မြန်မာနိုင်ငံမှ ကြက်တောင်မယ် သက်ထားသူဇာက ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ဝင်ပြိုင်နိုင်ရန်အတွက် ကမ္ဘာ့ ကြက်တောင် အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ (world ranking) ၅၀ အတွင်းဝင်နိုင်ဖို့ အတွက် ယခုနှစ် ဇန်နဝါရီလမှ စတင်ကာ ပြိုင်ပွဲပေါင်း ၁၀ ပွဲခန့် ဝင်ရောက် ယှဉ်ပြိုင် အမှတ် ရယူသွားရမှာ ဖြစ်ပါတယ်။
အဆိုပါ သတ်မှတ်ချက် အတွင်း ဝင်နိုင်ဖို့ ၃ လအတွင်း ကြိုးစားရမှာ ဖြစ်တဲ့အတွက် သူအတွက် ဒီနှစ်က လွန်စွာ အရေးကြီးတဲ့နှစ်လို့ သိရပါတယ်။ သက်ထားသူဇာအနေနဲ့ သတ်မှတ်ချက် ပြည့်မီပြီး အိုလံပစ် ဝင်ခွင့်ရမယ်ဆိုလျှင် ပထမဆုံး အိုလံပစ်ဝင်ခွင့်ရတဲ့ မြန်မာကြက်တောင်မယ် ဖြစ်မှာပါ။
သူဟာ ၂၀၁၈ ခုနှစ်၊ အီဂျစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခဲ့တဲ့ Egypt International Series 2018 ပြိုင်ပွဲ အပါအဝင် ရွှေတံဆိပ် ၆ဆု ရရှိခဲ့ပြီး ကမ္ဘာအဆင့် ၁၀၀ ကျော်မှ အဆင့် ၆၀ ကို ခုန်တက်နိုင်ခဲ့သူလည်း ဖြစ်တယ်။ လက်ရှိမှာ သက်ထားသူဇာက ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်(BWF)က သတ်မှတ်ထားတဲ့ World rankings ၆၀ မှာရှိပြီး အမှတ်ပေါင်း ၂၄၂၀၀ ရရှိထားပါတယ်။
၂၀၂၀ ခုနှစ်အတွင်းမှာဘဲ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲဝင်နိုင်ရန် ရည်ရွယ်ထားတဲ့ သက်ထားသူဇာက ဖိတ်ခေါ်ပြိုင်ပွဲတွေ၊ နိုင်ငံတကာပြိုင်ပွဲတွေ၊ Future Series အပါအဝင် ပြိုင်ပွဲပေါင်း ၉၄ ပွဲ ကစားခဲ့ရာ ပွဲ ၇၀ နိုင်ထားပြီး ၂၄ ပွဲ ရှုံးထားပါတယ်။
ဂျပန်နိုင်ငံတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ် အားကစား ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်ခွင့်ရရေးအတွက် လေ့ကျင့်ပြင် ဆင်နေတာတွေနဲ့ ပတ်သက်ပြီး ကြက်တောင်မယ် သက်ထားသူဇာကို ဧရာဝတီသတင်းထောက် လဲ့လဲ့မှ တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး ။ ။ တိုကျိုမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲ ဝင်ရောက်နိုင်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အိုလံပစ်ပြိုင်ပွဲကတော့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ကြိုးစားနေတာပေါ့။ အဲဒီအတွက်လည်း ဧပြီလ မတိုင်ခင်အထိ တောက်လျှောက် သွားနေမယ်။ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကစပြီး ယူဂန်ဒါ၊ ကင်ညာကို စပြီး သွားမယ်။ ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇလန်၊ ပိုလန်၊ ဖင်လန် စတဲ့ ၇ နိုင်ငံ ဆက်တိုက်သွားမယ်။ ဧပြီလ အလယ်လောက်မှ ပြန်ရောက်မယ်။
ဒါပေမယ့် ဧပြီလမှ Deadline ဖြစ်မှာဆိုတော့ ကိုယ့်ဘာသာ ကိုယ်တော့ စိတ်တော့မချသေးဘူး။ အဲဒီလိုပဲ ပြိုင်ပွဲသွားပြီး တော့မှ ကိုယ် အခုဝင်နေတာကိုပဲ ထိန်းထားမယ်။ ဒါပြီးလို့ ကိုယ်ပြိုင်ပွဲတွေသွားလို့ အဆင့်၊ အဆင့်တွေ တက်လာလို့ ရှိရင်တော့ တပတ်၊ တပတ် ကမ္ဘာ့အဆင့် (World Ranking) သတ်မှတ်ချက်တွေ တက်လာမယ်။ အိုလံပစ် ranking လည်း တက်လာပြီး ပိုသေချာမှာပါ။
မေး ။ ။ အိုလံပစ်ဝင်ဖို့ အခု ဘယ်လိုပြင်ဆင်ထားလဲ။ လေ့ကျင့်မှုအပိုင်းမှာ ဘယ်လိုရှိလဲ။
ဖြေ ။ ။ လေ့ကျင့်မှုက အခုလောလောဆယ် အဖေနဲ့ပဲ လုပ်နေတယ်။ ဒီဇန်နဝါရီတုန်းက မလေးရှားပွဲ သွားတုန်းက မလေးရှားမှာပဲ ၂ ပတ်လောက် လေ့ကျင့်မှုတွေ လုပ်ဖြစ်ခဲ့တယ်။ အဲဒီကနေ ပြန်လာပြီးမှ အဖေနဲ့ ဆက်ပြီး လေ့ကျင့် နေတာပေါ့။
မလေးရှားမှာက ဇန်နဝါရီမှာလုပ်တယ်။ ပြီးခဲ့တဲ့နှစ်တွေကလည်း အိန္ဒိယပြည်မှာ သွားလုပ်ဖူးသေးတယ်။ နှစ်ဖက်ကို သွားလိုက်ပြန်လိုက် လေ့ကျင့်ခဲ့တယ်။ ဘာလု့ိ ပြန်လာလဲဆိုတော့ နောက်ပွဲတွေအတွက် ဗီဇာဝင်ရတာတွေ၊ လျှောက်ရ တာတွေကို ပြန်ပြန်လုပ်ရတယ်။ တကယ်ကတော့ နိုင်ငံခြားမှာပဲ လေ့ကျင့်ရေးတွေ ဆက်လုပ်နေရမှာ။ အဖေကလည်း နည်းပြလုပ်နေတဲ့အတွက် အဖေလည်း ရန်ကုန် ပြန်ရောက်တုန်း အဖေနဲ့ပဲ လုပ်ဖြစ်နေတာပေါ့။
မေး ။ ။ ကျန်းမာရေးအခြေအနေက ကောင်းသွားပြီလား။
ဖြေ ။ ။ ကျန်းမာရေးကတော့ အခုတော့ ကောင်းပါတယ်။ အရင်တုန်းက ဖြစ်ဖူးတဲ့ ခါးကိုပဲ ဂရုစိုက်နေရတယ်။ လောလော ဆယ် ဘာမှဖြစ်တာ မရှိပါဘူး။ ခါးက ၂၀၁၈ နေပြည်တော်မှာလုပ်တဲ့ Asia University Game မှာ ဖြစ်သွားတာပေါ့။ နီပေါ ပွဲမှာလည်း နောက်ဆုံး Final ရိုက်ပြီး ရန်ကုန်ကို ပြန်တယ်။
နောက်နေ့ကျတော့မှ နေပြည်တော်ကို Asia University Game အတွက် သွားရတယ်။ နေပြည်တော်က ရောက်ရောက် ခြင်း ဒီပွဲအတွက်လည်း ရိုက်ရတယ်။ ခရီးပန်းတာလည်း ပါတယ်။ နောက်ပွဲပန်းတာတွေပါ ပေါင်းပြီး ခါးက ပိုဆိုးသွားတယ်။ အမှန်က ဖြစ်တာက ၂၀၁၈ မှာပဲ အီဂျစ်ပွဲ ပြီးသွားတော့ လေ့ကျင့်ခန်းလုပ်ရင်း နာသွားတယ်။
နာသွားတာကို မနားပဲ လေ့ကျင့်ခန်း ဆက်တိုက်လုပ်ပြီး နောက်ပွဲအတွက် ပြင်ဆင်ခဲ့တယ်။ နီပေါပွဲအတွက် ပြင်ဆင်ပြီး သွားတယ်။ Semi Final ရောက်တော့ ခါးက လမ်းတောင်မလျှောက်နိုင်လို့ ဆေးရုံရောက်သွားတယ်။ အဲဒီတော့ တလ လောက် နားလိုက်ရတယ်။
အဲဒီတုန်းက တလလောက် နားလိုက်ပြီးတော့မှ ဒီဆေးတွေ မသောက်ပဲနဲ့ ကိုယ့်ဘာသာ ကိုယ် လေ့ကျင့်ခန်း လုပ်တယ်။ ဆေးမသောက်ပဲ ခါးလေ့ကျင့်ခန်းတွေကို အဓိကလုပ်တယ်။ တလလောက်နားပြီး လုပ်လိုက်တာ ပျောက်သွားတယ်။ အခုကတော့ အဲဒါကို ပြန်မဖြစ်အောင် ဂရုစိုက်ရတာပေါ့။ တခါတလေ နည်းနည်းပါးပါး နာရင် လေ့ကျင့်ခန်းလုပ်ပြီး ပျောက်အောင် ပြန်လုပ်ရတာပေါ့။
မေး ။ ။ ခုသွားမယ့် နိုင်ငံထဲမှာ ယူဂန်ဒါပွဲလည်း ပါတယ်ဆိုတော့ ချန်ပီယံဆု ကာကွယ်ဖို့ သွားရမှာလား။ ဒီနှစ်အခြေအနေ ဘယ်လိုရှိနိုင်လဲ။
ဖြေ ။ ။ အဆင်တော့ ပြေပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်က ထက်စာရင် ဒီနှစ်ပိုခက်တာပေါ့။ ဧပြီလမှာ အိုလံပစ်လည်း ရှိတာကြောင့်မို့ ကစားသမားတွေကတော့ ရှိသမျှနေရာ အကုန်လာကြမှာပဲလေ။ ဆိုတော့ ပြီးခဲ့တဲ့ နှစ်ထက်စာရင် ပိုခက်တာပေါ့။
လောလောဆယ် ယူဂန်ဒါနဲ့ ကင်ညာ နှစ်ပွဲလုံးကတော့ နိုင်ခြေအဆင့် ၁ ရထားတယ်။ နိုင်ခြေအဆင့် ၁ ရထား ပေမယ့် အောက်က ကစားသမားတွေက အကုန်လုံး ပြီးခဲ့တဲ့နှစ်ထက်စာရင် အကုန်လုံးက ကောင်းတဲ့ ကစားသမား တွေ ပိုလာ ကြတယ်။ ဥရောပက ကောင်းတဲ့ကစားသမားတွေလည်း လာကြတယ်။
ကျန်တဲ့ ၅ နိုင်ငံကတော့ အသစ်ပေါ့။ တခါမှ မသွားရသေးဘူး။ လောလောဆယ် ပေါ်တူဂီကလည်း နိုင်ခြေ အဆင့် ၁ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် အခြေအနေက ကောင်းနိုင်တယ်။
မေး ။ ။ အခုသွားမယ့်ပွဲအတွက် လေ့ကျင့်ချိန်တွေကို ဘယ်လိုသတ်မှတ်ပြီး လေ့ကျင့်ဖြစ်လဲ။
ဖြေ ။ ။ အခုသွားမယ့် ၇ ပွဲမှာ Future Series၊ International Series၊ Challengနဲ့ Tour Super 300 ပေါ့။ အမျိုး အစား ခြင်း မတူဘူး။ ၁ ပွဲနဲ့ ၁ ပွဲပုံစံလည်း မတူဘူး။ နောက်ပြီး ၁ ပွဲနဲ့ ၁ ပွဲက ကပ်နေတဲ့အတွက် ဒီကြားထဲ လေ့ကျင့်မှုက တခါ တလေ လေ့ကျင့်ဖို့ အချိန်မရှိတတ်ဘူး။ ပွဲရှိနေရင် လေ့ကျင့်မှုက အပြည့် မလုပ်နိုင်တော့ဘူး။ အဲဒီတော့ မသွားခင်မှာပဲ လေ့ကျင့်မှုကို မပျက်အောင် ပုံမှန်လေ့ကျင့် ဖြစ်တယ်။
ညီမက မနက် ၉ နာရီကနေ ၁၂ နာရီ၊ ညနေ ၄ နာရီကနေ ၇ နာရီအထိ လေ့ကျင့်ခန်း လုပ်ဖြစ်တယ်။ တခါတလေ gym သွားတာတွေ ရှိတယ်။ လေ့ကျင့်တာမှာတော့ အချိန်ကတော့ အားလုံးအတူတူပဲ လေ့ကျင့်တဲ့ပုံစံတော့ ကွဲသွားတယ်။ တခါတလေ အပြင်းအထန် လုပ်တာတွေရှိမယ်။ တခါတလေ ပုံမှန်လေး လုပ်တာမျိုးတွေရှိမယ်။ မတူဘူးပေါ့။ နောက်ပြီး ညီမအတွက် အဓိက လိုအပ်နေတာတွေကို နေ့တိုင်းလိုလို အဖေက လုပ်ခိုင်းတယ်။
မေး ။ ။ အခုရိုက်မယ့် ပွဲတွေက သက်ထားသူဇာအတွက် အရေးကြီးတဲ့ပွဲတွေလို့ ဆိုလို့ရမလား။
ဖြေ ။ ။ အရေးကြီးတာပေါ့။ ညီမအတွက်ကတော့ ပြိုင်ပွဲတိုင်းကတော့ အရေးကြီးတဲ့ ပြိုင်ပွဲတွေပဲ။ အခုဒီ ၃၊ ၄ လ အတွင်း မှာတော့ ပိုပြီးတော့မှ ကြိုးစားရမှာပါ။ ဘာလို့လည်းဆိုတော့ အိုလံပစ်ရာသီချိန်လည်း ဖြစ်တဲ့အတွက်ကြောင့်မို့ ကစားသမားတိုင်းကတော့ ပြိုင်ပွဲတိုင်းကို သွားကြမှာပဲ။
တခြား ကစားသမားတွေကလည်း အိုလံပစ်အတွက်ကို ကြိုးစား နေကြတာဆိုတော့ ကိုယ်က ပထမဆုကြီး မဟုတ်ရင် တော့ ကွာတား၊ ဆီမီးလောက်အထိ အဆင့်ဆင့် တက်သွားမယ် ဆိုရင် ဒီ ၇ ပွဲလုံးမှာ အဲဒီအတိုင်း တက်သွားရင် ညီမရဲ့ အိုလံပစ်အဆင့်ကလည်း တက်သွားရင် အိုလံပစ်အတွက်က သေချာသွားမယ်။ အဲဒီတော့ ညီမအတွက်က ဒီနှစ်က အရမ်းအရေးကြီးတဲ့နှစ်လို့ ပြောလို့ရတယ်။
မေး ။ ။ မြန်မာနည်းပြနဲ့ နိုင်ငံခြားနည်းပြ ကွာခြားမှုရှိလား။ ဘယ်သူက ညီမနဲ့အသင့်တော်ဆုံးဖြစ်မလဲ။
ဖြေ ။ ။ အဖွဲ့ချုပ်မှာ ညီမလေ့ကျင့်ခန်းဆင်းတုန်းက အင်ဒိုနီးရှားနုည်းပြနဲ့ လေ့ကျင့်ဖြစ်တယ်။ အဲဒီတုန်းက အဖွဲ့ချုပ်က သူ့ကို ၂ နှစ် ငှားထားတယ်။ အင်ဒိုနည်းပြက အရမ်းကောင်းပါတယ်။ မလေးရှား နည်းပြလည်း ကောင်းတယ်။ ပုံစံလေးတွေ၊ သူတို့ရဲ့စည်းစနစ်တွေ ပြောင်းသွားတာပဲ ရှိတာ။
ဒါပေမယ့် အာရှနဲ့ ဥရောပဆိုရင် အာရှရဲ့လေ့ကျင့်မှုက ပိုကောင်းတယ်။ အခုကျတော့ ညီမက အဖေနဲ့ပဲ လေ့ကျင့်တာ ဆိုတော့ အဖွဲ့ချုပ်ကို သိပ်မသိဘူး။ ဘာလို့လည်းဆိုတော့ မြန်မာပြည်မှာ လေ့ကျင့်ခန်းလုပ်တုန်းကလည်း နိုင်ငံခြားနည်းပြ နဲ့ပဲ လုပ်ခဲ့တာဆိုတော့ နည်းပြတွေအားလုံးက အတူတူ ပါပဲ။ ညီမကတော့ နည်းပြတိုင်းနဲ့ အဆင်ပြေပါတယ်။
မေး ။ ။ တကယ်လို့ ညီမရည်မှန်းချက်အတိုင်း အိုလံပစ် ဝင်ခွင့်ရသွားပြီးပြီဆိုရင် ဘာတွေ ဆက်လုပ်ဖို့ရှိသေးလဲ။
ဖြေ ။ ။ အခု အိုလံပစ်ကို ဝင်သွားခဲ့မယ်ဆိုရင် ပြိုင်ပွဲလည်း ပြီးသွားပြီဆိုရင် ညီမက တောက်လျှောက် ကိုယ့် ranking ကို ကိုယ် Top 20 ထဲရောက်အောင် ဆက်ပြီးတော့မှ လုပ်သွားမယ်။ ပြီးသွားလို့ရှိရင် ကိုယ့်အဆင့်ကို မြင့်အောင်လုပ်မယ်။ နောက် ၂၀၂၄ ခုနှစ် ပဲရစ်မှာ လုပ်မယ့် အိုလံပစ်အတွက်လည်း ကြိုတင်ပြင်ဆင်သွားမှာပါ။
မေး ။ ။ နောက်ပိုင်း ပြိုင်ပွဲတွေမှာ သက်ထားသူဇာရဲ့အောင်မြင်မှု ကျလာတဲ့အပေါ် ဝေဖန်တာတွေ ရှိနေတယ်။ ဒီအတွက် ဘာများပြောလိုပါသလဲ။
ဖြေ ။ ။ ပွဲကတော့ ၁ ပွဲနဲ့ ၁ ပွဲ မတူဘူး။ ကစားသမားတွေ လာကစားကြတာလည်း မတူဘူး။ မြန်မာဆိုတာက ထိုင်း၊ မလေး တို့နဲ့ အရမ်းနီးတဲ့ နိုင်ငံတွေဖြစ်တော့ ကြက်တောင်ကလည်း Asia တွေမှာ ပိုပြီးကောင်းတာ။ မြန်မာဆိုတာကလည်း နီးနီး နားနား ဖြစ်နေတော့ ထိုင်း၊ မလေး၊ အင်ဒိုတွေက လာကြမှာပဲလေ။
အဲဒါတွေ လာတော့ ကစားသမားကောင်းတွေက ပိုလာတာပေါ့။ ဥရောပနဲ့ နီးတဲ့နိုင်ငံတွေမှာလုပ်တဲ့ ကြက်တောင်ပွဲတွေဆို ဥရောပနိုင်ငံလူတွေ လာကစားကြတယ်။ အဲဒီလိုပဲပေါ့။ အဲဒီလိုတော်တဲ့ အနီးအနားနိုင်ငံတွေက လာကြတဲ့အတွက် ပိုပြီး အခက်အခဲတွေရှိတယ်။
ဒါပေမယ့်လည်း ရှုံးတာနိုင်တာ ဝေဖန်တာကတော့ လူတိုင်းကတော့ ပြောမှာပဲလေ။ ကိုယ်က ကောင်းတာ လုပ်နေရင် တောင်မှ မကောင်းတဲ့ဟာ ၁ ခုကတော့ ပြောမှာပဲဆိုတော့ အဲဒါတော့ ညီမ စိတ်ထဲမှာ မထားပါဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကိုပဲ အကောင်းဆုံးဖြစ်အောင် လုပ်မှာပါ။
မေး ။ ။ အခု သက်ထားသူဇာက ကြော်ငြာလေးတွေ ရိုက်လာတယ်ဆိုတော့ အနုပညာဘက်ကို စိတ်အားသန်နေလားလို့ မေးခွန်းထုတ်နေကြတဲ့ အပေါ် ဘာပြောချင်ပါသလဲ။
ဖြေ ။ ။ အနုပညာအလုပ်က သပ်သပ်ကြီး လုပ်တာ မဟုတ်ဘူး။ ညီမက Branded တွေ၊ sponsor ယူထားတဲ့အတွက် သူတို့ကြော်ငြာအတွက် ရိုက်ပေးရတာတွေ လုပ်ပေးရတယ်။ ကြော်ငြာဖြစ်ဖြစ်၊ ဓါတ်ပုံရိုက်တာ ဖြစ်ဖြစ်ပေါ့။ ဒါပေမယ့် တခါတလေကျတော့ ပြိုင်ပွဲတွေအတွက် ကမ်းလှမ်းလာတာရှိရင် လုပ်တာတော့ ရှိတာပေါ့။ အရမ်းကြီး လေ့ကျင့်မှုကို ထိခိုက်မယ့်ကိစ္စတို့၊ ပြိုင်ပွဲကို ထိခိုက်မယ့်ကိစ္စမျိုးတော့ မလုပ်ပါဘူး။ အဓိကကတော့ ကြက်တောင်ကို ပိုပြီးတော့မှ ဦးစားပေးပြီးလုပ်တယ်။
မေး ။ ။ ကြက်တောင်အားကစားမှာ သက်ထားသူဇာက Idol တယောက်ဖြစ်နေတယ်ပေါ့၊ ပရိသတ်တွေရဲ့အားပေးမှုက ညီမကို စိတ်ဖိစီးမှု ဖြစ်စေသလား။
ဖြေ ။ ။ ကိုယ့်ကိုယ်ကြည့်ပြီးတော့မှ အခုမှ ကြက်တောင် စရိုက်တဲ့ ကစားသမားတွေ ရှိလာရင်တော့ ညီမ ဝမ်းသာတယ်။ နောက်ပြီး ဒီခေတ်လူငယ်တွေကလည်း အများအားဖြင့် ဂိမ်းတို့၊ အထူးသဖြင့် ဆိုရှယ်မီဒီယာမှာပဲ အချိန်ကုန်ကြတယ်လေ။ ဆိုရှယ်မိဒီယာမှာ အချိန်ကုန်တာထက်စာရင် အားကစား တခုခု လုပ်ပြီးတော့မှ အချိန်ကုန်တာက ကျန်းမာရေး အတွက်လည်း ကောင်းတယ်၊ အကျိုးလည်းရှိတယ်ပေါ့။
ညီမကိုကြည့်ပြီးတော့မှ သဘောကျတဲ့ ဂျူနီယာကစားသမားလေးတွေလည်း အများကြီးရှိတာကို တွေ့ရတယ်။ နယ်တွေမှာ ဆိုရင်လည်း ညီမရိုက်တာကို အတုယူပြီး ရိုက်ကြတဲ့ ကစားသမားတွေလည်းရှိတယ်။ အဲဒီအတွက် ညီမ ဝမ်းသာပါတယ်။ ဂုဏ်လည်းယူပါတယ်။ ဖိစီးမှုကြီးရယ်လို့ မရှိပါဘူး။
မေး ။ ။ ပရိသတ်အားပေးမှုက သက်ထားသူဇာအတွက် ဖိအားဖြစ်စေသလား။
ဖြေ ။ ။ အားပေးတဲ့ ပရိသတ်တွေကိုတော့ ကျေးဇူးအများကြီးတင်ပါတယ်။ ဒါပေမယ့် မြန်မာအင်တာနယ်ရှင်နယ် ပွဲတုန်းက ဆိုရင် လာအားပေးတဲ့သူတွေ တော်တော်များတယ်။ အဲဒီတုန်းက အိမ်ရှင်နိုင်ငံလည်း ဖြစ်တယ်။ လာကြည့်တဲ့ ပရိသတ် တွေလည်း အများကြီးဆိုတော့ နည်းနည်းတော့ Stress တော့ ရှိတာပေါ့။ စိတ်လှုပ်ရှားတာတွေလည်း ရှိတယ်။
တခုခုမှားယွင်းသွားမှာ စိုးတာပေါ့။ မှားသွားလို့ရှိရင်လည်း အပြောခံရတာတွေ ရှိတာတော့ ရှိတာပေါ့။ ဒါပေမယ့်လည်း ကိုယ့်ဘာသာကိုယ် အဲဒါတွေကို ခေါင်းထဲမထည့်ဘဲ ကိုယ်လိုချင်တဲ့ ရည်မှန်းချက်ဆီ ရောက်အောင်သွားရမှာပေါ့။
မေး ။ ။ နောက်တက်လာမယ့် အားကစားသမားတွေကို ဘယ်လိုအားပေးစကား ပြောချင်လဲ။
ဖြေ။ ။ ကိုယ်လိုချင်တဲ့ ပန်းတိုင်တခုကို ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ၊ အတားအဆီးတွေ ရှိရှိ၊ ဘယ်လို ဒုက္ခတွေပဲ ရောက်ရောက် အဲဒါတွေကို ရင်ဆိုင်ပြီးတော့မှ ကိုယ်လိုတဲ့ပန်းတိုင်ကို မရောက်၊ ရောက်အောင် သွားပါလို့ ပြောချင်ပါတယ်။
ညီမလေ့ကျင့်မှုကို အဖေနဲ့ လုပ်တာများတော့ နောက် ညီမအဖေရဲ့ ငှက်ခါးကလပ်မှာရှိတဲ့ ကစားသမားတွေနဲ့ လုပ်တာ များ တယ်ဆိုတော့ သိပ်မသိဘူး။ အဖွဲ့ချုပ်မှာက ညီမ အခုနောက်ပိုင်း သိပ်မလုပ်ဖြစ်တော့ဘူး။ ဆိုတော့ ကြိုးစားတဲ့သူ ကတော့ ကြိုးစားတဲ့အလျှောက်ဖြစ်မှာပဲပေါ့။
ကိုယ်လိုချင်တဲ့ လက်ရွေးစင်လား၊ ဒါမှမဟုတ် နိုင်ငံလက်ရွေးစင်လား။ ပြီးရင် အင်တာနယ်ရှင်နယ် World Ranking မှာ ဗမာက အဆင့်မြင့် ဖြစ်ချင်လား ဆိုတဲ့ ကိုယ်လိုချင်တဲ့ Target တခုကို ထားပြီးတော့မှ လုပ်ရင်တော့ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကိုရောက်မယ်။ အဓိကကတော့ စိတ်ဓာတ်ပါပဲ။ ကိုယ့်စိတ်ကို ခိုင်ခိုင်မာမာထားပြီး လေ့ကျင့်ခန်းကို မှန်မှန်လုပ်မယ်ဆိုရင်တော့ ရောက်မှာပေါ့။
မေး ။ ။ ကြက်တောင်ကစားနည်းက သက်ထားသူဇာကြောင့် ပိုပြီး သိသာထင်မြင်စေတယ်ဆိုရင် လက်ခံလား။
ဖြေ ။ ။ အရင်တုန်းက အင်တာနေရှင်နယ်ပွဲတွေမှာ ဆုမရခဲ့တာ ကြာပြီ။ နောက်ပိုင်းမှ ဆုရလာတာဆိုတော့ ညီမကို အဲဒီလို ပြောတယ်ဆိုရင် ဝမ်းသာပါတယ်။
မေး ။ ။ အားပေးတဲ့ ပရိသတ်တွေကို ဘာပြောချင်သေးလဲ။
ဖြေ ။ ။ အားပေးတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်။ ရှုံးရှုံး၊ နိုင်နိုင် ညီမကို ဆက်ပြီး အားပေးကြပါ လို့ ပြောချင်ပါတယ်။
ဆက်စပ်လင့်
ဆီးဂိမ်းတွင် ကမ္ဘာ့ကြက်တောင်ချန်ပီယံများလည်း ပါသဖြင့် သက်ထားသူဇာအတွက် ခက်ခဲနိုင်
အီဂျစ်ကြက်တောင်ပြိုင်ပွဲ သက်ထားသူဇာ ရွှေတံဆိပ်ဆု ထပ်မံဆွတ်ခူး
ဒုတိယဆုဖြင့်သာ ကျေနပ်လိုက်ရသည့် သက်ထားသူဇာ