ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် ကမ္ဘာပေါ်တွင် ၁၉၅ နိုင်ငံ ရှိသည့်အနက် ၁၄၃ နိုင်ငံအထိ ကူးစက်ပျံ့နှံ့နေပြီး ကမ္ဘာ့ ကပ်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း လူစုလူဝေးများသော ပွဲလမ်းသဘင်များ မပြုလုပ်ရန် တားမြစ်ခြင်း၊ ရုပ်ရှင်ရုံများ၊ မူကြိုများ ယာယီပိတ်ခြင်းများ စသည်တို့ကို ပြုလုပ်လာသည်။ သို့ဖြစ်ရာ လက်ရှိ မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်ပြီး ကျန်းမာရေး ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေး ဌာနခွဲမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခင်ခင်ကြီးကို ဧရာဝတီ သတင်းထောက် ထက်ခေါင်လင်းက ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ ပြည်သူတွေအနေနဲ့က လက်ရှိအချိန်မှာ ကိုရိုနာဗိုင်းရပ်စ်(Covid-19) တွေ့ရှိတယ်ဆိုတာ မရှိသေးပေမယ့် ပြည်သူလူထုအနေနဲ့က စိုးရိမ် ထိတ်လန့်နေတာတွေ ရှိတယ်။ အဲဒီအပေါ် ဘယ်လိုပြောချင်လဲ။
ဖြေ။ ။ ပြည်သူတွေအနေနဲ့ကတော့ စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာ ဖြစ်စေပါတယ်။ အာဆီယံနိုင်ငံမှာဆို ကျမတို့နဲ့ လာအို နိုင်ငံတို့ပဲ ကျန်တော့တယ်။ ကမ္ဘာမှာလည်း နိုင်ငံ ၅ဝ ပဲ ကျန်တော့တယ်။ ဖြစ်ပွားမှုတွေကို ကြည့်တော့ တိုင်းတပါးက ဝင်ရောက်လာလို့ ကူးစက်ခံရတာ ရှိနေသလို တိုင်းပြည်တွင်းမှာဘဲ ဖြစ်ပွား ကူးစက်မှု များတာတွေ ရှိနေတယ်။
လက်ရှိမှာ နိုင်ငံတွေကတော့ တိုးလာတယ်။ ဒါပေမယ့် နိုင်ငံတိုင်းကတော့ ဖြစ်ပွားမှု ဆိုးဆိုးဝါးဝါး တိုးလာတာမျိုးတော့ မဟုတ်ဘူး။ ဥရောပက အဆိုးဝါးဆုံး ၆ နိုင်ငံက လာတဲ့ခရီးသည်တွေကိုတော့ ကျမတို့ စောင့်ကြပ်ကြည့်ရှု့ခြင်းကို ကြပ်ကြပ်မတ်မတ် လုပ်နေတယ်။

မေး။ ။ အကယ်၍များ ပိုးရှိလူနာ တွေ့လာခဲ့မယ်ဆိုရင် ဘယ်လိုကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားပါသလဲ။
ဖြေ။ အဲဒီအပိုင်းမှာက ကျမတို့ဝန်ကြီးဌာန တခုထဲ လုပ်ဆောင်ဖို့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ အစိုးရ၊ ဝန်ကြီးဌာန အားလုံးနဲ့ သက်ဆိုင်တယ်။ နိုင်ငံတွင်းမှာ မတွေ့ရှိသေးပေမယ့် အချိန်မရွေး အစုလိုက် အပြုံလိုက် ဖြစ်ပွားနိုင်တာလည်း ရှိပါတယ်။ ဒါကို မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။ ငါတို့နိုင်ငံ မဖြစ်သေးဘူးလို့ ယူဆလို့ မရပါဘူး။ အဲဒီလိုယူဆရင် မှားသွားမှာ ဖြစ်ပါတယ်။ အချိန်မရွေး၊ နေရာမရွေး ဖြစ်လာနိုင်ချေ ရှိပါတယ်။
ပြည်သူက လူစုလူဝေးကို လုံးဝ ရှောင်ကျဉ်ဖို့လိုတယ်။ ကိုယ်သွားလို့ ကိုယ်က ကူးခဲ့တယ်။ ကိုယ်က ကိုယ်ခံအားကောင်း နေချိန်မှာပဲ ကိုယ်အိမ်က အသက်ကြီး မိဘတွေ သူတို့သာ ကူးစက်မယ်ဆို နောက်ခံရောဂါနဲ့အတူ သေဆုံးမှု များနိုင် ပါတယ်။
ဖျားနားတာ၊ နှာစေးတာ ဖြစ်နေတဲ့သူတွေ အနားမှာ မနေဖို့ လိုပါတယ်။ ဖျားနေတဲ့သူဆိုရင် အနည်းဆုံး ၃ ပေလောက် အကွာက နေဖို့ လိုပါတယ်။ ချောင်းဆိုး၊ နှာစေးရင် အုပ်ဆိုးရမှာ ဖြစ်ပါတယ်။ တစ်ရှုးရရင်ရ၊ မရရင် လက်တံတောင်နဲ့ ကွယ်သင့်ပါတယ်။ ဒါက တဦးချင်းရဲ့ လိုက်နာကျင့်ကြံရမယ့်ကိစ္စ ဖြစ်ပါတယ်။
အဓိက လူအုပ်စုတွေကို ရှောင်ကျဉ်ဖို့ပါ။ အဲဒီလိုလုပ်လို့ မိမိကိုယ်တိုင်မက မိမိ မိသားစုတွေ၊ မိမိနိုင်ငံကိုပါ ကာကွယ် ဆောင်ရွက်ရာ ရောက်ပါတယ်။ လက်ဆေးတာမှာလည်း ရေနဲ့ ဆပ်ပြာနဲ့က အကောင်းဆုံး ဖြစ်ပါတယ်။
မေး။ ။ ဆရာမတို့အနေနဲ့ ပြည်သူတွေကို အသိပေးဖို့ ဘာတွေ စီစဉ်ထားတာရှိလဲ။
ဖြေ။ ။ ကျမတို့ သတင်းထုတ်ပြန်ချက်ထဲမှာလည်း ပါပြီးသားပါ။ ကျန်မာရေး ဝန်ကြီးဌာနအနေနဲ့က ဒီကြေညာချက်နဲ့အတူ ဆက်လုပ်ရန် လုပ်စရာတွေကို ဆက်လုပ်သွားမယ် ဆိုတာတွေကို ပြောပြီးသားပါ။ နဂိုကတည်းက ကျမတို့ဘက်ကလည်း လုပ်ဆောင်စရာတွေကို လုပ်နေပြီးသား ဖြစ်ပါတယ်။ ဘာတွေလုပ်မယ်ဆိုတာ ညပိုင်းသတင်းတွေမှာ ထည့်ပြီး ဖြစ်ပါတယ်။
မေး။ ။ သတင်းစာမှာ နေ့စဉ်ပါတာ တွေ့ပါတယ်။ ဒါပေမယ့် ကျေးလက်နေ ပြည်သူတွေကြတော့ သတင်းစာ မရရှိတာတွေ ရှိတယ်။ အဲဒီဟာကိုရော ဘာတွေ လုပ်ဖို့ ညွှန်ကြားထားတာရှိလဲ။ အထွေထွေ အုပ်ချုပ်ရေးဌာနက အဆင့်ဆင့်နဲ့ ကျေးလက်အထိ လော်စပီကာနဲ့ ကြေညာပေးတာမျိုးအထိပေါ့။
ဖြေ။ ။ ကျေးရွာ၊ ရပ်ကွက်အထိ အောက်ခြေ ပြည်သူလူထုအထိ လုပ်ဆောင်ရမယ့်ကိစ္စတွေ၊ လေဆိပ်၊ ရေဆိပ်တွေမှာ လုပ်ရမယ့်ကိစ္စတွေ အကုန်လုံး ထုတ်ပြန်ပြီးသားပါ။ အဲဒီလို မသိရဘူး မဖြစ်ရအောင် ကျမတို့က မီဒီယာတွေကို ဖိတ်ခေါ် ဆောင်ရွက်ပြီး ဖြစ်ပါတယ်။
အဓိကက မီဒီယာအားကို ယူရပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ WebSite၊ Facebook ကနေ ဆောင်ရွက်နေသလို သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ် ကျန်းမာရေး ဦးစီးဌာနရဲ့ နိုင်ငံရေးအပိုင်း၊ လူမှုရေးဝန်ကြီး တွေကအစ ပါဝင်ဆောင်ရွက်ပြီး တော့ တိုင်းနဲ့ ပြည်နယ်အလိုက် ဆောင်ရွက်နေပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနက ပြည်သူလူထုတွေ သတင်းအချက် အလက်တွေရအောင် ဆောင်ရွက်နေသလို မီဒီယာဘက်ကလည်း ပြည်သူတွေ သတင်းမှန် ရရှိစေဖို့ လုပ်ထားပြီး ဖြစ်ပါ တယ်။ မီဒီယာတွေက အချိန်နဲ့ တပြေးညီ သတင်းမှန်တွေ ထုတ်ပေးဖို့ လိုပါတယ်။
သတင်းမှားတွေ မလုပ်မိဖို့ လိုပါတယ်။ ဒီအချိန်မှာ သတင်းမှားတွေ ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်လွှင့်ပြီး ကိုယ့်သတင်းဌာန လူသိအောင် လုပ်တာ ကာယကံရှင်တွေ အသိဆုံးပါ။ အခုချိန်က လေ့ကျင့်နေတဲ့ အချိန် မဟုတ်တော့ဘူး။ ကျမတို့က အခုချိန်ဟာ အင်ဖြည့်အားဖြည့်နဲ့ ကိုယ့်နိုင်ငံထဲကို ရောဂါ မဝင်ရောက်စေရေးနဲ့ ဝင်ရောက်လာရင် ဘာတွေ ဆောင်ရွက် ရမလဲဆိုတာ လုပ်ဖို့ပါ။ ပြည်သူကလည်း ဦးနှောက်ရှိဖို့လိုပါတယ်။ ငါတို့အကျိုးအတွက် လုပ်နေတာပဲဆိုတာ သိဖို့လိုတယ်။
အခုချိန်မှာ သတင်းအချက်အလက်တွေက မှိုလိုပေါက်ပြီးတော့ကို ဖြစ်နေတာ။ မှန်ကန်တဲ့ သတင်းအချက်အလက်ကို အချိန်နဲ့တပြေးညီ ပြည်သူတွေသိစေဖို့ လိုပါတယ်။ မီဒီယာတွေအနေနဲ့ သတင်းမှားတွေကို တွေ့မယ်ဆိုရင် ကျမတို့ ကျန်းမာရေး ဝန်ကြီးဌာနရဲ့ တရားဝင်စာမျက်နှာက သတင်းအချက်အလက်တွေနဲ့ တိုက်ဆိုင် စစ်ဆေးနိုင်ပါတယ်။ သတင်းအမှန်တွေ ထုတ်လွှင့်ပေးဖို့လည်း မေတ္တာရပ်ခံပါတယ်။

မေး။ ။ အခုဆို နိုင်ငံတော် အတိုင်ပင်ခံ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် စသဖြင့်ပေါ့။ အကြီးအကဲတွေ လူထုတွေ့ဆုံ လုပ်နေကြတာနဲ့ရော ဘယ်လို သဘောရှိလဲ။
ဖြေ။ ။ ကျမအမြင်မဟုတ်ပါဘူး။ ကျန်းမာရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာကို ပြောပြီးသားပါ။ ပွဲလမ်းသဘင်တွေ မလုပ်ဖို့၊ လုပ်ရင်လည်း လူအရေအတွက် တတ်နိုင်သမျှ လျော့ချဖို့၊ အချိန်ကို ကျဉ်းကျဉ်းနဲ့ လုပ်ဖို့၊ လာတဲ့သူတွေကိုလည်း နှာစေး၊ ချောင်းဆိုးသူ မပါစေဖို့ ပြောပြီးသားပါ။ မတ်လ ၃ ရက်နေ့က နိုင်ငံတော် ဗဟိုအဆင့် ကိုရိုနာဗိုင်းရပ်စ်(COVID-19) နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ သမ္မတရုံးအထိ ပေးပို့ထားပြီး ဖြစ်ပါတယ်။ အဲဒီကနေ တိုင်းနဲ့ ပြည်နယ် အုပ်ချုပ်ရေး အဖွဲ့တွေကို ထပ်ဆင့် ထုတ်ပြန်ပါတယ်။ တိုင်းနဲ့ပြည်နယ်အလိုက် အကုန်လုံး ရောက်ရှိပြီ ဖြစ်ပါတယ်။
မေး။ ။ ဒါပေမယ့် ဖြစ်နေတာက အစိုးရအကြီးအကဲတွေကိုယ်တိုင် လုပ်နေကြတာဆိုတော့ ဘယ်လိုများ ထပ်တိုက်တွန်းဖို့ ရှိမလဲ။
ဖြေ။ ။ ဒါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကျယ်ကျယ်လောင်လောင်နဲ့ အချက်ပေးခေါင်းလောင်း တီးလိုက်တဲ့ သဘော ဖြစ်ပါတယ်။ လက်ရှိ တရုတ်နိုင်ငံ ပြင်ပ အခြားတိုင်းပြည်တွေမှာ အဆပေါင်းက ၁ဝ ရာခိုင်နှုန်းကျော်ကျော် ထက်ကို တက်လာတယ်။
လူတွေကလည်း ဆေးရုံမှာ ထောင်နဲ့ချီပြီး အသက်ရှင်နိုင်ဖို့အတွက် ရုန်းကန်နေရတယ်။ ဖြစ်ပွားတဲ့ တိုင်းပြည်တွေကလည်း တိုးလာတယ်။ ဒါက WHO ရဲ့လက်ရှိ လုပ်ဆောင်မှုတွေ ပြောင်းလဲဖို့ မဟုတ်ဘူး။ တိုင်းပြည်တိုင်းကလည်း လုပ်ဆောင်ရမယ့်ကိစ္စရပ်တွေ ဘာမှ ပြောင်းလဲဖို့ မဟုတ်ဘူး။ ကျမတို့ ဝန်ကြီးဌာနကလည်း ဆက်လက် လုပ်ဆောင်ရမယ့်ဟာတွေ ဆက်လုပ်ဆိုတာ ကြေညာထားပြီး ဖြစ်ပါတယ်။
ဆက်စပ်လင့်
ပြည်သူတွေအနေနဲ့ စိုးရိမ်စိတ် မလွန်ကဲစေချင်ဘူး