၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အတိအကျကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း နိုင်ငံရေး ပါတီများကတော့ သူ့နည်းသူ့ဟန်ဖြင့် ရွေးကောက်ပွဲ အတွက် ရည်မှန်းကာ ကြိုတင်ပြင်ဆင်မှုများ စတင် လုပ်ဆောင်နေကြပြီ ဖြစ်သည်။
ထိုအထဲတွင် ကယန်း အမျိုးသားပါတီ(KNP) လည်း အပါအဝင် ဖြစ်ရာ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ၊ ဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်မြေ၊ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှု အခက်အခဲများနှင့် ပတ်သက်၍ ဧရာဝတီက KNP ပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးကို လွိုင်ကော်မြို့တွင် တွေ့ဆုံ မေးမြန်းထားပါသည်။
ကယန်း အမျိုးသား ပါတီသည်၂၀၁၀ မေလတွင် စတင် တည်ထောင်ခဲ့ပြီး ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၌ ရုံးချုပ် အခြေ စိုက်ထားသည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် ၆ နေရာ၌ ဝင်ရောက် ယှဉ်ပြိုင်ရာ ကယန်းတိုင်း ရင်းသားရေးရာ ဝန်ကြီး ၁ နေရာနှင့် ပြည်နယ် လွှတ်တော်အမတ် ၁ နေတရာ အနိုင် ရရှိခဲ့ပြီး ၂၀၁၅ အထွေထွေ ရွေး ကောက်ပွဲတွင်မူ ဝင်ပြိုင်သည့် မဲဆန္ဒနယ် ၁၀ နေရာ စလုံး၌ ရှုံးနိမ့်ခဲ့သည်။
လက်ရှိတွင် KNP ပါတီကို ဥက္ကဋ္ဌ ခွန်းဘီထူး အပါအဝင် လူငယ်၊ လူလတ်များဖြင့် အဓိက ဦးဆောင်နေပြီး ပါတီဝင် အင်အား ၆၀၀၀ ခန့်ရှိကြောင်း သိရသည်။
မေး ။ ။ KNP အနေနဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ဘယ်နှစ်နေရာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိမလဲ။ ဘယ်ဒေသတွေမှာ အားကောင်းလဲ။
ဖြေ ။ ။ ၁၀ နေရာလောက်ပဲ ဝင်ပြိုင်မယ်။ ဖယ်ခုံမြို့နယ်မှာ ၅ နေရာထိ ဖြစ်သွားနိုင်တယ်။ ကယားပြည်နယ်မှာတော့ ၄ နေရာ လျာထားတယ်။ ဒီးမော့ဆိုနဲ့ မယ်စဲ့ဘက်မှာ ဝင်ပြိုင်မယ်။ လိပ်သိုဘက်ခြမ်းမှာ ၁ နေရာ။ အကြမ်းအားဖြင့် ၁၀ နေရာ လျာထားတယ်။ ကယားပြည်နယ်မှာရေးရာဝန်ကြီး ရမရတော့ မသေချာဘူး။ ရေးရာဝန်ကြီးရဲ့ အခွင့်အရေးက ၀.၁ ရာခိုင်နှုန်းပြည့်ရင် ကယန်းလူမျိုးတယောက်ကို ပေးမယ်ဆိုတဲ့ဟာ ဖြစ်တဲ့အတွက် လောလောဆယ် ပြည့်တယ် လို့ သိထားတယ်။
လဝကနဲ့ ရွေးကောက်ပွဲ ကော်မရှင်ဘက်က နောက်ဆုံး အကြောင်းပြန်တာ မရှိသေးဘူး။ အကယ်၍ ရခဲ့သည်ရှိသော် ရေးရာ ဝန်ကြီး ၁ နေရာ ထပ်တိုးလိမ့်မယ်။ အဲဒီ ၁၁ နေရာလောက်ပဲ ကျစ်ကျစ်လစ်လစ် ဝင်ပြိုင်ဖို့ ကြိုးစားမယ်။ ဒီ ၂၀၂၀ မှာ ထက်ဝက်ကျိုး အနိုင်ရအောင် လုပ်သွားဖို့တော့ ရည်မှန်းချက် ချထားတယ်။ ကျနော်တို့ ဗဟိုပြုတဲ့နေရာက နံပါတ် ၁ ဖယ်ခုံ၊ နံပါတ် ၂ ဒီးမော့ဆိုနဲ့ လွိုင်ကော်၊ မယ်စဲ့ နောက် ကရင်ပြည်နယ် သံတောင်၊ လိပ်သို၊ နေပြည်တော် အရှေ့ဘက်ခြမ်း အားကောင်းတယ်။ အားပြုတယ်။
မေး ။ ။ ဘယ်ပါတီတွေနဲ့ အဓိက ယှဉ်ပြိုင်သွားရဖို့ ရှိမလဲ။ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ (KSDP) နဲ့ရော မဟာမိတ်ဖွဲ့ ထားတာမျိုး ရှိလား။
ဖြေ ။ ။ လက်ရှိ စည်းလုံး ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှာတော့ မဟာမိတ်ဖြစ်နေတယ်။ အဲဒီမှာပဲ ကျနော်တို့ရဲ့ နိုင်ငံရေး အထူးသဖြင့် ဖက်ဒရယ်မူတို့ အမျိုးသားနိုင်ငံရေးနဲ့ ပတ်သက်တဲ့မူတွေက တော့ အဲဒီမှာပဲ မြစ်ဖျားခံပြီးမှ ဆက်ပြီး မဟာမိတ်အနေနဲ့ တချို့သော ပြည်ထောင်စု ကိစ္စတွေ ဆောင်ရွက်နေတယ်။ UNA နဲ့ကတော့ အသေးစိတ် ဆွေးနွေးနေတုန်း ဖြစ်တယ်။ KSDP နဲ့ မဟာမိတ် လုပ်ထားတယ်။
ကျနော်တို့ဘက်က ၁၁ နေရာ ဝင်ပြိုင်ပြီးမှ ဖယ်ခုံမြို့နယ် အပါအဝင် ကယားပြည်နယ် အားလုံးကတော့ KSDP ဝင်ပြိုင် ဖို့ အဆုံးအဖြတ် လုပ်ထားကြတယ်။ ပြိုင်ဘက် အနေနဲ့ အဓိကဖြစ်မှာက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါ တီ(USDP)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီပဲ။ ဒီနောက်ပိုင်းမှာ နိုင်ငံရေးပါတီ တော်တော်များများတိုး လာတယ်။ ပြိုင်မယ်လို့လည်း ခန်းမှန်းထားတယ်။ ဒါပေမယ့် အဓိက ယှဉ်ပြိုင်ရမှာကတော့ NLD နဲ့ USDP ပဲ ဖြစ်တယ်။
NLD ကတော့ တနည်းအားဖြင့် ဗဟိုချုပ်ကိုင်မှု လိုလားတဲ့ အုပ်စု ဖြစ်မယ်။ ပါတီဖြစ်မယ်။ ကြံ့ခိုင်ရေးကတော့ တပ်နဲ့ ပိုနှီးနွယ်တဲ့ ပါတီ ဖြစ်မယ်။ ကျနော်တို့ကတော့ လူနည်းစု အခွင့်အရေးကို ရပ်တည်တဲ့ နိုင်ငံရေး ပါတီအနေနဲ့ ရပ်တည်ပြီးမှ ၂၀၂၀ ပြိုင်ပွဲမှာ NLD နဲ့ ကြံ့ခိုင်ရေးကို အဓိက ပြိုင်ဘက် အနေနဲ့ သတ်မှတ်ထားတယ်။
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲ အောင်နိုင်ရေး ပါတီအနေနဲ့ ဘာတွေ ပြင်ဆင်ဆောင်ရွက်နေပြီလဲ။
ဖြေ ။ ။ မတ်လထဲမှာ ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်မှု အပြီးသတ် နိုင်လိမ့်မယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ မဲဆန္ဒနယ်တွေ အားလုံးက အရင်တိုင်း ဖြစ်ဖို့ များတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြင်ဆင်မှုတွေ ဒီလထဲက စတော့မယ်။ အဓိကက လူငယ်ထုနဲ့ တချို့ တသီးပုဂ္ဂလဝန်းရံမယ့်သူတွေနဲ့ ရွေးကောက်ပွဲကို ဒီဇိုင်း ဆင်သွားမယ်။
မေး ။ ။ ဒီတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါ ဘယ်လို စံသတ်မှတ်တွေနဲ့ ရွေးချယ်သွားမလဲ။
ဖြေ ။ ။ လောလောဆယ် ပါတီမှာ သက်တမ်း ၄ ခု တာဝန် ထမ်းဆောင်ဖူးတဲ့သူတွေ ဝင်ပြိုင်လို့ ရတယ်။ ဒါပေမယ့် အခြေခံ နိုင်ငံရေးပေါ့။ ဥပဒေရေးရာကို နားလည်ရမယ်။ နိုင်ငံရေးကို လေ့လာထားမှု ရှိရမယ်။ ကျနော်တို့ရဲ့ မူဝါဒကို လိုက်နာတဲ့ လူပုဂ္ဂိုလ်တွေ ရွေးကောက်ပွဲဝင်ဖို့ ဖိတ်ခေါ်ထားတယ်။ လောလောဆယ် အချိန်ထိတော့ လူငယ်ပါတီလို ဖြစ်နေတော့ အသက် ၃၀ ဝန်းကျင်လောက်သော လူငယ်တွေ အများဆုံး ကျနော်တို့ ပါတီမှာ ဝင်ပြိုင်ကြမယ်။ ကျနော်တို့ အုပ်စုက ခပ်မာမာလေးပေါ့။ တွန်းတွန်းတိုက်တိုက်လေး ပြောင်းလဲချင်တဲ့ အုပ်စုဖြစ်လို့ တွန်းတွန်းတိုက် တိုက်လုပ်ချင်တဲ့ နိုင်ငံရေးသမား အားလုံးလည်း ကျနော်တို့နဲ့အတူ ရှိနေတယ်။
ဒီရွေးကောက်ပွဲမှာ အဲဒီလို လူတွေနဲ့ အများဆုံး ဖြစ်သွားလိမ့်မယ်။ နောက် တိုင်းရင်းသား အခွင့်အရေးဘက် တစိုက် မတ်မတ် ရပ်တည်ပေးတဲ့ သူတွေနဲ့ အတွေ့အကြုံ ရှိတဲ့သူတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရအဖွဲ့ လွှတ်တော်အဖွဲ့တွေနဲ့ ၂၀၂၀ အလွန် နိုင်ငံရေးကို ချဉ်းကပ်ဖို့ ကြိုးစားနေတယ်။
မေး ။ ။ တန်းတူညီတူ အခွင့်အရေး ရရှိရေးနဲ့ ကယန်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပေါ်ထွန်းရေးဆိုတဲ့ ပါတီမူဝါဒ ကိုရော ဘယ်လောက်ထိ အကောင်အထည်ဖော်နိုင်နေပြီလဲ။
ဖြေ ။ ။ ကျနော်တို့ရဲ့ တန်းတူရေးကတော့ ဘယ်လိုရအောင် တည်ဆောက်မလဲဆိုတာ မဟာမိတ် ပါတီတွေနဲ့ သွားဖို့ လိုတယ်။ ကျနော်တို့ KSDP နဲ့ ပြည်နယ်အစိုးရ ဖွဲ့နိုင်တဲ့ အခြေအနေမျိုး ရည်မှန်းထားတယ်၊ ဒီရွေးကောက်ပွဲ အပြီး မှာ။ ကျနော်တို့ရဲ့ တန်းတူရေး ဆိုတာ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ ညီညွတ်တဲ့ဟာမျိုး အဲဒါက UNA နဲ့ တည် ဆောက်မယ်။ ပြီးရင် တိုင်းရင်းသား ဗမာလူမျိုးတွေနဲ့ မဟာမိတ်လုပ်ပြီး ကျနော်တို့ရဲ့ ပြည်ထောင်စုမှာ တိုင်းရင်းသား တွေအားလုံး တန်းတူအခွင့်အရေး ဖြစ်တဲ့ဟာတွေကို တည်ဆောက်သွားဖို့ အဲဒီလို ချဉ်းကပ်ဖို့ ပြင်နေတယ်။
ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသကတော့ တကယ်တမ်း ဖက်ဒရယ် အာဏာခွဲဝေမှုသာ ရရှိခဲ့မယ်ဆို ဒီကိစ္စ ပြောဖို့တောင် မလိုတော့ဘူး။ သို့သော် လက်ရှိ အခြေအနေမျိုးမှာ ကယန်းလူမျိုးတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဘယ်က နေ ရယူမယ်၊ ဖော်ဆောင်ပေးနိုင်မလဲ ဆိုတာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တခု ရထားရင်တော့ ကျနော်တို့ အခွင့်အရေး ပိုပြီးရမှာ ဖြစ်လို့၊ ဥပမာ ပအိုဝ့် လူမျိုးတွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသွားတဲ့အခါ သူတို့စာပေ ယဉ်ကျေးမှုတွေကို လွတ် လွတ်လပ်လပ် ကျင့်သုံးနိုင်တဲ့ အနေအထားမျိုး ဖြစ်တယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အောက်ကနေ သူတို့ရထားတဲ့ အခွင့်အ ရေးမျိုး ဖြစ်တယ်။ ကျနော်တို့ကလည်း ကိုယ့်ရဲ့လူမျိုး အခွင့်အရေးကို ဖော်ဆောင်နိုင်တဲ့ နေရာမှာ အနီးစပ်ဆုံး ပေတံ နဲ့ သွားတယ်။
လက်ရှိ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုမလား မတောင်းဆိုမလား ဆိုတာက လက်ရှိ လွှတ်တော်အမတ်တွေ အပေါ်မှာ မူတည်တယ်။ နောင် တက်လာမယ့် လွှတ်တော် အမတ်တွေနဲ့ အုပ်ချုပ်မယ့်ပုံစံတွေ ကျနော်တို့ ရွေးရမယ့် အခြေအနေမျိုး ဖြစ်တယ်။ အကယ်၍များ ဖက်ဒရယ်စနစ်သာ ဖြစ်ခဲ့ရင် ကယားပြည်နယ်ထဲမှာ လူထုအနေနဲ့ အများ ဆုံးလည်း ဖြစ်မယ်။ ဌာနေ တိုင်းရင်းသား အခွင့်အရေးတွေလည်း တန်းတူ ပြန်ရမယ်ဆို ကိုယ်ပိုင်အုပ်ချုပ်ခွင့်က အဲဒီ အချိန်မှာ လိုချင်မှ လိုလိမ့်မယ်။၂၀၂၀ နဲ့ ၂၀၂၅ အလွန်မှာ အဲဒါကို အနီးစပ်ဆုံးနဲ့ အဖြစ်နိုင်ဆုံး လမ်းကြောင်းတွေကို ချဉ်းကပ်သွားမယ်။
ဒီလို ပြောတိုင်းမှာ ကျနော်တို့ အမြဲတမ်း သတိထားတယ်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ နယ်မြေ ပြန်ပေါင်း စည်း ရေး ကိစ္စတွေက အရမ်းကို ထိလွယ်ရှလွယ် ဖြစ်တယ်။ ဥပမာ-ဖယ်ခုံမြို့နယ်ကို ရှမ်းပြည်နယ်ထဲကနေ ကယား ပြည် နယ်ထဲကို ပြန်ရွှေ့လိုက်ရင် ရှမ်းပြည်နယ်ထဲမှာရှိတဲ့ လူမျိုးစုတွေကြား အများကြီး ထိခိုက်နိုင်တဲ့ အနေအထား ဖြစ် တယ်။ အဲဒီအတွက် ကျနော်တို့က တိုင်းရင်းသား အများစုဖြစ်တဲ့ UNA မှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ချိတ်ဆက် တိုင်ပင် နေတယ်။
ကျနော်တို့က ကိုယ့်လူမျိုး အခွင့်အရေးကို တောင်းဆိုတဲ့နေရာမှာ ကာကွယ်မှုအဆင့်ကနေ ရသင့်ရထိုက်တဲ့ အခွင့် အရေးရဖို့ပဲ ပြောနေတယ်။ အဲဒီအပေါ်မှာ တန်းတူရမယ်ဆို အုပ်ချုပ်ရေးနယ်မြေတွေ ပြည်နယ်ကိစ္စတွေက နောက်မှ ဖြစ်မယ်။ အဲဒါကလည်း တိုင်းပြည်ရဲ့ အခြေအနေကြောင့်ပေါ့။ ဒါတွေအားလုံး ချင့်ချိန်ပြီးမှ ကျနော်တို့ရဲ့ နိုင်ငံရေး ရည် မှန်းချက်ကို တိုင်းတာနေတယ်။ သွားနေတယ်။ အောင်မြင်လိမ့်မယ်လို့လည်း ယူဆပါတယ်။
မေး ။ ။ ကယန်းလူမျိုးတွေက ဘယ်ဒေသတွေမှာ အများဆုံး နေထိုင်ကြလဲ။ လူဦးရေရော ဘယ်လောက်ရှိလဲ။
ဖြေ ။ ။ အများဆုံးက ရှမ်းပြည်နယ်ထဲမှာ လူဦးရေ ၁၄၀၀၀၀ ကျော် ရှိတယ်။ အဲဒါက ကယားပြည်နယ်ရဲ့ လူဦးရေ ထက်ဝက်ကျော်လောက် ရှိနေတယ်။ ဖယ်ခုံမြို့နယ်မှာ အများဆုံးနေတယ်။ လိပ်သိုဘက်မှာလည်း တချို့ ရှိတယ်။ ၄၀၀၀၀ ကျော်၊ ၅၀၀၀၀ နီးပါး ရှိတယ်။ နေပြည်တော် အရှေ့ဘက်ခြမ်းမှာလည်း ရှိတယ်။ ပြီးတော့ ကယားပြည်နယ်။ စုစုပေါင်းလူဦးရေ ၂၆၀၀၀၀ ကျော် ရှိတယ်။ လောလောဆယ် ကျနော်တို့ လူမျိုးတွေကို အမျိုးမျိုး သတ်မှတ်ကြတယ်။
အစိုးရ ပြဋ္ဌာန်းမှာ ကျနော်တို့ကို ကယန်း(ပဒေါင်)လို့ ခေါ်တယ်။ ဒါကတော့ မသင့်တော်တဲ့ နာမည်။ ကယန်း(ပဒေါင်) ဆိုပြီး ခွဲခြားဆက်ဆံတဲ့ နာမည်မျိုး ဖြစ်နေတယ်။ ကျနော်တို့က ကယန်းလို့ပဲ ခေါ်တာ ပိုနှစ်သက်တယ်။ ဒါပေမယ့် အစိုးရက လက်ရှိ ကျနော်တို့ကို ဇယိင်းတို့၊ ယင်းဘော်တို့၊ ဂေခိုတို့ အဲဒီလိုမျိုးတွေ ဒေသအလိုက်ကို ခွဲပြီးမှ ပြောလိုက် တဲ့ အချိန်မှာ ကျနော်တို့ ကယန်းမှာလူမျိုး ၄ မျိုးလို ဖြစ်နေတယ်။ အဲဒါကလည်း တနိုင်ငံလုံး တိုင်းရင်းသား လူမျိုး ပေါင်း ၁၃၅ မျိုးရှိတယ် ဆိုတဲ့ အစိုးရရဲ့ အချက်အလက်ကလည်း မှားယွင်းနေတယ်။
မေး ။ ။ ၂၀၂၀ အလွန် အစိုးရကို ညွန့်ပေါင်း အစိုးရ ဖြစ်လာဖို့ မျှော်မှန်း ပြောဆိုနေကြတာ ရှိတယ်ပေါ့။ အစ်ကို့ အနေ နဲ့ရော ဘယ်လိုသဘောထားမျိုး ရှိလဲ။
ဖြေ ။ ။ ကျနော်လည်း အဲဒီလိုတော့ မျှော်လင့်နေတယ်။ တိုင်းရင်းသား ပါတီတွေအားလုံး ရာခိုင်နှုန်း ၃၀ လောက်ထိ နိုင်နိုင်ဖို့ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့ လွှတ်တော်မှာ အဲဒီလို ချိုးနိုင်ဖို့ ကြိုးစားရမယ်။ အနည်းဆုံး ၂၀ ရာခိုင်နှုန်း တော့ ဖြစ်နိုင်မယ်လို့ ယူဆတယ်။ ၂၀၂၀ အလွန်မှာ တပ်ရယ်၊ NLD ရယ် အကျိုးကြောင်းတမျိုးဖြစ်သွားနိုင်တယ်။ အဲ ဒီအချိန်မှာ နိုင်ငံရေး ချိန်ခွင်က နည်းနည်းလေး တိုင်းရင်းသားတွေနဲ့ မညှိနှိုင်းလို့မရတဲ့ အနေအထား ဖြစ်လာရင်တော့ ကျနော်တို့ တောင်းဆိုနိုင်တဲ့ အပေါ်မှာ ပိုပြီး ဖိဖိစီးစီးနဲ့ တောင်းဆိုနိုင်လိမ့်မယ်လို့ ယူဆတယ်။
ကျနော့် အယူအဆက ကျနော်တို့ တိုင်းရင်းသားတွေက လက်နက်ကိုင် နိုင်ငံရေး တောင်းဆိုတဲ့ဟာ ကြာခဲ့ပြီပေါ့နော်။ ကြိုးတော့ ကြိုးစားနေတယ်။ အခု ငြိမ်းချမ်းရေး ဖြစ်စဉ်ကနေလည်း သွားနေတယ်။ ဒါပေမယ့် အဲဒီတခုတည်းနဲ့ အားကိုးလို့ မရဘူး။ ကျနော်တို့ကတော့ ရွေးကောက်ပွဲကနေ နိုင်ငံရေး လမ်းကြောင်းကနေသွားမယ်။ လွှတ်တော်တွေ ထဲမှာ ရာခိုင်နှုန်းတခု ရောက်သွားခဲ့ရင် နိုင်သွားခဲ့ရင် ပါတီကြီးတွေနဲ့ ညှိတဲ့အချိန်မျိုးမှာ ပိုပြီးမှ အဆင်ပြေပြီး ကျနော် တို့ လိုချင်တဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ဟာတွေ ထိထိရောက်ရောက် ပြောဆိုနိုင်တဲ့ဟာတွေ ရလာလိမ့်မယ်ပေါ့။
ရွေးကောက်ပွဲနိုင်ရင် တိုင်းရင်းသား အခွင့်အရေး ရမယ်လို့ မပြောနိုင်သော်ငြားလည်း၊ ရွေးကောက်ပွဲ နိုင်ရင်တော့ တိုင်းရင်းသား အခွင့်အရေးကို ဒီထက်ပို အားကောင်းအောင် ကျနော်တို့ တည်ဆောက်သွားလို့ ရတယ်။ တောင်းဆို လို့ရတဲ့ အနေအထားမျိုး ဖြစ်တယ်။ ဒါ တိုင်းရင်းသား ပါတီတွေရဲ့ ရည်မှန်းချက်လည်း ဖြစ်တယ်။၂၀၂၀ အလွန်မှပဲ တိုင်းရင်းသား အမတ်တွေ ပို အားကောင်းလာလိမ့်မယ်။ နိုင်ငံရဲ့လွှတ်တော် အခန်းကဏ္ဍကလည်း ပိုပီပြင်လာလိမ့် မယ်လို့ ယူဆပါတယ်။
မေး ။ ။ KNP အနေနဲ့ လွှတ်တော်ထဲ ရောက်ရင် ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဘာတွေ လုပ်နိုင်မယ်ထင်လဲ။
ဖြေ ။ ။ လွှတ်တော်ထဲကနေ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စက NLD က လုပ်သလိုပဲ သိပ်လမ်းကြောင်းတော့ မမြင်ဘူး။ ဒါပေမယ့် လွှတ်တော်အမတ် တယောက်အနေနဲ့ ရပိုင်ခွင့် တခုအနေနဲ့ ကျနော်တို့ရဲ့ အခွင့်အရေးတွေ အသုံးချပြီးမှ လူထုတွေကို ပိုသိရှိအောင်၊ ပိုကောင်းတဲ့ ဥပဒေကြမ်းတွေ တင်နိုင်မယ်။ ဥပမာ တိုင်းရင်းသား အခွင့်အရေးတွေ အတွက် ပိုပြီး သင့်တော်တဲ့ ဥပဒေမျိုးတွေ။ မြေယာ ဥပဒေတွေ။ လက်ရှိဟာတွေက အနာဂတ်ဖက်ဒရယ် အတွက် လည်း အဆင်မပြေဘူး။
ဒီမြေယာ ဥပဒေတွေ ပြန်ပြောင်းဖို့ လိုအပ်နေတယ်။ ဒါတွေကို လွှတ်တော်ထဲကနေ ဦးစားပေး ပြောရမှာ ဖြစ်တယ်။ လွှတ်တော်ထဲ ရောက်ရင် အဲဒါတွေကို လုပ်သွားရင်း တဖက်မှာတော့ ငြိမ်းချမ်းရေး လမ်းကြောင်းကနေ တဆင့်သော် လည်းကောင်း လူထုရဲ့ တောင်းဆိုမှုကနေ တဆင့်သော်လည်းကောင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သွယ်ဝိုက်နည်းနဲ့လုပ် ရလိမ့်မယ်လို့ ယူဆတယ်။ လွှတ်တော်ထဲက ပြင်တဲ့ဟာတွေက အခုလိုမျိုးပဲ ပြန်ဖြစ်နိုင်တယ်။ အလားအလာနည်း တယ်။ လွှတ်တော်ပြင်ပ ပြင်ဆင်နိုင်တဲ့ ဟာတွေကို ပိုပြီးမှ အနှစ်သာရ ကျတယ်လို့ ယူဆတယ်။
မေး ။ ။ လွှတ်တော်ထဲ ရောက်ရင် ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်လို့ရော ဘယ်လောက်ထိ ကူညီပေးနိုင်မယ်လို့ ယုံကြည်ထားလဲ။
ဖြေ ။ ။ လက်ရှိ ကျနော်တို့ ပြည်နယ်မှာဆို KNPP (ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ)က NCA (တနိုင်ငံလုံး ပစ် ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်) မထိုးထားဘူး။ ဒါပေမယ့် တိုက်ပွဲ မဖြစ်ဘူး။ အဓိက အကြောင်းရင်းက ဒီက အစိုးရတွေကြောင့်လည်း မဟုတ်သလို စစ်တပ်ကြောင့်လည်း မဟုတ်ဘူး။ လူထုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဒီက နိုင်ငံရေး အင်အားစုတွေက KNPP နဲ့ စစ်တပ်ကြားမှာ တိုက်ပွဲမဖြစ်အောင် အများကြီး ပြောကြ၊ ထိန်းညှိကြတဲ့ အနေ အထား ဖြစ်တယ်။
ကျနော်တို့သာ လွှတ်တော် အမတ်ဖြစ်သွားရင်၊ ပြည်နယ် အစိုးရတွေမှာ နေရာရနိုင်ရင် တည်ဆောက်ရေးကို နှစ်ဆ တိုး တည်ဆောက်လို့ ရတယ်။ KNPP ဘက်က လိုလားတဲ့ဟာတွေကို ကျနော်တို့ ပိုပြီး ကြားနာနိုင်သလို လက်ရှိ အစိုး ရ မူဝါဒတွေနဲ့ ဟန်ချက်ညီအောင် ဘယ်လိုသွားလို့ရလဲ ဆိုတာမျိုးတွေ ပိုဖြစ်နိုင်တယ်။ KNPP မှ မကပါဘူး။ ဒီမှာရှိနေ တဲ့ ပြည်သူ့စစ်အဖွဲ့တွေ ကျန်တဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံး သူတို့ဘာလိုချင်လဲ၊ ဘာဖြစ်သင့်လဲဆိုတာ ကျနော် တို့က ပိုပြောနိုင်တယ်။
ဒီလိုနေရာမျိုးမှာ ရသွားခဲ့ရင် လက်ရှိ အစိုးရတွေ တည်ဆောက်တာထက် အများကြီး တိုးတက်ကောင်းမွန်အောင် လုပ် လို့ရတယ်။ တကယ်ပဲ အနှစ်သာရ ကျတဲ့ဟာတွေလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ခံစားချက်က လက်နက်ကိုင်အဖွဲ့အ စည်းတွေရဲ့ ခံစားချက်နဲ့ ပိုပြီးနီးစပ်နေတဲ့ အခြေအနေမျိုးမှာ သူတို့အသံကို လွှတ်တော်ထဲမှာ တစုံတရာ ပိုစာနာပေး နိုင်တယ်လို့ ယူဆတယ်။
မေး ။ ။ ကယန်း အမျိုးသားပါတီအတွက် ဘယ်လို အခက်အခဲ စိန်ခေါ်မှုတွေ ရှိနေလဲ။
ဖြေ ။ ။ လက်ရှိ စိန်ခေါ်မှုက ပါတီအနေနဲ့ တချို့ လူထုဘက်က သိပ်မျှော်လင့်ချက် မရှိတဲ့ အနေအထားမျိုး။ ဒါပေ မယ့် ကျနော်တို့ကတော့ လူထုကို အတတ်နိုင်ဆုံး ရှင်းပြနေတယ်။ ကျနော့်တို့ရဲ့ ခံယူချက်တွေနဲ့ ရည်မှန်းချက်တွေက လက်တွေ့ဆန်ပြီးမှ အောင်မြင်နိုင်စွမ်းရှိတယ်။ အဲဒီဟာတွေက လူထုအားလုံး အခွင့်အရေးကို ကာကွယ်ပေးဖို့ ရပ် တည်နေတဲ့ဟာတွေ ဖြစ်တယ်ဆိုတာ ကျနော်တို့ ရှင်းပြနေတယ်။
နောက်တခု ကျနော်တို့ ပါတီငယ်တွေ ဖြစ်တဲ့အတွက် ပါတီရဲ့ ရန်ပုံငွေနဲ့ စည်းရုံးရေးအားပေါ့။ မီဒီယာတွေမှာသော် လည်းကောင်း၊ လူထုတွေ့ဆုံပွဲလိုမျိုး သော်လည်းကောင်း သိပ်မလုပ်နိုင်ဘူး။ ဒါပေမယ့် အားသာချက် ရှိတာက ကျနော်တို့ ကိုယ်တိုင်က ကိုယ့်လူမျိုးစုနဲ့ကိုယ်။ ကိုယ့်လူမျိုးစု စကားပြောတယ်။ ကိုယ့်လူမျိုး ခံစားနေတဲ့ဟာတွေ မြေသိမ်းခံရတဲ့ ကိစ္စတွေပဲဖြစ်ဖြစ် မတရားမှုတွေဖြစ်ဖြစ် ပိုသိနေတယ်။
ပိုပြီးတော့မှ ပြောနိုင်တယ်ဆိုတော့ ကျနော်တို့မှာ အားနည်းချက် အားသာချက် ရှိတယ်လို့ပဲ ယူဆတယ်။ ပါတီရဲ့ ငွေကြေးနဲ့ မီဒီယာလွှမ်းမိုးနိုင်မှု အပိုင်းမှာ ပိုပြီး အားနည်း တယ်။ အဲဒီအပေါ်မှာ ကျနော်တို့ပါတီက ကျော်လွှားနိုင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် တဖက်မှာ စိတ်ဓာတ်နဲ့ ဒေသခံ လူမျိုးတွေ ဒေသခံတွေနဲ့ တသားတည်း ရှိနေတဲ့ အခြေ အနေမျိုးမှာ ကျနော်တို့ရဲ့ အားသာချက် ဖြစ်နေတယ်ပေါ့။
မေး ။ ။ ပါတီ အပေါ် ပြည်သူလူထုက သိပ်မျှော်လင့်ချက် မရှိတာ ဘာကြောင့်လို့ ထင်လဲ။
ဖြေ ။ ။ ကျနော့် အယူအဆက အရင်က ပါတီက လူကြီးတွေ အောင်အောင်မြင်မြင်နဲ့ သူတို့ပေးခဲ့တဲ့ ကတိတွေ တချို့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဒီနေ့မှာ ကျနော်တို့ လူထုတွေကိုပြောချင်တာက ဖြစ်ခဲ့တဲ့ဟာတွေ ထားခဲ့ ပေးပါ။ ခွင့်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်တယ်။ ဒီမှာ မျိုးဆက်သစ်လူငယ်တွေ ရှိတယ်။ ဒီ လူငယ်တွေ အားလုံးက ခိုင် မာတဲ့ အမြင်တွေနဲ့။
ကျနော်တို့မှာ ရွေးချယ်စရာ အများကြီး ရှိတယ်။ ပါတီကြီးတွေ သွားလို့ရတယ်။ ပိုက်ဆံတွေ အများကြီး ရနိုင်တဲ့နေရာ တွေ ရှိနိုင်တယ်။ ကျနော်တို့ မသွားဘဲနဲ့ ကိုယ့်လူမျိုး ကိုယ့်ရဲ့ပါတီနဲ့ ရပ်တည်တဲ့ အဓိက အကြောင်းရင်းက ကျနော်တို့ လူထုတွေက ထိုက်တန်တဲ့ အခွင့်အရေး ရရမယ်။ အဲဒီအတွက် တိကျကောင်းမွန်တဲ့ နိုင်ငံရေး လမ်းကြောင်းတွေ လုပ် ငန်းစဉ်တွေနဲ့ သွားဖို့ ကြိုးစားနေတယ်။ အောင်မြင်နိုင်တဲ့ လုပ်ငန်းစဉ်တွေလည်း ဖြစ်တယ်။ အဲဒီအပေါ်မှာ လူထုတွေ က ပြန်ပြီးတော့မှ ယုံကြည်ဖို့ပဲ လိုတယ်။
ကျနော်တို့ ဘက်ကလည်း ပြန်ကြိုးစားပြပေးပါမယ်။ လူထုကို အသိပေးတယ်။ လက်ရှိ အစိုးရတွေ လွှတ်တော် ကိုယ် စားလှယ်တွေထက် နှစ်ဆ အလုပ်လုပ်နိုင်ကြောင်းကို မကြာခင်မှာ သက်သေပြလိမ့်မယ်။ ကိုယ့်လူမျိုးတွေရဲ့ အခွင့် အရေးကို ကျနော်တို့က လွှတ်တော်ဘောင်ကနေ၊ အစိုးရဘောင်ကနေ ရအောင် တည်ဆောက်ပေးနိုင်တဲ့ဟာတွေကို လုပ်ပြလိမ့်မယ်။ အဲဒီအပေါ်မှာ ယုံကြည်မှုတွေ ပြန်ရလာလိမ့်မယ်။ ပြန်ယုံကြည်ပေးပါလို့လည်း ကိုယ့် လူထုကိုလည်း အခုကတည်းက တောင်းဆိုပါတယ်။
မေး ။ ။ ပြည်သူတွေက ကယန်း အမျိုးသားပါတီကို ဘာကြောင့် မဲပေးသင့်တာလဲ။
ဖြေ ။ ။ ကျနော်တို့ ပါတီတွေကို ကယန်းလူမျိုး မကဘူး။ ကျနော်တို့ မဲဆန္ဒနယ်မှာနေတဲ့ လူမျိုးတွေ အားလုံးကို မဲပေး ဖို့ တောင်းဆိုလိုတယ်။ ကျနော်တို့က လူမျိုးစု တခုကို အခြေခံသော်လည်း ဒေသတခုအရေးကို ကြည့်တယ်။ တိုင်းရင်း သား လူနည်းစု အခွင့်အရေး။ တိုင်းပြည်ထဲမှာ အနည်းဆုံးသော လူမျိုးတွေအတွက် ကိုယ်စားပြုတယ်။
ကျနော်တို့ လူမျိုးတွေက ၀.၃/၀.၄ အဲဒီလောက် ရာခိုင်နှုန်းပဲ ရှိတယ်။ ဒီလူနည်းစု နည်းနည်းလေးရဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့ ရပ်တည်ပေးနေတဲ့ ပါတီဖြစ်တယ်။ အဲဒီ အခြေအနေမျိုးမှာ မဲဆန္ဒရှင်တယောက်က လူနည်းစု အခွင့် အရေးကို လျစ်လျူရှုပြီးမှ ပါတီကြီးတခုပဲ ကြည့်မယ်။ ဒါမှမဟုတ် အလားအလာရှိတဲ့ တခုပဲ ကြည့်မယ်ဆိုရင် သူတို့ တွေ အားလုံးက မမျှတတဲ့ဟာတခုကို လက်ခံနေတယ်။ အားကြီးတဲ့သူပဲ အားပေးချင်တဲ့ဟာမျိုး ဖြစ်နေတယ်လို့ ကျ နော် ထင်တယ်။
ကျနော်တို့ရဲ့ စိတ်ဓာတ်က အားနည်းတဲ့လူကို အားပေးရမယ့် ဖေးမရမယ့် အနေအထားမျိုး ဖြစ်တယ်။ နိုင်ငံရေး ပ လက်ဖောင်းမှာလည်း ဒီလိုပဲ ကျနော်တို့က အားနည်းတဲ့လူ အခွင့်အရေးဘက်က ရပ်တည်တယ်။ အားနည်းတဲ့လူ အခွင့်အရေးကို ရအောင် လုပ်ပေးတဲ့ အချိန်မျိုးမှာ အားကြီးတဲ့သူတွေ ညီအစ်ကို မျိုးနွယ်စုအားလုံးရဲ့အရေးလည်း ပြန်ဖြစ်လာတယ်။ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပဲ ဖြစ်တယ်ပေါ့။ ကျနော်တို့ အခွင့်အရေးရတဲ့ အချိန်မျိုးမှာ ကျန်တဲ့ ညီ အစ်ကိုတွေလည်း အခွင့်အရေးရမှာဖြစ်လို့ ပါတီကို မဲပေးသင့်တယ်။
ပြီးရင် ကျနော်တို့က လူငယ် မျိုးဆက်သစ်တွေနဲ့ နိုင်ငံရေး ပလက်ဖောင်းတခုကို ပြန်တည်နေတယ်။ ဒီနေ့ဒီချိန်မှာ ကျနော်တို့ မကျော်လွှားနိုင်တဲ့ဟာတွေ ရှိသေးတယ်။ ပါတီမှာ ဒီထက်ပိုကောင်းတဲ့ မူဝါဒတွေ၊ စည်းရုံးရေးတွေ မလုပ် နိုင်သေးဘူး။ ဒါပေမယ့် ကျနော်တို့ပါတီသာ နေရာရတယ် ခုန ပြောတဲ့ဟာတွေကို ကျင့်သုံးနိုင်ခွင့် ရမယ်ဆိုရင် ဒီထက် ပို တိုးတက်ပြောင်းလဲလာတဲ့ ပါတီ ပလက်ဖောင်းတွေကို ဆက်ပြီးမှ ချီတက်ဦးမယ်။
ကျနော်တို့ ပါတီက လူနည်းစု တခုအတွက်ပဲ ရပ်တည်ပြီးမှ အစဉ်တစိုက် လူမျိုးရေးပဲ ပြောနေတဲ့ဟာမျိုးတွေ မဟုတ် ဘူး။ ဒီထက်တိုးတက်တဲ့ လူမျိုးရေး plus နိုင်ငံရေးနဲ့ ပြည်ထောင်စုအရေးကို တိုးတက်အောင် လုပ်သွားနိုင်တဲ့ ပါတီ ငယ်လေးဖြစ်လို့ ကျနော်တို့ ပါတီကို အားလုံး ဝိုင်းဝန်း အားပေးသင့်တယ်။ ကျနော်တို့ကလည်း အားလုံးအရေးကို လုပ် တယ်လို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ခံယူပါတယ်။
You may also like these stories:
တိုင်းရင်းသား ပါတီများနှင့် ဆက်ဆံရေးကောင်းဖို့ NLD အမှန်တကယ် ကြိုးပမ်းမှာလား
အင်တာနက်ပိတ်ခြင်းက နိုင်ငံသား အခွင့်အရေးမညီမျှမှု ဖြစ်ဟု ရခိုင်လွှတ်တော်ဥက္ကဋ္ဌ ဝေဖန်
ကယား တိုင်းရင်းသား မျိုးနွယ်စုများကို ပစ်မထားဖို့ သမ္မတရုံးဝန်ကြီးဟောင်း ပြော