ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် ဖြစ်သော ပုဂံ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ဒေသအတွင်းရှိ ဘုရား တဆူတွင် နိုင်ငံခြားသား စုံတွဲ ၁ တွဲမှ ညစ်ညမ်းဗီဒီယို ရိုက်ကူးမှု၊ ပုဂံမြို့ဟောင်းရှိ အိုးထိန်းတောင်ကုန်းပေါ်သို့ တရုတ်နိုင်ငံသား ခရီးသွားဧည့်သည်များ မော်တော်ယာဉ်ဖြင့် တက်ရောက်မှု၊ ပုဂံ၏ နေထွက်ရှုခင်း ကြည့်ရန် ရှေးဟောင်း စေတီ တဆူပေါ် တက်ရောက်ခဲ့ရာမှ တရုတ်နိုင်ငံသူ အမျိုးသမီး ၁ ဦး ပြုတ်ကျမှု စသည်ဖြင့် ယခုလပိုင်း အတွင်း ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။
တာဝန်ရှိသူများသည် ယဉ်ကျေးမှုနယ်မြေ၏ ရှေးဟောင်းဘုရားများအပေါ် တက်ရောက်ခွင့် ပိတ်ထားသည့်ကြားမှ တရားမဝင် တက်ရောက်မှုများကြောင့် မတော်မတဆမှု ဖြစ်ပွားမှုမှာ ယခင်ကတည်းက ဖြစ်ခဲ့ဖူးသော်လည်း ညစ်ညမ်း ဗီဒီယို ၁ ခု လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံလာချိန်တွင် လူထုအကြား ဝေဖန်ပြောဆိုမှုမှာ ကျယ်လောင်လာသည်။
အဘယ်ကြောင့် ယခုလို ဖြစ်ရပ်များ မကြာခဏ ဖြစ်ပေါ်နေရပါသနည်း၊ နောက်နောင် ထိုကဲ့သို့ ဖြစ်ရပ်များ မပေါ် ပေါက် လာစေရန် မည်သည့်အရာများ ဆောင်ရွက်ရန် လိုအပ်နေသနည်း စသည်ဖြင့် မေးခွန်းများလည်း တဆက် တည်း ပေါ်ထွက်လာခဲ့ရာ ထိုမေးခွန်းများအတွက် တစုံတရာ အဖြေပေး အကြံပြုနိုင်မည့် အမွေအနှစ် ထိန်းသိမ်းရေး ဆိုင်ရာ ဆောင်ရွက်နေသူများကို ဧရာဝတီသတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းထားပါသည်။
ဒေါ်ဥမ္မာမျိုး (အမွေအနှစ်ထိန်းသိမ်းရေးပညာရှင်)
လုံခြုံရေး အားနည်းလို့လားဆိုတော့ နည်းတာပေါ့။ ဘုရားတွေ အများကြီးနဲ့ တကယ်ကတော့ အစောင့်ထားနိုင်တဲ့ ဘုရား နည်းနေသေးတာကိုး။ နောက်တခုက ပုဂံမှာဆိုရင် Tourism police တွေ ထားပေးတာမျိုး ရှိတယ်။ သူက Tourist (ကမ္ဘာလှည့်ခရီးသည်) တွေကို ကူညီဖို့ဆိုတဲ့ အနေအထားမျိုး ဖြစ်နေတာ။ အမှန်တကယ်က Heritage police အမွေအနှစ်ကို ထိန်းသိမ်းတဲ့ရဲမျိုး ဖြစ်သင့်တာ။ သူတို့တွေက ပတ္တရောင်လှည့်နေတယ်။ လိုက် ကြည့်နေတယ် ဆိုရင် ဒီလို အဖြစ်အပျက်မျိုးတွေက လျှော့ချနိုင်တာပေါ့။ ဒီလို ရှိနေတယ်ဆိုတာမျိုး သိထားရင် ကျူးလွန်မယ့်သူက ကျူးလွန်ဖို့ အခွင့်အရေး နည်းသွားတာပေါ့။ အခုဟာက သေသေချာချာ စောင့်ရှောက်နိုင်မယ့်သူ တပ်ဖွဲ့ဝင်တွေလည်း မရှိဘူးဆိုတဲ့အခါ သူတို့က အတင့်ရဲတာပေါ့။
နိုင်ငံတော် စီးပွားရေး တိုးတက်ဖို့ဆိုပြီး Tourism ကို ဖိတ်ခေါ်တယ်။ Tourism Development တွေ လုပ်တဲ့အခါ စီမံ ခန့်ခွဲရေးအပိုင်းမှာ အားနည်းနေတာပေါ့။ ဧည့်သည်တွေကို လာပါပြောတယ်။ လာတဲ့အခါ ကောင်းတဲ့ ဧည့်သည်တွေ က အများစုဖြစ်ပေမယ့် အုတ်ရောရော ကျောက်ရောရော ပါလာတဲ့လူမျိုးတွေလည်း ရှိအုံးမှာ။ ဒီလို မကောင်းတဲ့ လူ တွေ ရှိလာရင် ဘယ်လိုနည်းနဲ့ စီမံကွပ်ကဲမလဲ၊ ဥပဒေနဲ့ ဘယ်လို အရေးယူမလဲ ဆိုတာတွေ သေသေချာချာ ကွဲကွဲ ပြားပြား ရှိမနေဘူး။ လူတွေအနေနဲ့လည်း သိမနေဘူး။ ဧည့်သည် များများလာအောင် မြှင့်တင်ဆောင်ရွက်ရသလို တဖက်မှာလည်း စီမံခန့်ခွဲရေးမှာ အမွေအနှစ်တွေ ထိန်းသိမ်းရေး၊ ရုန့်ရင်းတဲ့ကိစ္စဖြစ်တာမျိုး၊ ရှေးဟောင်းပစ္စည်းတွေ ခိုးတာမျိုး၊ ဖျက်ဆီးတာမျိုးတွေ မဖြစ်နိုင်အောင် စီမံ ကြပ်မတ်ဖို့ လိုနေပါသေးတယ်။
ပထမတဆင့်အနေနဲ့ Do and Don’t တွေ အခုလည်း ရှိနေပေမယ့် အသိပညာပေးမှု အပိုင်းမှာ အားနည်းနေသေးတာ ပါမှာပေါ့။ ကမ္ဘာ့လှည့်ခရီးသည်တွေ ဝင်တဲ့နေရာအများစု လေယာဉ်ကွင်း ကားကြီးဂိတ်တို့ အသွားများတဲ့နေရာတွေ ဟိုတယ်တွေမှာ ဒါတွေကို ဖော်ပြထားပေးမယ်ဆို သူတို့သိတာ ပိုများမယ်။ တခုခု ဖြစ်ပြီဆိုလည်း ထိထိရောက်ရောက် အရေးယူမယ်။ အရေးယူတဲ့ အကြောင်းကို လူသိအောင် လုပ်ပေးရမှာ။ ဒါလည်း ပညာပေးမှု တမျိုးပဲ။ အဲဒီလိုဆိုရင် ဒါတွေက ထိန်းချုပ်နိုင်မယ်။
ရှေး/သုအနေနဲ့ ပြောတာ မမှားဘူး။ သူတို့ဌာန တခုတည်း အနေနဲ့ ဘတ်ဂျက်၊ လူအင်အားအနေနဲ့ ဒီပုဂံကို ထိန်းသိမ်း ဖို့ ကာကွယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ပုဂံက သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန တခုတည်းနဲ့ဆိုင်တဲ့ ပုဂံ မဟုတ်ပါ ဘူး။ မြန်မာတနိုင်ငံလုံးနဲ့ဆိုင်တဲ့ ပုဂံပါ။ အဲဒီအတွက်ကြောင့် နိုင်ငံတော်အစိုးရ အနေနဲ့ ပုဂံရဲ့ စီမံခန့်ခွဲရေးပိုင်းတွေမှာ ထိထိ ရောက်ရောက်လုပ်ဖို့ ဌာနပေါင်းစုံ ပါဝင်ဖို့ လိုအပ်ပါတယ်။ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ခရီးသည် တိုးမြှင့်အောင် ပရိုမိုးရှင်းလုပ်တယ်။ အဲဒီ နည်းတူပဲ ပညာပေးတဲ့ အပိုင်းမှာလည်း ပိုပြီးထိထိရောက်ရောက် ဆောင် ရွက်ပေးဖို့ လိုတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ကနေလည်း အမွေအနှစ်ထိန်းသိမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ ထပ်ပြီး ဖွဲ့ပေးဖို့လိုတယ်။ ဘတ်ဂျက်ကိုလည်း သုံးပေးဖို့ လိုတယ်။
အခု Tourism police ဖွဲ့ထားတာတောင်မှပဲ ကျမတို့ သူတို့တွေနဲ့ စကားပြောကြည့်ရင် သူတို့အတွက် သီးသန့် ရန်ပုံငွေ လည်း မရှိဘူး။ Tourist က ဘုရားပေါ် မတက်ရလို့ ပြောထားတဲ့ နေရာကနေ ခိုးပြီး တက်တယ် ပြုတ်ကျတယ်။ ဆေးရုံ ရောက်တယ်ဆို သူတို့ အိတ်စိုက်ပြီးတော့တောင် ဆေးရုံလိုက်ပို့ရတဲ့ အခြေအနေမျိုး ဖြစ်နေတာ။ စီမံခန့်ခွဲရေး အပိုင်း မှာ ဒီထက်ပိုပြီး အာရုံစိုက် အားစိုက်ပြီးတော့မှ လူအင်အားရော ငွေအင်အားရော ပညာရပ်ပိုင်းဆိုင်ရာ အားရော ထည့် ပေးဖို့ နိုင်ငံတော်အစိုးရ အဆင့်အနေနဲ့ လုပ်ရမယ့် အလုပ်တွေ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။
တကယ့်ကို တန်ဖိုးရှိတဲ့ ရှေးဟောင်းကုန်း အိုးထိန်းကုန်းပေါ်အထိ တရုတ်တွေ ကားနဲ့တက်တယ် ဒါလည်း ဖျက်ဆီးမှု တမျိုးပဲ။ နောက်ပြီး ကမ္ဘာနဲ့အဝှမ်းမှာ ဒီဘုရားကြီးကို ဘေးနားမှာထားပြီး မဖွယ်မရာ အလုပ်ခံရတယ်ဆိုတာ စိတ် အနှောင့်အယှက်လည်း ဖြစ်ရတယ်။ ဝမ်းနည်းစရာလည်းကောင်းတယ်။ ပုဂံက တဖြည်းဖြည်းနဲ့ နိုင်ငံခြားသား ဧည့် သည်များလာတဲ့ အထဲမှာ လူစုံတွေ ပါလာမှာပဲ။ ပါလာမယ်ဆို တခြားသော ရာဇဝတ်မှုမျိုးစုံလည်း ဖြစ်နိုင်တာပဲ။ နောက်ဆုံးထိတွေးရင် လုံခြုံရေးကို ထိခိုက်နိုင်တဲ့ထိ ဒီနေရာမှာ ပေါက်ကွဲစေတဲ့ ပစ္စည်းသုံးသွားတာတို့ သေနတ်နဲ့ ရန်ဖြစ်တာတို့တောင် မပြောနိုင်ဘူး။ ဒီလိုအချက်တွေ အကုန်လုံးကို ထည့်သွင်းစဉ်းစား ရတော့မယ်။ ဒီအတွက် ဘယ်လိုမျိုး ပြင်ဆင်ပြီးတော့ ကာကွယ်မလဲ၊ စီမံခန့်ခွဲမလဲဆိုတာက အရမ်းကို အရေးကြီးတဲ့ အခြေအနေ ရောက် လာပြီ။ နောက်နောင် ဒါမျိုးတွေ မဖြစ်ဖို့ အသိပညာပေးမှုတွေ လုပ်ဖို့လိုသလို ကြိုတင်ကာကွယ်ဖို့အတွက်လည်း စီမံ ချက်တွေ ရှိနေဖို့ လိုပါတယ်။
ဦးကျော်မျိုးဝင်း (ဒုတိယ ညွှန်ကြားရေးမှူး သရေခေတ္တရာဌာနစု)
သူများနိုင်ငံတွေနဲ့စာရင် ကျနော်တို့ နိုင်ငံမှာ Monitoring (စောင့်ကြည့်) စနစ် အားနည်းတာပေါ့။ ဥပမာ အယုဒ္ဓယ ဆိုက်ဆို အကျယ်ကြီးပဲ။ CCTV တွေ အကုန်အနှံ့ ရှိတယ်။ ဆိုက်တခုလုံးကို ခြုံငုံထားတယ်။ CCTV ထိန်းချုပ်ခန်းကြီး ကလည်း အိမ်တလုံးစာလောက် ရှိတယ်။ ကျနော်တို့ကိုယ်တိုင် ဝင်လေ့လာခဲ့ရတယ်။ နောက်တခု ဇုန်ထဲမှာ လုံခြုံရေး အပြည့်အဝ ရှိပြီးတော့ ယူနီဖောင်းနဲ့ လုံခြုံရေးအပြင် အရပ်ဝတ်နဲ့ မသိမသာ သွားနေတာတွေလည်း ရှိတယ်။
ပုဂံဘုရားတွေ ၃၃၈၀ ကျော်ရှိတယ်။ တချို့ လူအရောက်အပေါက်များတဲ့ ဘုရားတွေ ရှိသလို တောထဲမှာ လူ အရောက် အပေါက်နည်းတဲ့ ဘုရားတွေလည်း ရှိတယ်။ ဒီ ၃၀၀၀ ကျော်ကို စောင့်ကြည့်တဲ့စနစ်တွေ ပြန်ပြီး သုံးသပ် သင့်တယ်။ ရှေးဟောင်းပုဂံဌာနခွဲက လုံခြုံရေးအင်အား ဘယ်လောက်ရှိသလဲ။ အန်ကောဝပ်မှာဆို လုံခြုံရေးအင်အား ရာနဲ့ ချီပြီး ရှိတယ်။ အန်ကောဝပ် အဝန်းဝိုင်းက Temple ပေါင်း ၁၀၀ ကျော်လောက်ပဲ ရှိတယ်။ ကျနော်တို့ဆီမှာ ၃၀၀၀ ကျော် ရှိတယ်။ ဒီ Monitoring စနစ်ကို ပြန်ပြီးသုံးသပ်သင့်တယ်။ လွှမ်းခြုံအောင်လည်း လုပ်သင့်တယ်။
နောက်တခုက ပူးပေါင်းပါဝင်မှု။ Informer (သတင်းပေး)ပေါ့။ ကျနော်တို့ ဒီဌာနကို ဘယ်နေရာမှာ ဘယ်လိုဖြစ်တယ် ဆိုတဲ့ သတင်းပေးနိုင်တဲ့ ပြည်သူလူထု ရှိရမယ်။ ပုဂံဒေသက တခြားဒေသ ထက်စာရင် အင်မတန်မှ ကူညီပါတယ်။ ပူးပေါင်းပါဝင်မှုလည်း ရှိတယ်။ ပြည်သူလူထုကတော့ လုပ်ပေးနေတာပဲ။ ဒါပေမယ့် ပြည်သူလူထုက Volunteer (စေတနာ့ဝန်ထမ်း) ဖြစ်လို့ အချိန် အမြဲတမ်းပေးမှာ မဟုတ်ဘူး။ အဲဒီတော့ အာဏာပိုင်တွေဘက်ကနေ စောင့်ကြည့် စနစ် တွေကို ပြန်လည်သုံးသပ်ဖို့ လိုတယ်။ ကျနော်တို့ မသိဘဲ ညစ်ညမ်းတဲ့ ဗီဒီယိုတွေ ရိုက်သွားတာမျိုး Monitoring က ဒီစနစ်မျိုးနဲ့ပဲက နောက်ဆိုရင် သူတို့ အချိန်မရွေးဝင်ရိုက်။ ကျနော်တို့ သိမှာမဟုတ်ဘူး။
အခု ပုဂံက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်တာ လတ်လတ်ဆတ်ဆတ်ပေါ့။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသ ဖြစ်လာ ပြီဆိုကတည်းက သူ့ရဲ့ လမ်းညွှန်ချက်တွေ ရှိတယ်။ ဇုန်စီမံခန့်ခွဲရေး အစီစဉ်တွေ ရှိတယ်။ သူများနိုင်ငံတွေမှာ ဒီအ ဆောက်အဦပေါ် မတက်ရ ဆိုတဲ့နေရာမှာ တက်ကိုမတက်ရဘူး။ တက်လို့ရှိရင်လည်း ပြင်းပြင်းထန်ထန် အရေးယူ တာတွေ ရှိတယ်။ ဗမာလမ်းညွှန်ကပဲဖြစ်စေ၊ နယ်ခံလမ်းညွှန်ကပဲဖြစ်စေ ဒီအဆောက်အဦက တက်လို့ ရတယ်ဆိုပြီး လမ်းပြပြီး ခေါ်တယ်ဆိုလည်း ဒီလူကို သေချာလေး အရေးယူ ဒဏ်ငွေဆောင်ပေါ့။ ယိုးဒယားက နံရံမှာ ဆေးခြယ် တာတောင် တော်တော်ကြီးကို ဒဏ်ရိုက်လိုက်တယ်။ မှတ်လောက်သားလောက်အောင် ပြစ်မှုပြစ်ဒဏ်မျိုး လုပ်ဖို့ လိုတယ်။ ဒါမှ ကျနော်တို့ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်ဆိုက်ကြီးကိုလည်း နိုင်ငံတကာကနေ လေးစားမှာပေါ့။ ဒီတိုင်းသာလွှတ်ထားလိုက်ရင် ဘယ်သူမှ လေးစားမှာ မဟုတ်ဘူး။
တန်ဖိုးရှိတယ်လို့ ပြောပြီးတော့ ကျနော်တို့ရဲ့ သက်ဆိုင်ရာ ဌာနတွေကိုယ်၌က တန်ဖိုးရှိအောင် ထားဖို့လည်း လိုတယ်။ ဒီနေရာက တန်ဖိုးရှိပါတယ်။ ဒီနေရာတွေကတော့ မတက်ရပါဘူး ပြောထားပြီးတော့ တန်ဖိုး ရှိအောင် မထားဘဲ ပိုးမျှင် တွေ ခြုံတွေနဲ့ ဒီတိုင်းသာ ပစ်ထားမယ်ဆိုရင် တန်ဖိုးရှိတယ်လို့ ပြောပေမယ့် တန်ဖိုး ရှိအောင် မထားတဲ့အတွက် လာတဲ့ဧည့်သည်က တန်ဖိုးထားမှာ မဟုတ်ဘူး။ အဲဒါလေး တခုတော့ အကြံပေးချင်တယ်။
Monitoring စနစ်ကို ပြန်လုပ်ရမယ်။ အခု ကမ္ဘာ့အမွေအနှစ်ဆိုက် ဖြစ်လာတဲ့အခါမှာ အမွေအနှစ်ဒေသ စီမံခန့်ခွဲမှုဆိုင် ရာ လမ်းညွှန်ချက်တွေ ပေါ်လာပြီ။ နိုင်ငံတကာ ဥပဒေတွေနဲ့လည်း ချိတ်ဆက်ထားတယ်။ ဒီလို ချိတ်ဆက်ထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာဖို့ဆိုတာ လက်ရှိ ရှေးဟောင်းသုတေသန ပုဂံဌာနခွဲ ဖွဲ့စည်းပုံနဲ့ လုံးဝ မဖြစ်နိုင်ပါဘူး။ ဒီလမ်းညွှန်ချက်တွေကို လိုက်နာနိုင်ဖို့ ဖွဲ့စည်းပုံပြင်ရမယ်။ ဝန်ထမ်းတွေ ထပ်ခန့်ရမယ်။ စောင့်ကြည့် စနစ်တွေ ပြင်ရ မယ်။ သတိပေးဆိုင်းဘုတ်တွေ ပေးရမယ်။ အများကြီး လုပ်ဖို့ လိုပါတယ်။ ကမ္ဘာ့အမွေအနှစ်ဆိုက် ဖြစ်တဲ့အတွက် ပြည်ထောင်စုအဆင့်ထိ လိုအပ်တယ်။
ကမ္ဘာ့အမွေအနှစ်ဆိုက်သည် နိုင်ငံရဲ့ ပုံရိပ်ဖြစ်တဲ့အတွက် ကမ္ဘာ့အမွေအနှစ် ပြန်ဆုံးရှုံးလို့ရှိရင် နိုင်ငံလည်း သိက္ခာ ကျမယ်။ ဘယ်အစိုးရပဲဖြစ်ဖြစ် သူ့လက်ထက်မှာ ဆုံးရှုံးလို့ရှိရင် သူ သိက္ခာကျမှာပဲ။ ဒါကြောင့် ကမ္ဘာ့အမွေအနှစ် ဒေသကို ထိန်းသိမ်းတယ်ဆိုတဲ့ နေရာမှာ အမျိုးသားရေးတာဝန်တရပ် အနေနဲ့လည်း ထိန်းသိမ်းရမယ်။
ကိုသူရအောင် (အတွင်းရေးမှူး – မြန်မာနိုင်ငံရှေးဟောင်း သုတေသန ပညာအသင်း)
Visitor Management ကို တာဝန်ရှိတဲ့ ဌာနက မလုပ်နိုင်ဘူး။ ဘုရားပေါ်တက်တယ် ပြုတ်ကျတယ်။ ဒီလိုတက်တာ ဘုရားတွေ အားလုံးကို ပိတ်ထားလို့။ လူမသွား သူမသွားတဲ့ နေရာတွေမှာ ဖြစ်ကြတယ်။ Visitor Management ကို မနိုင်ဘူး။ မလုပ်ဘူး။ အစိုးရ ဘာကြောင့် မလုပ်သလဲပေါ့ နံပါတ်တစ်က။ ဘုရားပေါ်ကနေ ပြုတ်ကျတာက ခဏခဏ ဖြစ်နေတာလေ။ ပေးမတက်ရင်တော့ ခိုးတက်ကြမှာပဲ။ ဘုရားတွေ အားလုံးကို ပိတ်တာရော မှန်လို့လားဆိုတော့ ဒါလည်း မှန်တဲ့နည်းလမ်း မဟုတ်ဘူး။ ဒါကိုလည်း ကျနော်တို့ အကြိမ်ကြိမ်ပြောတယ်။ ရှင်းပြတယ်။ ဒါပေမယ့် သူတို့ ခုအချိန်ထိ Visitor Management ကို မလုပ်ဘူး။
ပုဂံဧရိယာ အကျယ်ကြီး။ လူစည်တဲ့ဘုရားတွေ ရှိမယ်။ လူ သိပ်မသွားတဲ့ ဘုရားတွေ ရှိမယ်။ အဲဒီတော့ ဘယ်နေရာက ခရီးသွားဧည့်သည် အများဆုံးလဲ၊ ဘယ်နေရာက အနည်းဆုံးလဲ၊ ဘယ်နေရာတွေကတော့ လစ်ဟာနေလဲ။ ရှောင်တခင်နဲ့ လှည့်ပတ်စစ်ဆေးနေရမယ့် အဖွဲ့အစည်း ရှိနေရမယ်။ အဲဒါမျိုး သူတို့ သေသေချာချာ သုတေသနလုပ်ပြီး စီမံထားတာတွေ မရှိဘူး။
နံပါတ်နှစ်ကတော့ အမွေအနှစ်ထိန်းသိမ်းရေးအတွက် ပုဂံကို စီမံခန့်ခွဲတဲ့သူတွေရဲ့ Concept (အယူအဆ) က မှားနေတာ။ နိုင်ငံတကာမှာ ဒီလိုမျိုး ကမ္ဘာ့အမွေအနှစ် ဆိုက်နေရာတွေမှာ အမွေအနှစ် ထိန်းသိမ်းရေးရဲ (heritage police) တွေ ထားတယ်။ ပုဂံမှာကျတော့ Tourism police ဆိုပြီး ထားတယ်။ ထားတဲ့ရည်ရွယ်ချက်ကလည်း Tourist တွေကို စောင့်ရှောက်ဖို့ဆိုတာမျိုး။ သူတို့ရဲ့ Concept က စပြီးတွေးကတည်းက လွဲတော့ ဒီလိုပြဿနာတွေ ဖြစ်လာ မှာပဲ။ သက်မဲ့ဖြစ်တဲ့ ဒီရှေးဟောင်းပစ္စည်း၊ အဆောက်အအုံက လူတွေ ပြုသမျှ နုရမယ့်ဟာ။ အဲဒါကို ကာကွယ်ဖို့။ သက်ရှိက သူ့ဘာသာ ကာကွယ်တတ်တယ်။ ဒါမျိုးစဉ်းစားရမှာ။ လာတဲ့ခရီးသွားတွေကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် ပေးဖို့ဆိုတာ သာမန် နယ်မြေရဲ ဆိုတာလည်း လုပ်လို့ရတယ်။ Tourism police ထူးထူးခြားခြား မလိုဘူး။ အဲဒီမှာ အယူအဆက မှားနေတယ်။
တတိယအချက်ကတော့ ယဉ်ကျေးမှု အမွေအနှစ်ဒေသ၊ ကမ္ဘာ့အမွေအနှစ်ဒေသတွေကို လာလည်တဲ့သူတွေမှာ အမျိုးမျိုးရှိတယ်။ Mass tourism ခေါ်တာပေါ့။ ခရီးသွားတွေ အများကြီးဝင်တဲ့နေရာမှာ Mass tourism လို ဖြစ်လာပြီ ဆိုရင် နှစ်ခါပြန်မရတဲ့ အမွေအနှစ်တွေကို သူတို့ မလုပ်ရဲ မကိုင်ရဲအောင် သတ်မှတ်ချက်တွေကို မဖောက်ဖျက်ရဲအောင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချဖို့ လိုတယ်။ ဥပမာ ပေးရရင် ချင်းမိုင်မြို့ရိုးကို နိုင်ငံခြားသား လူငယ်နှစ်ယောက် ဂရပ်ဖစ်တီတွေနဲ့ မှုတ်သွားတာဆို ဒဏ်ငွေအကြီးကြီး ချသလို ထောင်ဒဏ် ၁၀ နှစ်ဆိုတာလည်း ချတယ်။ ဂွါတီ မာလာမှာရှိတဲ့ သဲကျောက် အဆောက်အဦကိုလည်း သူတို့နာမည်ကို သံချောင်းနဲ့ခြစ်ပြီး ထိုးသွားတဲ့အတွက် ပေါင် ၁ သိန်းဆို မြန်မာငွေနဲ့ဆို သိန်း ၁၉၀၀ လောက် ဒဏ်ချတယ်။ ဟိုတလောက တရုတ်ဆို ၃ သိန်းလောက်နဲ့ ကျေတယ်။ ၃ သိန်းဆိုတာ တကယ်တမ်းပြောရင် လေယာဉ်လက်မှတ်ဖိုးတောင် မရှိဘူး။ ဒါမျိုး ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ် တာမျိုးလည်း မလုပ်ဘူး။ ဒီအချက် ၃ ချက်ကြောင့် ပြဿနာတွေ ဖြစ်နေတာလို့ ကျနော်တို့က သုံးသပ်တယ်။
အခုဖြစ်သွားတဲ့ဟာတွေက ကမ္ဘာ့အမွေအနှစ်ဆိုက်တိုင်းမှာလည်း ဖြစ်နေကျပေါ့။ ဒီကိစ္စတွေကြောင့်တော့ ကမ္ဘာ့ အမွေအနှစ်စာရင်း လျှောသွားမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဒီဟာတွေက များများ ဖြစ်လာတာမျိုး၊ ခပ်စိပ်စိပ် ဖြစ်လာတာမျိုး အမြဲတမ်း ဖြစ်နေတာမျိုး ဆိုရင်တော့ စီမံခန့်ခွဲမှု ညံ့နေတဲ့ ကိစ္စကို ထောက်ပြစရာတခု ဖြစ်လာတာပေါ့။ အဲဒါထက်ဆိုးတာက ပုဂံမှာ လုံခြုံရေးအရ အခုက ညစ်ညမ်းဗီဒီယိုပဲ လာရိုက်သွားတဲ့ အခြေအနေပဲ ရှိတာ။ တကယ် လို့ ဒီဘုရားကို တစုံတရာ ကြီးမားတဲ့ ဖျက်ဆီးမှုမျိုး ဗုံးထောင်တာလိုမျိုး ဖြစ်သွားရင် ဘယ်လိုလုပ်ကြမလဲ။ ဖြစ်လာ တော့မှ ဟင်ကနဲ ဟာကနဲထက် ကြိုပြီးတော့ လုံခြုံရေး အစီအမံတွေကို Management plan မှာ ရေးထားရဲ့သားနဲ့ ဒါတွေကို ထည့်သွင်း အကောင်အထည် ဖော်သင့်တာပေါ့။ အခုက အဲဒါမျိုး မရှိဘူး။
ပုဂံကို ရှေးဟောင်းက တာဝန်ခံတာလား။ တိုင်းဒေသကြီးက တာဝန်ခံမှာလားပေါ့။ ပုဂံကို ဘယ်သူ စီမံနေတယ်။ ဥပမာ ဘုရားတွေပိတ်ထားတယ် ပြောတယ်။ ရှေးဟောင်းက ပိတ်တာလား။ တိုင်းအစိုးရက ပိတ်တာလား။ အဲဒါမျိုး ကိုလည်း တိတိပပ ပြည်သူလူထုသိအောင် ထုတ်ပြန်ထားတာမျိုး မရှိဘူး။ ယူနက်စကိုကလည်း ထောက်ပြထားတာ ရှိတယ်။ အမွေအနှစ် စီမံခန့်ခွဲရေးမှာ အုပ်ချုပ်ရေးယန္တရားတွေက အရှုပ်အရှင်းတွေ ဖြစ်နေတယ်။ အဲဒါတွေကို ဖြေလျော့တဲ့နည်းလမ်းတွေ လုပ်ပါလို့ ပြောတယ်။
ယူနက်စကို ကို အစိုးရက ကတိကဝတ်ပြုပြီး တင်ထားတဲ့ စီမံခန့်ခွဲမှု မူဘောင်ရှိတယ်။ အဲဒီအတိုင်း အတိအကျ စီမံရင် ပုဂံ ကမ္ဘာ့အမွေအနှစ် ပြုတ်သွားဖို့အတွက် အန္တရာယ် မရှိဘူး။ ကျနော် အဲဒီလိုပဲ ပြောချင်တယ်။ အခုက ကိုယ်ပေး ထားတဲ့ ကတိနဲ့ မူဘောင်အတိုင်း မစီမံဘဲနဲ့ အဲဒါနဲ့ ဆန့်ကျင်ဘက်တွေ လုပ်နေတာချည်းပဲ ဖြစ်နေတယ်။
ပုဂံကို ကမ္ဘာ့အမွေအနှစ်အဖြစ် ဆက်ရှိချင်တယ် ဆိုရင်တော့ ပုဂံကို စီမံအုပ်ချုပ်နေတဲ့သူတွေ အမွေအနှစ် ထိန်းသိမ်း ရေးလုပ်ငန်း ဆုံးဖြတ်ချက်တခု ချတယ်ဆိုရင် စံချိန်စံညွှန်း ၃ ခုနဲ့ပဲ ဆုံးဖြတ်တယ်။ နံပါတ်တစ်က ဥပဒေနဲ့ ကိုက်ညီဖို့။ နံပါတ်နှစ်က ကျင့်ဝတ်။ နံပါတ်သုံးက လုပ်ထုံးလုပ်နည်းတွေ ကျအောင်ပေါ့။ ဒီသုံးခုနဲ့အညီ စီမံခန့်ခွဲနိုင်အောင် သူတို့ စွမ်းဆောင်ကြဖို့။ ဆုံးဖြတ်ချက် ချလိုက်တဲ့ မူဝါဒတိုင်းရော ဆုံးဖြတ်ချက်တိုင်းရော ဒီ ၃ ခုနဲ့ညီတဲ့ မူဝါဒမျိုး ချပါလို့ပဲ ပြောချင်တယ်။
ဦးသိန်းလွင် (ဒုတိယညွှန်ကြားရေးမှူးချုပ် – ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန)
အဓိကကတော့ ပုဂံမှာ ဘုရားက များတယ်။ ဘုရားပေါင်း ၃၈၂၂ ဆူ ဒီထက်မကလည်း ရှိတယ်။ ကျနော်တို့ဆီက ဝန်ထမ်း လုံခြုံရေးအင်အားရှိရင် အလွန်ဆုံး ၁၀ ယောက်ပဲ။ လုံခြုံရေးက ပြည်သူ့ရဲလည်း ရှိမှာပေါ့။ သူ့တာဝန်နဲ့သူ ဆိုတော့ ဘုရားတွေနဲ့ မသက်ဆိုင်ဘူးပေါ့။ နောက်တခုက Tourism police ရှိတယ်။ သူတို့လည်း အင်အားက သိပ် မရှိဘူး။ ဒီမှာ ဘုရားတွေ ၃၈၂၂ ဆူကို တောတွေထဲမှာ လူမရောက်တဲ့နေရာတွေမှာ ရှိနိုင်တယ်။ ဒါတွေကို လှည့်ပတ် ကြည့်ရှုဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီလိုမျိုး လုပ်တဲ့သူတွေကလည်း ရည်ရွယ်ချက်ရှိရှိနဲ့ အခုမှ မဟုတ်ပါဘူး။ ဟိုးတုန်းကလည်းက ရှိတယ်။ ပုဂံဒေသမဟုတ်ဘူး။ နာမည်ကြီးတဲ့ ကမ္ဘာ့ထင်ရှားတဲ့ နေရာတွေမှာတောင် လုပ်နေတာလေ။ ဒါတွေက တားမြစ်ဖို့လည်း မလွယ်ဘူး။ လုပ်တဲ့သူက လုပ်နေမှာပဲ။ သို့သော် ပုဂံမှာ အင်အား နည်းတာမျိုးတော့ ရှိတယ်။ ဒါလေးတွေလည်း ထပ်မံဖြည့်တင်းပေးနိုင်ရင် ကောင်းတာပေါ့နော်။
ကျနော်တို့က ကြည့်ရတာ ဒီတခုတည်း မဟုတ်ဘူး။ ဘုရားတွေ မိုးယိုလို့ရှိရင် ပြိုပျက်လား။ ဘယ်နေရာက အုတ်တွေ က ပြုတ်ထွက်နေလဲ။ ဒါတွေကိုပါ စစ်ဆေးဖို့ လိုအပ်တယ်။ အဲဒီအတွက် အင်အားက လုံလောက်မှု မရှိနိုင်ဘူးလေ။ ၃၈၂၂ ဆူဆိုတော့။ ရှိတဲ့ ဝန်ထမ်းအင်အားရယ် ဒါတွေကို လိုက်လံတားဆီးဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတာပဲ။ သို့သော် ပုဂံဒေသအတွက် ပြောရမယ်ဆိုရင် Monitoring လုပ်ဖို့ ဝန်ထမ်းအင်အားတွေ လုံလောက်မှု မရှိတဲ့အတွက် ထပ်မံတိုးချဲ့မယ်ဆိုရင်တော့ ကောင်းတာပေါ့။
သိတာနဲ့ တပြေးညီပဲ စီမံခန့်ခွဲမှု ကော်မတီကိုလည်း တင်ပြတယ်။ ဝန်ကြီးရုံးကိုလည်း ဆိုက်တာဝန်ခံက တင်ပြရတယ်။ ဒါတွေလည်း တင်ပြထားပါတယ်။ အရေးယူရမယ့် ကဏ္ဍတွေလည်း ပုဒ်မတွေတပ်ပြီး အရေးယူထားတာတွေ ရှိတယ်။ နောက်လုပ်မယ့်သူတွေ ရှိရင်လည်း ဒီလို အရေးယူခံရမယ် ဆိုတာကို ပြောတဲ့အနေနဲ့ ကျနော်တို့က အရေးယူ ထားတယ်။ အမှုဖွင့် တိုင်ကြားတာတွေလည်း ရှိမယ်။ ဒါတောင် လက်လှမ်းမမီတဲ့ တမင်သက်သက် လုပ်ကြံတဲ့သူတွေ ကလည်း ရှိနေမှာပဲဆိုတော့ တကယ့်တကယ်ကျတော့ မလွယ်ဘူး။ ဒါတွေက လူတွေရဲ့ အကျင့်စာရိတ္တတွေ အပေါ်မှာလည်း မူတည်တာပေါ့။
အသိပညာပေးမှုအပိုင်းကတော့ ရှေးဟောင်းသုတေသနနဲ့ပဲ မဆိုင်တော့ဘူး။ ကျနော်တို့က လူတယောက်ချင်းကို လိုက် Awareness လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဌာနတွေ ပူးပေါင်းပြီး လုပ်တဲ့အခါမှာ သတင်းနဲ့ပြန်ကြားရေး၊ မီဒီယာ အဖွဲ့တွေ သတင်းနဲ့ဖြစ်စေ ပြည်သူတွေ သိအောင် ဇာတ်လမ်းတွေ ဆောင်းပါးတွေ ဒါတွေနဲ့ အသိပညာပေးမှုကို မီဒီယာက ဝိုင်းလုပ်မှရမယ်။ တပြည်လုံးမှာရှိတဲ့ လူတွေကို Awareness လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မီဒီယာက ဝိုင်းဝန်း လုပ်ဆောင်ပေးရင် အကောင်းဆုံးပဲ။ ဥပဒေ ထုတ်ထားလည်း လုပ်တဲ့သူက လုပ်တာပဲ ဆိုတာ သိဖို့လိုအပ်တယ်။ သို့သော်လည်း ကျနော်တို့ရဲ့ အသိပညာပေး လုပ်ငန်းတွေကို ဝိုင်းကူပေးရင် ပြည်သူတွေကို ပိုပြီး ထိထိရောက်ရောက် လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
အဓိက ပုဂံဘုရားတွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ Monitoring လုပ်ဖို့အတွက် ဖြစ်နိုင်ရင် နောင်တချိန်မှာ ရှေးဟောင်း ကနေ လုံခြုံရေးဝန်ထမ်းတွေကို ထပ်မံတိုးချဲ့ပြီး စစ်မယ်ဆိုရင် ဒါတွေဟာလည်း နိုင်ငံတော်ရဲ့ ဘတ်ဂျက်တွေ ပေါ်လစီ ပေါ် မှာလည်း မူတည်တာပေါ့။ ဒါမျိုးတွေ လုပ်မယ်ဆိုရင်တော့ ပိုမိုပြီး နည်းပါးသွားမယ် ထင်တယ်။ နောက်ပြီး Tourism police ပေါ့။ ရှေးဟောင်းသုတေသနရဲ့ တာဝန်ကကျတော့ ဒီယဉ်ကျေးမှု အမွေအနှစ်တွေကို မပျောက်ပျက် အောင် ထိန်းသိမ်းဖို့က အဓိကပဲလေ။ လူတွေနဲ့ ပတ်သက်တဲ့ဟာက ထိန်းချုပ်ဖို့ တော်တော်ခက်တယ်။ ယဉ်ကျေးမှု အမွေအနှစ်တွေ ဒီဟာကိုပဲ မနိုင်ဘူး။ ရှင်းရှင်းပြောရရင် ဘုရား ၃၀၀၀ ကျော်ကို နေ့စဉ် လိုက်ပြီး ဘာတွေ ပျက်သလဲ။ မိုးရာသီဆို ပိုတောင်ဆိုးသေးတယ်။ မိုးယိုလား အုတ်ပြုတ်ထွက်လား။ ဒါတောင် ငလျင်မလှုပ်သေးဘူး။ ဒါကို အရေးပေါ် ထိန်းသိမ်းဖို့ အင်ဂျင်နီယာအဖွဲ့တွေနဲ့ စီမံအဖွဲ့တွေ လုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပြီး လုပ်ကြရတာလည်း ရှိပါတယ်။ အဲဒါတွေကို ဖြည့်ဆည်းပေးရင် ကောင်းပါတယ်။ နိုင်ငံတော်ရဲ့ ပေါ်လစီတွေ ငွေကြေးတွေ ဒါတွေနဲ့လည်း ပတ်သက်နေတာပေါ့။
ကိုမြင့်နိုင် (အမှုဆောင်၊ ပုဂံဧည့်လမ်းညွှန်အသင်း)
လွန်ခဲ့တဲ့ ၃ နှစ်လောက်ကစပြီး ဘုရားတွေပေါ် မတက်ရဆိုပြီး အမိန့်ထုတ်လိုက်တာ။ ဒီအရင်က တက်ခွင့်ပြုထားတဲ့ ဘုရားက တရားဝင် ၅ ဆူပဲရှိတယ်။ အဲဒီပေါ်မှာ ဧည့်လမ်းညွှန်တွေတက်ပြီး ပြကြတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က စပြီး တက်လို့ မရတော့ဘူးဆိုပြီး အကုန်ပိတ်လိုက်တော့ တရားဝင် ဧည့်လမ်းညွှန်တွေ အကုန်လုံး မတက်တော့ဘူး။ ပုဂံရဲ့ အရသာက အမြင့်တနေရာကနေ ဘုရားတွေရဲ့ View ကိုကြည့်တာပေါ့။ ဒါကတော့ ဘာနဲ့မှ မလဲနိုင်တဲ့ဟာ ဖြစ်လို့ လူတိုင်းက ကြည့်ချင်တယ်။ Identity အများကြီးအနက် ကမ္ဘာကျော်တာလည်း နေထွက်ချိန် နေဝင်ချိန် ကြည့်တာနဲ့ နာမည်ကျော်တာလေ။ အဲဒီတော့ အသေးလေးတွေပေါ် ခိုးတက်တာတွေ ရှိတာပေါ့။
အစိုးရ လုပ်ပေးထားတဲ့ နေဝင်ချိန်ကြည့်တဲ့ နေရာ ၃ ခုမှာကျ သိပ်ပြီးတော့လည်း မလှဘူး။ လူအရမ်းများပြီး ဆူတော့ သိပ်မကြိုက်ကြဘူး။ ဒီတော့ တိတ်ဆိတ်တဲ့နေရာ ဘုရားအသေးလေးတွေ ရှာပြီး ကြည့်တယ်။ ဘာဆိုးကျိုး ဖြစ်လာလဲ ဆိုတော့ သူတို့တက်ကြည့်တဲ့ ဘုရားလေးတွေက ကြံ့ခိုင်မှု အားနည်းတဲ့ ဘုရားလေးတွေ ဖြစ်နေတယ်။ အဲဒီတော့ မတော်တဆဖြစ်ခဲ့တဲ့ သာဓကတွေ ရှိခဲ့တယ်။ အမေရိကန် အမျိုးသမီးတယောက်ဆို သေသွားတယ်ပေါ့။
Culture (ယဉ်ကျေးမှုအမွေအနှစ်) နဲ့ Tourism (ခရီးသွားလုပ်ငန်း) ဘက်က ပြောကြမယ်ဆို ကျနော်တို့လည်း ဒီကိစ္စကို ဖြေရှင်းဖို့ အများကြီး ကြိုးစားခဲ့တယ်။ မျှတတဲ့ အဖြေတခုက Tourism ဘက်ကလည်း ဒီကမ္ဘာကျော်တဲ့ View တခုကို ကြည့်ဖို့ရာ အခွင့်အရေးပေးဖို့ ကောင်းတယ်လို့ ယူဆတယ်။ ဒါပေမယ့် ဘုရားတွေကို Assessment (လေ့လာဆန်းစစ်မှု) တော့ သေချာလုပ်ရမယ်ပေါ့။ သင့်တော်တဲ့ ဘုရား ၅ ဆူလောက်ကို စနစ်တကျနဲ့ လူ ၁၀၀ တက်နိုင်တဲ့ဘုရားမှာ လူ ၁၀၀။ ၁၀၁ ယောက်ဆို မတက်ရတော့ဘူး။ လက်မှတ်တွေနဲ့ ၁/၂ ဒေါ်လာစီ ကောက်မယ်။ အဲဒီတော့ Tourist တွေဘက်ကလည်း ကြည့်လို့ရတဲ့ အခွင့်အရေး ရသွားမယ်။ ပုဂံကို ကြော်ငြာပြီးသားလည်း ဖြစ်သွားမယ်။ ဝင်ငွေလည်း ရလာမယ်။ တရားမဝင် ခိုးတက်တာလည်း ပျောက်သွားမယ်။ ကျနော့်အမြင်ကတော့ တရားမဝင် ခိုးတက်ကြတယ်ဆိုတာ ဒီလိုမျိုး မကြည့်ရတော့ဘူး ပိတ်လိုက်တဲ့နောက်မှာ ဖြစ်ပေါ်လာတာ။
သူတို့အတွက် ပိုပြီး အန္တရာယ်များသွားတယ်။ ဒါက Tourism side ဘက်က အမြင်ပေါ့လေ။ ကမ္ဘာကျော်တဲ့ အဆောက်အဦတွေ အန်ကောဝပ် တက်လို့ရပါတယ်။ အင်ဒိုနီးရှားက ဗောရောဗုဓောလည်း တက်လို့ရပါတယ်။ ဒါ Tourism ရဲ့ အားသာချက်တခုပေါ့။
နောက်တခု အမွေအနှစ်တွေ ထိန်းဖို့ဆိုတာ ပိုက်ဆံလိုပါတယ်။ နိုင်ငံတော် ဘတ်ဂျက်နဲ့ ပြည်သူလူထုရဲ့ လှူဒါန်းငွေနဲ့ မထိန်းနိုင်ပါဘူး။ Tourism ကရတဲ့ ဝင်ငွေနဲ့ပဲ အမွေအနှစ်တွေကို ထိန်းရတာဆိုတော့ ငွေရှာဖို့ရာ တပိုင်းရှိတာပေါ့။ ပြောချင်တဲ့သဘောက Tourism ဆိုတာ ပစ်ထားလို့မရဘူး။ သူ့ကနေ ဝင်ငွေရမယ်။ အဲဒီကနေ အမွေအနှစ်တွေ ထိန်းသိမ်းစောင့်ရှောက်ဖို့ ပိုက်ဆံရမယ်။ Tourism ကနေ ဒေသခံတွေ ပိုက်ဆံရတာ ဖြစ်တယ်။ အမွေအနှစ်ပဲ ထိန်းမယ်ဆိုပြီး တက်ရင်ပျက်မှာပဲဆိုပြီး ခေါင်းထဲသွားထည့်ရင်တော့ မှန်ကန်တဲ့ ဖြေရှင်းနည်း တခု ဖြစ်လာမှာ မဟုတ်ဘူး။
ညစ်ညမ်းဗီဒီယို ရိုက်တယ်ဆိုတာလည်း ရှိနေမှာပဲ။ အမွေအနှစ်ထိန်းသိမ်းရေးရဲ (Heritage police) တွေနဲ့ သွားလာလှည့်ပတ် နေမယ်ဆိုရင်တော့ မသင့်တော်တဲ့ ဘုရားတွေပေါ် တက်တာမျိုး၊ မဖွယ်မရာလုပ်တာမျိုးတွေ နည်းမှာပေါ့။ မေတ္တာရပ်ခံရုံလောက်နဲ့တော့ အဖြေမဟုတ်ပါဘူး။ ပုဂံမှာ ဘုရားပေါင်း ၃၂၀၀ လောက်ကတော့ လုံးလုံး မတက်ရတာ တက်ဖို့ မကောင်းဘူးဆိုတာတော့ မဟုတ်ပါဘူး။ တက်ဖို့သင့်တော်တဲ့ ဘုရားတွေ ရှိပါတယ်။ စနစ်တကျ လက်မှတ်တွေနဲ့။ တခြားနိုင်ငံတွေမှာလည်း အဲဒီလို လုပ်ပါတယ်။ အမြင့်တနေရာကနေ ဘုရားကို ကြည့်တဲ့ နေထွက်ချိန် နေဝင်ချိန်ကြည့်တာက ပုဂံရဲ့ အားသာချက်ကိုး။
ဘာမလုပ်ရ၊ လုပ်ရဆိုတဲ့ဟာကို တိတိကျကျ ညွှန်ကြားချက်တွေ ရှိရပါမယ်။ ကားနဲ့အတက်ခံရတဲ့ ကုန်းဆို လုံးဝ မတက်ရဆိုတဲ့ ဆိုင်းဘုတ် တရုတ်လို ဗမာလို အင်္ဂလိပ်လို မရှိပါဘူး။ နောက် Heritage police မရှိတဲ့အတွက် တားမြစ်ဖို့ မလွယ်ဘူးလေ။ ဖြစ်ရင်တောင် ဘယ်သူ့တိုင်လို့ တိုင်ရမှန်းမသိဘူး။ Heritage police ရှိရင် ချက်ချင်း ဖုန်းဆက်လိုက်မယ် ရောက်လာမယ် ရှင်းပေးပါ ပြောလိုက်ရင် ရှင်းသွားပြီ။ ပုဂံမှာ ပြည်သူလူထု အသိပညာပေးမှု အားနည်းတယ်လို့ ပြောချင်တယ်။
နိုင်ငံတကာမှာ Tourism က ဝင်တဲ့ ဘတ်ဂျက်ရှိတယ်။ ပုဂံမှာ Tourist ပေါင်း ၄ သိန်းလောက် လာပါတယ်။ တယောက် ကို ၂၅၀၀၀ ကောက်တယ်။ သိန်းပေါင်း ၁ သိန်းလောက်တောင် ရလိမ့်မယ်။ အဲဒီဝင်ငွေက Tourism ရတဲ့ဝင်ငွေပါ။ အဲဒီလောက် ဝင်နေတဲ့ ဝင်ငွေကို လွဲမှားစွာ စီမံခန့်ခွဲတယ်လို့ ပြောချင်တယ်။ ကမ္ဘာပေါ်မှာဆိုရင် Tourism က ရတဲ့ဝင်ငွေကို Tourist side တွေမှာ ပြန်သုံးပါတယ်။
သိန်းပေါင်း ၁ သိန်းလောက် ရနေတဲ့ ငွေတွေကို Tourism အတွက် ထိရောက်စွာ စီမံခန့်ခွဲစေချင်တယ်။ ဒါက နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးမှုငွေ မဟုတ်ပါဘူး။ ဒါက လမ်းဖောက်ဖို့ မီးတိုင်ထူဖို့ ကိစ္စတွေ မဟုတ်ဘူး။ Tourism က ရတဲ့ ပိုက်ဆံဖြစ်လို့ အမွေအနှစ် ထိန်းသိမ်းဖို့နဲ့ Tourism ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ပဲ စီမံခန့်ခွဲစေချင်တယ်။ သိန်းပေါင်း ၁ သိန်းနဲ့သာ ပုဂံကို မှန်ကန်စွာ စီမံခန့်ခွဲမယ်ဆိုရင် ပြဿနာအကုန်လုံး ပြေလည်မယ် ထင်ပါတယ်။
Heritage police ထားတာတွေ၊ လမ်းညွှန်ဆိုင်းဘုတ် ထားတာတွေ၊ ပြည်သူလူထု အသိပညာပေး လုပ်တာတွေ၊ ကြော်ငြာကောင်း ကောင်း သုံးတာတွေ၊ Facilities ကောင်းအောင် လုပ်တာတွေ၊ အမှိုက်ပြဿနာတွေ။ သိန်းပေါင်း ၁ သိန်းလောက် ရနေတဲ့ ဒီဇုန်ကြီးထဲမှာ အစိုးရ လုံးဝ အမှိုက်မရှင်းပေးပါဘူး။ လူမှုအဖွဲ့အစည်းပဲ ဧည့်လမ်းညွှန် အသင်းတွေ ပလတ်စတစ် ကမ်ပိန်း အသင်းတွေ အမှိုက်ကောက်ကြတယ်။ တတ်နိုင်သမျှ ရှင်းလင်းကြတယ်။ ဧည့်သည်တွေဆီက ရတဲ့ပိုက်ဆံကို လွဲမှားစွာ စီမံခန့်ခွဲတယ်လို့ ယူဆပါတယ်။ ဒီငွေဟာ တကယ်တမ်းကျတော့ ဒီဒေသကို လုံလောက်စွာ စီမံခန့်ခွဲနိုင်ပါတယ်။
ရှေးဟောင်းအမွေအနှစ် ထိန်းတဲ့နေရာမှာ တဖက်စွန်း မရောက်ဘဲ Tourism နဲ့ မျှတပြီး ထိန်းဖို့ကောင်းတယ်လို့ ယူဆတယ်။ ဘာကြောင့်လည်းဆိုတော့ ဘတ်ဂျက်ကြောင့်ပါ။ မှန်ပါတယ်။ Tourist ကို မျှော်စရာမလိုဘူး။ ပိုက်ဆံ လည်း တပြားမှ မလိုဘူး။ နိုင်ငံတော်က လုံလောက်အောင် ထိန်းသိမ်းဖို့ စရိတ်တွေ ပေးမယ်ဆိုရင်တော့ တမျိုးပေါ့။ အကြောင်းအရာက ပြောင်းသွားပါပြီ။ Tourism management နဲ့ပဲ အမွေအနှစ်ကို ထိန်းသိမ်းဖို့ ကြိုးစားကြတာ အဲဒီအမြင် တခုပေါ့။ အစိုးရမှာရော ဒါကို စီမံခန့်ခွဲနေတဲ့ လူတွေ အကုန်လုံးမှာရော Tourism ဘက်ကို မျှော်တွေးတဲ့ Issue မျိုးနဲ့ ဒေသကို စီမံခန့်ခွဲစေချင်တယ်။
ဦးမျိုးဆွေသန်း (နှလုံးသားထဲကပုဂံ)
အဓိကက စီမံခန့်ခွဲမှု။ ပုဂံကို ထိန်းသိမ်းစောင့်ရှောက်ရမယ့် Town plan ဆိုတာ ရှိတယ်။ အဲဒီ Plan ကို အလုပ်မလုပ် တာ။ ပုဂံရုံးနဲ့လည်းဆိုင်တယ်။ ဒေသခံတွေနဲ့လည်း ဆိုင်တယ်။ တနိုင်ငံလုံးနဲ့လည်း ဆိုင်တယ်။ ကိုယ်တိုင်က တန်ဖိုး မထားတော့ အများက တန်ဖိုးမထားဘူးပေါ့။ ကမ္ဘာ့အမွေအနှစ်ဝင်တဲ့ ပုဂံက ခါတိုင်းနဲ့ မတူဘူးပေါ့။ ကမ္ဘာ့အမွေအနှစ် တွေရဲ့ သဘောသဘာဝကိုက ကမ္ဘာကို တင်ပြတဲ့အခါမှာ။ ပုဂံအမွေအနှစ်တွေရဲ့ အစစ်အမှန် ရှိမှုအပြင် ဒီပုဂံက အမွေအနှစ်တွေကို မြန်မာနိုင်ငံသူ နိုင်ငံသားတွေက ဘယ်လိုစီမံခန့်ခွဲမှု ပုံစံနဲ့ စီမံခန့်ခွဲပြီး အနာဂတ် မျိုးဆက်သစ်ကို လက်ဆင့်ကမ်း သွားပါမလဲဆိုတာ။ အဲဒီနှစ်ခုမပါရင် ကမ္ဘာ့အမွေအနှစ် လျှောက်လို့မရဘူး။ အခု ကမ္ဘာ့အမွေအနှစ် ရပြီဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံသူ/သားတွေက ပုဂံက အမွေအနှစ်တွေကို ဘယ်လိုစောင့်ရှောက် စီမံခန့်ခွဲ ထိန်းသိမ်းပြီး အနာဂတ်မျိုးဆက်သစ်ကို ဘယ်လို လက်ဆင့်ကမ်းသွားမလဲဆိုတာ ပါကိုပါသွားပြီ။ နားလည်သ လောက်တော့ အဲဒီစီမံခန့်ခွဲမှုကို လုပ်နေတဲ့သူ ကိုယ်တိုင်ကလည်း နားမလည်ဘူးဖြစ်နေတာ။ အဲဒီ Management plan က အသက်ကို ဝင်ရတော့မှာ။
အခုလို ပုဂံမှာ ဖြစ်ပျက်နေတာတွေက တစုံတရာ သက်ရောက်မှုရှိစေလား ဆိုတော့ ရှိတာပေါ့။ မကောင်းဘူးပေါ့။ ကျနော်တို့လည်း သူများနိုင်ငံသွားရင် သူများနိုင်ငံက အမွေအနှစ်တွေကို လေးစားရတာပဲ။ အဲဒီလို သွားလုပ်လို့ ဘယ်ရမလဲ။ ကိုယ့်ဆီမှာ ဒီလိုလုပ်တယ်ဆိုတာ ပေါ့လျော့နေလို့။ ပုဂံကို နိုင်ငံအဆင့်နဲ့ စောင့်ရှောက်မှ။ အဲဒါတွေက ယူနက်စကိုမှာ အာမကိုခံထားရတာ။ နောက်ဆုံးကျ ဒီဖြစ်ရပ်တွေက မှတ်တမ်းဝင်သွားမှာ။ ဘာတွေ လုပ်ထားလဲ။ မလုပ်ဘူး မပြုဘူးဆို အန္တရာယ်ရှိအဆင့်ထဲ ကောက်ထည့်မှာ ပုဂံကို။
အရေးယူဖို့ဆိုတာလည်း ဥပဒေကို ပြဌာန်းထားတာ။ ဒီ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရလက်ထက်မှာ ပြင်လိုက်တယ် ရှေးဟောင်းဥပဒေ။ ကမ္ဘာ့အမွေအနှစ် မတင်ခင်လေးတင် ပြင်လိုက်တာ။ အဲဒီမှာ လိုက်နာရမယ့် ဟာတွေ ပါပြီးသား။ မလိုက်နာရင်လည်း ပြစ်ဒဏ်ငွေဒဏ်တွေ ပါပြီးသား။ အခု အဲဒါ အလုပ်မလုပ်တာပဲလေ။ နောက်ပြီးတော့ Management plan က ဘာတွေပါလဲ မှန်းကြည့်လို့ ရပါတယ်။ ဆိုလိုချင်တာ ဒါ ကမ္ဘာ့စံအတိုင်းပဲ ဆိုတော့ ဘာမှ လွဲစရာအကြောင်းမရှိဘူး။ ကိုယ့်အမွေအနှစ်ကို ကိုယ်တန်ဖိုးထားမှပဲ သူများ တန်ဖိုးထားမှာ။ အဲဒါသေချာတယ်။
You may also like these stories:
ပုဂံ ရှေးဟောင်း ဘုရားပုထိုးများပေါ် မတက်ရန် သာသနာရေး ထုတ်ပြန်
ပုဂံဘုရားတွင် ညစ်ညမ်းဗီဒီယို ရိုက်ကူးသူများအား အရေးယူနိုင်ရေး စုံစမ်း
ကိုရိုနာဗိုင်းရပ်စ်ဂယက် ပုဂံဒေသ ခရီးသွား ဝင်ရောက်မှု ၉၀ ရာခိုင်နှုန်းခန့် ကျဆင်း