွေ၊ ပြဿနာတွေ အများကြီး ရှိတယ်။ ပြောင်းလဲမှုကဏ္ဍတွေမှာ အပြောင်းအလဲ အသစ်တွေကိုပဲ လုပ်ရတာဖြစ် လို့ ကိုယ်ကနေ ဒါ စွန့်ဦးတီထွင်တဲ့ ပုံစံမျိုးပဲ။ ဒါကို ပိုမိုကောင်းမွန်အောင် ဘယ်လိုလုပ်မလဲ။ ကိုယ့်ရဲ့ ပညာရပ်နဲ့ရော problem solving လုပ်နိုင်တဲ့ စွမ်းရည်။ ပြဿနာ တရပ်ကို ဖြေရှင်းနိုင်တဲ့ အရည်အသွေးပေါ်မှာ မူတည်ပြီး ဒီပြောင်း လဲမှု အပေါ်မှာ တအားကြီး ပြောင်းလဲသွားတာ ရှိမယ်။ မသိမသာ ပြောင်းလဲသွားတာ ရှိမယ်။ ဒီလို လူမျိုးတွေအတွက် ကျမက ပရော်ဖက်ရှင်နယ်ထဲမှာမှ Management ကောင်းတဲ့သူ။ Problem solving နိုင်တဲ့ ပရော်ဖက်ရှင်နယ်မျိုး ဖြစ်ရင် ပိုကောင်းတယ်။
ပြန်လာမယ့်သူတွေ အတွက်တော့ အားလုံးကို ကြိုဆိုတယ်။ ဒါပေမယ့် တာဝန် ထမ်းဆောင်မယ့် ၅ နှစ် ယတိပြတ် ဆုံးဖြတ်ပြီးရင် နိုင်ငံတော်ဘက်ကနေ ကိုယ်ဘာရမလဲဆိုတဲ့ဟာ တခုမှ မမျှော်လင့်ပါနဲ့။ နာမည်ကြီးခြင်း/မကြီးခြင်း၊ နာမည် ရခြင်း/မရခြင်း၊ နေရာရခြင်း/မရခြင်းနဲ့ ပြည်သူလူထုဘက်ကနေ ပြန်ရမယ်ဆိုတဲ့ အကျိုးကျေးဇူး ဘာတခုမှ မမျှော်မှန်းဘဲနဲ့ ဒီနိုင်ငံအတွက် ငါ ဘာလုပ်ပေးနိုင်မလဲဆိုတဲ့ စိတ်ဓာတ်မျိုး မွေးနိုင်ရမယ်။
နောက် ၅ နှစ်အတွက် မိသားစုကို လုံးဝ လှည့်ကြည့်ဖို့ အခြေအနေမျိုး ပေးချင်မှ ပေးမယ်။ အဲဒါကြောင့် ကိုယ့်မိသားစု အတွက် လုံလောက်တဲ့ စီးပွားရေး အခြေအနေ တခုကို ဖန်တီးထားပေးရမယ်။ တဝက်မှာမှ ကိုယ့်မိသားစုက စီးပွား ရေး အခြေအနေ မကောင်းလို့ ကိုယ်က တာဝန် ထမ်းဆောင်တဲ့နေရာမှာ ရုတ်တရက်ကြီး ပြောင်းလဲလို့မရတဲ့ အခြေ အနေမျိုးတွေ အများကြီး ရှိတယ်။ အဲဒီအခါကျတော့ မိသားစုအရေးဆိုတာက ဒုတိယပဲဖြစ်သွားပြီး နိုင်ငံ့အရေးဆုတာ ပထမ နေရာမှာ ဖြစ်နေရမယ်။ နောက် ၅ နှစ်စာ အတွက် မိသားစုက တလကို ၁၀ သိန်းသုံး တယ်ဆိုရင် အဲဒီ ၁၀ သိန်းစာ ၅ နှစ်စာ လုံလောက်ပြီဆိုမှ ၅ နှစ်တာ လုပ်ရမှာ ဖြစ်ပါတယ်။
တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်းမှာ ရတဲ့လစာ အနေအထားဆိုတာက လိုအပ်တဲ့နေရာမှာ ပြန်လှူရတာနဲ့ အကုန်ကုန်ပါတယ်။ ဒီနိုင်ငံကနေ ဘာတွေ ပြန်ရမယ်ဆိုတာကို လုံးဝ မမျှော်လင့်ဘဲ ဒီနိုင်ငံကို ဘာတွေ လုပ်ပေးနိုင် မလဲဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ပေးဆပ်ဖို့ သက်သက်အတွက်ပဲ လာရင် ပိုကောင်းမယ်။ ပိုပြီးတော့ ပြင်ဆင်ထားရ မှာပေါ့။ ဒါကတော့ ကျမ အဓိက မှာလိုတာ။ ကျမ မျှော်လင့်ပါတယ်။ လာကူချင်တဲ့သူတွေ အကုန်လုံးကလည်း ဒီနိုင် ငံကို လုပ်ပေးချင်လို့ လာကူညီကြတာလို့ပဲ ယုံကြည်ပါတယ်။ ဒီကြားထဲမှာမှ တချို့သောသူတွေ ပါခဲ့မှာစိုးလို့ပါ။
ဦးအောင်မျိုးမင်း
Equality Myanmar
နောက်တောင် နောက်ကျတယ်လို့ ပြောချင်ပါတယ်။ မြန်မာနိုင်ငံသားဟောင်းတွေက တိုင်းပြည်ကို ပြန်လာပြီး လုပ်ချင် တဲ့သူတွေ အများကြီးပါ။ ဒါပေမယ့် သူတို့ဘက်က ဘာကိုမျှော်လင့်သလဲဆို အစိုးရက ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်ပြီးတော့ လက်ကမ်း ကြိုဆိုတဲ့ဟာမျိုးကို လိုချင်ကြတယ်။ ဂုဏ်သိက္ခာရှိသော ပြန်လာခြင်းမျိုး ဖြစ်စေချင်တယ်။ အခုအချိန်က ဒါမျိုးထုတ်ပြန်ပြီး လုပ်ဆောင်တဲ့အရာက နောက်တောင်ကျတယ်။ အမှန်တော့ ဖြစ်သင့်တာ ကြာလှပါပြီ။
ဒါပေမယ့် အဲဒါကို ပြန်ကြည့်တဲ့အခါ ဘယ်နိုင်ငံမဆို ဆိုတဲ့ပုံစံမျိုး အစိုးရက ထုတ်ပြန်တာ မဟုတ်ဘဲ ဥရောပမှာရှိတဲ့ သံရုံးကပဲ ထုတ်ပြန်တယ်ဆိုတော့ နည်းနည်းလေးများ အာဏာသက်ရောက်မှု လျော့သွားသလား။ အဲဒါလည်း ကျနော် တို့ စိုးရိမ်မိတယ်။ အမှန်တော့ အစိုးရကနေ ထုတ်ပြန်မယ်ဆို ပိုမိုပြီး အလှမ်းလည်းကျယ်မယ်။ တရားဝင်ဖြစ်မှု ပိုပြီး ဆန်မှာပေါ့။
နောက်တခုက ပြန်လာပြီးတော့ အလုပ်လုပ်ဖို့ သူတို့ဘက်က လက်ကမ်းကြိုဆိုတယ် ဆိုတဲ့သဘော။ ဒါက ကောင်းတဲ့ အဆင့်။ ဒါပေမယ့် ဒီလိုမျိုးပြန်လာပြီး အလုပ်လုပ်ချင်တဲ့သူတွေကို ဘယ်လိုမျိုး စီစဉ်ပေးမှာလဲ။ ဥပမာ အလုပ်လုပ်မယ် ဆိုရင် ဒါနဲ့ပတ်သက်လို့ တချို့က နိုင်ငံသားပြန်ဖြစ်ချင်သောသူများ ရှိကောင်းရှိနိုင်တယ်။ နိုင်ငံသားပြန်လျှောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုမျိုး စီစဉ်ပေးမှာလဲ။ လွယ်ကူလျင်မြန်သော နည်းလမ်းတွေ ရှိပြီလား။ ဒါကိုရော ထည့်သွင်းစဉ်းစားပြီးပြီလား။ တော်တော်ခက်ခဲတယ် နိုင်ငံသားပြန်ဖြစ်ဖို့ ကိစ္စက။ တချို့က လျှောက်ထားပေမယ့် အခု ထိ မရသေးတဲ့သူတွေ ရှိတယ်။ အဲဒီလို လျှောက်ထားချင်တဲ့သူတွေကို အဆင်ပြေပြေ လွယ်ကူလျင်မြန်စွာနဲ့ ပြန် ပြီးဖြစ်နိုင်တဲ့ အစီစဉ်မျိုး တခါတည်း စီစဉ်ထားမှ အဆင်ပြေပါလိမ့်မယ်။
(ယခင်) ပြန်လာပြီး လုပ်တဲ့သူတွေကတော့ နိုင်ငံရေးအသိုင်းအဝိုင်းအနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါတာ၊ ကျနော် တို့လိုမျိုး လူ့အခွင့်အရေးကိစ္စ၊ အန်ဂျီအိုဆိုတဲ့ အသိုင်းအဝိုင်းမှာ ပါဝင်တာမျိုး တွေ့ရတယ်။ ဒါပေမယ့် တချို့ အတတ် ပညာရှင်တွေ ပညာရပ်ဆိုင်ရာ အပိုင်းတွေမှာတော့ ပါဝင်တာတွေ သိပ်ပြီးမတွေ့ရဘူး။ အဲဒါဟာ သူတို့အတွက် နေထိုင် ဖို့ အခက်အခဲ ရှိတယ်ဆိုတဲ့ဟာမျိုး ဖြစ်နိုင်တယ်။ သူတို့ရဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ဒီဘက်က လူတွေက ကျင့်သုံးဖို့ အခက်အခဲရှိတဲ့ဟာမျိုး ဒါမှမဟုတ် အစိုးရကိုယ်တိုင်က ကျင့်သုံးဖို့ နည်းလမ်းတွေ မဖန်တီးပေးတဲ့ အနေအ ထားမျိုးကြောင့် ဖြစ်နိုင်တယ်လို့ ထင်တယ်။ ပညာရှင်တွေမှာ နိုင်ငံတကာ အတွေ့အကြုံ အမြင်တွေ ရှိပြီးသား။ ဒါပေ မယ့် ကိုယ့်ရဲ့ပြည်တွင်းမှာရှိတဲ့ အနေအထားကတမျိုး။ နောက်တခါ ဒါနဲ့ ပတ်သက်လို့ အခွင့်အလမ်းက သူတို့မျှော်မှန်း ထားတဲ့ပုံစံမျိုး အရေးယူတန်ဖိုးထားမှုအပိုင်းက အားနည်းနေလို့ရှိရင် သူတို့အနေနဲ့ သိပ်ပြီးကြာကြာမခံဘဲနဲ့ ပြန်သွား တာတွေ တွေ့ရပါတယ်။
ဖိတ်ခေါ်မှုသက်သက် တခုတည်းနဲ့တော့ ရမှာမဟုတ်ဘူး။ ဖိတ်ခေါ်ရုံနဲ့ဆိုရင် တချို့ အိမ်ကိုလွမ်းတဲ့သူတွေ ပြန်လာလိမ့် မယ်။ ဒါပေမယ့် တကယ်တမ်းပြန်ပြီး တိုင်းပြည်အတွက် အကျိုးပြုမယ်ဆိုရင် သူ့ရဲ့တန်ဖိုးတွေကို လေးစား တန်ဖိုးထား လက်ကမ်းကြိုဆိုသော အနေအထားမျိုး မရှိရင် ဘယ်သူမှ ကြာကြာခံနိုင်မှာ မဟုတ်ဘူး။ ဒီလူတွေကို တန်ဖိုးထား မှုပေါ့။ တခါတလေကျ အပြင်ကပြန်လာတဲ့သူနဲ့ အတွင်းက စနစ်ကို မပြောင်းချင်တဲ့သူတွေ ကြားထဲမှာ အမြဲတမ်း ပဋိ ပက္ခဖြစ်တယ်။ အပြင်ကလူက ပြောင်းချင်တယ်။ ဗဟုသုတလည်း ရှိတယ်။ ဒါပေမယ့် အတွင်းက လူက မပြောင်းချင် ဘူး။ ဒီလိုမျိုး ပြောင်းလဲဖို့ လုပ်ဆောင်မယ့်သူတွေ မတူညီတဲ့ အယူအဆရှိတဲ့ သူတွေကို အခွင့်အလမ်းပိတ်တာ။ နေရာ မပေးတာမျိုး ဖြစ်လာတဲ့အခါ နောက်ဆုံးကျရင် ပြန်လာတဲ့သူ တော်တော်များများက နောက်ပြန်ဆုတ်သွားတာမျိုး ဖြစ် တတ်ပါတယ်။
ပြန်လာတဲ့သူတွေဘက်ကလည်း သတိထားဖို့ လိုအပ်တာက ကျနော်တို့ တိုင်းပြည်က အရာရာပြီးပြည့်စုံလို့ ပြန်လာပြီး စည်းစိမ်ခံပါလို့ ပြောလို့ရတဲ့ အနေအထားမျိုး မဟုတ်ဘူး။ အခက်အခဲ အများကြီးရှိတယ်။ အခက်အခဲတွေ ကြုံနိုင် တယ်။ ဒါမျိုးကိုလည်း ဖြတ်သန်းမယ်ဆိုတဲ့စိတ်ထားမျိုးတော့ ပြန်လာတဲ့သူတွေဘက်က ထားရှိဖို့လည်း လိုပါလိမ့်မယ်။
နိုင်ငံရေးကြောင့် ထွက်သွားတဲ့သူတွေက တခြားနိုင်ငံမှာ ကျောင်းတက်နိုင်တဲ့သူ နည်းပါတယ်။ လက်တဆုပ် စာလောက်ပဲ ရှိမယ်။ တော်တော်များများက ဒုက္ခသည်ဘဝနဲ့သွားမယ်။ ပြီးရင် ရရာအလုပ်လုပ်ပြီး သူ့ဘဝ မိသားစုဘဝ အဆင်ပြေအောင် ငွေကြေးအရ အဆင်ပြေလိမ့်မယ်။ ဒါပေမယ့် အတတ်ပညာပိုင်း ပညာရှင်ပိုင်းမှာ အားနည်းတာရှိ မယ်။ သူတို့မှာ အတွေ့အကြုံတွေ ရှိမယ်။ အဲဒီလိုလူတွေရော ပြန်မခေါ်တော့ဘူးလား။ နိုင်ငံတကာ ဘွဲ့ရမှ ဂုဏ်ထူး ရာ ထူး တခုခုရှိတဲ့သူမှ ရွေးခေါ်မယ်ဆိုရင်တော့ အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်က ထွက်သွားရတဲ့သူတွေ ပြန်လာ ဖို့အတွက် ခက်ခဲပါလိမ့်မယ်။
ဦးအောင်ကျော်
(ဥက္ကဋ္ဌ – မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်)
ကျနော့်ရဲ့ လူပုဂ္ဂိုလ်တဦးတည်း ဆန္ဒအရ ပြောရရင် ပြည်ပနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အမိမြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ မိမိရဲ့ဆန္ဒအလျောက် ကူညီပံ့ပိုးချင်တဲ့ အသိပညာရှင် အတတ်ပညာရှင်တွေကို လက်ကမ်းကြို ဆိုလိုက်တာဟာ ကောင်းမွန်တဲ့ လက္ခဏာလို့ ယုံကြည်တယ်။ ကျနော် ထောက်ပြချင်တာက ၁၉၈၈ နောက်ပိုင်း မှာ ပြည်ပနိုင်ငံကို ကျနော့်လို့ ကျနော်ကတော့ ထိုင်းမှာရောက်နေတဲ့ general worker (အထွေထွေလုပ်သား) ဖြစ်လို့ ပညာရှင်အဆင့်အနေနဲ့ ရောက်လာတာ မဟုတ်ဘူး။ ထိုင်းနိုင်ငံကို ရောက်လာတဲ့ အလုပ်သမားအများစုဟာ အခြေ ခံအောက်ခြေလုပ်ငန်းကို လုပ်ဖို့ သာမန်ပြည်သူတွေထဲကနေ ရောက်လာခဲ့ကြတာ။ အမေရိကား ဂျပန် ဗြိတိန် နော်ဝေ အစရှိတဲ့ နိုင်ငံတွေမှာ ရောက်နေတဲ့ ကျနော်တို့ နိုင်ငံက အင်မတန်မှ ပညာတတ်တဲ့ ပုဂ္ဂိုလ်တွေ ရှိနေတယ်ဆိုတာ ကျနော် ရဲရဲကြီးကြီးပြောရဲတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ပကို ရောက်သွားတိုင်း အဓိက ဂမ်ဘီယာကိစ္စမှာ ပြည်ပမှာရောက်နေတဲ့ ကျနော်တို့နိုင်ငံသား အသိပညာရှင် အတတ်ပညာရှင်တွေ အများကြီးဝန်းရံလာတာကို တွေ့လိုက်ရတဲ့အတွက်ကြောင့် အဲဒီ ပညာရှင်တွေကသာ ကျနော်တို့နိုင်ငံကို မိမိ ဆန္ဒအလျောက် ကူညီပံ့ပိုးမယ်ဆို ကျနော်တို့ တိုင်းပြည်က အချိန်နဲ့ တပြေးညီ တဖြည်းဖြည်း တိုးတက်လာမယ်လို့ ယူဆပါတယ်။
အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်း ၆၀/၇၀ လောက် ကျနော်တို့က ဖြတ်သန်းလာခဲ့တယ်။ လက်ရှိလည်း ကမ္ဘာ့နိုင်ငံ အသီးသီးကို ဒီမိုကရေစီနိုင်ငံပါလို့ ပြောဆိုနေပေမယ့် ဒီမိုကရေစီ အပြည့်အဝ မရသေးပါဘူး။ အားလုံး သိကြတဲ့အ တိုင်း အခုအချိန်ထိ တပ်မတော်ရဲ့ စွက်ဖက်မှုတွေ၊ ပြည်ထဲရေးတို့ ကျနော်တို့ လက်အောက်မှာ မရောက်ရှိသေးတဲ့ ဌာနတွေ။ အရေးကြီးဌာနတွေအားလုံး အာဏာတွေ တဝက်ခွဲပေးထားရတဲ့အတွက် နိုင်ငံတကာမှာ ရောက်နေတဲ့ ကျနော်တို့ အသိပညာရှင် အတတ်ပညာရှင်တွေ ပြည်တွင်း ပြန်ဝင်လာဖို့ဆိုတာ အခက်အခဲတွေ ရှိနေတုန်းပဲ။ အဲဒီ ပုဂ္ဂိုလ်တွေ အုပ်စုက လှိုက်လှိုက်လှဲလှဲ မကြိုဆိုဘူးဆိုတာ သိထားတယ်။ ဒီလူတွေ ပြည်ပနိုင်ငံ ရောက်သွားရတဲ့ အကြောင်းကလည်း ကျနော်ကိုယ်တိုင် အပါအဝင် ၁၉၈၈ မှာ ဒီမိုကရေစီရေး လှုပ်ရှားမှုမှာ ပါခဲ့တဲ့အတွက်ကြောင့် ဖြစ် တယ်။ ဒီလူတွေ ကိုယ့်တိုင်းပြည်ကို မချစ်လို့ ထွက်သွားတာ မဟုတ်ဘူး။ သူတို့တွေ ထွက်သွားရတာ ပြည်တွင်းမှာ နေ လို့ကို မရတော့လို့။ သူတို့တွေ တိုးတက်တဲ့နိုင်ငံကြီးတွေမှာ နေကြတယ်။ ပညာတွေ တအားတတ်သွားတယ်။ သူတို့ရဲ့ အတွေ့ အကြုံတွေနဲ့ ပြန်လာမယ်ဆို အဲဒီအာဏာရှင်အုပ်စုက မလိုလားဘူး။ အဲဒီအတွက် စိန်ခေါ်မှုတွေ ရှိတယ်။
နောက်တခုက တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ အခြေခံလိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ပိုင်းဆိုင်ရာ စသဖြင့် အပိုင်းတွေမှာတော့ ကျနော်တို့နိုင်ငံမှာ အခုအချိန်ထိ မပြည့်စုံသေးဘူးဆိုတော့ ဒါအတွက်လည်း စိန်ခေါ် မှုတွေ ရှိနိုင်တယ်။ ဒါကိုတော့ ပြည်ပမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားဟောင်း ပညာရှင်တွေနဲ့ ပြည်တွင်းမှာ ဆောင် ရွက်နေတဲ့သူတွေ အစိုးရအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားမယ်ဆိုရင် ဒါ လုပ်ဆောင်သွားနိုင်မယ့် အနေအထားလို့ ယူဆပါတယ်။
အခုလို ကြေညာချက် တရားဝင်ထုတ်ပြီး ခေါ်လိုက်တဲ့ဟာ ကျနော် ကြိုဆိုပါတယ်။ ပြန်လာချင်တဲ့ ပုဂ္ဂိုလ်တွေ အများ ကြီးရှိတာကိုလည်း မြင်နေရပါတယ်။ အမြဲတမ်း နေထိုင်မှု ရသည်ဖြစ်စေ မရသည်ဖြစ်စေ ဖိတ်ခေါ်ချက်ထဲမှာလည်း တတ်နိုင်သလောက် ပါဝင်ပူးပေါင်းဖို့ ပြောထားတဲ့အတွက်ကြောင့် ရေတိုပဲဖြစ်စေ ရေရှည်ပဲဖြစ်စေ ပြန်လာမယ့် ပုဂ္ဂိုလ် တွေကိုလည်း ကျေးဇူးတင်ပါတယ်။ ပြန်လာနိုင်အောင် ကြိုးစားပါ။ ပြည်တွင်းမှာရှိတဲ့ မျိုးဆက်သစ် အင်အားတွေ ရယ်၊ တိုင်းပြည်ကို ဖက်ဒရယ်ဆန်ဆန် အုပ်ချုပ်မယ့် အစိုးရရယ်၊ ပြည်ပမှာရောက်နေတဲ့ ပညာရှင်တွေရယ် ပူးပေါင်းလိုက်ရင် ကျနော်တို့ နိုင်ငံတိုးတက်မှာ ဖြစ်တဲ့အတွက် ကြိုဆိုပါတယ်။
You may also like these stories:
အစိုးရက လက်ကမ်းလို့ ပြန်လာတဲ့အခါ
ပြည်ပရောက်မြန်မာနိုင်ငံသားတွေကို ဥပဒေပြုပြီး ဖိတ်ခေါ်ပါ