နှစ်တိုင်းရဲ့ မတ်လ ၈ရက်နေ့မှာ ကျရောက်တဲ့ “ကမ္ဘာ့ အမျိုးသမီးများနေ့”ဟာ မကြာခင်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ ဒီနှစ်ရဲ့ အမျိုးသမီးများနေ့အတွက် တကမ္ဘာလုံးဆိုင်ရာ ဆောင်ပုဒ်ကတော့ ” ညီမျှမှုဆိုတာ အားလုံးအတွက်ပါ ” ဆိုတဲ့ ဆောင်ပုဒ်ဖြစ်ပါတယ်။ ၂၁ ရာစုမှာ အမျိုးသမီးတွေဟာ အမျိုးသားများနဲ့ တန်းတူညီမျှတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်လာကြ ပြီး နယ်ပယ်အသီးသီးမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်နေသူတွေ အများကြီးရှိလာပြီဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာနေထိုင်တဲ့ အမျိုးသမီးတွေအနေနဲ့လည်း လူမှုရေးနဲ့ စီးပွားရေးတွေမှာ ဦးဆောင်ပြီး လုပ်ကိုင်သူတွေ များပြားလာပါတယ်။ အဲဒီလို အမျိုးသမီးတွေမှာ မသင်ဇာအေးကလည်း တယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ မသင်ဇာအေးဟာ ရန်ကုန်မြို့ကြီး သန့်ရှင်း လှပနေအောင် ထိန်းသိမ်းရေး ပိုပြီး သတိပြုမိလာဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၀၁၇ ခုနှစ်မှာ စတင် တည်ထောင်ခဲ့တဲ့ ပရဟိတ လူမှုအကျိုးပြု အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Clean Yangon ကို တိုးတက်ဖွံ့ဖြိုး လာအောင် နောက်ကွယ်ကနေ အားထုတ်ကြိုးပမ်းခဲ့သူတဦး ဖြစ်ပါတယ်။
အဖွဲ့သက်တမ်း (၂) နှစ်အကြာမှာတော့ လူထုကို ပိုပြီး အသိပညာပေးချင်တဲ့အတွက် Facebook ရဲ့ နည်းပညာကိရိယာ များကို အသုံးချခဲ့ပြီး လစဉ်ပြုလုပ်တဲ့ စုပေါင်းသန့်ရှင်းရေးနဲ့ သင်တန်း အမျိုးမျိုးမှာ လုပ်အားပေးဖို့ စေတနာ့ဝန်ထမ်း (၂,၀၀၀) ကျော်ကို စုဆောင်းနိုင်ခဲ့ပါတယ်။ မသင်ဇာအေးဟာ Clean Yangon အဖွဲ့မှာ လုပ်ငန်းတာဝန်တွေ စီမံခန့်ခွဲဖို့၊ စေတနာ့ဝန်ထမ်း စုဆောင်းဖို့နဲ့ Marketing ပြုလုပ်ဖို့စတဲ့ အခန်းကဏ္ဍ တော်တော်များများကို တာဝန်ယူထားတဲ့ မသင်ဇာအေးကို ဧရာဝတီမှ ရေဗန်က မေးမြန်းမှုတွေ အခုလိုပဲ ပြုလုပ်ခဲ့ပါတယ်။
မေး။ ။ ပရဟိတအလုပ်တွေကို တာဝန်ယူဦးဆောင်ပြီးလုပ်ကိုင်နေတဲ့ အမျိုးသမီး တယောက်အနေနဲ့ လုပ်ငန်းခွင်နဲ့ မိသားစုဘဝ ညီမျှမှုရှိအောင် ဘယ်လိုနေထိုင်ပါသလဲ။
ဖြေ။ ။ ကျမက သူနာပြုတက္ကသိုလ်ကနေ ကျောင်းပြီးခဲ့တယ်။ တဖက်မှာလည်း NGO မှာ အလုပ်လုပ်နေတယ်။ တဖက်မှာလည်း ပရဟိတကို လုပ်နေတယ်။ တပတ်မှာ ၅ရက် ရုံးတက်ရက်ရှိတယ်။ ရုံးပိတ်ရက် ၂ရက်မှာ လူမှုအကျိုးပြုလုပ်ငန်းတွေကို အချိန်အပြည့်အဝ ပေးထားတယ်။ ကြားရက်ထဲမှာ ပရဟိတလုပ်စရာရှိရင်တော့ ရုံးအလုပ်တွေကို အရင်ပြီးပြတ်အောင် လုပ်ရတာပေါ့။ ကျမက အိမ်ထောင်သည်ဆိုတော့ အိမ်မှုကိစ္စမလစ်ဟင်းအောင် တော့ လုပ်ရတာပေါ့။ အမျိုးသားဖြစ်သူကလည်း အိမ်မှုကိစ္စကို ခွဲဝေပြီး တာဝန်ယူပေးတာတွေ ရှိပါတယ်။
မေး။ ။ ကိုယ်တိုင်လည်း အပြင်ထွက်ပြီးအလုပ်တွေ လုပ်နေတဲ့ အတွက် မြန်မာနိုင်ငံက လုပ်ငန်းခွင်တွေမှာ အမျိုးသမီးတွေအပေါ် ရာထူးနေရာပေးဖို့ နှိမ့်ချနေတာတွေ ရှိနေဆဲလို့ မြင်ပါသလား။
ဖြေ။ ။ ကျမလုပ်ကိုင်နေတဲ့ NGO လုပ်ငန်းတွေမှာ တမျိုးပေါ့။ ပြောရမယ်ဆိုရင် စက်ရုံ၊အလုပ်ရုံဝန်ထမ်းတွေမှာဆို အခြေအနေက တမျိုးသွားတယ်။ လုပ်ကိုင်နေရတဲ့ နေရာတွေ အပေါ်မူတည်ပြီး ယောကျာ်းလေး၊ မိန်းကလေးတွေရဲ့ ရပိုင်ခွင့်တွေ၊ ရာထူးတွေ၊ လုပ်ခလစာတွေ ကွဲပြားမှုရှိတာကတော့ ဒီနေ့အထိ ရှိနေဆဲပါပဲ။
မေး။ ။ လူငယ်အမျိုးသမီး တဦးအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်တွေမှာ ဘယ်လိုခွဲခြားမှုတွေ ကြုံတွေ့ခဲ့ရလဲ။
ဖြေ။ ။ လုပ်ငန်းခွင်ပိုင်းမှာတော့ ကျမ NGO လုပ်ငန်းခွင်ကို စဝင်တဲ့အချိန်က ရခိုင်အရေးအခင်းဖြစ်နေတဲ့အချိန်ပေါ့။ အဲဒီမှာ စစ်တွေကို သွားမယ်ပေါ့။ အဲဒီအ်ချိန်မှာ မိန်းကလေးတွေအတွက်က လုံခြုံမှုအရ အရမ်းကို ခက်ခဲတဲ့ အနေအထားပေါ့။ မိန်းကလေးဆိုရင်မသွားသင့်ဘူးဆိုတဲ့ ကန့်ကွက်မှုတွေရှိတာပေါ့။ လုံခြုံရေးအရပေါ့။ ကျမကတော့ သွားကို သွားနိုင်တယ်လို့ ကိုယ့်ကိုယ်ကို ယုံကြည်တာပေါ့။ ကိုယ်နဲ့ ရာထူးတူတဲ့ အမျိုးသားတွေက သွားရပြီး ကျမတို့ကို ပေးမသွားတာပေါ့။ အဲဒီလို ခွဲခြားတာတွေရှိခဲ့တယ်။ အဲဒီလို ပြဿနာမျိုးတွေ ကြုံရတော့ ကျမတို့လည်း ယောကျာ်းတွေလိုပဲ သွားနိုင်ပါတယ်ဆိုတာကို အလုပ်နဲ့သက်သေတော့ပြရတာပေါ့။
မေး။ ။ မြန်မာမိန်းကလေးတွေ အမြဲကြုံတွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာစနောက်မှုနဲ့ ပတ်သက်တဲ့ အမြင်လေးကို သိချင်ပါတယ်။
ဖြေ။ ။ အဓိကပြောရမယ်ဆိုရင် ကိုယ်ထိလက်ရောက်စော်ကားမှ စော်ကားမှုမဟုတ်ဘူးလေ။ လမ်းလျှောက်သွားတဲ့အခါ စနောက်ပြီး အော်ခေါ်တာတွေကလည်း ကာယအိန္ဒြေပျက်ပြားအောင်လုပ်တဲ့ စော်ကားမှုတွေပဲ။ ဒါတွေကို ဥပဒေတွေနဲ့ ကာကွယ်ဖို့ လုပ်နိုင်ရမယ်။ ဒီမှာက အဲဒီလို စနောက်ခံရလို့ သွားတိုင်ရင်တောင် မိန်းကလေးဘက်က အရှက်ကွဲမယ်ဆိုပြီး မတိုင်ကြဘူးပေါ့။
မိန်းကလေးတော်တော်များများက ကြောက်ကြတယ်။ ကြောက်ပြီး ဘာမှပြန်မပြောကြဘူး။ ကျမအနေနဲ့ဆိုရင်တော့ ကြောက်စရာမလိုဘူးလို့ မြင်တယ်။ ကျမတို့က သူတို့ကိုဘာမှလုပ်တာ မဟုတ်ဘူးလေ။ သူတို့က ကျမတို့ကို လာစော်ကားတာ။ ကျမတို့ဘက်က မကြောက်မရွံ့နဲ့ ဥပဒေနဲ့အညီဖြေရှင်းရမှာပဲ။ အဲဒီလို မတော်တရော်စနောက်တာတွေ ခံရပြီဆိုရင် သက်သေနဲ့တကွ တခါတည်းပြနိုင်အောင် မိန်းကလေးတွေဖက်က မကြောက်မရွံ့ လုပ်ဖို့ လိုအပ်တယ်။
မေး။ ။ ရန်ကုန်မြို့နောက်ဖေးလမ်းကြားတွေမှာ သန့်ရှင်းတွေလုပ်ပြီး အမှိုက်တွေ ပြန်ပစ်ကြတာတွေကို ဘယ်လိုပြန်ဖြေရှင်းဖို့ စီစဉ်ထားတာတွေရှိလဲ။
ဖြေ။ ။ Clean Yangon က ပြည်သူတွေကို အသိပညာပေးတာပေါ့။ ပုံမှန်ဆို တလတကြိမ် ကမ်ပိန်းတွေလုပ်တယ်။ ” စည်းကမ်းမဲ့ အမှိုက်ပစ်တာ ရှက်စရာ ” ဆိုတဲ့ အကြောင်းကို ပြည်သူတွေကို နားလည်အောင်လုပ်ပေးချင်တာပါ။ ကျမတို့ ကမ်ပိန်းမှာ ပါတဲ့သူတွေဆို သူတို့ပစ်တဲ့ အမှိုက်ကို ကောက်တာမဟုတ်ဘူးလေ။ စည်းကမ်းမဲ့တဲ့ သူတွေ ပစ်ထားတာကို ကောက်တာဆိုတော့ အသိပညာ ပေးချင်တာပေါ့။
Clean Yangon ရဲ့ ရည်မှန်းချက်ကတော့ အပြောင်ရှင်းချင်တာပါ။ ရေမြောင်းတွေ ရှင်းတုန်းကလိုပေါ့။ ရေမြောင်းလေးက သန့်နေပြီ၊ အရမ်းကို သာယာနေပြီဆိုတဲ့ အချိန်မှာ အမှိုက်တွေ ပြန်ပစ်ကြတာပေါ့။ အဲဒီလိုဖြစ်တော့ စိတ်မကောင်းဖြစ် ပေမယ့် ကျမတို့အနေနဲ့ တခါနဲ့ မရရင် နှစ်ခါ၊ သုံးခါ၊ ဘယ်နှခါပဲ လုပ်ရလုပ်ရ လုပ်ရမှာပါပဲ။ ကျမတို့အနေနဲ့ စိတ်ဓာတ်ကျသွားလို့ မဖြစ်ဘူးလေ။ တဖက်ကလည်း ဥပဒေအရအရေးယူပေးဖို့ တိုက်တွန်းတာတွေကို စီစဦနေရပါတယ်။
မေး။ ။ Clean Yangon ရဲ့ ရှေဆက်လုပ်ဆောင်သွားမယ့် အရာတွေကို သိချင်ပါတယ်။
ဖြေ။ ။ ဧပြီလမှာ အမှိုက်နဲ့ဘဝဆိုတဲ့ ဓာတ်ပုံပြိုင်ပွဲလေး လုပ်ဖို့ ရှိတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်မှာပါ။ ပြီးရင်တော့ မေလကို ရောက်ရင် ရန်ကုန်မြို့အပြင် မြန်မာတနိုင်ငံလုံးအနေနဲ့ Clean Myanmar ဆိုတာလေး လုပ်ဖို့ရှိတယ်။ တနိုင်လုံးက မြို့တော်တော်များများကို သန့်ရှင်းရေးလုပ်ဖို့ပေါ့။
မေး။ ။ ရုန်းကန်လှုပ်ရှားနေတဲ့ အမျိုးသမီးငယ်တွေကို ဘယ်လိုအကြံပြုစကားတွေ ပြောပေးပါဦး။
ဖြေ။ ။ ကျမတို့အမြဲတမ်းကြုံနေရတာက အမျိုးသမီးတွေဟာ အမြဲ အမျိုးသားတွေရဲ့ နောက်မှာ နေရမယ်ဆိုတာမျိုးပေါ့။ အမျိုးသမီးတွေ ကိုယ်တိုင်ကလည်း သူတို့က ဘာမှမလုပ်တတ်ပါဘူးဆိုပြီး သိမ်ငယ်စိတ်ဝင်နေတာတွေ ရှိတယ်။ တကယ်တော့ မွေးလာကတည်းက ဘယ်သူကမှ ထူးခြားပြီး မွေးလာတာမဟုတ်ဘူးလေ။ လူ့ဘဝကို စပြီးရောက်လာ ကတည်းက အခွင့်အရေးဆိုတာ တန်းတူရှိရမယ်။ အမျိုးသမီးတွေ အနေနဲ့ ကိုယ့်ဖက်က ရဲရဲဝင့်ဝင့်၊ သတ္တိရှိရှိနဲ့ အားမလျော့ဘဲ လုပ်သင့်တာကို ဆက်ပြီး လုပ်သွားဖို့ပဲလိုတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လို အသက်ကြီးတဲ့ အမျိုးသမီးတွေတောင် ကြီးမားတဲ့ တာဝန်တွေယူပြီး အလုပ်တွေ လုပ်နေကြတယ်။ ဘာလို့ မြန်မာနိုင်ငံက အမျိုးသမီးငယ်တွေက မလုပ်နိုင်ရမှာလဲပေါ့နော့်။ အမျိုးသမီးတိုင်းက ကိုယ့်မှာရှိတဲ့ အရည်အချင်းကို ပေါ်လွင်အောင် ပြသဖို့ပဲ အရေးကြီးပါတယ်။ ဘယ်နေရာကိုပဲရောက်ရောက် ရှိနေတဲ့ အားကို မလွှတ်ချဘဲ ကြိုးစားဖို့ အကြံပြုချင်ပါတယ်။
မေး။ ။ အခုလိုဖြေကြားပေးလို့ ကျေးဇူးတင်ပါတယ်။
ဖြေ။ ။ ကျမကလည်း ဧရာဝတီကို ကျေးဇူးတင်ပါတယ်။
You may also like these stories:
တရုတ်အမျိုးသမီးတွေကြား ရေပန်းစားနေတဲ့ Headphone Wire Waist Challenge
ကင်ဆာရောဂါသည် အမျိုးသမီးတွေရဲ့ ခေါင်းမှာ Henna Crowns ရေးဆွဲပေးတဲ့ အနုပညာရှင်