တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာ ဗိုင်းရပ်စ်) သည် ယနေ့အထိ တရုတ်နိုင်ငံပြင်ပ ကမ္ဘာ့နိုင်ငံပေါင်း ၁၅၀ ဝန်းကျင် ပြန့်ပွားလျက် ရှိပြီ ဖြစ်သည်။
အဆိုပါ ကူးစက်ရောဂါကြောင့် နိုင်ငံ အနှံ့အပြားတွင် လူမှုရေး၊ စီးပွားရေး ရိုက်ခတ်မှုများ ဖြစ်ပေါ်လျက် ရှိသည်။
ယင်းနှင့် ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာ ရှိစေရန် ဖြေလျှော့မှုများ ပြုလုပ်ပေး လျက် ရှိသည်။
ထို့အတူ မြန်မာနိုင်ငံအနေနှင့်လည်း COVID-19 ကာကွယ်ထိန်းချုပ်ရေး ကုသရေးနှင့် စီးပွားရေးဆိုင်ရာ အခြေအနေများ ကို ကုစားဆောင်ရွက်ရန် ပြည်ထောင်စု ဝန်ကြီးများ ဦးဆောင်သော ကော်မတီ တရပ်ကို ယခုလအတွင်း ဖွဲ့စည်းခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း မတ်လ ၁၆ ရက်ညက စီးပွားရေးနှင့် ပတ်သက်၍ ပြည်သူများ မနစ်နာစေရန်၊ အလုပ်သမားများ အလုပ်လက်မဲ့ မဖြစ်စေရန်၊ စက်ရုံအလုပ်ရုံများ ဆက်လက် လည်ပတ် နိုင်စေရေး အတွက် နိုင်ငံစီးပွားရေးကို ထိခိုက်မှုအနည်းဆုံးဖြစ်စေရန် အခွန် ဖြေလျှော့ပေးခြင်း၊ ဘဏ် အတိုးနှုန်းလျှော့ ချခြင်း တို့ကို ဆောင်ရွက်သွားမည် ဟု မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။
အတိုင်ပင်ခံ၏ စီးပွားရေးကဏ္ဍနှင့် ပတ်သက်၍ လက်ခစား အထည်ချုပ်စက်ရုံများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း များ၊ အသေးစားနှင့် အလတ်စားလုပ်ငန်း (SME) များအတွက် အထောက်အပံ့ ဖြစ်စေမည့် အစီအစဉ်များ လုပ်ပေးမည် ဆိုခြင်းနှင့် ပတ်သက်ပြီး လုပ်ငန်းနယ်ပယ် အသီးသီး၏ သဘောထားအမြင်များကို စုစည်း တင်ပြလိုက်ပါသည်။
ဦးညွန့်ဝင်း
ညွှန်ကြားရေးမှူးချုပ်
အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာန
အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန

မနေ့က (မတ်၁၆) နိုင်ငံတော် အတိုင်ပင်ခံနဲ့ အစည်းအဝေးမှာ လုပ်ခဲ့သေးပါတယ်။ ပြည်သူကို အတိုင်ပင်ခံ ပြောတဲ့ အထဲ မှာလဲ ပါတယ်။ ဒါက တဆင့်ချင်း လာမှာပါ။ အခွန်ကိစ္စတွေက အလုပ်သမား ဝန်ကြီးဌာနက လုပ်တာမဟုတ်ဘူး။ ကျနော် တု့ိ ဘယ်လိုလုပ် ဖြေလို့ရမလဲ။ ချေးငွေဟာ အလုပ်သမား ဝန်ကြီးဌာနက နိုင်ငံတော် ဗဟိုဘဏ်မှ မဟုတ်တာ။
အခု နိုင်ငံတော် အတိုင်ပင်ခံ ဦးစီးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ အစည်းအဝေး လုပ်ထားတော့ ဒီစီမံမှုတွေ ဆက်ပြီး ရှေ့ဆက် ထွက်လာမှာပါ။ ချက်ချင်း ဘယ်စက်ရုံကို ဘီလီယံ ဘယ်လောက်ချေးတယ်ဆိုတာ မပြောနိုင်သေးပေမယ့် အခွန် ကင်းလွတ်ခွင့်တွေရော ချေးငွေရရှိရေး နိုင်ငံတော်က ဆောင်ရွက်ပေးမယ် ပြောနေပြီ ဖြစ်တဲ့အတွက် မကြာခင် ရုပ်လုံး ပေါ်လာမှာပါ။
ဦးဇော်ဖေဝင်း
စီးပွားရေးပညာရှင်
ပြည်သူ့လွှတ်တော် စီးပွားရေး အကြံပေး

COVID-19 ကတော့ ကမ္ဘာ့ကပ်ရောဂါတခု ဖြစ်သွားတဲ့ အတွက်ကြောင့် ကျနော်တို့ ဆီမှာလည်း လူစု လူဝေးနဲ့ ပတ်သက် တဲ့ အကုန်လုံးကို ရှောင်ဖို့ရာ စီစဉ်နေကြပြီ။ သင်တန်းတွေ ပိတ်တဲ့ဟာတွေလည်း ပိတ်ဖို့ စီစဉ်နေပြီ။ စက်ရုံ၊ အလုပ်ရုံတွေ မှာလည်း လုပ်ငန်းတွေ ရပ်ထားရတာတွေ ရှိတယ်။ ဒါတွေကို ယာယီအားဖြင့်ပေါ့နော်။ အထူးသဖြင် အလုပ်သမားတွေ စားဝတ်နေရေး အဆင်ပြေအောင် လုပ်ငန်းတွေ ဆက်ပြီးတော့ လည်ပတ်ဖို့ လိုတယ်။ ဒီလို လုပ်တဲ့နေရာမှာ လုပ်နိုင်တဲ့ နည်းက အဓိကအားဖြင့် ၂ မျိုးရှိတယ်။ တမျိုးက နိုင်ငံတော် သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေကနေ ထောက်ပံံ့ပေးဖို့၊ အဲဒါက သိပ်တော့ မလွယ်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ တော်တော်လေး ကုန်ကျစရိတ် ရှိနိုင်တယ်။
ဘယ်လောက်ကြာမယ်မှန်းလည်း မသိဘူး။ သိပ်များများ လုပ်ပေးလို့ မရဘူးလို့လည်း ဆရာကတော့ တွက်တယ်။
တမျိုးက ဘဏ်တွေကနေ သက်သာတဲ့ အတိုးနှုန်းနဲ့ အထူး ချေးငွေ ထုတ်ချေးပေးမယ်ဆိုရင် လုပ်ငန်းတွေ အနေနဲ့ သိပ်ပြီး တော့ ဒုက္ခ မရောက်သွားဘူးပေါ့လေ။ ဆက်ပြီးတော့ လည်ပတ်ဖို့ရာ စရိတ်ရသွားနိုင်တယ်။ အတိုးနှုန်းကို လျှော့လျှော့ ပေါ့ပေါ့နဲ့ လုပ်ပေးဖို့ အာမခံ ပစ္စည်းမပါတောင်မှ ထုတ်ချေးလို့ ရအောင်ဖြစ်တယ်။ တချို့ကျတော့ လုပ်ငန်းက ခတ်ငယ်ငယ် တွေဆိုတော့ အာမခံ မပေးနိုင်ကြဘူး။ SME Lone လိုဟာမျိုးတွေပေါ့နော်။
ဆိုပါဆို့ COVID-19 ဖြစ်နေတဲ့ ဈေးကွက်ရှိတဲ့ နိုင်ငံတွေကို ကုန်ပစ္စည်းမပို့နိုင်ဘူး။ သူတို့ဆီကလည်း ကုန်ကြမ်းတွေ မရဘူး ဆိုရင် အစားထိုး ဈေးကွက်ရှာဖို့ လိုတယ်။ အဲဒီအစားထိုးဈေးကွက်ကို ရှာဖို့ကျတော့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက အဓိကတာဝန်ရှိတယ်။ ပို့ကုန်ပစ္စည်းတွေရဲ့ ဈေးကွက်၊ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေရနိုင်မယ့် ဈေးကွက် မျိုး စီးပွား/ကူးသန်း အနေနဲ့ အလျင်အမြန်ရှာပြီးတော့ အစားထိုး ဈေးကွက် လုပ်ပေးမယ် ဆိုရင် လုပ်ငန်းရှင်တွေ အနေနဲ့ ခံသာမှာပါ။
အထူးနှုန်းဆိုတာက ဗဟိုဘဏ်က တလောက ကြေညာချက် ထွက်တယ်။ အရင်က အတိုးနှုန်း ၁၃ ရာခိုင်နှုန်းကို အဲဒီထဲက မှ သုည ဒသမ ၅ ပဲ လျှော့ပေးတာ။ အပ်ငွေရော ချေးငွေရောပေါ့။ အဲဒီတော့ ဒါကနည်းတော့ မထိရောက်ဘူး။ ပိုပြီး ကယ် ဆယ် တဲ့ အနေနဲ့ကို သက်သက်သာသာနဲ့ ဖြစ်အောင် အထူးနှုန်းထားတရပ်နဲ့ လုပ်ပေးရမယ်လို့ မြင်တယ်။ ဘယ်လောက် နှုန်းထားရယ်လို့တော့ ဆရာတော့ မပြောဘူး။ လူကြီးတွေ ဆုံးဖြတ်ပေးရမှာဖြစ်တယ်။
အလုပ်လက်မဲ့ ဖြစ်သွားတဲ့ အလုပ်သမားတွေ ဘယ်လောက်ရှိလဲ ဆိုတာ သိဖို့လိုတယ်။ သူတို့အတွက်ကတော့ အရေးပေါ် ကာကွယ်ရေးအတွက်က ငွေပဲသုံးရမှာပဲ သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေကနေပြီးတော့ သူတို့ကို ထောက်ပံ့ကူညီတဲ့ သဘောတော့ လုပ်ပေးလို့ရတယ်။ ဒါလည်းပဲ ယာယီအစီစဉ်ပဲဖြစ်မှာ။
သူတို့လုပ်ငန်းတွေ ပိတ်ထားရသလောက် အကြာ ကြီး တော့လည်း မကူညီနိုင်ဘူး။ အဲဒီတော့ လုပ်ငန်းတွေ ဖွံ့ဖြိုးလာ အောင် ပြန်ပြီးတော့ လည်ပတ်လာနိုင်အောင် အကူ အညီပေးဖို့ကိုပဲ လုပ်ဆောင်သွားဖို့ လိုအပ်မယ်။ လောလောဆယ် အလုပ်ပြုတ်သွားတဲ့ သူတွေ စားဝတ်နေရေး သိပ်ကြပ် တည်းမယ် ဆိုရင် အဲဒါကိုတော့ အရေးပေါ်ရန်ပုံငွေ သဘောမျိုးနဲ့ ထောက်ပံ့တာတော့ လုပ်တယ်။ ရေရှည်တော့ မရဘူး။
အတိုင်ပင်ခံပြောသွားတာလည်း သက်ရောက်မှုရှိတယ်။ အခုပြဿနာက ကမ္ဘာ့နဲ့ချီပြီးတော့ ဖြစ်လာပြီလေ။ မြန်မာရဲ့ အဓိက ဈေးကွက်ဖြစ်တဲ့ တရုတ် ဈေးကွက် ပျက်သွားပြီ။ ကျန်တဲ့ အာဆီယံနိုင်ငံတွေမှာလည်း တော်တော်အခြေအနေ ဆိုးနေတယ်။ ဆရာတို့ အတွက်ကလည်း အရေးကြီးတယ်။ ထိရောက်မှုကတော့ ရှိတယ်။
COVID-19 က ကမ္ဘာနဲ့ ချီပြီး ဖြစ်တဲ့ ပြဿနာဆိုတော့ သူ့ကို ဘာမှ ကုစားလို့တော့ မရဘူးပေါ့နော်။ သို့သော် သူ့ရဲ့ အကျိုးသက်ရောက်မှုကို တတ်နိုင် သလောက် နည်းပါးအောင် လျော့ပါးအောင် ဆောင်ရွက်ဖို့တော့ ဆရာတို့ လိုတယ်။ ဆောင်ရွက်တဲ့နေရာမှာ တဖက်က ကြည့်ရင် လုပ်ငန်းတွေအနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက်နိုင်အောင် ကူညီရမယ်။
ဒီလိုပဲ အလုပ်သမားတွေရဲ့ စားဝတ် နေရေး ကြပ်တည်းတဲ့ ပြဿနာကိုလည်း နိုင်ငံတော်သမ္မတရဲ့ အရေးပေါ်ရန်ပုံငွေကနေ ထောက်ပံ့ရမယ်။ တကယ်လို့ COVID-19 က ဒီ့ထက်ပိုပြီးတော့ ကြာလာမယ်ဆိုရင်တော့ ဈေးကွက်အသစ်တွေ ရှာပြီး တော့မှ ဒီဈေးကွက်သစ်တွေနဲ့ အမြန် ကုန်သွယ်နိုင်အောင် အဲဒီကနေပြီးတော့ အစားထိုးကုန်ကြမ်းတွေ ရလာနိုင်အောင်ကို လုပ်ရမယ်။ အဲဒါမှ ကျနော်တို့ လုပ်ငန်းတွေ ဆက်ပြီးတော့ ရပ်တည်နိုင်မှာ။
ဒေါက်တာ မောင်မောင်လေး
ဒုတိယ ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)

ဒါက အားလုံး နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဒီပုံစံမျိုးပဲ လုပ်ပေးနေတယ်လေ။ နိုင်ငံတော် အတိုင်ပင်ခံ ပြောသွားတာက ဒီလမ်း ကြောင်း အတိုင်းပဲ သွားတာပါ။ မြန်မာနိုင်ငံက လုပ်ငန်းရှင်တွေကလည်း ခံစားနေရတယ်လေ။ ဒါတွေကို ဖြေလျှော့ပေး နိုင်ရင် အထိုက်အလျောက်တော့ ခံနိုင်ရည် ရှိမယ်။ ဒါတွေအားလုံးက ကုန်သည်တွေကိုယ်စား ကုန်သည်၊ လုပ်ငန်းရှင် အသင်းက တင်ထားတာတွေ၊ တောင်းဆို ထားတာတွေ ကို ဖြေလျှော့မှုတွေပါ။
ဒါကို နိုင်ငံတော်က အသိအမှတ်ပြုပြီးတော့ စတင်ဖြည်လျှော့ပေးတာတွေကို နိုင်ငံတကာ ပုံစံမျိုးနဲ့ ဆောင်ရွက် ပေးနေ တာပါ။ နိုင်ငံရေး ခေါင်းဆောင်ကတော့ ပြောသွားတယ်။ ဆက်ပြီး လုပ်ရမှာက ဝန်ကြီးဌာနတွေက လုပ်ရမယ်။ ဝန်ကြီး ဌာနတို့ ဗဟိုဘဏ်တို့ကတော့ လုပ်ကြမှာပါ။ လုပ်ဖို့လည်း ပြင်ဆင်နေတာပါ။ ဒါက တကမ္ဘာလုံး လုပ်နေတဲ့ လုပ်ရိုးလုပ် စဉ်ပါ။ မလုပ်လို့လည်း မရတဲ့ အခြေအနေ ဖြစ်လာပြီ။ တိုင်းပြည်တိုင်းက စီးပွားရေး ကျဆင်းလာပြီလေ။
ဦးနောင်းနောင်းဟန်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်း

ခရီးသွား လုပ်ငန်းကတော့ ပြန်ပြီး အကူအညီပေးမယ်လို့ သိရတယ်။ ဘယ်လိုပုံစံမျိုးနဲ့ အကူအညီပေးမယ် ဆိုတာကတော့ တိတိကျကျ မသိရသေးဘူး။ ဒီရက် အတွင်းမှာလည်း အစည်းအဝေးတွေ လုပ်နေတယ်ဆိုတော့ အဲဒီက ထွက်လာမယ့် အခြေအနေပေါ်မှာပဲ စည်းကမ်း သတ်မှတ်ချက်တွေကို ကြည့်ပြီးတော့မှ ကျနော်တို့အနေနဲ့ ရှေ့ဆက်သွားရမှာဖြစ်တယ်။
လောလောဆယ်တော့ နိုင်ငံတော်က လုပ်ပေးမယ်ဆိုတဲ့ အတွက် အများကြီးဝမ်းသာပါတယ်။ အခွန်ကလည်း လုပ်ငန်းရှင် တွေ အတွက် ဝန်ထုပ်ဝန်ပိုးတခု ဖြစ်နေတယ်။ ကျနော်တို့အနေနဲ့ကတော့ ဒီလိုမျိုး လျှော့ပေါ့ပေးမယ်ဆိုတဲ့ အတွက် အများကြီး ဝမ်းလည်း သာပါတယ်။
ဘယ်နိုင်ငံမှာမဆို အခွန်နဲ့ပတ်သက်ပြီး သက်သာခွင့် ပေးတယ် ဆိုလို့ရှိရင်လည်း ချက်ချင်း အကောင်အထည် ဖော်လို့ မ ရတာ ရှိပါတယ်။ စီးပွားရေး အတွက်ဆိုရင် သီးသန့်စကားလုံး အသုံးအနှုန်းတွေတောင် ရှိသေးတာပဲ။ ဒါက ဖြစ်နေကြ ကိစ္စဖြစ်တယ်။ အခွန်လျှော့ပေးမယ်လို့ ပြောပေမယ့်လည်း ချက်ချင်းဆောင်ရွက်လို့ မရသေးတာတွေလည်း ရှိပါတယ်။
တချို့ဟာတွေဆိုရင် လနဲ့ချီပြီး ကြာတတ်တာတွေလည်း ရှိတယ်။ ငွေကြေး အကူအညီကျတော့ မြန်မြန် လုပ်ပေးလို့ ရပါ တယ်။ ဒါပေမယ့်လည်း သက်ဆိုင်ရာက တာဝန်ရှိတဲ့သူတွေကို ဒီအတိုင်းမစိစစ်ဘဲ ပေးမယ်၊ စည်းမဲ့ကမ်းမဲ့ ပေးလိုက်မယ် ဆိုရင်လည်း နိုင်ငံတော်ရဲ့ ငွေကြေးတွေ ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေတွေရှိတယ်။ ပြန်မဆပ်နိုင်တာတို့ ဘာတို့ ဖြစ်သွား နိုင်တယ်။ ဒါကြောင့်မို့လို့ ဒါကိုစိစစ်ရမှာပဲ။
ဒါပေမယ့်လည်း ကျနော်တို့ဘက်က စိုးရိမ်တာက စာရွက်စာတမ်းလိုအပ်ချက်တွေ များပြီးတော့ လုပ်ငန်းက တကယ် လည် ပတ် နေတာလည်း မှန်တယ်။ နာမည်ရှိတယ် မှန်ပါရက်နဲ့ စာရွက်စာတမ်းတွေ မရလို့ အကျိုးကျေးဇူး မခံစားလိုက်ရတာ မျိုးလည်း ဖြစ်သွားတတ်လို့ပါ။
ဥပမာအားဖြင့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာ SME လို့ပြောတဲ့ အသေးစားအလတ်စားတွေကို ချေးငွေတွေ ထုတ်ပေး မယ်ဆိုပြီး ပြောပေမယ့် တကယ်တမ်း အဲဒီချေးငွေတွေက SME တွေ လက်ထဲကို ရောက်မလာဘူး။ ဘာလို့ဆို စာရွက်စာတမ်း လိုအပ်ချက်တွေ အခက်အခဲတွေကြောင့် အမှန်တကယ် မရတာမျိုးလည်း ရှိတယ်။ ဒါကြောင့် ဒီအချိန်မှာ တကယ် အခက် အခဲ ဖြစ်တဲ့သူတွေရဲ့လက်ထဲကို ရောက်ဖို့လိုပါတယ်။
ဦးစိုင်းခင်မောင်
ဒုတိယ ဥက္ကဋ္ဌ
မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်

ဒီလိုပြောတာက နှောင့်နှေးနေတဲ့ ကုန်သွယ်မှုကို ပိုမိုသွက်လက် လာစေတယ်။ နောက် ဒေါ်အောင်ဆန်းစုကြည် ပြောသွား တာက ကိုယ့်နိုင်ငံမှာ လိုက်နာရမယ့် ကျန်းမာရေး အသိပညာပေးလည်း ထည့်ပြောသွားတယ်။ အခုအချိန်မှာ ဒါကတော့ အမှန်တကယ် လုပ်သင့်တဲ့အချိန်ပေါ့။ နိုင်ငံတိုင်းမှာလည်း ဒါကိုတော်တော်လုပ်နေတယ်။ အခုမှ မြန်မာနိုင်ငံမှာ လုပ်မှာ ဆိုတော့ တော်တော်တောင် နောက်ကျနေပြီ။ ဒါပေမယ့် အခုအချိန် လုပ်မယ်ဆိုတာလည်း ကောင်းပါတယ်။
ပို့ကုန်ကို ၂ရာခိုင်နှုန်းအထိ လျှော့ချမယ်ဆိုလည်း ထိရောက်မှုရှိပါတယ်။ ဖရဲ၊ သခွား လုပ်ငန်းရှင်တွေအတွက် ၂ ရာခိုင်နှုန်း လျှော့မယ်ဆိုရင် ဘယ်လောက် သက်သာလိုက်မလဲ။ တောင်သူတွေအနေနဲ့ အများကြီး အကျိုးကျေးဇူး ခံစားရမှာပေါ့။ ဘာလို့ဆို အသေးစားလုပ်ငန်းတွေ လုပ်တဲ့သူတွေရပ်သွားရင် အလုပ်လက်မဲ့တွေ များလာနိုင်တယ်။ အဲဒီအပေါ် သွက် သွက် လက်လက် ပြန်ပြီးရပ်တည်နိုင်အောင် အားပေးကူညီတဲ့ သဘောပါပဲ။
ကျနော့်အမြင်က ဒေါ်အောင်ဆန်းစုကြည်လိုမျိုး နိုင်ငံတော်အဆင့်၊ အစိုးရ အကြီးအကဲတယောက်က တရားဝင် မြန်မာ့ အသံမှာ ပြောပြီးတာနဲ့ ဒီကိစ္စက အကောင်အထည်ဖော်ပြီးသား ဖြစ်ရမယ်လေ။ အခုက ဒါက အကျိုးသက်ရောက်မှု မရှိ သေးဘူး။ ညွှန်ကြားချက် မရသေးဘူးဆိုတော့ လုပ်ငန်းရှင်တွေနဲ့ တောင်သူတွေ ကြားထဲမှာ ဖြေရှင်းနေရတဲ့ ပြဿနာ များသွားတာပဲ ရှိတယ်။ ဆိုလိုတာက နိုင်ငံတော်အဆင့်မှာ တာဝန် အရှိဆုံးသူတယောက်က ပြောပြီးပြီဆိုတာနဲ့ ဘာ ညွန်ကြားချက်မှ မလိုတော့ပါဘူး။
အခုက နိုင်ငံတော်အကြီးအကဲ တယောက်ရဲ့ ညွန်ကြားချက်အပေါ်မှာ အကောင်အထည်ဖော်မှုက အားနည်းနေတယ်။ သွက်လက်မှု မရှိဘူး။ ကျန်တာကတော့ တော်တော်ကောင်းပါတယ်။ ဒါပေမယ့် မြန်မြန်ဆန်ဆန်လုပ်ဖို့ လိုတယ်။
ဦးအောင်မျိုးဟိန်း
အလုပ်အမှုဆောင်
မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း

အတိုင်ပင်ခံ ပြောတာ ကျနော်တို့လည်း ကြိုဆိုပါတယ်။ ဒါလည်း ကောင်းပါတယ်။ သေသေချာချာ ဘယ်အချိန်လောက်ထိ ထောက်ပံ့ပေးမလဲ ဆိုတာ ဌာနဆိုင်ရာတွေက ဆက်သွယ်လာတာတော့ မရှိသေးဘူး။ နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် လုပ်နေတာ ဆိုတော့ ကြာတာတော့ အများကြီးကြာမှာ မဟုတ်လောက်ဘူး ထင်တယ်။ ကျနော်တို့ လုပ်ငန်းရှင်ဘက်က လည်း သတင်း အချက်အလက် ပေးဖို့ လိုတာပေါ့။ သင်္ကြန်မတိုင်ခင်လောက်မှာ ကျနော်တို့ လုပ်ငန်းတွေက ဆက် လည် ပတ်နိုင် မလည်ပတ်နိုင် ရှိတယ်ဆိုတော့ အဲဒီမတိုင်ခင်တော့ တခုခုကို ထိထိရောက်ရောက် သူတို့ လုပ်ပေးမယ်လို့ ကျနော် ထင်တယ်။
ကျနော်တို့အတွက် အဓိကလိုအပ်ချက်ကတော့ ကုန်ကြမ်းဖြစ်တယ်။ ကုန်အပြည့် မရောက်တာမျိုးဆိုရင် စက်ရုံ လည်ပတ် မှုက တော်တော် ခက်ခက်ခဲခဲ ရှိတယ်။ အခုကာလက ဘယ်လောက်ကြာမလဲ မသိဘူး။ ဥရောပ နိုင်ငံတွေပါ ဖြစ်နေတာ ဆိုတော့ ကျနော်တို့ကတော့ အတိုးနှုန်းကို နိုင်ငံတော်အစိုးရ သတ်မှတ်ထားတဲ့ အတိုးနှုန်းထက် လျော့နည်းတဲ့နှုန်း သတ် မှတ် ပေးနိုင်ရင် အကောင်းဆုံးပဲပေါ့ဗျာ။
ဒါကိုမလုပ်ပေးရင်တောင် ကျနော်တို့ကို ဘယ်လောက်ထိ ထောက်ပံ့မှု ပေးနိုင်သလဲ ဆိုတာ အရေးကြီးပါတယ်။ ကျနော်တို့ လုပ်ငန်းက လက်ရှိမှာ နိုင်ငံတော်အစိုးရ ဝင်ကယ်မှရမယ့် အနေအထား ဖြစ် တယ်။ အခု ထွေထွေထူးထူး မဖြစ်သေးရင် တော့ ကျနော်တို့ လုပ်ငန်းတွေက သင်္ကြန်လောက်ထိ ဆွဲဆန့်နိုင်လိမ့်မယ်တော့ ယုံကြည်တယ်။ ဆွဲမဆန့်နိုင်တဲ့ လုပ်ငန်းတွေက ပိတ်လိုက်တာပေ့ါ။
အတိုင်ပင်ခံ ပြောတဲ့အတိုင်း မြန်မြန်ဆန်ဆန်နဲ့ ကျနော်တို့ကို လုပ်ပေးမယ်ဆိုရင် အခု အခက်အခဲတွေကို ကျော်လွှား နိုင်မယ်လို့ ထင်ပါတယ်။
ကိုကျော်သီဟ
Nara Green Team လုပ်ငန်းပိုင်ရှင် (SME လုပ်ငန်းရှင်)

အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (SME) တွေက အများကြီးပါ။ အရေအတွက် ၁ သိန်း ၂ သောင်း လောက် ရှိတဲ့ SME တွေမှာ ဘဏ်ချေးငွေရတာ အခုက ၁ ထောင်တောင်မပြည့်သေးဘူး။ နိုင်ငံတော် အတိုင်ပင်ခံက ပြောတာ အရမ်းလွယ်တယ်။ အောက်ခြေမှာတော့ ကြိုးနီစနစ်တွေ ချေးငွေကို လွယ်လွယ်ကူကူ ရအောင် စလုပ်ရမှာ။
အများကြီး အများကြီးရှိတယ်။ နို့မို့ဆိုရင် နိုင်ငံတော် အတိုင်ပင်ခံက ဘယ်လောက်ထိ ငွေထုတ်ချေးမယ် ပြောပြော၊ အတိုးနှုန်းတွေ လျှော့ချမယ် ပြောပြော အဲဒီအပေါ်မှာ သက်ရောက်တာက တကယ့် SME လေးတွေက မသက်ရောက်ဘူး။ သူဋ္ဌေးကြီးတွေပဲ အကျိုး သက်ရောက်မှု ရှိသွားတာ။ ဘဏ်ကနေ အပေါင်ပစ္စည်းတွေပြ ချေးငွေတွေ အများကြီးယူ ထား တယ်။ ကျနော်တို့ တကယ့် SME လေးတွေ လက်ထဲတော့ ရောက်လာဖို့ မလွယ်သေးဘူးလို့ မြင်တယ်။
လက်တွေ့မှာ အများကြီး လိုက်လုပ်ဖို့ လိုတယ်။ ဘယ်လို အချက်အလက်တွေနဲ့ ချေးမှာလည်း လက်ရှိ ချေးနေတဲ့ ဘဏ်တွေက တောင်းနေတဲ့ လိုအပ်ချက်တွေ အတိုင်းဆိုရင် SME လေးတွေအတွက်က မလွယ်ဘူး။ အခုရပ်ကွက်ထဲမှာ ချေးနေတဲ့ အသေးစားချေးငွေ အစုအဖွဲ့လေးတွေ လာတယ်။ ချေးပေးမယ့် အပေါင်ပစ္စည်း အဓိက တောင်းတယ်။
အဲဒီတော့ ဘဏ် တွေနဲ့ သိပ်မကွာဘူး။ ဒါပေမယ့် သူက တဦးကိုတဦး အပြန်အလှန်ထောက်ခံလို့ ရတဲ့ အချက်လေး တချက်ကတော့ မဆိုးဘူး။ အတိုးနှုန်းက မဆိုးဘူး။ တနှစ်ကို ၂၅ ဒသမ ၆ ရာခိုင်နှုန်းလောက် ရှိတယ်။
အဓိကတော့ အတိုင်ပင်ခံကတော့ ကျနော်တို့ကို ကောင်းစေချင်တယ်။ အတိုင်ပင်ခံ ကောင်းစေချင်သလိုမျိုး အောက်က သူတွေ လုပ်ဖို့ စနစ်တွေလိုတယ်။ ဒါကြောင့် စနစ်တွေကို ကောင်းအောင် ကျနော်တို့ ပြင်ဆင်မှ ရမယ်။ အတိုင်ပင်ခံ ကောင်းဖို့ ပြောတဲ့အရာတွေက အောက်က အထိုင်စနစ်တွေက မကောင်းဘူး ဖြစ်နေတယ်။ အခံ စနစ်ကောင်းတွေ မရှိဘူး ဖြစ်နေတယ်။ အခုကိစ္စမှ မဟုတ်ဘူး အခြားအခြားသော ကဏ္ဍတွေ အတွက်တွေ အားလုံးအတွက်ပါ။
ကျနော်တို့ SME လောကမှ မဟုတ်ဘူး စိုက်ပျိုးရေးရော အခြားသော ကဏ္ဍတွေရောအတွက်ပါ လိုပါတယ်။ အခြေခံ စနစ်တွေ မြှင့်တင်ဖို့ အများကြီး လုပ်ရပါဦးမယ်။ ကျနော်တို့ နိုင်ငံက အရမ်းနောက်ကျနေပါပြီ။ အခြေခံ စနစ်တွေကောင်းမှ မြန်မြန် တိုးတက်လာမှာ ဖြစ်ပါတယ်လို့ ပြောချင် တယ်။
COVID-19 နဲ့ ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ဖို့ လိုပြီ။ ကျနော်တို့ နိုင်ငံကမဖြစ်ဘူး ဆိုပေမယ့် ထိခိုက်လာပြီ။ အထည်ချုပ် သမားတွေ ပိတ်လာကြပြီ၊ အလုပ်သမားတွေ အလုပ်လက်မဲ့တွေ ဖြစ်လာကြပြီ။ ဒါတွေကို ဘယ်လိုဆက်ပြီး ရင်ဆိုင်မလဲ၊ တကမ္ဘာလုံးက COVID-19 ဖြစ်နေပေမယ့် ကျနော်တို့လို မဖြစ်သေးတဲ့ စိုက်ပျိုးရေးနိုင်ငံတွေ အတွက်က တကယ် လုပ် တတ်ရင် အခွင့်အလမ်းပဲ။
COVID-19 ဖြစ်နေတဲ့ နိုင်ငံတွေက စိုက်လည်း မစိုက်နိုင် စားသောက်ကုန်အတွက်ကို သူတို့ မစဉ်းစားနိုင်ဘူး။ လူတွေ မသေဖို့ဘဲ သူတို့ ဂရုစိုက်တယ်ဆိုတော့ ဒီလိုနိုင်ငံတွေကို ကျနော်တို့ ကုန်တွေ ထုတ်လုပ်ရောင်း ချ နိုင်မယ်ဆိုရင် ဒါကျနော်တို့ အတွက် အခွင့်အလမ်းကောင်းတွေပါ။ စိုက်ပျိုးရေးထုတ်ကုန်တွေကို COVID-19 ဖြစ်နေတဲ့ နိုင်ငံတွေကို ရောင်းချနိုင်မယ် ဆိုရင် စိုက်ပျိုးရေးက ပြန်ပြီး နာလန်ထူနိုင်မှာ ဖြစ်တယ်။
ဒေါ်ခခ
အငြင်းပွားမှု ဖြေရှင်းရေး တာဝန်ခံ
အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီပေးရေး အဖွဲ့ (LHEO)

အတိုင်ပင်ခံကတော့ အလုပ်ရှင်ဘက်ကိုလည်း ပြောသွားတယ်။ အလုပ်သမား ဘက်ကိုလည်း ပြောသွားတယ်။ ဝိုင်းဝန်း လုပ်ဆောင်နေတဲ့ ဘက်ကိုလည်း ပြောသွားတာပေါ့နော်။ နားထောင်ရတာရော စာနဲ့ဖတ်ရတာရော ကောင်းပါတယ်။ ကျမတို့အနေနဲ့ ဒီလိုအလုပ်သမားတွေအပေါ် ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာပေါ့နော်။
ဒါပေမယ့် အောက်ခြေမှာ အမှန်တကယ် ဖြစ်နေတာက ကျတော့ အလုပ်သမားတွေ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးသွားတယ်။ ဒီအပေါ်မှာ တကယ်ဖြစ်နေတာက ကာဗာ ပြန်မလုပ်ပေးနိုင်သေးဘူး။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေပေးတာ မလုပ်နိုင်သေး ဘူး။ တဘက်မှာ လုပ်ငန်းရှင်တွေကလည်း COVID-19 အကြောင်းပြ ပြီးတော့ ကုန်ကြမ်းပြတ်လပ်နေမှုကြောင့် စက်ရုံ ပိတ်တာ အမှန်တကယ်ဖြစ်နေတာလား ဆိုတာ စိစစ် ဆောင်ရွက်နိုင်ခြင်း မရှိသေးဘူး။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင် (MIC) ကိုယ်တိုင်က အလုပ်ရှင်က တမျိုး၊ အလုပ်သမားက တမျိုးဖြစ်တယ်။ သူတို့ဆီ ကို ကျတော့လည်း အလုပ်ရှင်တွေက စာက မတင်သေးဘူး။ အမှန်တကယ် ဖြစ်သင့်နေတာကတော့ မိန့်ခွန်းမှာ ပြောနေ တာလေးတော့ လွဲနေတာလေး ရှိတာပေါ့လေ။ ဒါပေမယ့် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံဆီကို ဘယ်လို ရောက်ရှိနေတာလဲ တော့ ကျမတို့လည်း မသိဘူးပေါ့နော်။
မိန့်ခွန်းထဲမှာ အထူးသဖြင့် အလုပ်သမားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ဘာညာ ပါလာတဲ့ အပေါ်မှာတော့ ကျမတို့ ကြိုဆိုပါတယ်။ ကျေးဇူးတင်တယ်။ ဒါပေမယ့် လက်တွေ့မှာ ဖြစ်ပျက်နေတာက တော့ ခံစားခွင့်တွေ အောက်ခြေကသူတွေ မရရှိသေးဘူး။
အလုပ်လက်မဲ့ ဖြစ်လာရင် လျော်ကြေး နစ်နာကြေး ပေးလိုက် ပေးပြီးရော ဆိုတဲ့ ပုံစံတွေလည်း ဖြစ်နေတယ်။ လုပ်ငန်းရှင် ထွက်ပြေးသွားတဲ့ စက်ရုံ ၂ ရုံဆိုရင် အခက်အခဲတွေ ဖြစ်နေ တယ်။ အဲဒီ လုပ်သားတွေကိုတောင်မှ ကျမတို့ အကာအကွယ် မပေးနိုင်သေးဘူး။ သူတို့ရရှိမယ့် လုပ်အားခ တွေတောင် မပေးနိုင်သေးဘူး ဆိုကတည်းက အလုပ်အကိုင်ရရှိဖို့ မပြောနဲ့ အမှန်တကယ် ရရှိမယ့် အခွင့်အရေးတွေတောင် ဆုံးရှုံး နေတဲ့ အနေအထား ဖြစ်တယ်။
အဓိကတော့ ပြည်ထောင်စု အစိုးရအနေနဲ့ တိုင်းနဲ့ ပြည်နယ်က အခြေအနေတွေကို အမှန်နဲ့ အမြန်ဆုံးသိရှိနိုင်ဖို့ အရေးကြီး တယ်။ အဲဒီလိုပဲ တိုင်းနဲ့ ပြည်နယ် အစိုးရတွေ အနေနဲ့လည်း လက်ရှိအောက်ခြေမှာ ဖြစ်ပျက်နေတဲ့ အခြေအနေမှန်ကို သိဖို့ အတွက် အလုပ်သမားနဲ့ ပတ်သက်ရင် အလုပ်ရှင်ဘက်ကရော အလုပ်သမား အစုအဖွဲ့တွေ ဘက်ကရော အသံကို နားထောင် ရမယ်။ ပြီးရင် သုံးပွင့်ဆိုင် ကြားနာသင့်တယ်။
အလုပ်သမားတွေကရော ဘာအခွင့်အရေးတွေ ဆုံးရှုံးပြီးတော့ ဘယ်လိုတွေ ရင်ဆိုင်နေရလဲ၊ အလုပ်ရှင်ဘက်ကရော ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်နေရလဲ ဆိုတာ အခုချိန်မှာ လုပ်ကို လုပ်သင့်တယ်။ အဲဒီတော့မှ ပြည်သူလူထုဆီကို အထက်လူကြီးက ပြောတဲ့ သတင်းအမှန်ရောက်မယ်။ ပြန်ကြားချက် အမှန် ရောက်မယ်။
လက်ရှိမှာ အရေးကြီးနေတာက COVID-19 ရောဂါ မကူးစက်ရေး၊ ကြိုတင်ကာကွယ်ရေး ဆိုတဲ့ဟာကိုလည်း လုပ်ရမယ်။ ပြည်သူလူထုရော၊ အစိုးရရော ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမှာ မှန်တယ်။ တဖက်မှာလည်း အခြေခံ လူတန်းစားတွေ အလုပ်သမားတွေ ဒုက္ခရောက်နေတယ်၊ မရိုးမသား ပြုလုပ်ခံနေရတယ် ဆိုတဲ့ ကိစ္စရပ်တွေမှာလည်း အထိရောက်ဆုံး ကာကွယ် မြှင့်တင်ပေးဖို့လိုတယ်။ ဒါကြောင့် ဆွေးနွေးမှုတွေကိုလည်း အချိန်နဲ့ တပြေးညီ ပြုလုပ်သင့်တယ်လို့လည်း ကျမအနေနဲ့ ပြောချင်ပါတယ်။
COVID-19 ရောဂါပိုးမရှိသေးဘူး။ ဒါပေမယ့် တွေ့ရှိလာခဲ့သည်ရှိသော် ဆိုတဲ့ အခြေအနေကို မှန်းဆထားပြီးတော့ ကြိုတင် ကာကွယ်မှုတွေ လုပ်ရမယ်။ အစိုးရဘက်က တာဝန်ရှိသလို ပြည်သူလူထု ဘက်ကလည်း ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ နောက်တခုက လုပ်ငန်းရှင်တွေ အနေနဲ့ COVID-19 ပေါ်အခြေခံပြီးတော့မှ လုပ်ငန်းတွေ အပြီးပိတ်တယ်။
ယာယီ ပိတ်တယ် ဆိုပြီးတော့မှ ကိစ္စရပ်တွေ ဖြစ်လာတယ်။ အဲဒီတော့ အလုပ်သမား သမဂ္ဂတွေက တုံ့ပြန်လိုက်တော့ အခု တဖက်မှာ လုပ်သားလျှော့တာတွေ ရှိလာတယ်။ စက်ရုံကတော့ မပိတ်ပါဘူး လုပ်သားလျှော့မယ် ဆိုတာဖြစ်တော့ လုပ်ငန်း ရှင်တွေရဲ့ လုပ်ဆောင်မှုက အမှန်တကယ် ကုန်ကြမ်း ပြတ်လပ်မှုပေါ်မှာ လုပ်ဆောင်နေတာလား သို့မဟုတ် တက်ကြွ လူပ်ရှားသူ အစုအဖွဲ့တွေ ရှိနေတဲ့၊ သမဂ္ဂတွေ ရှိနေတဲ့ စက်ရုံတွေမှာပဲ ပြီးပြီးရော ဒီကိစ္စတွေ ဖြစ်ပေါ်နေတာလား အပေါ်မှာ တော်တော်ကြီးကြီး တင်းတင်းကြပ်ကြပ် အစိုးရအနေနဲ့ စိစစ်ဆောင်ရွက်သင့်တယ်လို့ ကျမအနေနဲ့ ပြောချင်ပါတယ်။
မချစ်စု
အလုပ်သမား
LUCKY SKY သားရေအိတ် စက်ရုံ (ယခု ပိတ်သိမ်းထားသည်)

နိုင်ငံတော် အတိုင်ပင်ခံအနေနဲ့ အလုပ်သမားတွေအပေါ်မှာ အခုလိုပြောသွားတဲ့အတိုင်း အမှန်တကယ် ထိထိ ရောက် ရောက် လုပ်ပေးမယ်ဆိုရင်တော့ ကျမတို့ အလုပ်သမားတွေအနေနဲ့ အဆင်တော့ပြေမှာပေါ့။ သူက ပြောတော့ ပြောတယ်။ ပြောတဲ့အတိုင်း မလုပ်ပေးဘူးဆိုရင် ကျမတို့ အလုပ်သမားတွေအနေနဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ အခုလက်ရှိ မှာတော့ အကုန်လုံးက အလုပ်လက်မဲ့တွေချည်းပဲ။
သူကတော့ အလုပ်သမားတွေအပေါ်မှာ အမှန်တကယ် မနစ်နာစေချင်ဘူး။ ဒီရောဂါပိုးတွေကြောင့် စက်ရုံတွေက ပိတ်လိုက် ရတယ်။ အဲဒီအတွက် အလုပ်သမားတွေ တော်တော်များများ ဒုက္ခရောက်နေကြတယ်။ ဒီအတွက် နိုင်ငံတော်က လုပ်ပေး မယ် ဆိုရင် ကျမတို့ အလုပ်သမားတွေအတွက်က ဝမ်းသာစရာပေါ့။ ပြောသလို မလုပ်ပေးရင်တော့ ကျမတို့က အလုပ် လက်မဲ့ ဆက်ဖြစ်နေမှာပဲ။
တဖက်နိုင်ငံကနေ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှု လာလုပ်တယ်။ အဲဒီတော့ မြန်မာနိုင်ငံသားတွေက အလုပ်ရတာတော့ မှန်တယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာက အလုပ်သမားတွေနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေတွေရှိတယ်။ အခွင့်အရေးတွေ ရှိတယ်။ ဒါတွေကို ရစေချင်တယ်။ ဒါနဲ့ပတ်သက်ပြီး ကျမတခုတော့ တောင်းဆိုချင်တယ်၊ အလုပ်သမားတွေရပိုင်ခွင့်ရှိတဲ့ အခွင့်အရေးတွေကို ရအောင်လို့ ဒီထက်မက တင်းတင်းကျပ်ကျပ် အစိုးရအနေနဲ့ ညှိနှိုင်းပေးပါ။ အလုပ်သမားတွေကို လျစ်လျူရှု့ မထားပါနဲ့ ပြောချင်ပါတယ်။
You may also like these stories:
COVID-19 ကြောင့် ပြည်ပနိုင်ငံသို့ အလုပ်သမားပို့ဆောင်မှု ယာယီရပ်ဆိုင်း
“ကဏန်းလုပ်ငန်း ရပ်သွားလို့ လူ ၂ သောင်းလောက် အလုပ်လက်မဲ့ဖြစ်သွားတယ်”
စက်ရုံ ပိတ်သိမ်းမှု သတင်းမပို့လျှင် MIC ဥပဒေနှင့် အရေးယူနိုင်