ပြီးခဲ့သည့်အပတ်က တရုတ်သမ္မတ ရှီကျင့်ဖျင် နေပြည်တော်သို့ ၂ ရက်ကြာ လာရောက်ခဲ့သည်။ သူ၏ခရီးစဉ်အတွင်း မြန်မာနှင့် တရုတ်နိုင်ငံကြား နားလည်မှုစာချွန်လွှာများ၊ သဘောတူညီချက်များနှင့် စာလွှာများ စုစုပေါင်း ၃၃ ခု လက်မှတ်ရေးထိုးခဲ့သည်။ အိန္ဒိယသမုဒ္ဒရာတွင် တရုတ်နိုင်ငံ၏တည်ရှိမှုကို မြှင့်တင်ပေးမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် (SEZ) ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် သဘောတူညီချက် ၂ ခု အပါအဝင်ဖြစ်သည်။
အဆိုပါ သဘောတူညီချက်များထဲမှ အများစုက တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးမားသော ခေတ်သစ် ပိုးလမ်းမ စီမံကိန်း (BRI) နှင့် ဆက်စပ်နေသည်။ ၎င်းတို့ထဲတွင် အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အကြီးစားစီမံကိန်းများ၊ ရထားလမ်း၊ စက်မှုနှင့် စွမ်းအင် စီမံကိန်းများ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးကို တောင်းဆိုထားသည်။
ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ အကြီးတန်းသတင်းထောက် နန်းလွင်က မြန်မာနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ စီးပွားရေးဆိုင်ရာ အထူးအကြံပေးနှင့် Myanmar Development Institute (MDI) ၏ သုတေသနဒါရိုက်တာ ဒေါက်တာ ရှောင်တာနဲလ် Sean Turnell နှင့် တွေ့ဆုံ၍ ရှီကျင့်ဖျင် ခရီးစဉ်အပေါ် သူ၏အမြင်များ၊ အထူးသဖြင့် ၂ နိုင်ငံ၏ အနာဂတ်ဆက်ဆံရေးကို မည်သို့ပုံဖော်မည်၊ တရုတ်ရင်းနှီးမြှုပ်နှံမှုအပေါ် မြန်မာအစိုးရ၏ သတိထားချဉ်းကပ်မှု၊ တရုတ်စီမံကိန်းများနှင့် ပတ်သက်၍ နေပြည်တော်၏ ဗျူဟာမြောက်အမြင်နှင့် အငြင်းပွားဖွယ်ရာ မြစ်ဆုံဆည်စီမံကိန်းနှင့် ပတ်သက်သော ဆုံးဖြတ်ချက်အသစ်တခု အပေါ် တွင် မြန်မာနှင့် တရုတ်တို့ သဘောတူညီမှု ရှိ မရှိ တို့ကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။
မေး။ ။ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ မြန်မာနှင့်တရုတ်နိုင်ငံတို့က သဘောတူညီချက် ၃၃ ခု လက်မှတ်ထိုးခဲ့ကြပါတယ်။ ဒီ သဘောတူညီချက်တွေက အနာဂတ် တရုတ် – မြန်မာ ဆက်ဆံရေးကို ဘယ်လို ပုံဖော် ပေးမှာလဲ။
ဖြေ။ ။ ဒီ သဘောတူညီချက်တွေက အရေးပါတဲ့ နေရာတွေမှာ ရှိနေပြီး တချို့က အလားအလာရှိတဲ့ အခြေခံ အဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကြီးတွေ ပါဝင်နေပါတယ်။ အနာဂတ်ဆက်ဆံရေးကို အဲဒါတွေက ဘယ်လို ပုံဖော်မလဲ ဆိုတာကတော့ အမှန်တကယ် ဘယ်လို အကောင်အထည်ဖော်မလဲ ဆိုတဲ့ အပေါ်မှာ မူတည်နေပါတယ်။ အကောင်အထည်ဖော်မှု မကောင်းဘူး ဆိုရင်တော့ အဲဒါတွေက မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးကို နည်းလမ်းမျိုးစုံနဲ့ ထိခိုက်စေလိမ့်မယ်ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ အကြွေးဝန်ထုပ်ဝန်ပိုး မြင့်မားလာတာမျိုးတွေပေါ့။ ထုံးစံအတိုင်း အကောင်းအဆိုးဆိုတာကတော့ အဲဒါတွေကို ဘယ်လို အကောင်အထည်ဖော်မှာလဲ၊ လက်တွေ့မှာ ဘယ်လို ဖြစ်ပျက်နေသလဲ ဆိုတဲ့ အသေးစိတ်ပေါ်မှာ တည်ပါလိမ့်မယ်။
မေး။ ။ ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်ကနေ တရုတ်နိုင်ငံက ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခဲ့ပါသလဲ။ ပြီးတော့ မြန်မာနိုင်ငံကရော ဘယ်လိုအကျိုးကျေးဇူးတွေ ရရှိခဲ့ပါသလဲ။
ဖြေ။ ။ တရုတ်အတွက်ကတော့ ဈေးကွက်တခု၊ အရေးပါတဲ့ သဘာဝအရင်းအမြစ်တွေ ရှိတဲ့ အရင်းအမြစ်တခုနဲ့ မဟာဗျူဟာအရ အရေးပါတဲ့ နယ်မြေတခုအနေနဲ့ အများအပြား ကမ်းလှမ်းနိုင်တဲ့ နိုင်ငံနဲ့ သူတို့အကြား သန်စွမ်းတဲ့ ဆက်ဆံရေးလို့ သူတို့မြင်တဲ့အပေါ် ပိုမိုခိုင်မာအောင် လုပ်နိုင်တယ်လို့ မြင်မယ်။
မြန်မာနိုင်ငံအတွက် ရရှိတဲ့ အကျိုးအမြတ်ကတော့ မြန်မာနိုင်ငံမှာ ရွေးချယ်စရာတွေ ရှိတယ်၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အားကောင်းတဲ့ မိတ်ဖက်ရှိတယ်ဆိုတာကို ပြသနိုင်ခြင်း ဖြစ်ဖွယ်ရာ ရှိပါတယ်။ ဟုတ်ပါတယ်။ ဆွေးနွေး ညှိနှိုင်းမှုတွေရဲ့ ရလဒ်တွေ အရနဲ့ အခြေခံ အဆောက်အဦး စီမံကိန်း အားလုံးက အစိုးရရဲ့ “ စီမံကိန်းဘဏ်” ယန္တရားအောက်မှာ အသုံးချနေတဲ့ ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ လူမှုရေး ဆိုင်ရာ စံနှုန်းတွေနဲ့ ကိုက်ညီရမယ် ဆိုတဲ့ ယုံကြည်ချက်အပေါ်မှာ ခိုင်မာစွာ ရပ်တည်နိုင်မှု အရ ဒီခရီးစဉ်က မြန်မာနိုင်ငံဟာ လျှော့တွက်လို့ရတဲ့ နိုင်ငံတခု မဟုတ်တော့ဘူး ဆိုတဲ့ နောက်ထပ် အသုံးဝင်တဲ့ သတိပေးချက်တခု ဖြစ်ပါတယ်။
မေး။ ။ နားလည်မှုစာချွန်လွှာတွေ နဲ့ သဘောတူညီချက်တွေကို သေသေချာချာ ကြည့်မယ် ဆိုရင် ရှီကျင့်ဖျင်ရဲ့ ဒီခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ထဲမှာ ကျောက်ဖြူ အထူး စီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ ၂ ခုကပဲ BRI စီမံကိန်း နဲ့ ဆက်စပ် နေပါတယ်။ ရန်ကုန်မြို့သစ်၊ မူဆယ် – မန္တလေးရထားလမ်း၊ ရွှေလီ – မူဆယ် နယ်စပ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု ဇုန်တွေ၊ စွမ်းအင်စီမံကိန်းတွေလိုမျိုး ကျန်တဲ့ အဓိကကျောရိုး စီမံကိန်းတွေက တရားဝင် အတည်မပြုရသေးတဲ့ အဆင့်မှာပဲ ရှိနေပါတယ်။ အဲဒါကြောင့် မြန်မာအစိုးရဟာ တရုတ်ရင်းနှီးမြှုပ်နှံမှုကို သတိကြီးစွာနဲ့ ချဉ်းကပ်နေတယ်လို့ အဓိပ္ပါယ်သက်ရောက်ပါသလား။
ဖြေ။ ။ ဟုတ်ပါတယ်၊ ကြီးမားတဲ့ဘဏ္ဍာရေး၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေး၊ လူ့အခွင့်အရေးနဲ့ အခြား ရှုပ်ထွေးမှုတွေ ရှိနေတဲ့ ဘယ်လို အကြီးစား အခြေခံအဆောက်အဦး စီမံကိန်းတွေအတွက်မဆို အဲဒီအတိုင်း ဖြစ်သင့်ပါတယ်။ အစောပိုင်းမှာ ပြောခဲ့တဲ့ အတိုင်းပါပဲ။ အဲဒီလို စီမံကိန်းတွေအတွက် တင်းကြပ်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။ အဲဒါကြောင့် ဖြစ်သင့်တဲ့အတိုင်း ဖြစ်သွားဖို့ပဲ သက်သက်မဟုတ်ပါဘူး။ စနစ်တကျ စဉ်းစား သုံးသပ်ထားတာ ဖြစ်ပါတယ်။ ခင်ဗျား ရည်ညွှန်းခဲ့တဲ့ အဲဒီလိုမျိုး တကယ့်အဓိက အစီအစဉ်တွေက သူတို့ကို အတည်မပြုသေးခင် သေသေချာချာ ဆန်းစစ် အကဲဖြတ်ခဲ့ပါတယ်။
ကျနော်တို့ သိထားပြီး ဖြစ်တဲ့အတိုင်း အရင် မြန်မာအစိုးရတွေက တိုင်းပြည်အတွက် ကြီးမားပြီး ကြာရှည်မယ့် ကုန်ကျစရိတ်တွေကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲ သဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မကြာခင်မှာ အသေးစိတ်ဆွေးနွေးတော့မယ်လို့ ကျနော် သိထားတဲ့ မြစ်ဆုံက အဲဒီလို ကိစ္စမျိုးတွေရဲ့ ဥပမာ တခုပါပဲ။ ဒီတကြိမ်မှာတော့ မြန်မာနိုင်ငံမှာ အကြီးစားရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ရေး ဆုံးဖြတ်တဲ့ နေရာမှာ အမျိုးသားအကျိုးစီးပွားကို အဓိက စဉ်းစားဖို့ အချိန် အများကြီး ယူခဲ့ရပါတယ်။
မေး။ ။ ကျောက်ဖြူအကြောင်းပြောရမယ်ဆိုရင် မြန်မာအစိုးရက “အကြွေးထောင်ချောက်” ကို အောင်မြင်စွာ ရှောင်ရှားပြီး ရှယ်ယာပိုင်ဆိုင်မှု အချိုးအစားကို ပြန်လည်ညှိနှိုင်းခဲ့ပါတယ်။ အဓိက စိုးရိမ်ပူပန်စရာတွေကို ဖြေရှင်းပြီးပြီ။ ဒါပေမယ့် ဒီစီမံကိန်းကို နောက်ဆုံးမှာ တရုတ်စစ်တပ်အတွက် အသုံးချနိုင်သွားမှာကို စိုးရိမ်မှုက ရှိနေပါသေးတယ်။ မြန်မာနိုင်ငံက အဲဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်ဖို့လိုတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ပထဝီနိုင်ငံရေးအရဆိုရင် မြန်မာဟာ တကယ့်ကို ပိုအရေးကြီးတဲ့နေရာမှာ တည်ရှိနေနိုင်ပါတယ်။ ကျောက်ဖြူက တရုတ်အပါအဝင် နိုင်ငံများစွာအတွက် မဟာဗျူဟာအရ အရေးပါတဲ့ ပင်လယ်လမ်းကြောင်းတွေကို ဝင်ရောက်ခွင့်ရှိနေတာက ထင်ရှားနေတဲ့အတွက် မြန်မာနိုင်ငံက စိုးရိမ်နိုင်ပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ အဲဒီတခုလိုပဲ ဗျူဟာမြောက် အရေးပါတဲ့ စီမံကိန်းတွေတိုင်းရဲ့ လုံခြုံရေးနဲ့ စစ်ရေးရှုထောင့်တွေကို အမှန်တကယ် ထည့်သွင်းစဉ်းစားသင့်ပါတယ်။ အဲဒီလိုလုပ်တယ်ဆိုတာလည်း သေချာပါတယ်။
မေး။ ။ တရုတ်နိုင်ငံက မြန်မာစီမံကိန်းတွေအတွက် မဟာဗျူဟာကျကျ စီစဉ်ပါတယ်။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ရဖို့ မြန်မာနိုင်ငံနိုင်ငံက တရုတ်ရဲ့ မဟာဗျူဟာအမြင်နဲ့ သွား ကိုက်ညီပါတယ်။ တရုတ်စီမံကိန်းတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရမှာရော ရှင်းလင်းတဲ့ မဟာဗျူဟာအမြင်တခု ရှိပါသလား။
ဖြေ။ ။ ကျနော်က စီးပွားရေးပညာရှင်တဦး ဖြစ်ပါတယ်။ အဲဒါကြောင့် ကျနော့်ရဲ့ ဟောကိန်းတွေက စီးပွားရေးမျက်နှာစာကပဲ ဖြစ်သင့်ပါတယ်။ ကြိုတင်သတိပြုရမယ့် အချက်က မဟာဗျူဟာအပါအဝင် မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အကျယ်ပြန့်ဆုံး ထည့်သွင်းစဉ်းစားရမယ့် အခြေအနေမှာ တရုတ်စီမံကိန်းတွေကို စီမံကိန်းဘဏ်နဲ့ တခြား အခြားလုပ်ထုံးလုပ်နည်းတွေက တဆင့်ချဉ်းကပ်နိုင်ပါတယ်။
မေး။ ။ တရုတ်နိုင်ငံက မြန်မာနိုင်ငံကနေ သူတို့လိုချင်တဲ့ အရာနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတဲ့ အမြင်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ မြန်မာနိုင်ငံကရော တရုတ်ဆီကနေ သူတို့ ဘာလိုချင်သလဲဆိုတာ ရှင်းလင်းတဲ့အမြင် ရှိပါသလား။
ဖြေ။ ။ တိုင်းပြည်ရဲ့ စီးပွားရေးအကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ရယ်၊ အဲဒါတွေက တရုတ်နဲ့ ဆက်ဆံရေးမှာ ဘယ်လိုရောင်ပြန်ဟပ်မလဲဆိုတာနဲ့ ပတ်သက်လို့ရယ် မြန်မာရဲ့ ဘောဂဗေဒဆိုင်ရာတွေကို ကိုင်တွယ်ရတဲ့ အဖွဲ့မှာ ရှင်းလင်းတဲ့ အမြင်တခုရှိတယ်လို့ ကျနော် ထင်ပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးမိတ်ဖက် အမြဲတမ်း ဖြစ်နေလိမ့်မယ်ဆိုတာ သေချာပါတယ်။ ရင်းနှီးမြှုပ်နှံမှုအတွက် အကြီးမားဆုံး အရင်းအမြစ်၊ မြန်မာပို့ကုန်အတွက် အကြီးဆုံးဈေးကွက်၊ သွင်းကုန်အတွက် အများဆုံး ထောက်ပံ့နေသူဖြစ်ပါတယ်။ ဒါပေမယ့် ကမာ္ဘ့ပေါ်မှာ လူဦးရေအများဆုံး နိုင်ငံနဲ့ ဒုတိယအကြီးဆုံး စီးပွားရေးက ပတ်ဝန်းကျင်က စီးပွားရေးကို လွှမ်းမိုးမှာပဲ။
ဒါကြောင့် လွှမ်းမိုးမှုမခံရအောင် ဘယ်လိုရှောင်ရှားမလဲ၊ မြန်မာနိုင်ငံမှာ တခြားရွေးချယ်စရာ အရင်းအမြစ်တွေ၊ တခြား ဈေးကွက်တွေနဲ့ တခြား ထောက်ပံ့သူတွေ ရှိကြောင်း သေချာအောင် ဘယ်လိုလုပ်မလဲ။
ဒီမေးခွန်းတွေရဲ့ အဖြေက (စီးပွားရေးနှင့် ဘဏ္ဍာရေးလို နယ်ပယ်များစွာမှာ ရှိနေတဲ့အတိုင်း) အမျိုးမျိုး အစုံစုံ ဖြစ်စေခြင်း Diversification ပဲ။
မြန်မာနိုင်ငံအနေနဲ့ ဘယ်လို အကောင်းဆုံးရလဒ်တွေ ရနိုင်မလဲ ဆိုတာကို ရှာဖွေသင့်ပါတယ်။ ကျယ်ပြန့်တဲ့ အမြင်နဲ့ ကြည့်ရင် အဲဒါက လူ့အခွင့်အရေးတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုတွေ၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ အကျိုး သက်ရောက်မှုတွေ သာမက တခြားစီးပွားရေး မိတ်ဖက်တွေ အားလုံးဆီကနေ ရသင့်တာမျိုးအတိုင်း တရုတ်နိုင်ငံဆီကနေ ပြန်ရမယ့် စီးပွားရေးနဲ့ လူမှုရေးအကျိုးအမြတ်ကို အသိအမှတ်ပြုခြင်း ဖြစ်ပါတယ်။ (ထိရောက်တဲ့ အချုပ်အခြာအာဏာပိုင် အစိုးရအားလုံး အမြဲတမ်း တန်ဖိုးထားကြတဲ့) ကိုယ်ပိုင် အကျိုးစီးပွားကို မျှတစွာ စဉ်းစားခြင်းက အမြဲတမ်း ရှေ့ဆုံးမှာ အလယ်ဗဟိုမှာ ရှိနေသင့်ပါတယ်။
မေး။ ။ ရှီကျင့်ဖျင်က ၂၀၂၀ ခုနှစ် အတွင်းမှာ ပထမဆုံး နိုင်ငံခြားခရီးစဉ်အနေနဲ့ မြန်မာနိုင်ငံကို သွားဖို့ ဘာကြောင့် ရွေးချယ်ခဲ့တာလဲ။ သံတမန်ဆက်ဆံရေး ၇၀ နှစ်မြောက် နှစ်ပတ်လည်နေ့ ဆင်နွှဲဖို့ထက် ပိုပါသလား။
ဖြေ ။ တခါတလေကျရင် ဆေးပြင်းလိပ်က ဆေးပြင်းလိပ်ပါပဲ။ သိပ်ပြီး နက်နက်နဲနဲကြည့်ဖို့ မလိုပါဘူး။ ကျယ်ပြောတဲ့ ဆက်ဆံရေးတွေရဲ့ မျက်နှာစာမှာ ဒီနှစ်ပတ်လည် အခမ်းအနားရဲ့ မှန်ပြောင်းတွေကို ဖြတ်ပြီး ဘေဂျင်းက အဓိက အာရုံစိုက်တာလည်း ဖြစ်နိုင်ကောင်းပါတယ်။
မေး။ ။ ရှီကျင့်ဖျင်ခရီးစဉ်က ဒေသတွင်းက အင်အားကြီး ပလေယာတွေ အထူးသဖြင့် ကိုရီးယား၊ ဂျပန်နဲ့ တခြားနိုင်ငံတွေနဲ့ ဒေသအပြင်ဖက် အထူးသဖြင့် အနောက်နိုင်ငံတွေကို ဘယ်လို သတင်းစကား ပေးခဲ့ပါသလဲ။
ဖြေ။ ။ မြန်မာနိုင်ငံက ၂ နိုင်ငံကြားမှာ အကျိုးရှိမယ့် စီးပွားရေးဆက်ဆံမှုတွေ အတွက် နိုင်ငံအားလုံးကို တံခါးဖွင့်ထားတယ် ဆိုတာကလွဲလို့ ဘာမှမရှိဘူးလို့ မျှော်လင့်ပါတယ်။ ဟုတ်ပါတယ်၊ လူတယောက်ဟာ နုံအ မနေသင့်ပါဘူး။ ဒါကြောင့် တချို့က ဒီခရီးစဉ်ကို မြန်မာနိုင်ငံမှာ အင်အားကြီးမားတဲ့ မိတ်ဆွေ၊ ကျောထောက်နောက်ခံပေးသူ ရှိတယ်၊ တခြား တိုင်းပြည်တွေရဲ့ စီးပွားရေးအရ ဒဏ်ခတ်မှုတွေကို ဆန့်ကျင်ဖို့ ကျောထောက်နောက်ခံတခုအဖြစ် အနက်ဖွင့်ကြမယ်ဆိုတာ သေချာပါတယ်။
ဒါပေမယ့် ဒီလိုနည်းအားဖြင့် အဓိပ္ပါယ်ဖွင့် ဆိုလို့ မရပါဘူး။ မြန်မာနိုင်ငံက တရုတ်နိုင်ငံ တခုတည်းနဲ့သာ ဆက်ဆံခြင်းကနေ ပြည်သူလူထု အားလုံး အကျိုးဖြစ်ထွန်းမယ့် အသွင်ကူးပြောင်းရေးဆိုင်ရာ စီးပွားရေးတိုးတက်မှုကို မရရှိနိုင်ပါဘူး။
မြန်မာနိုင်ငံအနေနဲ့ နိုင်ငံအားလုံးနဲ့ အထူးသဖြင့် သူတို့ရဲ့ လူသားစွမ်းရည် အလားအလာ အမြင့်မားဆုံး ရှိနေသူတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်ပါတယ်။ တရုတ်နိုင်ငံက ကွန်မြူနစ် နိုင်ငံတခု ဖြစ်ပါတယ်။ စာနယ်ဇင်း လွတ်လပ်ခွင့် တရားဥပဒေစိုးမိုးရေး သို့မဟုတ် အရေးပါတဲ့ လွတ်လပ်ခွင့်တွေ မရှိတဲ့ တပါတီစနစ် နိုင်ငံ ဖြစ်ပါတယ်။ လူဆိုတာ အစားဝဝ စားရရုံနဲ့ နေလို့မရပါဘူး။
မေး။ ။ တရုတ် – မြန်မာစီးပွါးရေးစင်္ကြန် (CMEC) စီမံကိန်းတွေက တဝက်လောက် အကောင်အထည် ပေါ်လာမယ်ဆိုရင်တောင်မှ တရုတ် – မြန်မာဆက်ဆံရေးက အရင် ကထက်ပိုပြီး နီးကပ်သွားလိမ့်မယ်၊ အဲဒါတွေက ၂ နိုင်ငံကို စီးပွားရေးနဲ့ လူမှုရေးအရ ပိုမိုနီးကပ်လာစေလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။ တရုတ်ကို မှီခိုရမယ့် ကိစ္စက ရှောင်လွှဲလို့မရဘူးလို့ သူတို့က ပြောတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အစောပိုင်းမှာ ပြောခဲ့သလိုပါပဲ ပထဝီ အနေအထား၊ ချမ်းသာကြွယ်ဝမှုနဲ့ သြဇာအာဏာ ကွာခြားမှုတွေကြောင့် တရုတ်နိုင်ငံက မြန်မာနိုင်ငံအပေါ် လွှမ်းမိုးနိုင်မယ့်နေရာမှာ အမြဲရှိနေမှာ သေချာပါတယ်။ CMEC စီမံကိန်းတွေက ၂ ဦး ၂ ဖက် အကျိုးရှိမယ်ဆိုရင် နိုင်ငံတွေကို ပိုမိုနီးကပ်သွားစေပါလိမ့်မယ်။ ဟုတ်ပါတယ်။ အဆိုးဘက်က တွက်ကြည့်မယ်ဆိုရင်တော့ ဘဏ္ဍာရေးအရ မမျှတမှု ဒါမှမဟုတ် တဖက်သက်ဆန်မှုတွေက ဆက်ဆံရေးကို ပျက်စီးစေလိမ့်မယ်။ အဲဒါကြောင့် ပါဝင်သူ အားလုံးရဲ့ အကျိုးစီးပွားအတွက် ဒီစီမံကိန်းတွေကို မှန်ကန်စွာ ဆောင်ရွက်ဖို့ အလွန် အရေးကြီးပါတယ်။ ဆိုလိုချင်တာက စီမံကိန်းတွေကို ရွေးချယ်ခြင်းနဲ့ အကောင်အထည်ဖော်ခြင်းအတွက် ရှုထောင့် အားလုံးမှာ တရားမျှတမှု ရှိရပါမယ်။
မေး။ ။ မြန်မာနိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က CMEC စီမံကိန်းတွေက ၂ နိုင်ငံရဲ့ ဦးစားပေး မဟာဗျူဟာမြောက် အမျိုးသားဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွေနဲ့ ကိုက်ညီရမယ်၊ သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုကို တားဆီးဖို့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ရမယ်၊ အဲဒါတွေက ပြည်သူတွေရဲ့ လူမှုဘ၀ ဖွံ့ဖြိုး တိုးတက်ရေးကိုအထောက်အကူပြုရမယ်လို့ တရုတ်သမ္မတကို ပြောခဲ့ပါတယ်။ အဲဒါက ခိုင်မာတဲ့ သတင်းစကားလို့ ထင်ပါတယ်။ မေးစရာရှိတာက မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးရေးအစီအစဉ် (MSDP) က ကျယ်ပြန့် ပြည့်စုံမှု ရှိ/မရှိ ဆိုတာပါပဲ။ အဲဒါကို ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ MSDP ဟာ ပြည့်စုံလုံလောက်တယ်လို့ ထင်ပါတယ်။ အဓိကကျတဲ့အချက်က အဲဒါကို စနစ်တကျ လိုက်နာကျင့်သုံးရေး သေချာဖို့ဖြစ်ပါတယ်။ ထပ်ပြောရရင် မြန်မာအစိုးရအနေနဲ့ ရှင်းလင်းသေချာတဲ့ အမြင်တွေ ရှိဖို့နဲ့ ပြည်သူလူထုရဲ့ အကောင်းဆုံး အကျိုးစီးပွားများအတွက် ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခုအချိန် အထိ ကျနော့်အတွက်ကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိအစိုးရက တရုတ်နိုင်ငံနဲ့ ၂ ဦး ၂ ဖက် အပြန်အလှန် အကျိုးပြုတဲ့ ဆက်ဆံရေး တည်ဆောက်ခြင်းရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အအောင်မြင်ဆုံး နိုင်ငံတွေထဲက တခု ဖြစ်ပါတယ်။ ဒေသတွင်းကို ကြည့်မယ်ဆိုရင်၊ ကမာ္ဘတဝှမ်းကို ကြည့်မယ်ဆိုရင် ကျွမ်းကျင်လိမ်မာမှုရှိမှ ထိခိုက်နစ်နာမှု နည်းမယ့်၊ ထောင်ချောက်တွေကိုရှောင်ရှားနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတခုကို ရှာတွေ့ဖို့ ခက်ခဲပါတယ်။
မေး။ ။ မြစ်ဆုံဆည်စီမံကိန်းကို ရှီကျင့်ဖျင်ရဲ့ ခရီးစဉ်အတွင်း အပြီးသတ် ဆုံးဖြတ်ချက်ချမယ်လို့ အများစုက ခန့်မှန်းခဲ့ကြပါတယ်။ အခုအချိန်အထိ မြန်မာအစိုးရ က ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။ ခရီးစဉ်အတွင်းမှာ မြန်မာနဲ့တရုတ်က မြစ်ဆုံစီမံကိန်းအတွက် ဆုံးဖြတ်ချက် အသစ်တခုကို သဘောတူခဲ့တယ်လို့ ထင်သပါလား။
ဖြေ။ ။ မြစ်ဆုံဆိုတာက အခုအချိန်မှာ ပြောလို့မရသေးတဲ့ စီမံကိန်းလို့ ကျနော် ထင်ပါတယ်။ ၂၀၂၀ မှာ အဲဒါက ဘယ်သူ့အတွက် ဘယ်လိုအဓိပ္ပါယ်ဖြစ်စေမယ် ဆိုတာ ကို မြင်ကြည့်ဖို့ ခက်ခဲပါတယ်။ အဲဒါက မြန်မာအစိုးရက ငွေကြေး၊ မိတ်ဆွေနဲ့ စိတ်ကူးစိတ်သန်း အလွန်တရာ ရှားပါးနေတဲ့အချိန်မှာ စွမ်းအင် အလွန်အမင်းလိုအပ်နေတဲ့ တရုတ်နိုင်ငံနဲ့ တွေ့ပြီးတော့ အဆိုပြုခဲ့တယ်။ လက်ခံခဲ့တယ်။ အခုတော့ အကြောင်းအရာက သိသိသာသာ ပြောင်းလဲသွားခဲ့ပါပြီ။
အခုဆိုရင် တရုတ်နိုင်ငံမှာ စွမ်းအင်ပိုလျှံနေတယ်။ ဒီမိုကရေစီ နည်းကျ တရားဝင်မှု ကျယ်ပြန်တဲ့ အစိတ်အပိုင်းရှိနေတဲ့ မြန်မာအစိုးရ ပုံစံမျိုးမှာ ကွဲပြားခြားနားသွားတဲ့ စေ့စပ်ညှိနှိုင်းသူတဦး ရှိနေတယ်။ တခြားရွေးချယ်စရာတွေ အများအပြား ရှိနေတယ်။ မြန်မာနိုင်ငံအတွက် မြစ်ဆုံစီမံကိန်းရဲ့ ကုန်ကျမှုတွေ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု၊ ပြည်သူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ရခြင်းနဲ့ အခုအချိန်မှာ တိုင်းပြည်က ကြိုးစား ရှာဖွေ ရပ်တည်မှုအပေါ် စီမံကိန်းရဲ့ကြီးမားတဲ့ ထိုးနှက်မှုတွေကြောင့် သေချာပေါက်ကို အသုံးမဝင်တဲ့ စီမံကိန်းအဖြစ် သတ်မှတ်ရပါလိမ့်မယ်။
( Nan Lwin ၏ Suu Kyi Economic Adviser: National Interest Must Come First When Deciding Large Chinese Investments in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တခေတ်ဆန်းပြီ
ကျောက်ဖြူသာမက တရုတ်ပိုးလမ်းမ စီမံကိန်းများ တည်ဆောက်ရေး လောမကြီးသင့်