တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင် ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြောင့် မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံအချို့မှာ တရုတ်လူမျိုးတွေကို ခွဲခြားဆက်ဆံမှုတွေ၊ ရောဂါဖြန့်ချိနေသူတွေ ဆိုတဲ့ အမြင်သဘောထားတွေ ရှိနေတာကို တွေ့ရပါ တယ်။အဲဒီအပြင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ရန်ကင်းမြို့နယ်၊ ကန်ဘဲ့ တာဝါ တည်ဆောက်ရေး လုပ်ငန်းခွင်ထဲက တရုတ်နိုင်ငံသား ၁ ဦး ဖျားနာနေတာကို သက်ဆိုင်ရာကို အကြောင်းမကြားဘဲ တိတ်တဆိတ် ကုသနေတဲ့သတင်း ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီ သတင်းကြောင့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်နဲ့ အထွေထွေ အုပ်ချုပ်ရေး ဌာနက တာဝန်ရှိသူတွေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် ဌာနပေါင်းစုံက တာဝန်ရှိသူ အချို့ဟာ အဲဒီလုပ်ငန်းခွင်အထိ ဝင်ရောက်စစ်ဆေးကာ ကျန်းမာရေး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် စိုးရိမ်ဖွယ်ရာ သံသယလူနာ မရှိခဲ့ပါ။
လှိုင်သာယာမြို့နယ်ထဲက FMI City လို တရုတ်နိုင်ငံသားတွေ များပြားတဲ့ နေရာတွေက ဒေသခံအချို့ကလည်း တရုတ် နိုင်ငံသားတွေ ဝင်ထွက်သွားလာနေတဲ့ အနီးတဝိုက်မှာ စိုးရိမ်မှုတွေ ရှိနေပါတယ်။ ဒီလိုအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟို ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်ခင် ကြီးကို ဧရာဝတီသတင်းဌာန သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ အခု ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ သံသယ လူနာက ဖေဖော်ဝါရီ ၅ ရက်နေ့ စာရင်းအရ ဘယ်လောက် ရှိနေပါလဲ။
ဖြေ။ ။ ကျမတို့မှာ သံသယ လူနာရယ်လို့ တကယ့်ကို သတ်မှတ်နိုင်ခဲ့တဲ့ လူနာက ၂ ယောက်ပဲ ရှိခဲ့ဖူးပါတယ်။ ဒါက သူ့သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ လူနာကို ဆိုလိုတာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းက နမ္မတူမြို့နယ်က ၁ ယောက်နဲ့ ရခိုင် ပြည်နယ် မင်းပြားမြို့နယ်က လူနာပဲ။ ကျန်တာတွေက သံသယ လူနာရယ်လို့ မသတ်မှတ်နိုင်တဲ့ စောင့်ကြည့်အဆင့် လူနာပါ။ အခုတော့ အဲဒီ သံသယလူနာတွေက ဆင်းသွားပါပြီ။ မဟုတ်လို့ပါ။ ကျန်တာက စောင့်ကြည့်အဆင့် လူနာ ၆ ယောက် ကျန်ပါသေးတယ်။
မေး။ ။ အခုက မြန်မာပြည်က ပြည်သူတွေဟာ ဒီကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် စိုးရိမ်စိတ် လွန်ကဲနေတဲ့ အနေ အထားမျိုးတွေ ရှိနေတယ်။ အဲဒီ အပေါ်ရော ဘာပြောချင်သလဲ။
ဖြေ။ ။ ကမာ္ဘ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ထုတ်ပြန်ချက်အရ တကမာ္ဘလုံးမှာ ကူးစက်လူနာပေါင်းက ၂ သောင်းကျော် ရှိပါတယ်။ အဲဒီထဲမှာမှ ၉ဝ ရာခိုင်နှုန်းလောက်က တရုတ်ပြည်ထဲမှာဖြစ်တာ။ တရုတ်ပြည် ပြင်ပနိုင်ငံ ၂၃ နိုင်ငံမှာလည်း သံသယ လူနာတွေ နည်းနည်းရှိတယ်။ အာဆီယံနိုင်ငံတွေထဲမှာ ၆ နိုင်ငံမှာ ကူးစက်မှု သံသယ လူနာတွေ ဖြစ်ခဲ့တယ်။ ဆိုလိုချင်တာက တရုတ်ပြည်လူဦးရေ သန်း ၁၅ဝ ကျော်ထဲမှာမှ ၂ သောင်းကျော်လောက်ပဲ ဖြစ်တာ။ ကျမတို့ နိုင်ငံမှာ သေသေချာချာ စုံစမ်းထောက်လှမ်းတယ်။ ရှာဖွေတယ်။ စနစ်တကျနဲ့ လုပ်ကိုင်နေပါတယ်။
သံသယ လူနာအဖြစ် သတ်မှတ်ဖို့ ဆိုတာ သူ့ရဲ့ အသက်ရှုလမ်းကြောင်းဆိုင်ရာ ပြင်းထန်သလား၊ ၁၄ ရက်အတွင်း တရုတ်ပြည်ကို ခရီးသွားလား စတဲ့ အချက်တွေနဲ့ သတ်မှတ်တာ။ အခုထိတော့ သိပ်ဆိုးဝါးတဲ့လူမျိုး မတွေ့သေးပါဘူး။ ဖျားတာ၊ ချောင်းဆိုးတာလောက် တွေ့ရတယ်။
ဒါပေမယ့် ကျမတို့က သူတို့ကို သက်သက်ထားချင်တယ်၊ ပြည်သူတွေနဲ့ ခွဲထားချင်တဲ့အတွက် ခဏ စောင့်ကြည့်တဲ့ အနေနဲ့ လုပ်နေတာ။ ကျမတို့နိုင်ငံမှာက ၅ နာရီ၊ ၆ နာရီလောက်နဲ့ အဖြေထွက်မယ့် ဓာတ်ခွဲစမ်းသပ်နိုင်ရင် ဒီလိုတော့ အကြာကြီး စောင့်စရာ မလိုတော့ဘူးပေါ့။ အခုက ကျမတို့က ထိုင်းနိုင်ငံကို ဓာတ်ခွဲစမ်းသပ်ဖို့ ပို့ထားရတယ်။
မေး။ ။ ဇန်နဝါရီ ၃ ရက်နေ့က ရန်ကင်းမြို့နယ်၊ ကန်ဘဲ့မှာ တရုတ်လုပ်ငန်းခွင်ကို ဌာနဆိုင်ရာ အဖွဲ့ပေါင်းစုံက သွားပြီး စစ်တယ်။ အဓိကက လူထုက လုပ်ငန်းခွင်ထဲမှာ တရုတ်နိုင်ငံသားတွေ ရှိနေတဲ့အတွက် ကြောက်တဲ့အဖြစ်အပျက်မျိုးတွေ ဖြစ်ခဲ့တာပေါ့။ အဲဒီအပေါ် ဘာမှတ်ချက်ပြုချင်လဲ။
ဖြေ။ ။ အဲဒါကတော့ လူထုက အခြေအနေ အမှန်ကို မသိလို့ စိုးရိမ်တာပဲလို့ ကျမယူဆတယ်။ တရုတ်နိုင်ငံသားတိုင်းက ဗိုင်းရပ်စ် ကူးစက်ခံရသူတွေ မဟုတ်ပါဘူး။ ကူးစက်မှု သံသယရှိနေသူတွေလည်း မဟုတ်ပါဘူး။ အခု ဖြစ်နေတဲ့ ဝူဟန်မြို့ မှာတင် လူဦးရေ ၁၁ သန်းကျော် ရှိတယ်။ ဒါပေမယ့် ၂ သောင်းလောက်သာ ကူးစက်မှု ခံနေရတာ။ တရုတ်နိုင်ငံ ပြင်ပမှာ ဆိုရင် ကူးစက်မှု သံသယရှိသူ ၁၅ဝ ကျော်ပဲရှိတယ်။
မြန်မာနိုင်ငံကို တချို့ တရုတ်နိုင်ငံသားတွေ စီးပွားရေး လာလုပ်တယ်။ ဒါပေမယ့် တရုတ်နိုင်ငံသားတွေက ပြီးခဲ့တဲ့ သင်္ကြန် ကာလ မတိုင်ခင်ကတည်းက ရောက်နေကြတဲ့သူတွေလည်း ရှိတာပဲ။ ကျမတို့ အခု တရုတ်နယ်စပ် အဝင်အထွက်တွေကို စစ်တယ်။ အဖျားမပြရင် ခွင့်ပြုရတာပဲ။ ချောင်းဆိုးတယ်ဆိုတာနဲ့ကို ကျန်းမာရေး ဌာနတွေကို အမြန်ဆုံး အကြောင်းကြားဖို့ ဟိုတယ်တွေ၊ မိုတယ်တွေက အစ ခရီးသွားဝန်ကြီးဌာနနဲ့ ပူးပေါင်း ပြီး စနစ်တကျကို ထားပြီး ဖြစ်ပါတယ်။
အခု လူမှုကွန်ရက်မှာက အမျိုးမျိုး သတင်းအမှားတွေ ဖြန့်နေတာက ဆူပူမှု ဖြစ်အောင် လုပ်သလို ဖြစ်နေတယ်။ ပြည်သူ တွေ အနေနဲ့ အဲဒါမျိုးတွေကို မယုံကြည်စေချင်ဘူး။ နောက်ပြီး တိုင်းအစိုးရ အဖွဲ့က ဦးဆောင်ပြီး တိုင်းကျန်းမာရေးနဲ့ ပူးပေါင်းကာ ရပ်ကွက်တွေအထိ ချောင်းဆိုးလူနာ ရှိရင်တောင်မှ စနစ်တကျ စစ်ဖို့ ကျမတို့ မိတ်ဖက်အဖွဲ့တွေနဲ့ ပူးပေါင်းဖွဲ့ပြီး ဆောင်ရွက်နေပါတယ်။
ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး။ ချောင်းဆိုရင် လက်နဲ့အုပ်ဆိုး၊ လက်ဆေး၊ ကိုယ်ခံအား ကောင်း အောင်နေစတဲ့ ဟာတွေတော့ ပြည်သူတွေဘက်က ပူးပေါင်း ပါဝင်စေချင်တယ်။ သမ္မတ ကိုယ်တိုင် ဗဟိုထိန်းချုပ် ကာကွယ်ရေး စနစ်ဖွဲ့စည်းပြီး လိုအပ်တဲ့အချိန်နဲ့ တပြေးညီ ဆောင်ရွက်နေတယ်။ လိုအပ်ရင် ကျန်းမာရေးဌာနတွေရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာလည်း အချိန်နဲ့ တပြေးညီ သတင်းထုတ်ပြန်နေပါတယ်။
မေး။ ။ တချို့နိုင်ငံတွေက တရုတ်နိုင်ငံသား ဝင်လာတာကို ပိတ်ပင်ထားလိုက်ပြီ။ ကျနော်တို့ တိုင်းပြည်မှာလည်း အဲဒီလို ပုံစံမျိုး လုပ်သင့်နေပြီလို့ ပြည်သူတချို့က မှတ်ချက်ပြုတာတွေ ရှိနေတဲ့အပေါ် ဘယ်လိုယူဆပါသလဲ။
ဖြေ။ ။ တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံက ဆွေမျိုးချစ်ကြည်မှုချင်းတွေ ရှိတယ်။ တခုပြောချင်တာက ကျမတို့ဟာ တရုတ်အစိုးရ ရောဂါထိန်းချုပ်ရေး လုပ်ငန်းတွေ လုပ်နေတာကို အကြွင်းမဲ့ ယုံကြည်တယ်။ WHO ကိုယ်တိုင်ကလည်း ရောဂါရှာဖွေတာ၊ ကုသတာ၊ ထိန်းချုပ်တာတွေကို လုပ်ပေးနေတာကို ယုံတယ်။ စဖြစ်တာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ အကုန်ပိုင်းမှာ။ ဖြစ်ဖြစ် ပြီး ၁ ပတ်အတွင်းမှာပဲ တရုတ်နိုင်ငံက ဒီဗိုင်းရပ်စ်ကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့တယ်။ ဆိုလိုချင်တာက ဒီရောဂါ ရှာဖွေရေး အတွက် လိုအပ်တဲ့ ဓာတ်ခွဲခန်းတွေကအစ အသင့်ရှိနေမှ ဒီရောဂါ ရှိ၊ မရှိကို ရှာဖွေနိုင်မှာ။ နောက်ပြီး သတင်းအချက် အလက်တွေကိုလည်း အချိန်နဲ့တပြေးညီ WHO အထိပါ ဖြန့်ပေးနိုင်တယ်။
ပြည်သူတွေအနေနဲ့က အစိုးရိမ် မကြီး စေချင်ဘူး။ ကျမတို့နိုင်ငံမှာ သံသယဖြစ်ဖွယ်ရှိလို့ စောင့်ကြည့်နေရတဲ့ လူနာပဲ ရှိတယ်။ ကျမတို့ စမ်းသပ်နေတယ်။ သက်ဆိုင်ရာ အဖွဲ့တွေနဲ့လည်း ပေါင်းစပ်လုပ်ကိုင်နေတယ်။ အကောင်းဆုံး ဖြစ်အောင် လုပ်နေတယ်။ ကိုယ့်နိုင်ငံထဲ ဝင်မလာအောင်၊ ဝင်လာလည်း ထိန်းချုပ်နိုင်အောင် လုပ်နေတယ်။
မေး။ ။ တချို့ကပြောတာက ဒီဗိုင်းရပ်စ်ဟာ ကုသဖို့အတွက် ဆေးမရှိသေးဘူး။ နောက်ပြီး ကိုယ့်နိုင်ငံရဲ့ ပြင်ဆင်မှုအပိုင်းက တခြားနိုင်ငံတွေထက် အများကြီး အားနည်းတယ်ဆိုတာမျိုးပေါ့။ အဲဒီအပေါ်ရော ဘာပြောချင်လဲ။
ဖြေ။ ။ ကျမတို့ ပြောချင်တာက ကျမတို့ ဌာနက ဘာတွေလုပ်နေတယ်ဆိုတာ အချိန်နဲ့အမျှ ထုတ်ပြန်နေတာကို ဖတ်ပါ။ နားထောင်ပါ။ လေ့လာပါ။ လက်ရှိ ရှိနေတဲ့ အနေအထားအတိုင်း အကောင်းဆုံး ဖြစ်အောင် ကျမတို့ လုပ်နေပါတယ်။
ဒီရောဂါပိုးအတွက် ကာကွယ်ဆေးမရှိတာ ကျမတို့ နိုင်ငံတခုထဲ မဟုတ်ပါဘူး။ WHO ကိုယ်တိုင်ကိုက ဒီဟာအတွက် TB ဆို ဘာဆေး၊ AIDS ဆို ဘာဆေးလို့ တိကျတဲ့ဆေး မရှိသေးတာ ပြောထားပြီးသားပါ။
ရောဂါလက္ခဏာနဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ကုသပေးနေရတာပါ။ တခြားနိုင်ငံမှာလည်း ဒီလိုပဲ ကုသပေးနေ ရတာပါ။ တရုတ်နိုင်ငံ ၁ ခုထဲမှာပဲ ကူးစက်မှု များနေတာပါ။ တရုတ်နိုင်ငံ ပြင်ပ နိုင်ငံတွေမှာ ကူးစက်မှု သိပ်မရှိပါဘူး။ အများဆုံးဆိုလို့ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံ ပဲ ၁ဝ ဂဏန်းကျော်ရှိတာ။ အခု ကျမတို့နိုင်ငံထဲက သံသယလူနာ အဖြစ် စောင့်ကြည့်နေရတဲ့ လူနာတွေရဲ့ အခြေအနေ ကလည်း ကောင်းမွန်နေပါတယ်။ ကျမတို့ နိုင်ငံအနေနဲ့ ရောဂါ ဖြစ်လာပြီဆိုလည်း ထိထိရောက်ရောက် ကုသပေး နိုင်ပါတယ်။
မေး။ ။ နောက်တခုက လူမှုကွန်ရက်တွေမှာ ပြည်သူတွေကို ကြက်သွန်နီဆောင်တို့၊ ငရုတ်ကောင်းစေ့ စားဖို့ ဆိုတဲ့ အချက်အလက် အလွဲ၊ သတင်းအမှား ပေးနေတာတွေရှိတယ်။ အဲဒီဟာတွေကရော တကယ့်ကို ဒီဗိုင်းရပ်စ်ကာကွယ်ဖို့ အကျိုးဖြစ်စေလား။
ဖြေ။ ။ ဒါကတော့ ပြည်သူတွေရဲ့ အစွဲလို့ပဲ ဆိုရမယ်။ လူတွေရဲ့ စိတ်စွမ်းအားတွေပေါ့။ အဆောင်လေးဆောင်မှ အန္တရာယ် ကင်းကြတယ်လို့ဆိုရင် ဆောင်ကြတာမျိုးပါပဲ။ ဒါပေမယ့် တခုပြောချင်တာက ဒီကြက်သွန်နီတို့၊ ငရုတ်ကောင်းတို့ဆိုတာ အန္တရာယ်မရှိတဲ့ ပစ္စည်းတွေပါ။ ပြဿနာ ဖြစ်လာမယ့် ဟာတွေမဟုတ်ဘူး။ တိုင်းရင်းဆေး သမားတော်တွေဆိုရင် လူတွေ နေထိုင်ကောင်းအောင် ဘယ်လိုစားသင့်တယ်၊ ဘယ်ပစ္စည်းက ဘယ်လိုအာနိသင်ရှိတယ်ဆိုတာ ရှိပြီးသားပါ။ ကျမတို့ နိုင်ငံမှာ တိုင်းရင်းဆေးဟာ နှစ်ပေါင်း ရာနဲ့ချီပြီး ရှိနေခဲ့ပြီးသားပါ။ အဲဒီအတွက် ကျမအနေနဲ့တော့ ဒီဟာတွေအပေါ် ဝေဖန်စရာ မရှိပါဘူး။
ဆက်စပ်လင့်
ဝူဟန်တုတ်ကွေး ဖျားရာက ပြန်ကောင်းလာသူများလည်း တိုးလာနေ
အယူအဆ အလွဲတွေနဲ့ ဝါဒဖြန့်ဖို့ မီဒီယာကို အသုံးမချသင့်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ် စမတ်ဖုန်း တင်ပို့မှု ၃၀ ရာခိုင်နှုန်း ကျဆင်းမည်
တရုတ်ခရီးသွားများအား ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းကို မြန်မာ ယာယီရပ်ဆိုင်း