တရုတ်နိုင်ငံမှ စတင် ဖြစ်ပွားခဲ့သည့် အသက်ရှုလမ်းကြောင်း ဆိုင်ရာ ကူးစက်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) သည် ယနေ့အထိ ကမာ္ဘ့နိုင်ငံ ၁၀၀ ကျော်အထိ ပြန့်ပွားလျက် ရှိပြီ ဖြစ်သည်။ ကိုရိုနာ ဗိုင်းရပ်စ်ကို ကမာ္ဘ့ကျန်းမာရေးအဖွဲ့ (WHO) က ကူးစက်ကပ်ရောဂါ (Pandemic) အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
အဆိုပါ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်နိုင်ရန် ကမ္ဘာ့နိုင်ငံအနှံ့အပြားရှိ ဆွေးနွေးပွဲများနှင့် အားကစားပွဲများကို ဖျက်သိမ်း နေပြီး တချို့သော နိုင်ငံများတွင် ကျောင်းများ၊ တက္ကသိုလ်များကိုပါ ပိတ်ထားသည်။ စင်ကာပူနှင့် ထိုင်းတို့တွင် သင်္ကြန်ပြု လုပ် မည့် အစီအစဉ်လည်း မရှိတော့ပေ။
ပြည်သူလူထုကလည်း COVID-19 သတင်းကို စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိနေကြသည်။ နိုင်ငံတကာတွင် လူစုလူ ဝေးများကို တတ်နိုင်သမျှ လျှော့ချနေသည့်တိုင် မြန်မာနိုင်ငံတွင်မူ အလှူအတန်း ရာသီဖြစ်သဖြင့် လူဝင်လူထွက်များသည့် အလှူပွဲများ၊ တရားပွဲများကို မြင်တွေ့နေရသေးသည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ လူထုတွေ့ဆုံပွဲများကိုလည်း ဝေဖန်ချက်များ ထွက်ပေါ်လျက်ရှိသည်။ သို့ဖြစ်ရာ ထိုကဲ့သို့ လူစုလူဝေးရာ ဖြစ်ပေါ်စေသည့် ပွဲတော်များ၊ နိုင်ငံတော်အခမ်းအနားများ ကျင်းပနေမှုများ အပေါ် သဘောထား အမြင်များကို စုစည်းတင်ပြလိုက်ပါသည်။
ဒေါက်တာ ခင်ခင်ကြီး
ဒု ညွှန်ကြားရေးမှူး
အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲ
ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာလည်း ဖော်ပြထားပြီးသား ဖြစ်ပါတယ်။ ပွဲလမ်းသဘင်တွေ မလို အပ်ဘဲ မလုပ်ဖို့၊ ဖြစ်နိုင်သမျှ လျှော့ချပြီးတော့ လုပ်ဖို့၊ လုပ်ရင်လည်း လူအရေအတွက် လျှော့ချပြီးတော့ လုပ်ဖို့၊ တတ်နိုင် ရင် အချိန်ကို နည်းနည်းကျဉ်းကျဉ်းပဲ လုပ်ဖို့ ဒါက ဝန်ကြီးဌာနက ပြည်သူလူထုကို တရားဝင် ထုတ်ပြန်ထားသလိုပဲ ပြီးခဲ့တဲ့ မတ်လ ၃ ရက် ဗဟိုအဆင့်အစည်းအဝေး ဒုတိယ အကြိမ်မှာ ပွဲလမ်းသဘင်နဲ့ ပတ်သက်ရင် ကျမတို့အဖွဲ့ရဲ့ Recommendation ဆိုပြီး သမ္မတကြီးကို ပေးပို့ပြီး ဖြစ်ပါတယ်။ တိုင်းနဲ့ ပြည်နယ် သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်း တွေကိုလည်း ထုတ်ပြန်ပြီး ဖြစ်ပါတယ်။
WHO က Pandemic အဖြစ် အချက်ပေး ခေါင်းလောင်းကို ကျယ်ကျယ်လောင်လောင်နဲ့ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သား သား ဖြစ်အောင် တီးလိုက်တဲ့ သဘောပါပဲ။ လက်ရှိမှာဆို တရုတ်နိုင်ငံပြင်ပ အခြား တိုင်းပြည်တွေမှာ နှစ်ပတ် အတွင်းကို Case ဖြစ်ပွားမှုက ၁၃ ဆ တက်လာတယ်။ Pandemic ကြေညာလိုက်တယ် ဆိုတာက WHO လက်ရှိ လုပ်ဆောင်နေတဲ့ လုပ်ဆောင်ချက်တွေ ပြောင်းလဲဖို့ မဟုတ်ဘူး။ လက်ရှိ တိုင်းပြည်တွေက လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေကိုလည်း ဘာမှ ပြောင်းလဲစရာ မရှိဘူး။ လက်ရှိ လုပ်ဆောင်နေတဲ့ အတိုင်းပဲ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
ဒေါက်တာ စံရွှေဝင်း
ဥက္ကဋ္ဌ
ပြည်သူ့ လွှတ်တော်၊ ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ
ကျန်းမာရေး ဝန်ကြီးဌာနက မလုပ်သင့်ဘူးလို့ ပြောနေတာ အရှင်းကြီးလေ။ သို့သော် သူတို့ဘက်ကတော့ ဘယ်နေရာမှာ လုပ်ပါ ဘယ်နေရာမှာ မလုပ်ပါနဲ့တော့ ပြောခွင့်မရှိဘူး။ ကျန်းမာရေးဌာန အနေနဲ့ အကြံပေးပိုင်ခွင့်ပဲ ရှိတာကိုး။ အကြံ ပေးတာကို လိုက်နာတဲ့ သူတွေလည်း လိုက်နာနေတယ်လေ။ ချင်းပြည်နယ်တို့ ကချင်ပြည်နယ်တို့ စသည်ဖြင့် ဝေးတဲ့ ဒေသတွေမှာ မလုပ်ဘူးလို့ ပြောနေတယ်လေ။ မလိုက်နာတာ လိုက်နာတာက သူတို့ အခြေအနေအရပေါ့။ ဒီထက် အခြေ အနေ ဆိုးလာရင် ဖွဲ့ထားတဲ့ ကော်မတီရှိတယ်။ ကော်မတီ အနေနဲ့ကတော့ တားဆီးမှုတွေ လုပ်မှာပေါ့။ အခုလောလော ဆယ်ကတော့ အကြံပေးတဲ့ အဆင့်ပဲ။
ကိုယ့်တိုင်းပြည်ထဲမှာလည်း သေသေချာချာ ဖြစ်သေးတာတော့ မရှိဘူး။ သို့သော်လည်းပဲ ကာကွယ်မှုပိုင်းဆိုင်ရာကတော့ ဒါတွေ လုပ်သင့်တယ်ဆိုတာ အကြံပေးနေတာကိုး။ ထိုင်းမှာ သင်္ကြန်မလုပ်တော့ဘူးတဲ့။ ဒါဆိုရင်တော့ တို့ဘက်က လူကြီး တွေက ဒါတွေကို တဖြည်းဖြည်းနဲ့ သဘောပေါက်ပြီး နားလည်လာပါလိမ့်မယ်။
ဒါပေမယ့် လောလောဆယ် ဒီထဲမှာ Positive မတွေ့သေးတဲ့ အတွက်ကြောင့် တချို့အဖွဲ့အစည်းတွေက နည်းနည်းလေး သဘောပေါက်တာ နောက်ကျတာ ဖြစ်မှာပေါ့။ Positive ဖြစ်တဲ့ တိုင်းပြည်တွေကတော့ အကုန် ရပ်ကုန်ပြီ။ ဒီမှာတော့ ဖြစ် နေတာ မတွေ့သေးဘူး။ လူစုလူဝေးဆိုတာ ဘယ်သူပဲ လုပ်လုပ် အတူတူပဲလေ။ ဘုရားပွဲလည်း အတူတူပဲ၊ ဘာပဲလုပ်လုပ် အတူတူပဲလေ။
လောလောဆယ် ကော်မတီ အနေနဲ့ တားရင်တော့ အားလုံး ရပ်သွားမှာပေါ့။ တကမာ္ဘလုံး နိုင်ငံ ၁၀၀ ကျော် ဖြစ်နေတယ်။ သတိထားတာကတော့ အကောင်းဆုံးပဲ အတင်းတားမှ ဆိုတာထက် ကိုယ့်အသိပညာနဲ့ကိုယ် တားဆီးတယ်၊ ရပ်တန့် တယ် ဆိုတာက ပိုကောင်းမယ်လို့ မြင်တာပေါ့။
ဦးအရိယာဝံသာ ဘိဝံသ
မြဝတီမင်းကြီးကျောင်းတိုက် ဆရာတော်
မင်္ဂလာ တရားဆိုတာ ရှိတယ်လေ။ မင်္ဂလာတရား ဆိုတာ တိုးတက်ကြောင်း၊ ကြီးပွားကြောင်း၊ အောင်မြင်ကြောင်း၊ ပျော်ရွှင် ကြောင်း အဓိပ္ပာယ် အများကြီး ရှိတယ်လေ။ မင်္ဂလာတရားမှာ ဘုရားဆုံးမတာက ဝိနယောစ သုသိက္ခိတောတဲ့။ ဝိနယော ဆိုတော့ ဘုန်ကြီး တော်တော်များများက ရဟန်းတွေကို သတ်မှတ်တဲ့ ဝိနည်းလောက်တင် မှတ်နေတတ်တယ်။ ဒီ ဝိနယော စ သုသိက္ခိတော ဆိုတာက ချမှတ်ထားတဲ့ ဥပဒေ စည်းကမ်း ညွှန်ကြားချက် စတဲ့ လိုက်နာသင့်တာတွေကို လိုက်နာခြင်း သည် မင်္ဂလာလို့ ခေါ်ပါတယ်။
အခုလို မလိုက်နာခြင်းက ဗုဒ္ဓဘာသာ အမည်ခံပြီးတော့ ဗုဒ္ဓဘာသာကို နားမလည်တဲ့ သူတွေလား၊ ဗုဒ္ဓဘာသာကို ဆန့် ကျင်နေတဲ့ သူတွေလားလို့ မေးခွန်းထုတ်စရာ ဖြစ်နေတာပေါ့။ သူတို့က ဘုရားပွဲလို့ ဆိုလိုက်တဲ့ အခါကျတော့ ဘုရား အကြောင်းပြတော့ တားရခက်သလိုတောင် ဖြစ်နေပါသေးတယ်။
လူတွေကို လမ်းမှန်ပြတာ တရားပါ ဓမ္မပါ။ ဓမ္မကို လိုက်နာအောင်လို့ လူတွေကို ၄၅ ဝါပတ်လုံး ဒီတရားတွေကို ဟောထားခဲ့ တာ။ မသိဘူးဆိုရင် အမြင်မှန်မရရင် အလွဲအမှား ကာယကံ၊ ဝစီကံတွေနဲ့ အဓမ္မတွေ ဖြစ်ကုန်မှာစိုးလို့ ဗုဒ္ဓက ၄၅ ဝါ ပတ် လုံး ဟောခဲ့တာပါ။ ဗုဒ္ဓက ပေးခဲ့တာ ဓမ္မပါ။ ကျေးဇူးရှင် ဗုဒ္ဓကို ကျေးဇူးတင်ရမှာပါ။ အခုတော့ ဗုဒ္ဓ ဗုဒ္ဓ၊ ဘုရားပွဲ ဘုရားပွဲ၊ ဆု တောင်းပြည့် ဘုရားပွဲတွေချည်းပဲ။ ဘုရားကပဲ သူတို့ ဆုတောင်းတာ အကုန်ပေးမယ့်ပုံချည်း ဖြစ်ကုန်တာဟာ ဘာသာရေး ပျက်စီးခြင်းလို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ပျက်စီးနေပါတယ်။ တရားပျက်စီးနေပါတယ်။
ဒေါက်တာ ဖြိုးသီဟ
ကျန်းမာရေး ဆိုင်ရာ အသိပညာပေး ဆောင်းပါးများ ရေးသားသူ
ကိုရိုနာဗိုင်းရပ်စ်က လက်ရှိ မြန်မာနိုင်ငံမှာ မတွေ့သေးဘူး ဆိုတာက ဟိုးအရင်ကလိုမျိုးတော့ ရှိတာကို ဖုံးထားတာမျိုးတော့ မဟုတ်ဘူး။ ဖြစ်လာခဲ့ရင်လည်း သိသာ ထင်ရှားစွာနဲ့ ဖြစ်မှာပေါ့။ ဒါပေမယ့် လုံးဝ မကူးစက်သေးတာလား ရှာလို့မတွေ့သေး တာလား အဲဒါတော့ ပြောရခက်တယ်။ ကျနော်တို့နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အနေအထား အရလည်း နဂိုရှိနေ တဲ့ ရောဂါတွေကိုတောင် အနိုင်နိုင် လုပ်နေရတဲ့ အခြေအနေမှာ ဒါမျိုး ဖြစ်လာရင် တော်တော်လေးကို ဒုက္ခရောက်မယ့် အနေအထားရှိတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ သတိထားတာကတော့ ကောင်းတယ်။
ကိုယ့်တကိုယ်ရည်လိုက် လုပ်ဆောင်နိုင်တာတွေက လက်ဆေးဖို့၊ လက်မဆေးထားတဲ့ လက်နဲ့ နှာခေါင်း၊ မျက်လုံးတို့ ပါးစပ်တို့ မကိုင်ဖို့ အရေးကြီးမယ်။ ချောင်းဆိုး နှာချေးလို့ ရှိရင် ပိတ်ပြီးမှ ဆိုးတာ၊ နှာချေရင် တစ်ရှုးသုံးတာ၊ အဲဒီ တစ်ရှုးကို စနစ်တကျ စွန့်ပစ်တာ ဒါမျိုးတွေ လုပ်ပေါ့။ နောက် တကိုယ်ရည် ကိုယ်ခံအား ကောင်းဖို့အတွက် ကောင်းကောင်းအိပ် ကောင်းကောင်းစားတာ ဒါမျိုးတွေကို လုပ်ပေး။
နောက်ပြီး နေထိုင်မကောင်းရင် လူကြားထဲကို မသွားနဲ့။ အရေးအကြီးဆုံးကတော့ လူစုကို ရှောင်ဖို့ လိုမယ်။ နည်းနည်း လေး ပေါ့လိုက်တာနဲ့ ဖြစ်လာမယ့် ပြဿနာက အရမ်းကြီးတော့ ဖြစ်နိုင်ရင် လူစုလူဝေးကို ရှောင်စေချင်တယ်။
မကြာခင်လာမယ့် သင်္ကြန်ပွဲတော်မှာ ပျော်ချင်ကြတာကို သိတယ်။ စီးပွားရေး လုပ်ငန်းတွေ စီစဉ်ထားတာ ရှိမယ်။ ဒါပေ မယ့် မျှော်လင့်မထားတဲ့ ပြဿနာဆိုတော့ တတ်နိုင်သမျှ ရှောင်စေချင်တယ်။ ဒီပြဿနာကကျတော့ ကျန်းမာရေး ဝန်ကြီး ဌာန တခုတည်းနဲ့ ဆိုင်တာမျိုး မဟုတ်တော့ဘဲနဲ့ ရှိသမျှ နယ်ပယ် အကုန်လုံးက ပါပေးဖို့ လိုတာပေါ့။
ကျန်းမာရေး ဝန်ကြီးဌာနကတော့ လူစုလူဝေး မလုပ်ပါနဲ့ဘဲ ပြောနိုင်တာပေါ့။ ဥပမာ- ရန်ကုန်တိုင်းထဲမှာ ရှိတဲ့ ပွဲလမ်း သဘင်တွေ တတ်နိုင်သလောက် နည်းသွားဖို့ဆိုရင် စည်းကမ်းချက်တွေ ထုတ်ပြန်ပြီးတော့မှ လူအယောက်ဆိုလည်း အများဆုံး ဘယ်နှယောက်ပဲ ပါသင့်တယ် စသဖြင့်ပေါ့။
အခုဆို Hand Gel တွေ Mask တွေ တစ်ခါတလေမှာ ပြတ်လပ်တာမျိုးတွေ ရှိတော့။ ဒါတွေကို အမြန်ဆုံး ရအောင်ပေါ့။ ဈေးတင်ရောင်းတာမျိုးတွေ မဖြစ်အောင် တယောက်တည်းကပဲ အများကြီး ဝယ်သွားတာမျိုးတွေ မဖြစ်အောင် ထိန်းချုပ်ဖို့ ကလည်း လိုပြန်သေးတာပေါ့။
ပွဲလမ်းသဘင်တွေဆို ကျန်းမာရေး ဝန်ကြီးဌာနက အကြံပေးတာလောက်ပဲ ဖြစ်နိုင်တယ်။ ကျန်တဲ့ ဝန်ကြီးဌာန အသီးသီး က သူတို့လုပ်ဆောင်မယ့် ပွဲတွေ သူတို့ခွင့်ပြုမယ့် ပွဲတွေ အကုန်လုံးကို မလုပ်ဘဲ နေလို့ ရသမျှကို တတ်နိုင်သလောက် လျှော့ချမှပဲ အဆင်ပြေလောက်တယ်။ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ကိစ္စကလည်း ရှိကောင်း ရှိလာနိုင်တာပဲ ဒါတွေကို လတ်တလော နားထားမှ အဆင်ပြေမယ်ပေါ့။
ဦးနိုင်ငံလင်း
ရန်ကုန်တိုင်း ဒေသကြီး လူမှုရေး ဝန်ကြီး
ကျနော်တို့ လောလောဆယ် နေပြည်တော်မှာ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ အစည်းအဝေး ရှိတယ်။ ဒီအစည်း အဝေး ကနေပြီးတော့ ညွှန်ကြားချက် ပေးလိမ့်မယ်။ အဲဒီအတိုင်း ကျနော်တို့ လုပ်မှာ။ ကျနော်တို့ ဗဟိုကော်မတီ အစည်း အဝေးက နှစ်ကြိမ် လုပ်ပြီးသွားပြီ။ နှစ်ကြိမ်လုပ်တုန်းက ကျနော်တို့က လုပ်လို့ရသေးတယ် ကျန်းမာရေး အသိတရားနဲ့ ကာကွယ်ပြီး လုပ်ကြပါပေါ့။
အခုက အဲဒီလို မဟုတ်တော့ဘူ Pandemic ဖြစ်လာတဲ့ အနေအထား ရောက်လာပြီ ဆိုတော့ အစည်းအဝေး တန်းခေါ် ပြီးတော့ ညွှန်ကြားမယ်လို့ ယူဆပါတယ်။ ကျနော်တို့ကတော့ ညွှန်ကြားချက်အတိုင်းပဲ သွားမှာ။
ဒေါက်တာ မျိုးသန့်
ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန
ရောဂါနှိမ်နှင်းရေး အထူးကု ဆရာဝန်ကြီး
များသောအားဖြင့် ပွဲမိန့်တွေကို ပေးတာက အာဏာပိုင်အဖွဲ့အစည်း တခုကနေ ပေးတာပဲ။ ကျန်းမာရေးဌာနကို သဘော ထားမှတ်ချက်တောင်းရုံပဲ။ ဆရာတို့က အကြံပေးရုံပဲ ရတာပေါ့။ မသွားနဲ့ မလာနဲ့ ဒီလိုပဲ ပြောလို့ရမှာ။ တကယ်တမ်းကျ တော့ ကိုယ်ကိုယ်တိုင်က ဆင်ခြင်မှ ရမှာပေါ့။ တချို့ပွဲတွေက ခံဝန်ကတိနဲ့ လုပ်နေတာတွေပေါ့။
တခုခုဆိုရင် မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ဖြစ်လာတယ်ဆိုရင် ရပ်ခိုင်းရင် ချက်ချင်း ရပ်ပါ့မယ်ဆိုတဲ့ ခံဝန်ချက် ထိုးထားပြီး လုပ်တယ်လို့ သိရတယ်။ မြန်မာနိုင်ငံက Case ကို မတွေ့ရသေးတော့ ချက်ချင်းကြီး ရပ်ပါလို့ ပြောရလည်း ခက် နေတယ်။
ဒေါက်တာ ဥက္ကာကြည်ဝင်း
အထွေထွေ ရောဂါကု ဆရာဝန်
လတ်တလောမှာ ဒီမှာက Positive မတွေ့သေးတော့ အကုန်လုံးကလည်း မကြောက်ကြသေးဘူး။ တကယ်တော့ Positive က မရှိသေးတာ မဟုတ်ဘဲ မတွေ့သေးတဲ့ အခြေအနေမျိုး ဖြစ်နေတော့ အမှန်တော့ လူစုလူဝေးက မလုပ်သင့်ဘူးပေါ့။ တတ်နိုင်သလောက် ရှောင်သင့်တာပေါ့။ အခုလည်း တပ်မတော်နေ့၊ အကယ်ဒမီပေးပွဲတို့ ပွဲကြီးတွေတောင်မှ ဖျက်ရ တာလေ။ အခြား လူစုလူဝေး အစီအစဉ်တွေလည်း ဖျက်သိမ်းသင့်တယ်ပေါ့နော်။
ကျနော်တို့ နိုင်ငံကလည်း သိတဲ့အတိုင်းပဲ ဒီလို ပွဲလမ်းသဘင်မျိုးတွေဆို မရှောင်ချင်ကြတာ များတယ်။ မျက်ကန်း တစ္ဆေ မကြောက်ဘဲ ပြောမလား၊ မကြောက်တတ်သေးတာပေါ့။ ဒီဟာရဲ့ ရလဒ် ဆိုးကျိုးကို သေချာ မသိတာပေါ့။ ဒီရက်ပိုင်းတင်ပဲ အီတလီတို့မှာ မထင်မှတ်ထားလောက်တဲ့ အထိ များလာပြီဆိုတော့ တော်တော့်ကို သတိထားရမယ့် အခြေအနေပေါ့။
အဲဒီ အခြေအနေမှာ ပြည်သူတွေကလည်း တော်ရုံတန်ရုံကလည်း သိပ်မကြောက်တတ်ကြတော့ လူစုလူဝေးပွဲတွေလည်း အများကြီး တွေ့နေရတယ်။ အာဏာပိုင်အနေနဲ့လည်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ အတိုင်းတော့ လုပ်သင့်တယ်လို့ ထင်တယ်။
ဆက်စပ်ဖတ်ရှုရန်
တနိုင်ငံလုံးမှာ လူစုလူဝေးမှုများ ကန့်သတ်ရန် အစိုးရ ပြင်ဆင်
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့