ရန်ကုန်မြို့ သိမ်ဖြူဈေး အရှေ့ရှိ စွန့်ပစ်အမှိုက်များဖြင့် ပြည့်လျှံနေသော ရေဆိုးမြောင်းကို Clean Yangon အဖွဲ့မှ ဦးဆောင် သည့် လူ ၄၀၀ ခန့်သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့က အင်တိုက်အားတိုက် ဖယ်ရှားရှင်းလင်းခဲ့သော်လည်း ၂၄ နာရီအကြာတွင် အမှိုက်များ ထပ်မံ စွန့်ပစ်မှုများ ကြုံတွေ့ခဲ့ရသည်။
ထိုသို့သော စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှု၊ ရေနှုတ်မြောင်းများ၏ စနစ်၊ အမှိုက်သိမ်းဆည်းမှု စနစ်စသည့် ကိစ္စများနှင့် ပတ်သက်ပြီး ပြည်သူလူထုအကြားတွင် ဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့ လူနေမှုပုံစံ၊ အမှိုက်စွန့်ပစ်မှုနှင့် ရေဆိုးမြောင်းများ အခြေအနေတို့နှင့် ပတ်သက်ပြီး အမှိုက်များကို စနစ်တကျ စွန့်ပစ်ရေးနှင့် ရှင်းလင်းရေးအတွက် ပံ့ပိုးဆောင်ရွက်နေသည့် Clean Yangon အဖွဲ့မှ တာဝန်ခံ ကိုဇေယျာထွန်း ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ အခုလို အမှိုက်တွေ လိုက်လံ ရှင်းလင်းရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါဦး။
ဖြေ။ ။ ဒီလိုအမှိုက်တွေ ရှင်းနေတယ်၊ အမှိုက်တွေ ကောက်နေတယ် ဆိုတာက လူငယ်တွေ စေတနာ့ ဝန်ထမ်းတွေ စုပြီးတော့ ကိုယ်ပစ်ထားတာ မဟုတ်တာတွေကို လိုက်ရှင်းနေတာပေါ့။ အဓိက စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့သူတွေ ကျနော်တို့ လူငယ်တွေ ဆောင်ရွက်နေတာတွေကို တွေ့ပြီး ရှက်တတ်လာအောင်လို့ ကျနော်တို့ နိုင်တဲ့ ခွန်အားလေးနဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မေး။ ။ အခု သိမ်ဖြူဈေးရှေ့ ရေနုတ်မြောင်းရှင်းတုန်းက လူအင်အား ဘယ်လောက်လောက်ပါလဲ။
ဖြေ။ ။ ပထမ တခါရှင်းတုန်းက ၂၀၁၉ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ရှင်းခဲ့တယ်။ အခု ၂၀၂၀၊ ၂ လပိုင်းမှာ ထပ်ရှင်းတာပေါ့။ အခု လူအင်အားက ၄၀၀ ကျော်ပေါ့။ စည်ပင်က အဖွဲ့တွေရော ကူညီကြပါတယ်။
မေး။ ။ ရှင်းပြီးတဲ့ နောက်နေ့မှာပဲ အမှိုက်တွေ တွေ့ရတယ်လို့ သိရတော့ အဲဒီလို ပြန်မြင်ရတဲ့ အချိန်မှာ ဘယ်လိုခံစားရလဲ။
ဖြေ။ ။ ဒီလို ရေမြောင်းရှင်းဖို့ ဆိုရင် အများကြီး ပြင်ဆင်ရတယ်ဗျ။ အဆင့်ဆင့်ကို စာတင်ရတယ်။ ခွင့်ပြုချက်တွေ ယူရတယ်။ ပြီးတော့ လူအင်အားတွေ စုရတယ်။ လာတဲ့ သူတွေကို မနက်စာတွေ၊ အအေးတွေ၊ ဖျော်ရည်တွေ ဘာတွေ အများကြီး အစအဆုံး စီစဉ်ရတယ်။ မနက် ၇ နာရီလောက်က စတာ ၁၁ နာရီလောက်မှာ ပြီးသွားတာ ၄ နာရီကြာတယ်။ အင်မတန် နံစော်ပါတယ် ဒီရေမြောင်းက စွန့်ပစ်ပစ္စည်းတွေ အကုန်လုံး ရှိတယ်။
စေတနာ့ ဝန်ထမ်း အရွယ်စုံက တက်တက်ကြွကြွ ရှင်းခဲ့တယ်။ နောက်ရက်ကျတော့ အမှိုက်တွေ ပြန်ပွနေတာတွေ တွေ့ရတယ်။ အဲဒီလိုမျိုးကျတော့ ကျနော်တို့ အင်မတန် စိတ်မကောင်း ဖြစ်ရတယ်။ ကျနော်တို့ ဖြစ်သလို တခြား ပါဝင်တဲ့ စေတနာ့ ဝန်ထမ်းတွေအနေနဲ့ ငါတို့ လုပ်သမျှ ဘာမှ အရာမထင်ပါလား ဆိုတဲ့ အားငယ်စိတ်၊ စိုးရိမ်စိတ် တွေဖြစ်သွားမှာ စိုးရိမ်ပါတယ်။
မေး။ ။ ဒီအမှိုက်တွေ ဘာကြောင့် ပြန်ပွလာတယ်လို့ သိရလဲ။
ဖြေ။ ။ ရေမြောင်းကတော့ ဟိုဘက်ကနေ ဆင်းလာတာပေါ့။ ဒီအနီးအနားဝန်းကျင်က လူတွေပစ်တာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ကျနော်တို့ သက်သေလည်း မရှိဘူး။ အပေါ်ဘက်ကနေ စီးလာပြီး ဒီနားမှာ လာပိတ်ဆို့တာလည်း ဖြစ်နိုင်တယ်။ ဒီရေမြောင်း တလျှောက်က လူနေရပ်ကွက်တွေ၊ လူနေအိမ်ခန်းတွေကို ပြန်ပြီးတော့ လေ့လာသုံးသပ်ဖို့တော့ လိုနေပြီ။
ဘာကြောင့် ဒီလိုမျိုး ဖြစ်နေရတာလဲ ဆိုတာကိုပေါ့။ တခါလည်း မဟုတ်ဘူး။ နှစ်ခါလည်း မဟုတ်ဘူး။ ဘယ်လို အခက်အခဲ တွေ ရှိလဲပေါ့။ အမှိုက်စွန့်ပစ်မှု ပုံစံမှာ ဘယ်လိုအခက်အခဲတွေ ရှိလဲ။ အဲဒါတွေကို ပြန်ပြီးတော့ လေ့လာသုံးသပ် ဖို့တော့ အရေးကြီးနေပြီ။
ဒီရေနုတ်မြောင်းက ဆိုရင် ကျနော်တို့ရှင်းပြီး ၂၄ နာရီအတွင်း အမှိုက်တွေ ပြန်ပွလာတယ်။ ကျနော်တို့ လိုက်ကြည့်သ လောက် ဆိုရင် တခါသုံး ဖော့ဘူးတွေ များတယ်။ နောက် မီးဖိုချောင်ထွက် အမှိုက်တွေ များတယ်။ အဲဒီတော့ အိမ်ထောင် ရှင်မတွေကပဲ မီးဖိုချောင်သုံး အမှိုက်တွေကို စနစ်တကျ ထုတ်ပိုးပြီးတော့ ဒီမြောင်းထဲပဲ ပစ်နေတယ်လို့ ကျနော် ထင်တယ်။
ဒါကြီးကို အဖုံးတပ်ပါလားလို့တော့ ပြောကြတယ်။ ၁၅ ပေလောက်ကျယ်တဲ့ မြောင်းကြီးကို အဖုံးတပ်ဖို့တွေ၊ ပိုက်တွေအုပ် ဖို့တွေ ကတော့ ဘက်ဂျက် အခြေအနေက မဖြစ်နိုင်သေးဘူးလို့ ထင်တယ်။ ကျနော်တို့ရဲ့ စည်းကမ်းရှိမှု၊ တာဝန် သိတတ်မှု ကပဲ ကယ်ဆယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။
မေး။ ။ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်ကောက်တာနဲ့ ဒီလိုရေနုတ်မြောင်းမှာ အမှိုက်ကောက်တာ အခက်အခဲက မတူနိုင်ဘူးပေါ့။ ဘယ်လို အခက်အခဲတွေ တွေ့ရလဲ။
ဖြေ။ ။ လမ်းမပေါ်မှာကျတော့ အမှိုက်တွေက မြင်ရတယ်ဗျ။ ရေနုတ်မြောင်းထဲမှာကျတော့ ခွေးသေကောင်ပုပ်တွေ၊ တီဗွီအဟောင်းတွေ၊ အိုးခြမ်းကွဲတွေ ရတယ်၊ ပုလင်းကွဲတွေ မျိုးစုံပဲ။ ရေအောက်ကို မမြင်ရတဲ့ အခြေအနေ ရှိတယ်။ တချို့နေရာတွေဆို ဒူးအထက် မြုပ်တဲ့ နေရာတွေရှိတယ်။ ရေမြောင်းထဲ ဆင်းရတာတော့ အင်မတန် Risk များတယ်။
ဒီထဲမှာ စွန့်ပစ်ပစ္စည်း မျိုးစုံရှိတယ်။ အမျိုးသမီးသုံး ပစ္စည်းတွေက အစ မိလ္လာထုပ်တွေ အများကြီးပဲ ကလေး ဒိုက်ပါ တွေရော။ ဒီကနေဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေလည်း ရှိနိုင်တယ်။ ဒါပေမယ့် ကျနော် တို့ လာတဲ့ စေတနာ့ ဝန်ထမ်းတိုင်းကတော့ ဒါတွေကို မမှုဘဲနဲ့ ကိုယ့်မြို့ သန့်ရှင်းဖို့ တက်တက်ကြွကြွ ဆောင်ရွက် ခဲ့တာ တွေကို ကျနော်တို့ ပို့စ်တွေကိုကြည့်ရင် တွေ့ရမှာပါ။
မေး။ ။ အခုလက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီရဲ့ အမှိုက် စွန့်ပစ်ဖို့ စီစဉ်ပေးနိုင်တဲ့ အခြေအနေ အပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။ ။ ကျနော်တို့ လေ့လာမိသလောက် ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ အခု နောက် ပိုင်း အမှိုက်ကိစ္စကို ထဲထဲဝင်ဝင် ဆောင်ရွက်လာတာကို တွေ့ရတယ်။ အခုနောက်ပိုင်း အမှိုက်ထုပ်တွေကို သေသေချာချာ သိမ်းဆည်းလာတာတွေ ရှိတယ်။ တချို့နေရာတွေမှာတော့ လိုအပ်ချက်တွေ ရှိတာပေါ့။
တခုရှိတာက စည်းကမ်းမဲ့တွေ အရမ်းများနေတော့ သူတို့ဘက်က လူအင်အား မလုံလောက်မှုတွေ၊ ဘက်ဂျက် လိုအပ် ချက်တွေ ရှိတာ သိထားရတယ်။ ကျနော်တို့သာ စည်းကမ်းမဲ့ မပစ်ဘူးဆိုရင်၊ စည်းကမ်းမဲ့တွေ လိုက်ကောက် လိုက်ရှင်း လင်း နေစရာ မလိုဘူး ဆိုရင်၊ ဒီလူ အင်အားတွေကို တခြားနေရာမှာ ပြန်အသုံးပြုမယ် ဆိုရင် ကျနော်တို့တွေရဲ့ အမှိုက် သိမ်းမှု စနစ်က ပိုပြီးတော့ ပီပြင် ကောင်းမွန်လာမယ်လို့ ယူဆပါတယ်။
မေး။ ။ ကိုယ်တိုင်ကလည်း ရေနုတ်မြောင်းတွေမှာ အမှိုက်လိုက်ဆယ်နေတာ ဆိုတော့ ရန်ကုန်မြို့ရဲ့ ရေနုတ်မြောင်းတွေ အခြေအနေကိုရော ဘယ်လိုသုံးသပ်လို့ရလဲ။
ဖြေ။ ။ ရန်ကုန်မြို့ ရေနုတ်မြောင်း တော်တော်များများမှာ အဖုံးမရှိဘူး။ ဘေးပတ်ဝန်းကျင်ကလည်း အခြေအနေ သိပ်မ ကောင်းတော့ အများကြီး လုပ်ဖို့တော့ လိုအပ်နေပါသေးတယ်။ ရေမြောင်းက တသွင်သွင် ရေစီးနေမယ်ဆိုရင် အမှိုက် ပစ်ဖို့တော့ လက်တွန့်သွားမယ် ထင်တယ်။ ဒါပေမယ့် အမှိုက် တဆပစ်ထားမယ် တဆထက် တဆနဲ့ များနေတဲ့ အခါကျတော့ လူတွေက ရေနုတ်မြောင်းဆိုရင် အမှိုက်ပစ်ဖို့ နေရာတခုလို့ပဲ ထင်နေကြတယ်။
မေး။ ။ ဒီလိုဖြစ်နေတာတွေကို ပြုပြင်ဖို့ဆိုတာ ပရဟိတတွေပဲ လိုက်လုပ်နေလို့ကတော့ မရဘူးပေါ့။ အစိုးရ အနေနဲ့ ဘာတွေ လုပ်ဆောင်သင့်တယ် ထင်လဲ။
ဖြေ။ ။ တာဝန် အဓိက အရှိဆုံးကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကသာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်မယ်၊ မြောင်းထဲကို ပစ်တယ်ဆိုရင် ထိထိရောက်ရောက် ဒဏ်ကြေးငွေနဲ့သာ သတ်သတ်မှတ်မှတ် လုပ်မယ် ဆိုရင်တော့ ဒီလောက်ထိ ဆိုးရွားလိမ့်မယ်လို့ မထင်ဘူး။ ဒါပေမယ့် ဒဏ်ကြေး ဆောင်ရွက်တာကလည်း ရေတိုကာလပဲ အဆင်ပြေနိုင်မယ်။ အများစုသာ စည်းကမ်းတကျ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာမယ် ဆိုရင် မြောင်းထဲကို အမှိုက်တွေ ရောက်လာစရာကို မလိုဘူး။
မေး။ ။ ရန်ကုန်မြို့တော် စည်ပင်က အမှိုက်သိမ်းတာတွေ အမှိုက်ကောက်တာတွေ အပြင် ဥပဒေနဲ့ ကိုင်တွယ်တဲ့ အပိုင်းပါ အားနည်းတယ်လို့ ယူဆလို့ရလား။
ဖြေ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေအနေနဲ့ ၂၀၁၈ ဥပဒေ အသစ် ထွက်ထားတာ ရှိတယ်။ နည်းဥပဒေ တော့ မထွက်နိုင်သေဘူး။ နည်းဥပဒေ မထွက်နိုင်တဲ့ အတွက်ကြောင့် သူတို့ဘက်က အရေးယူမှု မလုပ်နိုင်ဘူးလို့တော့ ပြောကြတယ်။
ဘာကြောင့် အရေးယူလို့ မရသေးတာလဲ၊ နည်းဥပဒေကရော ဘာကြောင့် မထွက်သေးတာလဲ ဆိုတာ သာမာန်ပြည်သူ တယောက် အနေနဲ့ သိချင်ပါတယ်။ ဘယ်လိုအခက်အခဲတွေ ရှိတယ်ဆိုတာကိုလည်း ပြည်သူတွေအနေနဲ့ ပွင့်ပွင့်လင်းလင်း သိချင်ပါတယ်။ ဘယ်လို ဥပဒေတွေ ရှိတယ် ဆိုတာကိုလည်း တချို့က အကြောင်းအရာတွေကို မသိကြဘူး။
ပြည်သူအများစုကတော့ ဥပဒေပါ အချက်အလက်တွေကို မသိကြဘူး။ ဥပဒေပါ အချက်အလက်တွေကို သိမှလည်း ဒါကို လိုက်နာဖို့ ပြည်သူတွေက ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။
အဲဒီတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ ဥပဒေကို ပညာပေး ကဏ္ဍအနေနဲ့ပေါ့၊ ပညာပေး ဆိုတော့ တသက်လုံး ပညာပေးနေလို့တော့ မရဘူးပေါ့။ ၁ လတန်သည် ၃ လတန်သည် ပညာပေးပြီးတော့ ဖိဖိစီးစီး ပြစ်မှုပြစ်ဒဏ်နဲ့ ဆောင်ရွက်မယ် ဆိုရင်တော့ ဒီလိုမျိုး ဖြစ်တာတွေ လျော့ပါးသွားမယ်လို့ ထင်ပါတယ်။
You may also like these stories:
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး
ဂျိုးဖြူ ရေပိုက်လိုင်း အနီး ကျူးကျော်များနှင့် အမှိုက်ပစ်ခြင်း ကိစ္စရပ် လွှတ်တော်တွင် ဆွေးနွေး
မန္တလေး ရွှေတချောင်းမြောင်းကို ADB အကူအညီဖြင့် အဆင့်မြှင့်တင်ရန်ရှိဟု စည်ပင်ပြော