ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလဆန်းမှ စတင်ကာ တရုတ်နိုင်ငံ ဝူဟန်မြို့မှ စသည့် ကူးစက်မြန် ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် တရုတ်အစိုးရက ဗိုင်းရပ်စ်ပိုး ကူးစက်မှုအား ထိန်းချုပ်နိုင်ရန် ဒီဇင်ဘာလလယ်ပိုင်းမှစကာ တရုတ်အစိုးရက မြို့ကို ဝင်ထွက်ခွင့် ပိတ်ဆို့ခဲ့သည်။
ထိုဖြစ်ရပ်ကြောင့် ဝူဟန်မြို့တွင် ရောက်ရှိနေသည့် ပညာတောင်သင် မြန်မာကျောင်းသားကျောင်းသူများ အပါအဝင် တခြားနိုင်ငံသားများက မိမိနိုင်ငံသို့ ပြန်ခွင့်ရရှိရန် သက်ဆိုင်ရာသံရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့ရာ ဖေဖော်ဝါရီ ၂ ရက်နေ့က မြန်မာကျောင်းသား ၅၉ ဦးကို မန္တလေးမြို့သို့ အစိုးရက ခေါ်ယူနိုင်ခဲ့သည်။
အဆိုပါ ကျောင်းသားများအား နေရပ်အသီးသီးသို့ မပြန်မီ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် ယာယီကျန်းမာရေး စောင့်ရှောက်မှု (Quarantine) ၁၄ ရက်ဖြင့် ကျန်းမာရေးစောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ဖေဖော်ဝါရီ ၁၆ ရက်တွင် ယာယီကျန်းမာရေးစောင့်ရှောက်မှု ၁၄ ရက်ကာလ ပြီးဆုံးသွားသဖြင့် ကျောင်းသားအားလုံး နေရပ်သို့ ပြန်ခွင့် ရရှိခဲ့သည်။
အဆိုပါကျောင်းသား ၅၉ ဦးအနက် ၁ ဦးဖြစ်သည့် ဝူဟန်မြို့၊ ဟွာကျုံး University of Science and Technology တွင် Master of Information and Communication Engineering ဘာသာရပ်ကို ၂ နှစ် ပညာတော်သင် အစီ အစဉ်နှင့် တက်ရောက်နေသည့် ကျောင်းသူ မဝေမာန်ဦးကို ဧရာဝတီသတင်းထောက် မြတ်ပြည့်ဖြိုးက တွေ့ဆုံ မေးမြန်းထား ပါသည်။
မေး။ ။ မဝေမာန်ဦးရဲ့ အလုပ်အကိုင်နဲ့ ဇာတိကို သိပါရစေ။
ဖြေ။ ။ ညီမက အစိုးရ ဝန်ထမ်းပါ။ ဇာတိကတော့ ကြို့ပင်ကောက်ကပါ။
မေး။ ။ ဝူဟန်မြို့ကို တရုတ်အစိုးရ ပိတ်ဆို့ထားပြီးတော့ ညီမရှိနေခဲ့တဲ့ အဲဒီ အချိန်တလျောက် ဘယ်လို အခက် အခဲတွေ အဓိက ကြုံတွေ့ခဲ့ရသလဲ။
ဖြေ။ ။ ဗိုင်းရပ်စပြီး ဖြစ်တယ်လို့ ညီမတို့ ကြားတာ ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညမှာ စပြီးကြားတယ်။ ဒါပေမယ့် ဒီကြားထဲမှာ တချက် ပြန်ငြိမ်သွားတော့ ခဏပဲ ဖြစ်တယ်လို့ ထင်လိုက်တယ်။ နောက်ပိုင်း ဇန်နဝါရီလ တရုတ်နှစ်ကူး မတိုင်ခင် ဝူဟန်ကို Lockdown မလုပ်ခင် ရက်ပိုင်းအလိုမှာ ဒီရောဂါကဆက်တိုက် တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်လာ တယ်။ ရောဂါကူးစက်မှု ပိုများလာတာကို သိလိုက်တဲ့အချိန်က စပြီး ညီမက အပြင်မထွက်တော့ဘူး။
ကျောင်းကတော့ အပြင်ထွက်မယ်ဆိုရင် Mask တွေတပ်ပြီးမှ သွားဖို့ မှာပေမယ့် ညီမ စိတ်ထဲကျတော့ ဒီရောဂါက ဒီလောက် ကူးစက်မှုနှုန်းတွေ များနေတာ ဖြစ်တော့ Mask တပ်ပြီး အပြင်ထွက်တာက ကိုယ့်အတွက် တကယ်လုံခြုံ ပါ့မလား၊ ကိုယ့်ကျောင်းထဲမှာ၊ ကိုယ့်အခန်းမှာကတော့ လုံခြုံလိမ့်မယ်၊ ရောဂါကူးစက်မှုအတွက် ကျိန်းသေ ကင်းရှင်း မယ်လို့ တွေးပြီး အခန်းထဲမှာ နေခဲ့တယ်။
တခုကံကောင်းသွားတာက ဒီမှာ တရုတ်နှစ်သစ်ကူးကာလမှာ ဆိုင်တွေ အကုန်ပိတ်တယ်လို့ သိထားတဲ့အတွက် နှစ်ကူးမတိုင်ခင်ကို လိုအပ်တဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ ကြိုစုထားလိုက်တယ်။ မစုတဲ့သူတွေလည်း ရှိတော့ သူတို့အတွက် ပိုပြီး အခက်အခဲ ဖြစ်သွားတာပေါ့။
ညီမက တရုတ်နှစ်ကူးကာလအတွက် ရည်ရွယ်ပြီး ကိုယ့်အတွက် လိုအပ်မယ်ထင်တာတွေ စုခဲ့တာက ဒီဗိုင်းရပ်ကို ကာကွယ်ဖို့အတွက် ဖြစ်သွားတာပေါ့။ ညီမက အပြင်မထွက်ဘူး။ မတတ်သာလို့ ထွက်ရရင် မျက်နှာဖုံး တပ်ထွက် တယ်။ ကျောင်းကလည်း နေတိုင်း အပူချိန်တိုင်းပေးတယ်။
မေး။ ။ အခန်းထဲအောင်းခဲ့ရတဲ့ ကာလတွေမှာ ကိုယ့်ကိုကိုယ် ဘယ်လိုစိတ်ခွန်အားနဲ့ ကျော်ဖြတ်ခဲ့သလဲ။
ဖြေ။ ။ ပထမ စစချင်းမှာတော့ ဒီလိုကိစ္စတွေက ဖြစ်တတ်တယ်ပေါ့။ ရန်ကုန်မှာလည်း H1N1 ဖြစ်ခဲ့တာပဲဆိုပြီး နည်း နည်း သက်တောင့်သက်သာ ရှိသေးတယ်။ ဒါပေမယ့် အချိန်ကြာလာလေ ကူးစက်မှုနှုန်းက မြင့်လာသလို အသေ အပျောက်ကလည်း များလာတဲ့ အခါမှာတော့ တကယ်စိုးရိမ်မှုတွေ ဖြစ်ခဲ့သလို ကိုယ့်ကိုကိုယ် ပိတ်မိနေသလို ခံစား ရတယ်။ အခန်းထဲမှာ နေလို့ရတယ်ဆိုပေမယ့် အစားအသောက်တွေက ဘယ်လောက်အထိပဲ ရှိတော့မလဲ။ စိုးရိမ် ပူပန်မှု ရှိလာတယ်။
ကိုယ်ဘာလုပ်နိုင်မလဲ စဉ်းစားတဲ့အခါ မြန်မာသံရုံးကနေ စာထုတ်တာကို တွေ့လိုက်ရတယ်။ ညီမတို့ ဝူဟန်မှာ ရှိနေတဲ့ မြန်မာကျောင်းသူကျောင်းသားတွေက အစကတည်းက Wechat ဂရုတွေရှိပြီး အဆက်အသွယ်ရှိကြတယ်။ အဲဒီတော့ ကျောင်းသားတွေအကုန်လုံး စုပြီး အချင်းချင်း ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုနေရမလဲဆိုတာ တစိုက်မတ်မတ် လုပ်ခဲ့တယ်။ ပြီးတော့ သံရုံးကို ဆက်သွယ်ပြီး အကူအညီတောင်းခဲ့တယ်။ အဓိကကတော့ ညီမတို့အနေနဲ့ ဒီအခြေ အနေမှာ ဖြစ်နိုင်ရင် ပြန်ချင်တယ်။ ခုလောလောဆယ်အရ ကျောင်းသားအားလုံးကလည်း ရောဂါကင်းရှင်းတယ်ဆိုတာ မျိုးပြောခဲ့တယ်။
သံရုံးဘက်ကလည်း စာပို့ပြီး ချက်ချင်းပဲ ပြန်ပြောလာတယ်။ သူတို့အနေနဲ့ လက်ရှိအစားအသောက် ခက်ခဲတာတွေ လိုအပ်တာတွေ လုပ်ပေးဖို့ သက်ဆိုင်ရာ ကျောင်းတွေနဲ့ ဆက်သွယ်တာတွေ လုပ်ပေးမယ်ဆိုတာရယ်၊ ပြန်ချင်တယ် ဆိုလည်း စီစဉ်ပေးမယ်ဆိုတာကို ပြောလာတယ်။ ဒါပေမယ့် နှစ်နိုင်ငံ ဆက်သွယ်လုပ်ရတာဆိုတော့ စောင့်ဆိုင်းရ တာတွေ၊ ကြန့်ကြာမှုလေးတွေတော့ ရှိတာပေါ့။
ဒီကြားထဲမှာ အမေရိကန်၊ ဂျပန်တွေက ပြန်ကြတာ ကြားရတော့ မျှော်လင့်ချက် ပိုရှိလာသလို ဖြစ်သလို တရုတ်က Lockdown လုပ်ထားတာဖြစ်တော့ ပြန်လို့ရပါမလား ဆိုတာ စိတ်ပူ ခဲ့တယ်။ ညီမအနေနဲ့ ပြန်ဖို့ သံရုံးဘက်ကလည်း ဒီလိုဒီလိုပြန်နေပြီဆိုပြီး ဥပမာပေးပြီး ညီမတို့ကို ပြန်ခေါ်ဖို့ ကိစ္စကို တောက်လျောက် ဆောင်ရွက်ပေးခဲ့တယ်။ ပြန်ဖို့မပြန်ဖို့ မသေချာတဲ့အချိန်မှာ ပြန်ရဖို့ပဲ ညီမတချိန်လုံး ဆုတောင်း မိခဲ့တယ်။
မေး။ ။အဲဒါဆိုရင် ညီမတို့ကျောင်းသားတွေ ပြန်ခေါ်မယ့် ကိစ္စမှာ မြန်မာသံရုံးဘက်က လုံးဝတာဝန်ကျေတယ်လို့ ပြောလို့ရတာပေါ့။
ဖြေ။ ။ဟုတ်ပါတယ်။ သူတို့တွေက ညီမတို့အတွက် အလုပ်တွေ အများကြီး လုပ်ပေးခဲ့ပါတယ်။
မေး။ ။တရုတ်သံရုံးဘက်က သူတို့နိုင်ငံမှာ ရောက်နေတဲ့ နိုင်ငံခြားသားတွေအတွက် သက်ဆိုင်ရာနိုင်ငံကို မပြန်မှီ စပ်ကြား လိုအပ်တဲ့ထောက်ပံ့မှုတွေ လုပ်ပေးမယ်လို့ ပြောခဲ့တယ်။ အဲဒါမျိုးရော တရုတ် အစိုးရဘက်က တကယ်ပံ့ပိုးမှု ရခဲ့ပါသလား။
ဖြေ။ ။သံရုံးဘက်က ဆိုတာထက် သက်ဆိုင်ရာ ကျောင်းတွေမှာတော့ ညီမတို့အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ လုပ်ပေးခဲ့တယ်။ ဘာတွေလိုအပ်တယ်၊ ဘယ်လိုနေရမယ် ဆိုတာမျိုးကို ကျောင်းကတဆင့် အဆောင်မှာရှိတဲ့သူက အဆောင် တာဝန်ရှိတဲ့သူကနေ အဆင့်ဆင့်အုပ်ချုပ်ပြီး ဆောင်ရွက်ပေးတယ်။
နောက်ပိုင်းရောဂါတွေ များလာတဲ့အခါ လုံး၀ အပြင်မထွက်စေဘဲ အစားအသောက် ထောက်ပံ့ပေးတာမျိုး လုပ် ပေးတယ်။ အခုချိန်ထိလည်း လုပ်ပေးနေ တယ်လို့ ဟိုမှာကျန်ခဲ့တဲ့ သူငယ်ချင်းတွေဆီက တဆင့် သိရပါတယ်။
မေး။ ။ ဟိုမှာ ကြုံခဲ့ရတဲ့ မှတ်မှတ်ရရအတွေ့အကြုံဆိုရင် ဘာဖြစ်မလဲ။
ဖြေ။ ။ အတွေ့အကြုံဆိုရင်တော့ ဟိုမှာလည်း ၁၄ ရက်လောက်ပဲ ပိတ်ခံ ထိထားတာပေါ့။ အဓိက ကတော့ အထီးကျန် တာပေါ့နော်။ ကိုယ်က ကြောက်တာလည်း ပါတယ်။ အပြင်လည်း မထွက်ရဲဘူး။ အဲဒီတော့ အခန်းထဲမှာနေတယ်။ ရှိတာပဲ စားတယ်။
ကြာလာတော့ အထီးကျန်သလို ခံစားလာရတယ်။ အခြေအနေတွေ ဘယ်လိုဆက်ဖြစ်မယ်ဆိုတာ ကိုယ်လည်း ခန့်မှန်းလို့မရနိုင်ဘူး။ ဘယ်အချိန်ထိ ဒီလိုကြီး နေနေရဦးမှာလည်း ဆိုပြီး အတွေးပေါင်းစုံနဲ့ နေခဲ့ရတယ်။ တဖက် မှာလည်း သံရုံးနဲ့ ဆက်သွယ်ထားတော့ တကယ် ပြန်ခွင့်ရမှာလား။ မပြန်ရဘူးဆိုရင် ဘယ်လိုဆက်ပြီး ရင်ဆိုင်ရမှာလဲ။ ဘယ်လောက်အထိ ရှင်သန်နိုင်မလဲ ဆိုတာမျိုးနဲ့ နေခဲ့ရပါတယ်။
မေး။ ။ အဲဒီကာလမှာ မိသားစုနဲ့ရော အဆက်အသွယ်ရခဲ့လား။
ဖြေ။ ။ ဟုတ်ကဲ့၊ ရပါတယ်။ အိမ်က ပိုစိတ်ပူတယ်။ ကိုယ်က ဒီမှာကြုံတွေ့နေရတယ် ဆိုပေမယ့် စိတ်ညစ်ပြီး ပူပန်နေလို့ လည်း မဖြစ်တော့ အကောင်းဆုံး ဘယ်လိုရင်ဆိုင်မလဲ ဆိုတာကို အဓိကတွေးပြီး နေရတယ်။ အဲဒီတော့ ပြောင်းပြန် ဖြစ်သွားတယ်ပေါ့။ ကိုယ်က အိမ်ကို အရမ်းစိတ်မပူဖို့ ပြန်နှစ်သိမ့်ပေးခဲ့ရတယ်။
မေး။ ။ မန္တလေးမှာ Quarantine ၁၄ ရက်နေခဲ့ရတဲ့ အတွေ့အကြုံလည်း ပြောပြပါဦး။
ဖြေ။ ။ ညီမ ဝူဟန်မှာ ရှိနေကတည်းက ဆရာကြီးဒေါက်တာရဲလွင်ရဲ့ ဖေ့ဘုတ်စ်ကနေ တော်တော်များများ ဖတ်ရ သိရ ပါတယ်။ ညီမတို့အတွက် လိုအပ်တာတွေ ပြင်ဆင်နေတယ် ဆိုတာကို သိရပါတယ်။ ဒါပေမယ့် တကယ်တမ်း ဒီကို ရောက်လာလိုက်တော့ ညီမတို့ မျှော်လင့်ထားတာထက် အများကြီး ပိုတာကို တွေ့လိုက်ရတယ်။ အမှန်အတိုင်း ပြောရရင် အရမ်းကြီး မျှော်လင့်မထားဘူး။ ဘာလို့လဲဆိုတော့ ဒါက ညီမတို့အိမ် မဟုတ်ဘူးလေ။
ဒါပေမယ့် တကယ်တမ်းကျတော့ ညီမတို့အတွက် အစစအရာရာ လိုလေသေး မရှိအောင် လုပ်ထားပေးတယ်။ ကုတင်ပေါ်မှာလည်း ညီမတို့အတွက် လှူထားပေးတဲ့ ပစ္စည်းတွေက အပြည့်ပဲ။ တကယ်ကို ကိုယ့်အိမ်ကို ရောက်သွား သလိုပဲ ခံစားရပါတယ်။ ဒီအတွက်လည်း မန္တလေးမြို့တော်ဝန်ကြီးနဲ့တကွ မန္တလေး မြို့သူမြို့သားတွေအားလုံးကို အရမ်းကျေးဇူးတင်မိပါတယ်။
မေး။ ။ ညီမတို့ ဒီကိုပြန်လာမယ်ဆိုတော့ ဖေ့ဘုတ်ဆိုရှယ်မီဒီယာတွေမှာ တချို့က ဝေဖန်ကြတာတွေ ရှိခဲ့တယ်။ ရောဂါကူးမယ် ဆိုတာမျိုးတွေ စသဖြင့်ပေါ့။ အဲဒီအပေါ် ဘယ်လိုခံစားခဲ့ရလဲ။
ဖြေ။ ။ အဲဒီလို ပို့စ်တွေမြင်ရတာ စိတ်မကောင်းဖြစ်တယ်။ ဘယ်လိုရှင်းပြရမလဲ မသိဘူး။ သူတို့မသိလို့ ပြောတယ်လို့ပဲ စိတ်ထဲ ထားလိုက်တယ်။ သူတို့ဘက်က တွေးကြည့်ရင်လည်း ဒီဗိုင်းရပ်စ်က တကယ်လည်း ကြောက်ဖို့ကောင်းတဲ့ ဗိုင်းရပ်စ် ဖြစ်နေတယ်။ ကူးစက်နိုင်တယ်ဆိုတော့လေ။ အဲဒီတော့ ဝူဟန်မှာဖြစ်တယ်။ ဝူဟန်ကလူ ဒီကိုလာမယ်။ အဲဒီတော့ သူတို့ကြောက်တယ်။ ညီမတို့အခြေအနေကိုလည်း သူတို့ သေချာမသိဘူး။ အဲဒါကြောင့် ရေးတာပဲ ဖြစ်မယ်လို့ ယူဆပါတယ်။ အဲဒီလို Bad comment တွေ ရေးတဲ့သူတွေရှိသလိုပဲ တကယ်နားလည်ပြီး ဗဟုသုတ ရှိတဲ့သူတွေကျတော့ ညီမတို့ကို ဖေးမစာနာကြပါတယ်။
ညီမတို့ အဲဒီကိုရောက်နေတဲ့ ကျောင်းသူကျောင်းသားတွေက အစိုးရအချင်းချင်း ခွင့်ပြုချက်နဲ့ သွားတာဖြစ်တယ်။ အဲဒီအတွက် တရုတ်အစိုးရဘက်ကလည်း တာဝန်ယူပြီး ကာကွယ်တယ်။ ညီမတို့ကိုယ်တိုင်ကလည်း လုံခြုံစိတ်ချတဲ့ နေရာမှာ နေခဲ့တယ်။ ဒါပေမယ့် ညီမတို့က ရောဂါရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ WHO စည်းမျဉ်းစည်းကမ်းနဲ့အညီ Quarantine (ယာယီကျန်းမာရေးစောင့်ရှောက်မှု) က ခံကိုခံယူရမှာ ဖြစ်ပါတယ်။ ၁၄ ရက်နေခဲ့ရတယ်။ အဲဒီအပေါ်မှာ တကယ်ကျေနပ်ပါတယ်။
မေး။ ။ ညီမက ပညာတော်သင်သက်တမ်းကလည်း ၁ နှစ်ခွဲကျော် ကျန်သေးတယ်ဆိုတော့ ကိုယ့်ပညာရေးအတွက် ဝူဟန်ကို ပြန်သွားဖို့ကော ဆန္ဒရှိလား။ စိုးရိမ်မှုရော ရှိသလား။
ဖြေ။ ။ စိုးရိမ်မှုတော့မရှိဘူး။ ယုံကြည်တာ ၁ ခုက တရုတ်အစိုးရကလည်း ဒီရောဂါကို မထိန်းချုပ်နိုင်သေးသရွှေ့ တခြားနိုင်ငံသားတွေကို ပြန်ခေါ်မှာ မဟုတ်သေးဘူး။ အခုလည်း ပုံမှန်ဆိုရင် ညီမရဲ့ကျောင်းက ဖေဖော်ဝါရီ ၁၆ ရက်မှာ ဖွင့်မယ်။ ဒါပေမယ့် မနေ့က ကျောင်းဘက်က မေးလ်ပို့လာတယ်။ ကျောင်းဖွင့်မယ့်ရက်ကို ရက်ရွှေ့မယ် ဆိုတာရယ်၊ ဘယ်လောက်အထိ ရွှေ့မယ်ဆိုတာ အတိအကျ မပြောနိုင်သေးတဲ့အကြောင်း နဲ့ ပြန်လာလို့ရမယ့် ရက်ကျမှ သူတို့အကြောင်း ပြန်ကြားပေးမယ်ဆိုတာ ပို့လာတယ်။
အဲဒီတော့ ဒီပညာသင်ဆုကလည်း ခက်ခက်ခဲခဲ ရထားတာဖြစ်တော့ ကျောင်းလည်း ပြီးချင်တယ်။ ပြန်လဲတက်ချင်တယ်။ အဲဒါကြောင့် ညီမအနေနဲ့ ပြန်သွားမယ်။
မေး။ ။ ဟိုမှာ အခန်းအောင်းခဲ့တဲ့ ကာလတလျှောက်လုံး ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဘယ်ကနေ အဓိက ရေယူခဲ့ပါသလဲ။
ဖြေ။ ။ အဲဒီမှာ အခြေအနေ တော်တော်ဆိုးလာတဲ့အခါ ညီမက မြန်မာနိုင်ငံ သတင်းတွေကို မကြည့်တော့ဘူး။ အဓိကက ဖေ့စ်ဘုတ်ပေါ့။ အဲဒီမှာ အမျိုးမျိုး တက်နေတာတွေက ခန့်မှန်းရခက်သလို တချို့ဟာတွေကျလည်း ညီမအတွက် ပိုပြီး စိုးရိမ်မှုဖြစ်စေတယ်။ အဲဒါကြောင့် အဓိကကတော့ တရုတ်ဘက်က ထုတ်ပြန်တဲ့သတင်းတွေကို Wechat ကနေ ဖတ်တယ်။ အရေးကြီးတာဆိုရင် ကျောင်းက တာဝန်ရှိသူတွေကို ပြန်မေးပြီး ဟုတ်၊ မဟုတ် အတည် ပြုတယ်။ အဲဒီလိုနဲ့ သတင်းအချက်အလက်တွေ ရယူခဲ့ပါတယ်။
မေး။ ။ ဝူဟန်မှာ ကျန်နေခဲ့တဲ့ ကျောင်းသားတွေ၊ တရုတ်နိုင်ငံမှာ ပြန်လာလို့မရသေးတဲ့ ကိုယ့်နိုင်ငံသားတွေအတွက် ဘယ်လိုအားပေးစကားမျိုး ပြောချင်ပါသလဲ။
ဖြေ။ ။ ဝူဟန်ကျန်ခဲ့တဲ့ ကျောင်းသား ၃ ယောက်အတွက် တကယ်စိတ်မကောင်းဘူး။ သူတို့က ရောဂါကူးစက်လို့ ကျန်ခဲ့တာ မဟုတ်ဘူး။ ခန္ဓာကိုယ်အပူချိန် ခဏ အပြောင်းအလဲ ဖြစ်သွားတာကြောင့်သာ ကျန်ခဲ့ရတာ။ အဲဒါကြောင့် ညီမ အဓိကပြောချင်တာ ဝူဟန်မှာ ကျန်ခဲ့တဲ့ ၃ ယောက်ရော၊ တရုတ်မှာ လက်ရှိ ရှိနေသေးတဲ့ ကိုယ့်နိုင်ငံသားတွေ အနေနဲ့ ဒီရောဂါ ကူးစက်မခံရအောင် ကိုယ့်ဘာသာကိုယ် သေချာဂရုစိုက်ဖို့နဲ့ တတ်နိုင်ရင် အပြင်မထွက်ပါနဲ့လို့ ပြောချင်ပါတယ်။
မေး။ ။ ဒီဖြစ်စဉ်တခုလုံးမှာ ညီမအနေနဲ့ အသိအမှတ်ပြုချင်တာ၊ တခုခုဖြည့်ပြောချင်တာရှိရင်လည်း ပြောပေးပါဦး။
ဖြေ။ ။ ဟုတ်ကဲ့၊ ညီမတို့ မြန်မာနိုင်ငံသားတွေကို ဒီလိုအခက်အခဲဖြစ်ချိန်မှာ ကိုယ့်နိုင်ငံက ပြန်လာခေါ်တယ်ဆိုတာ ဒါပထမဆုံးအကြိမ် ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံအစိုးရကိုရော၊ သံရုံးကိုရော၊ စေတနာဝန်ထမ်းအဖြစ် ညီမတို့တွေကို လာခေါ်ပေးတဲ့ လေကြောင်းလိုင်းက တာဝန်ရှိသူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။
မန္တလေးကို ရောက်လာတဲ့ အချိန်မှာလည်း အစစအရာရာ လိုလေသေးမရှိအာင် စောင့်ရှောက်ပေးခဲ့တဲ့ မန္တလေး မြို့တော်ဝန်ကြီးနဲ့ မြို့သူမြို့သားအားလုံးကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။ ပြီးတော့ ဖေစ့်ဘုတ်ကနေ ညီမတို့ကို Bad comment ပေးခဲ့တဲ့သူတွေရော၊ ကိုယ့်နိုင်ငံသားတွေကို စာနာယုံကြည်ပြီး အားပေးခဲ့တဲ့သူတွေ အားလုံးကိုရော ကျေးဇူး တင်ပါတယ်။
ဆက်စပ်လင့်
တရုတ်မှ ပြန်လာလိုသူ မြန်မာဦးရေ ၁ ထောင်ကျော် အထိ ရှိနေ
ကိုရိုနာဗိုင်းရပ်စ်ဂယက် ပုဂံဒေသ ခရီးသွား ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း
ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် လပွတ္တာရှိ ဂဏန်းပို့ကုန်လုပ်ငန်းရပ်ဆိုင်းနေ