အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) အစည်းအဝေးကို ဇန်နဝါရီလ ၁၇ ရက်မှ ၁၈ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေးသည် တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့် ကာလနှင့်လည်း တိုက် ဆိုင်နေသည်။
ယင်းအစည်းအဝေးအပြီး အဖွဲ့၏ ယာယီအဖွဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က တရုတ် သမ္မတခရီးစဉ်ကို ကြို ဆိုကြောင်း ပြောကြားခဲ့ပြီး PPST အစည်းအဝေးတွင် လက်ရှိ ငြိမ်းချမ်းရေး အခင်းအကျင်းကို ဆွေးနွေးနိုင်ခဲ့ခြင်းသည် ရှေ့ လုပ်ငန်းစဉ်အတွက် ကြီးစွာ အထောက်အကူ ဖြစ်စေသည်ဟု ဆိုခဲ့သည်။
ထို့ပြင် အစည်းအဝေးတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆွေးနွေးပွဲများအတွက် လမ်းညွှန်ချက်၊ မူဝါဒများ တိတိကျကျ ချမှတ် နိုင်ခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။
အစည်းဝေးတွင် မည်သည့် လမ်းညွှန်ချက်နှင့် မူဝါဒများ ချမှတ်နိုင်ခဲ့သည်ကို သိရှိနိုင်ရန် PPST အဖွဲ့ဝင် ဖြစ်သော ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) ၏ ဦးဆောင် နာယက ဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာထံ ဧရာဝတီ သတင်းထောက် ဇင်လင်းထက် က ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ချင်းမိုင်မှာ လုပ်တဲ့ PPST အစည်းအဝေးနဲ့ ပတ်သက်ပြီး ဘာတွေ ဆွေးနွေးခဲ့တယ်။ ဘယ်လို သဘောတူညီမှုတွေ ရခဲ့တယ် ဆိုတာ သိရမလား။ ဥပမာ တပ်အချင်းအချင်း တွေ့တဲ့ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးပွဲတွေ နှစ်ဖက် ညှိနှိုင်းတဲ့အဖွဲ့ တွေ တွေ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ ဆွေးနွေးပွဲတွေအတွက် ဒီအစည်းအဝေးကနေ လမ်းညွှန်ချက်၊ မူဝါဒတွေ ချမှတ်နိုင်တယ် ဆိုတာ ပြောတော့။ အဲဒါတွေက ဘာတွေလဲ။
ဖြေ။ ။ တပ်တပ်ချင်းကတော့ တရားဝင် နိုင်ငံရေး ဆွေးနွေးပွဲ Body ကလည်း တရားဝင် ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့် ရေး အစည်းအဝေးကလည်း မခေါ်နိုင်တော့ PPST အနေနဲ့ တပ်များတဲ့သူတွေက တပ်နည်းတဲ့သူတွေထက် အရင် တဖွဲ့ ချင်းတွေ့ကြဖို့ အဲဒါပြောတာ။ ၂၂ ရက်မှာ မွန်ပြည်သစ်ပါတီက တွေ့ဖို့ ရှိမယ်။ ၂၅ မှာ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နဲ့ တပ်နဲ့ တွေ့မယ်။ ၂၆ မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ တပ်နဲ့ တွေ့မယ်။
အဲဒီလို တွေ့ပြီးတာနဲ့ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖေါ်ဆောင်မှု ဆိုင် ရာ ညှိနှိုင်း အစည်းအဝေး (JICM) ကို တရားဝင် ပြန်လည် ခေါ်ယူနိုင်ဖို့ အဲဒီလိုတွေ သွားကြမှာပေါ့။ ဒီတိုင်းခေါ်ကြပြန် တော့လည်း JMC မှာ အားနည်းချက် ဘာရှိတယ်၊ ညာရှိတယ်၊ ပြောထားကြတာဆိုတော့ ကြိုညှိပြီးတော့ JMC ခေါ်တဲ့ အချိန်မှာ ဆွေးနွေးတဲ့ ကိစ္စတွေ၊ Code of Conduct တို့ ဘာတို့လည်း ပြင်ဆင်စရာ ရှိတာတွေကို ကြိုညှိတဲ့ သဘောပါ။ JMC တော့ ခေါ် ဖြစ်မှရမယ် ဆိုတာလည်း အားလုံး လက်ခံထားပါတယ်။
မေး ။ ။ ဖက်ဒရယ် တည်ဆောက်ရေး လုပ်ငန်းစဉ် အဆင့်သုံးဆင့် ကိုလည်း သဘောတူနိုင်ခဲ့တယ် ဆိုတော့ ဖက်ဒရယ် တည်ဆောက်ရေး လုပ်ငန်းစဉ် သုံးဆင့်က ဘာတွေလဲ။ နည်းနည်း ရှင်းပြပေးပါခင်ဗျ။
ဖြေ ။ ။ အဲဒါကတော့ ကျနော်တို့ ၂၁ ရာစုပင်လုံ အခု တပတ် အစည်းအဝေး ခေါ်ရင် ရေရှည်ပေါ့။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ Commitment (ကတိကဝတ်) ကို ထပ်ပြီး ခိုင်မာအောင် လုပ်ဖို့ပေါ့ဗျာ။ အထူးသဖြင့် ရွေးကောက်ပွဲ မတိုင်ခင်မှာ ဘယ်အဆင့်တွေကို လုပ်မယ်။ ရွေးကောက်ပွဲ လွန်သွားရင် ဘယ်အဆင့်တွေ လုပ်မယ်။ အဲဒါကို အခုကတည်းက သဘောတူ ချက်ယူထားဖို့ပါ။ ရွေးကောက်ပွဲပြီးလို့ နောက်အစိုးရက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ဆက်ပြီးတော့ အကောင် အထည် မဖော်မှာကို စိုးရိမ်နေတယ်ပေါ့။
မေး ။ ။ အစည်းအဝေးမှာ ပြည်ထောင်စု သဘောတူစာချုပ် အပိုင်း ၃ မှာပါတဲ့ အကြောင်းအရာတွေကိုလည်း ညှိနှိုင်းနိုင်ခဲ့ တယ်ဆိုတော့ အဲဒါကရော ဘာတွေများ ညှိခဲ့တာလဲဗျ။
ဖြေ ။ ။ အဲဒါကတော့ မပါသေးပါဘူး။ အပိုင်း ၂ ပဲ အခုက ရသေးတာလေ။ အပိုင်း ၃ က မရှိသေးပါဘူး။ အပိုင်း ၃ မှာ ပါနိုင် ခြေရှိတဲ့ ဥပမာ- အစိုးရဘက်က အချက် ခြောက်ဆယ်လောက် လုပ်ထားတယ်။ ကျနော်တို့ဘက်ကလည်း ၂၀ ကျော်၊ ၃၀ လောက် လုပ်ထားတယ်။ အဲဒီ ၃၀ လောက်က နှစ်ဖက် သဘောတူမှ ထည့်လို့ ရတာကိုး။ သူ့ဘက် ကိုယ့်ဘက်တော့ ပြင် ထားတာပေါ့။
ဒါပေမယ့် တွေ့ဆုံလိုက်ရင်တော့ အပိုင်း ၃ မှာ ပါရမယ့် အချက်တွေက Single Text ဖြစ်သွားတာပေါ့။ အခုကတော့ တရား ဝင် မဆုံရသေးတော့ သူပြင်ထားတဲ့ အချက်၊ ကိုယ်ပြင်ထားတဲ့အချက် ဘယ်နေရာမှာ တူတယ်။ ဘယ်နေရာမှာ ကွဲလွဲမှုရှိ တယ် ဆိုတာကို ညှိရဦးမှာကိုး။ အဲဒါကို ပြောတာပါ။
မေး။ ။ နောက်တခုက ကဏ္ဍကြီး ငါးရပ်ဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး ၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝ ပတ်ဝန်း ကျင်ဆိုင်ရာ လုပ်ငန်းတွေကိုလည်း PPST အစည်းအဝေးမှာ ချမှတ်ခဲ့တာက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အားသစ်လောင်း ပေးလိုက်တာပဲ ဖြစ်တယ် ဆိုတော့ အဲဒါတွေက ဘာတွေလဲ။ ဘယ်လိုဟာမျိုးတွေကို ချမှတ်ခဲ့တာလဲ။
ဖြေ ။ ။ အဲဒါကတော့ အခြား မဟုတ်ပါဘူး။ အခု လွှတ်တော်ကနေပြီးတော့ အခါအားလျော်စွာ ပြဋ္ဌာန်းပေးနေတဲ့ ဥပဒေ တွေပေါ့။ မြေယာဥပဒေ အပါအဝင် ဒီဥပဒေတွေက NCA စာချုပ်နဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ ပြည်ထောင်စု စာချုပ် အစိတ် အပိုင်း ၁ ၊ အစိတ်အပိုင်း ၂ မှာ သဘောတူပြီးသားတွေနဲ့လည်း ဆန့်ကျင် ကွဲလွဲမှု မရှိဖို့ အဲဒီလို သတိပေးတာပါ။
လွှတ်တော်က ဥပဒေတမျိုး ပြဋ္ဌာန်းတယ်။ ကျနော်တို့က သဘောတူညီချက် တခုနဲ့ သွားနေတယ်။ ဒါ ပြန်ညှိဖို့ ခက်ခဲမှာ စိုးလို့ အခုကတည်းက ကြိုပြီးတော့ လွှတ်တော်က ဥပဒေကြမ်းတွေ ပြုစုမယ်။ ပြဋ္ဌာန်းမယ်ဆိုရင် ညှိညှိနှိုင်းနှိုင်း လုပ်ပါဆိုတဲ့ သဘောမျိုး။ ဒါက အစိုးရဘက်ကလည်း သဘောတူပါတယ်။ အဲဒါပါ။ မဟုတ်ရင် မြေယာဥပဒေက လွှတ်တော်က ပြဋ္ဌာန်း လိုက်ပြီ ဆိုရင်လည်း ပြင်ရခက်တယ်။ ပြီးရင် အားလုံး ကျနော်တို့ ဒေသတွေမှာလည်း လာရိုက်ခတ်တယ်လေ။
မေး။ ။ ခြုံပြောရရင် ဆွေးနွေးပွဲက အားရဖို့ ကောင်းလား။ ငြိမ်းချမ်းရေး အလားအလာကောင်းဖို့ မျှော်လင့်လို့ ရနိုင်လား။
ဖြေ။ ။ ဒါကတော့ နှစ်သစ်ကူးမှာ ရခဲ့တဲ့ JICM သဘောတူညီချက် ၈ ချက်ကို Technique ပေါ့။ ရှေ့တန်းမှာ အလုပ် လုပ် နိုင်အောင် ထပ်ပြီးတော့ ထပ်လောင်း တွန်းအားပေးတဲ့ဟာပေါ့။ လမ်းမချော်သွားအောင် အချိန်မနှောင်းခင် နောက်မကျ အောင် ဒီအစည်းအဝေးကနေ ထပ်ပြီး ဖိအားပေးတဲ့ သဘောပဲ။
You may also like these stories:
အစိုးရနှင့် KNU ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပနိုင်ရေး တွေ့ဆုံ ဆွေးနွေးမည်
တပ်မတော် အပစ်ရပ် သက်တမ်းတိုးဖို့ မသေချာတော့
ငြိမ်းချမ်းရေး မျှော်လင့်ချက်ရှိ၍ အပစ်ရပ် ၂ လ တိုးဟု တပ်မတော် ပြော