ချင်းဝိသေသတိုင်း အက်ဥပဒေသည် ချင်းအမျိုးသမီးများကို အမွေဆက်ခံခြင်းတွင် ဖိနှိပ်ခွဲခြားထားသည့် အက်ဥပဒေဟု သိရသည်။ အဆိုပါ အက်ဥပဒေကို မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ချင်းတောင်များ စည်းမျဉ်း ဥပဒေကို ဖျက်သိမ်းပြီးနောက် ပြည်ထောင်စုပါလီမန်မှ ပြဋ္ဌာန်းခဲ့ပြီး ယနေ့ အထိ ဆက်လက် ကျင့်သုံးနေဆဲ ဖြစ်သည်။
ချင်းပြည်နယ်တွင် မျိုးနွယ်စုများစွာရှိပြီး ဓလေ့ထုံးတမ်းများကလည်း မျိုးနွယ်စု တခုနှင့် တခု မတူညီကြပါ။ သို့သော် အမွေဆက်ခံပိုင်ခွင့်နှင့် ပတ်သက်ပြီး ချင်းအမျိုးသမီးများ ရရှိပိုင်ဆိုင်ခွင့်က ဓလေ့အရ ဖိနှိမ် ခံထားရဆဲ ဖြစ်သည်။
ချင်းဝိသေသတိုင်း အက်ဥပဒေအရ ချင်းအမျိုးသမီးများက အမွေဆက်ခံ ပိုင်ဆိုင်ခွင့် မရှိကြပါ။ အိမ်ထောင်စု တခုတွင် သားမထွန်းကားဘဲ သမီးများသာ မွေးဖွားလာပါက ဖခင်၏ အစ်ကို၊ ညီ စသည့်သူများသာ အမွေဆက်ခံပိုင်ခွင့်ရှိသည်ဟု ဆိုထားသည်။
ချင်းအမျိုးသမီးတချို့က ထိုဥပဒေကို ပြုပြင်ပြောင်းလဲပြီး သားယောက်ျားလေးများနှင့် တန်းတူ အမွေဆက်ခံ ပိုင်ခွင့်ကို ရရှိလိုကြသည်။ ထို့အတွက် ချင်းအမျိုးသမီးများက ချင်းဓလေ့ထုံးတမ်း အစဉ်အလာကို ဖျက်သိမ်းပြီး သားနှင့် သမီးကို တန်းတူခံစားခွင့် ရရှိရန် နေနူး အဖွဲ့က ပညာပေးစည်းရုံးမှုများ ပြုလုပ်လျက်ရှိသည်။
သို့ဖြစ်ရာ အဆိုပါ အက်ဥပဒေ ပြုပြင် ပြောင်းလဲနိုင်ရန်အတွက် လှုံ့ဆော်မှု အစီအစဉ် ရေးဆွဲရန် ရည်ရွယ်ပြီး ၂၀၁၄ ခုနှစ်တွင် နေနူးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။ ချင်းဝိသေသတိုင်း အက်ဥပဒေ ပါ ကိစ္စများနှင့် ပတ်သက်ပြီး နေနူး (ချင်းအမျိုးသမီးများအဖွဲ့) ၏ ဒါရိုက်တာ မိုင်လဲင်နိုင်ကျဲရ်ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ နေနူးအဖွဲ့ကို ဖွဲ့စည်းတည်ထောင်ဖို့ ဘယ်လိုတွန်းအားတွေ ရှိခဲ့တာလဲ။
ဖြေ ။ ။ ချင်းဝိသေသတိုင်းအက်ဥပဒေမှာက အိမ်တို့ တိုက်တို့ မြေစတဲ့ပစ္စည်းတွေက မိဘမှန်ပေမယ့် သမီးတွေက ခံစားပိုင်ခွင့် မရှိဘူး။ ယောက်ျားလေးတွေကသာ ခံစားပိုင်ခွင့်ရှိတယ်။ ဥပမာ အိမ်ထောင်ဦးစီး တယောက်မှာ သမီးတွေက ၅ ယောက်ဖြစ်ဖြစ်၊ ၁၀ ယောက်ဖြစ်ဖြစ် ထွန်းကားပြီး သားမထွန်းကားပါက မရွေ့မပြောင်းနိုင်တဲ့ပစ္စည်း ဘိုးဘွားနဲ့ သက်ဆိုင်တဲ့ ပုတီးတို့ သံပစ္စည်းတို့ ရွှေငွေ လက်ဝတ်လက်စားတွေကို သမီးတွေက ပိုင်ဆိုင်ခွင့်မရှိဘူး။ အဲဒါကို ချင်းအမျိုးသမီးတွေက ဖွဲ့စည်းပုံထဲမှာ ချင်းဓလေ့ ထုံးတမ်းအစဉ်အလာကို ဖျက်သိမ်းပြီးတော့ သားနဲ့ သမီးကို တန်းတူခံစားခွင့်ရရှိအောင် လုပ်ဆောင်နေတာပါ။
မေး ။ ။ ဒီဥပဒေကို ပြင်ဆင်နိုင်ဖို့ ပညာပေးဟောပြောမှုတွေ လုပ်ဆောင်တဲ့အခါ ဘယ်လို အခက်အခဲမျိုးတွေ ရှိခဲ့လဲ။ ဒီအခက်အခဲတွေကို ဘယ်လို ကျော်ဖြတ်ခဲ့ရလဲ။
ဖြေ ။ ။ ကျမတို့က အမြဲတမ်း ပြောလာတာကတော့ ယောက်ျားလေးတွေ ပိုများတယ်။ ဒါပေမယ့် အမျိုးသမီးတွေထဲက လည်း ရှိတယ်။ တချို့အမျိုးသမီးတွေကတော့ ဒါက လုံးဝ မတရားဘူးဆိုပြီး ပြောင်းချင်ကြတယ်။ ယေဘုယျ အားဖြင့် ကတော့ အမျိုးသမီးတွေက ချင်းအက်ဥပဒေကို ပြောင်းချင်တာ များပါတယ်။ ဒီဥပဒေကို ပြင်ဖို့ ထောက်ခံသူတွေထဲမှာ အမျိုးသမီးတွေက ပိုများပြီး ကန့်ကွက်သူတွေထဲမှာ အမျိုးသားတွေ ပိုများနေတာကိုလည်း တွေ့နေရသေးတယ်။
တိုးတက်ပြောင်းလဲမှုက သိပ်ပြီး မမြင်သာဘူး ထင်တယ်။ နည်းနည်း နှေးလိမ့်မယ်။ အထူးသဖြင့် ချင်းဓလေ့ ထုံးတမ်းနဲ့ ပတ်သက်ပြီးတော့ ရွေ့ဖို့ တွန်းနေကြတော့ ဒါက တဖြည်းဖြည်းနဲ့ ပြောင်းလဲနိုင်မယ့် အရာလို့ မြင်တယ်။ နောက်တခု ပြောင်းလဲလာတာက ချင်းအမျိုးသမီးတွေထဲမှာ အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်လာတဲ့ အဖွဲ့အနေနဲ့ အသိအမှတ် ပြုလာတာကို တွေ့ရတယ်။
ကျမကတော့ မိုးချုပ်အထိ မိသားစုအတွက် အလုပ်လုပ်နေတဲ့ မိန်းမ၊ သမီး သို့မဟုတ် မုဆိုးမတွေကို အမွေ ဆက်ခံခွင့် မပေးခြင်းဟာ မတရားဘူးလို့ ကျမ မြင်တဲ့အကြောင်း ဒီဥပဒေကြီး မပြောင်းမချင်း ပြောသွားမှာပါ။ ချင်းအက်က တန်းတူ အမွေဆက်ခံခွင့် ပြဌာန်း မပေးမခြင်းပေါ့။
နောက်တခုက ဘာသာရေးပေါ့။ ကျမတို့ဘာသာရေးမှာလည်း ကျား၊ မတန်းတူညီမျှအပေါ်မှာ နားလည်မှု လွဲနေတာတွေ ရှိတယ်။ ဒါကလည်း အရေးကြီးတဲ့ အချက် ၁ ချက်လို့ ကျမမြင်တယ်။ ဒါပေမယ့် ဒီ ချင်းလူမှု အသိုင်းအဝိုင်းက ပြောင်းလဲ လာလားဆိုရင် ပြောင်းလဲဖို့ကတော့ တော်တော်လေး ခက်ခဲဦးမယ်။
နောက်တခုက တကယ်တမ်း ဒီဥပဒေကြီး ပြင်ဆင်နိုင်ဖို့ကို ပထမတခုကတော့ နှုတ်အားနဲ့ပဲ အကူအညီ ပေးနိုင်ကြတယ်။ အဲဒီတော့ ကျမတို့က ပြင်ပအလှူရှင်တွေရဲ့ ငွေကြေးကိုပဲ မှီခိုပြီး အလုပ်လုပ်နေရတယ်။ အဲဒါကတော့ ကျမတို့ရဲ့ အားနည်းချက်ပေါ့။
မေး ။ ။ ပညာပေးမှုအပိုင်းမှာ ပြည်မက အမျိုးသမီးတွေနဲ့ တောင်ပေါ်ဒေသက အမျိုးသမီးတွေရဲ့ခံယူချက်က ဘယ်လို အနေအထား ရှိပါသလဲ။
ဖြေ ။ ။ ဗဟုသုတရရှိမှု အပိုင်းမှာတော့ ချင်းတောင်က အမျိုးသမီးတွေနဲ့ ပြည်မက အမျိုးသမီးတွေကျတော့ အများကြီး ကွာခြားပါတယ်။ တောင်ပေါ်မှာဆို အသိပညာနဲ့ ပတ်သက်ပြီးတော့ အထူးသဖြင့် လူငယ်တွေ အသိပညာ ရရှိနိုင်ဖို့က ချင်းပြည်နယ်မှာ တော်တော်လေး အခက်အခဲ ရှိပါတယ်။
ကျမတို့ ချင်းပြည်နယ်မှာ တွေ့ရှိရတဲ့ အခြေအနေပေါ်မှာပဲ မူတည်ပြီးတော့ ပြောနိုင်ပါတယ်။ ကျမတို့ နယ်တွေမှာ ဒီနှစ်ဆိုရင် Voter Education နဲ့ ပတ်သက်တဲ့ သင်တန်းတွေ ပေးတဲ့အချိန်မှာ ကျမတို့ တွေ့ရှိတာက ပုံမှန်အားဖြင့်ဆိုရင် ချင်းအမျိုးသမီးတွေက နိုင်ငံရေးမှာ စိတ်ဝင်စားမှုက ပိုပြီး နည်းနေတာကို တွေ့ရတယ်။
ဒါကို ဘာကြောင့်လဲဆိုတာ ကျမတို့ သုံးသပ် ကြည့်လိုက်တဲ့အချိန်မှာ ကျမတို့မှာ ကျင့်သုံးခဲ့တဲ့ ဓလေ့ထုံးတမ်း အစဉ် အလာတွေရဲ့ လွှမ်းမိုးမှု အထူးသဖြင့် အမျိုးသားတွေရဲ့ လွှမ်းမိုးခဲ့တဲ့ စနစ်ပေါ့။ ဒီစနစ်အရ ချင်းတွေရဲ့ သမိုင်းကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသမီးတွေကို ရပ်ရေးရွာရေး၊ ဆုံးဖြတ်ချက် ချမယ့်အရေး၊ နိုင်ငံရေး စတဲ့ ဒီအရေးတွေကနေ ဖယ်ရှားခံခဲ့ရတာကို တွေ့ခဲ့ရတယ်။
ဒီနေ့အထိ ဒီလွှမ်းမိုးမှုရဲ့ အရှိန်က အရမ်းပဲ ပြင်းနေသေးတယ်လို့ ကျမတို့ ပြောရမှာပေါ့။ ဒီအမျိုးသမီးတွေက ဒီနိုင်ငံရေး ဆိုတာ အမျိုးသားတွေနဲ့ပဲ သက်ဆိုင်တယ်။ ကျမတို့ အမျိုးသမီးတွေရဲ့ နေရာ မဟုတ်ဘူး ဆိုပြီးတော့ အမျိုးသားတွေက သူတို့ဝင်လာရင် ဆန့်ကျင်မှာကတော့ တမျိုးပေါ့။ အမျိုးသားတွေက ဝင်လာပါ ဆိုရင်တောင်မှ အမျိုးသမီးတွေ ကိုယ်တိုင် က ဒီနိုင်ငံရေး လောကထဲကို ဝင်ရောက်ဖို့ တော်တော်လေး အခက်အခဲ ဖြစ်နေတာကို တွေ့ရတယ်။ ကျမတု့ိ ချင်းပြည် နယ် ကို ကြည့်မယ်ဆိုရင်တော့ အမျိုးသမီး လွှတ်တော် အမတ်တောင်မှ မရှိသေးတဲ့ ပြည်နယ် တခု ဖြစ်နေတာကို တွေ့ရမယ်။
မေး ။ ။ ဒီလိုအမျိုးသမီးတွေကို အမွေမပေးတာက ချင်းမျိုးနွယ်စုတိုင်းမှာ ဖြစ်တာလား။ သမီး ၁ ဦးထဲရှိတဲ့ မိသားစုမှာရော အမွေဆက်ခံပိုင်ခွင့်ကို ဘယ်လိုစီမံခန့်ခွဲပါသလဲ။
ဖြေ ။ ။ အသေးစိတ်တော့ မတူပေမယ့် ယေဘုယျအားဖြင့်တော့ တူတယ်။ ချင်းမျိုးနွယ်စုက ၄၀ နဲ့ ၅၀ ကြားမှာ ရှိတယ်။ မျိုးနွယ်စု ၁ ခုနဲ့ ၁ ခု မတူပေမယ့် ကျင့်သုံးတဲ့ ဓလေ့ကတော့ အရမ်းကြီး ကွာသွားတာတော့ မရှိဘူး။ တချို့ အချက်တွေ ကတော့ နည်းနည်းပါးပါးလေးပဲ ကွာတာပါ။ အားလုံးကတော့ အတူတူလောက်ပဲရှိတယ်။
ကျမတို့ ချင်းဝိသေသနထဲမှာ ရေးသားထားတာကတော့ အမွေဆက်ခံခြင်းနဲ့ပဲ ရှိနေတယ်။ ဒါပေမယ့် တကယ်တမ်း ကျရင်တော့ ချင်းဓလေ့ထုံးတမ်း ဆိုရင်တော့ ကွာရှင်းပြတ်စဲခြင်းတို့၊ သတို့သမီးကို တင်တောင်းတာတို့မှာ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့် ဆိုတဲ့နေရာမှာ အမျိုးသမီးတွေကို နှိမ်ထားတာ အများဆုံးတွေ့ရတယ်။ ဒါက ဥပဒေတခု အနေနဲ့ ရှိနေတာက ထူးခြားချက်ပေါ့။ ကျန်တာတွေကတော့ တခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ အတူတူပါပဲ။
အိမ်ထောင်စု ၁ ခုမှာ သမီးမိန်းကလေးတွေပဲ မွေးမယ်ဆိုရင် ချင်းဓလေ့ထုံးတမ်းအရ အမွေဆက်ခံထိုက်တဲ့ အမျိုးထဲက ယောက်ျား တဦးက အမွေရတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာ သားမရှိရင် သမီးတွေကို အမွေပေးတဲ့ သူတွေရှိလာပြီ၊ ဒါပေမယ့် နည်းပါသေးတယ်။
မေး ။ ။ ချင်းပြည်နယ်မှာ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှုတွေကို ဓလေ့အရ ဖြေရှင်းတာမျိုးရှိလား။ ကျင့်သုံးနေဆဲလား။
ဖြေ ။ ။ အဲဒီလိုမျိုး ဖြေရှင်းတာ အရမ်းများတယ်။ လောလောဆယ် တရားစီရင်ရေးစနစ်ကို ယုံကြည်စိတ်ချရမှု အရမ်း နည်းတာကို တွေ့ရတယ်။ ၂၀၁၅–၁၆ တုန်းက စစ်တမ်းကောက်ထားချက်အရ မုဒိမ်းမှုတွေဆိုရင် တရားရုံး ရောက်တာ အရမ်း နည်းတယ်။ အချင်းချင်း ဖုံးဖိပြီးတော့ အထဲမှာပဲ ပြေလည်အောင် ဖြေရှင်းလေ့ ရှိတာကို တွေ့ရတယ်။
နောက်ပြီး ဒီလိုကိစ္စမျိုးတွေမှာ ခံရသူ အမျိုးသမီးကို တိုင်ပင်တာတွေ ညှိနှိုင်းတာတွေ မရှိပဲနဲ့ နှစ်ဖက်သော အမျိုးတွေထဲက ယောက်ျားတွေပဲ တွေ့ဆုံပြီးတော့ ခွင့်လွှတ်လိုက်အောင်ဆိုပြီး ကျေအေးလိုက်တာမျိုး ပြုလုပ်လေ့ရှိကြတယ်။
ဒါကို ကျမမြင်တာကတော့ ခွင့်လွှတ်ပိုင်ခွင့် ရှိတာက တကယ်တမ်း ခံရသူအမျိုးသမီးပဲ ဖြစ်သင့်တယ်။ အခုက ဆုံးဖြတ် ချက် ချတဲ့နေရာမှာ အမျိုးသားတွေပဲ ဖြစ်နေတော့ ခံရသူ အမျိုးသမီးတွေ အနေနဲ့ အများကြီး နစ်နာမှုတွေ ရှိနေတာ တွေ့ရတယ်။ ဒီလိုအမျိုးသမီးတွေ ဝင်ပါခွင့် မရနေတာက နိုင်ငံရေးမှာတင် မကဘဲ သူရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်တွေမှာပါ ပါဝင်နေတာကို တွေ့ရတယ်။ ဒါကလည်း အမျိုးသားဝါဒရဲ့ လွှမ်းမိုးမှုက အရမ်းကြီးနေလို့ လို့ ထင်ပါတယ်။
မေး ။ ။ ချင်းအမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ စိတ်ပါဝင်စားမှု ဘယ်လိုအခြေအနေရှိပါသလဲ။
ကျမတို့ Voter Education ပေးတဲ့အချိန်မှာ ချင်းပြည်နယ် ၉ မြို့နယ်လုံးမှာ လုပ်ဖြစ်ပါတယ်။ လူဦးရေက အခုဆို ၆၀၀ ကျော်လောက်ရှိတယ်။ အမျိုးသမီးတွေရဲ့ ဦးဆောင်မှု၊ နိုင်ငံရေး ခေါင်းဆောင်မှု ဖြစ်နိုင်သလားဆိုတာ လက်ခံ၊ လက်မခံ ဖြေခိုင်းတဲ့အခါမှာ အမျိုးသမီးတွေက တော်တော်လေး လက်ခံကြတာတွေ့တော့ ကျမ တော်တော်လေး အံ့သြသွား ခဲ့တယ်။ အမျိုးသမီးက သင်တန်းပေးလို့ သူတု့ိအကြိုက် ဆိုပြီးတော့များ ဖြေပေးကြသလားပေါ့။
အဲဒီထဲမှာ လုံးဝ လက်မခံနိုင်တဲ့သူတွေလည်း ရှိကြတယ်။ လုံးဝ လက်မခံတဲ့သူတွေထဲမှာ အမျိုးသားတွေ ပါသလို အမျိုးသမီးတွေ ကိုယ်တိုင်လည်း ပါနေကြတာကို တွေ့ရတယ်။ အဲဒီမှာ ကျမတို့ သင်တန်းသားတွေကို ဆက်မေး ဖြစ်တာက လူကိုကြည့်ပြီး မဲပေးမလား၊ ပါတီကိုကြည့်ပြီး မဲပေးမလားနဲ့ ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်းကို ကြည့်ပြီး မဲပေးမလား ၃ ခုထဲက တခုကို ရွေးခိုင်းလိုက်တဲ့အခါ လို့ ပါတီကိုပဲကြည့်ပြီး မဲပေးမယ်ဆိုတာက ပထမ ပေါ့။ ဒုတိယက လူပုဂ္ဂိုလ်ရဲ့ အရည်အချင်းကို ကြည့်ပြီး မဲပေးမယ်နဲ့ တတိယက ယောက်ျားဖြစ်ခြင်း၊ မိန်းမဖြစ်ခြင်း ကို ကြည့်ပြီး မဲပေးမယ်လို့ ဖြေဆိုကြတယ်။
အဲဒီအထဲမှာမှ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ ကြည့်ပြီး အဓိက ပြောလေ့ရှိတယ်။ သူကိုယ်တိုင်က နိုင်ငံကို ဦးဆောင် နိုင်တာပဲ။ ဒါတော့ အမျိုးသမီးတွေလည်း ဦးဆောင်နိုင်ပါတယ်။ အမျိုးသားတွေကတော့ ဒေါ်အောင်ဆန်းစုကြည်လည်း လုပ်နိုင်တာပဲ။ ကျနော်တို့ လက်မခံနိုင်စရာ မရှိပါဘူး ဆိုပြီးတော့ ပြောတာ။ ဒေါ်အောင်ဆန်းစုကြည်က စံပြလို ဖြစ်နေတာကို တွေ့ရတယ်။ အကြမ်းအားဖြင့် လက်ခံနိုင်ကြတယ်လို့ ပြောတယ်။
ရွေးကောက်ပွဲတွေမှာ အမျိုးသမီးတွေ ရွေးကောက်ပွဲ ဝင်လာတယ်ဆိုရင် အားပေးကြပါ။ အခုက အမျိုးသမီးတွေ ကို အမျိုးသမီးတွေက အားပေးတာ နည်းနေတာကို ကျမတို့တွေ့ရတယ်။ အဲဒါကြောင့် ကျမတို့ အသိတခု ပေးချင်တာကတော့ အမျိုးသမီးတွေအနေနဲ့ ရွေးကောက်ခံ အမျိုးသမီးတွေကို ယုံကြည်စိတ်ချစွာ အားပေးပြီး အမျိုးသမီးတွေအတွက် တရား မျှတတဲ့ ဥပဒေတွေ ထွက်လာနိုင်ဖို့အတွက် အမျိုးသမီးတွေ လွှတ်တော်ထဲ ရောက်ဖို့လိုတယ်။ အမျိုးသမီးတွေကို မဲပေးကြပါ။
တချိန်ထဲမှာပဲ နောက်တခု သတိထားဖို့က အမျိုးသမီးတိုင်းက အမျိုးသမီးအခွင့်အရေးကို လက်ခံကြတာ မဟုတ်သလို အမျိုးသားတိုင်းကလည်း ဆန့်ကျင်နေကြတာမဟုတ်ဘူး။ အမျိုးသားတွေထဲမှာ လက်ခံပေးပြီးတော့ တန်းတူအခွင့်အရေး ပေးချင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီတော့ ကိုယ် မဲပေးမယ့် အချိန်မှာ ဒီအရေး ကိစ္စကို ထည့်သွင်း စဉ်းစားပေးကြဖို့ မေတ္တာရပ်ခံချင်တာ ဖြစ်တယ်။
မေး ။ ။ ရွေးကောက်ပွဲမှာ အမျိုးသမီးတွေ များများ ပါဝင်သင့်တယ်လို့ ပြောနေတာတွေရှိတယ်။ ဘာကြောင့် ပါဝင် သင့်သလဲ။
ဖြေ ။ ။ ကျမတို့အဖွဲ့က ချင်းအက်ဥပဒေမှာ အမျိုးသမီးတွေ အမွေဆက်ခံနိုင်ခွင့် ရရှိအောင် လုပ်ဆောင်နေတဲ့ အဖွဲ့ အစည်း ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေက အမျိုးသမီးတွေကို အမွေဆက်ခံခွင့် မရအောင် ခွဲခြားထားတယ်။ ဒီလိုမျိုး အမျိုးသမီးတွေကို ခွဲခြားထားတဲ့ ဥပဒေတွေ ရှိနေခြင်းက ဆုံးဖြတ်ချက်ချတဲ့သူတွေ အားလုံးက အမျိုးသားတွေပဲ ဖြစ်နေတယ်။
အဲဒါကြောင့် ကျမတို့မြင်တာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီးတော့ တရားမျှတတဲ့ ဥပဒေတွေ ထွက်လာစေချင်တယ်ဆိုရင် အမျိုးသမီးတွေကို ကာကွယ်တဲ့ဥပဒေတွေ ထွက်လာဖို့ဆိုရင် အမျိုးသမီးတွေ ကိုယ်တိုင်က ဆုံးဖြတ်ချက်ချတဲ့ နေရာမှာ ဝင်ဖို့လိုနေတယ်။ အဲဒါကြောင့် ကျမတို့အနေနဲ့ အမျိုးသမီးတွေကို တွန်းအား ပေးနေရတာပါ။
အမျိုးသမီးတွေကို မဲများများ ပေးသင့်တာက လွှတ်တော်ထဲမှာ အမျိုးသမီးတွေ ဝင်ပါခြင်းအားဖြင့် ကျမတို့ မျှော်လင့်တာ ကတော့ အမျိုးသမီးတွေအတွက် တရားမျှတတဲ့ ဥပဒေတွေ ပေါ်ထွက်လာနိုင်တယ်လို့ မျှော်လင့်ထားတယ်။
မေး ။ ။ တကယ်လို့ မပါလာနိုင်ဘူးဆိုရင် ဘယ်လို အကျိုးဆက်တွေ ရှိလာနိုင်လဲ။
ဖြေ ။ ။ အမျိုးသားဝါဒရဲ့ လွှမ်းမိုးမှုက ချင်းလူထုကြားမှာ အရမ်းကြီးနေတယ်လို့ ထင်တယ်။ ဒါတွေက ဓလေ့ထုံးတမ်းက ရှိပြီးသား ဒီလိုဓလေ့ထုံးတမ်းက အမျိုးသမီးတွေကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အရင်တုန်းကတော့ ရပ်ရေး၊ ရွာရေးပေါ့ အခုဆို နိုင်ငံရေးလို့ ပြောလို့ရမှာပေါ့။ ဆိုတော့ ဒီလိုမျိုး ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသမီးတွေကို လုံးဝ ပါဝင်ခွင့် ပေးမထားဘူး။
နောက်တခုက အမျိုးသမီးတွေကို ပိုင်ဆိုင်ခွင့် မပေးထားဘူး။ ဒီလို ပိုင်ဆိုင်ခွင့် မပေးထားတဲ့အခါ ဒီအမျိုးသမီးဟာ သူရဲ့ခြေထောက်အပေါ် မရပ်တည်နိုင်တော့ဘဲနဲ့ အမျိုးသားပေါ်မှာပဲ အမြဲ မှီခိုနေရတယ်။ သမီးဘဝတုန်းက အဖေ့ကို မှီခိုရတယ်။ ယောက်ျား ယူလိုက်ပြီဆိုရင် ယောက်ျားကိုပဲ မှီခိုရပြီး သူတို့မရှိတော့ရင် သားတွေကို အားကိုးရတယ်။ သားတွေ မရှိရင် အစ်ကို၊ မောင်စသဖြင့်သူတို့ကိုပဲ မှီခိုရတယ်။ ဆိုတော့ ဒီလွှမ်းမိုးမှုက အရမ်း ကြီးနေတယ်လို့ ကျမထင်တယ်။ ဒီဓလေ့က ရှိပြီးသားပဲ နောက်မှာ ဘာသာတရားက ဝင်လာတယ်။
ကျမတို့ ခရစ်ယာန်ဘာသာထဲကို ပြန်ကြည့်မယ်ဆိုရင် အမျိုးသားလွှမ်းမိုးတဲ့ ဝါဒက အရမ်းကြီးနေတယ်။ ဥပမာ ရိုမန်ကတ်သလစ် ဆိုရင်တော့ ဗုဒ္ဓဘာသာနဲ့ နည်းနည်းဆင်မှာပေါ့။ ဘုန်းကြီးတွေရှိမယ်။ မယ်သီလရှင်တွေရှိမယ်။ ဒီထဲမှာလည်း နည်းနည်း အဆင့်မြင့်တဲ့နေရာတွေ ရောက်နိုင်တာ အမျိုးသားတွေပဲ ဖြစ်တယ်။
တခြားဂိုဏ်းတွေကို ကြည့်လိုက်မယ်ဆိုရင်လည်း ဦးဆောင်သူတွေအားလုံးက အမျိုးသားတွေချည်းပဲ ဖြစ်နေတယ်။ ဒီစနစ်အရ အမျိုးသားရဲ့လွှမ်းမိုးမှုက အားကြီးခဲ့မယ်လို့ ကျမထင်ပါတယ်။
ချင်းလူမျိုးတွေထဲမှာ အမျိုးသားဝါဒရဲ့ လွှမ်းမိုးမှုက အမျိုးသမီးတွေကို ဖိနှိပ်တဲ့အခါ သုံးတဲ့ အဓိက နည်းလမ်းတွေလို့ ကျမမြင်တယ်။ တခုက အမျိုးသမီးတွေကို မရွေ့မပြောင်း နိုင်တဲ့ပစ္စည်းတွေ အထူးသဖြင့် မြေနဲ့အိမ်။ ဒီလိုပိုင်ဆိုင် လို့မရအောင် ကွာရှင်းခြင်းနဲ့ အမွေဆက်ခံခြင်း ထုံးတမ်းတွေကို အသုံးပြုထားတယ်။ ဒီလို ဘာမှ မရှိတဲ့အခါကျတော့ အမျိုးသမီးတွေက သူတို့ဘာသာ ရပ်တည်လို့ မရတော့ဘူး။ အမျိုးသားတွေကို မှီခိုရတယ်။
You may also like these stories:
၂၀၂၀ ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီကိုသာ ဝန်းရံမည်ဟု ကရင်နီလူငယ်ထု ထုတ်ပြန်
ပြည်နယ် အခြေခံတဲ့ နိုင်ငံရေးစနစ် ထွန်းကားဖို့ ပြည်နယ်နိုင်ငံရေး ပါတီတွေကို မဲပေးဖို့ လိုတယ်
၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းရင်းသားမဲဆန္ဒရှင်များ ဘေးဖယ်ခံနေကြရသည်