2019 Novel Coronavirus (2019–nCoV) ကိုရိုနာဗိုင်းရပ် စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့တွင် ပိတ်မိခဲ့ သည့် မြန်မာ ကျောင်းသားများအား သွားရောက်ခေါ်ဆောင်စဉ် စစ်ဆေးမှု အခြေအနေအရ မြန်မာကျောင်းသား ၂ ဦး နှင့်အတူ ပေကျင်းမြို့ အခြေစိုက် မြန်မာသံရုံးမှ ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းသည်လည်း ဝူဟန်မြို့တွင် ကျန်ရှိနေခဲ့ရသည်။
ဗိုင်းရပ်ကူစက်မှုအား စတင်သတိပြုမိချိန်မှစ၍ ၂ လနီးပါခန့်ရှိလာချိန်တွင် ကူးစက်ခံရသူ လေးသောင်းကျော် လာပြီဖြစ် ပြီး ဗိုင်းရပ်ကြောင့် သေဆုံးသူများလည်း တထောင်ကျော်လာပြီဖြစ်သည်။
လက်ရှိအချိန်တွင် ဗိုင်းရပ်စတင်ရာ ဝူဟန်မြို့တွင်း အခြေအနေ၊ မြန်မာကျောင်းသားများ၏ အခြေအနေနှင့် ပြန်လာမည့် အခြေအနေများနှင့် ပတ်သက်ပြီး ဝူဟန်မြို့တွင် ရောက်ရှိနေထိုင်နေရသည့် ဒုတိယအတွင်းဝန် ဦးစိုးပြည့်ဝင်းထံသို့ ဧရာဝတီ အကြီးတန်းသတင်းထောက် ထွန်းထွန်း က ဆက်သွယ်မေးမြန်းထားသည်။
မေး ။ ။ လက်ရှိအချိန်ထိ ဝူဟန်မြို့ကနေ ဘယ်လိုကြောင့် ပြန်မထွက်ဖြစ်သေးတာလဲ။
ဖြေ ။ ။ ဒီကနေပြန်ထွက်ဖို့က သူတို့လုပ်ထားတဲ့ အစီအစဉ်တွေအရ ပုံမှန် ၁၄ ရက်လောက် စောင့်ကြည့်ရမယ့် သဘောဖြစ်နေတယ်။ သတ်မှတ်ချက်ရှိတယ်။ ပေကျင်းပြန်ရောက်ရင်လည်း ကျနော်က ၁၄ ရက်လောက် အိမ်ထဲ နေပေးရမယ့် သဘောရှိတယ်။ လောလောဆယ်တော့ ဒီမှာပဲရှိနေတုန်းပဲ။
မေး ။ ။ လက်ရှိ ဝူဟန်မြို့မှာရော ဘယ်လိုအခြေအနေရှိသလဲ။
ဖြေ ။ ။ သူတို့ရဲ့ ရောဂါထိန်းချုပ်ရေး အစီအစဉ်ကြောင့်ပဲ မြို့သူမြို့သားတွေက အိမ်ထဲမှာ နေကြတာပဲများ တယ်။ အစားအသောက် အတွက်ကလည်း စားသောက်ကုန် ပုံမှန်ဆိုင်လေးတွေ ဖွင့်ထားကြတာတော့ရှိတယ်။ ပုံ မှန်အချိန်ထက်တော့ စောပြီးပိတ်တာ ရှိတာပေါ့၊ အစားအသောက် ထွက်ဝယ်ကြတဲ့ သူတချို့လည်း ရှိပါတယ်။ လမ်းတွေပေါ်မှာလည်း စက်ဘီးလေးတွေ၊ အိမ်စီးကားလေးတွေနဲ့ သွားလာကြတာ တချို့တွေ့ရတယ်။ အများ ပြည်သူ သယ်ယူပို့ဆောင်ရေးကတော့ လုံးဝပြန်မဖွင့်သေးဘူး၊ မရှိသေးဘူး၊ အရင်လိုမျိုးတော့ မဟုတ်ဘူးပေါ့။ မြို့ကို Lock ချထားတာ၊ သယ်ယူပို့ဆောင်ရေးလိုင်းတွေမရှိတာ၊ အပြင်ထွက်တာကို တတ်နိုင်သမျှနည်းအောင် ကန့်သတ်တာမျိုးတွေတော့ ရှိနေသေးတယ်။
မေး ။ ။ ဝူဟန်မှာပဲ ကျန်ခဲ့တဲ့ မြန်မာကျောင်းသားတွေရဲ့ အခြေအနေကရော။
ဖြေ ။ ။ သူတို့က ကျန်းမာရေးကောင်းပါတယ်။ နေတာတော့ ကျောင်းမှာပဲ နေကြတာပေါ့၊ သူတို့ကို မနက်၊ ည ထမင်းပုံမှန်ကျွေးတယ်၊ ဝယ်ချင်တာရှိရင်လည်း သူတို့ကိုပြောတဲ့အခါ ထွက်ဝယ်ပေးတာမျိုးလေးတွေလည်း ရှိပါ တယ်။ သူတို့လိုမျိုးလည်း တခြားကျောင်းသားတွေလည်း ရှိနေသေးတယ်။ ကျနော်ကလည်း ဒီမှာရောက်နေတော့ သူတို့နဲ့တော့ ပုံမှန်တော့ အဆက်အသွယ်ရပါတယ်။ ကျန်းမာရေးလည်း ကောင်းကြပါတယ်။
မေး ။ ။ သူတို့ပြန်လာဖို့ရော ဘယ်လိုအခြေအနေရှိသေးလဲ။
ဖြေ ။ ။ အရင်တခေါက်လို လေယာဉ်နဲ့လာခေါ်ဖို့ ဆိုတာမျိုးတော့ အစီအစဉ်မရှိသေးဘူး။ ပြန်ထွက်ဖို့ကိုတော့ စာတွေပို့ထားပေးတာရှိတယ်။ ပြန်ထွက်ဖြစ်ရင်လည်း ကုန်းလမ်းကနေပဲပြန်ထွက်ဖို့ ပြောဆိုထားတာလည်း ရှိတယ်။ အဲ့ဒီလမ်းကြောင်းကလည်း အခုရက်ပိုင်းက ပိုပြီးတော့ကြပ်တယ်။ လုံးဝကို အထွက်ကို မခံတဲ့ သဘောမျိုးပေါ့။ သံတမန်တွေလာရင်တောင် တော်တော်လေး စိစစ်တာတွေရှိတယ်လို့ ကြားရတယ်။ ကျနော့်တုန်းက အဝင် လေယာဉ်နဲ့လာဖို့ကိုတောင် ခွင့်ပြုချက်တင်ရတာကိုး။
အခုအဲ့ဒီလို လာဖို့တောင် တော်တော်စိစစ်နေကြတယ်၊ သူတို့ဆုံးဖြတ်ချက်ချတာလည်း တော်တော်လေး ကြာတတ်တယ်လို့ ကြားနေတာတွေရှိတယ်။ သေချာစဉ်းစားတဲ့ သဘောပေါ့။ သံရုံးအနေနဲ့ကတော့ ကျနော်တို့ ပြန်ထွက်ဖို့ကို စာတွေပို့ထားတာရှိပေမယ့် အခုထိတော့ အကြောင်း ပြန်ကြားတာ မရှိသေးဘူးပေါ့။
မေး ။ ။ ဝူဟန်မြို့မှာ တခြား မြန်မာနိုင်ငံသားတွေရှိသေးလား၊ အဆက်အသွယ်ရောရလား။
ဖြေ ။ ။ အရင်ကတော့ အဆက်အသွယ်ရတဲ့သူတွေရှိတယ်။ ဒီမှာ တရားဝင်လာနေထိုင်ပြီး ပတ်စပို့ သက်တမ်း လာတိုးတဲ့ သူတွေလဲ ရှိတာပေါ့။ သူတို့ကတော့ မပြန်ဘူးပေါ့၊ ဒီမှာပဲနေကြတဲ့သူတွေဆိုတော့၊ သူတို့ကလည်း ဝူဟန်မြို့ပေါ်ကထက်စာရင် ဟူပေပြည်နယ်အတွင်း နေထိုင်တဲ့သူတွေလို့ပဲ သုံးနှုန်းတာက ပိုမှန်ပါတယ်။ အခု အခြေအနေကတော့ ကျနော်တို့ လေယာဉ်နဲ့လာခေါ်တုန်းက ကြေညာချက်တွေ ထုတ်ပြီး အသိပေးပေမယ့် ဆက်သွယ်လာတာတော့ မရှိခဲ့ဘူး။ အဲ့အတွက် ဒီမြို့ပေါ်မှာတော့ မရှိတော့ဘူးလို့ ယူဆရတာပေါ့။ လာခေါ်တုန်းကလည်း မြို့ပေါ်မှာရှိနေတဲ့သူတွေဆို တခါတည်းပြန်ခေါ်သွားလို့ ရတာပဲလေ။
မေး ။ ။ လက်ရှိ ရောဂါပြန့်ပွားမှုနဲ့ပတ်သက်ပြီးရော ဘယ်လိုသုံးသပ်မိသလဲ။
ဖြေ ။ ။ ရောဂါအခြေအနေကတော့ တရုတ်ဘက်ကလည်း သတင်းတွေထုတ်ပြန်နေတာ ရှိပါတယ်။ ရောဂါ ကူးစက်မှုကတော့ ရှိနေသေးပေမယ့် ကူးစက်တဲ့နှုန်းကတော့ ကျဆင်းသွားတယ်လို့ သူတို့ကတော့ သုံးတာပေါ့။ တကယ်လည်း အရင်ကထက်စာရင် ကူးစက်တာကရှိနေသေးပေမယ့် ကူးစက်တဲ့ နှုန်းကတော့ ကျသွားတယ်လို့ ထင်ပါတယ်။ အခုက အပြင်ထွက်တာတွေ နည်းအောင်လုပ်တယ်။ အခုရက်ပိုင်းဆိုရင် အိမ်တွေမှာ တအိမ်တက်ဆင်း လိုက်ပြီး လုပ်တာရှိတယ်။ ဖျားနာတဲ့သူရှိရင် သိအောင်လို့ပေါ့။ ဆေးဆိုင်ဆေးခန်းတွေမှာ ဆေးသွားဝယ်ရင်လည်း ဖျားနာတဲ့ သူတွေနောက်ကို လိုက်စောင့်ကြည့်တာမျိုးတွေ ရှိလာတယ်။ အဲ့ဒီအတွက် ပြန့်တဲ့နှုန်းလေး ကျလာတဲ့သဘောတော့ရှိပါတယ်။ ကူးစက်ပြီး ပြန်ကောင်းလာတဲ့ သူတွေလည်း ရှိပါတယ်။
ကျနော်ရဲ့ မျက်မြင်အရတော့ အဲ့ဒီလောက်ကြီး အုတ်အော်သောင်းတင်း ဖြစ်နေတာတော့ မရှိပါဘူး။ ဈေးဆိုင်တွေ ကလည်း ဒီအတိုင်းပုံမှန်သဘောပေါ့။ အစားအသောက် ဆိုင်လေးတွေရှိတယ်၊ ဝယ်လို့လည်းရတယ်။ MASK တွေ ဘာတွေတော့ ဆိုင်တွေမှာ အများကြီးသိပ်မတွေ့ဘူး။ တိုးကြိတ် ဝယ်တာလည်း သိပ်မတွေ့ဘူး။ များသောအားဖြင့် အိမ်ထဲမှာပဲ နေကြတဲ့ ပုံစံရှိတယ်။
မေး ။ ။ ကိုယ်တိုင်က ဝူဟန်မြို့မှာ ရှိနေသေးတာဆိုတော့ ဗိုင်းရပ်နဲ့ပတ်သက်ပြီး အရမ်းစိုးရိမ်မိလား။
ဖြေ ။ ။ စိုးရိမ်လားဆိုတာကတော့ ကျနော်လည်း အပြင်သိပ်မထွက်ဖြစ်ပါဘူး၊ တည်းတဲ့နေရာကလည်း အ ဆင်ပြေပါတယ်။ အနီးအနား တခေါက်နှစ်ခေါက်တော့ ဈေးတွေဘာတွေ ထွက်ဖြစ်တာရှိတော့ မျက်မြင်တွေ့ရတွေ ပြောနိုင်တာပေါ့။ ကိုယ့်ကိုကိုယ် သေသေချာချာ ကာဗာလုပ်မယ်ဆိုရင်တော့ ကူးစက်နိုင်ချေကတော့ နည်းပါတယ်။ အခုနောက်ပိုင်းလည်း ညဘက်ဆိုရင် မြို့ပေါ်မှာ ဆေးတွေဘာတွေ ဖြန်းတယ်။ သိပ်ပြီးတော့ အရမ်းကြီး စိုးရိမ်တယ်လည်း မဟုတ်ပါဘူး။ သူတို့ခွင့်ပြုချက်ပေးတဲ့အခါကျရင်တော့ ကျနော်လည်း ဝူဟန်မြို့ကနေ ပြန်ထွက်မှာပါ။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲခန်းနှင့် ပတ်သက်၍ လွှတ်တော်တွင် ဆွေးနွေး
ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် လပွတ္တာရှိ ဂဏန်းပို့ကုန်လုပ်ငန်းရပ်ဆိုင်းနေ\
စင်ကာပူပြန် ဖျားနာနေသောအမျိုးသမီးကို ဝေဘာဂီဆေးရုံတွင် စောင့်ကြည့်စစ်ဆေးနေ