ကိုယ့်ဆီကထွက်တဲ့ သီးနှံကို သီးနှံ မထွက်တဲ့ နိုင်ငံတွေကို ရောင်းနိုင်ဖို့ ကြိုးစားရမယ်

မျိုးပပစန်း
ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦး / ထက်ဝေ / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

မြန်မာ-တရုတ် နယ်စပ် ကုန်သွယ်ရေးသည် ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကြောင့် ၁ လနီးပါး အတွင်း ယခင်နှစ်ထက် ကုန်သွယ်မှု အမေရိကန် ဒေါ်လာ၂၀၉ သန်း ကျဆင်းခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

တရုတ်နှင့် ထိစပ်နေသော မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ လွယ်ဂျယ် နယ်စပ် ကုန်သွယ်ရေး စခန်း ၄ ခုသည် ဗိုင်း ရပ်စ် ပြဿနာ မတိုင်ခင် ကာလက ၁ ရက်လျှင် ဒေါ်လာ ၁၀ သန်းမှ ၁၅ သန်း အထိ ကုန်သွယ်မှု ပြုလုပ်နိုင်ရာမှ COVID-19 ပြဿနာ ဖြစ်ပွားချိန်တွင် ၁ ရက်လျှင် ဒေါ်လာ ၁ သန်းမှ ၂ သန်း နီးပါးသာ ကုန်သွယ်မှု ပြုလုပ်နိုင်ခဲ့သည်။

နယ်စပ် ကုန်သွယ်ရေး ထိခိုက်မှုကြောင့် အဓိက အထိနာခဲ့သည့် ပို့ကုန်များမှာ ဖရဲ၊ သခွားနှင့် ရေထွက်ကုန်များ ဖြစ်ပြီး ဗိုင်း ရပ်စ် ဖြစ်ပွားသည့် ၁ လနီးပါး အတွင်း ဖရဲ၊ သခွား တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ သန်း ၅၀ ခန့် ထိခိုက်နစ်နာခဲ့သည်။

ထိုအခြေအနေများကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနှင့် ဖြေရှင်းနိုင်မည့် အစီစဉ်များ ဆောင် ရွက်ခြင်း၊ ဗိုင်းရပ်စ် ပြဿနာကို အခြေပြု၍ ရေရှည်တွင် တရုတ်ဈေးကွက် အပြင် အခြားဈေးကွက်များသို့ပါ မြန်မာ့ သစ်သီး ဝလံ ဟင်းသီး ဟင်းရွက်များကို တင်ပို့နိုင်ရန် စီးပွားရေး သံမှူးများနှင့် ချိတ်ဆက် လုပ်ဆောင်မှုများကိုပါ လုပ်ဆောင်လျက်ရှိ သည်။

ယင်း အကြောင်းအရာများနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ ကုန်သွယ်မှုမြှင့်တင် ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦး ကို ဧရာဝတီ သတင်းဌာန သတင်းထောက် မျိုးပပစန်းက သွားရောက် တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နိုင်ငံခြားဝင်ငွေ အများဆုံး ရှာဖွေပေးနေတဲ့ ကဏ္ဍတခုဖြစ်တဲ့ သစ်သီးဝလံ ဈေးကွက်က အခက်အခဲတွေ ရှိနေတယ်။ ဒီလို ဈေးကွက်မကောင်းတာကို ဆရာတို့ အနေနဲ့ တခြားနိုင်ငံ ဈေးကွက်တွေကို ဘယ်လိုမျိုး ရှာဖွေ ပြင်ဆင်ပေးနေပါသလဲ။

ဖြေ။ ။ ပုံမှန်ကတော့ သစ်သီးဝလံက တရုတ်ကို အားကိုးနေရတာ မှန်ပါတယ်။ အဓိကတော့ ဖရဲသီး ဆိုတာက အလေးချိန် ရှိတယ်။ တန်ဖိုးကလည်း သိပ်ပြီး တန်ဖိုးကြီးတဲ့ဟာ မဟုတ်ဘူး။ ဒါကြောင့် တခြားဈေးကွက်ကို သွားမယ်ဆိုရင် ရေလမ်း ကြောင်းနဲ့ လေကြောင်းတို့ပဲ ရှိတယ်။ ဒါဆိုရင် ဈေးနှုန်းအားဖြင့် သိပ်ပြီးတော့ မကိုက်ဘူး။ ဒါကြောင့် များသောအားဖြင့် တရုတ်ကို အားကိုးရတာ ဖြစ်တယ်။ တရုတ်ကလည်း လိုအပ်ချက် ရှိနေတယ်။ ကျနော်တို့ဘက်ကလည်း ဖရဲသီး ထွက်တဲ့ အချိန်မှာ တရုတ်ကလည်း လိုအပ်ချက်ရှိတော့ ဒါကို စားကို စားရမှာ ဖြစ်တယ်။ ဒါကြောင့် မှီခိုပြီး လုပ်နေကြတာ ဖြစ် တယ်။

မနှစ်က ဖရဲသီး ရောင်းကောင်းတဲ့ ရက်ဆိုရင် ကားအစီးရေ ၅၀၀၊ ၆၀၀ ကနေ ၇၀၀ အထိ သွားတယ်။ ရောင်းအား အရမ်း တက်တဲ့ ရက်ဆိုရင် ကားအစီးရေ ၁ ထောင်ကျော်တယ်။ တင်ပို့မှုကလည်း မနည်းဘူး။ အခုက ဗိုင်းရပ်စ် ပြဿနာ ဖြစ်လာ တော့ ဘယ်သူမှတော့ ဒါကိုလည်း ကြိုမသိတော့ ကာကွယ်ဖို့ မလွယ်ဘူးပေါ့နော်။

ဖြစ်တဲ့အချိန်က အခုတော့ ကုန်သွယ်မှုက နည်းနည်း ရပ်သွားတယ်။ အခုတော့ ကုန်သွယ်မှုတော့ နည်းနည်းတက်လာ တယ်။ ဖေဖော်ဝါရီလ ၂၄ ရက်ကဆိုရင် နယ်စပ်မှာ ကားအစီးရေ ၁၀၀ ကျော်လောက် ပြန်တက်နေပြီ။ နဂို စံချိန်မမီသေး ပေမယ့် အခုလောက် ဖြစ်နေပြီဆိုတော့ ဘာပဲပြောပြော ဖြေရှင်းလို့တော့ နည်းနည်းတော့ ရနေတာပေါ့။ အဲဒီလိုတော့ ရှိ တယ်။ ဈေးနှုန်းအားဖြင့်တော့ ရောင်းလိုအားများ ပြီးတော့ ဝယ်လိုအားက ကျနေတယ်တဲ့အတွက် ဈေးကတော့ ကျတယ်။

တခြား န်ိုင်ငံဈေးကွက်သစ်တွေ ရှာဖို့တော့ ကျနော်တို့ ဘက်ကလည်း လုပ်နေတယ်။ တော်တော်များများက ချက်ချင်းဖြစ် ချက်ချင်းရှာဖို့တော့ မလွယ်ဘူးပေါ့။

မေး။ ။ ရေရှည်ဖြေရှင်းဖို့ အတွက် တရုတ်အပြင် တခြားဈေးကွက်တွေကို ရှာဖို့ လုပ်နေတယ်ဆိုတော့ အခု ဘယ်လောက် အတိုင်းအတာထိ ရှိနေပါသလဲ။

ဖြေ။ ။ ရေရှည်မှာ ဘယ်လို ဖြေရှင်းမလဲ ဆိုတော့ အခု ပြည်ပမှာရှိတဲ့ သံရုံးတွေ မြန်မာသံရုံးတွေပေါ့။ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ကနေ စာထွက်ထားတယ်။ ဘာလဲဆိုတော့ သီးနှံ တွေနဲ့ ပတ်သက်ပြီးတော့ ဖရဲ၊ သခွားတင် မဟုတ်ဘူး။ နောင်ထွက်လာမယ့် သီးနှံတွေရော။ လာမယ့် ဧပြီလဆိုရင် သရက်သီးတွေ ထွက်တော့မယ်။ ဒါပြီးရင် ငှက်ပျောသီးတွေ ထွက်ဖို့ ရှိတယ်။ ဒါကြောင့် သီးနှံတွေရဲ့ ဇယားနဲ့ ပြက္ခဒိန်နဲ့ ဘယ်ရာ သီကနေ ဘယ်ရာသီအထိ ဘယ်သီးနှံကတော့ ထွက်မယ်။ ဒါတွေကို ဈေးကွက်သစ်တွေ ရှာပေးဖို့ အတွက် သံရုံးတွေကို စာတွေ ပို့ထားတယ်။

သူတို့ကနေ တဆင့် ဟိုဘက်မှာ ဝယ်လက်တွေကို မြန်မာနိုင်ငံကတော့ ဒီရာသီတွေမှာ ဒါတွေ ထွက်မယ်။ လိုချင်တဲ့သူရှိ ရင် ဆက်သွယ်ပါ ဆိုပြီး ပထမအဆင့် လုပ်ထားတယ်။ မထွက်သေးတဲ့ သီးနှံတွေအတွက်လည်း ဈေးကွက် ကြိုရှာနေ တယ်။ အခုလိုမျိုးတွေ ဖြစ်မှာ ကြောက်လို့။ ကျနော်တို့ ကြိုပြီးတော့ စီစဉ်နေတယ်။ လက်ရှိလည်း သံရုံးတွေကို စာတော့ ရောက်သွားပြီ။ ဖေဖော်ဝါရီလ၂၅ ရက်က အစ္စရေးမှာရှိတဲ့ မြန်မာသံရုံးကနေ ဆက်သွယ်လာတယ်။ သူတို့ဆီမှာလည်း သီးနှံ ပတ်သက်ပြီး စိတ်ဝင်စားတာတွေ ရှိတယ်။ ဒါကြောင့် ဘယ်လို ဆက်သွယ်ရမလဲ ဆိုပြီး ပြောလာတာ ရှိတယ်။

ပစ္စည်း အရောင်း၊ အဝယ်လုပ်တယ် ဈေးကွက်သစ် ရှာတယ်ဆိုတာက ဈေးကွက်ရဲ့ ယုံကြည်မှုရှိအောင် တည်ဆောက်ဖို့ လည်း လိုသေးတယ်။ က်ိုယ့် ကုန်ပစ္စည်းရဲ့ အရည်အသွေးတွေ ဘာတွေဆိုတာ သူတို့က မသိသေးဘူး။ အသစ်ဆိုတော့ နည်းနည်းတော့ ခက်မယ်။ ဒါပေမယ့် ဒါက လုပ်ကို လုပ်ရမယ့်ဟာ ဖြစ်တယ်။ လုပ်ကိုင်လိုက်လို့ သူတို့ဘက်က ဈေးကွက်က ခိုင်မာသွားရင် နောက်ကျရင် ကျနော်တို့က တရုတ်ကို ၁၀၀ ရာခိုင်နှုန်း မှီခိုနေရကနေ ၂၀ ရာခိုင်နှုန်းလောက် လျှော့နိုင် ပြီး ၈၀ ရာခိုင်နှုန်းလောက်ပဲ မှီခိုရတယ်ဆိုရင် နည်းနည်း သက်သာသွားမှာပေါ့။ အကယ်၍ နောင်နှစ်တွေကျရင် ထိခိုက်မှု ဖြစ်ရင်တောင် နည်းနည်း သက်သာသွားမှာပေါ့။

တခြားဈေးကွက်တွေက ပိုပိုပြီး များလာတယ်ဆိုရင် ကျနော်တို့က ဘယ်လိုလုပ်မလဲဆိုတော့ တခြားဈေးကွက်ရဲ့ လိုအပ် ချက်က သက်သက်၊ တရုတ်အတွက်က သက်သက် တိုးချဲ့စိုက်မလား ဒါတွေကို အစီစဉ် ပြန်ဆွဲရမှာ။

မေး။ ။ နိုင်ငံခြားသံရုံး ဘယ်နှစ်ခုလောက်ကို စီးပွားရေး ချိတ်ဆက်ထားပြီးတော့ အခုလက်ရှိ ဘယ်နိုင်ငံတွေက ပြန်စာတွေ လာနေတာ ရှိပါသလဲ။

ဖြေ။ ။ စာထုတ်တားတော့ ကိုရိုနာဗိုင်းရပ်စ် စဖြစ်တော့ အစည်းဝေး လုပ်တယ်။ မကြာခင်ပဲ စာထုတ်ထားတာပဲ။ စင်ကာပူ ဆိုလည်း ဖရဲနဲ့ ပတ်သက်လို့ ဝယ်လိုတဲ့အကြောင်း အရည်အသွေးတွေ ဘာတွေ မေးလာတယ်။ ဘယ်ကုမ္ပဏီတွေက ဝယ် ချင်ပါတယ် ဆိုပြီး အကြောင်းပြန်တယ်။ ကျနော်တို့က ဖရဲ၊ သခွား အသင်းနဲ့ ချိတ်ပေးတယ်။ ဈေးစကား ပြောလို့ ရတယ်။ သူတို့စီးပွားရေး လုပ်ငန်းရှင်အချင်းချင်း ညိုကြပေါ့။

အစ္စရေးကတော့ ဘယ်သီးနှံရယ်လို့ မပြောဘူး။ ကျနော်တို့ ပေးပို့တဲ့ စာထဲမှာတော့ ဖရဲ၊ သခွားမွှေး၊ သရက်သီး၊ ငှက်ပျော သီး၊ နာနတ်သီး ထောပတ်သီး အစရှိသဖြင့် ဒါတွေက ဘယ်ရာသီတွေမှာ ထွက်တယ်။ ဆိုပြီး ကမ်းလှမ်းထားတယ်။ လော လောဆယ်ကတော့ တန်ချိန် ဘယ်လောက်လို့တော့ မပြောဘူးပေါ့နော်။ စိတ်ဝင်စားတယ် ဆိုတာမျိုးပဲ ရှိသေးတယ်။ သူတို့ က ချက်ချင်းကြီးတော့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဈေးနှုန်း၊ အရည်အသွေး ဒါတွေ သိဖို့ လိုသေးတယ်။ ဈေးကွက်သစ်ဆိုတဲ့ သဘောတရားက နည်းနည်းတော့ သည်းခံပြီး စောင့်ရတာပေါ့။

မေး။ ။ ရေရှည်အတွက် ဈေးကွက်သစ်တွေ ရှာဖွေတာရှိတယ်ဆိုတော့ ဒါက ဘယ်လောက် အတိုင်းအတာ အထိဆိုရင် တောင်သူတွေ၊ ကုန်သည်တွေ အတွက် အကျိုး သက်ရောက်မှု ရှိနိုင်လဲ။ ဥပမာ-လာမယ့် ၂၀၂၁ ခုနှစ် သစ်သီးဝလံ ရာသီ လောက်ဆို တင်ပို့နိုင်မလား။ ဘယ်လိုမျိုး တွက်ချက်ထားလဲ။

ဖြေ။ ။ ဒါကတော့ ကျနော်တို့ကလည်း သစ်သီးဝလံ အသင်းနဲ့ ညိုနှိုင်း ဆောင်ရွက်နေပါတယ်။ အရမ်းလည်း အဆင်ပြေပါ တယ်။ အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်း (NES) မှာလည်း သစ်သီးဝလံ ကဏ္ဍပါတယ်။ ကျနော်တို့က ဘာလုပ်ရမလဲ ဆိုရင် ရေရှည် စီမံကိန်း ရေးဆွဲရမယ်။ ဥပမာ- ကျနော်တို့ စိုက်တဲ့ ကွာခြားချက်ပေါ့။ တရုတ်က ဒီအချိန်မှာ ဖရဲသီး မထွက် ဘူး။ ကျနော်တို့က ထွက်နေတယ်။ ဒါဆိုရင် ဈေးကွက်က ပို့လို့ ရမယ်။ သူ့နိုင်ငံက ထွက်နေရင်တော့ ပို့လို့မရဘူး။ သူ့ ဈေး ကွက်ကို ယူလို့ မရဘူးပေါ့။ အဲဒီလိုပဲ ဘယ်နိုင်ငံတွေက ဈေးကွက် ရှိသလဲ၊ ကိုယ့်နိုင်ငံနဲ့ တခြားနိုင်ငံရဲ့ ကွာခြားချက်က ဘယ်လိုရှိလဲ၊ စတဲ့ လေ့လာမှုတွေ လုပ်ရမယ်။

သစ်သီးဝလံ အသင်းဘက်က ပညာရှင်တွေ ရှိတယ်။ ကျနော်တို့ကတော့ အစိုးရပိုင်း ဖြစ်တဲ့အတွက် သံရုံးတွေနဲ့ ချိတ်ဆက် ပြီးတော့ တဖက်နိုင်ငံရဲ့ ပေါ်လစီတွေ၊ ဒါတွေကို ပေါင်းစပ်ပြီး သစ်သီးတွေ ပို့ရင် အခွန်က ဘယ်လောက် ကောက်မလဲ၊ ပို့ရင်ရော အဆင်ပြေနိုင်မလား ဒါတွေကို အစိုးရပိုင်းက လုပ်ရမယ်။ ပညာရှင်တွေကတော့ ကိုယ့်နိုင်ငံက ထွက်နိုင်တဲ့ဟာနဲ့ ပို့နိုင်တဲ့ အနေအထားတွေကို တွက်ချက်ရမယ်ပေါ့။ ဒီလို ပုံစံမျိုးနဲ့ လေ့လာမှု ကြီးကြီးမားမား လုပ်ရမယ်။ အခုလိုတွေ ဖြစ် နေတာက လေ့လာမှု အားနည်းလို့ ဖြစ်နေတာ။

မြန်မာပြည်မှာက သိတဲ့အတိုင်းပဲ ဈေးကွက်ရှိတယ်။ စိုက်ဟ စိုက်ဟဆိုရင် တောင်သူတွေက တွန်းစိုက်ကြတယ်။ ဒါကို ဘယ်လောက် စိုက်နေတယ် ဆိုတာ ဘယ်သူမှလည်း မသိကြဘူး။ ပြီးရင် တဖက်နိုင်ငံက တခုခုဖြစ်ပြီး ရောင်းလို့မရ တော့မှ ဆုံးရှုံးမှုတွေ ဖြစ်ကြတယ်။ ဒါကြောင့် ဈေးကွက် လေ့လာမှုတွေကို အဖွဲ့အစည်း ဖွဲ့ပြီး သေသေချာချာ ရေရှည် အစီ အမံနဲ့ လုပ်ဖို့ စီစဉ်နေတယ်။

အရင်က လာအိုနိုင်ငံက ဖရဲသီး တရုတ်ကို ပို့လို့ မရဘူး။ ကျနော်တို့ ဆီကနေပဲ တရုတ်ကို သွားနေတယ်။ အခု လာအိုက တရုတ်ကို ဖရဲသီး ပို့ခွင့်ရသွားပြီ။ ၂၀၁၉ ခုနှစ်က စပို့နေပြီ။ အဲဒီတော့ လာအို ဖရဲသီးလည်း တရုတ် ဈေးကွက်ထဲ ဝင်တော့ မှာ ဆိုတော့ ဈေးကွက်အပြိုင် သူတို့ကလည်း နည်းနည်း ဝင်တော့မှာ။ တရုတ်တွေကလည်း လာအိုမှာ ဖရဲသီးသွား စိုက် တော့မှာ ကျိန်းသေတယ်။ ဒါဆိုရင် အခု မြန်မာဆီက ဖရဲ တန်ချိန် ၁ ထောင် ဝယ်နေတဲ့ဟာက လျော့သွားနိုင်တယ်။

ဒါကိုလည်း ပြန်သုံးသပ်ရမယ်။ တခြား ဈေးကွက်ရှိတဲ့ သီးနှံပြောင်းစိုက်ဖို့ရော ဘယ်လိုလုပ်မလဲ။ အခုလို ဗိုင်းရပ်စ် ပြဿ နာ ဖြစ်လာတော့ အားလုံး စုံပြီး လုပ်နိုင်ဖို့ ဆောင်ရွက်နေတယ်။ အခုက ပြည်တွင်းမှာ ရောင်းနိုင်ဖို့ ဖရဲသီးပွဲတော်လည်း မြေပဒေသာကျွန်းမှာ လုပ်ဖို့ရှိတော့ အသင်းအနေနဲ့လည်း အလုပ်ရှုပ်နေတယ်။ ဒါပြီးရင်တော့ အခု ကိစ္စတွေကို လုပ်ဖို့ နောက်တလှမ်း ဆက်တက်ရမယ်။

မေး။ ။ အခုဆိုရင် ဗိုင်းရပ်စ် ကိစ္စက ၁ လနီးပါးလောက်မှာ ဖရဲသီးဆိုရင် အမေရိကန်ဒေါ်လာ သန်း ၅၀ လောက် ဆုံးရှုံးမှု ဖြစ်သွားတယ်လို့ သိရပါတယ်။ တောင်သူတွေ နစ်နာမှုလည်း ကြီးနိုင်တယ်ဆိုတော့ ဘယ်လိုမျိုး ဆောင်ရွက်သွားဖို့ ရှိပါသ လဲ။

ဖြေ။ ။ ကျနော်တို့နဲ့ အသင်း အစည်းအဝေးလုပ်ပြီး ချက်ချင်းလက်ငင်း လုပ်လို့ရတဲ့ ကိစ္စကို ချက်ချင်း လက်ငင်းလုပ်မယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး တောင်သူ ပညာပေးလုပ်ဖို့က လေ့လာရမှာဆိုတော့ ပညာရှင်တွေလည်း လိုတယ်။ အချိန် လည်း ပေးရတယ်။ ဒါကြောင့် ကာလ တခုတော့ အနည်းဆုံး ၆ လ၊ ၁ နှစ် ဆိုတာတော့ လိုသွားနိုင်တယ်။ နောက်နှစ် လောက်မှပဲ ဒါတွေကို လုပ်နိုင်ရင် လုပ်နိုင်မယ်။

စာထုတ်ပြီး လုပ်ပေးပါ ဆိုတာက ဟိုတနေ့ကလိုပေါ့။ သံရုံးတွေတော့ စာရောက်သွားတယ်။ ဒါပေမယ့် သူတို့ကလည်း ဈေးကွက်ရဖို့ လိုက်ချိတ်ရသေးတာလေ။ ကျနော်တို့ ဆီမှာတော့ ဒါမျိုးတွေ ရောင်းဖို့ ရှိတယ်။ မင်းတို့ ဝယ်ကြမလား ဆို တာရှိတယ်။ ဒါကြောင့် အချိန်တခု ယူရတယ်။ အဲဒီလိုပဲ လေ့လာရေး လုပ်တာလည်း ကွင်းဆင်း ဆောင်ရွက်တာမျိုးတွေ လုပ်ရဦးမှာ။ နိုင်ငံခြား အဖွဲ့အစည်းတွေလည်း မေးရမယ်။ ဥပမာ- တရုတ်က ဘယ်လိုရှိလဲ၊ ဂျပန်က ဘယ်လိုရှိလဲ၊ အိန္ဒိယ၊ ၊ ထိုင်းကဘယ်လိုရှိလဲ။ ဘယ်လို ကုန်ပစ္စည်းမျိုးကို ဝယ်ချင်တာလည်း ဒါမျိုးတွေ လုပ်ဖို့ အဆင့်တွေက များတယ်ဆိုတော့ ချက်ချင်းတော့ မဖြစ်နိုင်ဘူး။ ဒါပေမယ့် ဒီဟာကို တည်ဆောက်ပြီးရင်တော့ ရေရှည်အတွက် ကောင်းတယ်။

ဒါကြောင့် အခု အဲဒီလို မဟုတ်ဘဲနဲ့ ရေရှည် ဖြေရှင်းဖို့ ဒီနိုင်ငံကို ဘယ်လောက်၊ ဒါပို့မှ အဆင်ပြေမယ်။ လက်ရှိ စိုက်ပျိုးနေ တာလည်း စိုက်၊ ဒီစိုက်ဧက ကထွက်တဲ့ သီးနှံကို တရုတ်ကိုတော့ ဘယ်လောက်သွား၊ တခြားနေရာကိုတော့ ဘယ်လောက် သွား။ ဒါဆိုရင် စိုက်ပျိုးမှုကို လျှော့စရာ မလိုဘူး။ တိုးစရာလိုလည်း တိုးဖို့ ပြောမယ်။ ဒါပေမယ့် ဈေးကွက်ကို ကြည့်ရမယ်။ ကြည့်ပြီးတော့မှ ဈေးကွက်အခြေအနေကို ဖန်တီးရမယ်။

မေး။ ။ သံရုံး ဘယ်လောက်လောက်ကို သီးနှံဈေးကွက် ရှာဖွေဖို့ အတွက် စာပို့ထားပါသလဲ။

ဖြေ။ ။ တကမာ္ဘလုံးမှာ ရှိတဲ့ မြန်မာသံရုံးတွေ အကုန်လုံးကို ပို့ထားပါတယ်။ ကျနော်ထင်တယ် တော်တော်များတယ်။ သံရုံးပေါင်း ၄၀ ကျော် လောက်ရှိတယ်။ ကျနော်တို့ သံရုံးကို စာပို့တယ်ဆိုတာ တိုက်ရိုက်ပို့လို့ မရဘူး။ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ နိုင်ငံခြားရေး ဝန်ကြီးဌာနကို ရေးရတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် သူ့ လူတွေ၊ သူ့သံရုံးတွေကို ဖြန့်ပေးတယ်။ ကျနော်တို့က တိုက်ရိုက်လုပ်လို့ မရဘူး။

မေး။ ။ လက်ရှိမှာ မြန်မာ့သစ်သီးဝလံ ဈေးကွက်ကို ဘယ်နိုင်ငံတွေက စိတ်ဝင်စားမှုရှိနေလဲ။ ဆရာတို့အနေနဲ့ရော အဓိက တိုးဖောက်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံမျိုးရှိပါသလား။

ဖြေ။ ။ ထိုးဖောက်ဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံ ရှိပါတယ်။ တရုတ်နိုင်ငံကတော့ ပစ်ပယ်လို့ မရဘူး။ အိမ်နီးချင်းနိုင်ငံလည်း ဖြစ်တယ်။ သူ့ဆီကို သွားဖို့ကလည်း လွယ်တယ်။ အခု ပြဿနာ ဖြစ်တဲ့အချိန်မှာတော့ ခက်ခဲသွားတာပေါ့။ ဒါပေမယ့် ရေရှည်မှာတော့ သူ့ကို မပို့ဘူးတော့ လုပ်လို့ မရဘူး။ သူ့ကိုလည်း ရာခိုင်နှုန်းတခုနဲ့ သွားရမယ်။ သူ့ထက် တခြား ဈေး ကွက်တွေ ဆိုရင်လည်း ဥပမာ- ရုရှားနိုင်ငံဆို တအား အေးတယ်။ သူ့မှာ သီးနှံစိုက်လို့ မရဘူး။ ဈေးကွက်ကတော့ ကိုယ်နဲ့ တအားဝေးတယ်။ ဒါပေမယ့် ကျနော်တို့ လက်ရှိကို သူ့ဈေးကွက်ကို သိရတာက ဖရဲသီးတွေကိုတောင်မှ ယိုးဒယားတို့၊ တရုတ်တို့ကတဆင့် အအေးခန်းကွန်တိန်နာတွေနဲ့ သွားတာရှိတယ်။ ဒါကြောင့် ရုရှားကလည်း ဈေးကွက်တခု ထိုးဖောက် လို့ ရတာပဲ။

ပြီးရင် ကျနော်တို့ သွားခဲ့တဲ့ အရှေ့အလယ်ပိုင်း ဒေသဖြစ်တဲ့ ဒူဘိုင်း၊ ဆော်ဒီအာရေဗျတို့ စတဲ့ သဲကန္တာရ နိုင်ငံတွေ ဆိုရင် ဘာမှ စိုက်လို့ မရဘူး။ အကုန် သူများဆီက ဝယ်စားရတယ်။ အဲဒီလို နိုင်ငံတွေကို ကျနော်တို့က ထိုးဖောက်ရမယ်။ ဒါက ကိုယ့် Target ပဲ။ သူ့ မရှိရင် ကိုယ့်မှာ ရောင်းလို့ ရတာပဲ။ သူ့မှာရှိရင်တော့ ဝယ်စားချင်မှ စားလို့ ရမှာပေါ့။ အဲဒီတော့ ကိုယ့် ဆီကထွက်တဲ့ သီးနှံကို သီးနှံမထွက်တဲ့ နိုင်ငံတွေကို ရောင်းနိုင်ဖို့ ကြိုးစားရမယ်။

ဒါကြောင့် စင်ကာပူ၊ အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများ၊ ရုရှားတို့လို တအားအေးတဲ့ နိုင်ငံတွေ ထွက်လို့ ရတယ်။ အာဆီ ယံနိုင်ငံထဲမှာတော့ များသောအားဖြင့်က ရာသီဥတု သိပ်မကွာတော့ စိုက်တဲ့ဟာက သိပ်မကွာလောက်ဘူး။ အဲဒီတော့ ပို့ရ နည်းနည်း ခက်မယ်။ ဒါကြောင့် ဝေးတဲ့ နေရာတွေ၊ လိုအပ်ချက်ရှိတဲ့ နိုင်ငံတွေကို ဈေးကွက် ထိုးဖောက်ရမယ်။ နောက်ပြီး ကိုယ်မသိသေးတဲ့ ဈေးကွက်တွေလည်း ရှိကောင်း ရှိနိုင်တယ်။

ဥပမာ- အစ္စရေးနိုင်ငံလိုမျိုး၊ သူလည်း သဲကန္တာရပဲ။ အဲဒီတော့ သူဘယ်လောက် လိုအပ်လဲ ဆိုတာ ကျနော်တို့က ချိတ် ဆက်ရင်းနဲ့မှ တဖြည်းဖြည်း သိလာမှာ ဖြစ်တယ်။ ဒါဆိုရောင်းလို့ရမယ်။ ဥရောပ နိုင်ငံတွေရဲ့ ဈေးကွက်ဆိုရင် ကျနော်တို့ သိပ်မသိဘူး။ မြန်မာပြည်မှာ ဒီအသီး ရှိလားဆိုတာ မသိကြဘူး။ အခု သိသွားရင် ပို့ကောင်း ပို့ရနိုင်တာပေါ့။ ဒါကြောင့် တခြားနိုင်ငံရဲ့ ဈေးကွက် အချက်အလက်တွေ ပြန်စုပြီးတော့ ကျနော်တို့ ကလည်း နယ်ချဲ့ရမှာ ဖြစ်တယ်။

မေး။ ။ အစ္စရေးန်ိုင်ငံက ဘယ်သီးနှံကို စိတ်ဝင်စားတာလဲရှင့်။

ဖြေ။ ။ ဘယ်သီးနှံရယ် လို့တော့ မသိသေးဘူး။ မြန်မာပြည်က သစ်သီးဝလံတွေကို စိတ်ဝင်စားတယ်။ သူတို့ ဘယ်လို ဆက်သွယ်ရမလဲ မေးလာတာ ဖြစ်တယ်။ ပြီးမှ အသေးစိတ်ကတော့ သူတို့နဲ့ ထပ်ပြောရမှာပေါ့။

မေး။ ။ ဒီအရမ်းအေးတဲ့ ရုရှားတို့လို၊ သဲကန္တာရတွေ ရှိတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတွေကို တကယ်လို့ သူတို့က မြန်မာ့ သစ်သီးဝလံကို ဝယ်မယ်ဆိုရင် ဒီနဲ့ အရမ်းလည်း ဝေးတယ်။ သစ်သီးဝလံဆိုတာကလည်း ပုပ်သိုးလွယ်တဲ့ ကုန်ပစ္စည်း လည်းဖြစ် ရက်အကန့်အသတ်လည်း ရှိတော့ ပို့ဆောင်မှု အပိုင်းကိုရော ဘယ်လိုမျိုး ပြင်ဆင်ဆောင်ရွက်မှုတွေ လုပ် ဆောင်သွားဖို့ ရှိပါသလဲ။

ဖြေ။ ။ အဲဒါလည်း မှန်တယ်။ အခု အဝေးကြီးသွားရမယ် ဆိုရင် အအေးခန်း ကွန်တိန်နာတွေနဲ့ သွားရမယ်။ ဒါမျိုးရှိတယ်။ ဒီမှာ ငါးပို့တဲ့ ရေထွက်ပစ္စည်းလို ဟာမျိုးတွေတော့ သွားနေတာ ရှိတယ်။ ဒါမျိုးနဲ့ သွားလို့ရရင် ရမယ်ပေါ့။ ဒါပေမယ့် ဒီဘက် မှာလည်း ထားသိုတဲ့အခါ ကွန်တိန်နာတွေ ရပ်ဖို့၊ သိုလှောင်နိုင်မယ့် အအေးခန်းနေရာတွေကလည်း အခု လက်ရှိတော့ ရှိ တယ်။ ဒါပေမယ့် ထပ်ပြီး တည်ဆောက်ဖို့တွေ လိုတယ်။ ပြီးတော့ တင်ပို့မှာက ရက်ရှည်လို့ မရဘူး။ အဲဒီတော့ ရက် အကန့် အသတ်အတွင်းမှာ ဘယ်လိုသွားမလဲဆိုတဲ့ ဟာမျိုးတော့ နည်းနည်း ပြန်ဆွေးနွေးရမှာ ဖြစ်တယ်။

လေကြောင်းလိုင်း ဆိုရင် ဒူဘိုင်းလို ဟာမျိုးဆိုရင် ရှိတယ်။ ဆော်ဒီလည်း ပို့လို့ ရတယ်။ ဒါဆိုရင် အချိန်ကို ကန့်သတ်စရာ မလိုဘူး။ ၁ ရက်အတွင်း ရောက်သွားမှာ။ သယ်ယူ ပို့ဆောင်စရိတ် ဈေးတော့ နည်းနည်းကြီးမယ်။ ဒါကြောင့် ကျနော်တို့က ပြန်စဉ်းစားရမှာ အအေးခန်း ကွန်တိန်နာနဲ့ ဆိုရင် ဘယ်လို ကုန်ပစ္စည်းမျိုးကို ပို့မယ်။ လေကြောင်းနဲ့ဆိုရင် ဘယ်လို ကုန် ပစ္စည်းမျိုးကို ပို့မယ်။ ဒီပုံစံမျိုးတော့ ဖြစ်သွားမယ်။

မေး။ ။ အခြား နိုင်ငံတွေကို ဈေးကွက်သစ် ရှာဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ သူတို့ နိုင်ငံတွေက သတ်မှတ်တဲ့ အရည်အသွေး သတ်မှတ်ချက်မီအောင် စိုက်ပျိုးနိုင်ဖို့ တောင်သူတွေကို ဆရာတို့အနေနဲ့ ဘယ်လိုမျိုး ဆောင်ရွက်သွားမလဲ။

ဖြေ။ ။ ဓာတ်ခွဲခန်းတွေက အခုဒီမှာဆိုရင် အမျိုးသား ပို့ကုန် မဟာဗျူဟာ ထဲမှာလည်း ပါတဲ့အတွက် ဘယ်လို ပေါင်းစည်း ပြီး လုပ်မလည်းဆိုတဲ့ စနစ်မျိုး တည်ဆောက်နေတယ်။ ဒါကို လုပ်နိုင်ဖို့လည်း လိုတယ်။ နောက်တခု ဒီ Export ကုန်ပစ္စည်း အတွက် အရည်အသွေး သတ်မှတ်ချက် လုပ်ရတော့မယ် ဆိုရင်တော့ ကျနော်တို့ ဌာနတွေ ခေါ်ပြီးတော့ ညိုနှိုင်း ပူးပေါင်း လုပ်နိုင်အောင် ဆောင်ရွက်ရမယ်။

အခုဆိုရင် ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဆိုရင် နိုင်ငံတော် ဒု သမ္မတ ၁ ဦးမြင့်ဆွေ ဦးဆောင်ပြီးတော့ လုပ်နေ တယ်။ ကျနော်တို့ ဌာနက ဆိုရင်လဲ ပြည်ထောင်စု ဝန်ကြီးက ဒုဥက္ကဋ္ဌပေါ့။ အတွင်းရေးမှူး ဆိုရင် ဒုဝန်ကြီးတို့ အမြဲတမ်း အတွင်းဝန်တို့ ပါတယ်။ သူတို့ကနေ ဒါကို ဖြေရှင်းပေးရမယ်ဆိုရင် ပိုင်းလော့ ပရောဂျက် အနေနဲ့ မြန်မြန်ရှင်း နိုင်အောင် ခေါ်ပြီးတော့ ပူးပေါင်း ဆောင်ရွက်ရင် မြန်သွားမှာပါ။ ဥပမာ -One Stop Service လိုမျိုးပေါ့။ ကျန်တဲ့ ကုန်ပစ္စည်းကတော့ သီးသန့်ရမှာ မဟုတ်ဘူး။ သစ်သီးဝလံ အတွက် ဆိုရင် သီးသန့် Data လေးနဲ့ပေါ့။

ကျနော် တရုတ်မှာ စီးပွားရေးသံမှူး လုပ်ခဲ့စဉ်က ဆိုရင် တရုတ်က သစ်သီးဝလံ အတွက် ပိုင်းလော့ ပရောဂျက် အနေနဲ့ Green Channel ပေးတယ်။ သစ်သီးကားတွေ၊ ဟင်းသီးဟင်းရွက်ကားတွေ ဖြတ်သန်းသွားလာရင် Green Channel ကားဖြစ်တဲ့ အတွက် ဘယ်သူမှ တားခွင့်မရှိဘူး။ ဖြတ်လို့ရတယ်။ ဘီးခွန်လည်း မဆောင်ရဘူး။ ဂိတ်ကြေးလည်း မပေးရ ဘူး။ တန်းပြီး ဖြတ်သန်းခွင့် ရှိတယ်။ အဲဒီလိုမျိုးပေါ့ သူတို့အတွက်ကို သီးခြား ဖြစ်မယ့်ဟာမျိုး လုပ်ပေးရင် သူတို့က ထွက် လို့ ပိုပြီးတော့ လွယ်သွားမှာပေါ့။ ပုပ်သိုးနိုင်တဲ့ ကုန်ပစ္စည်းဆိုတော့ စောင့်ဆိုင်းရတာတွေ ကြပ်နေလို့ ရှိရင် အခက်အခဲ ဖြစ်နိုင်ပါတယ်။

မေး။ ။ အခု ပြည်ပကို သစ်သီးဝလံ ဟင်းသီးဟင်းရွက် ကဏ္ဍအနေနဲ့ အမျိုးအစား ဘယ်လောက် တင်ပို့ ပြီးတော့ မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ဘယ်လောက် လောက် ရှာဖွေ ပေးနေသလဲ။

ဖြေ။ ။ ပြည်ပကို သွားတော့ သီးသန့် အချက်အလက်တော့ ကျနော်မသိဘူး။ Data ကျတော့ ကုန်သွယ် ဦးစီးဘက်မှာ တော့ ရှိမယ်။ ဖရဲ၊ သခွားကတော့ ဟိုနေ့ကမှ စာရင်းလုပ်ထားတော့ ဒါတော့ ရှိတယ်။ ဖရဲ၊ သခွားအနေနဲ့က မနှစ်ကဆိုရင် ဖရဲက တန်ချိန် ၈ သ်ိန်း၊ သခွားမွှေးက တန်ချိန် ၁ သိန်း ၅ သောင်းရှိတယ်။ အဲဒီလောက်တော့ ရှိတယ်။ ဒီနှစ်ဆိုရင် နှစ်ခု ပေါင်းမှ ဖရဲနဲ့ သခွားက တန်ချိန် ၂ သိန်း လောက်ပဲ ရောဂါမဖြစ်ခင် တင်ပို့ရသေးတယ်။ ဒါကြောင့် မနှစ်ကနဲ့ စာရင် ပြည်တွင်းမှာ အများကြီး ကျန်နေသေးတာပေါ့။

မေး။ ။ အရင်ကရော ဈေးကွက်သစ် ရှာဖွေမှုတွေကို လုပ်ခဲ့တာရှိလား။ လုပ်ခဲ့တာရှိရင် အောင်မြင်မှုရော ရခဲ့လား။

ဖြေ။ ။ ဈေးကွက်သစ်တွေကတော့ ပုံမှန်တော့ ရှာနေတာပဲ။ ရှာဖို့လည်း လုပ်နေတာပဲ။ ဒါပေမယ့်လည်း တခုရှိတာက ကျနော်တို့ မြန်မာနိုင်ငံက ဈေးကွက်ရှာဖို့ဆိုတာက အရင်က ပုဂ္ဂလိက ကဏ္ဍက သူ့ဘာသာလုပ်တဲ့ သဘောရှိတယ်။ အခု နောက်ပိုင်းမှာမှ မြန်မာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ကို စီးပွား/ကူးသန်းက စတည်ထောင်တာ လေးနှစ် လောက်ပဲ ရှိ သေး တယ်။

အဖွဲ့အစည်း အနေနဲ့လည်း တခြားနိုင်ငံတွေထက် နောက်ကျတယ်။ တကယ်က သူများနိုင်ငံမှာဆိုရင် ကုန်သွယ်မှု ဌာနတွေ ဗီယမ်နမ်၊ ထိုင်းမှာဆိုရင် Department of Internal Trade (DIT) တို့ မလေးရှားဆိုရင် Trade Mark တို့လုပ်နေတာ ကြာ လှပြီ။ သူတို့ဆိုရင် သူ့လူတွေကို နိုင်ငံခြားမှာ ရုံးတွေ ဖွင့်ပြီး ပို့ထားတယ်။ ဈေးကွက်တွေကို ဒီနှစ်မှာတော့ ဥပမာ- အိန္ဒိယ မှာတော့ ပဲခင်းတွေ ပိုးကျနေပြီ။ မင်းတို့ များများစိုက်ထားတော့ ဟိုက လှမ်းပြီး သတင်း အချက်အလက်တွေ ပေးတယ်ပေါ့။ ကိုယ်တွေမှာက ဒီလို မရှိဘူး။ အဲဒီတော့ လုပ်ရခက်တာပေါ့နော်။

အခုကျတော့ ကျနော်တို့ဆီက စီးပွားရေး သံမှူးတွေ ၉ ယောက် လွှတ်ထားတယ်။ အခု ၅ ယောက် ထပ်လွှတ်မယ်။ နိုင်ငံ တော်တော်များများကို ရောက်မယ်။ တချို့သံရုံးတွေက စီးပွားရေး သီးသန့်လုပ်တာ မဟုတ်ဘူး။ ဒါကြောင့် စီးပွားရေး အကြောင်းတော့ သိပ်နားမလည်ဘူး။ စီးပွားရေး သံမှူးရှိတဲ့ ရုံးတွေကျတော့ ဒီသံမှူးက စီးပွားရေး ကိစ္စတွေပဲ တောက် လျှောက် လုပ်ရတယ်။ ဒါဆိုရင် အမြဲတမ်း သတင်း အချက်အလက်တွေ ရမယ်။ ကျနော်ဆီကို အိန္ဒိယက စီးပွားရေးသံမှူး အခု ပို့ထားတာ ရှိတယ်။ အိန္ဒိယ အစိုးရက ပဲကို ၂၀၂၀-၂၀၂၁ မှာဆိုရင် သွင်းတာ ၅၀ ရာခိုင်နှုန်းလောက် လျှော့မယ်ဆိုပြီး သတင်းပေးတယ်။ ဒါက ကိုယ့်သံမှူး ရှိလို့ သိရတာ။

ပြည်ပက သတင်းတွေ မရသရွေ့ ကျနော်တို့က အလုပ်လုပ်လို့ မရဘူး။ အဲဒီတော့ စီးပွားရေးသံမှူးတွေနဲ့ လက်တွေ များ များ ဖြန့်ပြီး ပြည်တွင်းက တောင်သူတွေကို ဘယ်လိုစိုက်၊ ဈေးကွက်တွေကို ဘယ်လိုချိတ် ဝယ်သူကို ဘယ်လိုရအောင် လုပ်မယ် စသည်ဖြင့်ပေါ့။ ဒီလိုမျိုး သွားရမယ်။ ကျနော်တို့က ဌာနတော့ အခုမှ စဖွဲ့စည်းတဲ့အတွက် နုသေးတယ်။ ၃ နှစ်၊ ၄ နှစ်ဆိုတာ သက်တမ်းက ဘယ်လောက်မှ မရှိသေးဘူး။ ကြိုးစားနေတယ်။ ရလဒ် တဖြည်းဖြည်းတော့ ကောင်းအောင် လုပ်နေတယ်။

မေး။ ။ ထပ်လွှတ်မယ့် ၅ နိုင်ငံက ဘယ်နိုင်ငံတွေ ဖြစ်မလဲ။ အခုလွှတ်ထားတဲ့ နိုင်ငံတွေကရော ဘယ်နိုင်ငံတွေဖြစ်ပြီး ဘယ်တုန်းက စတင်လွှတ်ထားတာပါလဲ။

ဖြေ။ ။ စလွှတ်တဲ့နှစ်တော့ ကျနော်မေ့သွားပြီ။ အခုနဲ့ဆိုရင်တော့ စီးပွားရေး သံမှူးတွေ လွှတ်တာ ၃ သုတ်လောက်ရှိသွား ပြီ။ ရှေ့လွှတ်တုန်းကလည်း အကုန်လုံး မလွှတ်သေးဘူးပေါ့ စီးပွား/ကူးသန်း တခုတည်း မဟုတ်တော့။ အခုကတော့ စီးပွား/ကူးသန်း ဌာန တခုတည်းကပဲ လွှတ်တာဖြစ်သွားပြီ။ ကျနော်တို့က စီးပွားရေးဌာနဆိုတော့ အမြဲတမ်း စီးပွားရေး အကြောင်းပဲ ဇောက်ချဆွေးနွေးနေတဲ့ သူတွေလွှတ်တာဆိုတော့ ပိုပြီးတော့ နဂိုကထက်စာရင် ထိရောက်တာပေါ့။

အရင် လွှတ်ထားတဲ့ နိုင်ငံတွေက အမေရိကန်၊ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဘယ်လ်ဂျီယံ၊ ဟောင်ကောင်၊ ဂျပန်၊ စင်ကာပူ၊ ကိုရီးယား၊ တရုတ်(Nanning) နိုင်ငံများသို့ စေလွှတ်ထားတယ်။ အခု ထပ်လွှတ်မှာက တရုတ်နိုင်ငံက ကောင်စစ်ဝန်ရုံး ဖြစ်တဲ့ ကူမင်း မြို့က ကျနော်တို့နဲ့ နယ်စပ်ဆိုတော့ စီးပွားရေး သံမှူး ထပ်လွှတ်မယ်။ နောက်တယောက်ကကျတော့ ဘရာဇီးနိုင်ငံ၊ ပြီးတော့ တောင်အာဖရိက နိုင်ငံ၊ ဂျာမနီ၊ သြစတေးလျနိုင်ငံတို့ကို စေလွှတ်မှာ ဖြစ်တယ်။

မေး။ ။ အခုလို စီးပွားရေးသံမှူးတွေ စေလွှတ်တဲ့အတွက် မြန်မာ့စီးပွားရေးမှာ ဘယ်လောက်ထိ အကျိုးသက်ရောက်မှုတွေ ရှိလာပါသလဲ။

ဖြေ။ ။ ထိရောက်မှုကတော့ အခုဆိုရင် နိုင်ငံခြားကနေ စီးပွားရေးနဲ့ သက်ဆိုင်တဲ့ သတင်း အချက်အလက်တွေ အများကြီး ရလာတယ်။ ပုံမှန်ထက် ပိုရတယ်။ ပြီးရင် နိုင်ငံတကာ စီးပွားရေး အဖွဲ့အစည်းတွေနဲ့ အများကြီး ချိတ်ဆက်နိုင်တယ်။ ဥပမာ- ဥရောပ နိုင်ငံတွေဆိုရင် အရင် ပွဲတွေလုပ်တယ်၊ လူမရှိဘူး။ အခုဆိုရင် ဥရောပကို ရေထွက်ပစ္စည်းနဲ့ ပတ်သက်တဲ့ ကုန်စည် ပြပွဲတွေ ဘာတွေ ဟိုဘက်နဲ့ ချိတ်ဆက်ပြီး သွားနိုင်တယ်။

ဘယ်လ်ဂျီယံက ကုန်သည်အသင်းတွေ မြန်မာပြည်ကို လာတာတွေ ရှိတယ်။ ဒါတွေက စီးပွားရေး သံမှူးတွေ စီစဉ် ချိတ် ဆက်ပေးပြီး လွှတ်လိုက်တာ။ စပိန်က ကုန်သည်တွေ ကျနော်တို့ဆီ လာတွေ့တာ ရှိတယ်။ သူတို့ရှိတော့ စီးပွားရေး link တခု ရှိသွားတာပေါ့။ ဈေးကွက်က ဒီဘက်မှာတော့ ဒီလိုရှိနေပြီ ဆိုတာ သူတို့က ပြောနိုင်တယ်။ ကျနော်တို့အနေနဲ့ ကြိုပြီး တော့ ပြင်ဆင်နိုင်တယ်။

မေး။ ။ အခုလိုမျိုး ဆရာတို့ဘက်က လုပ်ဆောင်မှုတွေလည်း ရှိနေတော့ လာမယ့် အနာဂတ်မှာ သစ်သီးဝလံ ဟင်းသီး ဟင်းရွက် ကဏ္ဍက ဘယ်လောက်ထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားတာ ရှိပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံကလည်း စိုက်ပျိုးရေး နိုင်ငံဖြစ်တော့ အလားအလာ အများကြီး ရှိပါတယ်။ မြန်မာ့ စိုက်ပျိုးရေး ထွက် ကုန်တွေကလည်း ဘာပဲဖြစ်ဖြစ် အရည်အသွေးက မှီတယ်။ ဥပမာအားဖြင့် ကော်ဖီဆိုလည်း ကမာ္ဘ့အဆင့်ကို မီတယ်။ အမေရိကန်မှာ လုပ်တဲ့ ကော်ဖီပွဲပြပွဲတွေ သွားတဲ့အချိန်မှာလည်း မြန်မာ့ကော်ဖီကို သူတို့ အဆင့်အတန်း တခုထိ ပေး တယ်။ အောင်မြင်မှုတွေ ရခဲ့တယ်။ နောက်တခု သီဟိုစေ့ ဆိုရင် ဗီယမ်နမ်က အရမ်းထွက်တယ်။ မြန်မာနိုင်ငံကလည်း ထွက်တယ်။ ဒါပေမယ့် ဈေးကွက် သိပ်များများ မဖောက်နိုင်သေးဘူး။ ဒါပေမယ့် ဗီယမ်နမ်နဲ့ယှဉ်လိုက်ရင် မြန်မာ သီဟိုစေ့ က ပိုစားလို့ ကောင်းတယ်။ အရည်အသွေးအားဖြင့် အာမခံချက် ကိုယ်က ပိုကောင်းတယ်ဆိုတော့ ဒါကို ကမာ္ဘသိအောင်လို့ ဈေးကွက် ထိုးဖောက်ဖို့ လိုတယ်။

ပြီးရင် အရည်အသွေး ရှိတဲ့ ဈေးကွက်တွေ သွားနိုင်ဖို့ပေါ့။ ဥပမာ- တရုတ်ဈေးကွက်က အင်အားကြီးတယ်။ ဈေးတော့ သိပ် မရဘူး။ အဲဒီ တရုတ် ဈေးကွက်အစား ဂျပန်သွားမယ် ဆိုရင် သူ့ရဲ့ ဈေးနှုန်းကအစ နှစ်ဆ ဖြစ်တယ်။ ဒါမှမဟုတ် ကိုရီးယား၊ ဥရောပ ဈေးကွက်တွေကို သွားမလား ဒါဆိုရင် ဈေးနှုန်းက သုံး၊ လေး ဆလောက် ဖြစ်သွားပြီ။ ဒီမှာ ကျနော်တို့က ဘာကို ရွေးမလဲဆိုရင် ဈေးနှုန်းနဲ့ အရည်အသွေးကောင်းတဲ့ ဈေးကွက်ကို သွားရင် မပင်ပန်းတော့ဘူး။ အများကြီးလည်း စိုက်စရာ မလိုဘူး။ တဧက စိုက်ရင် အရည်အသွေးရှိတဲ့ ဈေးကွက် သိန်း ၃၀ မြတ်မယ်။ ပေါပေါရှိတဲ့ ဈေးကွက်က ၁၀ ဧက လောက် စိုက်ပျိုးမှ သိန်း ၃၀ ရမယ်ဆိုရင် ကျနော်တို့ ပိုကောင်းတာကို ရွေးမှာပေါ့။ ဒါကြောင့် ဈေးကွက်ကတော့ ရှိတယ်။ စိုက်ပျိုး တဲ့ ပုံစံမျိုးကို ရွေးချယ်သွားရမယ်။

မြန်မာနိုင်ငံမှာ စိုက်ပျိုးလို့ရတဲ့ သီးနှံ အများကြီး ရှိတယ်။ ရာသီဥတု ကြည့်မယ်ဆိုရင်လည်း အများကြီး အားသာချက် ရှိ တယ်။ ဥပမာ တရုတ်လို နိုင်ငံမျိုးဆိုရင် အေးတဲ့ အချိန်မှာ စိုက်ပျိုးလို့ မရတဲ့ အခါမျိုးတွေ ရှိတယ်။ အဲဒီအချိန်မှာ ကျနော် တို့ဆီက အပူပိုင်းထွက်တဲ့ သီးနှံမျိုးတွေ သူတို့ဆီကို ပို့ဖို့ ဖြစ်နိုင်တယ်။ အအေးပိုင်းထွက်တဲ့ သီးနှံကိုတော့ မစိုက်နဲ့ ဘာလို့ လဲ ဆိုတော့ သူ့နိုင်ငံက ထွက်တယ် သူထွက်တာကို ကိုယ်က စိုက်ပျိုးရင် ပြည်တွင်း စားသုံးမှုပဲ ရမယ်။ သူ့ နိုင်ငံကို ပို့လို့ မရဘူး။ တခြားဈေးကွက်တွေလည်း အဲဒီလိုပဲပေါ့။ မတူတဲ့ ကန့်သတ်ချက်တွေတော့ ရှိတာပေါ့။

နောက်တခု ဥပမာ ထားပါတော့။ သီဟိုစေ့ တရုတ်က ဒီအရည်အသွေးကို ယူပေမယ့် ဂျပန်က ဒီအရည်အသွေးကိို ယူချင်မှ ယူမယ်။ အဲဒီတော့ ဘာလုပ်ရမလည်း ဂျပန်နိုင်ငံက ကုန်သည်နဲ့ ချိတ်ဆက်ပြီး သူတို့က ရှင်းပြမယ်ပေါ့။ ဒီလို အချက် အလက်တွေ ရမယ်။ နောက်တခုက အခု နည်းပညာအတွက်ကို ဂျပန်နဲ့ ပေါင်းပြီး တည်ထောင်ဖို့အတွက် စာချုပ်ကို ကျနော်တို့ စီးပွား/ကူးသန်း ရုံးချုပ်ကို တင်ထားပြီးပြီ။ ဘာလုပ်မလဲဆိုတော့ Japan Institute Of Design Promotion (JDP) စာချုပ်ချုပ်ပြီးတော့ ဒီမှာ Product design လုပ်မယ်ပေါ့။ သူ့ဈေးကွက်နဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တွေကို share လုပ်ပေးမှာပေါ့။ အရောင်ဆို ဂျပန်က ဘာကိုကြိုက်လဲပေါ့။ ဒါမျိုးတွေနဲ့ ဈေးကွက်ထဲ ထိုးဖောက်ဖို့ လုပ်မယ်။ လက်မှတ် ထိုးဖို့တော့ လုပ်ထားတယ်။

မေး။ ။ ဆရာတို့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ပို့ကုန်ပိုင်း အတွက်ပဲလား။ သွင်းကုန်ပိုင်းအတွက် ကျတော့ရော ဘယ် လိုမျိုး ရှိပါသလဲ။ အခု COVID-19 ကြောင့် အထည်ချုပ်လုပ်ငန်းတွေ လက်ခစား (CMP )တွေ ကုန်ကြမ်း ပြတ်တာတွေ ရှိနေတယ်ဆိုတော့ ဘယ်လိုမျိုးဆောင်ရွက်တာရှိပါသလဲ။

ဖြေ။ ။ သွင်းကုန်ကျတော့ ကျနော်တို့ ဌာနက မဆောင်ရွက်ဘူး။ ကိုယ်က ပိုက်ဆံပေးရသေးတာ ဆိုတော့။ ဒါပေမယ့် CMP လုပ်ငန်းတွေအတွက်ကတော့ သူက သွင်းလာပြီးရင် ပြည်တွင်းမှာ ရောင်းတာ မဟုတ်ဘူး။ ပြည်ပ ပြန်တင်ပို့တာ ဆိုတော့ သူက Export ထဲ ပါသွားတယ်။ အဲဒီတော့ သူ့ကိုလည်း NES ထဲပါတယ်။ အထည်ချုပ်ကဏ္ဍရဲ့ တင်ပို့ကနေ နိုင်ငံခြား ဝင်ငွေက အများကြီးရတယ်။ ဒေါ်လာသန်း ဘယ်လောက်ဆိုတာတော့ မမှတ်မိဘူး။ နိုင်ငံတော်ရဲ့ စီးပွားရေးမှာ အဓိက ကျတဲ့ ကဏ္ဍ တခု ဖြစ်တယ်။

သူ့တို့ ကုန်ကြမ်း မရှိတာက ပြန်ဝင်လာရင် ဈေးကွက်ထဲ ဈေးနှုန်းကြီးရင်တော့ ကြီးသွားမယ်။ ပြည်ပကို ပြန်ပို့တာဆိုတော့ က်ိုယ့်အတွက်တော့ သိပ်မထိခိုက်ဘူး။ ဒါပေမယ့် လုပ်ငန်းတွေ ရပ်တာရှိရင် အလုပ်သမားတွေတော့ အလုပ်လက်မဲ့ ဖြစ် သွားနိုင်တယ်။ ဒါကြောင့် အလုပ်သမားနဲ့ လုပ်ငန်းရှင်တော့ ထိခိုက် နစ်နာမှု ရှိနိုင်တယ်။ ဒါပေမယ့်လည်း ထင်တာတော့ သူတို့လုပ်တဲ့ ကုမ္ပဏီအကြီးတွေကတော့ ကုန်ကြမ်းတွေ အလျင်မီရအောင်တော့ လုပ်ကြမယ်လို့ ထင်ပါတယ်။

မေး။ ။ တခြား ဖြည့်စွက်ပြောချင်တာများ ရှိသေးလားရှင့်။

ဖြေ။ ။ အကုန်လုံးက သူ့ဟာနဲ့ သူ သွားနေတယ်ပေါ့နော်။ ချက်ချင်းကြီးတော့ မဖြစ်ဘူး။ ရေတို၊ ရေရှည်ကိစ္စ ရှိတယ်။ ဒါကြောင့် နည်းမျိုးစုံနဲ့ စမ်းသပ်ပြီးတော့ လုပ်နေပါတယ်။ အခု မြန်မာကုန်သွယ်မှု ဗဟိုဌာနကြီးကို Soft Opening အနေနဲ့ အခု လာမယ့် မတ်လ ၂၀ ရက်မှာ လုပ်မယ်။ အဲဒါနဲ့ အတူတူ 1st Myanmar Startup Show လုပ်မယ်။ အဓိကတော့ အိတ်စပို့ ဈေးကွက်ကို ရည်မှန်းနေတဲ့ မြန်မာကုမ္ပဏီတွေကို ကျနော်တို့က မြေတောင်မြှောက်ပေးချင်တယ်။ တချို့ဆို ထုတ်ကုန်တွေ ထုတ်နေတယ်။ ဒါပေမယ့် လူမသိကြဘူး။

အဲဒီလို စတင်ပြီးလုပ်နေတဲ့ ကုမ္ပဏီလေးတွေကို ခေါ်ပြီး ပြသခတွေ ပြခန်း ငှားခတွေ ဘာမှမယူဘဲ အခမဲ့ ပြမယ်။ နောက်ပြီး ထုတ်ကုန်ကို အစားထိုးတာပေါ့။ လာရှိုးပွဲ သွားတုန်းက Flash TV ထုတ်တဲ့ အဖွဲ့တွေ တွေ့တယ်။ သူတို့စက်ရုံကို သွားလေ့လာတော့ ဘယ်လောက်မှ မရှိဘူး။ သေးသေးလေးပဲ။ စပယ်ယာပစ္စည်းလေးတွေကို တရုတ်ကနေ တင်သွင်း တယ်။ ပြီးတော့ အသေးစိတ်က အစ ဆင်တယ်။ အဲဒီလို ပြည်တွင်းထုတ် တီဗွီတွေ လုပ်နိုင်ရင် ကျနော်တို့ ပြည်ပက သွင်းတဲ့ဟာတွေ လျှော့သွားမှာပေါ့။

ကိုယ့်နိုင်ငံလည်း သူများနိုင်ငံကို ဒေါ်လာတွေ အများကြီး ပေးစရာ မလိုတော့ဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရလာမယ်။ လုပ်ငန်းရှင် သေးသေးလေးတွေ အများကြီး ပေါ်လာရင် သူက အခု ပိုက်ဆံမရှိသေးလို့ သေးနေတာ။ သူ့ကို ထောက်ပံ့ပေးနိုင်မယ်။ ချေးငွေတွေ ပေးနိုင်မယ်၊ နည်းပညာတွေ ထောက်ပံ့ပေးနိုင်မယ်ဆိုရင် သူက ကြီးလာမှာပေါ့။ ဒါဆို ကျနော်တို့ နိုင်ငံက တီဗွီ ထုတ်လုပ်နိုင်တဲ့ နိုင်ငံတခု ဖြစ်သွားမယ်။ ကောက်စိုက်စားတဲ့ ဘဝကနေ နည်းပညာကို အခြေခံ တဲ့ နိုင်ငံအဖြစ် ရောက်သွားမယ်။ တန်ဖိုးမြှင့် ထုတ်ကုန်ထုတ်လုပ်တဲ့ သူတွေ အတွက်ပဲ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။

You may also like these stories:

ကုန်ကြမ်း ပြတ်လပ်မှုကြောင့် လုပ်ငန်းရပ်ရန် အထည်ချုပ်စက်ရုံ ၂၀ နီးပါး တင်ပြထား

အနည်းဆုံး လုပ်ခလစာ ပြင်ဆင်မည့် ကာလ ရွှေ့ဆိုင်းပေးရန် လုပ်ငန်းရှင်များ တောင်းဆို

မော်လမြိုင်၊ ဖားအံ၊ မြဝတီ အဆင့်မြှင့်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading