ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော် (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်သည် အစိုးရနှင့် နိုင်ငံရေး အရ ဆွေးနွေးနိုင်ရန် အပစ်ရပ် ၁၀ ဖွဲ့နှင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင် အဖွဲ့ (PPST) ၏ ခေါင်းဆောင် အဖြစ် တာဝန်ယူထားသည်။
နှစ်ချီရပ်ဆိုင်းနေသော PPST ၏ တရားဝင်အစည်းအဝေးများသည့် ၎င်းလက်ထက်တွင် ပြန်အသက်ဝင်လာပြီး RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ကိုယ်တိုင်လည်း ယခုနှစ် ဇန်နဝါရီ ၉ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံပြီး နားလည်မှုတချို့ယူနိုင်ခဲ့သည်။
ထိုအကြောင်းအရာများ အပါအဝင် ငြိမ်းချမ်းရေး ရှေ့လုပ်ငန်းစဉ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံမှု၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တရုတ်ပါဝင်မှု အပါအဝင် RCSS ၏ သဘောထားများကို ဗိုလ်ချုပ်ကြီး ယွက်စစ်အား ဧရာဝတီ အဖွဲ့သားများက လွိုင်တိုင်းလျဲန်းဌာနချုပ်သို့ သွားရောက် တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ ဇန်နဝါရီ ၈ ရက်နေ့က JICM အစည်းဝေးပြန်စနိုင်တာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တရားဝင် ပြန်စလာနိုင်တာက RCSS ဥက္ကဋ္ဌ ရဲ့ ဦးဆောင်မှုကြောင့်လို့ ပြောလို့ရပါတယ်။ ဘယ်လိုတွေ ကြိုးပမ်းပြီး ညှိနှိုင်းခဲ့ရလဲ။
ဖြေ ။ ။ JICM နဲ့ ပတ်သက်ပီးတော့ အရင်ကလည်း သတင်းတွေကတော့ ထွက်ပြီးပြီပေါ့။ အဲဒီသတင်းတွေမှာလည်း သိကြမှာပါ။ ဥက္ကဋ္ဌအနေနဲ့ တနှစ်ကျော် ၂ နှစ်နီးပါး တစ်ဆို့မှုတွေ ဖြစ်ခဲ့တာကို ကျော်လွှားနိုင်ဖို့ JICM အစည်းအဝေးကို ဖြစ်မြောက်အောင် ကြိုးပမ်းခဲ့တယ်။ တစ်ဆို့မှုတွေနဲ့ပတ်သက်ပီး ပြောရရင် အချက် ၂ ချက် ရှိတယ်။ အချက် ၁ က မခွဲထွက်ရ ဆိုတဲ့အချက်ကို လာပြီးထည့်တယ်။ ဒါက NCA ထဲမှာ လက်မှတ် ရေးထိုးထားခြင်း မရှိပါဘူး။ နောက် တပ်မတော်ရဲ့ မူ ၆ ချက်။ အဲဒီ ၆ ချက်ကို သူတို့က အတင်းကိုင်စွဲပြီး ပြောတဲ့အတွက် ညှိနှိုင်းဖို့ အခက်အခဲရှိတယ်။ ဒါကြောင့်မို့ ဒီ JICM အစည်းအဝေးမှာ ဒီအချက် ၂ ချက်ကို မဆွေးနွေးဖို့ ဒီအာဂျင်ဒါထဲမှာ မထည့်ဖို့ ကျနော်တို့ ဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးတဲ့အတိုင်း လက်ခံခဲ့တဲ့အတွက် ကျနော်တို့က ရှေ့ဆက်သွားမယ့်ကိစ္စတွေကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
အမှန်တကယ်ဆိုရင် ကျနော်တို့ လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းမှာပဲဖြစ်ဖြစ် ကျနော်တို့ ခွဲထွက်ရေးဆိုတာကို ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူး။ ဒီကိစ္စနဲ့ပတ်သက်ပီးတော့ ကျနော်တို့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်းဆွေးနွေးခဲ့ဖူးတယ်။ ပြောပြခဲ့ဖူးတယ်။ ဒါကြောင့်မို့ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပီး ရှေ့ဆက်လာနိုင် ခဲ့တယ်။ အဓိကအားဖြင့် NCA နဲ့ ကျနော်တို့ ရည်မှန်းချက်က ၃ ချက်ရှိပါတယ်။ အချက် ၁ က အုပ်ချုပ်ရေးပိုင်းကို ဖယ်ဒရယ် ဒီမိုကရေစီနည်းစနစ်နဲ့ အုပ်ချုပ်ရမယ်။ အုပ်ချုပ်ရေးနည်းစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ဖြစ်တယ်။ စစ်အာဏာရှင်စနစ်အုပ်ချုပ်ခဲ့တာ လုံး၀ မကောင်းဘူးဆိုတာ အားလုံးအသိပါပဲ။ အဲဒါကြောင့် ကျနော်တို့ အတူတကွ ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒုတိယအချက်က ၂၀၀၈ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။ ဒါကတော့ ဒီမိုကရေစီ နည်းစနစ်အရ အားလုံး ကိုက်ညီအောင် ပြောင်းလဲရမှာ ဖြစ်ပါတယ်။ တတိယအချက်ကတော့ ကျနော်တို့ ဒီလုံခြုံရေးကိစ္စနဲ့ ပတ်သက်တာပေါ့။ လုံခြုံရေးကိစ္စနဲ့ ပတ်သက်တဲ့နေရာမှာ တပ်မတော်ရဲ့ အပြောင်းအလဲ။ ပြီးတော့ ပြည်နယ်တွေက လုံခြုံရေးတပ်ဖွဲ့တွေကို ဘယ်လိုဖွဲ့စည်းကြမလဲ ဆိုတဲ့ ပုံစံမျိုးကို ကျနော်တို့ ဆွေးနွေးကြရမှာ ဖြစ်ပါတယ်။
အားလုံးပြောင်းလဲပြီးတော့ ကျနော်တို့ ဆွေးနွေးရမယ်။ ပြီးတော့ ကျနော်တို့ အတူတကွ ဘယ်လိုငြိမ်းချမ်းအောင် နေထိုင်မလဲ ဆိုတာ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ လုံခြုံရေးကအစ အရမ်း အရေးကြီးတယ်။ ကျနော်တို့ ပြည်နယ်လုံခြုံရေးအတွက် ရဲ ထားမလား။ ဘယ်လို တပ်ဖွဲ့တွေထားမလဲ၊ ဘယ်လိုဖွဲ့စည်းပုံတွေ ထားမလဲဆိုတာ အသေးစိတ်ကအစ ကျနော်တို့ ဆွေးနွေးဖို့လိုတယ်။
မေး ။ ။ အဲဒီအချက်တွေကို JICM မှာဆွေးနွေးခဲ့တာလား။ နောက် အဲဒီအချက်တွေကို နေပြည်တော်မှာ ဇန်နဝါရီ ၉ ရက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့တဲ့အခါ ဆွေးနွေးဖြစ်ခဲ့လား။ ဘယ်လိုသဘောတူညီချက်တွေ ရခဲ့လဲ။
ဖြေ ။ ။ အခု ကျနော်တို့ ဇန်နဝါရီ ၈ ရက်နေ့က JICM မှာက မူဝါဒအားဖြင့် လူကြီးတွေက လမ်းကြောင်းဖွင့်ပေးတဲ့သဘောပါပဲ။ ဒါပေမယ့် ဆက်လက်လုပ်မယ့် အနေအထားကတော့ UPDJC တို့ဘာတို့မှာ ဆက်ပြီးတော့ ဆွေးနွေးသွားမှာပါ။
ကျနော်တို့ ကာကွယ်ရေး ဦးစီးချုပ်နဲ့တွေ့ဆုံတဲ့အချိန်တုန်းက အဲဒီလောက်ထိ အသေးစိတ်တော့ သိပ်မဆွေးနွေးဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အပြန်အလှန် ယုံကြည်မှုရအောင်တော့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။
မေး ။ ။ ကျနော် နားလည်သလောက် အဲဒီ အစည်းအဝေးမှာ တပ်ချုပ်နဲ့ ဥက္ကဋ္ဌ တွေ့တဲ့အခါ အဲဒီ တွေ့ဆုံမှုသည် နှစ်နာရီ ခွဲလောက်ကြာတယ်။ ပိုပြီးတော့ informal ဖြစ်တယ်။ အရင်တုန်းက ၃-၄-၅ မိနစ်လောက်ပဲ တွေ့ပေမယ့် အခုလို ကြာကြာ တွေ့တဲ့အခါမှာ ပိုပြီးတော့ နားလည်မှုတွေ ပိုရသွားတယ်။ အရင်တုန်းက တဖက်နဲ့တဖက်နဲ့ ထင်ယောင်ထင်မှားဖြစ်နေတာတွေလည်း တော်တော်များများ ပျောက်သွားတယ်လို့ ကျနော်တို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ရှမ်းလူထုကရော ဗမာလူထုကရော နိုင်ငံတကာကရော ဒီလို မြန်မာပြည်မှာ သတင်းကောင်းရှားတဲ့ခေတ်မှာ ဒီသတင်းကောင်းကို သိချင်ကြတယ်။ အဲဒါနဲ့ ပတ်သက်ပြီး အကျယ်တဝင့်ပြောပြပေးပါ။
ဖြေ ။ ။ ကျနော်တို့နဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ one-by-one ဒူးတိုက်ပြီးတော့ဆွေးနွေးခဲ့တဲ့ ဒီလိုအခွင့်အရေးမျိုး (အရင်က) မရှိခဲ့ပါဘူး။ အခု ကျနော်တို့ တွေ့တဲ့အချိန်မှာ နားမလည်မှုတွေ အမြင်မှားမှုတွေကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။ အမှန်တကယ်ဆိုရင် ကျနော်တို့ရဲ့ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုပေါ့နော်။ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှုအပိုင်းမှာဆိုရင် ကာကွယ်ရေးဦးစီးချုပ်ကလည်း ပြုပြင်ပြောင်းလဲသလို ကျနော်တို့ကလည်း လိုအပ်တဲ့ ဆန္ဒသဘောထားဆိုတာကလည်း အမြင်ချင်းကတော့ သိပ်ပီးတော့ မကွာဘူး။ နည်းနည်းပဲလွဲတယ်။ ကျနော်တို့အကြားမှာ တိုက်ပွဲတွေ ပြန်ဖြစ်ကြတယ်။ အဲဒီကိစ္စတွေလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်။
ကျနော်တို့အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ဖို့အတွက် တပ်နေရာချထားမှုတွေကို ဘယ်လို စတင်ဆောင်ရွက်ကြမလဲဆိုတာကိုလည်း ကျနော်တို့ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ကျနော်တို့ အားလုံးခြုံပြီး ပြောရမယ်ဆိုရင် ကာကွယ်ရေးဦးစီးချုပ်နဲ့ တိုက်ရိုက် ဆွေးနွေးဖြစ်ခဲ့တာ အားလုံးက အကောင်းပဲ ဖြစ်ပါတယ်။ အဓိကကတော့ ခေါင်းဆောင်တွေ အာဏာရှိတဲ့ ခေါင်းဆောင်တွေ အပြန်အလှန်တွေ့ဆုံကြမယ် အပြန်အလှန် နားလည်မှု ရရှိမယ်ဆိုရင် အကောင်းပဲ ဖြစ်မယ်။ ပြီးတော့ ငြိမ်းချမ်းရေး ဆိုတာကလည်း ဒါ ကျနော်တို့ရဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကို ပြောင်းလဲနိုင်မယ့် အချက်တစ်ချက်ဖြစ်တယ်။
မေး ။ ။ တပ်ချုပ်က အချက် ၃ ချက် ဥက္ကဋ္ဌကို ပြောတယ်။ နံပါတ် တစ်က အခြေခံဥပဒေ ပြင်ရေးကို သူလက်ခံတယ်။ နံပါတ် နှစ်က ဖယ်ဒရယ်ပြည်ထောင်စု ကို သူလုံး၀ လက်ခံတယ်။ နံပါတ် ၃ အချက်က NCA နဲ့ပတ်သက်လို့ ဥက္ကဋ္ဌကြီး ဝိုင်းကူဖို့ လက်မှတ်မထိုးတဲ့အဖွဲ့တွေ ပါဝင်လာအောင် ကူဖို့ ပြောတယ်လို့ ပြောပါတယ်။ ဒါတွေ ကြားတဲ့အခါ ဗိုလ်ချုပ်ကြီး အံ့အားသင့်သွားပါသလား။
ဖြေ ။ ။ အံ့သြသွားတယ်။
မေး ။ ။ ဘာလို့အံ့သြသွားလဲ။
ဖြေ ။ ။ ကျနော်တို့ (အရင်က) အပြန်အလှန် မဆွေးနွေးခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော်တို့ ဒီလိုဆွေးနွေးတဲ့အချိန်မှာ ဒီလို ကြားတဲ့အတွက် တော်တော်လေးကို အံ့သြတယ်။ ဒါကလည်း ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရည်မှန်းချက်၊ သူ့ရဲ့ မူဝါဒ တစ်ခုဆိုတာ ကျနော်တို့ကြားသိရတဲ့အတွက် တကယ်အံ့သြတယ်။
ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောတာတော့ တမျိုးပေါ့နော်။ ဒါပေမယ့် ကျနော်တို့ အပြန်အလှန် ညှိနှိုင်းတဲ့အကြားမှာတော့ တမျိုး ပြောကြားတဲ့အတွက် ကျနော်တို့လည်း တော်တော်အံ့သြတယ်။ အခု ကျနော်က နှစ်လမ်း ကြည့်တယ်။ ကျနော်နဲ့တွေ့တဲ့ဟာ ယူရမလား။ မိန့်ခွန်းပြောတဲ့ဟာ ယူရမလား။ အဲဒါ စောင့်ကြည့်တာပေါ့။
မေး ။ ။ တပ်ချုပ်က သူအမြဲပြောတာက ၂၀၂၀ မှာ ငြိမ်းချမ်းရေး ရရမယ်ပေါ့။ သူပြောတဲ့ စကားတွေက သူနဲ့ တွေ့ခဲ့ပြီးနောက်ပိုင်း သူ တကယ်ရော ရည်ရွယ်ပြီး ပြောဆိုတယ် တကယ့်စိတ်ရင်းက ပြောတယ်လို့ ယူဆလား။ ဘယ်လိုသုံးသပ်မိလဲ။
ဖြေ ။ ။ ကျနော်အထင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ၂၀၂၀ အထိတော့ မပြီးနိုင်ဘူးဆိုတာ ကာကွယ်ရေးဦးစီးချုပ်လည်း သိတာပဲ။ ဒါပေမယ့် သူ့အနေအထားအရ သူ့အခြေအနေအရတော့ ဒီ ၂၀၂၀ မှာ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အတတ်ရပ်ဖို့ ပြင်ဆင်တာလားပေါ့လေ။ ဒါပေမယ့် ကျနော်တို့ အဓိပ္ပာယ်ကောက်တဲ့နေရာမှာတော့ ဒီ ၂၀၂၀ နောက်ပိုင်းမှာလည်း ကျနော်တို့က ဆွေးနွေးဖို့ လိုကြတာပဲ။ ဒါပေမယ့် အဲဒီလောက်တော့ သူ မဆိုလိုလောက်ဘူးလို့ မြင်ပါတယ်။
မေး ။ ။ တပ်ချုပ်က ၂၀၂၀ ဆို အားလုံးပါဝင်ပြီး တိုက်ခိုက်မှုတွေ ရပ်ချင်တယ်။ အားလုံး ပါဝင်လာဖို့ ကူပေးဖို့လည်း ဥက္ကဋ္ဌကြီးကို ပြောတယ်ဆိုတော့ သူတို့က ဒါကို တိုက်ပွဲတွေ မရှိစေချင်တော့တဲ့ သဘောမျိုးလို့မြင်ရလား။ ဒါမှမဟုတ် အပြောသက်သက်လား။
ဖြေ ။ ။ ကျနော်တို့ ကာကွယ်ရေး ဦးစီးချုပ်နဲ့ ဆွေးနွေးတဲ့အချိန်မှာ သူတို့ကလည်း ကမ်းလှမ်းခဲ့ပါတယ်။ အားလုံးနဲ့လည်း တိုက်ပွဲတွေ ရပ်ချင်ပါတယ်။ ပြီးတော့ အားလုံး ပါဝင်မှုအတွက် အားလုံးလာပြီးဆွေးနွေးဖို့အတွက် ကျနော်တို့က ကူပြီးတော့ ဆက်သွယ် ပေးဖို့ ကျနော်တို့ကို ကမ်းလှမ်းခဲ့တာ ရှိပါတယ်။
မေး ။ ။ ၇၃ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့မှာ အစိုးရနဲ့ တပ်မတော်ဘက် ထိပ်တန်း ကိုယ်စားလှယ် ခေါင်းဆောင်တချို့လာတက်ကြတယ်။ ဒါက မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဘယ်လောက် အထောက်အကူပြုနိုင်မယ် ထင်လဲ။
ဖြေ ။ ။ အဓိကအားဖြင့်ကတော့ ကျနော်တို့ ငြိမ်းချမ်းရေးတည်ဆောက်မှုအပေါ်မှာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်တယ်လို့ ခံစားမိတယ်။ များသောအားဖြင့် မြင်ကြတာက ဖေဖော်ဝါရီ ၇ ရက် ဆိုတာ ရှမ်းအမျိုးသားနေ့လို့ အားလုံးက မြင်ကြတယ်။ ဒါပေမယ့် အမှန်တကယ်တော့ ဖေဖော်ဝါရီ ၇ က အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖေဖော်ဝါရီ ၇ သာ မရှိခဲ့ရင် ဖေဖော်ဝါရီ ၁၂ ပြည်ထောင်စုနေ့ဆိုတာ မရှိနိုင်ဘူး။ ဒါကြောင့်မို့ ကျနော်လည်း နေပြည်တော်မှာ အကြီးအကဲတွေနဲ့ ဆွေးနွေးခဲ့ဖူးတယ်။ ဒီ ဖေဖော်ဝါရီ ၇ ရက်နေ့က ၁၂ ရက်နေ့အထိ နေပြည်တော်မှာ အခန်းအနား ကြီးကြီးမားမား ကျင်းပဖို့ သင့်တယ်လို့ တင်ပြခဲ့တယ်။ ပြည်ထောင်စုနေ့ တရက်တည်း ကျင်းပတာ မဟုတ်ဘဲ ရှေ့က ရက်တွေကလည်း အရေးကြီးတယ်။ အသိအမှတ်ပြုသင့်တယ်။
မေး ။ ။ ရှမ်းပြည်နိုင်ငံရေးကို ပြောတဲ့အခါ မဟာမိတ်တွေလည်း ရှိသလို လက်နက်ကိုင် အဖွဲ့တွေလည်း ဟိုး မြောက်ပိုင်းမှာလည်း ရှိတာ တွေ့ရတယ်။ သူတို့တွေနဲ့ ဆက်ဆံရေး တွေကို ကျနော်တို့ကို ရှင်းပြပေးပါလား။
ဖြေ ။ ။ ကျနော်တို့ အနေနဲ့တော့ ဒီအဖွဲ့အစည်းတွေကြားမှာ အဆက်အသွယ်ရှိတယ်။ အပြန်အလှန်ဆက်သွယ်မှုရှိတာတွေက KIA ကချင်အဖွဲ့လည်းရှိတယ်။ SSPP ရှမ်းအဖွဲ့လည်း ရှိတယ်။ ပြီးတော့ ၀ UWSA, မိုင်းလား NDAA-ESS အဖွဲ့လည်း ရှိတယ်။ ဒါပေမယ့် ကျနော်တို့ကြားထဲမှာ တိုက်ရိုက်ဆက်သွယ်မှုမရှိသေးတာကတော့ AA ရယ်၊ TNLA ရယ်၊ MNDAA ကိုးကန့်အဖွဲ့ရယ်။
မေး ။ ။ TNLA, AA, MNDAA ၃ ဖွဲ့ကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ အားလုံး ပါဝင်ရေးဆိုတဲ့ မူရဲ့ အပြင်ကို ရောက်နေသလို ဖြစ်တယ်။ ခုနက NCA မထိုးရသေးတဲ့ အဖွဲ့တွေ အားလုံးပါဝင်ပြီးတော့ လက်မှတ်ထိုးဖို့လည်း အစိုးရကရော တပ်ကရော ဥက္ကဋ္ဌကြီးကို ကူညီတောင်းထားတယ်ဆိုတော့ သူတို့အဖွဲ့တွေ ပါဝင်လာဖို့ ဘယ်လိုတွေ ဆောင်ရွက်သင့်လဲ။
ဖြေ ။ ။ ကျနော်တို့ JICM အစည်းအဝေးမှာလည်း တင်ပြခဲ့ဖူးပါတယ်။ အားလုံးပါဝင်ရေး all inclusive အတွက် တင်ပြခဲ့ဖူးတယ်။ အဖွဲ့အစည်း တဖွဲ့ဖွဲ့ကိုမှ ချန်မထားခဲ့ဖို့။ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တဲ့အချိန်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပီးတော့ ဆွေးနွေး ခဲ့ပါတယ်။ ဒါကြောင့်မို့လည်း ဒီကာကွယ်ရေးဦးစီးချုပ်ကလည်း NCA လက်မှတ် မရေးထိုးထားတဲ့ အဖွဲ့တွေကို ကူပြီးတော့ ဆက်သွယ်ပေးဖို့ တောင်းဆိုခဲ့တာ ရှိပါတယ်။
မေး ။ ။ တပ်ချုပ်နဲ့တွေ့ပြီးနောက်ပိုင်း ဒီ ရှမ်းပြည်အမျိုးသားနေ့ အခန်းအနားကို တပ်မတော်ဘက်က အမြင့်ဆုံးခေါင်းဆောင်တွေ အနေနဲ့ ဌာနချုပ်ကို ပထမဆုံး ရောက်လာတာ ဖြစ်ပါတယ်။ ဒါက တပ်ချုပ်နဲ့ ယုံကြည်မှုတွေ တည်ဆောက်နိုင်ခဲ့တာ ကြောင့်လား။ အကောင်းဆုံး သဘောတူညီချက်တွေ ယူခဲ့နိုင်လို့လား။
ဖြေ ။ ။ ကျနော်တို့ အမြင်ကတော့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ခဲ့တယ်လို့ မြင်တယ်။
မေး ။ ။ ရှမ်းပြည်နိုင်ငံရေးနဲ့ပတ်သက်လို့ပြန်သွားရရင် ရှမ်းနိုင်ငံရေးမှာ ဥက္ကဋ္ဌကြီး မိုးဟိန်းတို့ ဘာတို့ ရှိခဲ့တယ်။ ရှမ်းပြည်မှာ နောက် ပြည်သူ့စစ်တွေ ရှိတယ်။ အဖွဲ့အစည်းတွေ ကွဲခဲ့တာ ရှိတယ်။ ညီညွတ်ခဲ့တဲ့ ကာလလည်း ရှိတယ်။ ဗိုလ်ချုပ်ကြီးကို အရင်က ဗိုလ်မှူးကြီးဘဝနဲ့ စသိခဲ့တယ်။ အခုဆိုရင် ဥက္ကဋ္ဌ တယောက်ဖြစ်သွားပြီ။ တကယ်လည်း ဒီနိုင်ငံရေးကို အများကြီး ဖြတ်သန်းခဲ့ပြီ။ အရင်ကတော့ ကျနော်တို့က ဗိုလ်ချုပ်ကြီးကို မြင်ခဲ့တာ စစ်တိုက်မယ်ဆိုတဲ့ ဗိုလ်မှူးကြီး ဘဝနဲ့ စသိခဲ့တာ။ ဒီနေ့ဆိုရင် နိုင်ငံရေးသမားတစ်ယောက်လို ဖြစ်လာတာ ကျနော်တို့တွေ့ရတယ်။ ရှမ်းပြည်နိုင်ငံရေးကို ဘယ်လို unify (စုစည်း) လုပ်မလဲဆိုတဲ့ vision (အမြင်) ကိုလည်း ကျနော်တို့ကြားချင်တယ်။
ဖြေ ။ ။ ကျနော်တို့ ခေါင်းဆောင်တွေအနေနဲ့ကတော့ ဒီအခြေအနေတခုတည်းကိုပဲ ကိုင်ထားလို့မရပါဘူး။ ကမ္ဘာ့အခြေအနေကလည်း အားလုံးအလျင် အမြန်ပြောင်းလဲ နေတယ်။ ဒါကြောင့် ခေါင်းဆောင်မှုအနေအထားမှာလည်း အားလုံး သုံးသပ်နေရပါတယ်။ နှစ် ၆၀ ကျော် ကျနော်တို့ ပြည်တွင်းစစ် ပေါ်ပေါက်ခဲ့ရပါတယ်။ အဲဒါက ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေးစားပွဲဝိုင်းတွေကို ပိတ်ခဲ့လို့ ဖြစ်ခဲ့ရတဲ့ တိုက်ပွဲတွေ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန် တက်လာတဲ့ခေတ်မှာ အပစ်ခတ်ရပ်စဲရေးအတွက် ကမ်းလှမ်းတာတွေ ရှိတယ်။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးတာတွေရှိတယ်။ ဒါ ငြိမ်းချမ်းရေးတံခါးကို ဖွင့်ပေးတဲ့ သဘောပါ။ အမှန်တကယ်ဆို ဒီလို တံခါးမျိုး ဖွင့်ပေးတယ်ဆိုလည်း ကျနော်တို့ အပြန်အလှန် တိုက်ခိုက်ဖို့ မရှိတော့ဘူး။ ဒါကြောင့် ကျနော်တို့ဒီ အပြန်အလှန်ဆွေးနွေးမှု အပေါ် အဓိကထားဖို့ လိုပါတယ်။ dialogue (တွေ့ဆုံညှိနှိုင်းခြင်း) ဆိုတာကလည်း တိုက်ပွဲတခုပါပဲ။ ငြင်းခုံမှုတော့ ရှိမှာပဲ။ သူတို့ဘက်က အလို၊ ကျနော်တို့ဘက်က အလို win-win ဖြစ်အောင်တော့ ကျနော်တို့ ဆွေးနွေးရမယ်။ ဒါကြောင့်မို့ သူကလည်း ဒီအချက်မရရင်မ ဆွေးနွေးတော့ဘူး။ ကျနော်တို့ဘက်ကလည်း ဒီအချက်တွေမရရင် မဆွေးနွေးတော့ဘူး ဆိုရင် ဒါဆိုရင် ဒိုင်ယာလော့ဆိုတာ ဖြစ်လာဖို့ မရှိဘူး။ ဒါကြောင့် ဒိုင်ယာလော့ဆိုတဲ့နေရာမှာ win-win ဖြစ်ဖို့တော့ လိုပါတယ်။
ဒါကြောင့်မို့ ကျနော်တို့ဆွေးနွေးပွဲကနေတဆင့် ငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဆောင်ရမှာ ဖြစ်တယ်။ ဒီငြိမ်းချမ်းရေး အကောင်အထည်ဖော်ဆောင်နိုင်မှသာလျှင် ကျနော်တို့ ပြည်သူလူထုတွေ စားဝတ်နေရေးကအစ အုပ်ချုပ်မှုအားလုံး ပြောင်းလဲနိုင်မှာ ဖြစ်တယ်။
မေး ။ ။ NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေ အဓိက မြောက်ပိုင်းကအဖွဲ့တွေနဲ့ KNPP ရယ် ပါဝင်လာနိုင်ဖို့ တရုတ်အစိုးရ ကိုယ်စားလှယ် မစ္စတာဆွန်ကော့ရှန်ကလည်း RCSS ဥက္ကဋ္ဌနဲ့ တွေ့ပီး ကူညီပေးဖို့လို့ ပြောတယ်ဆိုတာ သိရတယ်။ မနှစ်က တွေ့ဆုံ ဆွေးနွေးတယ် ဆိုတာ သိရတယ်။ RCSS နဲ့ တရုတ်နဲ့ ဆက်ဆံရေး၊ နောက် တခြား NCA မထိုးရသေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာဖို့အတွက် ဘယ်လိုအခန်း ကဏ္ဍကနေ ဆောင်ရွက်နေလဲ။
ဖြေ ။ ။ တရုတ်နိုင်ငံအနေနဲ့ ကျနော်တို့ NCA လက်မှတ်ရေးထိုးတုန်းကလည်း သက်သေ အနေနဲ့ သူ လက်မှတ်လာရေးထိုးဖူးတယ်။ ဒါကြောင့်မို့ သူ့အနေနဲ့ကလည်း ဒီ NCA အကောင်အထည်ဖော်မှုအတွက် ပါဝင်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ များသောအားဖြင့် တချို့ကတော့ သတင်းအရ သူများပြောကြမှာပေါ့။ ဒီ မြောက်ပိုင်း ၇ ဖွဲ့ကတော့ တရုတ် နောက်ခံရှိလို့ NCA လက်မှတ်မရေးထိုးကြဘူးပေါ့။ ဒါပေမယ့် အသေးစိတ်အနေနဲ့တော့ ကျနော်တို့ မသိပါဘူး။ ကျနော်တို့မှာ သက်သေလည်းမရှိ။ အသေးစိတ်လည်းမသိတော့ အတည်ပြုပေးလို့မရပါဘူး။ ကျနော်တို့အမြင်မှာတော့ တရုတ်အနေနဲ့လည်း မြန်မာပြည် ငြိမ်းချမ်းဖို့အတွက် သူတို့ကလည်း လိုလားတယ်ဆိုတာ မြင်ရတယ်။
မေး ။ ။ တရုတ်အကြောင်းကို ဆက်မေးရရင် မကြာခင်ကလည်း တရုတ်သမ္မတကြီးက မြန်မာနိုင်ငံကိုလည်း လာရောက်လည်ပတ်ခဲ့ပါတယ်။ ကုန်သွယ်ရေးစာချုပ်တွေလည်း ချုပ်ဆိုခဲ့ပါတယ်။ တရုတ်နဲ့ပတ်သက်ရင် ငြိမ်းချမ်းရေးအပြင် တရုတ်က BRI ခါးပါတ်လမ်းစီမံကိန်း ကိုလည်း လုပ်ချင်တယ်။ လုပ်ဖို့လည်း စီစဉ်နေတယ်။ အဲဒီအထဲမှာ သူက ရှမ်းပြည်ကို ဖြတ်ပြီးတော့ ဖောက်မယ့် လမ်းတွေ တံတားတွေ ကုန်သွယ်ရေး လမ်းကြောင်းတွေ အများကြီးရှိပါတယ်။ ဖောက်တဲ့အခါမှာလည်း အဲဒီ လက်နက် ကိုင်ထားတဲ့ အဖွဲ့တွေရဲ့ နယ်မြေတွေကို သူ ဖြတ်သွားရမယ့် နေရာတွေ ရှိပါတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး လက်နက်ကိုင်အဖွဲ့တွေမှာလည်း သဘောထားအမျိုးမျိုးရှိတာ တွေ့ရတယ်။ တချို့ကလည်း ထောက်ခံတယ်။ တချို့ကလည်း ကြားနေတာ ရှိနိုင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ RCSS ရဲ့ သဘောထားက ဘယ်လိုရှိလဲ။
ဖြေ ။ ။ အဓိကက ဆွေးနွေးမှုက စတင်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရတစ်ဖွဲ့တည်း အနေနဲ့လည်း သူတို့ကို သွားဆွေးနွေးလို့ မရပါဘူး။ အခြေခံ ပြည်သူလူထုနဲ့ရော ဒီဒေသခံအဖွဲ့အစည်းတွေနဲ့ရော ဆွေးနွေးဖို့ လိုပါတယ်။ ကျနော်တို့အနေနဲ့ကတော့ ကားလမ်းတွေ ဖောက်မယ်ဆိုတာ ကန့်ကွက်တာမရှိပါဘူး။ ဒါပေမယ့် ဒေသခံအဖွဲ့အစည်းတွေက အများကြီး ရှိတဲ့အတွက်ကြောင့် ဒီဒေသခံတွေနဲ့ ဆွေးနွေးဖို့လိုတယ်။ သာဓကအနေနဲ့ ရခိုင်ပြည်ကနေ ဖြတ်သန်းလာတဲ့ ဂတ်စ်ပိုက်လိုင်းမှာ အမှန်ဆိုရင် ကျနော်တို့ ရှမ်းပြည်အစိုးရကို ၅ ရာခိုင်နှုန်း လျော်ကြေးပေးရမယ်ဆိုတာ ရှိခဲ့တယ်။ အခုချိန်မှာ ဘယ်သူက လက်မှတ်ရေးထိုးပြီးတော့ လက်ခံခဲ့လဲ။ ဘယ်သူက အခုအခြေအနေထိ ပြည်သူလူထုက ဘယ်လိုတွေ ရဖူးလဲဆိုတာ မသိရဘူး။
အခုအခြေအနေထိ ဂတ်စ်ပိုက်လိုင်း ဖြတ်သန်းသွားလာမှုအပေါ်မှာ ကျနော်တို့ ပြည်သူလူထုတွေ အနေနဲ့ ဆုံးရှုံးမှုတွေ ရှိခဲ့တယ်။ ဒါပေမယ့် ခံစားခွင့်တော့ မရသေးဘူး။ ကျနော်တို့ ပြည်သူတွေကို ပြန်မေးတဲ့အခါမှာလည်း သူတို့လည်း ဘာတခုမှ မသိသေးဘူး။
အခုအခြေအနေက စစ်အုပ်ချုပ်ရေးကာလလည်း မဟုတ်တော့ဘူး။ ဒါကြောင့်မို့ လူထုတွေနဲ့ လူထုလိုအပ်ချက်တွေ အားလုံး အပြန်အလှန် ဆွေးနွေးဖို့လိုတယ်။ အခုက လမ်းတံတားတွေ ဆောက်မယ် ဘာမယ်ဆိုတာ လူထုနဲ့ အားလုံးဆွေးနွေးဖို့ လိုတယ်။ အခုဆို ရှီကျင့်ဖျင်လည်း ပြောထားပြီးပြီ။ သူ့ရဲ့ စီမံကိန်းတွေ အကုန်လုံးကလည်း ပြည်သူလူထုအတွက်ပဲ ဆိုတာလည်း ကြေငြာခဲ့ဖူးတယ်။
မေး ။ ။ ရှမ်းလူထုက အခုဆို နားလည်သလောက်က တရုတ်ပရောဂျက်တွေနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြတယ်။ သူတို့စိုးရိမ်မှုတွေ ရှိတယ်။ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှာ စိုးရိမ်တာရှိတယ်။ ပြီးတော့ သံလွင်မြစ် ရေကာတာ စီမံကိန်းကိစ္စဆိုရင်လည်း သူတို့ စိုးရိမ်တာရှိတယ်။ ကချင်ပြည်က မြစ်ဆုံလိုပဲ။ ဆိုတော့ အဲဒါတွေနဲ့ပတ်သက်ပြီး တကယ်လို့ တရုတ်ဘက်က ရှမ်းပြည်ရဲ့ခေါင်းဆောင်တယောက် အနေနဲ့ တရုတ်ဘက်က လာဆွေးနွေးတာမျိုး ရှိခဲ့သလား။ ဆွေးနွေးတယ်ဆိုရင်ရော ဗိုလ်ချုပ်ကြီးရဲ့ သဘောထားအမြင် ပေါ်လစီက ဘယ်လိုရှိလဲ။
ဖြေ ။ ။ အဓိကအနေကတော့ ကျနော်တို့ လူထုတွေရဲ့ ဆန္ဒကို ကြည့်ဖို့လိုတယ်။ ဘာကြောင့်မို့လို့ လူထုတွေက ကန့်ကွက်ကြသလဲဆိုရင် အမှန်တကယ်မှာ လူထုတွေက ခံစားခွင့် တခုမှမရခဲ့ကြဘူး။ အခု သူတို့စီမံကိန်းနဲ့ပတ်သက်ပြီးတော့ ဘာတခုမှ ခံစားခွင့်မရခဲ့ကြတော့ ဒါ ကန့်ကွက်ကြတယ်လို့ ကျနော်မြင်ပါတယ်။
သူတို့ရဲ့ ကန့်ကွက်မှုဆိုတာ မလုပ်ဖို့ဆိုပြီး အဲဒီလောက်ထိ ကန့်ကွက်တာမဟုတ်ဘူး။ ဒါပေမယ့် သူတို့ရဲ့ ခံစားခွင့်၊ခံစားချက်တွေ ဘယ်လောက်အထိ ရနိုင်မလဲဆိုတာ သူတို့ သိရှိဖို့ လိုတယ်။ အဓိကအားဖြင့်တော့ ကျနော်တို့ရဲ့ လိုလားချက်က တအိမ်မှာ ငွေ ဘယ်လောက် ဘယ်လောက်ပေးဖို့မဟုတ်ဘူး။ ကျနော်တို့ ပြည်နယ်အနေနဲ့ ဘယ်လောက်အထိ ခံစားခွင့်ရှိမလဲ။ ရှမ်းပြည်အနေနဲ့ဆို ဘယ်လောက် ရာခိုင်နှုန်း ရှိမလဲဆိုတာ အားလုံး အခြေခိုင်အောင် လုပ်ဖို့လိုပါတယ်။ အားလုံးကတော့ စီးပွားရေးနဲ့ ပတ်သက်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်လာရင် အမြတ်အစွန်းဆိုတာ ပါလာတာပဲ။ အမြတ်အစွန်းဆိုတာကလည်း လုပ်ဆောင်တဲ့လူမှာပဲ ရှိပြီးတော့ ကျနော်တို့ ပြည်သူလူထုတွေ ခံစားခွင့်မရှိဘူးဆိုရင်လည်း ဘယ်လိုမှ လက်ခံချင်မှာ မဟုတ်ပါဘူး။
မေး ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ရော အစိုးရနဲ့ရော တွေ့ခဲ့တော့ အလွန်ကောင်းမွန်တဲ့ ရလဒ်တွေကောင်းတယ်လို့သိရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ကို ဘာတွေများ ပြောပြချင်တာရှိလဲ။
ဖြေ ။ ။ စောစောက ကျနော်တို့ ပြောခဲ့သလိုပါပဲ။ ကျနော်တို့ ဒီ ခေါင်းဆောင်ပိုင်းမှာ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်မှပဲ ကျနော်တို့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ လမ်းက ချောမွေ့မှာ။ အဓိကကတော့ ခေါင်းဆောင်တွေပဲ ယုံကြည်မှု ရှိဖို့မဟုတ်ပါဘူး။ အလယ်အလတ်ပိုင်း၊ အောက်ခြေ တပ်ဖွဲ့ဝင်တွေရော ပြည်သူတွေရော အပြန်အလှန် ယုံကြည်မှုရှိကြဖို့ လိုပါတယ်။
အမှန်ဆို ကျနော်တို့ ပြည်သူလူထုတွေက ငြိမ်းချမ်းရေးကို အရမ်းလိုလားပါတယ်။ သူတို့ကလည်း အရမ်းကို စိုးရိမ်ထိတ်လန့်နေကြတယ်။ တပ်မတော်က ရွာထဲကို ဝင်ပြီဆိုရင် ဘယ်အချိန် တိုက်ပွဲဖြစ်မလဲဆိုတာ စိုးရိမ်နေကြရတယ်။
နှစ် ၆၀ ကျော် တိုက်ခိုက်ခဲ့ကြတာ ဘာတစ်ခုမှ အကျိုးအမြတ်မရှိခဲ့ပါဘူး။ ငြိမ်းချမ်းရေး နည်းလမ်းနဲ့ နိုင်ငံရေးဆွေးနွေးပွဲကနေ အဖြေရှာဖို့ လမ်းကြောင်းဖြစ်သွားပြီ။ လက်နက်နဲ့ အဖြေရှာဖို့ မဟုတ်တော့ဘူး။ လက်နက်နဲ့အကြမ်းဖက်ပြီး အဖြေရှာမယ်ဆိုရင် ကျနော်တို့ ပြည်ထောင်စုကြီးက ငြိမ်းချမ်းမှုဆိုတာ ဘယ်လိုမှ ရှိတော့မှာ မဟုတ်ဘူး။
မေး ။ ။ RCSS အနေနဲ့က TNLA ဆိုလည်း တိုက်ရိုက်ဆက်ဆံမှုမရှိဘူးလို့ ပြောတယ်။ ဒါပေမယ့် TNLA နဲ့ဆိုရင် မကြာခဏ တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတာ ရှိတယ်။ ၂၀၂၀ မှာရော တိုက်ပွဲတွေ လျော့သွားမယ့် တိုက်ပွဲတွေ မရှိတော့မယ် အလားအလာရော ရှိလား။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ ပြောနိုင်တာတခုက TNLA အနေနဲ့ မန်တုံ၊ နမ့်ဆန်မှာ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဆိုတာလည်း အခြေခံဥပဒေအရ ရှိပြီးသားပဲ။ ဒါကြောင့်မို့လို့ အဲဒီဒေသထဲမှာ နေမယ်ဆိုရင်တော့ ကျနော်တို့နဲ့ ထိပ်တိုက်မှု ရှိဖို့ နည်းပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသကနေ ပြင်ပကို ထွက်ပြီးတော့ ပြည်သူလူထုတွေကို သွားပြီးတော့ ထိန်းချုပ်မယ်၊ သွားပြီးတော့ အနိုင်ကျင့်မှုတွေ ရှိမယ်ဆိုရင်တော့ ကျနော်တို့ အနေနဲ့ တိုက်ပွဲတွေကို ရှောင်လွဲလို့မရပါဘူး။
မေး ။ ။ ဒါပေမယ့် တချို့ RCSS ထိန်းချုပ်တဲ့နေရာမှာဖြစ်ဖြစ်၊ ရှမ်းတွေ အများစု ရှိတဲ့နေရာမှာ ဖြစ်ဖြစ် တအာန်း (ပလောင်) တိုင်းရင်းသားတွေလည်းရှိတယ်။ အောက်ခြေမှာ သူတို့တွေက နှစ်ဖက် တပ်ဖွဲ့တွေကို ကြောက်ရတယ်။ နှစ်ဖက် တပ်ဖွဲ့ဆိုတာ အစိုးရပဲ ဖြစ်ဖြစ်၊ RCSS ပဲဖြစ်ဖြစ်၊ TNLA ပဲဖြစ်ဖြစ်၊ ပြည်သူ့စစ်ပဲ ဖြစ်ဖြစ် ကြောက်ရတဲ့အခါကျတော့ သူတို့က ခံနေရတယ်ဆိုလည်း မပြောရဲကြဘူး။ သူတို့မှာ တိုက်ပွဲကြောင့် ပြေးရတာတွေ မိုင်းထိတာတွေ ရှိတယ်။ ရွာတွေထဲမှာ RCSS တချို့ အောက်ခြေတပ်တွေက သူတို့ကိုလာပြီးတော့ အနိုင်ကျင့်တယ်ဆိုရင်တောင် သူတို့ ထုတ်မပြောရဲဘူး။ ကြောက်ရတယ်ဆိုတာမျိုး ကြားရတယ်။ ဆိုတော့ ဗဟိုအနေနဲ့က ဒီအောက်ခြေတပ်သားတွေကို ဒီလိုမျိုး ကျူးလွန်ခဲ့မှုတွေ ရှိတယ်ဆိုရင် အရေးယူမှုတွေ ရှိလား။ အဲ့လိုမဖြစ်အောင် ဘယ်လိုကာကွယ်ထားလဲ။
ဖြေ ။ ။ ကျနော်တို့ SSA အနေနဲ့ code of conduct (လိုက်နာရမယ့်ကျင့်ဝတ်) ဆိုတာ ရှိပြီးသားပဲ ဖြစ်ပါတယ်။ ပြည်သူလူထုအပေါ်မှာ သွားပြီးတော့ ဖိနှိပ်နေတဲ့ဟာ ရှိတယ်ဆိုရင် ကျနော်တို့ ရဲ့ ဥပဒေ၊ တရားဥပဒေတွေနဲ့ အားလုံး ကိုင်တွယ်တာ ရှိပါတယ်။
မေး ။ ။ ဘယ်လိုအပြစ်ပေးမှုတွေလဲ။
ဖြေ ။ ။ ဒါကတော့ သူ့ရဲ့ ပြစ်မှုအပေါ် မူတည်တယ်။ ပြစ်မှုက ဘယ်လောက် လေးနက်သလဲပေါ့။ အဓိကက အမှုတွေကတော့ အမျိုးမျိုးရှိတယ်။ ခိုးမှုရော မတရားကျင့်မှုရော ဒီပြစ်မှုတွေ အားလုံးကို ကျနော်တို့ ကိုင်တွယ်တာ ရှိပါတယ်။ ထောင်ဒဏ် ဘယ်နှနှစ် ဘယ်နှနှစ်ဆိုတာ ရှိပါတယ်။
မေး ။ ။ ရှမ်းပြည်နယ်အပြင် အခု RCSS ဥက္ကဋ္ဌ က အပစ်ရပ် ၁၀ ဖွဲ့ရဲ့ PPST (ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့) မှာလည်း ဦးဆောင်နေရတယ်။ ကျမတို့ အခုနောက်ပိုင်း သတိထားမိတာက PPST အစည်းအဝေးတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်တွေကို ညီညွတ်ကြဖို့ ငြိမ်းချမ်းရေး ရှေးရှု ဦးတည်ဆောင်ရွက်ကြဖို့ ဦးစားပေး ပြောတာတွေ ကြားရတယ်။ အဲဒါ ဘာကြောင့် ပြောဖြစ်တာလဲ။
ဖြေ ။ ။ ငြိမ်းချမ်းရေးအတွက် စည်းလုံးရေးအတွက် ဘာကြောင့် အထပ်ထပ် အခါခါ ပြောရလဲ ဆိုရင် ကျနော်တို့တိုင်းရင်းသားတွေကြားထဲမှာ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားထဲမှာ ဆိုရင် အားလုံးဝိုင်းပြီး တိုက်ပွဲဝင်တယ်ဆိုတာ တကြိမ်တခါမှ မရှိခဲ့ဘူး။ ဒါကြောင့်မို့ လက်နက်ကိုင် တော်လှန်ရေးစနစ်ကနေ နိုင်ငံရေးဆွေးနွေးပွဲမှာ အားလုံး အတူတကွ စည်းလုံးညီညွတ်စွာ ဆောင်ရွက်ဖို့ အထပ်ထပ် အခါခါ မိန့်ခွန်း ပြောကြားတဲ့အထဲ ထည့်ရတာဖြစ်ပါတယ်။
မေး ။ ။ အခု မြန်မာပြည်ကို နိုင်ငံတကာကလည်း အရင်တုန်းကလိုပဲ အပြစ်ပေးရမယ်တို့ ဆန်ရှင်လုပ်ရမယ်တို့ ဝိုင်းပြီး အပြစ်တင်တာတွေ ရှိတယ်။ ဒါပေမယ့် မြန်မာပြည်ကို engage (ထိတွေ့ဆက်ဆံရမယ်) လုပ်ရမယ်။ ပိုပြီးတော့ သိမ်းသွင်းမှ စည်းရုံးမှ မြန်မာပြည်ဟာ နိုင်ငံတကာ နယ်ထဲ ပြန်ရောက်မယ်ဆိုတဲ့ အယူဆတွေ ရှိတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဗိုလ်ချုပ်ကြီး အမြင်ကို သိချင်ပါတယ်။
ဖြေ ။ ။ ကျနော်တို့အနေနဲ့ကတော့ စောစောက ပြောခဲ့သလိုပါပဲ။ စစ်အုပ်ချုပ်ရေးက လုံး၀ မကောင်းဘူးဆိုတာလည်း အားလုံးသိကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အုပ်ချုပ်မှုကို ပြုပြင်ပြောင်းလဲရမယ်။ ကျနော်တို့ ဒီ စစ်အုပ်ချုပ်ရေးနဲ့ နှစ် ၆၀ ကျော် နေလာခဲ့ပြီးပြီ။ ဒါကြောင့်မို့ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရမယ်။ ICJ တို့ ဘာတို့က သူတို့က တရားစွဲဆိုတယ်ဆိုတာလည်း သူတို့မှာ တချို့သက်သေတွေ ရှိပါတယ်။
ကျနော်တို့ ရှမ်းပြည်အနေနဲ့ဆိုရင်လည်း ၁၉၉၆-၉၇ ခုနှစ် မှာဆိုရင်လည်း (စစ်တပ်ကြောင့်) အားလုံး ရွာပြောင်းရွှေ့ရတာတွေ အများကြီးပဲ။ ဒီ သက်သေအားလုံး ကလည်း လိမ်လို့မရပါဘူး။ ကျနော်တို့ နယ်စပ်ဒေသတွေမှာ ဒီ နယ်စပ် ဒုက္ခသည် စခန်းတွေမှာ ကျနော်တို့ပြည်သူလူထုတွေ လာပြီး အလုပ်လုပ်ကိုင် စားသောက်ရတယ်။ ဒါကြောင့်မို့ စစ်အာဏာပိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေရဖို့ဆိုတာ ဒီအုပ်ချုပ်မှုက မကောင်းဘူးဆိုတာ အားလုံးက အသိပဲ ဖြစ်ပါတယ်။ ဒါကတော့ အာဏာကိုင်စွဲထားတဲ့ လူတွေအပေါ်မှာ မူတည်တာပေါ့။ သူတို့ရဲ့ ဒီအုပ်ချုပ်မှု စနစ်က မကောင်းဘူးဆိုတာ သူတို့ လက်ခံဖို့တော့ ကောင်းပါတယ်။
You may also like these stories:
“စစ်ပွဲကို အမြန်ငြိမ်းဖို့ ကျနော် ဆုတောင်းနေပါတယ်”
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် အင်တာဗျူး (အပိုင်း – ၂)