ပြည်တွင်း၌ အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာနိုင်ငံသားများစွာမှာ ထိုင်းနိုင်ငံသို့ နှစ်စဉ် သိန်းနှင့်ချီ၍ သွားရောက် အလုပ် လုပ်ကိုင်နေကြဆဲ ဖြစ်သည်။
ယခုအခါ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နိုင်သည့် အခြေအနေ ရောက်ရှိနေပြီ ဖြစ်သဖြင့် ယခင်ကာလများနှင့် နှိုင်း ယှဉ်လျှင် ထိုင်းရောက် မြန်မာလုပ်သားများ၏ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှု အနည်းငယ်မျှ လျော့နည်းသွားသော်လည်း ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ ငွေကြေးများစွာ နစ်နာ ဆုံးရှုံးနေရမှုများမှာ အမြဲတစေ ဖြစ်ပျက်နေဆဲ ဖြစ် သည်။
သို့ဖြစ်ရာ အဆိုပါ အခြေအနေများကို သိရှိနိုင်ရန် ထိုင်းနိုင်ငံတွင် ဆယ်စုနှစ်တစု ကျော်သည်အထိ အလုပ်သမား အခွင့်အရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ရှိသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်မှ ဥက္ကဋ္ဌ ဦး အောင်ကျော်နှင့် ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမားတွေရဲ့ လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ ဟိုးအစပိုင်းမှာတော့ အထောက်အထားမဲ့ နေခဲ့ကြတယ်။ ထိုင်းအစိုးရပိုင်းက၂၀၀၉ ဇူလိုင်မှာ မြန်မာ-ထိုင်း သဘောတူ စာချွန်လွှာ ရေးထိုးထားချက်အရ ယာယီ နိုင်ငံကူး လက်မှတ်တွေ စတင် ထုတ်ပေးတယ်။ ၂၀၁၀-၁၁ မှာ ယာယီ နိုင်ငံကူး လက်မှတ်တွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်လာကြတယ်။
မူလက ထိုင်းအစိုးရ ယာယီထုတ်ပေးတဲ့ ပန်းရောင်ကတ်နဲ့ နေတုန်းကတော့ လုပ်သားတွေရဲ့ ဘဝက လူသားအခွင့်အရေး အပြည့်အဝ မရဘူး။ ပန်းရောင်ကတ်မှာ အားနည်းချက်က ဒီခရိုင်မှာ ထုတ်ထားရင် အလုပ်သမားက ဒီခရိုင်မှာပဲ နေလို့ရ တယ်။ တခြားခရိုင်ကို ဖြတ်သန်း သွားလာလို့ မရဘူး။ သွားတာနဲ့ ဥပဒေအရ ဖမ်းဆီးတာတို့၊ အရေးယူတာတို့ ခံရတယ်။
၂၀၀၉ နောက်ပိုင်းမှာတော့ မူလ အနေအထားထက် ပိုပြီးတော့ လုပ်သားတွေအတွက် အဆင်ပြေ ချောမွေ့သွားတယ်။ အခွင့်အရေး ချိုးဖောက်တဲ့ အပိုင်းကတော့ စာရွက်စာတမ်း မရှိခင်မှာ အလွန်အကျွံ ချိုးဖောက်ခံရတယ်။ နောက်ပိုင်းမှာ အခုလို နှစ်နိုင်ငံ စာရွက်စာတမ်းတွေ ပြုလုပ်ပေးတဲ့ အခါမှာတော့ အခွင့်အရေး ချိုးဖောက်မှုတွေ လျော့ကျသွားတယ်။ ဒါပေမယ့် ပပျောက်သွားခြင်း မရှိဘူး။
ထိုင်းနိုင်ငံမှာ အလုပ်ရုံ အကြီး၊ အသေးတွေ အများကြီး ရှိတဲ့ထဲကမှ ပြည်ပနိုင်ငံတွေကို တိုက်ရိုက် ဆက်သွယ် ပို့ဆောင်နေတဲ့ စက်ရုံအကြီးတွေ ကျတော့ နိုင်ငံတကာ ဝယ်လက်တွေ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက အမြဲ စောင့်ကြည့်နေတော့ စက်ရုံကြီးတွေက အခွင့်အရေး လွန်လွန်ကျွံကျွံ ချိုးဖောက်ရဲတဲ့ စွမ်းအား မရှိဘူး။ သို့သော် အလုပ်ရုံ အလတ်၊ အသေးစားလေးတွေကတော့ အခွင့်အရေးတွေ ချိုးဖောက်နေတယ်။
မေး။ ။ လုပ်သားခေါ်ယူမှုနဲ့ ပတ်သက်ပြီး MOU စနစ် ပေါ်ပေါက်လာတဲ့ အခြေအနေပေါ်မှာရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ နှစ်နိုင်ငံ သဘောတူ စာချွန်လွှာ ရေးထိုးပြီး အလုပ်သမားတွေကို တရားဝင် ငှားရမ်းပြီး စာချုပ်ချုပ် ခေါ်ယူတဲ့ MOU စနစ်ကြီး ပေါ်ပေါက်လာခဲ့တယ်။ အဲဒီစနစ်က ကောင်းတဲ့ အလုပ်ပေါ့။ မြန်မာအစိုးရက သူ့ရဲ့ အလုပ်သမားကို တရားဝင် အသိအမှတ်ပြုပြီးမှ ပြည်ပနိုင်ငံကို သွားရောက် လုပ်ကိုင်တဲ့ အတွက်ကြောင့် Data တွေထဲမှာလည်း ကိုယ့်နိုင်ငံသားတွေ ဘယ်နိုင်ငံကို ဘယ်လောက် ရောက်သွားတယ် ဘယ်စက်ရုံမှာ လုပ်နေတယ်။ အဲဒီလုပ်သားတခုခု ဖြစ်တယ်ဆိုရင် မြန်မာ အစိုးရက လွယ်လင့်တကူ အချက်အလက် ကောက်ပြီးတော့မှ ကူညီပံ့ပိုးလို့ ရတဲ့အတွက်ကြောင့် ပိုပြီးတော့ လက်ကမ်း ကြိုဆိုခဲ့တယ်။
သို့သော် MOU စနစ်မှာလည်း ကောင်းမွန်တဲ့ အနေအထားမျိုး အခုထိ မတွေ့ရသေးဘူး။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ တရားဝင် အေဂျင်စီတွေ အစိုးရဆီမှာ မှတ်ပုံတင်ကြတယ်။ အဲဒီမှတ်ပုံတင်ထားတဲ့ အေဂျင်စီတွေ လိုက်နာရမယ့် ကျင့်ဝတ်တွေကိုလည်း မြန်မာအစိုးရက ချမှတ်ထားပေးတယ်။ ဒါပေမယ့် ကျနော်တို့ လေ့လာကြည့်တဲ့အခါမှာ အများစု အေဂျင်စီတွေက မြန်မာနိုင်ငံ အစိုးရ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေကို လုံးဝလိုက်နာတာ မတွေ့ရ ဘူး။
အဓိက ကတော့ ထိုင်းနိုင်ငံမှာ သွားရောက် လုပ်ကိုင်မယ့် အလုပ်သမားတွေကို မှတ်ပုံတင်ထားတဲ အေဂျင်စီတွေက ဝန်ဆောင်ခ မြန်မာကျပ်ငွေ ၁ သိန်း ၅ သောင်းထက် ပိုမိုကောက်ခံခြင်း မပြုရလို့ ဥပဒေမှာ ရေးထားတယ်။ သို့သော်လည်း ဘယ်အေဂျင်စီမှ ၁ သိန်း ၅ သောင်းနဲ့ ပို့တာ မတွေ့ရဘူး။ အောက်ခြေအထိ သုတေသန စစ်တမ်းတွေ ကောက်လိုက်တဲ့ အခါမှာ ဈေးအနိမ့်ဆုံးနဲ့ ရောက်လာတဲ့ လုပ်သားက ၈ သိန်းကျော်ကနေ ဆယ့်ငါးသိန်း အထိ ရှိတယ်။ ဒီအနေအထား တွေကို ကြိမ်ဖန်များစွာ မြန်မာအစိုးရနဲ့ တွေ့တဲ့အခါမှာ ပကတိ အနေအထားကို ချပြတယ်။
MOU စနစ်မှာ အားနည်းချက်တွေက ဘာလဲဆိုရင် အစိုးရ ချမှတ်ထားတဲ့ စည်းကမ်းတွေအတိုင်း အေဂျင်စီတွေ မလိုက်နာဘူး။ အဲဒါကို မြန်မာအစိုးရ အနေနဲ့ အေဂျင်စီတွေကို စနစ်တကျ ကွပ်ကဲထိန်းကျောင်းပေးဖို့ နောက် သူတို့ လုပ်ကိုင်နေတဲ့ အလုပ်တွေကို သွားရောက် စိစစ်ပေးဖို့၊ ဥပဒေနဲ့ အညီ ဆောင်ရွက်တာ မဟုတ်ဘူးဆိုရင် ထိရောက် ပြင်းထန်တဲ့ အရေးယူမှုတွေ ဆောင်ရွက်ပေးဖို့ ပြောခဲ့သော်လည်း ဒီနေ့အထိ အဲဒါတွေ မဖြစ်ပေါ်လာသေးဘူး။
လုပ်သားတွေသည် ကျပ်ငွေ ၁ သိန်း ၅ သောင်း၊ ထိုင်းနိုင်ငံမှာ ထိုင်းဘတ်ငွေ နှစ်ထောင့်ကိုးရာပဲ ကျမယ့် အနေအထားဆိုရင် လုပ်သားတဦးဟာ မြန်မာဘက်ရော ထိုင်းဘက်ရော နှစ်ဖက်ပေါင်းမှ ထိုင်းဘတ်ငွေ ခြောက်ထောင်ကျော်ပဲ ကုန်ကျမှာ ဥပဒေက သတ်မှတ်ထားတာပေါ့။ မြန်မာငွေနဲ့ တွက်ရင် သုံးသိန်းလောက်ပေါ့။ အဲဒီလောက်ဆို လုပ်သားတဦးက နိုင်တယ်။
အစိုးရ နှစ်ဖက်က တကယ်ချမှတ်ထားတဲ့ အနေအထားက အလုပ်သမားတွေ အတွက် လုံးဝ ဝန်ထုပ်ဝန်ပိုး မဖြစ်တဲ့ အနေအထားပဲ။ အဲဒီအနေအထားကို နှစ်ဖက် အစိုးရက စောင့်ကြပ် ကြည့်ရှုစစ်ဆေး အရေးယူမှုတွေ မလုပ်နိုင်ခဲ့တဲ့ အတွက်ကြောင့် အေဂျင်စီတွေရဲ့ ဂုတ်သွေးစုပ်မှုတွေက ဒီနေ့ထိ ပေါ်ပေါက်နေတယ်။

မေး။ ။ အစိုးရ နှစ်ခုကြား MOU လုပ်တာတွေ၊ အစိုးရချင်း ဆွေးနွေးမှုတွေက တကယ့်မြေပြင် အခြေအနေမှာ ထိရောက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်တာကို တွေ့ရလား။
ဖြေ။ ။ ထိုင်းနဲ့ မြန်မာကတော့ အလုပ်သမား ဝန်ကြီးဌာန အချင်းချင်း ခပ်စိတ်စိတ် တွေ့ဆုံ ဆွေးနွေးတာကို ကျနော်တို့ တွေ့ရတယ်။ ဒါကလည်း EU တို့ အမေရိကန်တို့ရဲ့ ထိုင်းအစိုးရ အပေါ် ဖိအားပေးတာ အရမ်းများလာတဲ့အခါမှာ ခပ်စိတ် စိတ် တွေ့ဆုံမှုတွေ လုပ်လာတာ။ ဟိုးအရင်ထက် စာရင်တော့ တိုးတက်မှု လက္ခဏာတွေ အများကြီး တွေ့ရတယ်။ ပြီးပြည့်စုံအောင်တော့ မဖြေရှင်းနိုင်သေးဘူး။
ဘာတွေဖြေရှင်းဖို့ ကျန်နေတာလဲ ဆိုတော့ ထိုင်းအစိုးရက ကမာ္ဘကို ကြေညာလိုက်ပြီ သူ့နိုင်ငံကို လာရောက် အလုပ်လုပ်ကိုင်တဲ့ မြန်မာ၊ ကမော္ဘဒီးယား၊ လာအို၊ ဗီယက်နမ် စတဲ့ လုပ်သားတွေကို ၂၀၂၀ မှာ စာချုပ်ချုပ်ဆိုခေါ်တဲ့ MOU တရားဝင် လုပ်သားတွေ လုံးဝ ဖြစ်ရမယ်ဆိုတဲ့ လမ်းကြောင်းကို သွားနေပြီ။ တကယ်လည်း လျှောက်နေပြီ။ သို့သော် အဲဒီလို လျှောက်တဲ့အခါမှာ နှစ်နိုင်ငံ သတ်မှတ်ထားတဲ့ ကုန်ကျစရိတ်အတိုင်း ဖြစ်ဖို့ အခုချိန်အထိ မဆောင်ရွက်နိုင်သေးဘူး။
အဲဒီလို မဆောင်ရွက်နိုင်တာက အေဂျင်စီတွေ ကိုယ်တိုင် ကျင့်ဝတ် စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာက တပိုင်း၊ နောက်အပိုင်းက အစိုးရ ဝန်ထမ်းတွေ ကိုယ်တိုင်ပေါ့။ MOU စနစ်ရဲ့ လမ်းကြောင်း တလျှောက်မှာ အေဂျင်စီတွေ အကျင့် ပျက်သလို အစိုးရ အာဏာပိုင် အချို့ကလည်း လာဘ်လာဘယူတာတွေ အကျင့်ပျက်ခြစားတာတွေ ရှိတဲ့အတွက်ကြောင့် သတ်မှတ်ထားတဲ့ နှုန်းထားထက်များစွာ မြင့်တက်ပြီးတော့မှ လုပ်သားတွေ ပေးနေရတာကို တွေ့တယ်။
အဲဒါက မြန်မာ အစိုးရ တဖက်တည်း မဟုတ်ဘူး ထိုင်းအစိုးရဘက်မှာလည်း ရှိနေတယ်။ သို့သော် အများစု ကိုယ့်လုပ်သား တွေ ခေါင်းပုံဖြတ်ခံရတာတော့ ကိုယ့်ဘက်ခြမ်းမှာ ဖြစ်တာ များတယ်။ အစိုးရက ကြီးကြပ်ကွပ်ကဲတဲ့ အခါမှာ အေဂျင်စီ တွေအပြင် အစိုးရ ဝန်ထမ်းတွေကိုပါ အရေးယူဖို့ ထိထိရောက်ရောက် လုပ်ရမယ်။

မေး။ ။ ဒီ MOU ကိစ္စနဲ့ ပတ်သက်ပြီး ခေါင်းပုံဖြတ်ခံနေရမှုတွေ ငွေကြေး ကုန်ကျမှုတွေနဲ့ ပတ်သက်ပြီး ဘယ်လို ဖြေရှင်းရ မလဲ။ တာဝန် အရှိဆုံးကရော ဘယ်သူဖြစ်မလဲ။
ဖြေ။ ။ MOU လုပ်သားတွေ အခက်အခဲတွေ ဖြစ်ပေါ်နေတယ် ဆိုတာ တကယ်တမ်း တာဝန်အရှိအဆုံး ကတော့ အစိုးရပဲ။ လုပ်သားတွေ ငှားရမ်းဖို့ လျှောက်ထားတဲ့ အခါမှာ စနစ်တကျနဲ့သာ သူတို့ စိစစ်ခဲ့မယ် ဆိုရင် ဒီလုပ်သားတွေက မတော် မတရား နေရာတွေကို လုံးဝ ရောက်သွားမှာ မဟုတ်ဘူး။ ပြီးတော့ အစိုးရက အေးဂျင့်တွေကို ကိုင်တွယ်ရမယ်။ အေးဂျင့် တွေက အစိုးရက ချမှတ်ထားတဲ့ မူဘောင် စည်းမျဉ်းစည်းကမ်းနဲ့ အညီ လိုက်လုပ် မလုပ် ဆိုတာကို နေ့စဉ် စိစစ်နေရမယ်။
အစိုးရသတ်မှတ်ထားတဲ့ အနေအထားကို မလိုက်နာဘူး ဆိုရင် သူ့ကို ထိထိရောက်ရောက် အရေးယူပေးရမယ်။ အခု မြန်မာ အစိုးရ လုပ်ဆောင်နေတဲ့ ပုံသဏ္ဍန်တွေလောက်နဲ့ မရဘူး။ ဒီအေဂျင်စီသည် ဒီပြစ်မှုကို ကျူးလွန်လိုက်တဲ့အတွက် ကြောင့် ဆိုင်းငံ့ ၆ လ လုပ်သား ပို့ဆောင်မှုကို ပိတ်လိုက်တယ်။ လုပ်သား ၆ လ ပို့ဆောင်မှု ပိတ်တယ် ဆိုတာလောက်နဲ့ ထိရောက်တဲ့ အရေးယူမှု မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လုပ်သားက ဒီနေ့ပဲခေါ် ဒီနေ့ပဲ ပို့လို့ ရတာ မဟုတ်ဘူး။
လုပ်သားတွေကို ထိုင်းနိုင်ငံကို ပို့ဆောင်ဖို့အတွက် လနဲ့ချီပြီးတော့မှ အစိုးရဆီမှာ လက်မှတ်ထိုးဖို့ တင်ထားတာ။ အဲဒီတော့ သူ့ကို ၆ လ ဆိုင်းငံ့တယ် ပြောလိုက်လည်း အစိုးရက အလုပ်သမား ၁၀၀ ပို့စေတဲ့ ဆိုတဲ့ စာရွက်က ရှိနေတော့ ပိတ်နေတဲ့ ကာလမှာပဲ အဲဒီလုပ်သားတွေကို ရှာဖွေစုဆောင်းပြီးတော့ တခါ ထပ်ပို့ပြန်ရော။ အဲဒီတော့ သူ့ ၆ လလည်း ပြည့်သွားရော သူလုပ်ချင်တဲ့ အလုပ်ကို ဆက်ပြီး လည်ပတ်နေတာပဲ။
အဲဒါကြောင့် အရေးယူတဲ့အခါမှာ လုပ်သား ပို့ဆောင်ခွင့်ကို ၆ လပိတ်တယ် တို့ ၁ နှစ်ပိတ်တယ်တို့ မလိုချင်ဘူး။ အစိုးရဆီ မှာ အေဂျင်စီက စပေါ်တင်ထားတဲ့ သိန်း ၅၀ ကို အစိုးရ ဘဏ္ဍာအဖြစ် သိမ်းတဲ့အပြင် သူ့ကိုလည်း ဒီလုပ်ငန်း လုပ်ကိုင်ခွင့် ရာသက်ပန် ပိတ်သိမ်းရမယ်။ ဒါကတော့ သာမန်ပြစ်မှု ကျူးလွန်တဲ့ ကိစ္စပေါ့။ ကြီးကြီးမားမား ကျူးလွန်တယ်ဆိုရင် ထောင် ဒဏ် ငွေဒဏ်တွေကိုပါ ချမှတ်သင့်တယ်။
အဲဒီလောက် ပြင်းပြင်းထန်ထန် မလုပ်ဘူးဆိုရင် တရားဝင် အေဂျင်စီတွေက ပို့ဆောင်လိုက်တာတွေက လူကုန်ကူးမှု ဖြစ် တာတွေ အများကြီး။ ဒါတွေကိုလည်း သက်သေ သာဓက ပြုပြီးတော့ မြန်မာအစိုးရကို ထောက်ပြပြီးပြီ။ တရားဝင် မြန်မာ နိုင်ငံက အေဂျင်စီနဲ့ ထိုင်းအေဂျင်စီနဲ့ စာချုပ်ပြီး ရောက်လာပြီးမှ ဒီနိုင်ငံမှာ အဲဒီလုပ်သားက လူကုန်ကူး ခံလိုက်ရတယ် ဆို တာက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စပဲ။
မေး။ ။ ဒီလိုဆို MOU စနစ်က အဖြစ်သဘော စနစ်အနေနဲ့ပဲ ရှိနေတဲ့ သဘောလား။ ယန္တရားတခုလုံး သေသေချာချာ မလည်ပတ်ဘဲနဲ့ အဖြစ်ပဲ လည်ပတ်နေတယ်လို့ ပြောလို့ရလား။
ဖြေ။ ။ MOU စနစ်က အခုချိန်ထိ လုပ်သားတွေအတွက် လွန်စွာ အကျိုးရှိတဲ့ စနစ်တခုတော့ မဖြစ်သေးဘူး။ လုပ်သားတွေအတွက် လုံခြုံစိတ်ချပြီးမှ ကောင်းမွန်တဲ့ အနေအထားမျိုး ဖြစ်ဖို့ဆိုရင် လက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို တာဝန်အရှိဆုံး ဖြစ်တဲ့ သက်ဆိုင်ရာ အစိုးရ နှစ်ဖက်ကနေ ထိထိမိမိ စနစ်တကျ မူဝါဒတွေ ဒီထက်ကောင်း မွန်အောင် ချမှတ်ပြီးတော့ စစ်ဆေး အရေးယူတာကို စဉ်ဆက်မပြတ် လုပ်ရမယ်။
အခု အစိုးရတွေက ဥပဒေ တခု ချမှတ်လိုက်တယ် လိုက်နာတာ မလိုက်တာ သူမသိဘူး။ အခုချိန်ထိတော့ MOU စနစ်ကို လုပ်သားတွေက မကျေနပ်သလို လူမှုအဖွဲ့အစည်းတွေကလည်း MOU စနစ်က အလကားပါကွာလို့ ပြောနေတဲ့ အနေအ ထားမှာပဲ ရှိသေးတယ်။ အစိုးရ နှစ်ဖက်လုံးက ပြီးပြီးရော ဥပဒေလေးတွေသာ ချမှတ်တဲ့အတွက် အေးဂျင့်တွေ အားလုံးက လုပ်သားတွေဆီကနေ ခေါင်းပုံဖြတ်လို့ ရတဲ့ လုပ်ငန်းကြီးတခု ပေါ်ပေါက်လာတယ် ဆိုပြီး တအား ကျေနပ်နေကြပြီ။
အဲဒါကို ပပျောက်ဖို့ဆိုရင် အစိုးရ နှစ်ဖက်လုံးက မိမိချမှတ်ထားတဲ့ ဥပဒေတွေကို စိစစ်ပါ။ ပျော့နေတယ်၊ လျော့နေတယ်၊ အားနည်းနေတယ်ဆိုရင် လိုအပ်တာကို ဖြည့်စွက်ပါ။ ပြီးရင် ဒီအေးဂျင့်တွေ ဘာလုပ်နေတယ် ဆိုတာကို စိစစ်ပါ။ ထိရောက် တဲ့ အရေးယူမှုတွေ လုပ်ပါ။ ဒီလိုဆို MOU စနစ်က ပိုမိုကောင်းမွန်ပြီးမှ လုပ်သားတွေ အတွက် ခိုင်မာတဲ့ အနေအထားမျိုး ကို ရောက်သွားမယ်။

မေး။ ။ MOU ထဲမှာက ဘယ်လိုလုပ်ငန်း အမျိုးအစားတွေ ခွင့်ပြုထားလဲ။
ဖြေ။ ။ စက်ရုံ အလုပ်ရုံပေါ့။ လျှပ်စစ်တို့၊ ဖိနပ်၊ အထည်ချုပ်၊ ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး ဒီလုပ်ငန်းတွေ အားလုံးကို မြန် မာ လုပ်သားတွေက လုပ်ရတာပေါ့။ မြန်မာနိုင်ငံမှာ အားနည်းချက် တခုရှိနေတာက လုပ်သားတွေကို ခေါ်ယူတဲ့အခါမှာ အစိုးရတွေ ကိုယ်တိုင်ကိုက အသိပညာပေးမှုတွေ လုပ်ဖို့ လိုအပ်တယ်။ အခုချိန်အထိ အစိုးရ ကိုယ်တိုင် ဦးဆောင်ပြီးတော့ လုပ်တာ မတွေ့ရဘူး။
အစိုးရကိုယ်တိုင် အသိပညာ မပေးထားတော့ လုပ်သားတွေ ကိုယ်တိုင် ဥပဒေက ဘယ်လောက် သတ်မှတ်ထားတယ်ဆို တာ မသိဘူး။ အဲဒီတော့ သူတို့ တွေ့လိုက်တဲ့ မြန်မာပြည်တွင်းမှာ ရှိတဲ့ လူလည်တွေပေါ့။ သူတို့က ၁၅ သိန်း ပေးရမယ်၊ ကောင်းမွန်တဲ့ အလုပ်ရမယ် ဆိုရင် အစိုးရက ကျယ်ကျယ်ပြန့်ပြန့် ပြည်သူတွေဆီ အသိပညာ မပေးနိုင်တဲ့ အတွက်ကြောင့် ကုန်သည်ပွဲစားတွေရဲ့ ပြောဆိုခြင်းကိုသာလျှင် လုပ်သားတွေက လက်ခံသွားတယ်။
ကိုယ့်တိုင်းပြည်မှာလည်း စီးပွားရေး မဖွံ့ဖြိုးသေးဘူး။ ကိုယ့်နိုင်ငံမှာရှိတဲ့ အသက် ၁၈ နှစ်ပြည့်ပြီးသား လုပ်သားတွေ အား လုံးက ကိုယ့်ရဲ့မိသားစု စားဝတ်နေရေး ဖွံ့ဖြိုးတိုးတက်လာဖို့ အတွက် ပြည်ပနိုင်ငံတွေကိုပဲ သွားပြီး ငွေရှာဖို့ပဲ စဉ်းစားနေ တယ်။ အဲဒီတော့ အစိုးရ အနေနဲ့ လုပ်ငန်းစဉ် တရပ် အနေနဲ့ မူဝါဒချပြီးမှ ပြည်ပနိုင်ငံတွေကို သွားလုပ်မယ်ဆိုရင် ဒါတွေကို လုပ်ဖို့ လိုအပ်တယ် ဆိုပြီးမှ ပညာပေး လုပ်ငန်းတွေ များစွာ ဆောင်ရွက်လာမယ် ဆိုရင်တော့ ကျနော်တို့ နိုင်ငံသားတွေ မတရား ဂုတ်သွေးစုပ်တာတွေ၊ ညှင်းပန်း နှိပ်စက်တာတွေ၊ အဓမ္မ အမှုတွေကနေ ကင်းဝေးလိမ့်မယ်လို့ ပြောချင်ပါတယ်။
မေး။ ။ မြေပြင်မှာ လက်တွေ့ လုပ်ဆောင်နေတဲ့ အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အရပ်ဘက်အဖွဲ့တွေက ရွှေ့ ပြောင်းလုပ်သားတွေ အရေးကို အာရုံစိုက်ဖို့ ကောင်းမွန်တဲ့ မူဝါဒတွေ ချဖို့ကို အစိုးရကို တိုက်တွန်းတယ်ပေါ့။ အဲဒီအပေါ် မှာ အစိုးရရဲ့ အာရုံစိုက်မှု အခြေအနေက ဘယ်လိုရှိလဲ။
ဖြေ။ ။ ရွှေ့ပြောင်းအလုပ်သမား အရေး လုပ်နေတဲ့ အလုပ်သမား အဖွဲ့အစည်းတွေက လုပ်ဆောင်သင့်တာတွေကို အစိုးရ ကို အမြဲတမ်း ပြောခဲ့တယ်။ အစိုးရ စိတ်ဝင်စားမှု အားနည်းနေတယ် ဆိုတာက အကျိုးအမြတ်တွေ ပါတယ်။ ဒီလုပ်ငန်းစဉ် မှာ ပါဝင် ပတ်သက်နေတဲ့ အစိုးရဌာနတွေက ပြည်သူတွေ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ မီဒီ ယာတွေကနေ တဆင့် ကျယ်ကျယ်ပြန့်ပြန့် ဘယ်လောက်ပဲပြောပြော လျစ်လျူရှုနေတယ် ဆိုတာ ကျနော်တို့ ပြောနေတဲ့ စနစ်ကို သွားလိုက်မယ်ဆိုရင် သူတို့ ရနေတဲ့ အကျိုးအမြတ်တွေ အားလုံး ရပ်ဆိုင်းသွားမှာ။
ဒီလုပ်ငန်းစဉ်ကြီး ရှိနေလို့ သာယာပြီး အကျိုးအမြတ် လာဘ်လာဘတွေ အများကြီး ရနေပြီးတော့မှ ကျနော်တို့ ပြောတဲ့ လမ်းကြောင်းကို သွားပါဆိုတော့ သွားချင်တဲ့ ဆန္ဒမရှိဘူး။ အဲဒီ စနစ်ကြီးကို သွားဖို့အတွက် အကျင့်ပျက် လာဘ်စားနေတဲ့ သူတွေကို နိုင်ငံတော် အစိုးရက သိအောင်မြင်အောင် ကြိုးစားပြီး ထိရောက်စွာ အရေးယူလိုက်ပါ။ စံပြအနေနဲ့ အရေးယူ လိုက်ပါ ဒါဆို ဥပဒေနဲ့ အညီ ဖြစ်သွားပါလိမ့်မယ်။

မေး။ ။ ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခွင့်အရေး အပြည့်အဝ ရဖို့အတွက် မြန်မာအစိုးရအနေနဲ့ ဘာတွေ ပံ့ပိုးကူညီသင့်လဲ။
ဖြေ။ ။ ရွှေ့ပြောင်းလုပ်သားတွေ အခွင့်အရေး အပြည့်အဝ ရဖို့ဆိုတာ သူတို့အစိုးရ အချင်းချင်း တွေ့ဆုံတဲ့အခါ ကတိက ဝတ်တွေ ခိုင်ခိုင်မာမာ ပြုလုပ်ဖို့ လိုပါတယ်။ ထိုင်းအစိုးရမှာ အလုပ်သမားနဲ့ ပတ်သက်တဲ့ ဥပဒေ ခိုင်ခိုင်မာမာ ချမှတ်ထား တာတွေ ရှိပါတယ်။
အဲဒီ ဥပဒေတွေ အားလုံးကို မြန်မာလုပ်သားတွေ အပြည့်အဝ ရအောင် ခင်ဗျားတို့ ထိုင်းလုပ်ငန်းရှင်တွေ မချိုးဖောက်ရ အောင် ခင်ဗျားတို့ စောင့်ကြပ် ကြည့်ရှူ ဖော်ထုတ် အရေးယူပေးပါ ဆိုတာကို ပြောကြားခဲ့မယ်ဆိုရင် သူ့လုပ်ငန်းရှင်တွေ ဥပဒေ လိုက်နာပြီဆိုရင် အလုပ်သမား အခွင့်အရေး ချိုးဖောက်မှုဆိုတာ လုံးဝမရှိသလောက် ဖြစ်သွားမယ်။
နံပါတ်နှစ်က မြန်မာအစိုးရက ကိုယ့်လုပ်သားတွေ အဲဒီပြည်နယ်၊ အဲဒီခရိုင်၊ အဲဒီအိမ်၊ အဲဒီခြံနံပါတ်မှာ အလုပ်သမားတွေ လုံခြုံစိတ်ချစွာ ရောက်မရောက် ဆိုတဲ့ အလုပ်သမားတွေရဲ့ အခြေအနေကို စောင့်ကြပ်ကြည့်ရှုရမယ်။
မေး။ ။ အစောပိုင်းက ပြောခဲ့သလို ပြဿနာတွေ၊ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီး ရှိရဲ့သားနဲ့ မြန်မာ လုပ်သား တွေဟာ ထိုင်းကို ဘာကြောင့် အဆက်မပြတ် လာရောက် အလုပ်လုပ်ကိုင်နေကြတာလဲ။
ဖြေ။ ။ နိုင်ငံတကာ သုတေသန ပညာရှင်တွေ၊ ကိုယ်တိုင် စာတမ်းတွေ ထုတ်ထားပါတယ်။ နံပါတ် ၁ က ၁၉၈၀ နောက်ပိုင်း ကတည်းက မြန်မာနိုင်ငံသားတွေဟာ ကိုယ့်တိုင်းပြည်မှာ စစ်မက်တွေ ဖြစ်တယ်။ တိုင်းပြည် မတည်ငြိမ်ဘူး။ နံပါတ် ၂ က တိုင်းပြည် ဖွံ့ဖြိုး တိုးတက်အောင် မလုပ်နိုင်တဲ့ အတွက် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီတွေ မရှိဘူး။ နံပါတ် ၃ ရှိတဲ့ အလုပ် အကိုင်တွေကလည်း ဝင်ငွေ နည်းပါးတယ်။ အဲဒီတော့ ဒီဆင်းရဲနွမ်းပါးမှု ဒဏ်ကို ကျော်လွှားဖို့ အတွက် ပြည်ပကို ထွက်ပြီး အလုပ် လုပ်ကိုင်ဖို့မှ တပါး အခြားနည်းလမ်း မရှိဘူး။
ယနေ့ အထိလည်း ကိုယ့်ပြည်တွင်းမှာ အလုပ်အကိုင် အပြည့်အဝ မပေးနိုင်သေးဘူး။ လုပ်နေကြတဲ့ အလုပ်သမားတွေမှာ လည်း မခိုင်လုံလို့ ဆန္ဒပြမှုတွေ ဖြစ်တယ်။ ဒါပေမယ့် လုပ်သားတွေ ဘက်က ထိုင်းမှာလို ပြတ်ပြတ်သားသား နိုင်လိုက် တယ် ဆိုတာမျိုး၊ လုပ်သားတွေ ပျော်ရွှင်ချမ်းမြေ့စွာ ရသွားတယ်ဆိုတာမျိုး မတွေ့ရဘူး။ ထိုင်းနိုင်ငံမှာ အလုပ်သမား ဥပဒေ အားကောင်းတယ်။
စက်ရုံ အလုပ်ရုံတွေ ရှိတယ်။ မြန်မာနိုင်ငံက ဝင်တဲ့ ဝင်ငွေ ၄၈၀၀ ထက် သုံးဆလောက် လုပ်အားခ ဝင်တယ်။ အဲဒါကြောင့် ပြည်တွင်းမှာ ရှိတဲ့ လုပ်သားတွေသည် ဒီနေ့အထိ ရပ်တန့်မသွားဘဲ ထိုင်းအပါအဝင် ပြည်ပနိုင်ငံတွေကို နေ့စဉ် ထွက်ခွာ သွားလာနေတာ ဖြစ်ပါတယ်။
မေး။ ။ အပေါ်မှာ ပြောခဲ့သလို အစိုးရပိုင်းက လာဘ်စားမှုတွေလည်း ရှိနေခဲ့တယ်ပေါ့။ အခုလည်း လာဘ်ပေးလာဘ်ယူမှုနဲ့ တရားစွဲ ခံထားရတာတွေ ရှိနေတော့ ထိုင်းရောက်နေတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ပတ်သက်ပြီး သံအရာရှိတွေရဲ့ လက်တွေ့ လုပ်နိုင်စွမ်းကရော ဘယ်လောက်ရှိလဲ။
ဖြေ။ ။ မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံမှာ လာရောက် အလုပ် လုပ်ကိုင်တာ ဆယ်စုနှစ်မက ရှိနေချိန်မှာ အရင်ကတည်း ကလည်း သံအရာရှိတွေ ထားခဲ့တာ မဟုတ်ပါဘူး။ အရင်တုန်းကလည်း အလုပ်သမားတွေကို ကူညီစောင်ေ့ရှာက်ပေးဖို့ ဆို တာ ကျနော်တို့လို ကိုယ့်နိုင်ငံသား ဘဝတူတွေကို ကူညီစောင့်ရှောက်ရမယ် ဆိုပြီး ထူထောင်ထားတဲ့ အဖွဲ့အစည်းတွေ၊ ပရဟိတ အဖွဲ့အစည်းတွေ၊ NGO တွေကသာ ဆောင်ရွက်ပေးခဲ့တာပါ။
အလုပ်သမား သံအရာရှိဆိုတာ စ ခန့်အပ်တုန်းကလည်း ထိုင်းနိုင်ငံမှာ ၁ ဦးပဲ ထားခဲ့တယ်။ အဲဒီ ၁ ဦးကလည်း သန်းနဲ့ချီ ပြီးရှိတဲ့ လုပ်သားတွေကို ကူညီဖြေရှင်းပေးနိုင်စွမ်း မရှိဘူး။ ကူညီဖြေရှင်းပေးတဲ့ အရိပ်လက္ခဏာလည်း မတွေ့ရဘူး။ အစပိုင်းမှာပေါ့နော်။
နောက်ပိုင်းမှာ ၁ ဦးကနေ ဒီနေ့အထိဆို ၅ ဦး ဖြစ်သွားပြီ။ လက်ရှိ အနေအထားမှာ ရောက်နေတဲ့ ၅ ဦးက သူတို့ တတ်နိုင် သလောက် ကြိုးစားပြီး လုပ်ကိုင်နေတာ တွေ့တယ်။ သို့သော် ဒီအရာရှိ ၅ ဦးက အရေအတွက်အားဖြင့်တော့ နဂို ၁ ဦး ထက်စာရင် တော်တော်များလာတယ် လို့ ထင်ရတယ်။ ဒါပေမယ့် ဒီ ၅ ဦးက ခရိုင်ပေါင်း ၇၇ ခုက သန်းနဲ့ချီသော အလုပ်သမားတွေ အတွက် ထောင့်စေ့အောင် မလုပ်နိုင်ဘူး။
အဲဒီတော့ သူတို့ လုပ်ဆောင်တဲ့ ပုံစံက ကျနော်တို့လို အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်တာကို တွေ့ရ တယ်။ ဒီအလုပ်သမား သံအရာရှိတွေဟာ တနိုင်ငံလုံးမှာတော့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်တာ မရှိသေးဘူး။ ဒါပေမယ့် ကျနော် တို့လိုအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက် ဆောင်ရွက်လာနိုင်တာကတော့ အကျိုး ဖြစ်ထွန်းပါတယ်။

မေး။ ။ အခုလက်ရှိ ထိုင်းက ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အရေးပေါ် ထိခိုက်မှုတွေနဲ့ နစ်နာကြေးတွေကရော အဆင်ပြေလား။
ဖြေ။ ။ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေတွေက မြန်မာနိုင်ငံထက် အများကြီး ခိုင်မာတယ်။ ဒါကြောင့်မို့ လုံလောက်တဲ့ အထောက်အထားတွေနဲ့ လျှောက်ထားခဲ့မယ် ဆိုရင် လုပ်သားအနေနဲ့ အပြည့်အဝ ရတယ်။ အချို့လုပ်သားတွေက ကျနော် တို့ကို တယ်လီဖုန်းနဲ့ ရုံးဖုန်းနဲ့ ဖြစ်ဖြစ်၊ Page က ဖြစ်ဖြစ် သတင်းရလို့ ဘယ်ခရိုင်၊ ဘယ်မြို့က တရားဝင် လုပ်သားဖြစ် မဖြစ် ဆိုတာကို မေးကြည့်လို့ စုံရင် အကုန်ရတယ်။ မီဒီယာတွေကိုရော အစိုးရကိုရော၊ သက်ဆိုင်ရာဝန်ကြီးဌာန ကိုရော အကြိမ်ကြိမ် ပြောပြီးပြီ။ မြန်မာပြည်က လုပ်သား ဥပဒေကို အဲဒီလို ခိုင်အောင် လုပ်ပေးပါလို့။
အစောက မေးတာကို ပြန်ကောက်ရင် ထိုင်းနိုင်ငံမှာ လုပ်ငန်းခွင်ထဲမှာ မတော်တဆ ထိခိုက်ဒဏ်ရာရတာပဲ ဖြစ်ဖြစ်၊ အခွင့်အရေး ချိုးဖောက်ခံရတာပဲ ဖြစ်ဖြစ်၊ အလုပ်သမားသည် မိမိရဲ့ ကိုယ်ရေးရာဇဝင် အလုပ်ရှင်ရဲ့ ကိုယ်ရေး ရာဇဝင်ကို ပြည့်စုံစွာ တင်ပြနိုင်မယ်ဆိုရင် လုံးဝ ရနိုင်တယ်။ မအောင်မြင်တဲ့ အမှု မရှိဘူး။
You may also like these stories:
အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း အလုပ်သမားသမဂ္ဂများ ကန့်ကွက်
အလုပ်သမားရေးလှုပ်ရှားနေသူများ ၂၀၂၀ ရွေးကောက်ပွဲတွင် ရန်ကုန် လှိုင်သာယာမှာ ဝင်ပြိုင်မည်
အလှမ်းဝေးနေဆဲ ရွှေ့ပြောင်းလုပ်သားများရဲ့ မဲပေးနိုင်ခွင့် အိပ်မက်များ
မြန်မာတွေ ဆောက်တဲ့ လာအိုက တရုတ်ကက်စီနိုသို့ အလည်တခေါက်