ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်း အကောင်အထည်ဖော်မည့် ကျောက်ဖြူအထူးစီးပွားရေဇုန် စီမံကိန်းကို ပြီးခဲ့သော ဦးသိန်းစိန်အစိုးရ လက်ထက်က တရုတ်နိုင်ငံပိုင် ကုမ္ပဏီ ဖြစ်သည့် CITIC (China International Trust and Investment Corporation) က လုပ်ပိုင်ခွင့် တင်ဒါ အောင်မြင်ခဲ့သည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်သည် မြန်မာနိုင်ငံသို့ ဇန်နဝါရီလ ၁၇ ရက်က စတင်၍ ၂ ရက်တာ အလည်အပတ် ရောက်ရှိခဲ့ သည်။ သူ၏ခရီးစဉ် ဒုတိယမြောက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နေပြည်တော် သမ္မတ အိမ်တော်တွင် တွေ့ဆုံမှုအပြီး နှစ်နိုင်ငံ သဘောတူစာချုပ် အပါအဝင် နားလည်မှု စာချွန်လွှာ ၃၃ ခု လက်မှတ် ရေးထိုးခဲ့ကြသည်။
ထိုနားလည်မှု စာချွန်လွှာများထဲတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်း ဆိုင်ရာ သဘောတူ စာ ချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူစာချုပ်၊ မူဆယ်- မန္တလေး ရထားလမ်း ဖြစ်နိုင်ခြေ လေ့လာမှု အစီ ရင်ခံစာ လွှဲအပ်ပေးအပ်ခြင်း စာလွှာ၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတို့လည်း ပါဝင်သည်။
ထို့ပြင် ရွှေလီ-မူဆယ် နယ်စပ် စီပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင် သဘောတူစာချုပ်လုပ်ငန်းများ၊ လျှင်မြန်တိုး တက်စေရေး၊ နားလည်မှု စာချွန်လွှာ၊ မန္တလေးတိုင်း ဒေသကြီးနှင့် တရုတ် ယူနန်ပြည်နယ်ကြား မြန်မာ့ စီပွားရေး စင်္ကြန် ပူးတွဲ တည်ထောင်ရေး ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာတို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ရခိုင်ပြည်နယ်ထဲက ပင်လယ်ပြင် ထွက်ပေါက်တခု ဖြစ်သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်(SEZ) စီမံကိန်းကို ကျောက် ဖြူမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ် တို့အတွင်း တည်ဆောက်သွားမည်ဖြစ်ကာ ရေနက်ဆိပ်ကမ်း၊ စက်မှုလက်မှု နှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းတို့ ပါဝင်မည် ဖြစ်ကြောင်းလည်း သိရသည်။
စီမံကိန်း လုပ်ငန်းများတွင် စက်ရုံများ၊ အပန်းဖြေစခန်းများ၊ ဘဏ်လုပ်ငန်းများ၊ ရေနက်ဆိပ်ကမ်းများ ပါဝင်မည် ဖြစ်ကာ ကျောက်ဖြူမြို့နယ် အတွင်းက ကြတ္တိန်၊ ကန္ဒီး၊ ချောင်းဝ၊ သိုင်းချောင်း၊ စစ်တော၊ ကပ်သပြေ၊ မင်းပြင်၊ ဒိုးမတောင်၊ မဒေး ကျွန်း စသည့်ဖြင့် ကျေးရွာအုပ်စု ၉ ခု ပါဝင် ဖြစ်ကြောင်း သိရသည်။
အဓိက အရေးပါသော ရေနက်ဆိပ်ကမ်း၂ ခုကိုတော့ ကျောက်ဖြူမြို့နယ် မဒေးကျွန်းနှင့် ကျောက်ဖြူမြို့နယ် စစ်တော ကျေးရွာအုပ်စု၊ သစ်ပုတ်တောင် ကျေးရွာအနီးတွင် တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်သည် ဒေသဖွံ့ဖြိုးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဆိုသည်ထက် တရုတ်နိုင်ငံအတွက် ကုန်သွယ်မှု စီပွားရေး၊ စစ်ရေး၊ အရပ်ဘက်ဆိုင်ရာ လုပ်ငန်းအတွက်ပါ အဓိက အသုံးချနိုင်မည့် စီမံကိန်းတခုဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက မှတ်ချက်ပြုသည်။
စီမံကိန်းနှင့် ပတ်သက်၍ ဒေသတွင်းက စီပွားရေး လုပ်ငန်းရှင်များတချို့က စီမံကိန်းအပေါ် ကြိုဆို ထောက်ခံကြသလို ဒေသခံ လယ်သမားများနှင့် မိရိုးဖလာ တံငါလုပ်ငန်း လုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများတွင် စီမံကိန်းအပေါ် စိုး ရိမ်ပူပန်နေကြသူများလည်း ရှိနေသည်။
အထူးစီပွားရေးဇုန် စီမံကိန်းနှင့် ပတ်သက်၍ ဒေသအတွင်း ဝေဖန်မှု မြင့်တက်နေသည့်အချိန်တွင် ဇန်နဝါရီလ၂၀ ရက်၌ “ရခိုင်တွေ အိမ်ပြန်လာနိုင်ဖို့ Sez ကို တည်ဆောက်ကြစို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ကျောက်ဖြူဒေသခံ တိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းက ဦးဆောင်ကာ စီမံကိန်း အပေါ် ကြိုဆိုထောက်ခံပွဲ တခု ပြုလုပ်ခဲ့သည်။
ထိုသို့သော အခြေအနေမျိုးနှင့် ပတ်သက်၍ ကျောက်ဖြူဒေသခံ တိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌလည်းဖြစ် စီပွားရေး လုပ်ငန်းရှင်တဦးလည်း ဖြစ်သူ ဦးငြိမ်းချမ်းမောင်အား ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ကျောက်ဖြူဒေသခံ တိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်းကနေ မြို့ပေါ်မှာ တွေ့ဆုံပွဲတခု လုပ်တယ်လို့ ကြားပါ တယ်။ ဘာအတွက် လုပ်တာလဲ။ အဓိက ဘာတွေကို ဆွေးနွေးကြတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ ပွဲလုပ်တာကတော့ တွေ့ဆုံပွဲပဲ။ ဒါပေမယ့် ကျနော်တို့က SEZ ကြိုဆိုပွဲလေ။ ကျနော်တို့ အသင်းက မြို့နယ် ၄ မြို့ နယ် (ကျောက်ဖြူ၊ အမ်း၊ ရမ်းဗြဲ၊ မာန်အောင်) နဲ့ ဖွဲ့စည်းထားတဲ့ အသင်းဖြစ်တယ်။ အသင်းဝင် အင်အားက ၆ သောင်း ကျော် ရှိပါတယ်။
မြန်မာနိုင်ငံ အပါအဝင် အဓိက ရခိုင်ပြည်နယ်ပေါ့ဗျာ၊ အကုန်လုံး ပြည်တွင်းစစ်တွေနဲ့ ရှုပ်ထွေးနေတဲ့အပြင် နိုင်ငံတကာ တရားရုံးမှာလည်း ရင်ဆိုင်နေရတော့ ကျနော်တို့ ရခိုင်ပြည်နယ်ကို တကမ္ဘာလုံးက စွန့်ပစ်ထားသလို ဖြစ်နေတဲ့ အချိန်မှာ ကျနော်တို့ အကုန်လုံး အခက်အခဲတွေနဲ့၊ အလုပ်အကိုင်က အစပေါ့။ နေရပ်ကို စွန့်ခွာနေရတဲ့ အခြေအနေထိကို ဖြစ်နေ ရပြီးတော့ တော်တော်လေးကို ဒုက္ခရောက်နေတဲ့ အခြေနေအကို ရောက်နေရတာပေါ့။
စက်ရုံအလုပ်ရုံ၊ ဘယ်လောက်တည်တည် ရခိုင်မှာ မအောင်မြင်ဘူးလေ။ ရခိုင်ပြည်နယ် အနှံ့မှာ အားလုံးလိုလိုမှာ စက်ရုံ၊ အလုပ်ရုံ ပိတ်ထားရတယ်။ ဒါက ကမ္ဘာ့ စီးပွားရေး လမ်းကြောင်းကြီးတခု ကျနော်တို့ဆီကို ရောက်လာမယ်ဆိုရင် ကျနော် တို့ဒေသ နှစ်တိုအတွင်းမှာ ဖွံ့ဖြိုးတိုးတက်လာမယ်။ ရခိုင်တွေလည်း အိမ်ကို ပြန်လာနိုင်မယ်။ ပြည်တွင်းစစ်ကိုလည်းပဲ အများကြီး အထောက်အကူ ပြုမယ်။ ပြည်တွင်းစစ် ဆိုတာက မွန်းကျပ်လို့ သူတို့က ထွက်ပေါက်ရှာကြတာကိုး။
မွန်းကျပ်တဲ့အရာကို ဖြေလျှော့ပေးလိုက်မယ်ဆိုရင် ရခိုင်တွေလည်း ဘယ်သူမှ လက်နက်ကိုင်တဲ့ အလုပ်ကို လုပ်မှာ မဟုတ်ပါဘူး။ သူတို့က အလုပ်အခွင့်အလမ်းတွေလည်း မရှိဘဲနဲ့ ရခိုင်တွေ ထွက်ပေါက်ရှာကြတာဆိုတော့ ဒီလို အထူး စီပွားရေးဇုန်က ရောက်လာမယ်ဆိုရင် ရခိုင်တွေရဲ့ဘဝအတွက်လည်း အာမခံချက် ရှိမယ်။ ရခိုင်ပြည်မှာ ဖြစ်နေတဲ့ ပြည် တွင်း စစ်ငြိမ်းဖို့လည်း အများကြီး အထောက်အကူ ပြုမယ်လေ။ အဲဒီအတွက်ကြောင့် ကျနော်တို့က လိုလိုလားလားကို ထောက်ခံတာ။
နောက်တခု တကမ္ဘာလုံးက ဝိုင်းဝန်းပစ်ပယ်တဲ့အပြင် နိုင်ငံတကာခုံရုံးမှာပါ တရားစွဲခံထားရတဲ့ ဒီတိုင်းပြည်မှာ ဘယ်သူမှ လာပြီး ရင်းနှီးမြှုပ်နှံမယ်လူ မရှိဘူး။ အားလုံးက ပိတ်ဆို့ထားတော့ ကျနော်တို့ ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံး မီးနဲ့ရှို့ သလိုပဲ ခံစားရတယ်လေ။ ဘယ်သူမှ မလာတဲ့နေရာ၊ ဘယ်သူမှ စိတ်မဝင်စားတဲ့ နေရာ၊ အားလုံးက ပစ်ပယ်ထားတဲ့ နေရာကို ရောက်လာတဲ့ လူကတော့ ကောက်ရိုးတမျှင် ဆိုတာထက်ကို ကြီးမားတဲ့ မိုးရွာချလိုက်သလိုပဲ။ အဲဒီလိုပဲ ကျနော်တို့ ခံစားရတယ်။
SEZကို စာချုပ် ချုပ်ပြီးပြီ ဆိုတာနဲ့ အခုအချိန်အထိတော့ သေနတ်သံတွေလည်း မကြားရတော့ဘူး။ ဒါတွေက လက်တွေ့ပဲ လေ။ ဘယ်လိုတွေ ပတ်သက်နေလဲ ဆိုတာတော့ ကျနော်တို့လည်း သေချာတော့ မသိဘူး။ ဒါပေမယ့် ဒီလို သေနတ်သံ တွေ မကြားရတာကိုတော့ ဝမ်းသာတယ်။ ဒီအတွက်ကို ကျနော်တို့က လိုလိုလားလားကို ကြိုဆိုထောက်ခံတာ။
မေး။ ။ “ရခိုင်တွေ အိမ်ပြန်လာနိုင်ဖို့ SEZကို တည်ဆောက်စို့ ” ဆိုတဲ့ အသင်းရဲ့ ဆောင်ပုဒ်ကိုလည်း တချက် ရှင်းပြပေးပါ။
ဖြေ။ ။ ရခိုင်တွေကို အိမ်ပြန်လာဖို့ ဒီအတိုင်းကြီး လက်ယပ်ခေါ်လို့ ဘယ်သူမှ မလာဘူးလေ။ သူတို့နဲ့ ထိုက်တန်တဲ့ အလုပ် အကိုင်အခွင့်အလမ်း၊ အင်ဂျင်နီယာဆိုလည်း အင်ဂျင်နီယာပေါ့။ ကျွမ်းကျင်လုပ်သားဆိုလည်း ကျွမ်းကျင်လုပ်သားပေါ့။ သူတို့နဲ့ ထိုက်တန်တဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ မဖန်တီးဘဲနဲ့တော့ ရခိုင်တွေ အိမ်ကို ဘယ်တော့မှ ပြန်လာဘူး။ ပြန်မလာတဲ့အပြင် ရှိတဲ့ ရခိုင်တွေကပါ ထွက်ခွာသွားကြမှာ။
အဲဒါတော့ ရခိုင်တွေ အိမ်ပြန်လာဖို့ လက်ယပ်ခေါ်လို့လည်း မရဘူး။ သေနတ်နဲ့ ချိန်ပြီးတော့လည်း လာခိုင်းလို့လည်း မလာ ဘူး။ ရခိုင်တွေ အိမ်ပြန်လာစေချင်ရင် ရခိုင်ပြည်နယ်ကို ရေကြည်ရာ မြက်နုရာအရပ် ဖြစ်အောင်၊ စီပွားရေး ဖွံ့ဖြိုးတိုးတက် တဲ့ အရပ်ဖြစ်အောင် လုပ်မှသာ ရခိုင်တွေက အိမ်ကို ပြန်လာမှာ။ တခြား အရပ်ဒေသက လူတွေလည်း ရောက်မှာပေါ့ဗျာ။ ဒါတွေက စိတ်ကူးယဉ် အိပ်မက်နဲ့ ဖော်ဆောင်ထားတဲ့ ဆောင်ပုဒ် မဟုတ်ဘူး။ မြေကြီး လက်ခတ်မလွဲတဲ့ ဆောင်ပုဒ်လေ။
အဲဒီတော့ ဒီဟာကို ကုစားဖို့အတွက် ကျနော်တို့ SEZ ဖြစ်ဖို့ အတွက်ကို ကြိုးစားလာခဲ့တာ။ ဒါတွေက ဆင်းရဲလို့ ဖြစ်ရတဲ့ ရောဂါကနေ ဆင်းသက်လာကြတာလေ။ အလုပ်အကိုင် အခွင့်အလမ်းတွေ မရှိတော့ ရခိုင်တွေ နေရပ်စွန့်ခွာပြီးတော့ ထွက် သွားကြတယ်။ ပိုဆိုးတယ်။ ရခိုင်ပြည်မှာ အခု လူငယ်လူရွယ်တွေဆိုတာ မရှိကြတော့ဘူး။ သာရေးနာရေးက အစ အခက် အခဲတွေ ဖြစ်လာကြတဲ့ အခြေအနေ။
အဲဒီမှာ တခါ ပြည်တွင်းစစ်က တခါထပ်ပြီးတော့ ကြီးမားလာတော့ တော်တော်လေး အတိဒုက္ခရောက်နေတဲ့ ကျနော်တို့ ရခိုင်ပြည်နယ်ကို ကုစားဖို့ကတော့ သေနတ်နဲ့ ပစ်လို့လည်း မရဘူး။ လက်ယက်တူးနေလို့လည်း မရဘူး။ ဆင်းရဲလို့ ဖြစ်တဲ့ ရောဂါကို ဆင်းရဲမှု ပပျောက်အောင်၊ အလုပ်အကိုင် အခွင့်လမ်းရရှိအောင် ရခိုင်တွေ အိမ်ပြန်လာဖို့အတွက် ဖန်တီးစရာ တွေက အထူးစီပွားရေးဇုန် တခုပဲ ရှိတယ်။
မေး။ ။ အထူးစီပွားရေးဇုန်နဲ့ ပတ်သက်ပြီးတော့ရော မြေပြင်မှာ ဘယ်ကဏ္ဍတွေကို လုပ်နေကြပြီလဲ။
ဖြေ။ ။ ကျနော်တို့ သိသလောက်ကတော့ နှစ်တို၊ နှစ်ရှည်လုပ်ရမယ့် လုပ်ငန်းတွေ ရှိတာပေါ့။ အဓိကတော့ နှစ်တို လုပ်ရ မယ့် ရေနက်ဆိပ်ကမ်းကို ဦးစားပေးပြီးတော့ အရင်ဆုံး လုပ်ရမယ်လို့ သတင်းကြားတယ်လေ။ အဲဒီတော့ တပြိုင်တည်းမှာ ပဲ ဒါက တကယ့် ကမ္ဘာ့ဈေးကွက်ကြီး ဖြစ်တဲ့ အမေရိကန်နိုင်ငံလို နိုင်ငံတောင်မှ လိုလိုးလားလား ဖြစ်နေတာ။ လိုလိုလား လားတောင် မကဘူး။ အခုဆိုရင် စီပွားရေး စစ်ပွဲတောင် ဖြစ်နေပြီပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့ကိုကျတော့ မလုပ်နဲ့၊ တရုတ်နဲ့ လုပ်တာ မကောင်းဘူး ပြောပြီးတော့ သူတို့ကျတော့ တရုတ်နဲ့လုပ်တာ အလွန်အကျွံတောင် ဖြစ်နေတာ။
ဒီလို အခြေအနေမှာ ကျနော်တို့ကို ပြောတော့ လက်မခံဘူးလေ။ ကျနော်တို့ အိမ်နီးနားချင်း၊ ဒီလောက်ကောင်းတဲ့ ဈေး ကွက်ကြီး၊ ဒီလောက်ကောင်းတဲ့ အသားတုံးကြီး။ ဒါကို ကျနော်တို့က ငြင်းပယ်ပြီးတော့ တရုတ်မကောင်းဘူး။ သူမှ ကောင်း တယ် ဆိုတာကတော့ တကယ့်တကယ်က ကောင်းတယ်ဆိုတဲ့ လူတွေက ကျနော်တို့ဆီကို မလာဘူးလေ။
သူတို့ကိုလည်း ကျနော်တို့ မမျှော်လင့်ဘူး။ အဲဒီတော့ ဒါက သူ့အကျိုး ကိုယ့်အကျိုးတော့ ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် ရခိုင်မှာ လာပြီးတော့ သတ္တိရှိရှိနဲ့ ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့ လူကိုတော့ ကျနော်တို့က ဆိုးတာနဲ့ကောင်းတာနဲ့ ရောထွေးနေပါစေ။ ဒီအချိန်မှာတော့ ကျနော်တို့ သူတို့ကို လိုအပ်တယ်။ အဲဒါကြောင့် လှိုက်လှိုက်လှဲလှဲကို ကြိုဆိုတာ။ ဘာလို့လဲဆိုရင် ကျနော် တို့မှာ ရင်ဆိုင်နေရတဲ့ ရန်သူအင်အားက နည်းနည်းနှောနှော မဟုတ်ဘူး။
အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) လို အဖွဲ့ဝင် ၅၇ နိုင်ငံ ပါဝင်တယ်။ အနောက်အုပ်စုတွေဆိုလည်း ကျနော်တို့ နိုင်ငံလောက်ကို မပြောနဲ့ ကမ္ဘာကိုတောင် ဖျက်ပစ်လို့ရတဲ့ အင်အားတွေနဲ့ ရင်ဆိုင်ရမှာဆိုတော့ ကျနော်တို့မှာ မိတ်ဆွေကောင်း လိုတယ်လေ။ မိတ်ဆွေကောင်းဆိုပေမယ့် အလဟသတော့ ဘယ်သူမှ မလာဘူးလေ။ နိုင်ငံတကာမှာ ပညာရှင်တွေ ပြောနေကြတာ ရှိတယ်။ ထာဝရ ရန်သူ၊ ထာဝရ မိတ်ဆွေဆိုတာ မရှိဘူး။ ထာဝရ အကျိုးစီးပွားပဲ ရှိတယ်။
သူတို့ရဲ့လိုအပ်တဲ့ ထာဝရ အကျိုးစီးပွား၊ သူတို့ရဲ့ လိုအပ်တဲ့ မဟာဗျူဟာ နေရာပေါ့ဗျာ၊ ဒီကျောက်ဖြူကို သူတို့ကလည်း လိုချင်တယ်။ ကျနော်တို့ကလည်း ပေးလိုက်ရဖို့အတွက် လိုအပ်နေတယ်။ ဘာကြောင့်လဲဆိုရင် ထာဝရ မိတ်ဆွေဖြစ်ဖို့ လို တာကို။ ဒါမှ ကျနော်တို့ ရခိုင်ပြည် အာမခံချက်ရှိမှာလေ။
မေး။ ။ ဆရာတို့ ကျောက်ဖြူ ဒေသခံများ ဖွံ့ဖြိုးရေး အသင်းက လက်ရှိအချိန်မှာ ကုမ္ပဏီ အနေနဲ့ မှတ်ပုံတင်လိုက်ပြီ လို့ လည်း ကြားပါတယ်။ အဲဒီသတင်းက အမှန်ပဲလား။
ဖြေ။ ။ အဲဒါကတော့ ဟုတ်တယ်။ ဘာလို့လဲဆိုတော့ အများပိုင်ကုမ္ပဏီအဖြစ် ကျနော်တို့က မှတ်ပုံတင်ရတယ်။ မှတ်ပုံ မတင်ရင် ကျနော်တို့က ဘာစီးပွားရေးမှ လုပ်လို့ မရဘူးလေ။ အသင်းဆိုတာကတော့ လူမှုရေး အသင်းအဖွဲ့အနေနဲ့ စီးပွား ရေး လုပ်ခွင့် မရှိဘူး။ အဲဒါကြောင့် ကျနော်တို့က အများပိုင် ကုမ္ပဏီ ဆိုပြီး ဖွဲ့တယ်။ က အုပ်စုမှာ ကျနော်တို့က ကျပ်သိန်း ၃၀ ဆိုပြီး သတ်မှတ်တယ်။ ဘယ်သူမှ ပိုမထည့်ရဘူး။ ကျနော် ကိုယ်တိုင်လည်း သိန်း ၃၀ ပဲ ထည့်တယ်။ ခ အုပ်စု အစု ရှယ်ယာတွေကိုတော့ကျတော့ ကျနော်တို့ ရောင်းချလို့ မရသေးဘူး။
ဘာလို့လဲဆိုတော့ က အုပ်စု အောင်မြင်မှ အစိုးရကနေ ခွင့်ပြုချက်ရမှ ခ အုပ်စုဆိုတာ ရောင်းခွင့်ရှိတော့ ကျနော်တို့က ဘာမှမလုပ်ရသေးတဲ့အခါမှာ ခ အုပ်စုကို ကျနော်တို့က မရောင်းရသေးဘူး။ အစုရှယ်ယာ ၁ စုကို ကျပ် ၁ သောင်းပဲထား တယ်။ ဘယ်သူမဆို ဝယ်နိုင်အောင်လို့၊ ဒါဆို ဘယ်သူမဆို ဝင်လို့ ရတယ်လေ။ ဒီငွေတွေက ဒီခေတ်ကြီးမှာ ဘာမှ ရင်းနှီး မြှုပ်နှံပြီးတော့ လုပ်လို့ရတာ မဟုတ်ဘူး။ မုန့်တီဆိုင်လောက်ပဲ ဖွင့်လို့ရတဲ့ အရင်းအနှီး။
ကျနော်တို့ အဓိက လိုချင်တာက စုပေါင်းအင်အားနဲ့ ညီညွတ်ဖို့ လိုချင်တာ။ ကျနော်တို့လို အသင်းမျိုး၊ ကုမ္ပဏီကြီးမျိုးကို နိုင်ငံတကာက ကျနော်တို့ အတိုးနည်းချေးငွေ၊ အတိုးမဲ့ချေးငွေ၊ နှစ်ရှည်ချေးငွေတွေနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ တည် ဆောက်မှာလေ။
မေး။ ။ အများပိုင် ကုမ္ပဏီမှာကျတော့ ဆရာ့အနေနဲ့ ဘာတာဝန်တွေ ယူထားလဲဆိုတာ သိပါရစေ။
ဖြေ။ ။ အသင်းမှာတော့ ကျနော်က ဥက္ကဋ္ဌ နေရာမှာ တာဝန်ယူထားတယ်။ အသင်းမှာ အစစအရာရာ ဦးစီးလုပ်နေတာ ၅ နှစ်ကျော်ပြီ။ ကုမ္ပဏီအနေနဲ့ကျတော့ လူမရွေးရသေးဘူး။ က အုပ်စု စာရင်းဝင်တွေကို ကျနော်တို့ ဒီလကုန်ထိ စောင့်မယ်။ ဝင်ကြတာတော့ ရှိတယ်။ ဒါပေမယ့် လူ ၂၀ ကျော်ကျော်လောက်ပဲ ရှိသေးတယ်လေ။ ပိုက်ဆံမှ မရှိကြတာ။ ကန့်သတ် ထားတာ တခုလည်း ရှိတယ်။ ကျောက်ဖြူခရိုင် ဇာတိ ဒါမှမဟုတ် လက်ရှိဒေသမှာ နေထိုင်တဲ့လူတွေပဲ ဒီအသင်းကို ဝင်ခွင့် ပြုထားတယ်။ သိန်း ၁ သောင်း၊၂ သောင်း ထည့်မယ် ဆိုပြီး ကျန်တဲ့လူတွေ လာဝင်လာမယ် ဆိုလည်း ကျနော်တို့က လက် မခံဘူး။
မေး။ ။ ကျောက်ဖြူ SEZ စီမံကိန်းလုပ်ငန်းမှာ ဆရာတို့ အနေနဲ့ ဘယ်လို လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဘယ်အပိုင်းတွေကို လုပ်ကိုင်သွားမလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ မြို့သစ်တည်ဖို့ ဧက ၁ သောင်းခွဲကျော် အစိုးရဆီက တောင်းထားတာ ရပြီ။ အထူးစီပွားရေးဇုန် တည်ဆောက်လာတဲ့အခါ ကျနော်တို့ ရခိုင်တွေအတွက် နေစရာ လိုတယ်လေ။ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဇုန် လုပ်ဖို့အတွက် ကျနော်တို့ ဧက ၂ သောင်းကျော် ရထားပြီးပြီ။ နောက်ထပ်လိုရင် ဧက ၁ သိန်းကျော် ကျနော်တို့ ထပ်ယူလို့ ရသေးတယ်။
အဲဒီတော့ ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း၊ အခု ရခိုင်ပင်လယ်ပြင်မှာ ငါးဖမ်းနေတဲ့ လှေတွေထဲမှာ ရခိုင်ပိုင်တဲ့ လှေ ၁ စီးမှ မရှိ ဘူး။ တခြားနေရာက လူတွေလာပြီး တော့ ဖမ်းနေတာ။ ကျနော်တို့မှာတော့ ဒီလှေလေးနဲ့ ပိုက်လေးနဲ့ ချောင်းတွေ မြောင်း တေလောက်မှာ ရှာစားတဲ့ အဆင့် လောက်ကို အဲဒီကနေ ကျော်လွှားပြီးတော့ ရခိုင်ပင်လယ်ပြင်ကို ရခိုင်ရေလုပ်သားတွေ လွှမ်းမိုးအောင် ကျနော်တို့ အကျိုးတူလုပ်ငန်းတွေ စီစဉ်ထားတာ ရှိတယ်။
နောက်တခုက ရခိုင်တွေ ဒီမှာ ကျန်နေခဲ့တဲ့လူတွေက ကျွမ်းကျင်လုပ်သား မဖြစ်ဘူး။ ရခိုင်တွေ ဒီမှာ ကျန်နေခဲ့တဲ့ လူတွေ က အိမ်စောင့်တွေပဲ ကျန်နေခဲ့တာ။ အိမ်စောင့်တွေ လုပ်တတ်တာက စိုက်ပျိုးရေးနဲ့ မွေးမြူရေးလောက်တော့ သူတို့ လုပ် တတ်တယ်လေ။ ကျနော်တို့က စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အဓိက ထားမယ်။ ဘယ်သူ့ဆီမှာမှ လက်ဖြန့်ပြီး အလုပ် တောင်းစရာ မလိုဘူး။
မေး။ ။ မြေဧက ဘယ်လောက်ကို ရယူပြီးတော့ အရေအတွက် စုစုပေါင်းဆို ဘယ်နှစ်ဧကလောက် လုပ်သွားမှာလဲ။
ဖြေ။ ။ အခုလောလောဆယ် ကျနော်တို့ မြို့သစ်တည်ဖို့ပေါ့ဗျာ။ တကယ့် နေရာကောင်းကြီး။ ရန်ကုန်-ကျောက်ဖြူ ကား လမ်းနဲ့ ဘင်္ဂလားပင်လယ်အော်ကြားမှာရှိတဲ့ ဧက ၁ သောင်းခွဲကျော် ကျနော်တို့ ရထားပြီးပြီ။ SEZကို အနီးကပ်ဆုံး ဝန်း ရံထားတဲ့ နေရာမှာ စိုက်/မွေးဇုန် ဧက ၂ သောင်းကျော် ရထားပြီးပြီ။
မေး။ ။ စီမံကိန်းအတွင်းက လယ်သမားတွေရဲ့ မြေယာလျော်ကြေး ကိစ္စကျတော့ ဘယ်လို ပုံစံမျိုး ညိုနှိုင်းပြီး ဖြေရှင်း သွားမလဲ။
ဖြေ။ ။ သူတို့တွေနဲ့ ကျနော်တို့ တိုင်ပင်ထားတယ်။ သူတို့ ကျေးရွာတွေ၊ သူတို့ ယဉ်ကျေးမှုတွေ၊ ဘုရားကျောင်းကန်တွေ ကျနော်တို့ ဘာမှမထိဘူး။ ဖယ်လည်း မဖယ်ခိုင်းဘူး။ သူတို့ရွာက အလိုလိုနေရင်းနဲ့ မြို့ဖြစ်သွားမှာ။ နွေရာသီမှာ ရေရှား တာတို့ ဘာတို့ ခံစားစရာ မလိုတော့ဘူး။ လျှပ်စစ်မီးလည်း ရောက်မယ်။ အိမ်မှာနေရင်းနဲ့ ရေပိုက်ကို ဖွင့်ပြီး ရေသုံးလို့ရတဲ့ အဆင့်အထိ ကျနော်တို့ ဖန်တီးပေးမယ်။ ဒီမြေယာတွေနဲ့ ပတ်သက်လို့လည်းပဲ ကျနော်တို့ အသေးစိတ်တော့ မညှိရသေး ဘူး။
သိမ်းတာဆည်းတာ ပုံစံမျိုးကို ကျနော်တို့ မလုပ်ဘူး။ အားလုံးနဲ့ ညှိနှိုင်းပြီးတော့ အကောင်းဆုံး ဖြစ်အောင် ကျနော်တို့ လုပ် မယ်။ ကျနော်တို့က တခြား နစ်နာမှု ဖြစ်အောင် ဘာမှမလုပ်ဘူး။ လမ်းဖောက်ပေး လိုက်မယ်။ မီးသွယ်ပေးလိုက်မယ်။ ရေလွှတ်မြောင်းတွေ ဖောက်ပေးလိုက်မယ်။ စာသင်ကျောင်းတို့၊ သုဿာန်တို့၊ အများပြည်သူ အပန်းဖြေမယ့်နေရာတို့ ဖန်တီးပေး လိုက်ရုံပဲ။
ကျန်တာတွေက သူတို့မြေ သူတို့ ပိုင်တယ်လေ။ အခုနေ အတွင်းဘက်က လယ်ကွက်တကွက်ဆို ၁ သိန်းခွဲ ၂ သိန်းနဲ့ တောင် ဝယ်မယ့်လူ မရှိဘူး။ ဒါပေမယ့် မြို့ဖြစ်သွားတဲ့အချိန်မှာ ၁ ဧကကို သူတို့ ကျပ်သိန်း၂ သောင်းလည်း ရချင်ရမယ်။ ၃ သောင်းလည်း ရချင်ရမယ်ပေါ့ဗျာ။
မေး။ ။ နောက်တချက်က ရခိုင်ပြည်နယ်မှာ အခုဆိုရင် ပြည်တွင်း စစ်မီးတောက်နေတဲ့ အချိန်ဖြစ်တယ်။ ဒီလိုအချိန်မှာ ငြိမ်းချမ်းရေး ရရှိအောင် ဦးတည်လုပ်သင့်တဲ့ အချိန်အခါ ဖြစ်တယ်။ ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့အချိန် ဖွံ့ဖြိုးရေး လုပ်ငန်းကို လုပ်မယ်ဆိုတာက လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားအရ သိပ်ပြီးတော့လည်း အဓိပ္ပာယ် ကင်းမဲ့နေ သလိုဖြစ်တယ် ဆိုပြီးလည်း ဒေသခံတွေ အနေနဲ့ ထောက်ပြ ဝေဖန်တာ ရှိတယ်။ အဲဒီအပေါ်မှာ ဘယ်လို ပြောချင်ပါလဲ။
ဖြေ။ ။ အဲဒါက အလွဲအမှားဆုံးဗျ။ ငြိမ်းချမ်းရေးလုပ်ငန်းက အခု အနှစ် ၇၀ ကျော် ရှိပြီ။ နောက်ထပ် နှစ်ပေါင်း ၃၀၀ လည်း ကြာချင်ကြာဦးမယ်။ အဲဒါကို ငြိမ်းချမ်းပြီးမှ တိုင်းပြည်ကို ထူထောင်မယ် ဆိုတာကြီးက မဖြစ်နိုင်ဘူးလေ။ အကုန်လုံးက ဆင်းရဲလို့ ဖြစ်တာ။ အဲဒီလိုပြောမယ်ဆိုရင် အစ္စရေးနိုင်ငံက စစ်ပွဲတွေနဲ့ စပြီး ထူထောင်လာတာလေ။ အခုလည်း ကြည့် လေ။
ပြည်တွင်းစစ် အနေနဲ့ ရခိုင်ပြည်နယ်မှာ ဒီ SEZ စာချုပ်ချုပ်တဲ့နေ့က စပြီးတော့ အခုအချိန်အထိ သေနတ်သံ မကြားရဘူး လေ။ ဒါ လက်တွေ့ပဲ။ ဘာဖြစ်လို့ သေနတ်သံတွေ ကြားနေရလဲဆိုတော့ ပြည်သူတွေက မွန်းကျပ်လို့ ထွက်ပေါက်ရှာတာ လေ။ အဲဒီ မွန်းကျပ်တာတွေ မရှိဘူးဆိုရင် တိုက်ပွဲဆိုတာက သင်္ကြန်ရေ ကစားသလိုမှ မဟုတ်တာ။ အသက်နဲ့လဲပြီးတော့ ဖန်တီးရတဲ့ ကိစ္စတခုလေ။ ဘယ်သူမှ အကျိုးမရှိဘူး။
မေး။ ။ ကျနော်တို့ ကျောက်ဖြူမြို့နယ်သို့ သွားရောက်ပြီးတော့ ဒေသခံတွေနဲ့ တွေ့ဆုံတဲ့အခါ ကြားရတာ အရင် ဓာတ်ငွေ့ ပိုက်လိုင်း၊ ရေနံပိုက်လိုင်း စီမံကိန်းတွေကြောင့် ဒေသခံတွေ လယ်ယာမြေဆုံးရှုံးရတယ်။ မြေယာလျော်ကြေး ပြဿနာ ကလည်း အခုချိန်ထိ မရှင်းလင်းနိုင်တာတွေ ရှိတယ်။ အလုပ်အကိုင် အခွင့်အလမ်း ဆိုတာကလည်း အပြောပဲ ရှိတယ်။ လက်တွေ့မှာ စီမံကိန်း အနားတောင် ကပ်လို့ မရဘူး။ အခုလည်းပဲ အလားတူ ထပ်ဖြစ်လာမှာကို စိုးရိမ်ပူပန်မှုတွေ ရှိကြ တယ်။ ဒါမျိုးတွေ ထပ်မဖြစ်အောင် ဘယ်လို အာမခံချက်တွေ ပေးနိုင်လဲ။
ဖြေ။ ။ အဲဒီသတင်းတွေက အမှန်ရှိသလို၊ အမှားလည်း ရှိတယ်။ နောက်တခု အခြေအနေ မတူဘူး။ ပိုက်လိုင်းဆိုတာ မြေ ကြီးထဲမှာ မြှုပ်ပြီးရင် ပြီးသွားပြီ။ အခု SEZ ဆိုတာ တောက်လျှောက် မြေပြင်မှာ ဖွံ့ဖြိုးကြီးထွားလာမယ့်ဟာ။ ကွာခြားချက် တွေ ရှိတယ်။ ပိုက်လိုင်းက သယံဇာတတွေကို ရောင်းစားတာ။ SEZ က ဒေသကို အသုံးချတာ။ ကုန်ခမ်းသွားတဲ့အရာ မဟုတ်ဘူး။ ကျန်တာတွေ ကျနော်တို့အတွက် တန်ဖိုးကြီးတာတွေပဲ။
မြေယာလျော်ကြေး ဘာညာဆိုတာကိုလည်း ကျနော် အစည်းအဝေးမှာ အမြဲတမ်းပြောတယ်။ မြေယာလျော်ကြေး မရရှိတဲ့ လူတွေ ကျနော်တို့ အသင်းကို ပြောပါ။ မရရင် ကျနော်တို့ ရအောင် လုပ်ပေးမယ်။ မရရင် ကျနော်တို့ ဆက်လျော်မယ်။ အဲဒီ တော့ ဘယ်သူမှလည်း မလာဘူး။ ဒါတွေက လွဲမှားတဲ့ သတင်းတွေပေါ့နော်။ အခုလုပ်မယ့် SEZ မှာကျတော့ ကျနော်တို့ မြေယာ အစားထိုး တောင်းထားတယ်။ ဆိုလိုတာက လယ်သမား မိသားစုတစုက လယ်သုံး လေး ငါးဧကလောက်ကို မိသားစု သုံးလေးယောက်လောက်က နွား ၂ ကောင် ၊ သုံးကောင်လောက်နဲ့ ၈ လ ၊ ၉ လ နီးပါးလောက် လုပ်တယ်။ ပင် ပင်ပန်းပန်းနဲ့ လုပ်တယ်။
စာရင်းချုပ်လိုက်ရင် အရှုံးပေါ်တယ်၊ ပင်ပန်းတယ်။ လယ်သမားတွေ အကုန်လုံး မေးကြည့်။ ဘယ်သူမှ လယ်မလုပ်ချင်ဘူး။ မြေယာအစားထိုးပြီး စက်မှု လယ်ယာ ပြောင်းလိုက်ပြီးရင် အဲဒီအချိန် အိမ်မှာနေရင်းနဲ့ လက်ရှိ အခြေအနေထက် သာလွန် တဲ့ဟာတွေကို ကျနော်တို့ ဖန်တီးပေးမယ်။ ဒေသခံတွေ စိုးရိမ်တာကိုတော့ ကျနော်တို့ ကြိုဆိုတယ်။ ဒါပေမယ့် စိုးရိမ်တာ၊ တွန့်ဆုတ်တာ၊ မယုံကြည်တာ တခုတည်းနဲ့ ကျနော်တို့ နိုင်ငံ၊ ကျနော်တို့ ရခိုင်တွေ နာကျည်းမှုကို စမြုံ့ပြန်ပြီးတော့ တောက် တခေါက်ခေါက်နဲ့။ အခု ဒါကြောင့်မို့လို့ အခုလို ဖြစ်နေတာလေ။
အခု သတ္တိ ရှိရတော့မယ်။ ကမ္ဘာနဲ့ ကျနော်တို့က အဆက်အသွယ် လုပ်ရတော့မှာ။ အခု ကျနော်တို့က မီးခွက်လေး တခွက် လိုပဲ ဆီလည်း ခမ်းတော့မယ်၊ မီးလည်း သေတော့မယ့် အနေအထားကို ရောက်နေပြီဆိုတော့ ကျနော်တို့ ထွက်ပေါက်ရှာ ရမယ်။ ကမ္ဘာနဲ့ ချိတ်ဆက်ရတော့မှာ။ အခု ကမ္ဘာက အလို ရှိနေပြီလေ။ ကျနော်တို့တွေကို မပြောနဲ့ NOKIA လို ကုမ္ပဏီ ကြီး။ အဲဒီက CEO ဘာပြောလဲဆိုတော့ ကျနော်တို့ ဘာမှ အမှားမလုပ်ခဲ့ဘူး။ ဒါပေမယ့် ကျနော်တို့ ကျဆုံးတယ်တဲ့။
ဆိုလိုတာက ဒီလို အတတ်ပညာနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းသည် အရင်းအနှီးလည်း ရှိတယ်။ ကမ္ဘာ့ဈေးကွက်ကြီးကို လည်းပဲ သူတို့ ရောက်ခဲ့တယ်။ သူတို့ အမှား မလုပ်ရုံနဲ့ကို အောင်မြင်တယ်လို့ ပြောလို့မရဘူး။ သူတို့ထက်တော်တဲ့ လူတွေ၊ သူတို့ထက် တတ်တဲ့သူတွေ၊ နည်းပညာမှာ သာလွန်တဲ့အချိန်မှာ သူတို့ နောက်ကောက်ကျတာပဲ။ ဘာမှမလုပ်ဘဲ နဲ့ ဒီတိုင်းနေရင်းတော့ ကျနော်တို့ ရခိုင်ပြည်မှာ မြေလည်း ပျောက်မယ်။ လူမျိုးလည်း ပျောက်မယ်။ အဲဒီတော့ စိုးရိမ်ပြီး ဘာမှမလုပ်ဘဲ နေရင် ကမ္ဘာကျော် NOKIA လို ကုမ္ပဏီကြီးတောင်မှ မြောင်းထဲကို ရောက်တာဆိုတော့ ကျနော်တို့ ရခိုင် တွေ ထွက်ပြေးရတော့ မဆန်းဘူးလေ။
မေး။ ။ ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ပတ်သက်ပြီး သဘာဝ ပတ်ဝန်းကျင်နဲ့ လူမှုဝန်းကျင် အကျိုးသက်ရောက်မှု ရှိမရှိ ဆန်းစစ် လေ့လာချက် (EIA ၊SIA) ဆောင်ရွက်လုပ်ကိုင်ပြီးစီးမှု အခြေအနေကရော ဘယ်လိုရှိလဲ။ ဆရာတို့ သိရှိသ လောက် ရှင်းပြပေးစေချင်ပါတယ်။
ဖြေ။ ။ အဲဒါကတော့ အသေးစိတ်မသိဘူးဗျ။ ဒါပေမယ့် ရှင်းနေတာ တခုက ဒီ စာချုပ်ချုပ်တာ နိုင်ငံတကာ စံနှုန်းနဲ့ ချုပ် တာ။ အဲဒါကြောင့်မို့လို့ ဒီလောက်ကြာတာ။ ဒီဟာကို အသွားအပြန် နေပြည်တော်ကနေပြီးတော့ ဘေဂျင်းကို ပို့လိုက်၊ ဘေဂျင်းကနေ နေပြည်တော်ကို ပြန်ပို့လိုက်နဲ့၊ ကျနော်ထင်တာ ၁၀ ကြိမ်ထက်မနည်းဘူး။ သူတို့ နိုင်ငံတကာ မူဘောင်ထဲ ကို ဝင်အောင် သူတို့ ညှိတာပါ။ ဒါကြောင့်မို့လို့ မှားရင်တော့ တကမ္ဘာလုံး မှားတဲ့အမှားပဲ ဖြစ်မှာလေ။ ဒီကျောက်ဖြူ SEZ လုပ် တာမှာပဲ မှားတာတော့ မဖြစ်နိုင်ဘူး။
မေး။ ။၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်က ကျောက်ဖြူ အထူးစီးပွားရေးဇုန် အတွက် ကျောက်ဖြူ မြို့ပေါ်မှာ သင်တန်း တချို့ ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ အဲဒီ အခြေအနေလေး တချက် ရှင်းပြပေးပါ။
ဖြေ။ ။ အဲဒါကတာ့ လောလောဆယ်မှာ ကျယ်ကျယ်ပြန့်ပြန့်ကြီးတော့ မဟုတ်ဘူးပေါ့ဗျာ။ အင်္ဂလိပ် စကားပြောသင်တန်း၊ တရုတ်စကားပြော သင်တန်း၊ လျှပ်စစ်၊ လောလောဆယ်မှာ CITIC ကုမ္ပဏီရဲ့ ပံ့ပိုးမှုနဲ့ တနိုင်တပိုင် လုပ်နေကြတာလေး တွေ ရှိပါတယ်။ ဒါကတော့ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုတယ်လေ။ ဒီလောက်နဲ့တော့ မလုံလောက်ဘူး။ ဒါပေမယ့် အခု လုပ်ဖြစ်တယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။
မေး။ ။ ဆရာတို့ အများပိုင် ကုမ္ပဏီအနေနဲ့ရော လုပ်ငန်းတွေကို ဘယ်အချိန်လောက်စမယ်လို့ မျှော်မှန်းထားလဲ။
ဖြေ။ ။ အခု စာချုပ်ချုပ်ပြီးတာ ရက်ပိုင်းပဲ ရှိသေးတော့ ရုံးတွေ ဖွင့်ပြီး လုပ်ငန်း စတင်လုပ်ဖို့ကတော့ ကျနော်တို့မှာ အား မရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ မြို့ပြတခု ပုံစံထုတ်တာကို ဒေါ်လာသန်းနဲ့ချီပြီး ကုန်တာကိုး။ ကျနော်တို့ကတော့ အစိုး ရနဲ့လည်း ညှိမယ်။ တင်ဒါအောင်ထားတဲ့ CITIC ကုမ္ပဏီနဲ့လည်း ညှိမယ်။ ကျနော်တို့ကို ဘာတွေ ပံ့ပိုးနိုင်မလဲ၊ ဘာတွေ ကူ ညီနိုင်မလဲ။ ဘယ်တော့ စလုပ်နိုင်မလဲဆိုတာ အခုကတော့ နည်းနည်း စောသေးတယ်။ ဒီအစီအစဉ်ကို နောက်တလ၊ နှစ် လလောက်နေမှ စတင်နိုင်မယ်လို့ အဲဒီလိုပဲ မှန်းထားတယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ SEZ နဲ့ ပတ်သက်ပြီး ဘာများ ထပ်ပြီးတော့ ပြောချင်တာရှိလဲ။
ဖြေ။ ။ ကျနော် အရင်ဆုံး ပြောခဲ့သလိုပေါ့ဗျာ။ ကျနော်တို့ ရခိုင်တွေ စိုးရိမ်မှုက ရခိုင်ပြည်မှာ ရခိုင်မဟုတ်တဲ့ လူတွေ အများကြီး ရောက်လာရင် ရခိုင့်ယဉ်ကျေးမှု၊ ရခိုင်တွေ သွေးရောမှုတွေ အများကြီး ဖြစ်လာမယ်။ ဒါက ကျနော်တို့လည်း စိုး ရိမ်တယ်။ အဲဒီလို စိုးရိမ်တယ် ဆိုပြီးတော့ ကျနော်တို့က နေကြတာကနေ အခု ထွက်ပြေးရတော့မယ်။ နောက်ဒုက္ခသည် စခန်းကို ရောက်တော့မယ့် အနေအထားတွေကို ကျနော်တို့က တော်တော်လေး နီးကပ်နေပြီ။
နီးကပ်တယ်ဆိုတာက ကျနော်တို့ ကျောက်ဖြူအနေနဲ့ ပြောတာနော်။ မြောက်ပိုင်း အားလုံးမှာ ရှိတဲ့ စစ်တွေလိုမြို့ကြီးက လွဲပြီး ကျန်တာတွေ အကုန်လုံးက ဒုက္ခသည် စခန်းတွေ ဖြစ်သွားပြီ။ ဒီလောက် စိုးရိမ်ရတဲ့ အနေအထားမှာ ကျနော်တို့ ထွက်ပေါက် တခု မရှာလို့ မရတော့ဘူး။ ကျနော်တို့ မဖြေရှင်းလို့ မရတော့ဘူး။ အဲဒါက ဘာနဲ့တူလဲဆိုတော့ ရခိုင်ပြည် ဖွံ့ဖြိုး တိုးတက်ချင်ရင်၊ ရခိုင်တွေ အိမ်ပြန်လာချင်ရင် လုပ်ရမယ့်အလုပ်က ရခိုင်တွေ ကိုယ်တိုင် ပါဝင်ဖို့ လိုတယ်။
အဲဒါက ဘာနဲ့တူလဲဆိုတော့ ဘယ်လို အစားအစာ တခုကိုမဆို ပါးစပ်ပိတ်မှ မျိုချလို့ရတယ်။ ပါးစပ်မပိတ်ဘဲနဲ့ အဲဒီအစား အစာက ဗိုက်ထဲကို မရောက်ဘူး။ အဲဒီလိုပဲ ရခိုင်တွေ ကိုယ်တိုင်က လိုလိုလားလားနဲ့ ပူးပေါင်း ပါဝင်ပြီးတော့ ဒီဒေသ ဖွံ့ဖြိုး တိုးတက်ဖို့၊ ရခိုင်ပြည်ကို ရခိုင်တွေရဲ့လက်နဲ့ တည်ဆောက်လို့ ရဖို့အတွက် အရေးကြီးတာ စီပွားရေး အဆင်ပြေဖို့လိုတာ ကို။ မြို့နယ် တမြို့နယ်မှာ စက်ရုံ ၁ ရုံစီ ဆောက်ပေးရုံနဲ့ ရခိုင်ပြည်နယ် မတိုးတက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့ မှာ ဈေးကွက် မရှိဘူး။ အခြေခံ အဆောက်အအုံလည်း ဆင်းရဲတယ်။
အဲဒီတော့ ကျနော်တို့ သတ္တရှိရှိနဲ့ ရင်ဆိုင်ဖို့ပေါ့ဗျာ။ တခါမှ လက်ဝှေ့ မထိုးဖူးတဲ့လူကို စင်ပေါ်တက်ပြီး ထိုးခိုင်းရင် သူရှုံးမှာ ပဲလေ။ အဲဒီတော့ ကျနော်တို့ သားသမီး၊ မြေး၊ မြစ်တွေကအစ အခုအချိန်ကစပြီး စီးပွားရေးဆိုတဲ့ လက်ဝှေ့ပွဲကြီးကို ကျနော်တို့က အလေ့အကျင့် လုပ်ပေးရတော့မှာ။ ဒါကြောင့်မို့လို့ သွေးရောတယ်ဆိုတာကလည်း ကိုယ်က ယူချင်မှ ရတာ ကို။ ကိုယ်အရောခံချင်မှ ရောလို့ ရတာကို။
အခုလည်း ဘာဖြစ်မှာလဲ။ ရခိုင်အမျိုးသမီးတွေ၊ ရခိုင်အမျိုးသားလေးတွေ သွေးရောနေကြပြီပဲ။ ဒါက ရခိုင်ပြည်နယ်မှာ မနေနိုင်ကြလို့ ရောကုန်တာလေ။ ရခိုင်ပြည်နယ်ကို စီပွားရေး လုပ်ငန်းတွေ ရောက်လာလို့ သွေးရောတယ် ဆိုတာက သူ့ ဟာသူ ရောချင်လို့ ရောတာ။
ဆက်စပ်ဖတ်ရှုရန်
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ
ကျောက်ဖြူ စီမံကိန်းကြီးတွေက အကျိုးကျေးဇူးဆိုတာ ဒေသခံတွေအတွက် ဘာမှ မရှိသေးဘူး
တရုတ် သမ္မတ ခရီးစဉ်တွင် နားလည်မှု စာချွန်လွှာ ၃၃ ချက် လက်မှတ်ရေးထိုး