နိုင်ငံတော်သမ္မတမှ ယခု နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အသစ်ကို ပြန်လည် ဖွဲ့စည်း ခဲ့သည်။ အဆိုပါ ကော်မရှင်အသစ်မှ ဖေဖော်ဝါရီလကုန်ပိုင်းတွင် ပထမဆုံး အဖြစ် ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ သည်။
ကြေညာချက်တွင် ကော်မရှင်၏ ရည်ရွယ်ချက်များ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရန်နှင့် လက်ရှိ လူ့အခွင့်အရေး အခြေအနေများ တိုးတက်စေရန်အတွက် လူ့အခွင့်အရေး နယ်ပယ်၌ ဆောင်ရွက်နေသည့် တရားဝင် ဖွဲ့စည်းထားသည့် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ထိတွေ့ ညှိနှိုင်းကာ ပူးပေါင်း ဆောင်ရွက်သွား ရန် စီစဉ်ထားသည် ဟု ပါရှိခဲ့သည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးနှင့် ပတ်သက်ပြီး တက်ကြွစွာ လှုပ်ရှားနေသော အဖွဲ့အစည်း အများအပြားသည် တရားဝင် မှတ်ပုံတင်ခွင့် ရရှိခဲ့သလို တချို့သောအဖွဲ့များသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရ တက်လာသည့် နောက်ပိုင်းမှ ယခုအချိန်ထိ မရရှိသေးပေ။
ထိုအခြေအနေမျိုးတွင် တရားဝင် အဖွဲ့အစည်း ဆိုသည်က လူ့အခွင့်အရေး ကာကွယ်ရေး လှုပ်ရှားနေသူများကို ကန့်သတ် လိုက်သည်လား၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် မှတ်ပုံတင်မှ တရားဝင်သလား ဆိုသည်ကို လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားနေသူများအား ဧရာဝတီသတင်းထောက် ထက်ခေါင်လင်းက မေးမြန်းခဲ့ပါသည်။
ဦးအောင်မျိုးမင်း
အမှုဆောင် ဒါရိုက်တာ
ညီမျှခြင်း မြန်မာ (Equality Myanmar)
လူ့အခွင့်အရေး ကော်မရှင်ရဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အပေါ် ဖိတ်ကြားချက်ကို ကြိုဆိုပါတယ်။ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေ မရှိဘဲနဲ့ လူ့အခွင့်အရေး ကော်မရှင်က လုပ်ငန်းတွေ ဆောင်ရွက်နိုင်မှာ မဟုတ်ဘူး။ ပညာပေးမှု ကိစ္စတွေ၊ အစိုးရကို အကြံပေးတဲ့ အချက်တွေမှာ လူမှုအဖွဲ့အစည်းတွေရဲ့ပါဝင်မှုနဲ့ ကိုယ်စားပြုမှုက အရမ်း မူတည်တယ်။ အဲဒီမှာ တခု အခက်အခဲ ရှိနိုင်တာက မှတ်ပုံတင်ထားသော အဖွဲ့အစည်းများကိုပဲ ဦးတည်ပြီး ဖိတ်ကြားတာကို တွေ့ရတယ်။
ကျနော်တို့ နိုင်ငံရဲ့ အသင်းအဖွဲ့များဆိုင်ရာ ဥပဒေက မဖြစ်မနေ မှတ်ပုံတင်ရမှာ မဟုတ်ဘူး။ မှတ်ပုံ မတင်ထားလည်း လုပ် ဆောင်လို့ ရနိုင်တဲ့ အခြေအနေမှာ မှတ်ပုံတင်ထားတဲ့ အဖွဲ့တွေကိုပဲ ရွေးချယ်တယ်ဆိုရင် မှတ်ပုံမတင်ထားတဲ့ အဖွဲ့တွေကို ချန်ထားသလို ဖြစ်နိုင်တယ်။ အဓိက အလုပ်လုပ်နေကြတဲ့ အဖွဲ့တွေက မှတ်ပုံမတင်ဘဲ လုပ်နေကြတဲ့ အဖွဲ့တွေ ဖြစ်နေ တယ်။
ပြည်သူ့အသံနဲ့ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့ ဆန္ဒကို တကယ်ပဲ ပါဝင်စေချင်၊ ပူးပေါင်းစေချင်တယ် ဆိုရင် မှတ်ပုံ တင်ထားသော အဖွဲ့များ ဆိုတဲ့ဟာကို ဖယ်ရှားစေချင်တယ်။ နောက်တခုက သူတို့ အဖွဲ့ ဘယ်လောက်အထိ လုပ်နိုင်မယ် ဆိုတာ ပြောဖို့ စောသေးတယ်။
အရင်လူတွေ အကုန်လုံး ဖယ်ရှားပြီး အသစ်တွေ ခန့်ထားတာ။ သူတု့ိမှာ အခက်အခဲ အများကြီး ရှိနိုင်တယ်။ ဒါပေမယ့် အရင် ကော်မရှင်က ကြုံတွေ့ခဲ့ရတဲ့ စိန်ခေါ်ချက်တွေ၊ အားကောင်းချက်တွေကို သင် ခန်းစာယူပြီးတော့ သူတု့ိ ဘာဆက် လုပ်မလဲဆိုတာ အများပြည်သူ သိအောင် သူတို့လုပ်နိုင်တယ်။
ဘယ်လောက်အထိ ကိစ္စတွေ လုပ်ဆောင်နေတယ်၊ ဘာစိန်ခေါ်မှုတွေရှိလဲဆိုတာ တခြား ပြည်သူတွေက ဘယ်လို ဝိုင်း ဝန်းလက်တွဲ ဆောင်ရွက်နိုင်မလဲ ဆိုတာတော့ အားလုံးပါဝင် တိုင်ပင် အသိပေးတဲ့ လမ်းကြောင်းနဲ့ လုပ်ဆောင်မယ်ဆိုရင် ပိုမို အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။
အရင် ကော်မရှင်တုန်းက သူတို့ ကော်မရှင်က ဘာတွေ လုပ်ဆောင်မလဲဆိုတာနဲ့ ပတ်သက်တဲ့ စီမံချက်တွေ ကျနော်တို့ကို အသိပေးထားတာ ရှိတယ်။ ပညာပေးမှုတွေလည်း ပါတယ်။ အစိုးရကို ဘယ်လို လှုံ့ဆော်မလဲ ဆိုတာလည်း ပါတယ်။ အဲဒါမျိုးတွေကို လက်ရှိ ကော်မရှင် အသစ်က ဘာတွေဆက်လုပ်မှာလဲ။
အဲဒါလုပ်ဆောင်ဖို့ သူတို့မှာ ဘယ်လို အကူညီတွေ လိုအပ်မလဲ။ ဘယ်လို ပံ့ပိုးမှုတွေ လိုအပ်မလဲသိနိုင်မှ ကျနော်တို့က သူတို့ လိုအပ်တဲ့ဟာတွေ အပေါ် လက်တွဲလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ကော်မရှင် ဥပဒေနဲ့ ပတ်သက်ပြီး ဒီကော်မရှင် အသစ်က ဥပဒေပြုရေးက သူတို့နဲ့ မဆိုင်ဘူးလို့ ပြောကောင်း ပြောပါလိမ့်မယ်။
လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်နဲ့ လုပ်ဆောင်ချက် ဖြစ်နေတာ။ ဒါပေမယ့် ဒီကော်မရှင် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာ အများကြီးပဲ။ ဒီအားနည်းချက်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်သလို ကော်မရှင်မှာ တာဝန် ထမ်းဆောင်သူတွေရဲ့ လူ့အခွင့်အရေး အပေါ် စိတ်ရော လူရော တာဝန်ကျေကျေ၊ အသိစိတ်ရှိရှိနဲ့ လုပ်ဆောင်ဖို့လည်း လိုအပ်ပါတယ်။
ဥပဒေ ပြောင်းလဲရေး အတွက် ကျနော်တို့တွေ ဆက်ကြိုးစားနေသလို ဥပဒေ ပြောင်းလဲရင်တောင် ကော်မရှင်ကလူတွေက မပြောင်းလဲရင်လည်း မရပါဘူး။ အရင်တုန်းကလည်း ကော်မရှင်က အရပ်ဘက် အဖွဲ့တွေနဲ့ ဖိတ်ခေါ် တွေ့ဆုံတာ ရှိသလို အခုလည်း ဖိတ်ခေါ်တယ်။ ဒါပေမယ့် တခါတွေ့ပြီး ဖိတ်ခေါ် ကြားနာပါတယ် ဆိုတာ ဖြစ်မယ့်အစား အမှန်တကယ် လူ့ အခွင့်အရေး လုပ်ဆောင်နေတဲ့ အဖွဲ့တွေနဲ့ အချိန်မရွေး တွေ့နိုင်တဲ့ လမ်းကြောင်းတွေ ချပေးဖို့ လိုသလို စဉ်ဆက်မပြတ် တွေ့ဆုံသွားပြီး ပုံမှန် အစည်းအဝေးတွေ ရှိမယ်ဆို ပိုမိုအောင်မြင်မယ်လို့ ကျနော်ထင်တယ်။
မောင်ဆောင်းခ
အမှုဆောင် ဒါရိုက်တာ
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားသော အသံအဖွဲ့ (Athan)
ဒီလိုမျိုး အရပ်ဘက် အဖွဲ့အစည်းတွေကို လမ်းဖွင့်ပေးတာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်တို့ မရှင်းတာက တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း ဆိုတာမှာ မှတ်ပုံတင်ထားလား၊ မထားလား ဆိုတာတဲ့အပေါ်မှာတော့ ရှင်းပေးဖို့ လိုတယ်။ မှတ်ပုံ မတင်ထားသော်လည်း ဒီလို လူ့အခွင့်အရေး ကိစ္စအပေါ် ရပ်တည်နေကြတဲ့ အဖွဲ့အစည်းတွေကိုပါ ထည့် သွင်း စဉ်းစားတယ်ဆို ပိုကောင်းတာပေါ့။
အပြောမဟုတ်ဘဲ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်မယ်။ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ အသံကို လည်း ပိုအလေးထားမယ်၊ တဖက်မှာ အစိုးရကပဲ ဖြစ်ဖြစ်၊ တပ်မတော်ကပဲ ဖြစ်ဖြစ် လူ့အခွင့်အရေး ချိုးဖောက်တဲ့အခါမှာ အာဏာရှိသူတွေဘက် မရပ်ဘဲ ခံရသူတွေဘက် ရပ်ပြီး ပြောဆိုနိုင်တဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်လာနိုင်တယ်ဆို ပို ကောင်းမယ်။ တဖက်မှာ အဲဒီလို လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ဖို့ လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို ပြင်ဖို့က လိုပြန် တယ်။
လက်ရှိ ကော်မရှင်က အဲဒီဥပဒေကို ပြင်ဖို့ တွန်းအားပေးတဲ့ အဖွဲ့အစည်း ဖြစ်စေချင်သလို ပြင်တဲ့နေရာမှာလည်း အရပ် ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ လုပ်မယ်ဆို ပိုကောင်းမယ်လို့ ထင်တယ်။ အဲဒီမှာ အခု ပါတဲ့သူတွေ အများစုက အစိုးရ အရာရှိဟောင်းတွေ။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အများကြီး မမျှော်လင့်မိဘူး။ သူတို့ ရပ်တည် ဆောင်ရွက်ခဲ့တာက လူ့အခွင့်အရေး နယ်ပယ်မဟုတ်တဲ့ အခါကျတော့ ကျနော်တို့ရဲ့ စိုးရိမ်မှုက အမြဲတမ်း ရှိနေတယ်။
ကိုအောင်မျိုးကျော်
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) မြန်မာပြည်ရုံး တာဝန်ခံ
အခုလို ဖိတ်ခေါ်တာကတော့ ကောင်းပါတယ်။ ဒါကတော့ ပထမခြေလှမ်းလို ကောင်းမွန်တဲ့ အလားအလာပေါ့။ တခုပဲ။ တရားဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းဆိုတာ ဘယ်လိုဟာမျိုးကို ပြောချင်တာလဲ။ မှတ်ပုံတင်ထားမှလား။ ကျနော်တို့ဆို နိုင်ငံရဲ့အနေအထား အရ မှတ်ပုံတင်ထား၊ မထားထား တရားဝင် ဖြစ်နေတာပဲ။ အစိုးရကနေ မတရားအသင်း မကြေညာ မချင်း တရားဝင် အဖွဲ့အစည်းပဲ။
ကျနော်တို့ AAPP ဆိုရင် ဒီအစိုးရ လက်ထက်မှာ မှတ်ပုံတင်ဖို့ လျှောက်တယ်။ အငြင်းခံရတယ်။ ထပ်တော့ ကြိုးစားဦးမှာပါ။ အဲဒီလို မှတ်ပုံမတင်ထားရင် တရားဝင် အဖွဲ့အစည်းလို့ မသတ်မှတ်ဘူးလား။ အရပ်ဘက် အဖွဲ့အစည်းတွေကနေ လူ့အခွင့် အရေး ချိုးဖောက်မှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အများကြီး ရနိုင်ပါတယ်။ ဒါတွေကို ကော်မရှင်က အကောင် အထည်ဖော်မယ်၊ အရေးယူနိုင်မယ်ဆို ကျနော်တို့နိုင်ငံအတွက်တော့ ကောင်းမွန်တဲ့ အလားအလာပါ။
ဘယ်လောက် လုပ်နိုင်မလဲ ကိုတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပါ။ အရင်ကလို စစ်ဗိုလ် အဟောင်းတွေ နည်းပါးပြီး အရပ်ဘက် လူတွေ ပါတယ်ဆိုပေမယ့် သေချာတာက ဒီကော်မရှင် စဖွဲ့ကတည်းက ပွင့်လင်းမြင်သာမှု မရှိခဲ့ဘူး။ တကယ် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ပေးခဲ့တဲ့သူတွေ မပါဘူး။ အများစုက ဝန်ထမ်းဟောင်းတွေ ဖြစ်နေတယ်။
အတိအကျ ပြောနိုင်တာကတော့ လက်ရှိ လူ့အခွင့်အရေး ကော်မရှင် ဥပဒေကို မပြင်ဘဲနဲ့ ဒီကော်မရှင်အသစ်လည်း အများကြီး မလုပ်နိုင်ပါဘူး။ ကန့်သတ်ချက်တွေက အများကြီး ဖြစ်နေတာ။ နောက်တခုက ကော်မရှင် အဖွဲ့ဝင်တွေရဲ့ စိတ် စေတနာပဲ။ ပြည်သူတွေအပေါ် ငါတို့က အလုံးစုံ အကာကွယ်ပေးမယ်ဆိုတဲ့ စိတ်ရှိမယ်ဆို အများကြီး လုပ်နိုင်မှာပါ။
ဦးမြတ်သူဝင်း
ဥက္ကဋ္ဌ
ရွှေမင်းသား ဖောင်ဒေးရှင်း
ကျနော်တို့ အနေနဲ့က ဘယ်အဖွဲ့နဲ့ မဆို ရည်မှန်းချက် တူတယ်။ လုပ်ပုံလုပ်နည်း တူတယ်ဆို အတူတူ သွားမှာပဲ။ မန္တလေး ကို တယောက်က ရထားနဲ့ သွားမယ်၊ နောက်တယောက်က ကားနဲ့သွားမယ်ဆို ရည်မှန်းချက် တူပေမယ့် သွားပုံခြင်းက မတူပြန်ဘူး။ နောက် အရေးကြီးတာက လားရာရဲ့ ပကတိ အခြေအနေကလည်း ပါတယ်။ ပြီးခဲ့တဲ့ အတိတ်ကိုချည်း သွားထောက်ပြနေလည်း လွဲတာပဲလေ။ အတိတ်ကာလကိုတော့ မေ့ထားလို့တော့ မရဘူးပေါ့။
တိုင်းပြည် တည်ဆောက်ပြီ ဆိုကတည်းက အရင်ဟာတွေချည်း ပြောနေလို့ မရသလို မေ့ထားလို့လည်း မရဘူးပေါ့။ ကျနော်တို့ အရပ်ဘက် အဖွဲ့အစည်းတွေမှာ ရည်ရွယ်ချက်နဲ့ ကိုက်ညီရင် တွဲလုပ်ရမှာပေါ့။ အဲဒီ ကြေညာချက်မှာပါတဲ့ တရားဝင် အဖွဲ့အစည်းဆိုတာမှာ မှတ်ပုံတင်မှ တရားဝင်တယ် ဆိုတာ မှန်ပေမယ့် လွဲနေပြန်သေးတယ်။ လူ့အခွင့်အရေး လှုပ်ရှားတဲ့ဆီမှာ မှတ်ပုံတင်ချင်မှ တင်မှာပေါ့။ အဲဒီလို အဖွဲ့နဲ့ ကျနော်တို့လည်း အတူသွားချင်သွားမှာပေါ့။
အတူတူသွားနေတာ မှတ်ပုံတင် ပါတာ၊ မပါတာက အကြောင်းအရာ မဟုတ်တော့ဘူး။ သိပ်အရေးကြီးခွင်ကျယ် လုပ်စရာ အကြောင်းတော့ မဟုတ်တော့ဘူး။ တရားဝင် ဆိုတဲ့ စကားလုံး ဘာကြောင့် သုံးသလဲဆိုတာ ကာယကံရှင်တွေကို မေးရ လိမ့်မယ်။ သူတို့က နိုင်ငံတော်က တရားဝင်ဖွဲ့ထားတဲ့ အဖွဲ့ဖြစ်လို့ နိုင်ငံတော်ကပဲ လမ်းညွှန်ပေးထားသလား ဆိုတာ မသိ ဘူး။ ကျနော်ကတော့ အဲဒီလိုဟာမျိုး ပြောတာ လက်မခံဘူး။
ကိုမိုဃ်းသွေး
Generation Wave
ပထမဦးဆုံး ပြောချင်တာက တရားဝင် ဖွဲ့စည်းထားသော အရပ်ဘက် အဖွဲ့အစည်းများ ဆိုတာ ပြဿနာ ရှိလာတယ်။ အခု ကော်မရှင်က လူတွေကရော တိုင်းပြည်ထဲက လူ့အခွင့်အရေး ဥပဒေတွေ၊ နိုင်ငံတကာ စံနှုန်း လူ့အခွင့်အရေးတွေကို နား လည်ရဲ့လားလို့ မေးရမယ်။ သူတို့က နိုင်ငံတွင်း အာဏာပိုင်က အစ ပြည်သူအထိ ဘက်မလိုက်ဘဲ ရပ်တည်ဖို့က သူတို့မှာ တာဝန်ရှိတယ်။
နိုင်ငံတကာ စံနှုန်းအရ လူတိုင်းဟာ လွတ်လပ်ခွင့် ရှိတယ်။ လွတ်လပ်စွာ အသင်းအဖွဲ့တွေမှာ ပါဝင်ခွင့် ရှိတယ်ဆိုတာ ပါပြီးသား။ တရားဝင်တယ်၊ တရားမဝင်ဘူး ဆိုတာ ဘာမှ မလိုအပ်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းက လက်နက်ကိုင် အကြမ်းဖက်တဲ့ အဖွဲ့အစည်း မဟုတ်တဲ့ဟာဆို လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိတယ်။ နောက်တခု ထောက်ပြချင်တာက ပြည် တွင်းက အသင်းအဖွဲ့ ဥပဒေ။ ထပ်လည်း ပြင်ထားတယ်။ အဲဒီ ဥပဒေအရ မြန်မာပြည်မှာက အသင်းဖွဲ့တွေ လွတ်လပ်စွာ ဖွဲ့စည်းခွင့် ရှိတယ်။
မှတ်ပုံတင်ဖို့ ဆိုတာ မိမိတို့ အဖွဲ့အစည်း စိတ်ဆန္ဒရှိက တင်လို့ ရတယ်။ မှတ်ပုံတင်တင်၊ မတင်တင် အဲဒီအဖွဲ့က တရားဝင် ပြီးသားပဲ။ အခု သူတို့ပြောတဲ့ တရားဝင် အဖွဲ့အစည်းဆိုတာ ဘယ်အဖွဲ့အစည်းကို ပြောတာလဲလို့ ကျနော်တို့မှာ မေးခွန်း ထုတ်စရာ ရှိတယ်။ ကျနော် တည့်တည့်ပြောရရင် လူ့အခွင့်အရေး ကော်မရှင်ဟာ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေ ကို နားမလည်ဘူးလို့ ယူဆတယ်။ ဗစ်တိုးရီးယားလေးကိစ္စမှာ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရတာ ရှိတယ်။ လိုက်ပါ ကူညီပေးခဲ့တဲ့သူတွေ ရှိတယ်။ အဲဒီလို လူတွေကို သူတို့ ဘယ်သူ၊ ဘယ်ဝါ ဆိုတာ ဖော်ပြစရာ မလိုဘူး။
လက်နက်ကိုင် ပဋိပက္ခဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနိုင်တာပဲ။ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင် ဘယ်သူမဆို ဖြစ်နိုင်တယ်။ အဲဒီဟာမျိုးတွေကို တင်ပြမယ့် လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေပဲ ဖြစ်ဖြစ်၊ သတင်း မီဒီယာပဲဖြစ်ဖြစ် ဘယ်သူဆိုတာ ဖော်ထုတ်လို့ မရဘူး။ အဲဒီတော့ သူတို့က မှတ်ပုံလည်း တင်ထားရမယ်၊ သူတို့က ဘယ်သူ၊ ဘယ်ဟာဆိုတာလည်း အချက်အလက် ပေးရမယ်ဆိုတော့ သူတို့ရဲ့ လုံခြုံရေးကိုရော၊ ပုဂ္ဂလိက အခွင့်အရေး တွေ ချိုးဖောက်ခံနေရသလိုပဲ။ သူတို့ရဲ့ ပူးပေါင်း ဆောင်ရွယ်မယ်ဆိုတာ လွတ်လပ်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းချင်တဲ့ သဘော မရှိနိုင်ဘူး။ ထိရောက်မှုလည်း ရှိမယ် မထင်ဘူး။
You may also like these stories:
ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး တရားစွဲဖို့ အဆင်သင့်ဖြစ်နေပြီ