တပ်မတော် နှင့် ရက္ခိုင်စစ်တပ် (AA) တို့အကြား တိုက်ပွဲများမှာ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်တို့တွင် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေဆဲ ဖြစ်သည်။
ပလက်ဝမြို့နယ်တွင်း တိုက်ပွဲများကြောင့် ကုလားတန်မြစ် သယ်ယူပို့ဆောင်ရေး နှင့် ခရီးသွားလာရေး လမ်းကြောင်း ပြတ်တောက်ကာ ဒေသခံ ၁ သိန်းကျော် ဆန် အပါအဝင် အခြေခံစားသောက်ကုန်များ ဝယ်စားရန် ခက်ခဲနေပြီ ဖြစ်သည်။
ကျောက်တော်မြို့နယ်မှ ပလက်ဝမြို့နယ်သို့ ကုလားတန်မြစ်အတိုင်း လာလျှင် ရေကြောင်းကို စိုးမိုးထားနိုင်သည့် မီးချောင်းတံတား၊ တပ်မတော်ဗျူဟာကုန်းအနီးတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ လခန့် ရှိပြီဖြစ်သည်။
အဆိုပါ မီးချောင်းတံတားနားတွင် မတ်လ ၇ ရက်နေ့က တပ်မတော်ဘက်မှ မီးလောင်ဗုံးများ ရဟတ်ယာဉ်များဖြင့် လာကျဲပြီး တိုက်ခိုက်သည်ဟု AA ဘက်မှ စွပ်စွဲပြောဆိုမှုများလည်း ရှိနေသည်။
ပလက်ဝမြို့နယ်တလျှောက် ဖြတ်သန်းစီးဆင်းနေသည့် ကုလားတန်မြစ်သည် အိန္ဒိယမှ ကုန်သွယ်ရေး လမ်းကြောင်း အတွက် ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး စီမံကိန်း ဆောင်ရွက် နေသည့် ဒေသဖြစ်သဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် တာဆူနေသည့် မြို့လည်း ဖြစ်သည်။
တိုက်ပွဲများကြား ကုလားတန်စီမံကိန်း သင်္ဘောများ ဖျက်ဆီး၊ တိုက်ခိုက်ခံရသလို လမ်းလုပ်သားများလည်း ဖမ်းဆီးခံရသဖြင့် ကုလားတန်စီမံကိန်းပါ လမ်းဖောက် လုပ်သည့် နေရာများကို ရပ်ဆိုင်း ထားရသည်။
အထက်ပါ အခြေအနေများနှင့် ပတ်သက်၍ စစ်မြေပြင် အတွင်း နှစ်ဖက် တိုက်ခိုက်နေမှု အခြေအနေများ၊ အရပ်သားများအကြား ထိခိုက်မှုနှင့် ကုလားတန်စီမံကိန်း၏ အလားအလာတို့အပေါ် ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က Myanmar Institute For Peace and Security (MIPS) မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးကို ဆက်သွယ်မေးမြန်းထားသည်။
MIPS သည် မြန်မာနိုင်ငံတွင်း ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့် ဖက်ဒရယ်စနစ် ပြုပြင်ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွင်း လုံခြုံရေးကဏ္ဍ ဆွေးနွေးခြင်း၊ ပြည်တွင်းရှိ လက်နက်ကိုင် ပဋိပက္ခများ အပေါ် စောင့်ကြည့် လေ့လာခြင်းများအပြင် ငြိမ်းချမ်းရေး တည်ဆောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတတ်ရေး အတွက် အဓိက တွန်းအားပေး ဆောင်ရွက်နေသည့် အဖွဲ့အစည်း ဖြစ်သည်။
မေး ။ ။ ပလက်ဝမှာ AA ရဲ့ လှုပ်ရှားမှုက ရာနဲ့ချီတဲ့ ရခိုင်စစ်သားတွေကို တွေ့နေရတယ်။ တပ်မတော်နဲ့လည်း တိုက်ပွဲတွေက ရှိနေတော့ ကုလားတန်မြစ် တကြောမှာ ရှိတဲ့ အိန္ဒိယရဲ့ ကုလားတန် စီမံကိန်း အပေါ် အကျိုး သက်ရောက်မှု၊ စီမံကိန်းရဲ့ အလားအလာကို ဘယ်လို မြင်ရပါသလဲ။
ဖြေ ။ ။ ပလက်ဝမှာ ဖေဖော်ဝါရီ တလရဲ့ စစ်ရေး လှုပ်ရှားမှုကို ကြည့်ရင် AA ကတော့ ပလက်ဝကို ဝင်နေတာ ကြာပြီ။ ၂၀၁၇ ၊ ၂၀၁၈ လောက်မှာ ပိုပြီး အလုံးအရင်းနဲ့ ဝင်လာတယ်။ အဲဒီတဝိုက်က တောင်ကုန်းတွေမှာ သူနေရာယူ ထားတာတွေ ရှိတယ်။ ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ပလက်ဝရဲ့ အနောက်ဘက်မှာရှိတဲ့ တောင်ကုန်း သုံး၊ လေးကုန်းလောက်ကို တပ်မတော်က ဖယ်လိုက်တာ ရှိတယ်။ ဖယ်လိုက်တာ ရှိတော့ အခုဖြစ်နေတဲ့ အနေအထားက အဲဒီဒေသထဲမှာ ပလက်ဝမှာ နေတဲ့ သူတွေရော AA ရဲ့ တပ်သားတွေရော တပ်မတော်ရော အကုန်လုံးပေါ့။
တပ်မတော်ကတော့ လေကြောင်း အကူအညီရှိတော့ လေကြောင်းနဲ့ သူ့ကို ရိက္ခာချပေးတာ ရှိတယ်။ ပလက်ဝမှာ ရှိတဲ့ ပြည်သူလူထုနဲ့ စီမံကိန်း အပါအဝင် AA တပ်သားတွေ အတွက် ကတော့ ရေကြောင်းက အရမ်းအရေးပါတယ်။ ရေကြောင်းကို စိုးမိုးရေးကို နှစ်ဖက်လုံးက အပြိုင်အဆိုင် လုပ်လာကြတော့ ဒီအပေါ်မှာ ပလက်ဝရဲ့ ရေကြောင်းက လုံးဝ ပိတ်သွားသလို ဖြစ်တာပေါ့။ အခုဆိုရင် ပလက်ဝကို ဆန်တို့ ဘာတို့ လုံးဝ တင်လို့ မရတော့ဘူး ဖြစ်သွားတယ်။ စစ်အစောင့်အရှောက်နဲ့မှ မဟုတ်ရင်လည်း အမြဲပစ်ခံရတယ်။ ရေတပ်ကတော့ ပစ်ရင် သူတို့ကလည်း ပြန်ပစ်တယ်။
အခုပုံစံအတိုင်းဆိုရင် ပလက်ဝ စီမံကိန်းက အတိုင်းအတာတခုအထိ ခဏတော့ ရပ်မယ့် အနေအထား ရှိတယ်။ ဒါပေမယ့် တပ်မတော်ဘက်က ဘယ်လိုဗျူဟာလဲ လုပ်နေလဲတော့ မသိဘူး။ အဲဒီနားမှာ တပ်တွေ မရှိတာတော့ မဟုတ်ဘူး။ အဲဒီနားမှာ တပ်တွေ အများကြီး ရှိတယ်။ တချို့တပ်တွေကျတော့ သက်သက်ကို ထိုင်ပြီး စောင့်ကြည့်နေတာပေါ့။ ဥပမာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီ ဒုတိယပတ်လောက်ကစပြီး မီးချောင်းဝ ဆိုတဲ့ ပလက်ဝ အောက်ဘက် ဗျူဟာကို AA က ဝိုင်းတိုက်တယ်။ ကျနော်တို့က ကြည့်နေတာက တပ်မတော်ဘက်က စစ်ကူ သွားမလားပေါ့။ တကယ်တမ်းမှာ တပ်မတော်က စစ်ကူအရောင်ပြတာပဲ ရှိပြီး တကယ်တမ်း မသွားဘူး။ မသွားဘဲနဲ့ အဲဒီမှာ စိန်ပြေနပြေခံပြီးတော့ AA ကို တိုက်တာမျိုး တွေ့ရတော့ ဒါကပဲ တပ်မတော်ရဲ့ Strategy ပဲ ဖြစ်မလားပေါ့။
ဘာလို့လည်း ဆိုတော့ လဆန်းပိုင်းလောက်မှာ AA ရဲ့ တပ်စခန်းတွေကို တိုက်ပြီး ဖယ်ထားတော့ အဲဒီနားမှာပဲ တပ်မတော်က ဒေသအလိုက်ကို ရှိနေတယ်။ ဒါပေမယ့် တပ်မတော်ရဲ့ Strategy ဘယ်လို လာမလဲဆိုတာတော့ မသိဘူးပေါ့။ တကယ်တမ်း ပြောရမယ်ဆိုရင် ပလက်ဝ၊ ကုလားတန်မြစ်တလျှောက်မှာ ရေကြောင်းကို ဝေဟင်ရော ရေယာဉ် အစောင့်အကြပ်နဲ့ သွားမယ်ဆိုရင်တော့ သွားလို့ ရမယ်။ သွားလို့ မရတာ မဟုတ်ဘူး။ တပ်မတော်ကလည်း ဒီလိုပဲ ရိက္ခာတွေ ပို့နေတာ။
လက်ရှိအနေအထားကတော့ ရေကြောင်း၊ ကုန်းကြောင်း ပိတ်ဆို့နေတဲ့ အနေအထားမှာ ရှိတယ်။ AA ကလည်း တလောက ဆီတင်လာတဲ့ ကားကို ပစ်မှတ်ထား တိုက်တာတွေ ရှိတယ်။ အခုချိန်မှာ တပ်မတော်ဘက်က ဘယ်လို မဟာဗျူဟာနဲ့ ကြည့်နေလဲတော့ မသိဘူး။ တပ်တွေ မရှိဘူးလား ဆိုတော့ မဟုတ်ဘူး။ တပ်တွေက အဲဒီနားမှာ Division အလိုက်ကို ရှိနေတယ်။
မေး ။ ။ မြေပြင်မှာ ပလက်ဝမြို့ကနေ ထွက်လိုက်ရင် အိန္ဒိယကိုပဲ ဆန်တက်တက်၊ ကျောက်တော် ဘက်ကိုပဲ ဆင်းဆင်း တပ်မတော် တပ်စခန်းတွေက မြို့နဲ့ လှမ်းနေတယ်။ AA တပ်ဖွဲ့ဝင်တွေက ကြားထဲမှာ စက်လှေတွေကို စစ်ဆေးတာ၊ တားတာ ပစ္စည်းတွေ ယူတာမျိုး ရှိနေတယ်။ မြေပြင်မှာ တပ်မတော်ကို သိပ်မတွေ့ရဘူးဆိုတဲ့ အရပ်သား တွေရဲ့ အမြင်ကလည်း ရှိနေတယ်။
ဖြေ ။ ။ ကျနော့်အထင်တော့ တပ်မတော်က အဲဒီလမ်းမှာ စခန်း ၃ ခု ဒီဖေဖော်ဝါရီလမှာ တိုက်လိုက်တာကို ကြည့်ရင် သူ့မှာ အင်အားမရှိဘူးမဟုတ်ဘူး။ အင်အားရှိတယ်။ အဲဒီအင်အားကို ဘယ်လို လုပ်ထားလဲ ဆိုတာကတော့ စစ်ရေးဖြစ်တော့ ကျနော် မသိဘူး ။ AA ကျတော့ အရင်တုန်းကလို တပ်မတော်ကို အင်နဲ့ အားနဲ့ ရာချီ စုပြီး တိုက်တာရှိတယ်။ အဲဒီလို တိုက်တော့ တိုက်တိုင်း တပ်မတော်ဘက်က လက်နက်ကြီးတွေ ပြုံပစ်တာ အတွဲလိုက် ဒုံးတွေ ပစ်တာ လေကြောင်းနဲ့ ပစ်တာတို့ ဆိုတော့ တပ်စုလိုက်တာနဲ့ AA မှာ ထိခိုက်ကျဆုံးမှုတွေ ရှိတာ များလာတယ်။ နောက်ပိုင်းမှာ အေအေက အဲဒီ Strategy ကို သိပ်မသုံးတော့ပဲ သူ့တပ်တွေကို နေရာအနှံ့ လိုက်ဖြန့်လိုက်တဲ့ သဘော ဖြစ်မယ်လို့ တွေ့ရတယ်။ ပလက်ဝနားမှာ ဖြစ်နေတာက ဟိုဘက်က စခန်းတွေကို တိုက်လိုက်တော့ အဲ့က ထွက်လာတဲ့ တပ်တွေက ပလက်ဝ အပေါ်နဲ့ အောက်ကို ဖြန့်ပြီး နေရာယူထားတာ တွေ့ရပါတယ်။
ဒါပေမယ့် အချက်အခြာကျတဲ့ နေရာတွေမှာလည်း တပ်မတော် ရှိပါတယ်။ ခုဏ ပြောတဲ့ မီးချောင်းဝ ဗျူဟာဆိုရင် အဲဒီဗျူဟာကို မကျော်ဘဲ ပလက်ဝမြို့ထဲကို ရောက်ဖို့ ကျောက်တော်ဘက်က ကျော်လို့ မရပါဘူး။ အခု AA အဓိက ထောက်ပံ့ရေး လုပ်တဲ့ လမ်းကြောင်း ၃ ခု ရှိတယ်။ အဓိက ကတော့ ပလက်ဝ ဘက်က လာတယ်။ နောက်တခုက ကျောက်တော်ဘက်က လာတယ်။ အဲဒီ လမ်းကြောင်း ၂ ခုလုံးမှာ ကုလားတန်မြစ်ကို သုံးပြီး သွားတာ။ နောက်တခုကတော့ ဘင်္ဂလားဒေ့ရှ် ဘက်က လမ်းကြောင်း ၁ ခုရှိတာပေါ့။ ကျနော်တို့ သိသလောက်ဆိုရင် ဘင်္ဂလားဒေ့ရှ် ဘက်က လမ်းကြောင်း ၁ ခုကို တပ်မတော်က Division တခုနဲ့ ဖြတ်နေတဲ့ သဘောရှိတယ်။ အခု ကျောက်တော်ဘက်က တတ်လာတဲ့ ရေလမ်းကြောင်းဆိုရင် မီးချောင်းဝကို မဖြတ်ပဲ တက်လာလို့ မရဘူး။ အဲဒီနေရာတွေမှာ တပ်မတော်က ပိတ်ထားတယ် ဆိုတော့ ကြည့်ရတာကတော့ တပ်မတော်ရဲ့ Strategy ကတော့ အဓိက နေရာတွေကို ပိတ်ဆို့ဖို့ လုပ်နေပုံ ရတယ်။
AA အနေနဲ့ကတော့ အခုလောလောဆယ် ပလက်ဝနားမှာ ပြန့်ပြီး ရှိနေတယ်။ မီးချောင်းဝ ကို သူတို့ တိုက်တုန်း ကတော့ အင်အား ရာနဲ့ချီရှိတယ်။ မရှိဘူးဆိုရင်တောင် သူတို့ ၅၀၀၊ ၆၀၀ ကနေ ၈၀၀ လောက် ရှိမယ်။ သူတို့ စခန်းတော့ မရလိုက်ဘူးပေါ့။ ရှေ့က ကာကင်းကုန်းလေး တခုပဲ ရလိုက်ပြီးတော့ ကျန်တာက တိုက်လို့ မရလိုက်ဘူး။ ရက် ၂၀ ကျော်လောက် ရှိတယ် တိုက်တာလေ။ သူတို့မှာလည်း ထိခိုက်ကျဆုံးတာ ရှိတော့ သူတို့ ရပ်လိုက်တယ်။ ရပ်လိုက်ပြီးတော့ အဲဒီနားမှာ တပ်တွေဖြန့်ခွဲနေတာက အဲဒီ အနီးအနားက တပ်တွေနဲ့ ဖြစ်မှာပေါ့။
တပ်ရဲ့သဘောကတော့ ကိုယ့်တပ်ရှိပြီဟေ့ ဆိုရင် စားဝတ်နေရေး ပြဿနာ ဖြေရှင်းရတာတော့ တာပဲ။ ခုနက ရှိတဲ့ စက်လှေတွေ တားပြီးတော့ ရိက္ခာယူတယ် ဆိုတာကလည်း စားဝတ်နေရေး ပြဿနာနဲ့ ဆိုင်ပါလိမ့်မယ်။
မေး။ ။ ရခိုင်မှာဆိုလည်း တိုက်ပွဲတွေဖြစ်လာတာက နှစ်ကာလ အတိုင်းအတာ တခု ရှိလာပြီ။ ဒီကာလမှာ AA ရဲ့ လက်နက်ခဲယမ်း နောက်တန်းက ထောက်ပံ့နိုင်မှု သယ်ယူမှုပိုင်းကို ဘယ်လို သုံးသပ်ချက်ရှိပါသလဲ။ သူတို့က ဒီနေ့ထိ တိုက်ခိုက်မှုကောင်းနေတုန်းပဲ ဆိုတော့။
ဖြေ။ ။ ကျနော်တို့ ကြည့်တာတော့ လက်နက်ငယ်က အထိုက်အလျောက်တော့ ရှိနိုင်ပါမယ်။ လက်နက်ကြီး မှာလည်း သူတို့အတွက်က အကန့်အသတ် ရှိပါလိမ့်မယ်။ အကန့်အသတ် ရှိတယ် ဆိုတာ ယေဘုယျ တွက်လို့ ရတာက အနည်းဆုံး ၂ နှစ်လောက်တော့ တိုက်လို့ ရအောင် လက်နက်ခဲယမ်း မီးကျောက်ကို သူတို့ ပုံထားပုံ ရတယ်။ နောက်ပြီးတော့ ရသေ့တောင်တို့ ဘက်မှာ ဖြစ်တဲ့ ပွဲတွေမှာ အလောင်းကျန်ခဲ့တာတွေ ရှိတယ်။ ပထမ တခေါက်က ၁၃ လောင်း၊ နောက်တခေါက်က ၄၀ ကျော်တယ်။ ကျန်ခဲ့တော့ အဲဒီမှာ ပါတဲ့ ကျည်အရေအတွက်ကို ကြည့်ရင် အများကြီးတော့ မပါဘူးဗျ။ တယောက်ကို ကျည် ၄၀၊ ၅၀ လောက်တော့ ပါတာ တွေ့ရတယ်။ နောက်ပြီး အားလုံးက အရပ်ဝတ်တွေနဲ့ ဆိုတော့ ဖြစ်နိုင်တာက တိုက်စရာ ရှိတယ် ဆိုမှ ကျည်နဲ့ လက်နက်ထုတ်ပေးပြီး ပြီးရင် လူထုကြားထဲ ပြန်နေတဲ့ Strategy သုံးနေတာ လည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် လမ်းကြောင်းကတော့ အရင်တုန်းက ကျနော်တို့ တွေ့ဖူးတဲ့ KNU ၊ UWSA ၊ KIA တို့လိုတော့ လက်နက်လမ်းကြောင်းက မဖြောင့်ဖြူးတာက အမှန်ပဲ။ ရေရှည်တောင် မဟုတ်ဘူး။ လာမယ့် ဒီနှစ်နဲ့ နောက်နှစ်တွေမှာ AA က လက်နက်ခဲယမ်းမီးကျောက် ပြဿနာက မလွဲမသွေတော့ ကြုံရမှာပါ။
မေး ။ ။ ဒီနှစ်အတောအတွင်းမှာ ပလက်ဝအပါအဝင် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ AA က အင်အား အလုံး အရင်းနဲ့ကို ဝင်ရောက် အခြေချနိုင်နေပြီ။ စစ်ဆင်ရေးပိုင်းမှာ ကြည့်ရင် ဘယ်သူက ပိုအသာစီး ရှိလဲ။ ဘယ်လို သုံးသပ်ချက် ရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ ပထမကြည့်တာက ၂၀၁၈ နှစ်ကုန်အထိက တပ်မတော်က သူတို့ရဲ့ စစ်ဆင်ရေး လုပ်ဖို့ လိုအပ်တဲ့ တပ်တွေကို ရခိုင်ပြည်နယ်ထဲကို လုံးဝ သွင်းတာ မတွေ့ရဘူး။ အဲဒါက ထူးခြားတယ်။ ကျနော်တို့လည်း အံ့သြတယ်။ အကြောင်းမျိုးစုံတော့ ရှိနိုင်တာပေါ့ဗျာ။ အဲဒီတော့ ရခိုင်မြောက်ပိုင်းမှာ AA က ၃ နှစ်လောက် စိမ်ပြေနပြေ တည်ဆောက်နိုင်ခဲ့တယ်။ ဘယ်လောက်ထိ တည်ဆောက်နိုင်လဲ ဆိုရင် ကျောက်တော်မှာ ဒကစ ဌာနချုပ်ရဲ့ ၁၁ မိုင်လောက် အကွာမှာ စခန်းကြီးတွေ အကြီးကြီးတွေ လုပ်ပြီး နေတဲ့ အဆင့်ထိ ဖြစ်တယ်။
နောက်ပြီး ရွာတွေထဲ ယူနီဖောင်းတွေနဲ့ ဝင်ထွက် သွားလာပြီးတော့ ရွာသားတွေဆိုရင်လည်း ထမင်းထုပ်တွေ ပို့ပေး ၊ ထမင်းတွေ ချက်ပေး၊ ယူနီဖောင်းတွေ လျော်ပေးနဲ့ အဲဒီလောက်ထိကို ၃ နှစ်အတွင်းမှာ တည်ဆောက် နိုင်ခဲ့တယ်။ အဲဒီကာလအတွင်းမှာ တပ်မတော်က ဘာကြောင့် ထိုးစစ်မတိုက်တာလဲ ဆိုတာ ကျနော်တို့ မသိဘူး။
တပ်မတော်မှာ အရံတပ်တွေ ရှိတယ် ဆိုတာ ကျနော်တို့ သိတယ်။ အခု ရခိုင်ထဲကို ထည့်ထားတဲ့ အရံတပ်တွေ အားလုံးက အခြားနေရာကို စွဲထားတဲ့ တပ်တွေ မဟုတ်ဘူး။ အခြားမှာ တိုက်ပွဲဝင်နေတဲ့ တပ်တွေ မဟုတ်ဘူး။ အကုန်လုံးက အရံတပ်တွေပဲ။
သူတို့ စစ်မတိုက်ပဲ အရံသက်သက်ထားတာ ဟိုးအရင်တည်းက ရှိတယ်။ အဲဒါတွေကို မသွင်းပဲ ၂၀၁၉၊ ဇန်နဝါရီကျမှ စသွင်းတယ်။ စသွင်းတော့လည်း သူတို့က တပ်မ ၃ ခုလောက်ပဲ စသွင်းတယ်။ အဲဒါကို ကြည့်မယ်ဆိုရင် စစချင်းမှာတော့ တပ်မတော်ဘက်က သွင်းတော့ တချို့က နယ်မြေအခက်အခဲရှိတယ်။
နောက်တခုက ရခိုင်လူမျိုးစုရှိတဲ့ ရွာတွေမှာက AA ကို ထောက်ခံတဲ့သူတွေ များတော့ သူတို့ သတင်းရဖို့က တော်တော်ခက်တာ တွေ့ရတယ်။ ကျနော်တို့ လေ့လာချက်တွေအရ တွေ့ရတာပါ။ အဲဒါက အစပိုင်းလေးမှာပေါ့။ နောက်ပိုင်း ၂၀၁၉ ခုနှစ်၊ နှစ်ကုန်ပိုင်း ဇူလိုင်၊ သြဂုတ်က စပြီး ပြောင်းလဲလာတဲ့ အပြောင်းအလဲတွေ တွေ့ရတယ်။ စစ်ရေးအရပေါ့။ တပ်မတော်ဘက်က ကြည်း၊ ရေ၊ လေ စစ်ဆင်ရေးကို လုပ်လာတယ်။ အထူးသဖြင့် လက်နက်ခဲယမ်းတွေ ရိက္ခာတွေ ပိတ်ဆို့ရေးတွေကို လုပ်လာတယ်။ နောက်ပြီး လေကြောင်း စစ်ဆင်မှုတွေကို အများကြီး လုပ်လာတယ်။ အခုဆိုရင် လေကြောင်း တိုက်ခိုက်မှု အတွက် ကကကြည်းအထိ အစီရင်ခံစရာ မလိုတော့ဘူး။
ပြည်နယ်ကနေပဲ တခါတည်း အမိန့်ပေးပြီး လေကြောင်းတိုက်ခိုက်မှု လုပ်လို့ ရတယ်ဆိုတော့ အခု တိုက်ပွဲ နာရီဝက်၊ ၁ နာရီ ဖြစ်ပြီဆိုတာနဲ့ ဟယ်ရီကော်ပတာ တတ်လာပြီ။ Gunship (လက်နက်အပြည့်အစုံတပ်ထားသော ရဟတ်ယာဉ်) တွေ သုံးလာတယ်။ ကျနော်တို့ တွေ့လာရတယ်။ အထူးသဖြင့် ၂၀၂၀ နှစ်စက တွေ့ပြီး AA စခန်းတွေကို လိုက်တိုက်တာ တွေ့ရတယ်။
နောက်တခု ၂၀၁၉ တုန်းက ကျနော်တို့ သတိထားမိတာက AA ဘက်က အကျအဆုံး ရှိပေမယ့် သူတို့ အလောင်း မကျန်ဘူး။ အလောင်းမကျန်အောင် သူတို့ ယူသွားနိုင်တယ်။ ဒါက ဘာကို ပြလဲ ဆိုတော့ command နဲ့ control ကောင်းတာကို ပြတယ်။ ပြီးတော့ စည်းကမ်း၊ စိတ်ဓါတ်ရေးရာကောင်းတာ စည်းကမ်း ကောင်းတာကို ပြတယ်။
ဒါပေမယ့် ၂၀၂၀ မှာ သူတို့ အလောင်းတွေ အရမ်းကျန်တယ်။
ကျနော်တို့ သိသလောက် ၂၀၂၀ ၊ ဖေဖော်ဝါရီ ထဲမှာပဲ ရသေ့တောင်မှာ အလောင်း အနည်းဆုံး ၅၀ ကျော်လောက် ကျန်တယ်။ ဆိုလိုတာက တစုံတရာတော့ စစ်ရေးအရတော့ တပ်မတော်ဘက်က ပိုဖိအားပေးပြီး ထိုးလာတာကို တွေ့ရတယ်။ AA ဘက်ကလည်း တောင်ဘက်ပိုင်းကို ထိုးဖောက်ဖို့ ကြိုးစားတာ တွေ့ရတယ်။ မြေပုံတို့မှာ တိုက်ပွဲတွေ ဖြစ်လာတာ တွေ့ရတယ်။ မြေပုံ၊ အမ်းတို့ပေါ့။ တောင်ကုတ် နားထိ ဝင်ဖို့ ကြိုးစားတယ်။ တပ်မတော်ကတော့ အရင်တုန်းကလို မလုပ်တော့ဘူး ထင်တယ်။ AA ကြိုးစားဖို့ ပြင်တုန်းပဲ ရှိသေးတယ်။ တပ်မတွေ ထိုးထည့်နေပြီ။ အခုဆိုရင် ရခိုင်ပြည်နယ် တောင်ပိုင်းမှာ တပ်မအသစ်တွေ ထည့်ပြီး တိုက်နေတာ တွေ့ရတော့ ဇန်နဝါရီ ၊ ဖေဖော်ဝါရီ လဆန်းလောက်မှာပဲ စစ်တွေလမ်းမကြီးပေါ်မှာ ရန်ကုန်– စစ်တွေလမ်းဘေးပတ်လည်မှာ AA က နေရာယူပြီး လမ်းမကြီးကို ထိန်းချုပ်ဖို့ လုပ်တာ ရှိတယ်။
အဲဒီနေရာတွေ အကုန်လုံးကို တပ်မတော်က တိုက်ပစ်လိုက်တယ်။ စစ်ရေးအရတော့ တပ်မတော် ဘက်က ပိုပြီး ဖိအားပေးလာတဲ့ အနေအထားမျိုး တွေ့ရတယ်။ တပ်မတော် Strategy ကတော့ အမြန်ပြီးရေး ဆိုတာထက် အချိန်တခု ယူပြီး လုပ်ဖို့ တွေ့ရတယ်။ AA အတွက်ကျတော့ အချိန်က ပိုအရေးကြီးတယ်။ အချိန်တိုတိုတွင်းမှာ သူ့ဘက်က ရလာဒ် ထွက်ဖို့ လိုတယ်။ အချိန်ကြာလာတာ နဲ့ အမျှ သူ့မှာ လက်နက်ခဲယမ်းမီးကျောက် ပြဿနာ ရှိလာမယ်။ သူ့လူထုကို သူပြောထားတာ ရှိတာက ၂၀၂၀ အိပ်မက် ဆိုတာ၊ ၂၀၂၀ မှာ မြောက်ဦးမှာ သူတို့ရဲ့ ဌာနချုပ်ကို ရအောင် လုပ်မယ် ဆိုပြီး ပြောထားတာ ရှိတယ်။ နောက်ပြီး ဗမာတပ်တွေကို ရခိုင်ကနေ တိုက်ထုတ်မယ် ဆိုပြီး ပြောထားတာ ရှိတယ်။ အဲ့တာတွေ ရှိတော့ သူ့လူတွေကို သူဒါတွေကို ပြရတော့မယ်။ စွမ်းဆောင်နိုင်တယ် ဆိုတာ ပြရတော့မယ်။ လက်နက်ခဲယမ်းမီးကျောက်ပြဿနာ ကလည်း ရှိမယ် ဆိုတော့ အချိန်ကြာတာက AA အတွက်က မကောင်းဘူး။ တပ်မတော်ကျတော့ သူက အချိန်ကြာလို့ ရတယ်။ သူက အခုလက်ရှိ ရှိတဲ့ တပ်တွေကလည်း အရံတပ်တွေက ထည့်ထားတာ ဆိုတော့ အဲဒီ ၂ ခုမှာ တဖက်နဲ့ တဖက်က တပ်မတော်က အချိန်ဆွဲတိုက်ရင် တိုက်လို့ ရနိုင်ပေမယ့် AA မှာကတော့ အချိန်ကြာလာရင် အခက်အခဲ ရှိလာနိုင်တယ်။
မေး။ ။ တပ်မတော်က သတင်းစာရှင်းလင်းပွဲတွေမှာ ပြောဆိုနေသလို AA ကို အပြတ် ချေမှုန်း ပစ်တယ်။ အထိနာအောင် တိုက်ခိုက်ပစ်မယ် ဆိုတာကရော ဒီနှစ်ကာလအတွင်း ဖြစ်နိုင်မလား။ စစ်ရေးပြဿနာကို တည်ငြိမ်အောင်အတွက်ရော ဘယ်လို ညှိနှိုင်းနိုင်ဖို့ မြင်လဲ။
ဖြေ။ ။ ယေဘုယျပြောမယ်ဆိုရင်တော့ဗျာ နယ်မြေအရတော့ တပ်မတော်က စိုးမိုးတာပဲ။ ဒါပေမယ့် လူထုကိုကျတော့ AA က စိုးမိုးတာပဲ။ ကျောက်တော်လို မြောက်ဦးလို နေရာတွေမှာ မြို့ပေါ်တွေမှာတောင် အရပ်ဘက်အုပ်ချုပ်ရေးက ပျက်သွားသလောက် ဖြစ်သွားပြီ။ နယ်မြေ အရတော့ တပ်မတော်က စိုးမိုးမှု ရှိတုန်းပဲ။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော်က အချက်အခြာ ကျတဲ့ နေရာတွေကို အမြှောက်အောက်မှာ ထားလိုက်တာ။ ဒါ ကြောင့် ဘယ်နေရာမဆို AA ဝင် စုဖွဲ့တာနဲ့ အမြှောက်နဲ့သူက ပစ်တာပဲ။ အပေါ်မှာလည်း တောက်လျှောက် သူကကြည့်နေတာ။ ဒီတော့ နယ်မြေစိုးမိုးမှုအရတော့ စစ်ရေးအရတော့ တပ်မတော်က စိုးမိုးနိုင်တာ တွေ့ရတယ်။ ဒါပေမယ့် လူထုထဲမှာ စိမ့်ဝင်နေတာတွေ ရှိတယ်။ လူထုနဲ့ AA က ပိုနီးစပ်တာ ရှိတယ်။ လူထု ထောက်ခံမှု ရှိတယ်ဆိုတော့ အဲဒီအနေအထားကတော့ ၂၀၂၀ တင် မကပါဘူး။ ဆက်ပြီး သွားနိုင်ပါတယ်။
မေး။ ။ ကုလားတန်မြစ်ကြောင်းနဲ့ ပတ်သက်ရင် AA စစ်ဦးစီးချုပ်ဘက်က ထုတ်ပြောတာ ရှိတယ်။ သူတို့ရဲ့ သြဇာအာဏာ တည်ရှိမှုကို အိန္ဒိယဘက်က အသိအမှတ်ပြုဖို့ရယ် နောက်ပိုင်းမှာ အခွန်ဆိုတာမျိုး ကောက်ခံမယ် ဆိုတာတွေပေါ့။ အိန္ဒိယအနေနဲ့ကရော AA နဲ့ ဆက်ဆံရေး တစုံတရာ တည်ဆောက်နေတာ တွေ့ရလားရှင့်။
ဖြေ။ ။ သဘောကတော့ အိန္ဒိယအစိုးရအနေနဲ့ သူတို့ရဲ့စီမံကိန်းတွေကို မနှောက်ယှက်ဖို့ ပြောတာဆိုတာတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် အပေးအယူလို လုပ်မယ့် အရာမျိုး ကတော့ အိန္ဒိယ အစိုးရဘက်က အခက်အခဲ ရှိနိုင်ပါတယ်။ AA အတွက် အိန္ဒိယက တောင်းဆိုမယ် ဆိုရင် စီမံကိန်းတွေအတွက် လုပ်မယ်ဆိုရင် သူတို့ကို အခွန်ပေးဆိုတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ နောက်တခုက အိန္ဒိယနယ်မြေထဲမှာ ရှိတဲ့ AA ရဲ့ လူတွေကို အနှောက်အယှက် မပေးဖို့တို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အိန္ဒိယ အစိုးရရဲ့ မူဝါဒ အရတော့ ငွေကြေးတို့ လက်နက်ပေးတာတို့က လုပ်မယ်လို့တော့ ကျနော် မထင်ဘူး။ တစုံတရာ အဆင်ပြေအောင် ညှိနှိုင်းတာတို့တော့ ရှိနိုင် ပါတယ်။
မေး။ ။ ပဋိပက္ခဖြစ်နေတဲ့ ကြားမှာ ကုလားတန်စီမံကိန်းက ဖြောင့်ဖြောင့်ဖြူးဖြူးရော ဖြစ်လာ နိုင်ပါ့မလား။
ဖြေ။ ။ အဓိက ကုလားတန်စီမံကိန်းဆိုတာကတော့ တံတားက ပြီးသွားပြီ ။ အဓိက လမ်းဖောက်တဲ့ ကိစ္စမှာက တစုံတရာ အခက်အခဲရှိနိုင်ပါတယ်။ လုပ်လို့ မရဘူးဆိုတာကတော့ မဟုတ်ဘူးပေါ့။ ဒီထက် ပိုပြီး စိုးရိမ်ဖို့ ကောင်းတာက ပလက်ဝထဲမှာ ရှိတဲ့ ရခိုင် မဟုတ်တဲ့ လူမျိုးစုတွေ ခူမီးတွေနဲ့ ရခိုင်နဲ့ AA နဲ့ ကြားထဲမှာ ဆက်ဆံရေးက ပျက်သွားတဲ့ သဘောမျိုး ရှိတယ်။ တချို့ Community Leaders တွေက သူတို့ကို လာပြီး အကာအကွယ်ပေးပါ။ လက်နက်တပ် ပေးပါ ဆိုတာတွေထိတောင် ပြောကြ ဆိုကြတာတွေ ကျနော်တို့ ကြားရတယ်။ ငါတို့ကို ဘယ်သူ ကာကွယ်ပေးမလဲ ဆိုတာမျိုးပေါ့။ အဲဒါနဲ့ ပတ်သက်ပြီး တချို့ ဆုံးဖြတ်ချက်တွေ ဖြစ်လာတယ်လို့ သတင်းတွေအနေနဲ့ တွေ့ရတယ်။ ကုလားတန်စီမံကိန်း ကတော့ ဟိုဘက် ဒီဘက်နဲ့ ပြီးသွားနိုင်တယ်။ တကယ်လုပ်မယ်ဆိုရင် လုပ်လို့ ရပါတယ် ။ ဒီထက် မက လုံခြုံရေး ဆိုးဝါးတဲ့ ကရင်ပြည်နယ်လိုမျိုးတောင် လုပ်ခဲ့ သေးတာပဲ။ တကယ်လုပ်မယ် ဆိုရင် လုပ်လို့ ရနိုင်ပါတယ်။
လက်ရှိ လက်နက်ကိုင်ပဋိပက္ခမှာ ကုလားတန်စီမံကိန်းထက် ကိုယ့်ရဲ့ တိုင်းရင်းသားအချင်းချင်း ကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပြီး တသက်လုံး အနာရသွားနိုင်တဲ့ ပဋိပက္ခမျိုးတွေက စတွေ့ရတော့ ဒါကို စိတ်ပူမိတယ်။ ဒီပုံစံအတိုင်းဆိုရင် ပိုဆိုးနိုင်တယ်။ တပ်မတော်ဘက်ကလည်း သူတကယ် စစ်ဆင်ရေး လုပ်တော့မယ်ဆိုရင် စစ်ရေး သဘောအရ လက်နက်ကိုင် အဖွဲ့အစည်း တခုကို မကျေနပ်တဲ့ လူမျိုးစုတွေ ရှိနေပြီဆိုရင် အဲဒီလူမျိုးစုတွေ အကူအညီ ယူလာတယ်ဗျ။ ဒါမျိုးတွေ ဖြစ်လာမယ်ဆိုရင် ပိုပြီးတော့ လူမျိုးစု ၂ ခု ကြားထဲမှာ ကွာဟမှုတွေ ပိုကြီးလာ နိုင်ပါတယ်။
မေး ။ ။ ဒါနဲ့ ဆက်စပ်ပြီး မေးချင်ပါတယ်။ ကျမတို့ ပလက်ဝကို ရောက်တော့ ချင်းနဲ့ ရခိုင်ကြား ယုံကြည်မှု ပျက်ပြားတာ အပြင် ထပ်တွေ့ရတာက ဗမာဆိုရင် သတ်ဖြတ်ပစ်မယ်။ ဗမာစကားပြောရင်ကို မလုံခြုံဘူးဆိုတဲ့ သတင်းစကားတွေ ပြန့်နေတယ်။ တပ်မတော်ဂိတ်စခန်း တွေမှာ စစ်ဆေးရင်လည်း ဗမာလူမျိုး မှတ်ပုံတင်ဆိုရင် ဒီလိုပဲ ပြောနေတယ်။ လူမျိုး အချင်းချင်း ကြားမှာပါ ယုံကြည်မှုတွေပျက်ပြားအောင် အဓိက ဖြစ်လာတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲ ။ တကယ်ပဲ မြေပြင်မှာ AA က လူမျိုးရေးအရ မုန်းတီးပြီး လုပ်ဆောင်နေတာ တွေ့ရသလား။
ဖြေ ။ ။ မူဝါဒ အရတော့ မတွေ့ဘူးပေါ့။ ဒါပေမယ့် အောက်ခြေမှာ ဖြစ်နေတာက အညာဘက်က ဈေးရောင်းတဲ့ လူတွေရှိတယ်။ ကျနော်တို့ သိသလောက် စာရင်းအရ ၄၊ ၅ ယောက်လောက် ပျောက်သွားတာ ဘာဖြစ်မှန်းမသိ ပျောက်သွားတာ ရှိတယ်။ တချို့ ဖမ်းပြီး ရိုက်တဲ့ ဗီဒီယိုဖိုင်တွေ တတ်လာတာ ရှိတယ်။ နောက်ပြီး ဗမာစကားပြောတဲ့ သူတွေ ဝင်လာရင် ပြောကြတယ်ဆိုတာက ပလက်ဝမှာတင် မဟုတ်ဘူး။ မြောက်ပိုင်းရခိုင် တခုလုံးက အဲဒီလို ဖြစ်နေပြီ။ မြောက်ပိုင်း ရခိုင်တခုလုံးမှာ မြန်မာစကားပြောရင် မလုံခြုံတော့တဲ့ အနေအထားတွေ ဖြစ်လာတော့ ကားသမားတွေ ကိုယ်တိုင်က တော်တော်စိုးရိမ်တာကို ကြားရတယ်။
ဒီလူမျိုးရေး ပြဿနာက နောက်တခုက ဘယ်မှာ တွေ့ရလဲ ဆိုတော့ Social Media မှာပါ။ Social Media မှာ Facebook ကတော့ အမုန်းစကားတွေကို ဖယ်ရှားတယ်လို့ ပြောပေမယ့် တကယ်တမ်း ကျတော့ Facebook ပေါ်မှာ ရခိုင်နဲ့ ဗမာကြား အမုန်းစကား ပြောတာက ကျနော်တို့ တွေ့ဖူးတဲ့ ပဋိပက္ခ၊ နောက်ဆုံး KIA နဲ့ တပ်မတော် တိုက်တုန်း ကတောင် အဲဒီလောက်ထိ မတွေ့ဖူးဘူး။ အခုက တော်တော်ကို ဆိုးတယ်။
ရခိုင်နဲ့ ဗမာကြားမှာ ပြောကြတဲ့ အမုန်းစကားက တော်တော်ကို ဆိုးတယ်။ တော်တော်ကို အစွန်းရောက်တဲ့ အနေအထားတွေလည်း ကျနော်တို့ တွေ့လာရတော့ အခုက အစပျိုးတဲ့ အခြေအနေတောင် မဟုတ်တော့ဘူး။ တော်တော်ကြီးကို ရင့်မှည့်နေတဲ့ ပြဿနာ ဖြစ်လာပြီ။ ရန်ကုန်လို နေရာမျိုးမှာ ထင်ထင်ရှားရှား မဖြစ်တာလောက်ပဲ ရှိတော့တယ်။ Facebook ပေါ်မှာဆိုရင် ရခိုင်နဲ့ ဗမာကြားမှာ ရှိတဲ့ အမုန်းစကားပြောတာတွေက တော်တော်ကြီး ကို ပြန့်နှံ့နေတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆိုရင်လည်း ဗမာစကားပြောတဲ့ သူတွေ ခရီးသွားဖို့ ဆိုတာ တော်တော်ကို မလွယ်တော့တဲ့ အနေအထားဆိုတော့ လူမျိုးရေး ပြဿနာ အခြေအနေတခုကို ရောက်သွားပြီလို့တော့ သတ်မှတ်လို့ ရပါတယ်။
မေး ။ ။ ဒီအမုန်းစကား ပြန့်လာရတဲ့ အခြေခံက အဖွဲ့အစည်းတခုခုက လုပ်ဆောင်လို့လား။ ဒါမှမဟုတ် ဘယ်ကမှန်း မသိတဲ့ ကောလဟာလ ပြန့်မှုကနေ ဒီလို ပြဿနာတွေက ကြီးထွား လာတာလဲပေါ့။ အရင်းအမြစ်ကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ အခုကျနော်တို့ လိုက်ကြည့်တဲ့ အခါမှာ အဓိက အမုန်းစကားပြောတာက အကောင့် တခုခုကနေ ဖြန့်တာမျိုး မဟုတ်ဘူး။ ဥပမာ ဧရာဝတီက သတင်းတပုဒ်ရေးတယ်ဆိုရင် အဲဒီ သတင်းက Facebook မှာ တတ်လာပြီဆိုရင် သတင်းအောက်က comment မှာ အမုန်းစကား ပြောတာတွေ အများကြီးပဲ။ အရင်တုန်းကလို အကောင့်တခုကနေ အမုန်းစကား ဖြန့်တာမျိုးတွေကတော့ ရှိတယ်။ ဒါပေမယ့် ရှားတယ်။ အဓိက အမုန်းစကား ပြောတာတွေ ၉၀ ရာခိုင်နှုန်းကျော်က သတင်းဌာနတွေကနေ တင်လိုက်တဲ့ သတင်းတွေရဲ့ အောက်မှာ တဖက်နဲ့ တဖက် အပြန်အလှန် အမုန်းစကားရေးတာတွေက တော်တော် ပြင်းထန်လာတာ တွေ့ရတယ်။ ဒါက လက်ရှိ ရှိနေတဲ့ Facebook ပေါ်က အမုန်းစကားပြောတဲ့ အနေအထားပါ။
မေး ။ ။ လက်နက်ကိုင်ပဋိပက္ခအပြင် အရပ်သားတွေကြားမှာပါ ယုံကြည်မှုပျက်ပြား နေတဲ့ ပြဿနာကို ဖြေရှင်းနိုင်ဖို့ ဘယ်လို ထွက်ပေါက် ရှိသင့်လဲ။ နောက်တခုက အစိုးရ၊ တပ်မတော်နဲ့ AA ကြား ညှိနေတဲ့ Bilateral ကရော ဒါတွေကို ပြေလည်နိုင်ဖို့ လမ်းဖြစ်နိုင်မလား။
ဖြေ ။ ။ ပြဿနာက ၃ ခုရှိတယ်။ အဓိက နံပါတ် ၁ တခုက ရခိုင်လူမျိုးစုတွေကြားမှာ ခံစား နေရတဲ့ နာကျည်းမှုတွေ ရှိတယ်။ အရင်က အစဉ်အဆက် ချမ်းသာကြွယ်ဝပြီး နေခဲ့ရတဲ့ လူမျိုးစု တွေပေါ့။ အခုချိန် ဘာလို့ ဆင်းရဲနေလဲ ဆိုတဲ့ ခံစားချက်တွေ ရှိတယ်။ ဒါတွေကို အစိုးရကရော တပ်မတော်ကရော နိုင်ငံရေးအရ ချဉ်းကပ်ပြီးတော့ ရခိုင်မှာ ရှိတဲ့ နိုင်ငံရေး ပါတီတွေ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ စနစ်တကျ Political Dialogue လုပ်ပြီး နိုင်ငံရေးအဖြေ ဘယ်လိုရှာမလဲ ဆိုတဲ့ လုပ်ငန်းစဉ် မရှိတာက ပြဿနာ တခု။
နံပါတ် ၂ ပြဿနာက တပ်မတော်က အခုလုပ်နေတဲ့ စစ်ဆင်ရေးက စစ်ရေးသက်သက်ပဲ လုပ်နေတာ။ စစ်ရေး သက်သက် လုပ်နေတော့ Counter Insurgency လို့ ပြောတဲ့ သောင်းကျန်းသူနှိမ်နင်းရေးလို့ တချို့တွေက ဘာသာပြန်တာပေါ့ဗျာ။ အဲဒီဘက်က ကြည့်ရင် စစ်ရေးတခုတည်း လုပ်လို့ မရဘူး။ စစ်ရေးရော နိုင်ငံရေးရော အုပ်ချုပ်ရေးရော လုပ်ရမယ်။ အခုက စစ်ရေးနဲ့ အုပ်ချုပ်ရေး လုပ်နေသူ တွေကြားမှာလည်း အဟ တွေက အများကြီးပဲ။ တပ်မတော်နဲ့ အစိုးရကြားမှာလည်း ရခိုင်နဲ့ ပတ်သတ်ပြီး ဘယ်လိုကိုင်တွယ်မလဲဆိုတာကို သဘောမတူညီမှုတွေ အများကြီး ရှိတယ်။
နံပါတ် ၃ ပြဿနာက ကျနော်တို့ ပြောနေတဲ့ Peace Process ရဲ့ သဘောသဘာဝက အဖွဲ့တွေစုပြီး စကားပြောတော့ တကယ်တမ်း နင်လားငါလား၊ သေရေးရှင်ရေး ပြောရမယ် ဆိုရင် သူတို့ မပြောနိုင်ဘူး။ အားလုံးက ယေဘုယျ ပြောတဲ့ဟာတွေပြောပြီး ဟိုမရောက် ဒီမရောက်တွေ ဖြစ်ကုန် ကြရော။ တကယ်တမ်း ရခိုင်ပြည်နယ်မှာ အပစ်ရပ်ဖို့ ဆိုရင် အဓိက ပြောရမှာ AA နဲ့ တပ်မတော်ပဲ။ အဓိက ပြောပြီး အဖြေရှာရမှာ သူတို့ ၂ ဖွဲ့ဖြစ်တယ်။ အခုလို မဟုတ်ပဲ ၄ ဖွဲ့နဲ့ ပြောလိုက်။ ၃ ဖွ့ဲနဲ့ ပြောလိုက်ဆိုရင် သိပ်ခရီးရောက်မယ် မထင်ဘူး။ ဒါက ကျနော့်အမြင်ပါ။
မေး။ ။ AA နဲ့ တပ်မတော်ကြားမှာ စကားအားဖြင့် အပြန်အလှန်ပြောတာတွေ အလျော့ မပေး တာတွေက တောက်လျှောက် တွေ့နေရတော့ တကယ်တမ်း တေ့တေ့ဆိုင်ဆိုင် တွေ့ရင်ရော ညှိနှိုင်း နိုင်ပါ့မလား။
ဖြေ ။ ။ စစ်ဖြစ်ရင်တော့ တဖက်နဲ့ တဖက် အပြစ်တင်တာတို့ အပုပ်ချတာတို့ ဒါတွေကတော့ ရှိပါတယ်။ KIA နဲ့ တိုက်ပွဲတွေဖြစ်နေတုန်းကလည်း တဖက်နဲ့ တဖက် ပြောကြတာပဲလေ။ ၂၀၁၉ က စပြီး တနှစ်လုံး KIA နဲ့ ဝုန်းဆိုပြီး တိုက်ပွဲတွေ ရပ်သွားရော။ တိုက်ပွဲတွေ ရပ်တော့ ခုနက ပြောတာ တွေလည်း ရပ်သွားရော။ ဒါကိုတော့ ကျနော်က စိတ်မပူဘူး။ တိုက်ပွဲတွေ ဖြစ်လာပြီ ဆိုရင် ပြောကြတာပဲ နှစ်ဖက်က ။ အဓိက တိုက်ပွဲတွေ ရပ်ဖို့က တေ့တေ့ဆိုင်ဆိုင် နှစ်ဖက် ပြောဖို့ လိုတယ်။ ဘာတွေ အခက်အခဲရှိလဲ။ ဘယ်လို ဖြေရှင်းမလဲ ဆိုတာကိုပေါ့ ပြောဖို့ လိုတယ်။ အဲဒီလို မဟုတ်ပဲ လက်ရှိ ညှိနှိုင်းတဲ့ ပုံစံနဲ့ ဆိုရင်တော့ ခရီးရောက်မှာ မဟုတ်ဘူး။
မေး ။ ။ ပလက်ဝ ၊ မီးချောင်းတံတားနားက မတ် ၇ ရက်နေ့ တိုက်ပွဲမှာ တပ်မတော်ဘက်က မီးလောင်ဗုံးတွေ ကျဲချတယ်လို့ AA ဘက်က စွပ်စွဲနေပါတယ်။ ဒေါက်တာ မင်းဇော်ဦးတို့ စောင့်ကြည့် နေတဲ့ အခြေအနေအရ ဆိုရင်ရော ဘယ်လို သတင်းအချက် အလက်တွေများ ရထားပါသလဲ။
ဖြေ ။ ။ မီးလောင်ဗုံးကတော့ ကျနော်တို့ မပြောတတ်ဘူး။ ဗုံးတော်တော်များများကတော့ မီးလောင်နိုင်တဲ့ ဓာတုကတော့ ပါတယ်။ High Explosive ဆိုရင်လည်း မီးကတော့ ပွင့်ထွက်တယ်။ ဒါမှမဟုတ် Petroleum Jell နဲ့ လုပ်တဲ့ မီးလောင်ဗုံး သက်သက်ကျတော့လည်း နည်းပညာအရတော့ ခက်တော့ မခက်ပါဘူး။ လုပ်မယ်ဆိုရင်လည်း လုပ်လို့ ရတယ်။ Phosphorus ဗုံးနဲ့ ကျတော့ မတူပြန်ဘူးဗျ။ Phosphorus ကကျတော့ လူကို သုံးလို့ မရဘူး။ ဒါပေမယ့် စစ်မြေပြင်မှာ အလင်းရောင်တွေ ရှိအောင် သုံးတယ်။ အဲဒါမျိုး သုံးရင်း လူကို ထိရင်တော့ အရေပြား လောင်တာတွေဖြစ်တယ်။ Phosphorus ကျတော့ နိုင်ငံတကာမှာတော့ လူကို သေစေလောက်တာမျိုး လုပ်လို့ မရဘူး။ တခြားတိုက်ပွဲ အထောက်အကူပြုကတော့ သုံးလို့ ရတယ်။ မီးလောင်ဗုံးကတော့ Petroleum Jell လိုမျိုးကတော့ သုံးလို့ရတယ်ပေါ့ဗျာ။ တခြားနိုင်ငံ တွေမှာလည်း သုံးတယ်။ အမေရိကန်မှာလည်း ဗီယက်နမ်မှာ အများကြီး သုံးခဲ့တာ ရှိတယ်။
မြေပြင်မှာက ကျနော်တို့လည်း အဲဒီလောက်ကြီး လိုက်မကြည့်နိုင်ဘူး။ သတင်းတွေကတော့ တွေ့ရတယ်။ ပုံမှန်အားဖြင့် ကျနော်တို့ ကြည့်လို့ ရတာက Petroleum Jell ဗုံးမျိုး ကျတယ်ဆိုရင် သူက စကွဲကတည်းက မီးတောက်နဲ့ ကွဲတာ။ ဝုန်းဆို မကွဲပဲ မီးတောက်ကြီးနဲ့ ကွဲပြီး မီးလုံး အကြီးကြီး ဖြစ်သွားပြီးတော့ ဧရိယာ တခုလုံး မီးလောင်သွားတာ။ အဲဒါမျိုး မြင်ရတဲ့ အထဲမှာ ဗီဒီယိုတို့ ရှိရင်တော့ ကျနော်တို့က သုံးသပ်လို့ ရတာပေါ့။ အခုကတော့ ပြောတာ ကြားတာပဲ ရှိတယ်။
သုံးဖို့ကတော့ Petroleum Jell မီးလောင်ဗုံးက တရားဝင်လားဆိုတော့ တရားဝင်ပါတယ်။ သုံးမယ် ဆိုရင် သုံးလို့ ရတယ်။ တရားမဝင်တာကတော့ Phosphorus ပေါ့။ Phosphorus ကျတော့ သုံးလို့ မရဘူးပေါ့။ ဒါပေမယ့် Phosphorus ကို တခြားနည်းလမ်းနဲ့တော့ သုံးလို့ ရတယ်။
မေး ။ ။ မတ် ၇ ရက်မှာ တပ်မတော်ဘက်က ဗုံးကျဲပြီးနောက် ဗုံးကျဲခံရတဲ့ ဧရိယာနားမှာ ရှိသူတွေ အရပ်သားတွေ နှာခေါင်းသွေးလျှံတာ နားစည်က သွေးယိုတာတွေဖြစ်တယ်။ ဒါကြောင့် ဓာတု အဆိပ်ငွေ့ပါတဲ့ ဗုံးသုံးတယ်လို့ စွပ်စွဲတယ်ဆိုပြီး ပြောနေတယ်။ ဒေါက်တာ မင်းဇော်ဦး အနေနဲ့ ဒီဖြစ်စဉ်အပေါ် သုံးသပ်ပေးပါဦး။
ဖြေ ။ ။ မီးလောင်ဗုံးကတော့ အဓိက အောက်ဆီဂျင်ကို လေထဲက စုပ်ယူလိုက်ပြီး အရေပြားတွေ လောင်တာပေါ့ဗျာ။ နားသွေးယိုတာတို့ဖြစ်တာကတော့ မီးလောင်တာကြောင့် ထက် Vibration ကြောင့် ဖြစ်တာ။ ဥပမာ ရိုးရိုးတန်းတန်း HE – High Explosive ဗုံး ချတယ် ဆိုရင် အဲဒီဗုံးရဲ့ အရှိန်ကြောင့် အထဲက ကလီစာတွေ သွားပြီး ပျက်စီးတာတွေ ရှိတတ်တယ်။ အဲဒါကြောင့် နှာခေါင်းသွေး ယိုတာတို့ နားထဲက သွေးယိုတာတို့ဖြစ်တယ်။ ဒါတွေကတော့ ရိုးရိုးတန်းတန်း ဗုံးနဲ့လည်း ဖြစ်ပါတယ်။ မီးလောင်ဗုံးကတော့ များသောအားဖြင့် ထိတယ် ဆိုရင် လူတွေက အရေပြားတွေ လောင်ထွက်သွားတာပဲ။ ထိလိုက်တာနဲ့ သိသာတယ်။ တခုလုံး လောင်ကျွမ်းပြီးတော့ပေါ့။ အဲဒီမှာမှ Phosphorus ကျတော့ ပိုပြီး ပြင်းတယ်။ သူက ထိရင် ရေနဲ့ ပက်လို့ မရဘူး။ ရေက အရေပြားကိုပါ စား သွားတယ်။ Phosphorus ထိရင် ကြည့်လိုက်ရင် ပိုသိသာတယ်။ မီးလောင်ဗုံးကတော့ မီးလောင်သလို ဖြစ်သွားတယ်။ ခုနက ပြောတဲ့ နှာခေါင်းသွေး လျှံတာတို့ နားသွေးယိုတာကတော့ ဒါရိုးရိုးဗုံးတွေလည်း ဖြစ်ပါတယ်။
မေး ။ ။ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်တွင်းမှာ ဖြစ်လာတဲ့ တိုက်ပွဲတွေမှာ တပ်မတော်ဘက်က မီးလောင်ဗုံး သုံးတာ ရှိခဲ့ပါသလား။ မှတ်တမ်း မှတ်ရာတွေ ရှိပါသလား။ ရခိုင်စစ်မြေပြင်မှာရော ရှေ့ပိုင်းမှာ သုံးတာ တွေ့ရပါသလား။
ဖြေ။ ။ မြေပြင်မှာ ရှိတဲ့ သက်သေ အထောက်အထားတွေ ဗီဒီယိုတွေ ကျနော်တို့ မတွေ့ရသေးဘူး။ နောက်တခုက ဗုံးရဲ့သဘောကလည်း ဘယ်လိုဗုံးပဲ ဖြစ်ဖြစ် ဗုံး ၁ လုံး ကျဲမယ့် နေရာမှာ ဗုံး အလုံး ၁၀၀ ကျဲလိုက်တယ် ဆိုရင်လည်း သူရဲ့ ပြင်းအားက များသွားတာပဲ။ အဓိက ကတော့ နိုင်ငံတွေမှာ သူတို့ လိုက်နာရမှာက ကျနော်တို့ နိုင်ငံတကာက ချမှတ်ထားတဲ့ ဘယ်လက်နက် သုံးလို့ ရတယ်။ ဘယ်လက်နက် သုံးလို့ မရဘူးဆိုတာတွေကတော့ လိုက်နာရမှာပေါ့။ အခုထက်ထိကတော့ ကျနော်တို့ တွေ့ရသလောက်ကတော့ Chemical Weapon (ဓာတုလက်နက်) သုံးတယ်တို့ ဘာတို့ကတော့ ပြောတာတွေကတော့ရှိတယ်။ လက်တွေ့ မြေပြင်မှာ သက်သေ အထောက် အထားကတော့ ကျနော်တို့ မတွေ့ဘူးပေါ့ဗျာ။
You may also like these stories:
တနှစ်ကျော်ကြာ AA ဖမ်းထားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ပြန်လွတ်လာ
တရုတ်သမ္မတခရီးစဉ်အတွင်း AA ကို နာမည်ပျက်အောင် လုပ်နေဟု ပြော