၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အပေါ် အမြင်များ
ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် ဗြိတိသျှတို့လက်အောက်မှ မြန်မာနိုင်ငံ အပြည့်အဝ လွတ်လပ်ရေး ရရန် တောင်တန်းဒေသ ခေါင်းဆောင်များနှင့် ပြည်မခေါင်းဆောင်များအကြား ပူးပေါင်းသည့် ပင်လုံစာချုပ် ချုပ်ဆိုခဲ့သော မြန်မာ့သမိုင်းတွင် အရေးပါသည့် နေ့ထူးတရပ်ဖြစ်သည့် ပြည်ထောင်စုနေ့ ဖြစ်သည်။
ပြည်ထောင်စုနေ့ရောက်တိုင်း နိုင်ငံတဝှမ်း နှစ်စဉ်အထိမ်းအမှတ်ပွဲများ ကျင်းပမှုများလည်း ရှိသည်။ ထိုသို့သော သမိုင်းဝင်နေ့ထူးနေ့မြတ်တွင် ၁၉၄၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ နှစ်ပေါင်း ၇၃ နှစ်ကျော် ရှည်ကြာလာခဲ့သည့် ပြည်ထောင်စုနေ့နှင့် ပတ်သက်၍ မြန်မာပြည်ဖွား တိုင်းရင်းသားအချို့ နှင့်, ဘာသာဝင် အချို့၏ အမြင်များကို သိရှိနိုင်ရန် ဧရာဝတီ သတင်းထောက် ဇင်လင်းထက် က မေးမြန်းထားချက်များအား စုစည်းတင်ပြလိုက်ပါသည်။
ကိုကျော်ဇေယျ (မြန်မာပြည်ဖွားရှီယားမွတ်စလင်)

ကျနော်တို့နဲ့တော့ ဘယ်လိုပဲ ဖြစ်ဖြစ် ဒီမြန်မာနိုင်ငံသားတယောက်အနေနဲ့က ဒီလိုနေ့မျိုးဟာ မေ့ဖျောက်လို့တော့ မရဘူးပေါ့။ ကျနော်တို့ တသွေးတသားတည်းဖြစ်မယ့် တကယ်တမ်း အစိုးရကောင်း ကောင်းသာ ကိုင်တွယ်နိုင်မယ် ဆိုရင် အားလုံးနဲ့ တသွေးတသားတည်း ဖြစ်မယ့်နေ့ပေါ့ဗျာ။ ဒါပေမယ့် လက်ရှိမှာ အဲဒီလိုတသွေးတသားတည်း ထင်သလိုမဖြစ်ဘဲ ဗမာနိုက်ဇေးရှင်းပေါ့။ ဗမာဝါဒပဲ ကြီးစိုးတယ်။ ဗုဒ္ဓဘာသာကပဲ ကြီးစိုးတယ်ဆိုတဲ့ ပုံစံမျိုးပဲ ဖြစ်နေတာပေါ့။ အများစုကတော့ ခွဲခြားတာပေါ့ဗျ။ ဒါပေမယ့် ကျနော့်မိတ်ဆွေတွေ၊ ကျနော်တက္ကသိုလ်တက်တုန်းက သူငယ်ချင်း အပေါင်းအသင်းတွေရှိတယ်။ သူတို့နဲ့ကတော့ သူငယ်ချင်း လုံးဝ ညီအစ်ကိုလို ပေါင်းတယ်။ ဒါပေမယ့် ကျနော်နဲ့ ကျနော့် သူငယ်ချင်းနဲ့က ဘယ်တော့မှ တတန်းတစားထဲမဖြစ်ဘူး။ သဘောက ကျနော်က Second Level ပဲ။ ဒါပေမယ့် တမင်ခွဲခြားတာတော့ မဟုတ်ဘူး။ Mindset က ဝင်နေတာဗျ။ ကျနော်တို့ဟာ ဒီနိုင်ငံရဲ့ Second Class ပေါ့။ သူတို့က First Class ပေါ့။ အဲဒီလိုမျိုးဖြစ်နေတာ။
မှတ်ပုံတင်လုပ်တဲ့ နေရာတို့ ဘာတို့မှာ ထင်ရှားတယ်။ ကျနော်ဘွဲ့ယူတုန်းကလည်း ဘွဲ့မရတော့မလို ဖြစ်ပြီးမှ နောက်ပိုင်းပြန် အဆင်ပြေသွားတယ်။ မှတ်ပုံတင်က ထွေထူးပြောစရာတောင်မလိုဘူး။ နောက်ဆုံး နိစ္စဓူဝ ကားမောင်းတယ်ဗျာ။ ကားဖမ်းခံရရင် တခါတလေ ကိုယ်က မွတ်စလင် ဖြစ်လို့ဆိုပြီး အပြစ်ယူတဲ့ ကဏ္ဍမျိုးတွေတောင် ရှိတတ်တယ်။ အဲဒီလို ကြုံရတာတွေကတော့ အများကြီးပဲ မှတ်ပုံတင်တခုတည်း မဟုတ်ဘူး။ ကျောင်းတွေမှာလည်း တက္ကသိုလ်ဆရာ၊ ဆရာမတွေရဲ့ စကားအသုံးအနှုန်းက အစ အများကြီး ပြဿနာရှိတယ်။ ကျနော်က မိတ္ထီလာမှာ တက္ကသိုလ်တက်ခဲ့တာဆိုတော့ အရေးအခင်းဖြစ်ပြီး နောက်ပိုင်းမှာ ဒီကုလားတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ သူက ဟိုဘက်ကိုပြောနေတာပဲ။ ဒါပေမယ့် အတန်းထဲမှာ ကိုယ်ကလည်း ရှိနေတယ်လေ။ အဲဒါမျိုးတွေ အဆင်မပြေဘူးပေါ့။
ကျနော်တိုင်းရင်းသားတွေနဲ့လည်း စကားပြောဖူးတယ်။ အခု ပင်လုံစာချုပ်ဆိုပြီးလုပ်လိုက်တယ်။ တပေါင်း တစည်းတည်း ဖြစ်သွားတယ်။ တိုင်းရင်းသားအချင်းချင်းကြားမှာကျတော့ ပြန်ခွဲထားတယ်။ တချို့တိုင်းရင်းသားတွေက ကိုယ်ပိုင်လွတ်လပ်ခွင့်ရတယ်ဗျာ။ တချို့တိုင်းရင်းသားတွေကျတော့ မရဘူး။ အဲဒီလိုမျိုး မညီမျှခြင်းတွေ ဖြစ်နေသမျှတော့ ပြည်ထောင်စုနေ့ဆိုတာ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ သာမန်အားဖြင့် ပြန်ကြည့်ရင် ပြည်ထောင်စုနေ့ကို ဘယ်သူတွေ ကြီးစိုးပြီးလုပ်နေသလဲ။ ဗမာတွေပဲ ကြီးစိုးပြီး လုပ်နေတာလေ။
တိုင်းရင်းသားတွေရဲ့ Personal Feeling မှာ ပြည်ထောင်စုနေ့ဆိုတာ သူတို့ကို အကျဉ်းချတဲ့နေ့လို့တောင် သတ်မှတ်လို့ရတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က ဒီမှာ လာပေါင်းရတာမှာ ဒုက္ခရောက်နေတာကိုး။ တကယ်တမ်းကျရင် သူတို့ရဲ့ Identity ၊ သူတို့ရဲ့ ရပိုင်ခွင့်၊ သူတို့ရဲ့ ပြည်နယ်ပုံစံမျိုး နဲ့ အဲဒီပြည်ထောင်တွေ ပေါင်းထားတာဆိုရင် ပြည်ထောင်စုနေ့ဆိုတာ အရမ်း ကိုအဓိပ္ပာယ်ရှိသွားမှာပေါ့။ ပွဲတွေလုပ်တာလည်း လုပ်တာပေါ့။ ဒါပေမယ့် ကျနော်တို့ ပြည်သူတယောက်ချင်းစီရဲ့ စိတ်ထဲမှာ ပြည်ထောင်စုစိတ်ဓာတ်ရှိအောင် လုပ်ဖို့လိုပါတယ်။ တယောက်နဲ့ တယောက်ချနှက်ပြီး ရန်လိုနေသ၍ကတော့ ပြည်ထောင်စုရဲ့ အနှစ်သာရ ပျောက်ဆုံးနေဦးမှာပဲ။
မဆိုင်းနူးပန် (ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လူငယ်ကော်မတီ အထွေထွေအတွင်းရေးမှူး)

တကယ်တမ်းဆိုရင် ကျမက မြန်မာနိုင်ငံသား ကချင်လူမျိုး တယောက်ဖြစ်တယ်။ ကျမတို့ ခံစားရမှာက ပြည်ထောင်စုနေ့ဆိုတာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့နေ့လို့ ခံစားရမှာ။ ဒါပေမယ့် အနေအထားအရ ပြည်သူတွေမှာက ကိုယ်ပိုင်ပြဌာန်းခွင့်၊ အုပ်ချုပ်ခွင့်ဘာမှ မရှိတဲ့အခြေအနေမှာ ပြည်ထောင်စုနေ့ရဲ့ အနှစ်သာရကို ကျမတို့ အခုအချိန်အထိ မခံစားရသေးဘူးပေါ့။ ပွဲတွေကို နိုင်ငံတော်အဆင့်ကဖြစ်ဖြစ် လုပ်နေကြပေမယ့်လည်း တိုင်းရင်းသားတွေနဲ့ကျတော့ သိပ်ပြီး မအပ်စပ်သလိုပဲ။ ပြည်ထောင်စုဆိုတဲ့ အနှစ်သာရကို ကျမတို့ မခံစားရဘူးလို့မြင်တယ်။
ပြည်ထောင်စုဆိုတာက ဗမာတခုတည်း မဟုတ်ဘူး။ ရှမ်းတခုတည်းမဟုတ်ဘူး။ အားလုံးပေါင်းပြီးမှ ဖြစ်လာတဲ့ ပြည်ထောင်စု ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေဆိုတာ ပြည်ထောင်စုရဲ့ Founder တွေဖြစ်တယ်။ သူတို့မရှိရင် ပြည်ထောင်စု ဆိုတာလည်း ဖြစ်လာမှာမဟုတ်ဘူးဆိုတော့ အကုန်လုံး ပူးပေါင်းမှ ဖြစ်လာတဲ့ ဒီပြည်ထောင်စုကို အလေးအနက်ထားသင့်တယ်။ သူ့ရဲ့အနှစ်သာရဆိုတာမှာလည်း ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဆိုတာရှိရမယ်။ ဒါမှပဲ ဒီတိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ တိုင်းရင်းသားတွေ ဖြစ်ပေါ်နေတဲ့ ခံစားမှုတွေ သူတို့ဖြစ်ချင်တာတွေက ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိမှပဲ အဆင်ပြေမယ်။
တိုင်းရင်းသားတွေ ဖြစ်ချင်တာကို တာဝန်ရှိတဲ့ အစိုးရကနေ လုပ်ဆောင်ပေးဖို့ လိုအပ်လိမ့်မယ်။ အဲဒါမှပဲ ပြည်ထောင်စု ဆိုတဲ့ အနှစ်သာရတွေကို ခံစားပြီးမှ အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ်ပေါ့။ အခုကတော့ နှုတ်မှာပဲ ပြည်ထောင်စုလို့ ပြောနေကြတယ်ပေါ့။ သမိုင်းကြောင်းအရ ပြည်ထောင်စုလို့ ပြောနေပေမယ့် အနှစ်သာရကတော့ ပျောက်ကွယ် နေတယ်လို့ ကျမကတော့ မြင်တယ်။
အဓိကတော့ အစိုးရကနေ တိုင်းရင်းသားတွေရဲ့ လိုလားချက်၊ လိုအပ်ချက် နဲ့ပတ်သက်တဲ့အသံတွေကို နားထောင်ရမယ်။ အခုပဲ လောလောလတ်လတ် ကချင်တော်လှန်ရေးနေ့အတွက် ပွဲလုပ်တဲ့ ဆရာတွေကို ထောင်ချလိုက်လို့ ကျမတို့ အခုပဲ မြစ်ကြီးနားထောင်ရှေ့ ရောက်နေတယ်။ ဆိုလိုတာက မနက်ဖြန်က ပြည်ထောင်စုနေ့ ဖြစ်တော့မယ်။ ဒါပေမယ့် တိုင်းရင်းသားတွေရဲ့ ခါးသီးမှုဒဏ်ကတော့ အခုထိ ခံနေရဆဲဖြစ်တယ်။ ပြည်မဘက်မှာ အစိုးရကနေ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကပွဲ၊ ဖျော်ဖြေပွဲ ၊ သီဆိုပွဲ အစုံအကုန်လုံးလုပ်နေကြတယ်။ ဒါပေမယ့် တကယ်တမ်း အောက်ခြေမှာကျတော့ ပြည်သူလူထုအားလုံး ပြည်ထောင်စုရဲ့ အနှစ်သာရကို မခံစားရဘူး။ ထောင်ထဲသွားနေရတယ်။ တရားစွဲ ခံနေရတယ်။ သတ်ဖြတ်ခံနေရတယ်။ ဒါကတော့ လက်တွေ့မြေပြင်မှာ ပြည်ထောင်စုရဲ့ အနှစ်သာရကို မခံစားရဘူးလို့ ပြောချင်ပါတယ်။
ဒေါ်ကက်သလင်းသိန်း (အင်ကြင်းမေ ဟိန္ဒူ အမျိုးသမီးကွန်ရက်)

အရင်တုန်းကဆိုရင် ပြည်ထောင်စုနေ့က ကိုယ်နဲ့ သက်ဆိုင်တယ်လို့ ခံစားမိပါတယ်။ ၈၈ ခုနှစ်မတိုင်ခင် ကဆိုရင် ကိုယ့်အသက်ပဲ အခုက ၅၈ နှစ်ရှိပြီကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့သက်ဆိုင်တယ်လို့ ခံစားရတယ်။ ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့ဆိုရင် ကျိုက္ကဆံကွင်းထဲသွားရတယ်။ အင်အားပြရတယ်ဆိုရင် ပျော်ပျော်ရွှင်ရွှင်ပဲလေ။ အတင်း အကြပ်ခေါ်တယ်လို့တောင် စိတ်ထဲမခံစားမိပါဘူး။ ဟိန္ဒူတို့ ၊ အင်ဒီးယန်း တို့ဆိုတဲ့ ခံစားမှုစိတ်လည်းမရှိဘူး။ ပျော်ပျော်ရွှင်ရွှင်ပဲ။ ဘယ်အချိန်ကျမှ အဲဒီစိတ်တွေက စိတ်တမျိုးကြီး ဖြစ်လာသလဲ၊ သက်တောင့်သက်သာ မရှိတော့ သလဲဆိုရင် ၁၉၈၈ အရေးအခင်းမှာ ပြောရမယ်ဆိုရင် ကိုယ်ကိုယ်တိုင်ကလည်း ပထမဆုံး ချီတက်ဆန္ဒပြတဲ့အချိန်မှာ ပါခဲ့တယ်။ အဲဒီအချိန်မှာ ကိုယ်ကလည်း တက္ကသိုလ်ဆရာမ ဖြစ်နေပြီလေ။ ရဲရဲတောက်တို့ဗမာ ဘာညာ သီချင်းတွေ ဆိုကြတဲ့အခါမှာ ကိုယ့်စိတ် ထဲတမျိုးကြီး ဖြစ်လာတယ်။ ဆိုရတဲ့ သီချင်းက ရဲရဲတောက်တို့ဗမာ ကိုယ်က အင်ဒီးယန်းပေါ့။ ဒါပေမယ့် အဲဒါလည်း ပျော်တယ်။ ဘာကြောင့်လဲဆိုရင် ဒီမိုကရေစီ အရွေ့တခုမှာ ကိုယ်တွေပါဖို့ အရေးကြီးတယ်။ အဲဒါကို အင်တိုက်အားတိုက် စိတ်ထည့်ပြီးဆိုတယ်။ ရှက်ရကောင်းမှန်းလည်း မသိဘူးပေါ့နော်။ ၈၈ နောက်ပိုင်း ၉၀ နောက်ပိုင်းက ထူးထူးခြားခြားလည်း သိပ်ပြီးတော့ မခံစားရဘူး။
တဖြည်းဖြည်းပိုဆိုးလာတာက သွေးနှောဆိုတဲ့ စကားလုံး ပေါ်ပေါက်လာတာရယ်။ ပြည်ထောင်စု အတွက် ပင်လုံညီလာခံတွေ ကျင်းပတဲ့အခါမှာ ဘာသာပေါင်းစုံပါ ပါသင့်တယ်လေ။ ကိုယ်ဆိုရင် နိုင်ငံအတွက် တော်တော် လုပ်ပေးခဲ့တယ်။ လက်ရှိလည်း လုပ်နေဆဲပါ။ ပြောရရင် အနောက်နိုင်ငံသားအဖြစ် ခံယူဖို့အတွက် ကိုယ့်မှာ အခြေအနေလည်းရှိပြီးသား။ ရလည်းရထားပြီးသားကို မယူတာပါ။ ကိုယ့်နိုင်ငံကို ကိုယ်ချစ်တဲ့ မြန်မာနိုင်ငံသား စိတ်ဓာတ်နဲ့ ဒါဆိုရင် ပြည်ထောင်စုဆိုတာ ကိုယ်နဲ့ ဆိုင်တာပေါ့။ ဆိုင်ပေမယ့် မဆိုင်ဘူးဆိုတဲ့ စိတ်မျိုးဖြစ်အောင် အတင်းတွန်းအားပေးနေတဲ့ ပုံစံမျိုးဖြစ်နေတာတော့ ကြေကွဲတယ်။ အရမ်းကြေကွဲတယ်။
ဒါပေမယ့် မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ အရွေ့တိုင်းမှာ လိုအပ်သလို ဆရာမ ပါဝင်ပေးနေပါတယ်။ ငြိမ်းချမ်းကဏ္ဍ ၊ အမျိုးသမီးများ စွမ်းအားမြှင့်တင်ရေးကဏ္ဍတွေမှာ ပါဝင်နေပါတယ်။ အခုဆိုရင် ပြည်ထောင်စုနေ့လို့ ပြောရင် တအားကြီးစိတ်ထဲမှာ လေးလေးနက်နက်တော့ မရှိတော့ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံသားဆိုတဲ့ စိတ်ဓာတ်ကတော့ အပြည့်ရှိပါတယ်။ မြန်မာနိုင်ငံသားပီသအောင် နေနေပါတယ်။
သွေးနှောဆိုပြီး ခွဲခြားမှုတွေဖြစ်တာက စနစ်ကြောင့်ပါ။ လူ့အဖွဲ့အစည်းမှာက ကိုယ်လည်းပဲ ငယ်ငယ်လေးကတည်းက ၁၉၆၂ မွေးတယ်ဆိုပေမယ့် ၇၂ ခုနှစ် ၈၂ ခုနှစ်အထိက တော်တော် အဆင်ပြေတာပဲလေ။
၈၈ နောက်ပိုင်းကျတော့မှ ဒါဟာ ရည်ရွယ်ချက်ရှိရှိနဲ့ စနစ်တခုကနေ ဖျက်နေတာ။ သူက ဟိန္ဒူ မို့လို့ အစ္စလာမ်မို့လို့ ဆိုတာထက် ဒီပုံစံမြင်တာနဲ့ အင်ဒီးယန်းလို့ ပြောချင်နေကြတယ်။ အင်ဒီးယန်းကနေမှ သွေးနှော။ အဲဒီကနေ ဘာပြန်ဖြစ်လာသလဲဆိုရင် ရောက်တဲ့နေရာတိုင်းမှာ မှတ်ပုံတင်ကိစ္စပဲ ပြောမလား။ သန်းခေါင်စာရင်း ကိစ္စပဲ ပြောမလား။ တက္ကသိုလ်မှာ ကလေးတွေ ဘွဲ့လက်မှတ်ထုတ်တဲ့ ကိစ္စပဲ ပြောမလဲ။ နောက်ဆုံးကားမောင်းတဲ့ ဒရိုင်ဘာ တယောက်က သွေးနှောဆိုတဲ့ အတွက်နဲ့ ယာဉ်မောင်းလိုင်စင်မရဘူးပေါ့။ သူသည် ဘယ်နေရာသွားသွား အလုပ်ကို သေသေချာချာ လုပ်ခွင့်မရှိတဲ့ အတွက်ကြောင့် ဒါသည် စနစ်က ရိုက်ဖျက်တယ်လို့ ခံစားမိတယ်။ လူတွေက စနစ်ကြောင့် စိတ်ဓာတ်တွေ ပြောင်းလဲသွားတာပေါ့။
ကျမအနေနဲ့ ပြည်ထောင်စုဆိုတဲ့ အနှစ်သာရပြည့်ဝဖို့ဆိုရင် တိုင်းရင်းသားတွေရဲ့စိတ်ဆန္ဒကိုလည်း ဦးစားပေးသင့်တယ်။ အတင်းကာရောပေါ့။ ဒီနေရာမှာ ဒီရုပ်တုကြီးတည်ဆောက်မယ်။ ဒီနာမည်ပဲ ပေးမယ်ဆိုရင် လူတိုင်းလူတိုင်းမှာ သူတို့ရဲ့ Identity ပျောက်မှာလည်း စိုးရိမ်မှာပေါ့။ အဲဒါကြောင့် တိုင်းရင်းသားတွေရဲ့ အသံကိုမေးပြီးတော့မှ ဘယ်ဟာလေးလုပ်လို့ရှိရင် ပြည်နယ်နဲ့ တိုင်းတွေမှာရှိတဲ့ လူတွေအကုန်လုံးက ဘာသာကို ခဏဖယ်ထားပေါ့။
ကိုယ့်တိုင်းရင်းသားတွေကို ပြန်ကြည့်လိုက်တော့ သူတို့ရော ပျော်ရဲ့လားပေါ့။ သူတို့တောင်မပျော်ဘူးဆိုတဲ့ အခါကျတော့ ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် ဖြေသာသွားတယ်။ တခုခုလုပ်မယ်ဆိုရင် လုပ်ပြီးမှ ဖျက်တာထက် ။ မဖျက်ခင်မှာ တည်တံ့ဖို့ တိုင်းရင်းသားတွေနဲ့ ပူးပေါင်းပြီး အကြံဉာဏ်တောင်းသင့်တယ်လို့ ဆရာမ အကြံပေးချင်ပါတယ်။
ပြည်ထောင်စုဆိုတာက အရင်က အရမ်းစိတ်ဝင်စားပါတယ်။ ပြပွဲတွေလည်း သွားပါတယ်။ အင်တိုက်အားတိုက် နေပူကျဲကျဲသွားဖို့လည်း ဝန်မလေးခဲ့ဘူး။ အခုကျတော့ သွေးနှောဆိုတဲ့ စကားလုံးက ပြည်ထောင်စုဆိုတဲ့ စိတ်ဓာတ်ကို တံတားကြီး ကာနေတာတော့ တော်တော်ခံစားမိတယ်။
ဦးကျော်ဇင်လတ် (ဝဿန်လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ရှေ့နေ)

ကျနော်တို့နိုင်ငံမှာ ပြည်ထောင်စုနေ့ စတင်ဖြစ်ပေါ်လာတာ ပင်လုံစာချုပ်ကနေ စပြီးတော့ ဖြစ်ပေါ်လာတာပေါ့။ ပင်လုံစာချုပ်စပြီး ဖြစ်ပေါ်လာတဲ့အချိန်မှာ ကျနော်တို့နိုင်ငံ့ခေါင်းဆောင်တွေ တိုင်းရင်းသား နိုင်ငံ့ခေါင်းဆောင် တွေကနေ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ အတူတူပါဝင်ပြီးတော့ အနာဂတ်မှာ ပြည်ထောင်စုစနစ်နဲ့ ငါတို့သွားမယ်ဆိုတဲ့ အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တယ်။ ၁၉၄၇ ခုနှစ်မှာပေါ့။ အခုနှစ်ပေါင်း ၇၀ ကျော်ကြာတဲ့ အချိန်မှာ ကျနော်အစ္စလာမ် ဘာသာဝင် တယောက်အနေနဲ့ မြင်တာက ပြည်ထောင်စု စိတ်ဓာတ် ဆိုတာက တိုင်းရင်းသားလူမျိုးပေါင်းစုံတင်မကဘူး။ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ အထူးသဖြင့် မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားပေါင်း စုံကနေပြီးတော့ ဒါဟာ ငါတို့ပြည်ထောင်စု၊ ဒါဟာငါတို့မြန်မာနိုင်ငံပါဆိုတဲ့ စိတ်ကတော့ ရှိနေဆဲလို့ ကျနော်ကတော့ ခံယူတယ်။
အဓိက ပင်လုံစာချုပ်ဖြစ်လာဖို့ တိုက်တွန်းတဲ့အထဲမှာ ကျနော်တို့ ဗမာမွတ်စလင် ဖြစ်တဲ့ ဆရာကြီးဦးဖေခင် သူတို့တွေ ပါခဲ့တာပေါ့။ သူတို့ပါရတဲ့ ရည်ရွယ်ချက်က ဒီနိုင်ငံကြီးဟာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနဲ့ သက်ဆိုင်တဲ့ နိုင်ငံကြီးဆိုပြီး ရည်ရွယ်ချက်နဲ့လုပ်ခဲ့တာ။ ကျနော့်အနေနဲ့ ပြည်ထောင်စုနေ့ရဲ့ အဓိပ္ပာယ်ကို ဖွင့်ဆိုရမယ်ဆိုရင် ပြည်ထောင်စုနေ့ဆိုတာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မကဘူး။
ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ နိုင်ငံသူနိုင်ငံသားအားလုံးက အနာဂတ်နိုင်ငံကြီးကို အတူတကွ ဘယ်လို သွားမလဲဆိုတာ ဖော်ပြတာကို ပြည်ထောင်စုစိတ်ဓာတ်လို့ ယုံကြည်ပါတယ်။
ကျနော်ရဲ့ အလုပ်အကိုင်က ရှေ့နေဖြစ်တဲ့အတွက် ကျနော့်အလုပ်အကိုင်အရရော ခံယူတာက ကျနော်သည် မြန်မာနိုင်ငံသား တယောက်လို့ ခံယူတယ်။ လုပ်ဖော်ကိုင်ဖက် အများစုကတော့ လူမျိုးထက်စာရင် မြန်မာနိုင်ငံသား တယောက်လို့ ကျနော့်ကို မြင်တာရှိတယ်။ ဆက်ဆံတာရှိတယ်။ ကျနော့်ရဲ့ အတွေ့အကြုံအရပြောမယ်ဆိုရင် ကျနော်တို့ကို မြန်မာနိုင်ငံသားတယောက်လို့ လက်ခံထားတာ။ ဆက်ဆံတာတော့ရှိတယ်။
အဓိကတော့ ပြည်ထောင်စုသားအချင်းချင်း တိုင်းသူပြည်သားအချင်းချင်းကြားမှာ ဘာပြဿနာမှမရှိဘူး။ ကျနော်မြင်တာပေါ့။ အစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာတွေမှာတော့ ပြည်ထောင်စုစိတ်ဓာတ်ကို အဓိကပုံဖော်တဲ့ ဟာတွေဖြစ်တယ်။ အထူးသဖြင့်ကတော့ ကျောင်းသုံးစာအုပ်တွေ သင်ရိုးညွှန်းတမ်းတွေမှာတော့ မြန်မာနိုင်ငံထဲမှာရှိတဲ့ ဘာသာပေါင်းစုံရဲ့ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ ဒီနိုင်ငံထဲမှာ သူတို့လည်း ပါတယ်ဆိုတာကို ပိုပြီးအလေးထားဖော်ဆောင်မယ့် မူဝါဒတွေ ဖြစ်သင့်တယ်။
အထူးတိုင်းရင်းသား ဘာသာစကားကိစ္စတွေ ယဉ်ကျေးမှုကိစ္စတွေကို ပိုပြီးဖော်ဆောင်နိုင်မယ့် မူဝါဒတွေကို အစိုးရက ပိုပြီးလုပ်ပေးဖို့လိုအပ်တယ်။ တိုင်းသူပြည်သားတွေ အနေနဲ့လည်း ဒီနိုင်ငံက ငါတို့နိုင်ငံပါဆိုတဲ့ စိတ်ဓာတ်ရှိဖို့လိုတယ်။
လက်ရှိအချိန်အထိကတော့ အစိုးရရဲ့မူဝါဒပိုင်းဆိုင်ရာတွေမှာပဲ လိုအပ်ချက်ရှိမယ်။ ကျနော်တို့ အောက်ခြေက ပြည်သူတွေကြားထဲမှာတော့ အထွေအထူးမရှိပါဘူး။ ဥပမာ – မြို့တော်ခန်းမရှေ့မှာ မြန်မာဘောလုံးပွဲပြရင် အကုန်လုံးကြည့်တာပဲ။ မြန်မာရှုံးရင် အကုန်လုံးငိုတာပေါ့ဗျာ။ အဲဒါကိုကြည့်ခြင်းဖြင့် ကျနော်တို့နိုင်ငံမှာ ပြည်ထောင်စုစိတ်ဓာတ်ကျန်သေးတယ်လို့ ကျနော်ကတော့ ယူဆတယ်။
ကိုမင်းဘုန်းမဟာ (ပဲခူးလူငယ်အစည်းအရုံးဥက္ကဋ္ဌ)

ကျနော်တို့က အရင်တုန်းက မြို့ပြနိုင်ငံတွေ ကနေပြီးတော့မှ အခုပြည်ထောင်စုဆိုတဲ့ စနစ်ကိုသွားတာပေါ့။ စပြီးတော့ ပြည်ထောင်စုလို့ အမည်ခံလိုက်တဲ့ အချိန်ကတည်းက ပြည်ထောင်စုဆိုတာ ဖွဲ့စည်းပုံအရရော ၊ ဥပဒေပိုင်းအရရော၊ လူပုဂ္ဂိုလ်တွေရဲ့ ပြုမူကျင့်ကြံ နေထိုင်ပုံအရရော အမည်ခံပဲရှိတာ။ ယနေ့အထိကို ပြည်ထောင်စုပုံစံမဟုတ်ဘူး။ တပြည်ထောင်စနစ်ပုံစံမျိုးပဲ။ တဖက်မှာလည်း နိုင်ငံရေးစနစ်ကို ပိတ်ပင်ခံရတဲ့ ကာလမျိုးတွေ ကြုံခဲ့ရတော့ တော်တော်ကြီးကို အလှမ်းဝေးဦးမယ်ထင်တယ်။ ပြည်ထောင်စုစနစ်ကို ပီပြင်စေတဲ့ ဖက်ဒရယ်တို့ဘာတို့ကလည်း ပိုပြီးတော့ ဝေးဦးမယ်လို့ထင်တယ်။
ဒါတွေက ဘာကြောင့်ဖြစ်နေရသလဲဆိုတော့ မြို့ပြနိုင်ငံကနေ ပြည်ထောင်စုအဖြစ်သွားဖို့ လွတ်လပ် ရေးယူခဲ့တယ်။ စယူကတည်းက ကျင်းသုံးခဲ့တဲ့ ၄၇ ဖွဲ့စည်းပုံဥပဒေ၊ ၆၂ ဥပဒေ၊ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေ အဲဒါတွေက ပြည်ထောင်စုပုံစံသွားတဲ့ စံချိန်စံညွှန်းရှိတဲ့ ဥပဒေတွေ မဟုတ်ဘူးလေ။ တိုင်းရင်းသားတန်း တူအခွင့်အရေးတို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုတို့ ဒါတွေက စကားလုံးအရပဲရှိတယ်။ တကယ့်လက်တွေ့မှာ မရှိပဲနဲ့ နိုင်ငံရေးစနစ်အရ အသာစီးရနေတဲ့သူတွေကပဲ ပုံဖော်ထားတဲ့ ပြည်ထောင်စု အမည်ခံ နိုင်ငံတခုပဲ ဖြစ်နေတာတွေ့ရတယ်။
ဒီနိုင်ငံမှာ မွေးဖွားလာတဲ့သူတွေရဲ့ သမိုင်းကြောင်းကရှိပြီးသား။ သမိုင်းဆိုတာက ဖျောက်လို့မရဘူး။ နဂိုကတည်းက မြို့ပြနိုင်ငံမှာ နေထိုင်ခဲ့တဲ့ သူတွေဆိုရင် ကျနော်တို့ရဲ့ နိုင်ငံသားပဲ။ ကျနော်အမြင်တော့ အိုဟောင်းနေတဲ့ ကျနော်တို့ရဲ့ ၁၉၈၂ နိုင်ငံသားဥပဒေကိုလည်း ပြန်ပြီးတော့ Update ပြန်လုပ်ရမယ် ထင်တယ်။
စစ်မှန်တဲ့ ပြည်ထောင်စုတခုဖြစ်ဖို့အတွက် ပါးစပ်ကချည်းပဲ ပြောနေလို့မရဘူး။ လက်တွေ့လည်း တကယ် လုပ်ရမယ်။ အဓိကတော့ ဆွေးနွေးပွဲတွေကြည့်လိုက် ထိပ်သီးခေါင်းဆောင်တွေပဲ။ ပြည်သူ့အသံတွေမပါဘူး။ ဆိုလိုတာက စစ်ခေါင်းဆောင်တွေအချင်းချင်း အာဏာခွဲဝေတာ အဝေမတည့်တဲ့အခါကျတော့ အောက်ခြေ မှာ ပြည်သူကမငြိမ်းချမ်းတော့ဘူး။ ပြည်ထောင်စုဆိုတာ ဖြစ်ဖို့အတွက် ငြိမ်းချမ်းရေးကိုဖော်ဆောင်ရမယ်။ ငြိမ်းချမ်းရေးကောင်းဖို့အတွက်လည်း အကုန်လုံးက လက်တွဲဆောင်ရွက်မယ်ဆိုတဲ့ စိတ်ရှိဖို့လိုတယ်။
ကိုဗစ်တာ (ရန်ကုန်ဂေါ်ရခါးလူငယ်အသင်း ဥက္ကဋ္ဌဟောင်း)

ပြည်ထောင်စုနေ့ဆိုတာကတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ နိုင်ငံ့ခေါင်းဆောင်တွေ လက်မှတ်ထိုးခဲ့တယ်။ လက်မှတ်ထိုးခဲ့တာလည်း အဓိကတော့ လွတ်လပ်ရေးအတွက် အထောက်အကူပြုအောင် ဘာလို့လဲဆိုတော့ လွတ်လပ်ရေးကို တောင်တန်းပြည်မ ခွဲခြားပြီး ပေးမယ်ဆိုတဲ့အချိန်မှာ ပြည်ထောင်စုတခုတည်း ဟုတ်တယ်။ ကျနော်တို့အားလုံးက အတူတကွရမှ ဖြစ်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကြိုးစား ပြီးတော့ လုပ်ခဲ့တဲ့ဟာတခုပေါ့။ ပြည်ထောင်စုနေ့ဆိုတာ အဲဒီနေ့က ထိုးခဲ့တဲ့ ပင်လုံစာချုပ်ကိုတော့ ကျနော် က အလေးအနက် ထားပါတယ်။ အသိအမှတ်လည်းပြုပါတယ်။ ဒါက ကျနော်တို့ရဲ့ သမိုင်းဝင် စာချုပ် တခုလည်း ဖြစ်ပါတယ်ပေါ့။ ဒါပေမယ့် အဲဒီစာချုပ်အတိုင်း အခုအချိန်မှာရော လက်တွေ့ ကျင့်သုံးနိုင်ပြီ လားဆိုတာကတော့ ကျနော်တို့ လက်တွေ့ စဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။ ပြည်ထောင်စုနေ့ဆိုတာ ပြည်ထောင်စုနေ့ဆိုပြီး ကျင်းပရုံနဲ့ တိုင်းရင်းသားတွေ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် လုံလောက်ရဲ့လား။ ပြည်ထောင်စုစိတ်ဓာတ်ရော ရှိရဲ့လားဆိုတာ ကျနော်တို့ သုံးသပ်ရမယ့် အနေအထား ရောက်နေပြီလို့ ကျနော်ထင်ပါတယ်ဗျ။
ကျနော်တို့က တိုင်းရင်းသားလို့ပြောလိုက်ရင် ဗမာကလွဲပြီး၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းကို တိုင်းရင်းသားလို့ပြောတယ်။ ဗမာကရောဘာလဲ။ ကျနော်တို့မေးရမယ့် မေးခွန်းပေါ့။ ဗမာကလည်း တိုင်းရင်းသား တခုပဲလေ။ တိုင်းရင်းသား ၈ မျိုးလေဗျာ။ တိုင်းရင်းသား ၈ မျိုးလို့ ပြောရင် အားလုံးတန်းတူ အခွင့်အရေးရသင့်တယ်လို့ ထင်ပါတယ်။ ဘယ်မှာမဆိုပေါ့။ ကျနော်တို့ ပရိုဂရမ်တခု ကြည့်လိုက်ရင် သီချင်းဆိုတဲ့အခါ တိုင်းရင်းသား အသံလေးနဲ့ ဆိုတော့ ဒါက ဗမာက အပေါ်စီးက ယူထားတယ်ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ မြင်ရတယ်ပေါ့။ အဲဒီတခုကိုလည်း ကျနော် စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းရင်းသားအားလုံးက အတူူတူပဲ လူဦးရေများတာ။ နည်းတာ ရှိကောင်းရှိမယ်။ မြန်မာပြည်မှာ တိုင်းရင်းသားလူမျိုးကြီး ၈ မျိုး။ အဲဒီနောက် တိုင်းရင်းသား ၁၃၅ မျိုး အားလုံးတန်းတူ အခွင့်အရေးရသင့်တယ်ပေါ့။
ဥပမာ ကချင်ပြည်နယ်မှာ ကချင်လူမျိုး တမျိုးတည်းနေတာမှ မဟုတ်တာ အခြားတိုင်းရင်းသားမျိုး နွယ်စုတွေ အများကြီးရှိတာပဲ။ ရှမ်းပြည်မှာလည်း ရှိတာပဲ။ တိုင်းရင်းသားလူမျိုးကြီး ၇ မျိုးမှာ ပြည်နယ် ၇ ခုရှိတယ်။ ဗမာတွေကျတော့ရော။ တိုင်းကြီး ၇ တိုင်းမှာလား။ တိုင်းကြီး ၇ တိုင်းမှာ ဗမာတွေပဲ အုပ်စိုးနေတာ ဒါကရော တရားမျှတမှုရှိရဲ့လား။ ဒါကိုတော့ ကျနော်တို့ ပြန်လည်သုံးသပ်ရမယ့် အနေအထားရောက်နေပြီလို့ ကျနော်ထင်တယ်။
ပြည်ထောင်စုနေ့ဆိုတာ ပြည်ထောင်စုနေ့ဆိုပြီး ပွဲတွေပဲ ကျင်းပနေရုံနဲ့တော့ အဓိပ္ပာယ်မရှိဘူးပေါ့။ ယဉ်ကျေးမှု အဖွဲ့တွေ ခေါ်ကနေရုံနဲ့တော့ ပြည်ထောင်စုစိတ်ဓာတ်ဆိုတာ ဖြစ်လာစရာအကြောင်း မရှိပါဘူးခင်ဗျ။ အခွင့်အရေးဆိုတာ တန်းတူရသင့်တယ်။ ပင်လုံစာချုပ်ချုပ်ခဲ့တာကလည်း ငါတို့တွေအကုန် တန်းတူ လွတ်လပ်ရေးရဖို့အတွက် နိုင်ငံတခုလုံးအတွက် လုပ်ခဲ့တာဖြစ်ပါတယ်။ အခုကတော့ လူမျိုးကြီးဝါဒ တခုပဲ ကြီးစိုးနေတယ်လို့ ကျနော်က မြင်ပါတယ်။
စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ထွန်းကားဖို့ နိုင်ငံသူနိုင်ငံသားအားလုံး က လုပ်ရမယ့်ကိစ္စပါ။ အစိုးရကို ချည်းပဲ အပြစ်ပုံချလို့ မရပါဘူး။ အားလုံးက ဒီစိတ်ဓာတ်ကို မွေးမြူဖို့လိုတယ်။ သူနဲ့ ကိုယ်နဲ့က ဘာသာမတူ၊ လူမျိုးမတူပေမယ့် ငါတို့အားလုံးက လူသားဆိုတဲ့ စိတ်ဓာတ်ရှိရမယ်။ မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်တဲ့ လူမျိုးဆိုတာကို တဦးတယောက်တည်းက မဟုတ်ဘဲနဲ့ အားလုံးက ဒီစိတ်ဓာတ်ထားနိုင်မှ ပြည်ထောင်စုစိတ်ဓာတ်ကို အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်ခင်ဗျ။