အခြေခံ ဥပဒေအရ ပြင်မယ် မပြင်ဘူး ဆိုတာ တပ်မတော်အပေါ်ပဲ မူတည်နေတယ်

ထွန်းထွန်း
မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း / မိုးမိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ပူးပေါင်းကော်မတီက ပြင်ဆင်ရေး မူကြမ်းနှစ်ရပ်ကို ဇန်နဝါရီ ၂၇ ရက်က ပြည်ထောင်စု လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

ပြင်ဆင်ရေး ဥပဒေ မူကြမ်း၂ ခုမှာ ပုဒ်မပေါင်း ၁၀၀ ကျော် ပါဝင်ပြီး တပ်မတော်ကို အာဏာလျော့ချဖို့၊ နိုင်ငံပိုင်ပစ္စည်း ရယူ သုံးစွဲနေသူတွေကို ရွေးကောက်ခံခွင့် မပေးဖို့၊ အငြင်းပွားနေကြတဲ့ ပုဒ်မ ၅၉(စ)ကို ပယ်ဖျက်ဖို့၊ နောက်ကြောင်းပြန် အရေး မယူရေး ဆိုတဲ့ ပုဒ်မကို ပယ်ဖျက်ဖို့ အစရှိတဲ့ ပြင်ဆင်ချက်တွေလည်း ပါဝင်နေပါတယ်။

ထို ပြင်ဆင်၊ ပယ်ဖျက်ရန် အဆိုပြုချက်များနှင့် ပတ်သက်ပြီး လွှတ်တော်အမတ် တယောက်ရဲ့သဘောထား အမြင်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းနဲ့ ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။

မေး။ ။ ပုဒ်မ- ၁၂၁(ဋ) ပြင်ဆင်ဖို့ အဆိုပြုချက် အရ နိုင်ငံပိုင်ပစ္စည်း ရယူသုံးစွဲထားတဲ့ သူဆို ရွေးကောက်ပွဲ ဝင်လို့ မရ တော့တဲ့ သဘောလား ခင်ဗျာ။

ဖြေ။ ။ ဟုတ်ပါတယ်။ နိုင်ငံတော်ပိုင်တဲ့ ပစ္စည်းတွေကို ဥပဒေအရ ဖြစ်စေ၊ တာဝန်အရ ဖြစ်စေ၊ ငွေကြေးနဲ့ ငှားပြီးတော့ ဖြစ် စေ သုံးစွဲရယူထားတဲ့သူတွေက ရွေးကောက်ခံလို့ မရတော့ဘူးဆိုပြီး ကန့်သတ်တဲ့ သဘောပေါ့။ နိုင်ငံပိုင် ပစ္စည်းတွေ၊ အဆောက်အအုံနဲ့ ယာဉ်တွေကို သုံးစွဲနေတယ်ဆိုတဲ့ အစွပ်စွဲခံထားရတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂိုလ်တွေ ရှိတယ်ပေါ့နော်။ အဲဒီလူတွေကတော့ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မကိုသာ ပြင်လို့ရခဲ့မယ်ဆိုရင် ရွေးကောက်ပွဲကို ဝင်ပြိုင်လို့ မရဘူးဆိုတဲ့ သဘောပါ။

မေး။ ။ ပုဒ်မ-၄၄၅ ပေါ့။ ပယ်ဖျက်ဖို့ အဆိုပြုချက်ပေါ့၊ ပြဿနာရှိတဲ့ ဟာပေါ့။ ဒါကို ပယ်ဖျက်လိုက်နိုင်ရင် နောက်ကြောင်း ပြန်တရားစွဲတာတွေ လုပ်နိုင်မလား၊ ဘယ်လို ဥပဒေတွေ ရှိသလဲ၊ ဘာကြောင့် ပယ်ဖျက်ဖို့ လုပ်တယ်ထင်သလဲ။

ဖြေ။ ။ ဒါက နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရော၊ ရှေ့က န.ဝ.တ အစိုးရရော မရှိတော့တဲ့ အ တွက် မလိုအပ်တော့ဘူး ဆိုတဲ့ သဘောမျိုးနဲ့ ပယ်ဖျက်တာမျိုးလည်း ဖြစ်နိုင်တယ်၊ နောက်တခုက ပြည်သူတွေက တရားစွဲ နိုင်ဖို့ လုပ်သလား ဆိုတာပေါ့နော်။ မူရင်းမှာ အရေးကြီးတာတခုက အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက် များအား အကြောင်းပြုလျက် တရားစွဲခွင့် မရှိဆိုတာပေါ့။ တာဝန်အရလို့ ပြောထားတဲ့အတွက် တာဝန်အရ လုပ်ခဲ့တာကိုပဲ အကာအကွယ် ပေးထားတာ။ တာဝန်အပြင်က လုပ်တဲ့ လုပ်ငန်းတွေ အကာအကွယ် မရဘူး။

ဥပမာ- အဖွဲ့ဝင် တယောက်ယောက်က အဂတိ လိုက်စားပြီး အရမ်း ချမ်းသာနေတယ်ဆိုရင် ဖွဲ့စည်းပုံအရလည်း အကာ အကွယ် မရနိုင်ဘူး။ တာဝန်မဟုတ်ဘဲ လုပ်ထားတာတွေကို အရင်ကတည်းက ဖွဲ့စည်းပုံအခြေခံ ဥပဒေက အကာအကွယ် မပေးထားတဲ့ သဘောပဲ။ အဲဒီတော့ ဒါကို ပယ်ဖျက်လိုက်လည်း သိပ်ပြီး ထိခိုက်စရာ မရှိပါဘူး။ အခုက တစုတဖွဲ့ကိုပဲ အကာအကွယ် ပေးထားသလို ဖြစ်နေတဲ့အတွက် ပယ်ဖျက်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ပြည်သူအားလုံး အပေါ်မှာ သက်ရောက်ရပါမယ်။

မေး။ ။ ဝေဖန်မှုတွေ ရှိနေတဲ့ ပုဒ်မ ၅၉(စ)ကို ဘာကြောင့် ပယ်ဖျက်ဖို့ ထည့်သွင်းထားလဲ။ ၅၉(ခ) ရှိရင် လုံလောက်ပြီ ထင် လား။

ဖြေ။ ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို စပြီးတော့ ရေးဆွဲ ကတည်းက ၅၉(စ)ကို ထည့်ခြင်းသည် နိုင်ငံတော် အကျိုးစီးပွား အတွက် ထည့်တာနဲ့စာရင် ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ပြီးတော့ ကန့်သတ်တယ်ဆိုတာ အဲဒီကတည်းက အစဉ် တစိုက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ကန့်ကွက်ခဲ့တယ်။

အာဏာရပါတီ ဖြစ်လာပြီး ဖွဲ့စည်းပုံကို ပြင်ဖို့ ကြိုးစားတဲ့ အခါမှာလည်း ဆက်ပြီးတော့ ပယ်ဖျက်ဖို့ ကြိုးစားတယ်လို့ပဲ ကျနော်တို့က ယူဆတယ်။ ဒီ ပုဒ်မက မည်သူ တဦးတယောက်ကိုမှ မရည်ရွယ်ဘူးလို့ ရေးဆွဲခဲ့တဲ့ စစ်အစိုးရက ကြွေး ကြော်ခဲ့ပေမယ့် ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်ခဲ့တာလို့လည်း ယူဆတယ်။

ဘာကြောင့်လဲ ဆိုတော့ အတိုင်ပင်ခံပုဂ္ဂိုလ် သမ္မတဖြစ်ဖို့ ကန့်သတ်နေတဲ့ အထဲမှာ ခင်ပွန်းဖြစ်တဲ့သူ နိုင်ငံခြားသား မဖြစ်ရ ဘူးဆိုတဲ့ အချက်ပေါ့နော်။ ဒါက နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီးတယ် ဆိုပေမယ့် အတိုင်ပင်ခံရဲ့ခင်ပွန်းက ကွယ် လွန်သွားပါပြီ။ ကွယ်လွန်သွားတဲ့ သူတယောက်က ဘယ်လိုလုပ် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်အောင် လုပ်နိုင်မှာလဲ။ ဒါ ကို ထည့်ပြီး စဉ်းစားသင့်တယ်။ ဒါနဲ့ ကန့်သတ်ထားတော့ ပြည်သူလူထုက ရွေးချယ်လိုက်တဲ့ ခေါင်းဆောင်တယောက် က နိုင်ငံရဲ့အကြီးအကဲ ဖြစ်ခွင့်မရတော့ဘူး။ ဒါကို ကျနော်တို့ မလိုလားပါဘူး။

နောက်ပြီး ၅၉(စ)နဲ့ (ခ)ကတော့ နည်းနည်းလေးတော့ ကွာပါတယ်။ ၅၉(ခ)မှာက တိုင်းရင်းသားက မွေးဖွားတဲ့ နိုင်ငံသား ဖြစ်ရမယ်လို့ ဆိုထားတဲ့အတွက် လုံလောက်ပြီပေါ့နော်။ တိုင်းရင်းသား ဖြစ်ဖို့ဆိုတာက ၁၃၅ မျိုးထဲ ပါရမယ်။ မိဘ၂ ပါးလုံး ကလည်း မြန်မာနိုင်ငံမှာ မွေးတဲ့ တိုင်းရင်းသားက လာတဲ့ နိုင်ငံသား ဖြစ်ရမယ်ဆိုတော့ အနည်းဆုံး မြန်မာနိုင်ငံမှာ တတိ ယ မျိုးဆက်လောက်မှာ နေထိုင်ခဲ့တဲ့ တိုင်းရင်းသား စစ်စစ် ပုဂ္ဂိုလ်တွေပဲ သမ္မတ ဖြစ်ခွင့်ရမှာပေါ့နော်။

၅၉(စ) မှာ ကျတော့ မဆိုင်တဲ့ ဟာတွေကိုပါ ကန့်သတ်တဲ့ သဘောဖြစ်နေတယ်။ ဥပမာ-သားသမီးလည်း နိုင်ငံခြားသား မဖြစ်ရဘူး ဆိုတာက အသက်ပြည့်ပြီးသား သားသမီး တယောက် သူ့ဆုံးဖြတ်ချက်နဲ့သူ လုပ်တဲ့ ကိစ္စတွေကို မိဘတွေကို လာပြီး ထိခိုက်တယ် ဆိုတာက သိပ်ပြီးတော့ မဆီလျှော်ဘူး။ သူ့ဟာသူ နိုင်ငံခြားသားနဲ့ ရလို့ပဲဖြစ်ဖြစ်၊ နိုင်ငံခြားမှာ နေလို့ပဲ ဖြစ်ဖြစ် တခြားနိုင်ငံသား ခံယူတာက မိဘနဲ့တော့ ဘာမှ မဆိုင်ပါဘူး။ သွားတားလို့လည်း မရဘူး။ မိဘတွေ မနိုင်တဲ့သား သမီးတွေလည်း အများကြီးပါပဲ။

နောက်ပြီး သူတို့ရဲ့ ခင်ပွန်း(သို့) ဇနီးတွေလည်း နိုင်ငံခြားသား မဖြစ်ရဘူး ဆိုတာကလည်း လက်ရှိကို ပြောချင်တာလား၊ အရင်က ဟာကို ပြောတာလား။ တချို့ဆို အိမ်ထောင်၂ ဆက်၊ ၃ ဆက်တွေ ရှိနေတယ်လေ။

မေး။ ။ တပ်မတော်က အရေအတွက် အသာရနေတဲ့ ကာ/လုံကို ပြင်ဖို့ တင်ပြချက်ကိုရော ဘယ်လို မြင်ပါသလဲ။

ဖြေ။ ။ ပြင်ဖို့အတွက် အဆိုပြုချက်မှာက နယ်စပ်ရေးရာ ဝန်ကြီးပါတာကို ပေးမပါတော့ဘဲ လုံးဝ ဖြုတ်လိုက်မယ် ဆိုတော့ ပြင်နိုင်ရင် မူလ ၁၁ ဦး ရှိတာကနေ ကာ/လုံမှာ ၁၀ ယောက်ပဲ ကျန်တော့မယ်။ အဲဒီမှာ ၁၀ ဦးမှာ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော် ဒု ဥက္ကဋ္ဌ ၂ ဦးကို ထပ်ထည့်မယ် ဆိုထားတော့ စုစုပေါင်း ၁၂ ဦး ဖြစ်လာမှာပေါ့။ အဲဒီမှာ အရပ် ဘက်က ၇ ဦး ရှိလာမှာ ဖြစ်ပြီး တပ်မတော်ဘက်က ၅ ဦး ဖြစ်သွားမှာပေါ့။

မေး။ ။ တပ်မတော်နဲ့ ပတ်သက်တဲ့ ပြင်ဆင်ဖို့ အဆိုပြုချက်တွေမှာလည်း တပ်မတော်ကို အာဏာလျော့ချထားတဲ့ သဘော ဆိုတော့ အချုပ်ပြောရရင် တပ်မတော်ကို သမ္မတအောက် ဆွဲထည့်တဲ့ သဘောလား ခင်ဗျာ။

ဖြေ။ ။ ဆွဲထည့်တယ် ဆိုတာထက် နိုင်ငံတကာမှာလည်း တပ်မတော် ဆိုတာက သူ့ပရော်ဖက်ရှင်နယ်နဲ့သူ ရှိတယ်။ သူ့ တာဝန်သူ ထမ်းတယ်။ အခုက တပ်ကိစ္စတွေကို ဝင်စွက်ဖို့ လုပ်တာ မဟုတ်ဘူး။ သို့သော် တပ်ကို ပြည်သူတွေက ပေးတဲ့ အမိန့်ကို နိုင်ငံ့ဝန်ထမ်းတယောက်က ထပ်မံ အမိန့်ပေးရမယ် ဆိုတဲ့ သဘောပါပဲ။ အခုလည်း တပ်မတော်ကို နိုင်ငံရေးက နေ လုံးဝ ပ ထုတ်ထားတာ မဟုတ်ဘူး။

လွှတ်တော်ထဲမှာလည်း တပ်မတော်ရဲ့ကိစ္စတွေကို တင်ပြဖို့ ၅ ရာခိုင်နှုန်း အထိ ပေးထားတာပဲ။ နောက်ပြီး တပ်မတော်က စိုးရိမ်တဲ့ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာရင်လည်း သမ္မတကပဲ ဦးဆောင်ပြီး ရှင်းရမှာ။ နိုင်ငံတကာမှာလည်း ဒီလိုပါ ပဲ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ကျတော့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အကုန်ချုပ်ကိုင်ပြီးတော့ လွှတ်တော်တွေရော၊ တရားစီရင်ရေးရော၊ အုပ်ချုပ်ရေးရော အကုန်ဖြုတ်ချနိုင်တယ်။ သူကပဲ ဦးဆောင်မယ် ဆိုတာက မဖြစ်သင့်ပါဘူး။ သမ္မတကပဲ ဦးဆောင်ရမယ်ဆိုတဲ့ သဘောပါပဲ။

မေး။ ။ စစ်ဘက် တရားရုံးနဲ့ ပြည်ထောင်စု လွှတ်တော် တရားရုံးချုပ် ကိစ္စ ပြင်ဆင်ချက်ပေါ့နော်။ ဒါက အရပ်ဘက်နဲ့ စစ် ဘက်က ဖြစ်လာရင် အရေးယူမှုကို မကျေနပ်တဲ့အခါ အရပ်ဘက် တရားရုံးကို အယူခံနိုင်တဲ့ သဘောလား။

ဖြေ။ ။ အဲဒါက ICJ တရားရုံးမှာ ကျနော်တို့ သွားရောက် ဖြေရှင်းတဲ့အခါ တော်တော်လေး ပြဿနာတက်တဲ့ ကိစ္စပေါ့နော်။ စစ်ဘက်ဆိုင်ရာ တရားရုံးတွေ အပေါ်မှာ နိုင်ငံတကာက ယုံကြည်မှု မရှိဘူး။ နိုင်ငံတကာမှာ တရားစီရင်ရေး စနစ်က တခုပဲ ရှိတယ်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမြင့်ဆုံး ဖြစ်ရမယ်ပေါ့။ အမေရိကန်မှာဆို Superme Court ပေါ့။ တပ်မတော်တွင်း ကိစ္စရပ်တွေကို စစ်ဘက် တရားရုံးက စီရင်တာကတော့ စီရင်ခွင့် ရှိပါတယ်။ အခုကလည်း အရပ်သား တွေက တပ်မတော်သားတွေကို တရားစွဲချင်လို့ ဒီပုဒ်မကို ပြင်တာ မဟုတ်ပါဘူး။

တပ်မတော်သားတွေ ကိုယ်တိုင်က နစ်နာတာတွေ ရှိတယ်။ တခါတရံ စည်းကမ်းနဲ့ မညီဘဲ ထုတ်ပယ်လိုက်တာမျိုး၊ ပြင်း ထန်တဲ့ ပြစ်ဒဏ် ချမှတ်ခံရတာမျိုးတွေမှာ အခုက ကာကွယ်ရေး ဦးစီးချုပ်ဆီမှာပဲ အယူခံက ဆုံးနေတယ်။ ဒီပုဒ်မကို ပြင် လိုက်ရင် ပြည်သူတွေက တပ်မတော်သားတွေကို တရားစွဲတာထက်စာရင် တပ်မတော်သားတွေ ကိုယ်တိုင်က သူတို့ ကျခံ ရတဲ့ ပြစ်ဒဏ်တွေ၊ မတရားမှုတွေကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှာ ဥပဒေရေးရာ ကျွမ်းကျင်တဲ့ တရားသူကြီး တွေ ရှေ့မှောက်မှာ အယူခံခွင့် ရလာမယ်။ ဒီအတွက် ရည်ရွယ်ပြီး ပြင်တာလို့ ထင်ပါတယ်။

မေး။ ။ ဒီလိုမျိုး တပ်မတော်ရဲ့ အခန်းကဏ္ဍများစွာကို လျော့ချဖို့ အဆိုပြုချက်တွေကရော ဘယ်လောက်အထိ အောင်မြင် မယ်လို့ ထင်သလဲ။

ဖြေ။ ။ အောင်မြင်မယ်၊ မအောင်မြင်ဘူး ဆိုတာက ကျနော်တို့ကို မေးတာနဲ့စာရင် တပ်ဘက်ကို မေးတာက ပိုပြီးတော့ ဆီ လျှော်ပါတယ်။ ဘာကြောင့်လဲဆိုတော့၂၀၀၈ ဖွ့ဲစည်းပုံ အခြေခံ ဥပဒေအရ တပ်မတော်ကပဲ ပြင်နိုင်တဲ့ သော့ကို ကိုင်ထား တာ ဖြစ်တဲ့အတွက်ကြောင့် ပြင်မယ် မပြင်ဘူး ဆိုတာ တပ်မတော် အပေါ်ပဲ မူတည်နေတယ်။ ကျနော်တို့ NLD ဘက်က လွှတ်တော် ကိုယ်စားလှယ်တွေ အကုန်လုံးကတော့ ဒီအချက်တွေကို ပြင်ဖို့ တညီတညွတ်တည်း လက်မှတ်ထိုးပြီးတော့ ပြည်ထောင်စု လွှတ်တော်ကို တင်ထားပြီးပြီ။

မေး။ ။ ပုဒ်- ၃၅၉ နဲ့ ၃၇၆ ရဲ့ ပြင်ဆင်ချက်ကရော ရဲဘက်စခန်းတွေကို ပိတ်ဖို့ ဆိုလိုတာလား။ ဘယ်လိုကြောင့်လိ့ု ထင်သ လဲ။

ဖြေ။ ။ မဟုတ်ဘူး ခင်ဗျ။ အရင်တုန်းက န.ဝ.တ ခေတ်နဲ့ မ.ဆ.လ ခေတ်တွေမှာ ကြုံတဲ့ နိုင်ငံတော်ကနေ ခိုင်းတယ် ဆိုတဲ့ ပေါ်တာ သဘောကို ပြောတာ။ လုပ်အားပေး ဆိုပြီး လုပ်စေတာတွေပေါ့။ အဲဒါတွေက ခေတ်နဲ့ မလျော်ညီတော့ဘူး။ ဒါကို ပြင်လိုက်ရင် အများပြည်သူ အကျိုးအတွက် ဆိုပြီး နိုင်ငံတော်ကနေ ပြည်သူ တယောက်ကို ခိုင်းလို့ မရတော့ဘူးပေါ့နော်။ ခိုင်းမယ်ဆိုရင် ဝန်ထမ်း ဖြစ်စေ၊ ပိုက်ဆံ အခကြေးငွေ ပေးပြီးတော့ပဲ ဖြစ်စေ ခိုင်းလို့ပဲ ရတော့မယ်။

နိုင်ငံတော်ကနေ ဥပဒေနဲ့အညီ တာဝန်ချပြီးတော့ မင်း ဒါကို လုပ်ရမယ်ဆိုပြီး အများပြည်သူကို ခိုင်းခွင့် မရှိတော့ဘူး။ ဒါက နိုင်ငံတကာ အလုပ်သမား အဖွဲ့အစည်း ILO ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့လည်း ငြိစွန်းတယ်လေ။ အဲဒါကြောင့် ဒီစာသားကို ဖြုတ် ပစ်တာ ဖြစ်မှာပါ။

ပုဒ်မ ၃၇၆ မှာကျတော့ အရင်တုန်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်ချ ခဲ့တဲ့ ဥပဒေလို ဟာတွေ၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်တယ် ဆိုပြီး လူတယောက်ကို အရင်တုန်းက အကျယ်ချုပ်ချထားလို့ ရတယ်။ အရေးပေါ် စီမံမှု ဥပဒေတို့၊ နိုင်ငံတော်အား ဖျက်စီး နှောင့်ယှက်လိုသူများမှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတို့ အဲဒီဟာ တွေက ပယ်ဖျက်လိုက်ပြီးပြီ။ လူတယောက်ကို တရားရုံးက အမိန့်မချဘဲနဲ့ အစိုးရက ဖမ်းဆီးပြီးတော့ပဲ ဖြစ်ဖြစ် ၂၄ နာရီ ထက် ပိုပြီး ချုပ်နှောင်လို့ မရတော့ဘူး ဆိုတဲ့ သဘောပါ။

အရင်တုန်းက နေအိမ် အကျယ်ချုပ် တနှစ်ချပြီးရင် ၆ နှစ် တိုးသွားခွင့် ရှိတယ်။ အခု ပြဋ္ဌာန်းချက်က နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အများပြည်သူ အကျိုးအလို့ငှာ ဆိုပြီးတော့ အစိုးရကနေ ဖမ်းဆီးခွင့် ရှိတယ်ဆိုတဲ့ ဥပဒေတွေကို ကာကွယ်ဖို့ ဆိုပြီးတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ထည့်ဆွဲခဲ့တာ။ အခု ညီတယ် ဆိုတဲ့ သဘောကို လုပ်ထားတာပေါ့။ အခု ဒီအချက်ကို ပယ်ဖျက်ဖို့ လုပ်ထားတဲ့ အတွက် ပြင်ခွင့်ရခဲ့ရင် ဥပဒေ အတိုင်းပဲ အစိုးရ အပါအဝင် မည်သူမျှ လူတယောက်ကို၂၄ နာရီထက် ပိုပြီးတော့ ဖမ်းဆီး ချုပ်နှောင်ခွင့် မရှိတော့ဘူး။

မေး။ ။ လွှတ်တော် ကိုယ်စားလှယ် တာဝန်က ရုပ်သိမ်းတဲ့ ကိစ္စမှာလည်း တိုင်ကြားဖို့ အရေအတွက်ကို ၁ ရာခိုင်းနှုန်းကနေ ၂၀ ရာခိုင်နှုန်းဆိုပြီး တိုးထားတာကလည်း ကိုယ်စားလှယ်တွေကို အကာအကွယ် ပေးတဲ့ သဘောမျိုးလား။

ဖြေ။ ။ ဒါက ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ ၅၀ ရာခိုင်နှုန်း အထက်နိုင်မှ ကိုယ်စားလှယ် ဖြစ်ခွင့်ရတာပေါ့။ ဒါကို မကျေနပ် တဲ့ အုပ်စုတွေ၊ အတိုက်အခံတွေ ဘက်ကတော့ အမြဲတမ်း ၁ ရာခိုင်နှုန်း ဆိုတာက ရှိနေမှာပဲ။ ဘာကြောင့်လဲ ဆိုတော့ ရှုံး တဲ့သူကလည်း သုည ရာခိုင်နှုန်းနဲ့ ရှုံးတာမှ မဟုတ်တာ၊ အနည်းဆုံးမဲ ကတော့ ရှိနေတာပဲ။ ဒါကြောင့် ၁ ရာခိုင်နှုန်းက တိုင်ကြားတိုင်း စုံစမ်း စစ်ဆေးတာတွေ လုပ်မယ်ဆိုရင် လွှတ်တော် ကိုယ်စားလှယ်ရဲ့ အနေအထားက မတည်မငြိမ် ဖြစ် လာနိုင်တယ်။

ဒါကြောင့် ၂၀ ရာခိုင်နှုန်းဆိုပြီး ပြင်ဖို့ လုပ်တာပါ။ လွှတ်တော် ကိုယ်စားလှယ်ကို ကာကွယ်တာ မဟုတ်ပါဘူး။ ဒီလိုသာ ခဏခဏ တိုင်နေကြမယ်ဆိုရင် ကိုယ်စားလှယ်လည်း ဂုဏ်သိက္ခာ ကျသလို သူ့ကို မဲပေးထားတဲ့ ပြည်သူ လူထုကို စော် ကားသလိုလည်း ဖြစ်နေမှာ စိုးလို့ပါ။၂၀ ရာခိုင်နှုန်းဆိုတာက နှစ်ဖက်လုံး မျှတယ်လို့ ပြောလို့ ရပါတယ်။

မေး ။ ။ ပြင်ဆင်ချက် မူကြမ်းမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွေနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် တွဲပေးလိုက်တာတွေ ပါ လာတယ်ပေါ့။ ဒါက အာဏာ ကျင့်သုံးခွင့် အညီအမျှပေးတဲ့ သဘောလား။ ဘယ်လိုမျိုး ထင်မြင် ယူဆပါသလဲ။

ဖြေ။ ။ ဒီပြင်ဆင်ချက်တွေက နည်းနည်းတော့ ရှုပ်ထွေးတယ်။ ကျနော့် ယူဆချက် အရလည်း ပြင်ဆင်တဲ့ အပေါ်နဲ့ အောက် နည်းနည်း ဆန့်ကျင်နေသလို ဖြစ်နေတယ်။ ပုဒ်မ ၁၈၈ ကို ပြင်ဖို့ ကြိုးစားတဲ့ နေရာမှာ နောက်ဆက်တွဲ ဇယား ၃ နဲ့ ၅ ကို ထည့်ဖို့ လုပ်တယ်။ ဇယား ၃ က ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိတဲ့ တိုင်းနဲ့ဒေသ ဦးစီးအဖွဲ့ ပြဋ္ဌာန်းခွင့် ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းထားတာ။ လက်ရှိ တည်ဆဲအရက ဇယား ၃ မှာ ဖော်ပြထားတဲ့ ဥပဒေတွေကို တိုင်းနဲ့ပြည်နယ်တွေက ပြဋ္ဌာန်းခွင့် မရှိဘူး၊။ ဒါကို ပြင်လိုက်နိုင်ရင် သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိတဲ့တိုင်းနဲ့ ဒေသ ဦးစီး အဖွဲ့ကပဲ ပြဋ္ဌာန်းခွင့် ရှိတဲ့ ဥပဒေတွေကို ပြဋ္ဌာန်းခွင့် ရသွားမယ့် သဘောပေါ့။

အဆိုးဘက်က ကြည့်ရင်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေက အရင်က နည်းနည်း လွတ်လွတ်လပ်လပ် ပြဋ္ဌာန်းခွင့်ရှိ တဲ့ ဥပဒေတွေ ပြဋ္ဌာန်းလို့ ရနေတာကနေ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေကို ခွဲပေးရတဲ့ သဘောပေါ့။ အဲဒီ လို မကြည့်ဘဲနဲ့ အကောင်းဘက်က ကြည့်ရင်လည်း ဥပဒေပြုဖို့ အခက်အခဲ ဖြစ်နေတာတွေကို တိုင်းနဲ့ပြည်နယ် လွှတ် တော်တွေက စုပြီးတော့ ပြုပေးတဲ့ သဘောလည်း ယူဆလို့ ရပါတယ်။

နောက်တချက်မှာကျတော့ ဇယား ၅ ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေရဲ့ လုပ်ပိုင်ခွင့်ထဲ ပြန်ထည့်ပေး ပြန်ရော၊ ဇယား ၅ က တိုင်းနဲ့ပြည်နယ်တွေရဲ့ အခွန်ကောက်ခွင့်တွေပေါ့။ အဲဒီနှစ်ချက်က ဆန့်ကျင်ဘက် သဘောမျိုး ဆောင်နေပေမယ့် အကုန်လုံးကို ခြုံကြည့်ရင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ ဒေသတွေကို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေ အောက်မှာပဲ တစုတစည်းတည်း ရှိစေချင်တဲ့ သဘော ရှိတယ်။ သူတို့ အောက်မှာ ထပ်ပြီးတော့ မကွဲစေချင်တော့ သဘောလို့ ယူဆ တယ်။ အခုလည်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနဲ့ဒေသတွေရဲ့ လုပ်ပိုင်ခွင့်တွေကလည်း သိပ်မသဲကွဲဘူးလို့ ထင်တယ်။

You may also like these stories:

သမ္မတ၊ ဝန်ကြီးများ နှင့် တရားရေး ဆိုင်ရာ စသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ

၂၀၂၀ ရွေးကောက်ပွဲမှာ လူငယ်ကိုယ်စားလှယ်လောင်းပါဝင်မှု ပိုများလာမလား

Did you find apk for android? You can find new Free Android Games and apps.
Loading