ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် ထိုင်း-မြန်မာ နယ်စပ် တလျှောက်ရှိ ဂိတ် ၉ ခု ပိတ်လိုက်ခြင်းနှင့် ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့၏ တာဝန်ခံ ဗိုလ်မှူးကြီး စောချစ်သူအား ဧရာဝတီသတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ နယ်စပ်ဂိတ်တွေ ပိတ်လိုက်ပြီဆိုတော့ ဘယ်နေရာတွေကို ပိတ်လိုက်တာလဲ။ ဘာကြောင့်ပိတ်တာလဲ။
ဖြေ ။ ။ ကျနော်တို့ အခုဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါ (COVID-19) ရောဂါကာကွယ်တဲ့ အနေနဲ့ ကျနော်တို့ နယ်စပ်ဂိတ်တွေ အားလုံးပိတ်လိုက်ပြီ။ ရောဂါရှိတဲ့သူတွေ နယ်စပ်ပေါက်ကနေ ဝင်လာမှာ စိုးလို့ ၉ နေရာ ပိတ်လိုက် တာပါ။
ကျနော့်ရဲ့ နယ်ခြားစောင့် တပ်တာဝန်ယူထားတဲ့ လုံခြုံရေးဂိတ်ကနေ အားလုံး ၉ နေရာမှာ အဲဒီအနီးအနား နေတဲ့သူ တောင်မှ သွားလို့မရဘူး။ လုံးဝပိတ်ထားတယ်။ တကယ်လို့ အရေးကြီးလို့ ဝယ်စရာ၊ သွားစရာ ရှိရင်တောင်မှ အထက်က ညွန်ကြားထားတဲ့ အတိုင်းပဲ ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးမှ သွားလု့ိရပါမယ်။
မေး ။ ။ ဗိုလ်မှူးကြီးရဲ့ ညွန်ကြားချက်နဲ့ ပိတ်လိုက်တယ်လို့ ကြားတယ် ဟုတ်ပါသလား။
ဖြေ ။ ။ ကျနော်ရဲ့ညွန်ကြားချက်လည်း ပါတယ်။ အဓိက က ကျနော်တို့အထက်က ဘားအံကနေ ညွန်ကြားလို့ ကျနော် တို့က အရှေ့တောင်ပိုင်း စစ်ဌာနချုပ် လက်အောက်တိုင်းရဲ့ ညွန်ကြားချက်ဆိုတော့ စစ်တိုင်းက ကျနော်တို့ အကြီးအကဲက ညွန်ကြားတယ်။ အဲဒီက စစ်ဘက်အရာရှိတွေက တဆင့် ကျနော်တို့ကို ညွန်ကြားတာပါ။
ဒီနေ့ မနက် ၁၀ နာရီ ကတည်းက တနေရာပြီး တနေရာ လိုက်လံ စစ်ဆေးပြီးတော့ ညွန်ကြားချက်အတိုင်း မလိုက်နာဘူး ဆိုရင် ထိရောက်စွာ အရေးယူဖို့ ကြပ်မတ်ဖို့၊ စိစစ်ဖို့ကို ကျနော်တို့ တပ်မှူးများကို တာဝန်ပေးထားပါတယ်။
မေး ။ ။ တရားဝင် မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားရော ပိတ်လိုက်ပြီလား။
ဖြေ ။ ။ အဲဒီတံတားကတော့ မပိတ်ဘူး။ လူတွေရဲ့ ကျန်းမာရေး၊ ဈေးသွားရောင်းဖို့ အဲဒါတွေအတွက် အဲဒီ တံတားကနေ ဝင်ထွက်သွားလာခွင့်ရမှာပါ။ ဒါပေမယ့် သူတို့ချမှတ်ထားတဲ့ ကျန်းမာရေး စစ်ဆေးမှုတော့ ခံယူရမယ်။ သူတို့ခွင့်ပြုမှ သွား ခွင့်ပြုမှာပေါ့။ တကယ်လို့ အရေးပေါ် အခြေအနေရှိလာရင် ချစ်ကြည်ရေးတံတား ကနေ သွားလို့ရတယ်။ အဲဒါကလည်း မြန်မာနိုင်ငံသားနဲ့ ထိုင်းနိုင်ငံသားပဲ သွားလို့ရမှာပါ။
မေး ။ ။ အခုပိတ်လိုက်တဲ့ ဂိတ်တွေ ဝင်ထွက်သွားလာလု့ိ မရအောင် ကမ်းခြေမှာ အစောင့်တွေထားပြီး စောင့်ကြည့် မှာလား။ ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိလဲ။
ဖြေ ။ ။ ကျနော့် ရဲဘော်တွေအားလုံး စောင့်ကြပ်သွားဖို့ ရှိပါတယ်။ ကျနော်တို့ အနေနဲ့ ဂိတ်ပေါက်တွေ ဘယ်တော့ ပြန် ဖွင့်မယ် ဆိုတာတော့ အတိအကျ မသိသေးဘူး။ ဘာလို့လည်းဆိုတော့ ဟိုဘက် ဒီဘက် ဖြတ်သန်း သွားလာမှုတွေ ရှိတော့ ဗိုင်းရပ်စ်အခြေအနေ ဘယ်လိုရှိမှန်းမသိလို့ အခုရောဂါဖြစ်တဲ့ အခြေအနေပေါ် မူတည်ပြီး ပိတ်လိုက်တာပဲ။
မေး ။ ။ KTVတွေ၊ ကာစီနိုရုံတွေက ပိတ်လိုက်ပြီလား။
ဖြေ။ ။ အဲဒါကို အကုန်ပိတ်လိုက်တာ။ အဲဒါက အဲဒီအနီးအနားမှာပဲ ကျနော်တို့ ဂိတ်စခန်း အနားမှာပဲဆိုတော့ ပိတ်လိုက်ပြီလေ။
မေး ။ ။ အခုလို ဗိုင်းရပ်စ်ရောဂါကြောင့် နိုင်ငံခြားသားတွေဝင်လာမှု ကန့်သတ်လိုက်တယ်ဆိုတော့ ရွှေကုက္ကိုလ်မြို့သစ်က တရုတ်နိုင်ငံသားတွေကို ဘယ်လိုလုပ်ထားသလဲ။
ဖြေ ။ ။ အဲဒါက ပိတ်ထားတာကြာပြီ။ အဲဒါက ၁၀ ရက်တောင်ကျော်ပြီ။ ရွှေကုက္ကိုလ်ဆိုတာ မပြောနဲ့တော့ သူတို့ စားစရာ တောင်မှ ဒုက္ခရောက်နေပြီ။ ကျနော် ကုက္ကိုလ်မှာရှိတဲ့ နိုင်ငံခြားသားကတော့ လုံးဝ အပြင်ထွက်ခွင့် မပေးဘူး။ အဲဒီမှာ သူတို့စားစရာတွေ အခက်အခဲရှိရင် ကျနော်တု့ိလူတွေက မြဝတီမှာ သွားဝယ်ပေး၊ အဲဒီမှာ ပြန်လာပြီး သူတို့နေရာမှာပဲ ချက်ပြုတ် အပြင်မထွက်နဲ့။ အဲဒါတော့ ပိတ်ထားတာ ကြာပါပြီ။ အဲဒါပိတ်တာက ဒီလ ၁ ရက်နေ့ကတည်းက စပိတ်တာ။ အခု ၁၉ ရက်ဆိုတော့ ပိတ်တာ ၁၈ ရက် ရှိပြီ။
You may also like these stories:
ပို့ကုန် ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုမည်ဟု နိုင်ငံတော်အတိုင်ပင်ခံ ပြော
ကိုရိုနာ ဂယက်က အမေရိကန်ရောက် မြန်မာတွေအပေါ် ဘယ်လောက်ထိ ရိုက်ခတ်နေလဲ