ပြီးခဲ့သည့် ဇန်နဝါရီ ၁၇ ရက်က တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။ တရုတ်က အကောင်အထည် ဖော်နေသော ၂၁ ရာစု ပိုးလမ်းမ စီမံကိန်း လက်အောက်ရှိ တရုတ်-မြန်မာစီးပွားရေး စင်္ကြန်နှင့် သက်ဆိုင်သော နားလည်မှု စာချွန်လွှာများ အပါအဝင် စာလွှာပေါင်း ၃၃ ခုကို ၎င်း၏ ၂ ရက်ကြာ ခရီးစဉ်အတွင်း နှစ်နိုင်ငံမှ တာဝန်ရှိသူများ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။
စာချွန်လွှာ ၃၃ ခု အနက် “မန္တလေးတိုင်းနှင့် ယူနန်ပြည်နယ်ကြား မြန်မာ့စီးပွားရေး စင်္ကြန် ပူးတွဲ တည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်း ဆောင်ရွက်မှု နားလည်မှု စာချွန်လွှာ” လည်း တခု အပါအဝင်ဖြစ်သည်။
အဆိုပါ စာချွန်လွှာကို မူကြမ်း စတင်ပြုစုသည့် အဆင့်မှ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် လက်မှတ်ရေးထိုးသည်အထိ တာဝန်ယူခဲ့သော မန္တလေးတိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးလည်း ဖြစ်သူ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် ပူးတွဲ ကော်မတီ-ဒေသအဆင့် ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းအဖွဲ့ဝင် တဦးလည်း ဖြစ်သည့် ဦးမြတ်သူအား အဆိုပါ နားလည်မှု စာချွန်လွှာနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံမေးမြန်းထားပါသည်။
မေး။ ။ ဆရာက မန္တလေးတိုင်းနဲ့ ယူနန်ပြည်နယ်ကြား ဒေသန္တရဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု နားလည်မှု စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့တယ်လို့ သိရပါတယ်။ ဒီစာချွန်လွှာမှာ အဓိက ဘယ်အချက်တွေ အခြေခံတယ်ဆိုတာ အရင် သိပါရစေ။
ဖြေ။ ။ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်အောက်မှာပဲ မန္တလေးတိုင်းနဲ့ ယူနန်ပြည်နယ် ဘက်စုံပူးပေါင်း ဆောင်ရွက်ရေး တွေ လုပ်နိုင်ဖို့ MOU (နားလည်မှု စာချွန်လွှာ) ထိုးတာ ဖြစ်တယ်။ အဓိကကတော့ ကဏ္ဍ ငါးခုကို အခြေခံထားတယ်။ (၁) ယူနန်ပြည်နယ်နှင့် မန္တလေးတိုင်းအတွက် ပေါ်လစီရေးရာ ညှိနှိုင်းဆောင်ရွက်မှု၊ (၂) အခြေခံ အဆောက်အအုံများ ချိတ်ဆက်မှု၊ (၃) ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ (၄) ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု၊ (၅) ပြည်သူ အချင်းချင်း အပြန်အလှန် ဖလှယ်မှု ဆိုတဲ့ ကဏ္ဍတွေ ဖြစ်တယ်။ ဒါက စီးပွားရေး စင်္ကြန်ရဲ့ မူဘောင်အောက်ကဆိုတော့ ချဲ့နိုင်သမျှ ချဲ့လို့ရတဲ့ အနေအထားမျိုးမှာ ရှိပါတယ်။
မေး။ ။ အဲဒီနားလည်မှု စာချွန်လွှာကို တရုတ်နိုင်ငံက ဘယ်ဌာနနဲ့ လက်မှတ် ရေးထိုးခဲ့ရတာပါလဲ။
ဖြေ။ ။ အစက သူတို့(တရုတ်)ဘက်က လျာထားတာ ယူနန်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ဒုတိယ အုပ်ချုပ်ရေးမှူးနဲ့ ထိုးဖို့ပဲ။ ပြီးတော့မှ ဘယ်လို အစီအစဉ် ပြောင်းသွားလဲ မသိဘူး။ တကယ်တမ်း လက်မှတ်ထိုးတော့ ယူနန်ပြည်နယ် အစိုးရ ပါတီ အတွင်းရေးမှူးနဲ့ ထိုးလိုက်ရတယ်။ သူက ပိုအဆင့်မြင့်တဲ့ သဘောမှာ ရှိတယ်။
မေး။ ။ MOU မှာ ဘာအချက်တွေကော နောက်ထပ် ပါပါသေးလဲ ဆရာ။
ဖြေ။ ။ MOU နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က မှာထားတာတခု ရှိပါတယ်။ ဒီ လုပ်ငန်းတွေ မပြီးမချင်း သတင်းပေါက်ကြားမှု မရှိစေဖို့ပါပဲ။ အဲဒီတော့ အခု ဒီ MOU ကိစ္စဆိုလည်း ပြည်ထောင်စု စီးပွားရေး ကော်မတီ၊ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ မန္တလေးတိုင်း အစိုးရအဖွဲ့ပဲ သိပါတယ်။ မန္တလေးတိုင်း အစိုးရအဖွဲ့မှာတောင် ဝန်ကြီးချုပ်က လွဲပြီး ကိုယ့်အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေတောင် အသေးစိတ် အခုထိ မသိရသေးပါဘူး။ ဒါတွေကို ထုတ်ပြန်ရမယ့် အချိန် တခု ရောက်မှသာ ပေးသိမှာပါ။ ပြီးမှ ပြည်သူကို ချပြမှာပါ။
မေး။ ။ အခုက MOU ထိုးပြီးသွားပြီ ဆိုတော့ ရှေ့ဆက်ဘာတွေ လုပ်ဖို့ ရှိပါသလဲ။
ဖြေ။ ။ MOU ထိုးပြီးသွားပြီ ဆိုတော့ စီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ သဘောတူညီမှု စာချုပ် (Memorandum of Agreement- MOA) ထိုးဖို့ ဆက်လုပ်ရမှာပေါ့။ အဲဒါပြီးမှသာ သက်ဆိုင်တဲ့ ကဏ္ဍအလိုက် နှစ်ဖက် သဘောတူညီမှု ရထားတဲ့ လုပ်ငန်း ဆောင်ရွက်မှုကို စလို့ ရမယ်။
မေး။ ။ အဲဒါဆို ဘယ်တော့လောက် MOA ထိုးနိုင်မယ်လို့ မှန်းထားပါသလဲ။
ဖြေ။ ။ ဒါကတော့ သူတို့(တရုတ်)ဘက်က အကြောင်းပြန်လာပါလိမ့်မယ်။ အဲဒီကျမှ လိုအပ်တာတွေ ဆက်လုပ်ရမှာပါ။ အခုက ပြောဖို့ စောပါသေးတယ်။ ပြီးတော့ MOA ထိုးရင်လည်း ကိုယ်လုပ်နိုင်တဲ့၊ ကိုယ်ပြင်ဆင်ပြီးတဲ့ အပိုင်းအလိုက်၊ ကဏ္ဍအလိုက်ပဲ ထိုးသွားဖို့ အစီအစဉ် ရှိပါတယ်။ ကဏ္ဍ ၅ ခုကို အားလုံးပြုံပြီး တပြိုင်နက်တည်း လုပ်သွားမှာမျိုး မဟုတ်ပါဘူး။ ဟိုဘက်ဒီဘက် တန်းတူဖြစ်နိုင်မယ့် လုပ်နိုင်မယ့် အရာတွေကစပြီး အပိုင်းလိုက် ဆောင်ရွက်သွားဖို့ ရည် ရွယ်ပါတယ်။
မေး။ ။ အဲဒါဆို MOU ရဲ့ သက်တမ်းက ဘယ်နှစ်နှစ်လဲ ဆိုတာကော ပြောလို့ရမလား ဆရာ။
ဖြေ။ ။ MOU သက်တမ်းက အနည်းဆုံး ၅ နှစ်လို့ အကြမ်းဖျင်း သတ်မှတ်ထားတယ်။ သက်တမ်းကို ပြင်မယ်ဆိုရင် ပြင်ချင်တဲ့ ဘက်က အနည်းဆုံး ၆ လကြို အကြောင်းရမယ်လို့လဲ စာချုပ်မှာ ထည့်ထားတယ်။
မေး။ ။ MOU ရဲ့ အခြေခံတဲ့ ကဏ္ဍငါးခုမှာ တခုဖြစ်တဲ့ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်မှု ဆိုတာ ယူနန်ပြည်နယ် ဘက်က ချေးငွေ အထောက်အပံ့လို ကိစ္စမျိုးကော ပါပါသလား။
ဖြေ။ ။ MOU ကို ပြည်ထောင်စု စီးပွားရေး ကော်မတီကို မတင်ခင် ကျနော်တို့ ပြည်ထောင်စုဝန်ကြီးက ဒီကိစ္စ မေးတယ်။ ဘဏ္ဍာရေး ပူးပေါင်း ဆောင်ရွက်မှုဆိုတာ ငွေကြေး (ချေးငွေ) ကိစ္စမျိုးတွေ ပါလားဆိုတာမျိုး။ ဒါမျိုးတွေ မပါဘူး ဆိုတာ ရှင်းပြခဲ့ဖူးတယ်။ အဲဒီတော့ အကျဉ်းချုပ်ပြောရရင် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းလို ကဏ္ဍတွေ၊ ငွေကြေး မူဝါဒဆိုင်ရာ ကဏ္ဍတွေမှာ ပူးပေါင်း ဆောင်ရွက်မယ့်ဟာမျိုးကို ရည်ရွယ်တာပါ။
မေး။ ။ အခု ရေးထိုးလိုက်တဲ့ MOU အရ မန္တလေးတိုင်းအတွက် ဘာတွေ အကျိုးရလာနိုင်မလဲ။ စိန်ခေါ်မှုတွေကရော ဘာဖြစ်မလဲ ဆိုတာ ပြောပြပေးပါဦး။
ဖြေ။ ။ မန္တလေးတိုင်းက ယူနန်ပြည်နယ်နဲ့ MOU ထိုးလိုက်ပြီ။ MOU ဆိုတာက လက်မှတ်ထိုးပြီးသွားရင် အဲဒီအပေါ်မှာ အခြေခံထားတဲ့ သဘောတူထားတဲ့ အချက်တွေကို မလုပ်လို့တော့ မရတော့ဘူး။ အလျှော့အတင်း ညှိနှိုင်းလို့ ရပေမယ့် မလုပ်ဘူး ဆိုပြီးတော့ ငြင်းလို့တော့ မရတော့ဘူး။ ဒါကို ကျနော်တို့ ပြည်သူတွေ သိထားဖို့ လိုအပ်ပါတယ်။
ဘာတွေ အကျိုးရလာနိုင်မလဲ ဆိုရင်တော့ ဒီစီးပွားရေး စင်္ကြန်ကြီးကို မှီပြီး ပြည်သူတွေ လုပ်စားလို့ ရတာတွေ အများ ကြီးပဲ။ ဥပမာ- ကုန်သွယ်ရေးပဲ ကြည့်လိုက်။ ကျနော်တို့ ဘာတွေ ကုန်သွယ်ကြမလဲ၊ သူတို့နိုင်ငံက ဘာတွေကို လိုအပ်သလဲဆိုတာကို ဈေးကွက်အကြိုက် လေ့လာ စူးစမ်းပြီး တို့လုပ်နိုင်သလောက် လုပ်လို့ရမယ်။ အဲဒီလို မဟုတ်ဘဲ ဒီလမ်းကြောင်းကြီးကနေ သူတို့ သယ်လာသမျှ ပစ္စည်းတွေပဲ ကျနော်တို့က ဝယ်သုံးကြမှာလား။ ကိုယ်တိုင်က ရောင်းဖို့ စိတ်ကူး မရှိကြတော့ဘူးလားပေါ့။
စိန်ခေါ်မှုကတော့ လက်ရှိအစိုးရအနေနဲ့က တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို သွားနေတယ်။ အဲဒီတော့ အားလုံးက တပြိုင်နက်တည်း ညီညီညာညာ ရှေ့တိုးလုပ်ရင်တော့ ကျနော်တို့ လုပ်နိုင်လိမ့်မယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကိုယ့်လူမျိုးတွေ နာလိမ့်မယ်။ ဒါကြောင့် ကိုယ်ခံကောင်းအောင် လုပ်ထားဖို့လိုပြီ။
မေး။ ။ ဆရာ ခုနက ပြောသလို ကိုယ့်လူမျိုးတွေက ကိုယ်ခံအားကောင်းဖို့ လိုတယ်ပေါ့။ အဲဒီလို ကိုယ်ခံအားကောင်းဖို့ဆိုရင် သတင်းအချက်အလက်တွေ သိပြီး ကြိုတင်ပြင်ဆင်မှုတွေ ရှိမှသာဖြစ်မှာမလား ဆရာ။ ဒါပေမယ့် MOU တွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်မှာကြားချက်နဲ့ကျ လမ်းချော်သလို ဖြစ်မနေဘူးလား။
ဖြေ။ ။ ကိုယ့်ပြည်သူလူထုကို သိသင့်တဲ့ အချိန်ကျ ပေးသိမှာပါ။ အခုကတော့ အဆင်သင့်မဖြစ်သေးဘဲ ချပြပြီး တယောက်တပေါက် ဖြစ်မယ့်အစား အားလုံးအဆင်သင့်ဖြစ်မှ ပြည်သူကို ချပြပြီး လိုအပ်တာတွေ လမ်းပြပေးတာ ပို ကောင်းမယ်လို့ တွက်ဆထားပုံ ရပါတယ်။
မေး။ ။ ဆရာက MOU မူကြမ်း ပြုစုတာကနေ လက်မှတ်ထိုးတဲ့အထိ တာဝန်ယူခဲ့တာ ဆိုတော့ ဒါနဲ့ ပတ်သက်ပြီး ဘာတွေ အခက်အခဲ ရှိခဲ့သလဲ။
ဖြေ။ ။ အခက်အခဲတော့ ထွေထွေထူးထူး မရှိခဲ့ပါဘူး။ နဂိုကတည်းက အကြီးအကဲတွေ မှာထားတဲ့ အတိုင်း တဖက်က အဆိုပြုလာတဲ့ အရာတွေက ကိုယ့်နိုင်ငံ၊ ကိုယ့်တိုင်းရင်းသား အကျိုးစီးပွား ထိခိုက်နိုင်တာတွေ ဘာပါသလဲဆိုတာ သေချာလေ့လာ နားထောင်ပြီး ကာကွယ်နိုင်အောင် စဉ်းစားပြီးမှ လုပ်ပါလို့ မှာထားခဲ့တာ။
ဒါကြောင့်လည်း စီမံ/ဘဏ္ဍာ ပြည်ထောင်စုဝန်ကြီးက ငွေကြေးကိစ္စ ပါလားလို့ မေးခဲ့တာ။ ပါရင် ဒါက အလကားပေး တာလား၊ ချေးငွေလားဆိုတာ တိတိကျကျ သေသချာချာသိဖို့ လိုတယ်။ အဲဒီလိုမှ မဟုတ်ရင် တဖက်က ကိုယ့်ဆီလာ ပြီး ကိုယ်က အရေခွံ စုတ်ခံရသလို ဖြစ်သွားမယ်လေ။ အဲဒီလိုမျိုးတွေ မဖြစ်ဖို့၊၂ ဖက် အကျိုးစီးပွားမျှဖို့ ဂရုတစိုက်နဲ့ ရေးဆွဲခဲ့တဲ့ MOU လို့ ပြောနိုင်ပါတယ်။
You may also like these stories:
တရုတ် ရှီအန်းမြို့နှင့် မန္တလေးမြို့တို့ ညီအစ်မ မြို့တော် အဖြစ် လက်မှတ်ထိုးရန် စီစဉ်နေ
တရုတ်စီမံကိန်းများ အခိုင်အမာ စတင်အကောင်အထည်ဖော်ရန် ရှီကျင့်ဖျင် တောင်းဆို
မြန်မာကို ချိနဲ့ပြီး မတည်ငြိမ်ဖို့ တရုတ် ဗျူဟာတကျ ရည်ရွယ်သလား
တရုတ်သမ္မတ၏ မြန်မာပြည် ခရီးစဉ်နှင့် နယ်စပ်ကုန်သွယ်ရေး မျှော်လင့်ချက်