ရခိုင်ပြည်နယ် မြောက်ပိုင်းနေ မွတ်ဆလင်များကို လူမျိုးတုံး သတ်ဖြတ်သည်ဟု မြန်မာနိုင်ငံအား ဂမ်ဘီယာနိုင်ငံက စွပ်စွဲပြီး ကြားဖြတ်အစီအမံများ ချမှတ်ပေးရန် လျှောက်ထားမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) က ဇန်နဝါရီ ၂၃ ရက်နေ့က ဆုံးဖြတ်ချက် ချခဲ့သည်။
မြန်မာနိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ကြားဖြတ်အစီအမံ ၄ ချက်ကို ချမှတ်ခဲ့ရာ တရားရုံး၏ အဆိုပါ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ မတူညီသော သဘောထားအမြင်များကို ဧရာဝတီ သတင်းထောက်များက ဆက်သွယ် မေးမြန်းထားမှုများကို စုစည်း တင်ပြလိုက်ပါသည်။
ဦးအောင်ထူး (နိုင်ငံတကာလူ့အခွင့်အရေးရှေ့နေ)
ဥပဒေ အခြေခံ ၃ ချက်ပေါ် မူတည်ပြီး ချလိုက်တာပဲ။ ပထမအချက်က ဂမ်ဘီယာ တင်သွင်းတဲ့ အချက်ပေါ်မှာ အခြေခံ ပြီး တရားရုံးက လက်ခံလိုက်တဲ့အခါမှာ တရားရုံးက ဆက်လက်တွေ့ရှိတာက ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေး မစ်ရှင်က တင်ထားတဲ့ အစီရင်ခံစာ၊ နောက်တခါ ကုလသမဂ္ဂ အထွေထွေညီလာခံက တင်လိုက်တဲ့ ဆုံးဖြတ်ချက်တွေ ကို ပြန်ပြီး ကြည့်တဲ့အခါမှာ ဒီအမှုဟာ လက်ခံစစ်ဆေးနိုင်ဖို့ အကြောင်း အထောက်အထား ခိုင်လုံတယ်လို့ ဆုံးဖြတ် တယ်။ ဒုတိယအချက်က ဒီအမှုကို လက်ခံဆုံးဖြတ်လိုက်ခြင်း၊ ဆက်လက် စစ်ဆေးသွားခြင်းအားဖြင့် အမှုရဲ့ အရည် အသွေး အကျိုးအကြောင်း အဆိုးအကောင်းကို ဆုံးဖြတ်ချက် ချနိုင်လိ့မ်မယ်။
တတိယအချက်က အခုလက်ရှိ အချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာ ၆ သိန်းကျော် ဆက်ကျန်နေတယ်လို့ သိရတယ်။ သူတို့ဟာ အခုရရှိတဲ့ အချက်အလက်တွေအရ တကယ့်ကိုပဲ ထင်ထင်ရှားရှားနဲ့ ခြိမ်းခြောက်မှုတွေ ခံနေရ တယ်။ ဒီအမိန့် မချပေးဘူးဆိုရင် ပြုပြင်ကုစားလို့ မရနိုင်လောက်တဲ့ နစ်နာဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်တယ် ဆိုတဲ့ သုံး သပ်ချက် ၃ ရပ်အပေါ် အခြေခံပြီးတော့မှ provisional measures ၄ ချက်ကို ချလိုက်တာ ဖြစ်ပါတယ်။
ဒါ ကောင်းတဲ့လက္ခဏာပဲ။ သို့သော် မြန်မာနိုင်ငံ အစိုးရနဲ့ စစ်တပ်အာဏာပိုင်တွေက ဘယ်လောက်ထိအောင် လိုက်နာ မလဲ။ ဘယ်လို လိုက်နာမလဲဆိုတာကို စောင့်ကြည့်ရမှာပဲ။ အရင်တုန်းကလို ဒါ ငါတို့ အချုပ်အခြာ အာဏာပိုင်ဆိုတာနဲ့ ဒါကို မျက်စိမှိတ်ငြင်းမယ့်အစားကို တရားရုံး ဆုံးဖြတ်ချက်တွေကို တစုံတရာ လိုက်နာလိမ့်မယ်လို့ ယူဆရတယ်။ ဒီနေ့ အချိန်မှာ တကမ္ဘာလုံးက စောင့်ကြည့်တဲ့ အနေအထား ဖြစ်သွားပြီ။ တကမ္ဘာလုံးက သိသွားပြီ။ ပျံ့သွားပြီ။ မြန်မာနိုင်ငံက ဂျီနိုဆိုက်ကို ကျူးလွန်တဲ့နိုင်ငံ စာရင်းထဲမှာ တစိတ်တပိုင်း ရောက်သွားပြီ ပြောလို့ရတယ်။ ဒါ နိုင်ငံ့ ဂုဏ်သိက္ခာလည်း ထိခိုက်တယ်။ နိုင်ငံသားအားလုံး တိုင်းရင်းသားပြည်သူ အားလုံးရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်တယ်။
အဲဒီတော့ ဆရာတို့က တကယ့်အပြောင်းအလဲကို သွားသင့်ပြီ။ ဒီမိုကရေစီ ဟန်ဆောင်အပြောင်းအလဲကို ကျောခိုင်း သင့်ပြီ။ ဒီမိုကရေစီလို့ပြောပြီး စစ်တပ်က အုပ်ချုပ်နေတဲ့ဟာကြီးကို အမြစ်က တွန်းလှန်ပြီးတော့မှ စနစ်ကို အခြေခံ အားဖြင့် ပြောင်းဖို့ စဉ်းစားသင့်ပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တရပ် ပေါ်လာဖို့ လိုမယ်။ လွတ်လပ်ပြီး ဘက်မလိုက် ထက်မြက်တဲ့ အရပ်ဖက်ဆိုင်ရာ တရားစီရင်ရေးတရပ် အားကောင်းကောင်း ပြည်နယ်အဆင့်မှာရော ပြည်ထောင်စု အဆင့်မှာပါ ပေါ်လာဖို့ လိုတယ်။ အခွင့်အရေးကို လေးစားလိုက်နာတဲ့ လူ့အဖွဲ့အစည်းတရပ် ဖြစ်ဖို့လိုတယ်။ ICJ တရားခွင်မှာလည်း လူသားတွေရဲ့ တန်ဖိုးကို ရှင်းပြသွားတယ်။ ဒါ သိပ်ကောင်းတဲ့ဟာတွေပဲ။ အဲဒါတွေကို ဆရာတို့ နိုင်ငံသားတွေ တိုင်းရင်းသားပေါင်းစုံက လေးစားလိုက်နာ ဖော်ဆောင်ကြမယ်ဆိုရင် အပြောင်းအလဲကြီးတခုအတွက် အစတခုတော့ ဖြစ်နေမလားလို့ သုံးသပ်ချင်တယ်။
ဒေါက်တာမျိုးညွှန့် (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြောရေးဆိုခွင့်ရှိသူ)
ကျနော်တို့က နဂိုထဲကိုက အိုင်စီဂျေဟာ ကြားဖြတ်အမိန့် တချို့တဝက်ကို ချမှတ်လိမ့်မယ်လို့ သံသယ ရှိခဲ့ပါတယ်။ အခု ချမှတ်လိုက်တဲ့ အချက်တွေမှာ အဓိကက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများကို ဝင်ရောက်ခွင့်ပေးဖို့ နောက်ပြီး မြန်မာနိုင်ငံနဲ့ ဂမ်ဘီယာနိုင်ငံတို့က အခြေအနေ ပိုမိုဆိုးဝါးစေမယ့် အလုပ်များကို မလုပ်ဖို့ဆိုတဲ့ အချက်တွေ မပါဝင်ပါဘူး။ ဒါပေမယ့် မြန်မာနိုင်ငံက တင်ပြထားတဲ့ အချက်တွေကို ပယ်လိုက်တယ်။ နောက်ပြီး တရားရုံးရဲ့ သုံးသပ် ချက်က ကုလသမဂ္ဂက ဖွဲ့စည်းတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော နိုင်ငံတကာ အချက်အလက် ရှာဖွေရေးအဖွဲ့ FFM ရဲ့ အချက်တွေအပေါ် အထူး အလေးထားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်။ ကျနော်တို့ တင်ပြခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အခက်အခဲ၊ နိုင်ငံရေး အခြေအနေတွေ၊ လူမျိုးရေးအခြေအနေတွေ ထည့်သွင်း စဉ်းစားခြင်း မပြုဘူးလို့ ကျနော် သဘောပေါက်တယ်။
ဘယ်လိုဆုံးဖြတ်ချက်များပဲ ချသည်ဖြစ်စေ ကျနော်တို့က အကောင်းဆုံး ဆောင်ရွက်သွားမှာပါ။ အဓိက ဆောင်ရွက် ရမှာက အုပ်ချုပ်ရေးဖြစ်တဲ့အတွက် အုပ်ချုပ်ရေးပိုင်းက တိကျတဲ့ ကြေညာချက် ထွက်လာတဲ့ အပေါ်မှာတော့ ကျနော် တို့ ဘာမှ မှတ်ချက်မပေးနိုင်ဘူး။ အကျိုးသက်ရောက်မှုက ကျနော်တို့ တပ်မတော်နဲ့ ပတ်သက်ရင်၊ အစိုးရနဲ့ ပတ်သက် ရင် သတ်ဖြတ်မှုတွေ မဖြစ်ပွားအောင် အရင်ထဲက ပူးပေါင်းပါဝင်ကြမယ်ဆိုတာ ပြောထားပြီးသား ဖြစ်ပါတယ်။ အစီရင် ခံစာ တင်ပြပါအချက်တွေမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတော့ မရှိဘူးလို့ ကျနော်တို့ မျှော်လင့်ပါတယ်။
ဟာဂျီဦးအေးလွင် (ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင်)
မြန်မာပြည်အပေါ်မှာ ဘာတွေလုပ်ပါဆိုပြီး ပြောထားတာတွေ ရှိတယ်။ မြန်မာကလည်း အစောကတည်းက ပြောထား တဲ့ စွပ်စွဲချက်တွေဟာ လူ့အခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်မှုတွေ ရှိတယ်ဆိုတာ မှန်တယ်။ စစ်ရာဇဝတ်မှုတွေ ကျူး လွန်တယ်ဆိုတာ မှန်တဲ့အတွက်ကြောင့် ကျူးလွန်သူများကိုလည်း အရေးယူမယ်။ နောက်ထပ် ဒါတွေ မဖြစ်အောင် လည်း လုပ်မယ်လို့ ပြောထားတယ်။ ဒီထဲမှာ ဘုံ ဆုံချက်တွေက ရှိနေတယ်။ အဲဒီအတိုင်း လိုက်နာ ဆောင်ရွက်ပြလိုက် မယ်ဆိုရင် တိုင်းပြည်အတွက်လည်း ကောင်းသွားပါလိမ့်မယ်။
သူတို့က ၆ လတခါ အစီရင်ခံဖို့ ပြောတယ်။ ကျနော်တို့ မြန်မာပြည်လွတ်လပ်တဲ့ စုံစမ်းအဖွဲ့ကလည်းပဲ အဲဒီလို လုပ်ငန်း ဆောင်တာတွေကို အကောင်အထည်ဖော်တဲ့အခါ စောင့်ကြည့်ရမယ့် monitoring mechanism ကို ကျနော်တို့ ကိုဖီအာနန် ကော်မရှင်တုန်းကလည်း အကြံပြုခဲ့တာပဲ။ ဘယ်လောက်ထိ လုပ်တယ်ဆိုတာတွေကို စောင့်ကြည့်ရမယ် ဆိုတာ သေချာတိတိကျကျ လိုက်နာဆောင်ရွက်ဖို့ဆိုတဲ့ အစီအမံလေးတွေ ရှိတာပေါ့။ အဲဒီအတိုင်း ဆောင်ရွက်မယ်။ တိုးတက်မှုလည်း ရှိမယ်။ ဖြစ်နေတဲ့ လက်ရှိအခြေအနေနဲ့ တိုးတက်ပြောင်းလဲလာပြီဆိုရင် အားလုံးအတွက် အကောင်း ဖြစ်လာမှာပါ။
ဒါကတော့ ကြီးမားသော ပထမခြေလှမ်းလို့ ပြောလို့ရတာပေ့ါ။ ဒီမှာဖြစ်နေတဲ့ ကိစ္စရပ်တွေဟာ စုံစမ်းစစ်ဆေးမှု လိုအပ် တယ်ဆိုတာကို တိုက်ခိုက်မှုတွေ မဖြစ်ခင်ကတည်းကိုက ကိုဖီအာနန်ကော်မရှင်က နည်းနည်း သတိထားမိတယ်။ ဒါတွေကို စုံစမ်းစစ်ဆေးဖို့ လိုအပ်မယ်။ စုံစမ်းပါ စစ်ဆေးပါလို့တော့ ကျနော်တို့ မပြောဘူး။ အကြံပေးခဲ့တာပါ။ အဲဒီ အကြံပေးခဲ့တဲ့အတိုင်းပဲ အခု စုံစမ်းစစ်ဆေးမှုတွေက လုပ်လာပြီ။ တကယ် စုံစမ်းသင့်တဲ့ ကိစ္စတွေရှိတယ်ဆိုတာ တပ် မတော်ဘက်ကတောင်မှ အသိအမှတ်ပြုတဲ့အတွက် စုံစမ်းစစ်ဆေးတာကနေ အရေးယူဖို့ အထိတောင် ရှိလာပြီ ဆိုတော့ ဒီအဆိုးတခုကို ပြောင်းလဲပစ်ဖို့ဆိုတဲ့ ကြိုးပမ်းမှုတွေက ဘက်ပေါင်းစုံ ရှိနေတယ်ဆိုတာ တွေ့တဲ့အတွက် တိုင်းပြည် အတွက် ကောင်းတယ်လို့ ကျနော်ပြောတာ။
ဦးအောင်မျိုးမင်း (Equality Myanmar – ဒါရိုက်တာ)
ယာယီလုပ်ဆောင်ရမယ့် အချက်တွေကို ကြည့်တဲ့အခါ ICJ က တောင်းမှ လုပ်ရမယ့် တာဝန်တွေ မဟုတ်ဘူး။ လူ့ အခွင့်အရေးကို အမှန်တကယ် လေးစားတဲ့ ပြည်သူလူထုရဲ့ အခွင့်အရေးကို ကာကွယ်ပေးလိုတဲ့ အစိုးရတရပ် အနေနဲ့ ဒါကို လုပ်ဆောင်ပေးရမယ့် တာဝန်ရှိပါတယ်။ ICJ က ခိုင်းလို့ လုပ်ရတယ်ဆိုတဲ့ စိတ်မျိုးကို မထားဘဲနဲ့ လူ့အခွင့် အရေးကို လေးစားတဲ့ သက်သေပြသော အနေနဲ့ အစိုးရရဲ့ တာဝန်ကျေသော အနေနဲ့ လုပ်ဆောင်ပေးဖို့ အခွင့်အလမ်း တရပ် ဖြစ်လာပါတယ်။
တခုပိုသွားတာက ဒီလိုလုပ်ဆောင်တဲ့အချက်ကို ICJ ကို ၄ လအတွင်း တကြိမ် နောက်ပိုင်း ၆ လ တကြိမ် ပုံမှန် တင် သွင်းအစီရင်ခံရမယ့် လုပ်ထုံးလုပ်နည်းတခုတော့ တိုးသွားတာပေါ့။ ဒါကလည်း မြန်မာနိုင်ငံအတွက် အခွင့်အလမ်း တခုပဲ။ အစိုးရအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးနိုင်ဖို့ နောက်တခါ ထပ်မဖြစ်နိုင်ဖို့ ဘယ်လိုမျိုး ကာကွယ်ပေးနိုင်တယ် ဆိုတဲ့ဟာကို တရားဝင် တင်ပြ ရှင်းလင်းနိုင်မယ့် အခွင့်အလမ်းတရပ်လည်း ဖြစ်သွားတဲ့ အတွက် အကောင်းဘက်ကကြည့်ရင် နောက် ဘယ်တော့မှန်း မသိတဲ့ ဂျီနိုဆိုက်ကို သွားနိုင်မယ့် လမ်းကြောင်းတခု အတွင်းမှာ အတတ်နိုင်ဆုံး ပူးပေါင်း ဆောင်ရွက်တယ်ဆိုတာကို ပြနိုင်ဖို့ အခွင့်အလမ်းတရပ်လို့ ယူဆပါတယ်။
ပထမဆုံး သိဖို့လိုအပ်တာက ဒီကိစ္စတခုက ဂျီနိုဆိုက်ကို ကျူးလွန်တယ် မြောက်တယ် မမြောက်ဘူး ဆိုတဲ့အဆင့်ကို သူတို့ ရည်ရွယ်ပြီး ပြောဆိုတာ မဟုတ်ပါဘူး။ ဒီဟာက လက်ရှိအခြေအနေမှာ ဒီလိုမျိုးအချက်တွေ ရှိနေတဲ့အတွက် ဒါတွေကို လုပ်ဆောင်ပေးဖို့ ကြားဖြတ် ဒါမှမဟုတ် ချက်ချင်းလက်ငင်း လုပ်ဆောင်ရမယ့် အစီစဉ်ဖြစ်ပါတယ်။ ဒီအဆင့် အနေနဲ့ သိပ်ပြီး ဖိအားမရှိနိုင်ဘူး။ ဒါပေမယ့် ဒီအပေါ်မှာ အစိုးရက ဘယ်လိုမျိုး ရပ်တည်လဲဆိုတဲ့ အချက်ပေါ် မူတည် ပြီးတော့ နိုင်ငံတကာရဲ့ အရေးယူဆောင်ရွက်မှု ရှိလာနိုင်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှု ရှိလာတယ်။ တကယ် တိတိ ကျကျ ထင်ထင်ရှားရှားနဲ့ ဒီတောင်းဆိုချက် ဆုံးဖြတ်ချက်တွေကို လိုက်နာပါတယ်ဆိုတာ ပြနိုင်လာတယ်ဆိုရင် ကျူး လွန်ခဲ့တာ ရှိသည့်တိုင်အောင် လက်ရှိ အစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပါတယ်။ လူ့အခွင့်အရေးကို အမှန်တကယ် ကာကွယ်လိုတယ်ဆိုတာကို ပြသနိုင်တဲ့အတွက် နိုင်ငံတကာက အခုလိုမျိုး အရမ်းကြီး မတရားဘူး ဆိုတဲ့ပုံစံမျိုး အရမ်းကြီးဖိအားပေးနေတဲ့ အခြေအနေမျိုးကို တနည်းတဖုံ သက်သာသွားအောင် လုပ်ရာရောက်ပါတယ်။
ဒါမှမဟုတ်ဘဲ ဂရုမစိုက်ဘူး။ ဒါကတော့ ငါတို့ မလိုက်နာလည်း ရတယ်။ ICJ က မဖြစ်မနေ လိုက်နာရမယ့် ဟာမျိုး မဟုတ်ဘူးဆိုပြီး ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ဆိုပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ဒီထက်ပိုဆိုးရွားတဲ့ ပြစ် ဒဏ်တွေ အရေးယူမှုတွေ ဖြစ်လာနိုင်ပါတယ်။ ကျနော်ကတော့ ဒီကိစ္စတခုမှာ သူတို့ရဲ့ ဆုံးဖြတ်ချက်က မျှတတယ်လို့ ထင်တယ်။ ကျူးလွန်တယ် မကျူးလွန်ဘူးဆိုတဲ့ဟာကို သူတို့အနေနဲ့ ဘာမှမပြောထားဘူး။ ဒါပေမယ့် ဒါမျိုးဖြစ်နိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒါတွေကို ဒီထက် မဆိုးအောင် ဆက်လက်ထိန်းဖို့ တိုက်တွန်းထားတယ်။ ဒါက အစိုးရ အနေနဲ့ လိုက်နာနိုင်တဲ့ အချက်မျိုးလည်း ဖြစ်တယ်။ ဒါနဲ့ပတ်သက်လို့ အစိုးရက တာဝန်ယူမှု တာဝန်ခံမှု သက်သေပြဖို့ လမ်းကြောင်းပေးထားတဲ့အတွက် ၆ ချက်ထဲမှာ ဒီ ၄ ချက်ကတော့ နှစ်ဖက်လုံးအတွက် အသုံးပြုနိုင်တဲ့ နှစ်ဖက်လုံး အတွက် မျှတတယ်လို့ ကျနော် ယူဆပါတယ်။
ဒေါ်ထုမေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်– ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)
လက်ရှိ ကျမတို့နေထိုင်တဲ့ ကမ္ဘာကြီးက ဥပဒေတခုတည်းကို ကြည့်ပြီး ဆုံးဖြတ်ချက်ချလိုက်တယ်လို့ မမြင်ဘူး။ ဒီဟာ နိုင်ငံရေး သဘောတရားလည်း ပါတယ်လို့ ကျမအနေနဲ့ သုံးသပ်တယ်။ ထိခိုက်နစ်နာတဲ့ လူသားတွေရဲ့ အခွင့် အရေးကို ထိခိုက်နစ်နာတယ်လို့ တရားသူကြီးတွေက ခံယူတယ်။ သူတို့တွေရဲ့ ဆင်ခြင်တုံတရားမှာ ဒီလိုပဲ သုံးသပ် တယ်လို့ မြင်တယ်။ ဒါကြောင့် လက်ရှိအခြေအနေကနေ တရားမှု မတရားမှုဆိုတဲ့ အရာများသည် ဖြစ်ပေါ်စေတဲ့ အ ကြောင်းအရင်းထက် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ဦးစားပေးခဲ့တယ်လို့ မြင်တယ်။
တရားရုံးကို ရောက်ကြပြီဆိုရင်တော့ ဆိုးကျိုးကို ပိုပြီး ဦးတည်နိုင်ပါတယ်။ အခု အခြေအနေကနေ မြန်မာနိုင်ငံဘက်က နှစ်ခုတောင်းဆိုခဲ့ပေမယ့် အထမမြောက်ခဲ့ဘူး။ ဂမ်ဘီယာဘက်က ၆ ချက်မှာ ၄ ချက် အထမြောက်တယ်လို့ အတိအကျ စကားလုံးတွေ မတူပေမယ့်လည်း သဘောဆောင်တဲ့ သက်ရောက်မှုတွေရှိတယ်။ မြန်မာနိုင်ငံဘက်က ဒါတွေကို ၄ လအတွင်း၊ ၆ လအတွင်း လိုက်နာဆောင်ရွက်ရမယ်။ ဒါတွေကနေ တရားလိုဘက်က တောင်းဆိုတဲ့ များသောအားဖြင့် ပြည့်မြောက်ခဲ့တယ်လို့ သုံးသပ်လို့ရတယ်။
ဒီသုံးသပ်ချက်တွေကနေ မြန်မာနိုင်ငံအပေါ် Negative Impact သက်ရောက်နိုင်တယ်။ အထူးသဖြင့် ကျမတို့ မြန် မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး ကဏ္ဍတွေမှာ သံဝေဂ ယူရမယ့် ကိစ္စတွေဖြစ်တယ်။ ကမ္ဘာကြီးက အရမ်းကို မြန်မြန် ဆန်ဆန် ပြောင်းလဲနေပြီ။ ဒါကို အဲဒီလောက်ထိ မလိုက်ဘူး။ ကိုယ့်ရဲ့ အာဏာတွေကိုပဲ ဆုပ်ကိုင်ထားမယ်ဆိုရင် တိုင်းရင်းသားများရဲ့ အမျိုးသားရပိုင်ခွင့် ဖက်ဒရယ်ကိုတောင် နှစ် ၇၀ ကျော် တောင်းနေရတယ်။ ဒီအထောက် အထားမဲ့ ပြည်သူတွေ ဘယ်လောက်တောင် ညှဉ်းပန်း နှိပ်စက်ခံရသလဲဆိုတာ သူတို့ဆီမှာ လူ့အခွင့်အရေး ရှုထောင့်က အများကြီး ကြည့်သွားတယ်။
တရားရေးထက် ပြစ်မှုတခုသည် ဘာကြောင့် ဒီပြစ်မှု ဖြစ်ပေါ်လာသလဲ။ အမှုရဲ့ အသွားအလာထက် လူသားထိခိုက် နစ်နာမှုအပေါ်မှာ ICJ က ဆင်ခြင်တုံတရား ရောက်သွားတယ်လို့ မြင်တယ်။ ဘယ်သူမဆို၊ ဘယ်နိုင်ငံမဆို ဘယ် အကြောင်းပြချက်နဲ့မဆို လူသားအများကြီးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သွားအောင် လုပ်လို့ မရဘူး ဆိုတဲ့ သတင်းစကားကို ကျမတို့ နိုင်ငံကို ပေးလိုက်တယ်။ ကမ္ဘာကြီးကိုလည်း ပေးလိုက်တဲ့ ပုံစံမျိုး သုံးသပ်တယ်။ အတိုင်းအတာတခုထိ နိုင်ငံတကာက အားပေးမှု ကျဆင်းသွားနိုင်တယ်။ နောက်တခုက စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေ ရင်းနှီးမြှုပ်နှံမှုတွေ ဆုံးရှုံးသွားနိုင်တယ်။
ဦးစိုင်းလိတ် (ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေးမှူး)
၄ ချက်ထဲမှာ ဒုတိယအချက်ဖြစ်တဲ့ တပ်မတော်အပါအဝင် တပ်မတော်ထိန်းချုပ်မှုအောက်က အဖွဲ့အစည်းတွေ လက်နက်ကိုင်အဖွဲ့တွေက လူမျိုးသုဉ်းသတ်ဖြတ်မှု (သို့) အဲဒီလိုမျိုးဖြစ်အောင် စေ့ဆော်တာမျိုး လှုံ့ဆော်တာမျိုး မဖြစ်အောင် အစိုးရက ထိန်းချုပ်ရမယ်လို့ ပြောတယ်။ အစိုးရက ဘယ်လောက်အထိ ထိန်းချုပ်နိုင်မလဲဆိုတာ စိုးရိမ် ဖွယ်ရာဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်ဟာ အစိုးရရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိမနေဘူး။ အဲဒါ ကြောင့် ထိရောက်တဲ့ ထိန်းချုပ်မှု လုပ်နိုင်ပါ့မလားဆိုတာ သတိနဲ့စောင့်ကြည့်ဖို့ လိုပါလိမ့်မယ်။ ဒီအချက် ၄ ချက်ကို ချမှတ်လိုက်တဲ့အတွက် လူ့အခွင့်ရေးဆိုင်ရာ ချိုးဖောက်မှုတွေ လူအစုလိုက်အပြုံလိုက် ရွှေ့ ပြောင်းစေတာမျိုး ကိုယ်ထိ လက်ရောက် ကျူးလွန်တာမျိုး အစရှိတဲ့ လုပ်ငန်းတွေတော့ လျော့ပါးကောင်း လျော့ပါးသွားနိုင်ပါတယ်။
ဒါပေမယ့် တဖက်မှာ တပ်မတော်နဲ့ NLD အစိုးရပိုပြီး နီးကပ်သွားပြီးတော့ တိုင်းရင်းသားတွေလိုချင်တဲ့ ဖွဲ့စည်း ပုံပြင်တဲ့ နေရာမှာ တန်းတူညီမျှရေးကို အခြေခံတဲ့ ဖက်ဒရယ်စနစ်မျိုးကို ဦးမတည်ဘဲ ဗဟိုချုပ်ကိုင်မှုလျှော့ချရေး (decentralized) လောက်ပဲ လုပ်မှာကို တချက်စိုးရိမ်ရပါတယ်။ တပ်မတော်ကိုယ်၌က ၂၀၀၈ ကို ပြင်လိုစိတ် အာသီ သ ပြင်းပြင်းပြပြမရှိဘူး။ NLD ကိုယ်၌ကလည်း decentralized လုပ်မယ်ဆိုပြီး ကြွေးကြော်ထားတဲ့ အနေအထားမျိုးမှာ ပဲ ရှိတာပေါ့။ အခုလိုမျိုး ICJ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဦးနှစ်ဖက် ပိုပြီး နီးကပ်သွားတယ်ဆိုရင် ဒါ တိုင်းရင်းသားတွေ ရဲ့ မျှော်မှန်းချက်က ပိုပြီး ဝေဝါးသွားနိုင်ပါတယ်။
တခြားကတော့ ငြိမ်းချမ်းရေးဆိုင်ရာ ညှိနှိုင်းတဲ့ လုပ်ငန်းတွေမှာ တပ်မတော်ဘက်က သဘောထား ပိုပျော့ပြောင်းလာ နိုင်တာပေါ့။ ဒါကတော့ အကောင်းဘက်က ရှုမြင်ရတာ။ နောက်တချက်က လူမျိုးရေးဆိုင်ရာ ကိစ္စတွေ အမုန်းတရား အပေါ် အခြေခံပြီး ပြောဆိုနေတာမျိုး လုပ်နေကိုင်နေတာမျိုးကို ဒီထက်ပိုပြီးတော့ ထိန်းချုပ်လာနိုင်တယ်။ ပိုပြီးတော့မှ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြောဆိုဆောင်ရွက် လုပ်ကိုင်လာနိုင်တာပေါ့။ ဒီလိုမျိုးတွေတော့ ရှိလာနိုင်ပါတယ်။
ဒေါက်တာနန္ဒလှမြင့် (ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ – ပြောရေးဆိုခွင့်ရှိသူ)
ကျနော်တို့ နိုင်ငံတကာ တရားရုံးမှာ တရားစွဲခံရပြီ ဆိုကတည်းက ကောင်းတာ ဘာမှမရှိဘူး။ တသက်လုံး တရားစွဲ ခံခဲ့ရတာ မဟုတ်ဘူး။ ဒါဟာ ကျနော်တို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာ မဟုတ်ဘူး။ နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေတယ်။ တရားစွဲခံရတဲ့ အကြောင်းအရာကလည်း လုပ်ကြံစွပ်စွဲ ထားတဲ့ တဖက်သက် စွပ်စွဲချက်တွေနဲ့။ FFM ကို ကျနော်တို့ လက်မခံထားဘူး။ အစိုးရ အသိအမှတ်ပြု မထားဘူး။ ဒီအဖွဲ့ရဲ့ ထုတ်ပြန်ချက်အပေါ် အခြေခံပြီး မမှန်မကန် လုပ်ကြံဖန်တီး၊ စွပ်စွဲထားတဲ့ အချက်တွေအပေါ် အခြေခံပြီး ကျနော်တို့ နိုင်ငံ တရားစွဲခံရတာ။ ဒီလိုအမိန့်ချမယ်ဆိုတာ ကျနော်တို့ ကြိုမြင်ပြီးသား။ ဘာဖြစ်လို့လဲဆိုတော့ ဒီဇာတ်က ဆင်ထားတဲ့ ဇာတ်ကြီး ဖြစ်နေတာကိုး။
သို့သော်လည်း ဖြစ်လာမှတော့ ရှောင်လွှဲလို့ မရရင် ရင်ဆိုင်ရမှာပေါ့။ ဒီနေရာမှာ သူ့ကြောင့်၊ ငါ့ကြောင့်၊ သူ အသုံးမ ကျလို့၊ ငါ အသုံးမကျလို့ ဆိုတာထက် နိုင်ငံသားတွေအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နိုင်ငံတကာဖိ အားတွေကို ရင်ဆိုင်တွန်းလှန်ရမယ့် အချိန်ရောက်ပြီလို့ပဲ ပြောချင်တယ်။ နောက်တခုက ကျနော်တို့နိုင်ငံမှာ မရှိတဲ့ ရို ဟင်ဂျာလူမျိုးဆိုတဲ့ အသုံးအနှုန်းကို အရင်ဆုံး အပြင်းအထန် ကန့်ကွက်ရမယ်။ ကျနော်တို့ သမိုင်းမှာ ရိုဟင်ဂျာမရှိဘူး။ ခေတ်အဆက်ဆက် အင်္ဂလိပ်အစိုးရ လက်ထက်က ကောက်ယူခဲ့တဲ့ သန်းခေါင်းစာရင်း မှတ်တမ်းတွေမှာလည်း မရှိခဲ့ ဘူး။
ဒီလို နှစ်ဘက်ရှေ့နေတွေက နိုင်ငံတကာ တရားရုံးမှာ ရိုဟင်ဂျာနာမည်သုံးပြီး လူမျိုးစုလိုက် သတ်ဖြတ်ခံရမှု မဖြစ်အောင် ကြိုတင်တားဆီးပါဆိုတဲ့ ကြားဖြတ်အမိန့်ကို လက်ခံခြင်း၊ မခံခြင်းက ဒုတိယ။ လောလောဆယ် ရိုဟင်ဂျာ မရှိဘူးဆိုတာ အရင်ဆုံး ပြတ်ပြတ်သားသား ပြောရမယ်။ မဟုတ်ရင် ဒီစကားလုံးသုံးရင်းနဲ့ လူမျိုးစု ရှိတယ်ဆိုတာ ကျနော်တို့ လက်ခံလိုက်ရလိမ့်မယ်။ ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် လက်ခံလိုက်ရင်၊ အသိအမှတ်ပြုလိုက် တာနဲ့ ကမ္ဘာအရပ်ရပ်မှာ ရှိနေတဲ့ ရိုဟင်ဂျာ ခေါင်းစဉ်တပ်ထားတဲ့ ဘင်္ဂါလီတွေ အကုန်လုံး ကျနော်တို့ နိုင်ငံကို ပြန်ရောက်လာ လိမ့်မယ်။
အမိန့်ချတာလည်း တရားမျှတမှု၊ မှန်ကန်မှု မရှိလို့ ကျနော်တို့ လိုက်နာစရာမလိုဘူး။ သူတို့ စွပ်စွဲတာ မမှန်ကန်ဘူး ဆိုတာ ကမ္ဘာသိအောင် လုပ်ရမယ်။ လူမျိုးစုလိုက် သုတ်သင်တယ်ဆိုတာ ကျနော်တို့ လုပ်တာ မဟုတ်ဘူး။ ကျနော်တို့ အစိုးရနဲ့ တပ်မတော်က လုပ်တယ်ဆိုရင် ထွက်ပြေးစရာ ၇ သိန်းတွေ ဘာတွေတောင် ရှိမှာမဟုတ်ဘူး။ အကုန်လုံး အသတ်ခံရမှာ။
တကယ်တမ်း အသတ်ခံရတာက ကျနော်တို့ နိုင်ငံသား မွတ်ဆလင်၊ ဟိန္ဒူဘာသာဝင်တွေ ရာနဲ့ချီ ယောကျ်ား လိင် အင်္ဂါ အဖြတ်ခံရ၊ မိန်းမတွေဆိုရင် ရင်သားဖြတ်ပြီးတော့မှ မြေမြှုပ်ခံရတာတွေကို ARSA အကြမ်းဖက်အဖွဲ့က လုပ်ခဲ့ တာ။ လူမျိုးတုံး သတ်ဖြတ်မှုကို ARSA က လုပ်ခဲ့တာ။ ဒီဖြစ်စဉ် အမှန်တွေကို ကမ္ဘာသိအောင် ကျနော်တို့ အစိုးရရော၊ နိုင်ငံသားတွေကရော၊ မီဒီယာတွေကရော ငါတို့လုပ်ခဲ့တာမဟုတ်ဘူး။ ARSA ကလုပ်တာ။ ငါတို့ကို မတရား စွပ်စွဲတာ ဆိုတာ ချေဖျက်ပြရမယ်။ အခုချမှတ်တဲ့ ဆုံးဖြတ်ချက် ၄ ခုကို လက်ခံဆောင်ရွက်ပါမယ်လို့ ပြောလိုက်တာနဲ့ ကျနော်တို့ လူမျိုးတုံး သတ်ဖြတ်ပါတယ်ဆိုတာ ဝန်ခံသလို ဖြစ်လိမ့်မယ်။ ARSA က ကျနော်တို့ နိုင်ငံသားတွေ ကို လုပ်တာ မပေါ်ဘူး။ ဖော်ပြမယ့်သူ မရှိဘူး။ လက်ခံဆောင်ရွက်လိုက်တာနဲ့ ကျနော်တို့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်း စွပ်လိုက်သလို ဖြစ်ပြီ။
You may also like these stories:
ကြားဖြတ် အစီအမံများ မြန်မာ လုပ်ဆောင်ရန် ICJ တရားရုံး ချမှတ်
မလုပ်ပါဘူး မရှုပ်ပါဘူးဆိုပြီး ငြင်းဆန်မှုကြောင့် နိုင်ငံတကာဖိအားတွေ ပိုတိုးလာတာ
ဂမ်ဘီယာကို အာဆာအဖွဲ့ ခေါင်းဆောင် ကျေးဇူးတင်