၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် အတိအကျကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) က တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း လွိုင်ကော်အခြေစိုက် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) ကတော့ သူ့နည်းသူ့ဟန်ဖြင့် ရွေးကောက်ပွဲအတွက် ရည်မှန်းကာ ကြိုတင်ပြင်ဆင်နေပြီ ဖြစ်သည်။
KySDP သည် လူမျိုးပေါင်းစုံ ဒီမိုကရေစီပါတီ (ကယားပြည်နယ်)နှင့် ကယားလူမျိုးစု ဒီမိုကရေစီပါတီ နှစ်ခုကို ပေါင်း စည်းလိုက်သည့် ပါတီတခုဖြစ်ပြီး ၂၀၁၇ စက်တင်ဘာလထဲတွင် ပါတီမှတ်ပုံတင်ခွင့် ရခဲ့ကာ ယခုအခါ ပါတီဝင် အင် အား၂၀၀၀၀ ကျော် ရှိကြောင်း သိရသည်။
ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမှုများ၊ ကြုံတွေ့ရနိုင်သည့် စိန်ခေါ်မှု အခက်အခဲများ၊ ပါတီ၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ ဧရာဝတီက ပါတီ၏ ဒု ဥက္ကဋ္ဌ -၂ စိုင်းနိုင်နိုင်ထွေး ကို တွေ့ ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီရဲ့ အဓိက ရည်မှန်းချက်က ဘာဖြစ်မလဲ။
ဖြေ။ ။ ကယားပြည်နယ်မှာ အနေအထား နှစ်ခု ရှိပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နောက်တခုက အုပ်ချုပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု။ ဒီနှစ်ခုစလုံး ပြည်နယ်ကို အခြေခံပြီး တည်ဆောက်သွားဖို့ ရည်မှန်းထားပါတယ်။ ထိုမှ တ ဆင့် ပြည်ထောင်စု တည်ဆောက်ရေးမှာ ဆန္ဒတူညီတဲ့ နိုင်ငံရေး အင်အားစုများနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ ရည်မှန်း ချက် ချထားပါတယ်။
မေး။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ဘယ်နှနေရာ ဝင်ပြိုင်ဖို့ စီစဉ်ထားလဲ။
ဖြေ ။ ။ ပြည်နယ် တခုလုံးမှာ အဓိက မဟာမိတ်ရှိပါတယ်။ ကယန်း အမျိုးသားပါတီ (KNP) နဲ့ KysDP နှစ်ခုကတော့ ကယားပြည်နယ် တခုလုံးအပြင် KNP က သူအခြေချတဲ့ ရှမ်းပြည်နယ်ထဲမှာရော ကယန်းမျိုးနွယ်စုတွေ ပျံ့နှံ့နေထိုင်တဲ့ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ နေပြည်တော် ဒီနေရာတွေမှာလည်း ဝင်ပြိုင်ဖို့ ရှိပါတယ်။
အဓိက ပြည်နယ်ကို အခြေခံတဲ့ နိုင်ငံရေးပါတီလို့ ပြောပေမယ့် မဟာမိတ်ဖြစ်တဲ့ KNP နဲ့လည်း ပူးပေါင်းပြီး သက်ဆိုင် ရာ ပြည်နယ် မဲဆန္ဒနယ်အပြင် ကယန်းအမျိုးသားတွေ နေထိုင်တဲ့ ဒေသတွေ အားလုံးမှာ ကျနော်တို့ အတူတကွ ပူး ပေါင်းပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး အားလုံး ဝိုင်းဝန်း ပြင်ဆင်နေပါတယ်။
မေး ။ ။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဘာတွေ ပြင်ဆင်ဆောင်ရွက်နေပြီလဲ။
ဖြေ ။ ။ လောလောဆယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ဆိုင်ရာ မဟာဗျူဟာတွေ ချမှတ်ဆောင်ရွက်နေတယ်။ အဓိ ကတော့ ပြည်နယ်ထဲမှာ တကယ် လုပ်နိုင်ကိုင်နိုင်တဲ့၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဆိုင်ရာ ကဏ္ဍတွေမှာ ဒီ ထက်ပိုပြီး စွမ်းရည်မြင့်တဲ့ ကိုယ်စားလှယ်လောင်းတွေ အဖြစ် ဦးတည်ပြီး ဆောင်ရွက်နေတာ ရှိတယ်။
ပြည်နယ်ကို အခြေခံတဲ့ နိုင်ငံရေးစနစ်တွေကို တကယ် အကောင်အထည်ဖော်ပေးနိုင်တဲ့၊ ပြည်နယ်ဖွံ့ဖြိုးရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်ပေးနိုင်တဲ့ ခေါင်းဆောင်မှု ဆိုင်ရာ အရည်အချင်း ပြည့်ဝတဲ့သူတွေကို ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်တဲ့ အနေအထား တရပ်ရှိအောင် ဆောင်ရွက်နေပါတယ်။ ဒေသတွင်းမှာ ရှိတဲ့ နိုင်ငံရေး အင်အားစုတွေ အားလုံး ညီညီ ညွတ်ညွတ်နဲ့ ပြည်နယ်ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နိုင်ဖို့လည်း ပြင်ဆင် ကြိုးစားနေပါ တယ်။
၂၀၂၀ ရွေးကောက်ပွဲမှာလည်း ကျနော်တို့က ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ စီးပွားရေး ဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အဓိက ရည်မှန်း ပြီး မူကြမ်းတွေကို ပြင်ဆင်နေကြပြီ။ အုပ်ချုပ်ရေးဆိုင်ရာ၊ လွှတ်တော်ဆိုင်ရာ (Parliamentary) ယန္တရားတွေမှာ ထဲထဲ ဝင်ဝင် ဆောင်ရွက်နိုင်တဲ့အခါ ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးကို အခြေခံတဲ့ ကိစ္စရပ်တွေ ဒီထက်ပိုပြီး တိုးတက်ရရှိအောင်လည်း ပြင်ဆင်ထားတယ်။
ပြည်နယ်ကို အခြေခံတယ် ပြောတဲ့အတွက် ပြည်နယ်သူ/သား အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး အင်အားစုတရပ်ကို တည်ဆောက်နေခြင်း ဖြစ်တယ်။ ဒါကြောင့် ပါတီဝင် အရေအတွက် နည်းသော်ငြားလည်း ပြည်နယ်တခုလုံးရဲ့ အကျိုး စီးပွားကို သယ်ပိုးမယ်လို့ အားလုံးက ရည်မှန်းချက်ထား ဆောင်ရွက်နေကြတာဖြစ်လို့ အားလုံးနဲ့ သက်ဆိုင်တဲ့ ပါတီ ဖြစ်တယ်လို့ ပြောချင်ပါတယ်။
မေး ။ ။ ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းတွေကို ဘယ်လို စံသတ်မှတ်ချက်တွေနဲ့ ရွေးချယ်သွားဖို့ ရှိမလဲ။
ဖြေ ။ ။ ပြည်နယ်တွေမှာ ဦးဆောင်ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်တွေ ရှိပါတယ်။ ပြည်နယ်ကို ဘယ်လို ထူထောင်မလဲဆို တဲ့ စိတ်ဆန္ဒရှိသူတွေ၊ ခေါင်းဆောင်မှု စွမ်းရည် ရှိပြီးသားတွေကို နံပါတ် ၁ ရွေးချယ်ပါတယ်။ နံပါတ် ၂ က လူထုထဲမှာ လူမှုအခြေခံတဲ့ အဖွဲ့အစည်းတွေ ရှိပြီးသားပါပဲ။ ဥပမာ CSO သော်လည်းကောင်း တခြား ဦးဆောင်ဦးရွက် ပြုနေတဲ့ မျိုး နွယ်စုဆိုင်ရာ ခေါင်းဆောင်တွေကို သော်လည်းကောင်း သူတို့ရဲ့ သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ နဂိုရှိရင်းစွဲ အမျိုး သား အကျိုးစီးပွားကို ဆောင်ရွက်နေတဲ့ ခေါင်းဆောင် အသီးသီးကနေ လွှတ်တော်ထဲမှာ တဖန် ကိုယ်စားပြုခွင့် ပြန် လည် ရရှိအောင် ဒါကို နံပါတ် ၂ စံသတ်မှတ်ချက် (Criteria) အနေနဲ့ ထားတယ်။
နံပါတ် ၃ က သူတို့ရဲ့ ပညာရပ်။ သက်ဆိုင်ရာ နိုင်ငံရေး၊ အုပ်ချုပ်ရေးနဲ့ ဖွံ့ဖြိုးရေး ဆိုင်ရာ ပညာရပ်တခုခုကို အခြေခံ ရှိပြီးသား ပုဂ္ဂိုလ်တွေကို Criteria တခု အနေနဲ့ ထားတယ်။ နံပါတ် ၄ က သူတို့ကို ထောက်ပံ့ပေးနိုင်တဲ့ အင်အားစု ငွေကြေး သို့မဟုတ် လူ တခုခုပေါ့။ ရှိရင်းစွဲ အရင်းအမြစ်တွေကို အသုံးချနိုင်တဲ့ အနေအထား ရှိပြီးသားသူတွေ။ သူတို့ ကိုယ်စားလှယ်တွေ ဖြစ်သွားရင်တောင်မှ သူတို့နောက်မှာ ထောက်ပံ့ပေးနိုင်တဲ့ ပညာရပ်ဆိုင်ရာတွေ ထောက်ပံ့ပေးနိုင် တဲ့ အင်အားစု အနည်းငယ် ရှိဖို့လိုတယ်။ ဒါကိုလည်း Criteria တခုအနေနဲ့ ထားတယ်။
နောက်တခုက ပြည်နယ်ရဲ့ နိုင်ငံရေးစနစ်တွေကို လက်ရှိပါတီက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့၊ ပြည်နယ်ကို သစ္စာရှိတဲ့ လူတဦးဖြစ်ဖို့လည်း လိုတယ်။ ဘာကြောင့် ဒါကို ထည့်သွင်း ရလဲဆို တချို့ အုပ်ချုပ်ရေး ယန္တရားရောက်တဲ့အခါ ပြည်ထောင်စုနဲ့ အခြား ပါတီကြီးတွေရဲ့ မူဝါဒတွေက ပြည်နယ်ရဲ့ နိုင်ငံရေးအရ ဖွံ့ဖြိုးတိုးတက်မှုတွေကို ဆောင်ရွက်ပေးနိုင်တဲ့ အနေအထားမရှိဘူး။
သူတို့ရဲ့ မူဝါဒတွေကို အကောင်အထည် ဖော်တဲ့အခါ ပြည်နယ်ရဲ့ နိုင်ငံရေး ဖြစ်ထွန်းပေါ်ပေါက်မှုနဲ့ အမြဲတမ်း သဟဇာ တ မကျတာတွေ ရှိတယ်။ ပြည်နယ်ကို အခြေခံတဲ့ နိုင်ငံရေး မူဝါဒတွေကို ပါတီရဲ့ မူဝါဒ လမ်းစဉ်အတိုင်း ဆောင်ရွက် ထားတာ ဖြစ်လို့ ဒါတွေကို အခြေခံပြီး ဆောင်ရွက်ဖို့ Criteria တခုအဖြစ် ထားတယ်။
မဟုတ်ရင် ပြည်နယ်ရဲ့ နိုင်ငံရေး ဖွံ့ဖြိုးမှုနဲ့ ဖြစ်ထွန်းပေါ်ပေါက်မှုဟာ အမြဲတမ်း ပိတ်ဆို့တားဆီးမှုနဲ့ပဲ ဘယ်လိုမှ တိုး တက်တဲ့ ရလဒ်မျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် မူဝါဒတွေ အကောင်အထည် ဖော်တဲ့နေရာမှာ နားလည်မှုရှိတဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ဖို့ ထည့်သွင်းထားတာ ဖြစ်တယ်။ အချက်ကတော့ ၅ ချက်လောက် ရှိတယ်။ ဒီလောက်ပဲ သိပ်အများကြီးတော့ မဟုတ်ဘူး။
မေး ။ ။ လွှတ်တော်ထဲ ရောက်တဲ့အခါ ပါတီအနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ ဘယ်လောက် အတိုင်းအ တာထိ ဆောင်ရွက်နိုင်မယ်လို့ ထင်လဲ။
ဖြေ ။ ။ ပြည်ထောင်စုကို သွားတဲ့ ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ အခြေခံဥပဒေ ပြင်ဆင်ရေး အခင်းအ ကျင်း လောက်တင် မဟုတ်ပါဘူး။ ပြင်ပ တခြားနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကဏ္ဍတွေမှာ လည်း လွှတ်တော်တွင်း အနေအထားထက် လွှတ်တော်ပြင်ပ နိုင်ငံရေးတွေကိုပါ ဆောင်ရွက်ရလိမ့်မယ်။ အခြေခံဥပ ဒေ ပြင်ဆင်ရေး တခုတည်း အာရုံစိုက်ဖို့ မဟုတ်ဘူး။
တနိုင်လုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) နောက်ပိုင်းမှာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေး နွေးပွဲတွေ သက်ဆိုင်ရာ ပြည်နယ် အလိုက်မှာ ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စု ဆွေးနွေးမှုဆိုင်ရာ မှုဘောင် ပြင်ဆင်ရေး ဆိုင်ရာ ကဏ္ဍတွေမှာ လွှတ်တော်ပြင်ပ နိုင်ငံရေးကိုလည်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အခြေခံဥပဒေ ပေးထားချက် တခုတည်းရဲ့ အောက်မှာတင် မဟုတ်ပါဘူး။
အခြေခံဥပဒေ ပြင်ပမှာ နိုင်ငံရေး ဖြစ်ထွန်းပေါ်ပေါက်မှုက မြန်မာနိုင်ငံမှာ မလွဲမသွေ နိုင်ငံရေး အပြောင်းအလဲတခုလို အပ်နေတာပါ။ အခြေခံဥပဒေ ပြောင်းလဲရေး ဖြစ်စဉ်တခုတည်းကိုပဲ အာရုံ စိုက်နေရင် လွှတ်တော်ပြင်ပမှာရှိနေတဲ့ နိုင်ငံရေး ပဋိပက္ခတွေ ကြီးထွားလာနေဦးမှာ။
အခြေခံဥပဒေ ကဏ္ဍလို့ ပြောရင် ကြားကာလတခုအရ ပြင်ဆင်ရမယ့် အကြောင်းတရားပဲ ဖြစ်ပြီး တကယ်ထူထောင်ရ မယ့်စနစ်က ဖက်ဒရယ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လွှတ်တော်တွင်း လွှတ်တော်ပြင်ပ ချိန်ညှိပြီး သွားရမယ့် နိုင်ငံရေး အခင်းအကျင်းမျိုး ဖြစ်လို့ ကျနော်တို့ရဲ့ နိုင်ငံရေး အာရုံစိုက်မှုက အခြေခံဥပဒေ ပြင်ဆင်ရေးမှာ ဗဟိုချုပ်ကိုင်မှု လျှော့ချ တဲ့ အဆင့်လောက်ပဲ ရှိမယ်လို့ ထင်တယ်။ ဒါကလည်း ကြားကာလမှာ ဖြတ်သန်းရမှာဖြစ်ပြီး တကယ် ကျနော်တို့ နိုင်ငံရေးအရ လိုအပ်တာက စနစ်တခုလုံး ပြောင်းလဲဖို့ပါပဲ။ ဒါကို ပြည်နယ်ရဲ့ လိုအပ်တဲ့ နိုင်ငံရေးတွေကို သယ်ဆောင် သွားနိုင်တဲ့ နိုင်ငံရေးပါတီဖြစ်ဖို့လည်း ကျနော်တို့ ကြိုးစားအားထုတ်နေတာပါ။
မေး ။ ။ လွှတ်တော်ထဲ ရောက်တဲ့အခါ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက်ရော ဘယ်လောက်ထိ ထဲထဲ ဝင်ဝင် ပါဝင်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်ထားလဲ။
ဖြေ ။ ။ ဒါတွေကို ကဏ္ဍတခုချင်းစီ ပြောလို့မရပါဘူး။ အားလုံးက ချိတ်ဆက်နေတာပါ။ ပြည်နယ်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီတခု ထူထောင်ထားခြင်းက ပြည်နယ်တွေရဲ့ နိုင်ငံရေး ဖြစ်ထွန်းပေါ်ပေါက်မှု ဘယ်လို တိုးတက်ရရှိမလဲ အပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်ရတာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကလည်း ပြည်နယ်တွေမှာရှိတဲ့ အခြား နိုင်ငံရေးအင်အားစုတွေနဲ့ လက်တွဲလုပ်ရမှာပဲ။
ကျနော်တို့က တခုနဲ့တခု ခွဲခြားပြီး ပြောရမယ့် ကဏ္ဍလို့ မမြင်ဘူး။ အားလုံး ပူးပေါင်းဆောင်ရွက်ရမယ့် ကဏ္ဍလို့ မြင် တယ်။ ဒါကြောင့် ဒေသမှာရှိတဲ့ တိုင်းရင်းသား ပြည်နယ်တွေ အခြေခံတဲ့ နိုင်ငံရေးပါတီတွေကလည်း ပြည်နယ်တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ထွန်းပေါ်ပေါက်မှုက နံပါတ် ၁ ဦးစားပေး ဖြစ်ပါတယ်။
အဓိက လိုချင်တာက ပြည်နယ် အုပ်ချုပ်ရေး ယန္တရားမှာ ပြည်နယ်တွေရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြားခံဆောင်ရွက် ပေးနိုင်တဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း တခု ဖြစ်ဖို့လိုတယ်။ လက်ရှိ အနေအထားတိုင်း သွားမယ်ဆိုရင်တော့ မြန်မာ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်ထွန်းပေါ်ပေါက်မှုက ၅ နှစ်တာ ကုန်သွားတာ ဒီ၂၀၁၅ နောက်ပိုင်း ၅ နှစ်က ဘာမှမရှိတဲ့ ကာ လလို့ပဲ သတ်မှတ်ရမယ်။
ပါးစပ်ပြောနဲ့ ရနေတဲ့ ပြည်ထောင်စုက သွားနေတဲ့ ဟာတွေက နိုင်ငံရေးဆန္ဒအမှန် ဟုတ် မဟုတ်တော့ မသိဘူး။ သေချာတာက ဒီမှာ သမ္မတက ခန့်ထားတဲ့ အစိုးရအဖွဲ့တွေကတော့ ပြည်နယ်ရဲ့ နိုင်ငံရေးကို ဘယ်တော့မှ ဦးစားပေး ဆောင်ရွက်တာမျိုး တခုမှ မတွေ့ရသေးဖူးသေးဘူး။
မေး ။ ။၂၀၂၀ အလွန်မှာ ညွန့်ပေါင်း အစိုးရ ပေါ်ထွက်လာနိုင်မယ်လို့ ထင်ပါသလား။
ဖြေ ။ ။ အခြေခံ ဥပဒေ ပေးထားချက် ၂၀၀၈ နဲ့ အစိုးရ ဖွဲ့ကြတယ်။ လက်ရှိကြားကာလမှာ ဒါကို ဖြတ်သန်းရဦးမှာ။ ဒီနေရာမှာ ကိန်းဂဏန်းကို ပြောပြချင်တယ်။ ကိန်းဂဏန်းက တစုတဖွဲ့တည်း သွားရမယ်လို့ Highlight (အသားပေး) ပေးထားတာ မဟုတ်ဘူး။ ကိန်းဂဏန်း အချိုးကျအရ သမ္မတ တင်သွင်းလို့ရတယ်လို့ပဲ ပြောထားတယ်။ ကျနော်တို့ ဘက်မှာလည်း ဒီကိန်းဂဏန်းတွေ စုပြီး ဆောင်ရွက်လို့ ရပါတယ်။ ကိန်းဂဏန်းအရ ဖြစ်ပေါ်လာတဲ့ သရုပ်သကန်တွေ ကလည်း ညွန့်ပေါင်းဖွဲ့လို့ မရဘူးလို့ ပေးထားချက် မရှိပါဘူး။
နိုင်ငံရေး ပါတီကြီး ဒီနေ့ မြန်မာနိုင်ငံမှာ နှစ်ခုတည်း ရှိတယ်လို့ ပြောကြတယ်။ တခါ စစ်တပ်က ရှိနေတဲ့ အရေအတွက် ၂၅ ရာခိုင်နှုန်းကလည်း ရှိထားပြီးသား။ တခြားသော ပါတီကြီးတွေဖြစ်တဲ့ ကြံ့ခိုင်ရေးတို့ NLD တို့ကလည်း ဒီကိန်းဂ ဏန်း အချိုးအစားကို ပြည့်ဝအောင် ယူနေတယ်။ လက်ရှိ NLD ဆိုရင် ညွန့်ပေါင်း အစိုးရ မဖွဲ့ဘူး။ ဒီလို ကြေညာချက် ထုတ်ထားတယ်။
ညွန့်ပေါင်းအစိုးရရဲ့ ရလဒ်နဲ့ တပါတီရဲ့ ဘာရှိလဲ ၈၈ (ရှစ်လေးလုံး လူထုအရေးတော်ပုံ) ကို ပြန်ကြည့် ဖို့ လိုတယ်။ ၈၈ ရဲ့ လူထုအရေးတော်ပုံဟာ တဦးတယောက်တည်း ဆောင်ရွက်ခဲ့တဲ့ကိစ္စ မဟုတ်ဘူး။ ဗဟိုချုပ်ကိုင်မှုနဲ့ တပါတီစနစ်ကို တွန်းလှန်ခဲ့ကြတာ။
ဒါကို လူထုက တပါတီ စနစ်ကို ပြန်ကြိုက်တယ် လို့ စဉ်းစားနေမယ်၊ ညွန့်ပေါင်း မဖွဲ့ဘဲ တပါတီစနစ်ပဲ ကြိုက်နေမယ်ဆို ရင်တော့ လူထုကိုယ်တိုင် ခေတ်နောက်ပြန်ဆွဲနေသလားပေါ့။ လူထုကိုတော့ အပြစ်မမြင်ပါဘူး။ သို့သော် လူထုက ထူ ထောင်ပေးတဲ့ အစိုးရ တရပ်သည် ညွန့်ပေါင်းကိုပဲ ထောင်ထောင် တပါတီကိုပဲ ထောင်ထောင် လူထုက ထူထောင်ပေး တဲ့ အစိုးရတရပ် ဖြစ်နေတယ်။
သို့သော် ပေးထားချက်ထဲမှာက ကျနော်တို့မှာ အစုအဖွဲ့ တခုအနေနဲ့ ကိန်းဂဏန်း ရှိမယ်ဆို ကျနော်တို့လည်း သမ္မတ လောင်းတယောက် တင်သွင်းမှာပဲ။ NLD ပဲပြောပြော ကြံ့ခိုင်ရေးပဲပြောပြော သူတို့ကလည်း ကိန်းဂဏန်း မရှိဘူးဆိုရင် တစုံတရာ ကိန်းဂဏန်း မျှဝေ ယူလို့ရပါတယ်။ ငါတော့ တမဲသာ အနိုင်ရ စနစ်မှာ ငါတို့ချည်းပဲ အကုန်ယူမယ်ဆိုရင် တော့ စနစ်ကို ပြန်ထူထောင်တဲ့အခါ ဒီလို စနစ်တွေနဲ့ လက်ရှိ ၂၀၁၅ နောက်ပိုင်း ကာလကို ဖြတ်သန်းခဲ့တာ ဘာရလဒ် မှာမှ မရှိတာ။
နိုင်ငံရေး ဆိုတာ စုပေါင်းဆောင်ရွက်ရမယ့် အကြောင်းအရာ တခုပါ။ ပြည်ထောင်စု ဆိုတာ မတူကွဲပြားမှုတွေကို စနစ် တခုအောက်မှာ အတူတကွ ဆောင်ရွက်နိုင်အောင် ဆိုရင် မတူကွဲပြားမှုတွေ များတဲ့နိုင်ငံမှာ ဖက်ဒရယ်နဲ့ပဲ အဖြေထုတ် လို့ရပါတယ်။ ဖက်ဒရယ်နဲ့ အဖြေထုတ်မယ်ဆို ကိန်းဂဏန်းတွေကို စုပေါင်းပြီး ဆောင်ရွက်လိုက်ရင် ညွန့်ပေါင်း မဖွဲ့နိုင် ဘူးလို့ ဘယ်သူက တရားသေ ပြောထားတာလဲ။ ညွန့်ပေါင်းမဖြစ်လာနိုင်ဘူးလို့ ပြောတဲ့သူတွေကလည်း ဒါက ပါတီ တခုတည်းကိုပဲ အခြေခံပြီး စဉ်းစားဆုံးဖြတ်တာမျိုးနဲ့ ပြည်ထောင်စု အစစ်အမှန် တည်ဆောက်ရေး ခရီးရောက်မှာ မဟုတ်ဘူး။
မေး ။ ။ ဒါဆို ပါတီအနေနဲ့က ၂၀၂၀ အလွန်ကို ညွန့်ပေါင်းအစိုးရ ဖြစ်လာဖို့ မျှော်လင့်ထားတာလား ယုံကြည်ထား တာလား။
ဖြေ ။ ။ ကျနော်တို့က ပိုယုံကြည်ပါတယ်။ ပြည်သူလူထုရဲ့ နိုင်ငံရေး ဆန္ဒကိုလည်း ယုံကြည်တယ်။ တကယ် ပြည် ထောင်စု အစစ်အမှန်ကို တည်ဆောက်ပေးချင်တယ် ဆိုတဲ့ နိုင်ငံရေး ပါတီမျိုး ရှိခဲ့ရင်လည်း ဒီနိုင်ငံရေး ဆန္ဒအမှန် ဖြစ် ဖို့လည်း မျှော်လင့်ပါတယ်။
မေး ။ ။ ၂၀၂၀ ရွေးကောက်ပွဲမှာ KySDP အတွက် ဘယ်ပါတီတွေက ပြိုင်ဘက် ဖြစ်လာမလဲ။
ဖြေ ။ ။ ကျနော်က ပြိုင်ဘက်လို့တော့ မမြင်ဘူး။ ကျနော်တို့က အတူကွ ထူထောင်ဖို့ ဝိုင်းဝန်းကြိုးစား အားထုတ်ကြ မယ်ဆိုတဲ့ နိုင်ငံရေးဆန္ဒမျိုးပဲ ဖြစ်ချင်တယ်။ အဓိကက ပြည်နယ်တွေရဲ့ အခန်းကဏ္ဍ ပိုမို မြှင့်တင်နိုင်ဖို့ တနည်းအား ဖြင့် လွှတ်တော်မှာ ရှိတဲ့ ကဏ္ဍတွေမှာ ရာနှုန်းပြည့် အောင်နိုင်ရေး အတွက်ကိုပဲ အဓိက မျှော်လင့်တယ်။ ပြည်ထောင်စု မှာတော့ အတူတကွ ဆောင်ရွက်ရမှာပေါ့။
မေး ။ ။ ပါတီအနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဘယ်လို စိန်ခေါ်မှု အခက်အခဲတွေ ရှိမလဲ။
ဖြေ ။ ။ ကျနော်တို့မှာက နိုင်ငံရေးဆန္ဒနဲ့ နိုင်ငံရေး ဖြစ်ထွန်းပေါ်ပေါက်မှုကိုပဲ ရှေးရှုကြတယ်။ မခံချင်စိတ်တွေနဲ့ ပြည် နယ်ရဲ့နိုင်ငံရေးကို ဦးဆောင်ပြီး သွားကြမယ်ဆိုတဲ့ ဆန္ဒတွေနဲ့ စိတ်ဓာတ်ခွန်အားတွေနဲ့ သွားနေကြတာပေါ့။ အဓိက က ငွေရေးကြေးရေးပေါ့လေ။ စုပေါင်းဆောင်ရွက်ပြီး အလှူရှင်တွေကိုလည်း ဖိတ်ခေါ်ပြီးတော့ ပြည်နယ်တွေရဲ့ နိုင် ငံရေး ဖြစ်ထွန်းပေါ်ပေါက်မှုကို ဘယ်လိုလုပ်စေချင်လဲ။
ဖွံ့ဖြိုးရေး အတွက် ဘယ်လို ပုံစံမျိုးတွေ သွားချင်တယ်ဆိုတဲ့ ဟာတွေ ဒီလိုပဲ တဦးနဲ့တဦး နိုင်ငံရေးဆန္ဒ တူညီသူတွေနဲ့ ပူးပေါင်းပြီး လျှောက်နေကြတာပါ။ အခက်အခဲ စိန်ခေါ်မှုလို့ ပြောရင် ရန်ပုံငွေ မလုံလောက်မှု အခက်အခဲပဲ။ နောက် တခုက လက်ရှိအစိုးရ လက်ထက်မှာ ဒေသန္တရ အမိန့်ဆိုပြီး တားဆီးပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေက ကျနော်တို့ အတွက် အခက်အခဲတွေ အများကြီး ရှိတယ်။
မေး ။ ။ ဘယ်လိုဟာမျိုးတွေကို ပြောချင်တာပါလဲ။
ဖြေ ။ ။ ဒေသန္တ ထုတ်ပြန်ထားတဲ့ ကိစ္စရပ်တွေမှာ ဥပမာ မြို့နယ် အုပ်ချုပ်ရေးမှူး အဆင့်ထိ လူထု တွေ့ဆုံပွဲတွေကို အ ခမ်းအနား အစီစဉ်တွေနဲ့တကွ အခမ်းအနား ပြီးဆုံးရင်တောင် အခမ်းအနား မှတ်တမ်းတွေ အထိ ပြန်လည်တင်ပြဖို့ ညွှန်ကြား ထားတာတွေ ရှိတယ်။ အကယ်၍ လုပ်မယ်ဆိုရင် အရေးယူမယ်ဆိုတဲ့ အထိ ထုတ်ပြန်ကြေညာချက်တွေ တွေ့ရတယ်။
ပြည်နယ်တွေမှာ လက်ရှိ အစိုးရရဲ့ ဆောင်ရွက်ချက်တွေက ကျနော်တို့ နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှုနဲ့ ပတ်သက် ရင် အခက်အခဲ အများကြီး တွေ့နေရတယ်။ ကျနော်တို့ တွေ့ချင်တယ် ဆိုရင်တောင် ကယားပြည်နယ် ပြင်ပမှာ သွားပြီး တွေ့ဆုံမှုတွေ လုပ်ရတဲ့အတွက် ဒါ အခက်အခဲဆုံး ကိစ္စရပ်ပဲ။ ဒီထုတ်ပြန်ချက်တွေက ကျနော်တို့ကို ပိတ်ပင် တားဆီး နေတယ်လို့ပဲ မြင်တယ်။ ဒါတွေကို ရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြပြီး ဆောင်ရွက်ဖို့ ပြောတဲ့အခါ ကော်မရှင် အနေနဲ့ ဒီနေ့ထိ ဘာမှ ဖြေရှင်းပေးချက် မရှိဘူး။
မေး ။ ။ ကယားပြည်နယ် ဒီမိုကရက်တစ် ပါတီကို ပြည်သူတွေက ဘာကြောင့် မဲပေးသင့်တာလဲ။
ဖြေ ။ ။ ပြည်နယ်တွေမှာ လက်ရှိ ခံစားနေရတဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး ဆိုင်ရာ လမ်းကြောင်းတွေမှာ ထဲထဲဝင် ဝင် ပါဝင်ခွင့် မရတာက ကျနော်တို့ရဲ့ ဆုံးရှုံးနေတဲ့ အနေအထားတွေပဲ။ ပါတီအနေနဲ့ မဟုတ်ပါဘူး။ လူထုကိုယ်၌က အုပ်ချုပ်ရေး ယန္တရားကို ဝင်ရောက် စွက်ဖက်လို့ မရဘူး။ ဒီတော့ ပြည်သူလူထုက တကယ်ကောင်းမွန်တဲ့ အစိုးရတရပ် ကို တည်ဆောက်ပေးပါလို့ ပြန်တောင်းဆိုမှပဲ ရမှာပါ။
အုပ်ချုပ်ရေးကို ပြည်သူလူထုက အမြဲတမ်း ၅ နှစ် တကြိမ်ပဲ ပြုပြင်ပြောင်းလဲခွင့် ရနေတဲ့အတွက် ဒီရရှိထားတဲ့ အခွင့် အရေးထဲမှာပဲ ကောင်းမွန်တဲ့ အစိုးရတရပ်ကို ပြည်သူလူထုက တည်ဆောက်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ ပြည်သူလူထုက မဲပေးမှ ကျနော်တို့ အစိုးရ ဖြစ်လာမှာကိုး။
နောက်တခု ထပ်ပြီး စဉ်းစားစေလိုတာက ပြည်နယ်တွေရဲ့ နိုင်ငံရေးနဲ့ နိုင်ငံရေး ဖြစ်ထွန်းပေါ်ပေါက်မှုတွေကို ပြည်မ နိုင်ငံရေး အင်အားစုတွေက နှစ်ပေါင်း မြောက်မြားစွာ လာပြီးတော့ ခြယ်လှယ် လုပ်ကိုင် ဆောင်ရွက်နေကြပြီးပြီ။ ဒါကို နည်းနည်း ငြီးငွေ့ဖို့ သင့်ပြီလို့ လူထုကိုလည်း ဒီလို သတင်းစကား ပေးချင်ပါတယ်။
ပြည်နယ်တွေရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုက ပြည်နယ်တွေကို အခြေပြုတဲ့ နိုင်ငံရေးအင်အားစု၊ ပါတီတွေကပဲ ဆောင်ရွက်မှ သာလျှင် ပြည်နယ်နဲ့ လိုက်လျောညီထွေရှိတဲ့ နိုင်ငံရေးယန္တရား၊ အုပ်ချုပ်ရေးယန္တရားတွေ ဖြစ်ထွန်း ပေါ်ပေါက်လာမယ် လို့ မျှော်လင့်ချက် ထားပါတယ်။
လက်ရှိ သွားနေတဲ့ကာလ သက်တမ်း နှစ်ခုလုံးမှာ ပြည်နယ်ကို အခြေခံတဲ့ နိုင်ငံရေး လမ်းကြောင်းတွေကနေ သွားတဲ့ အစိုးရမျိုး မဟုတ်တဲ့အတွက် ဗဟိုကို နို့တက်စို့တဲ့ နောက်မြီးဆွဲ နိုင်ငံရေးနဲ့ ဆိုရင်တော့ ပြည်နယ်တွေရဲ့ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ဘယ်တုန်းကမှ တိုးတက်မှု ရရှိလာမှာ မဟုတ်ဘူး။ ဒါတွေ နှစ်ပေါင်းများစွာ ခံစားခဲ့ပြီးပြီ။
လက်ရှိ အနေအထားထိ ဒီလိုမျိုး ဆက်သွားနေဦးမယ်ဆို ပြည်နယ်ကို နိုင်ငံရေးအရ အခြေခံတဲ့ လုပ်ငန်းစဉ်တွေ ပိုပြီး ခက်ခဲလာလိမ့်မယ်။ ဒါကြောင့် ပြည်နယ်တွေကို အခြေခံတဲ့ နိုင်ငံရေးစနစ် ထွန်းကားဖို့ တဖန်ပြန်လည် နိုးကြား တက်ကြွဖို့ အတွက် ပြည်နယ်နိုင်ငံရေး ပါတီတွေကို မဲပေးဖို့ လိုတယ်လို့ ပြောချင်ပါတယ်။
ဆက်စပ်ဖတ်ရှုရန်
တွန်းတွန်းတိုက်တိုက် ပြောင်းလဲချင်တဲ့ တိုင်းရင်းသား လူငယ်ပါတီ
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး ကရင်နီလူငယ်များ တောင်းဆို