လွှတ်တော်က တပ်မတော်ပိုင် ကြေးနီစီမံကိန်းကို ဘယ်လောက် စိတ်ဝင်စားလဲ

ထက်ခေါင်လင်း
Wanbao Mining Limited သည် Myanmar Yang Tse Copper Limited (MYTCL)အမည်ဖြင့် စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းကို တာဝန်ယူ လုပ်ကိုင်နေ
Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းမှ မြန်မာအစိုးရ၏ သတ္တုတွင်း ဝန်ကြီးဌာန အနေဖြင့် ရရှိသည့် ကြေးနီများ၏ တန်ဖိုးမှ ၄ ရာခိုင်နှုန်းသာ ရရှိခဲ့ကြောင်း သယံဇာတ တူးဖော်မှုတွင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး (MEITI) အဖွဲ့သို့ မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ပေးပို့ခဲ့သည့် စာများအရ သိရသည်။

မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ၂ဝ၁၄- ၁၅ နှင့် ၂ဝ၁၅- ၁၆ ခုနှစ်ဆိုင်ရာ အချက်အလက်များ ပေးပို့မှုတွင် မြေပိုင်ဆိုင်မှု ဧက ၆ ထောင်ကျော်အတွက် နှစ် ၃၀ ပိုင်ဆိုင်မည်ဖြစ်ပြီး ဧက၂၅ဝ နီးပါးကိုမှ တနှစ်လျှင် နိုင်ငံတော်ကို ကျပ်သိန်း ၃ဝ သာ ပေးသွင်းရသည်။

ကြေးနီစီမံကိန်းကိုလည်း၂ဝ၁၁ ခုနှစ်က စပြီး ၂၅ နှစ်အထိ လုပ်ပိုင်ခွင့် ရရှိထားသည်။ နိုင်ငံတော်သို့ ပေးသွင်းရသည့် အခွန်အခများ၊ ထုတ်လုပ်မှုစရိတ်နှင့် သတ္ထုတွင်း ဝန်ကြီးဌာနကို ပေးရသည့် ၄ ရာခိုင်နှုန်းကို နုတ်ပြီးနောက် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၅၁ ရာခိုင်နှုန်း၊ Myanmar Yang Tse ကုမ္ပဏီက ၄၉ ရာခိုင်နှုန်း နှစ်စဉ် ရရှိနေသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စတင်ဆောင်ရွက်စဉ် ၂ဝ၁၃ ခုနှစ်မှ စတင်ပြီး ဒေသခံလူထုနှင့် ပဋိပက္ခဖြစ်ကာ ဒေသခံများ အဖမ်းခံရခြင်း၊ သေဆုံးမှုများအထိ ဖြစ်ခဲ့ပြီး ယခု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဦးဆောင်သည့် အစိုးရ၏ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ကော်မရှင်တရပ် ဖွဲ့စည်းကာ စာချုပ်ကို ပြင်ဆင်နိုင်သည့်အတွက် နိုင်ငံတော်အနေဖြင့် ၅၁ ရာခိုင်နှုန်းကို ပြန်လည် ရရှိခဲ့သည်။

သို့သော် ယနေ့ အချိန်အထိ စံပယ်တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်းမှာမူ စာချုပ် ပြင်ဆင်မှုထဲ မပါသဖြင့် နိုင်ငံတော်က ၄ ရာခိုင်နှုန်းသာ ရရှိနေဆဲ ဖြစ်သည်။

ထိုအကြောင်းများကြောင့် ပြည်သူ့ဘဏ္ဍာနှင့် ရပ်တည်နေသည့် အစိုးရအနေဖြင့် မည်မျှ နစ်နာမှုရှိနေသလဲ ဆိုသည်ကို ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး MEITI အဖွဲ့တွင် ပါဝင်သည့် အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်း ကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက သွားရောက် တွေ့ဆုံ မေးမြန်းခဲ့ပါသည်။

မေး။ ။ စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီစီမံကိန်းက နိုင်ငံတော်အနေနဲ့ ကိုယ်စားပြုတဲ့ သတ္တုတွင်း ဝန်ကြီးဌာနက ရတဲ့ ပမာဏက ထွက်ရှိတဲ့ အကျိုးအမြတ်ကနေ ၄ ရာခိုင်နှုန်းပဲ ရနေတာကို တွေ့ရတယ်။ ယနေ့အချိန်အထိလည်း ပြုပြင် ပြောင်းလဲမှု မရှိသေးတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ လက်ပံတောင်း တောင်တုန်းက ပြည်သူတွေ ဆန္ဒပြခဲ့တာဖြစ်တာကြောင့် စာချုပ်ကို ပြင်နိုင်ခဲ့တယ်။ ဝန်ကြီးဌာန ရော လက်ရှိအစိုးရရော သိဖို့က ဒါတွေကို မပြင်သင့်ဘူးလား။ သူတို့ ၁၀၀ ထုတ်မှ ကျမတို့က ၄ ကျပ်လောက် ရတာ။ နိုင်ငံ အတွက် နစ်နာတယ်။ ကျမတို့ ပိုစိတ်ဝင်စားတာက ဘယ်လိုပုံစံကြောင့် ဒီစာချုပ်တွေက ဒီလိုဖြစ်နေရလဲ ဆိုတာပဲ။

နိုင်ငံတော် အကျိုးအမြတ် မရှိဘဲ ဒီမြန်မာယန်စီ ကုမ္ပဏီနဲ့ ဦးပိုင်လီမိတက်နဲ့ ဘယ်လို ချုပ်သွားလဲပေါ့။ ကျမ အပွင့်လင်းဆုံး ပြောရမယ်ဆို ကာကွယ်ရေး(စစ်တပ်)က နိုင်ငံတော်ကို ကာကွယ်ဖို့လား၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားတွေကို ကိုယ်တိုင် ရယူသုံးစွဲဖို့လား ကျမတို့ အမြဲတမ်း မေးခွန်း မေးတယ်။ ယနေ့အချိန်ထိလည်း ကျမတို့က ဒီမေးခွန်းပဲ ပြန်မေးရမှာပဲ။

မေး။ ။ မြေဧက ၂၄ဝ ကျော်မှ နိုင်ငံတော်ကို ၁ နှစ် ကျပ်သိန်း ၃ဝ ပဲ ပေးသွင်းရတယ်။ အဲဒါတွေ ကျတော့ရော။

ဖြေ။ ။ ဒါက ကျမတို့ နိုင်ငံတော်က သတ်မှတ်လိုက်တဲ့ဟာ။ တကယ် မှန်မှန်ကန်ကန် သွင်းလား၊ မသွင်းလား ဆိုတာတော့ သူတို့ ပေးသွင်းတဲ့ အမှတ် ၁ သတ္တုတွင်း ဝန်ကြီးဌာနနဲ့ ဦးပိုင်လီမိတက်တို့ပဲ ပိုသိမယ်။ ကျမတို့က ဘယ်လောက် ပေးသွင်း လဲ၊ တိတိကျကျ ဆောင်ရွက်လား၊ မဆောင်ရွက်လား ကျမတို့ မပြောနိုင်ဘူး ဖြစ်နေတယ်။

မေး။ ။ လက်ပံတောင်းမှာ ပြဿနာ တက်ခဲ့လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ပြီး ကော်မရှင်ဖွဲ့ စိစစ်ရင်းကနေ စာချုပ်ပြင်တာနဲ့ နိုင်ငံတော်က ၅၁ ရာခိုင်နှုန်း ရခဲ့တယ်။ စံပယ်တောင်နဲ့ ကြေးစင်တောင်က ဘာလို့ ကျန်ခဲ့တာလဲ။

ဖြေ။ ။ အဲဒီအချိန်တုန်းက ပြည်သူတွေ အရမ်းသိတာက လက်ပံတောင်း ဆိုတာပဲ သိတယ်။ အမှန်က အဲဒီအချိန်ထဲက တခါထဲ တွဲလုပ်ခဲ့ရမှာ။ ပြီးခဲ့တဲ့ အစိုးရအနေနဲ့ ရိုးသားခဲ့မယ်ဆိုရင် စံပယ်တောင်၊ ကြေးစင်တောင် ကိစ္စကို တခါထဲ စာချုပ် ပြုပြင်ခဲ့သင့်တယ်။ ကျမတို့ ဒီအချိန်မှာလည်း နောက်တော့ မကျသေးဘူး။ လက်ရှိလည်း ထုတ်နေတုန်းပဲလေ။ အဲဒါ ကြောင့် ဒီစာချုပ်ကို ပြင်မယ်ဆိုလည်း နောက်တော့ မကျသေးဘူးလို့ ဆိုနိုင်တယ်။

မေး။ ။ ဒီစာချုပ်ကို ပြင်မယ် ဆိုရင် ဘယ်သူ့မှာ တာဝန်ရှိလဲ။ လွှတ်တော် အပိုင်းလား၊ အစိုးရ အပိုင်းလား။

ဖြေ။ ။ ကျမတို့ ပွင့်ပွင့်လင်းလင်း ပြောရရင် မီဒီယာ၊ လွှတ်တော်က အစ အကုန်ပါတယ်။ နိုင်ငံအတွက်၊ ပြည်သူအတွက် အကျိုးစီးပွား မရဘူး ဆိုတာကို ဖော်ပြရမယ်။ လွှတ်တော်ကလည်း ဒါမျိုးတွေကို ဘယ်လိုပုံစံမျိုးနဲ့လည်း ဆိုတာ မေးခွန်း တွေ မေးပြီး စောင့်ကြည့်ရမယ်။

ဒုတိယ အရေးကြီးဆုံးက အစိုးရရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနပဲ။ သူကနေပြီးတော့ စာချုပ်တွေ တဖက်သတ် ဖြစ်နေလား၊ မဖြစ်ဘူးလား ဆိုတာ သူတို့က ပိုပြီး သိဖို့လိုမယ်။ သူတို့ကသာ ပိုသိလိမ့်မယ်လို့ ကျမထင်တယ်။ ဒါမျိုးတွေကို အစိုးရရော၊ လွှတ်တော်ကရော ပြုပြင်ပြောင်းလဲဖို့ ပိုကြိုးစားသင့်တယ်။

မေး။ ။ ဦးပိုင် လီမိတက်က MEITI အဖွဲ့ကို ဒီဟာ အကြောင်းပြန်တယ်။ ဒါမျိုးတွေကို လွှတ်တော်အပိုင်းကရော မသိနိုင် ဘူးလား။

ဖြေ။ ။ လွှတ်တော်က တပ်မတော်ပိုင် စီးပွားရေးတွေနဲ့ ပတ်သက်ပြီး ဘယ်လောက် စိတ်ဝင်စားလဲဆိုတဲ့ မေးခွန်း ပြန်ထုတ်ရလိမ့်မယ်။ တပ်မတော်ပိုင် စီးပွားရေး လုပ်ငန်းတွေက ဘာတွေလုပ်နေလဲ၊ ပြည်သူတွေအတွက် အကျိုးရှိလား၊ အကျိုးမရှိလား ဆိုတာ လွှတ်တော်က ဘယ်လောက် စိတ်ဝင်စားလဲဆိုတဲ့ အပေါ်ပဲ မူတည်တယ်။

အဲဒီအပေါ်မှာ မူတည်ပြီး လွှတ်တော်တွင်းမှာ မေးခွန်းတွေဆိုတာ တက်လာတာကိုး။ တဖက်က လွှတ်တော်ပိုင်းက ရင်ကြားစေ့ရေး ဆိုတာနဲ့ပဲ နေနေလားတော့ ကျမတို့မသိဘူး။ ဒါကတော့ လွှတ်တော်ကိုယ်စားလှယ်တွေပဲ ပိုသိလိမ့်မယ်။

မေး။ ။ လက်ပံတောင်း တောင်ကတော့ စာချုပ်ပြင်လိုက်နိုင်လို့ တိုင်းပြည်အပေါ် အကျိုးရှိလာတယ်။ ဒါပေမယ့် စံပယ်တောင်နဲ့ ကြေးစင်တောင်မှာကြတော့ တိုင်းပြည်အတွက် မဟုတ်ဘဲ ရတဲ့ အကျိုးအမြတ်တွေကို တဖက်က အကုန်လုံး ယူ သွားတယ်။ အဲဒီတော့ အစိုးရပိုင်းရော၊ လွှတ်တော်ပိုင်းရော ဘယ်လောက်ထိ ဂရုစိုက်သင့်ပြီလို့ ယူဆလဲ။

ဖြေ။ ။ သိပြီဟေ့ ဆိုတာနဲ့ လုံးဝကို ဂရုစိုက်ရမှာ။ တောင်တွေပါ ပျောက်သွားတယ်။ ဒေသခံပြည်သူရော၊ အစိုးရရော ဘာ အကျိုးစီးပွားမှ မရလိုက်ဘူးဆိုတာ ရှင်းရှင်းလေးပဲ။ တောတောင်တွေ၊ သစ်တောတွေ ပျောက်ကွယ်သွားလို့ ပတ်ဝန်းကျင် ပျက်စီးမှုကို ခံစားရတာက ကျမတို့ ပြည်သူ ပြည်သားတွေပဲ။ ဒါမျိုးတွေ ဖြစ်သင့်၊ မဖြစ်သင့် ဆိုတာ လွှတ်တော်အနေနဲ့ သိတာနဲ့ ဒါကို သတိထားသင့်တယ်။

ခက်တာက ဒီလို သယံဇာတတွေအပေါ် လွှတ်တော်က ဘယ်လောက် စိတ်ဝင်စားလဲပေါ် မူတည်တယ်။ လက်ပံတောင်းနဲ့ စပယ်တောင်၊ ကြေးစင်တောင်တို့ဟာ မတူဘူးဆိုတာ သူတို့ရော သိသလားဆိုတာ ကျမတို့ သံသယ ရှိတယ်။

မေး။ ။ ပြီးခဲ့တဲ့နှစ်ထဲမှာ အဲဒီ ကြေးနီစီမံကိန်း လုပ်တဲ့ ကုမ္ပဏီတွေကလည်း ဧက သိန်းနဲ့ချီပြီးထပ်လုပ်ဖို့ အစိုးရဆီကို တင်ပြတယ် ဆိုတာ ဖြစ်လာတယ်။ အခုလို ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် အစိုးရအနေနဲ့ ခွင့်ပြုခြင်း မပြုခြင်းထက် ဘယ်လို အချက်တွေကို အဓိကထား စဉ်းစားသင့်တယ် ထင်လဲ။

ဖြေ။ ။ ဟိုးတလောက ကျမတို့ စစ်ကိုင်းတိုင်းက သယံဇာတဝန်ကြီးနဲ့ အစည်းအဝေးတခုမှာ တွေ့တော့ ဘာလို့များ ပြည်သူ တွေက ယန်စီ ကုမ္ပဏီဘက်က ဧက တသိန်းကျော် လျှောက်တာကို မပေးချင်ကြလဲ မသိဘူး ဆိုတာမျိုး ပြောတယ်။ ကျမ တို့ စဉ်းစားတာက လက်ရှိအချိန်မှာ တာဝန်ယူ၊ တာဝန်ခံမှုက အရေးကြီးတယ်။

စံပယ်တောင်နဲ့ ကြေးစင်တောင်နဲ့ ပတ်သက်လို့ ရှိရင် ယန်စီကုမ္ပဏီသည် ဘယ်လောက် တာဝန်ယူ၊ တာဝန်ခံလဲ အပေါ် ပြည်သူက ဆုံးဖြတ်တာ။ သူတို့က တာဝန်ယူ၊ တာဝန်ခံမှုမရှိလို့၊ ပွင့်လင်းမြင်သာမှု မရှိလို ပြည်သူက မပေးတာ ကျမတို့ အမြင်မှာတော့ တရားတယ်လို့ မြင်တယ်။

အစိုးရ၊ လွှတ်တော်ဘက်က ပြန်လိုက်ကြည့်သင့်တာက အကြောင်းတရားတွေ ရှိခဲ့လို့ ပြည်သူက မပေးတာ။ တရုတ်မို့လို့ ကန့်ကွက်တာ မဟုတ်ဘူး။ သူတို့ လုပ်ပုံအချိုးမကျခဲ့တာကို ပြည်သူတွေက ခံစားခဲ့ရလို့ ကန့်ကွက်တာ။

မေး။ ။၂ဝ၁၄ ခုနှစ်မှာ ဒီစီမံကိန်းက ထုတ်လုပ်တဲ့ ပမာဏက ၃၆ဝဝဝ တန်ကျော် ရှိတယ်။ သတ္ထုတွင်း ဝန်ကြီးဌာနက ရတဲ့ ၄ ရာခိုင်နှုန်းအရ ၁၄ဝဝ တန်ကျော်လေးပဲ ရတယ်။ ပမာဏက အရမ်း မကွာခြားနေဘူးလား။

ဖြေ။ ။ စာချုပ်တွေ ကိုယ်တိုင်က တဖက်သတ် စာချုပ်တွေ။၂ဝ၂၁ ခုနှစ် ဇန်နဝါရီဆို EITI အရ စာချုပ်တွေကို တရားဝင် ချပြရမယ်ဆိုတာ ပါလာပြီ။ အခု ကျမတို့လည်း စဆွေးနွေးနေပြီ။ ဒီလို တဖက်သတ် စာချုပ်တွေကို ပြည်သူလူထု ပိုပြီး သိ စေဖို့ လိုတယ်။

ပြည်သူတွေက ဒီစာချုပ်တွေကို ကြည့်ခြင်းအားဖြင့် ဘယ်ဟာတွေက ဘယ်လိုပုံစံ ဖြစ်သင့်လဲကို စဉ်းစားရမှာဖြစ်တယ်။ မြန်မာယန်စီစာချုပ်ဟာ တဖက်သတ် ချုပ်ထားတယ်ဆိုတာ ကျမတို့ စွပ်စွဲလို့လဲရတယ်။ တဖက်သတ် ဖြစ်နေတဲ့ စာချုပ် တွေ ပြုပြင်ဖို့ အစိုးရ ကိုယ်တိုင်က ပိုသိလာရမှာ။ ဒီလိုမျိုးတွေ ကျမတို့တိုင်းပြည် နစ်နာနေတာတွေကို မီဒီယာ ကရော၊ ပြည်သူတွေကရော တချိန်လုံး ပြောပေးနေဖို့ လိုတယ်။

မေး။ ။ MEITI အဖွဲ့ အနေနဲ့ကရော သက်ဆိုင်ရာ နိုင်ငံတော် တာဝန်ရှိသူတွေကို တွေ့ဆုံတဲ့အခါ ဒီလိုအချက်အလက်ကို သူတို့သိအောင် ပြောပြပေးဖူးတာမျိုးရှိလား။

ဖြေ။ ။ ရှိပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံရုံးမှာလည်း ကျမတို့ သွားတုန်းက ဘယ်လိုအချက်တွေက ဘာဖြစ်တယ်၊ ဘယ် လို စာချုပ်တွေက မတရားဖြစ်တယ်၊ အခွန်ဘဏ္ဍာငွေတွေ ဘယ်လိုနေရာမျိုးတွေမှာ အဓိက ပျောက်နေတယ်ဆိုတာ ပြော တယ်။

အတိုင်ပင်ခံရုံးရဲ့ ဒုဝန်ကြီးက ကျန်တဲ့ သက်ဆိုင်ရာ ဌာနတွေကို ဒါတွေ ဘယ်လိုဖြစ်ရတာလဲ ဆိုတာ ခေါ်ပြီး ဖြေရှင်းချက် တောင်းတယ် လို့တော့ ကျမတို့ ကြားတယ်။ နောက်ပိုင်း ဘာဆက်ဖြစ်တယ်ဆိုတာတော့ ကျမတို့မသိဘူး။ သေချာတာက မြန်မာယန်စီကုမ္ပဏီရဲ့ စာချုပ်ကတော့ ယနေ့အချိန်အထိ ပြုပြင်ပြောင်းလဲဖို့ လမ်းစကို မရှိသေးတာတော့ အမှန်ပဲ။

MEITI အဖွဲ့၏ အရပ်ဘက် အဖွဲ့အစည်းများ ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်း (ဓာတ်ပုံ-ထက်ခေါင်လင်း/ဧရာဝတီ)

မေး။ ။ ဒီစာချုပ် ပြုပြင်ပြောင်းလဲဖို့ ဘယ်သူက ဦးဆောင်ပြီး လုပ်မှ ရမှာလဲ။ ဘယ်လိုပုံစံနဲ့ လုပ်ရမှာလဲ။

ဖြေ။ ။ ဘယ်သူလုပ်မလဲဆိုတော့ အစိုးရကပဲ ဦးဆောင်ပြီး လုပ်မှ ရမှာပေါ့။ ကျမတို့ EITI ကြောင့် ဒီစီမံကိန်းသည် နိုင်ငံ အတွက် ဆုံးရှုံးနစ်နာနေတာ ဖြစ်တာကို စာချုပ်ပြင်ဆင် ချုပ်ဆိုဖို့ အစိုးရကိုယ်တိုင်က ဦးပိုင်လီမိတက်၊ မြန်မာယန်စီကုမ္ပဏီ စတဲ့ ၃ ဖက်လုံး အစည်းအဝေး ထိုင်ပြီး ဒီစာချုပ် ဘယ်လိုဖြစ်သင့်တယ် ဆိုတာ လုပ်ရမှာ။

မေး။ ။ အခုဆို စံပယ်တောင် ကြေးနီစီမံကိန်းဆို မိုင်းတွင်း ပိတ်သိမ်းဖို့ ပထမအဆင့်ကို စလုပ်နေပြီလို့ သိရတယ်။ အဲဒီမှာ ဒေသခံတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် အစိုးရဘက်က ဘယ်လောက်အထိ ထိန်းကျပ်ပေးဖို့ လိုမလဲ။

ဖြေ။ ။ သယံဇာတနဲ့ သတ္တုတွင်း ဝန်ကြီးဌာနက အမြဲတမ်း ပြောတဲ့စကားတခွန်းက ဝန်ထမ်း မလုံလောက်ဘူးဆိုတာပဲ။ အဲဒီတော့ ပြည်သူလူထုရဲ့ မျက်လုံးတွေကို စောင့်ကြည့်ကင်မရာ(CCTV) လို့ သဘောထားတယ်ဆိုရင် ဒေသခံ ပြည်သူ တွေကို ဘယ်လို ပိတ်သိမ်းတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ရှင်းပြတာက ပိုအဆင်ပြေဆုံး ဖြစ်မယ်။

အစိုးရက စောင့်ကြည့်မနေနိုင်ရင်တောင် ဒေသခံတွေက ပိတ်သိမ်းတာ နည်းစနစ် မှန်မမှန်၊ ကိုယ့်အကျိုးစီးပွား ထိခိုက် တာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖို့ နေရာတခုလည်း ဖန်တီးပေးဖို့ လိုတယ်။ ဒါဆိုရင် ပြည်သူ့အသံကနေ တဆင့် အစိုးရ က ဘယ်လောက် မှန်ကန်တယ်ဆို စောင့်ကြည့်လို့ရတယ်။

မေး။ ။ အခုလည်း ထုတ်နေဆဲပဲ။ စီမံကိန်းကာလကလည်း ၂၅ နှစ်အထိ ထုတ်လုပ်ခွင့်ရထားတယ်။ အခု ၁ဝ စုနှစ် ကျော်ကျော်လေးမှာ ပထမဆင့် ပိတ်သိမ်းတယ်ဆိုတာ ဖြစ်လာတော့ ဒါကို ဘယ်လိုမြင်လဲ။

ဖြေ။ ။ EITI ရဲ့ အကြံပြုချက်တွေမှာ နှစ်တိုင်း ပါနေတာက ထုတ်လုပ်တဲ့ စာရင်းဇယားတွေ အမြဲတမ်း မှန်ကန်ရဲ့လားဆို တာ ပါတယ်။ ဝန်ကြီးဌာနက ဝန်ထမ်း မလုံလောက်လို့ ဆိုတာက အဖြေတခုမဟုတ်ဘူး။ ကမာ္ဘနဲ့ ရင်ဘောင်တန်းနိုင်တဲ့ နည်းစနစ်တွေ ကျမတို့ဆီမှာ ရှိပါတယ်။ လူ့စွမ်းအား အရင်းအမြစ်လည်းရှိတယ်။ နိုင်ငံကသာ ဆင်းရဲမွဲတေတာ။ ဒါမျိုးတွေ မညံ့ပါဘူး။

ထုတ်လုပ်တဲ့ Data စာရင်းဇယားတွေ ရဖို့ မခက်ပါဘူး။ ဒါ အစိုးရအနေနဲ့ စဉ်းစားဖို့လိုတယ်။ အခုကြည့်လိုက်ရင် အချိန် တိုတိုလေးအတွင်း ပိတ်သိမ်းတော့မယ် ဆိုတော့ သူတို့ ထုတ်ခဲ့တဲ့တန်ချိန်ဟာ အစိုးရကို ပေးခဲ့တာနဲ့ ကိုက်ရဲ့လားဆိုတာ ကျမတို့ သံသယရှိတယ်။

EITI မှာလည်း ကျမတို့ ထည့်သွင်း ပြောထားတာက ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ပေးတဲ့ စာရင်းဇယားကိုသာ ထည့်သွင်း ရပါတယ်ဆိုတဲ့ သယံဇာတဝန်ကြီး ကိုယ်တိုင် ဝန်ခံထားတာရှိတယ်။ အဲဒီတော့ မှန်မှန်ကန်ကန်နဲ့ ရတဲ့ အချက်အလက် တွေနဲ့ ထုတ်ထားတာလား ဆိုတဲ့ မေးခွန်းပဲ ကျမတို့ ပြန်မေးရမှာပေါ့။

မေး။ ။ နောက်ဆုံး အနေနဲ့ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းနဲ့ ပတ်သက်ပြီး အစိုးရ၊ လွှတ်တော်တို့အနေနဲ့ ဘယ် လောက် အထိ အရေးတယူ ဆောင်ရွက်သင့်တယ် လို့ ယူဆလဲ။

ဖြေ။ ။ အစိုးရပိုင်းမှာ ကျမတို့က ဘယ်လောက်ပဲ ပြောနေနေ သူတို့က သိပ်ဂရုမစိုက်တာတွေ တွေ့ရတယ်။ စာချုပ်က တဖက်သတ်ပဲ ဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရအနေနဲ့ ဒါတွေကို ဂရုစိုက်မှ ရမယ်။ ဒါတွေက ပြည်သူ့ဘဏ္ဍာငွေတွေ။ အစိုးရကရော ပြည်သူ့ဘဏ္ဍာငွေနဲ့ပဲ ရပ်တည်နေတဲ့ အစိုးရဖြစ်တော့ ဒီလိုဘဏ္ဍာငွေ ဆုံးရှုံးနေတာတွေ ဒီထက်ပို အာရုံ စိုက်ဖို့လိုတယ်။

လွှတ်တော်လည်း ဒီလိုပဲ။ ကျမအခုပြောလိုက်လို့ လက်ပံတောင်းနဲ့ စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းတွေဟာ မတူ ဘူးဆိုတာ သိသွားတာနဲ့ ဝန်ကြီးဌာနနဲ့ ဆက်သွယ် ဆောင်ရွက်တာ၊ မေးခွန်းတင်တာနဲ့ ဒီစာချုပ် ပြုပြင်ဖို့ကို အမြန်ဆုံး ဆောင် ရွက်သင့်တယ်။

You may also like these stories:

တပ်မတော် ကိုယ်ပိုင် စီးပွားရေး လုပ်သင့်သလား

ကိုရိုနာဗိုင်းရပ်စ်ကောလာဟလကြောင့် ယန်စီကြေးနီစီမံကိန်းလုပ်သားများ လုပ်ငန်းခွင် ရပ်ဆိုင်း

Did you find apk for android? You can find new Free Android Games and apps.
Loading