နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုအတွက် အလွန်အရေးကြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေးကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး လွှတ်တော်မှာ ကြိုးစားခဲ့ပေမယ့်လည်း နိုင်ငံရေးအရ အရေးကြီးတဲ့ ပုဒ်မ အများစု ကိုတော့ တပ်မတော်က ကန့်ကွက်တဲ့ အတွက် မပြင်ဆင်နိုင်ခဲ့ပါဘူး။
NLD ပါတီက ပြင်ဆင်လိုတဲ့ ပုဒ်မတွေ မပြင်ဆင်နိုင်သလို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ တပ်မတော်တို့က ပြင်ဆင်လိုသည့် ပုဒ်မများလည်း မပြင်ဆင်နိုင်ခဲ့ပါဘူး။ တိုင်းရင်းသားတွေ မျှော်လင့်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင် စု အိမ်မက်လည်း အလှမ်း ဝေးခဲ့ရပါတယ်။
ဒီလိုအခြေအနေတွေကို မတ် ၂၀ ရက်က နောက်ဆုံးရက်အဖြစ် ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အပြီးမှာ နိုင်ငံရေး ပါတီ အသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်များကို ဧရာဝတီ သတင်းထောက် မိုးမိုးနဲ့ သီဟလွင် တို့က စုစည်းပေးထားတာကို ဖော်ပြလိုက်ပါတယ်။
ဒေါ်ထုမေ
အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်

ဖွဲ့စည်းပုံရဲ့ ပြင်ဆင်ရေး ပုဒ်မတွေ ခက်ခဲလွန်းတာကြောင့် ဘယ်လောက်ပဲ အများစုနဲ့ ရထားတဲ့ မဲ ဖြစ်ပါစေ ၇၅ ရာခိုင် နှုန် းကျော်မှ ဒီဥပဒေကို ပြင်ဆင်နိုင်မယ်။ တဖက်ကလည်း ၇၅ ရာခိုင်နှုန်း ဘယ်လိုမှ မကျော်နိုင်အောင် ဆောင်ရွက်ထား တယ်။ ဒီလိုမျိုး နှစ်ခု တိုက်ဆိုင်သွားတဲ့အခါမှာ ဘယ်လိုမှကို ပြုပြင်ပြောင်းလဲလို့ မရတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။
ဒီပေးထားတဲ့ ဘောင်ထဲက ဆိုရင် အခုလက်ရှိ ဦးဆောင်ပါတီက သောင်ပြိုကမ်းပြို နိုင်ပလေ့စေ အနိုင်မရဘူး။ ဘာဖြစ်လို့ လည်း ဆိုတော့ ဖွဲ့စည်းပုံ ကိုယ်တိုင်က ဒီလိုမျိုးဖြစ်အောင် ပြင်ဆင်ထားလို့ ဖြစ်တယ်လို့ ယူဆတယ်။ ၂၅ ရာခိုင်နှုန်းက လုံး၀ မလျှော့ဘူးဆိုရင် ၇၅ ရာခိုင်နှုန်းက ကျော်စရာကို အကြောင်းမရှိဘူး။ နဂိုကတည်းက၊ ဥပဒေ ပြဋ္ဌာန်းကတည်းက ၂၅ ရာခိုင်နှုန်း မပါသရွေ့ဘယ်လိုမှ ဒီမိုကရက်တစ်တွေ ပြင်ဆင်လို့ မရတဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ထားတဲ့အခါမှာ ဒီဥပဒေကို ပြင် ဆင်လို့ မရဘူး။
အနိုင်ရပါတီရယ်၊ တိုင်းရင်းသား အနိုင်ရပါတီရယ် တနိုင်ငံလုံးအားဖြင့် အနိုင်ရပါတီတွေနဲ့ ဒီဥပဒေကို ပြုပြင်ပြောင်းလဲ နိုင် တဲ့ အခွင့်အာဏာရှိတဲ့ တပ်မတော်က ခေါင်းဆောင်များ တကယ်တမ်း ညှိနှိုင်းဖို့ စကား အရင်ပြောရမှာ၊ ညှိနှိုင်းဆောင်ရွက် တာကို စလုပ်ရမှာ။ ဒါမှသာလျှင် ဖွဲ့စည်းပုံကို ပြင်ဆင်လို့ရတဲ့ လမ်းကြောင်းက ပြင်လို့ ရတဲ့ ပုဒ်မကနေ ပြင်သွားလို့ ရမယ်။
အနိုင်ရပါတီ ကိုယ်တိုင်က အမျိုးသား ရင်ကြားစေ့ရေးမူကို ထိထိရောက်ရောက် မသုံးနိုင်ခဲ့ဘူး။ အခြား တိုင်းရင်းသားတွေ နဲ့လည်း ဘာမှ ညှိနှိုင်းဆောင်ရွက်မှု မရှိခဲ့ဘူး။ ဆိုတော့ ဒီအချိန်မှာ ကျမမြင်လိုက်တာက အနိုင်ရပါတီရဲ့ရင်ကြားစေ့ရေးမူ ဒီပုံစံသွားလို့ မရဘူး။ တနည်းအားဖြင့် ပြောရရင် ရှုံးတာပေါ့နော်။ အမျိုးသား ရင်ကြားစေ့ရေးလို့ ချမှတ်ထားတဲ့ မူဝါဒ က ကျရှုံးတယ်။ တဖက်က ကြည့်ရင် မအောင်မြင်ဘူး။
အမျိုးသား ရင်ကြားစေ့ရေးမှာ နေပြီးတော့ ခေါင်းဆောင်ပိုင်း ညှိနှိုင်းဆောင်ရွက်မှု မရှိဘဲနဲ့ ပြင်ဆင်နေမယ် ဆိုလို့ရှိရင် အခု ပြီးခဲ့တဲ့လွှတ်တော်လိုပဲ အကြိတ်အနယ် ဆွေးနွေးကြမယ်။ တဖက်နဲ့တဖက် ကန့်ကွက်ကြမယ် ဒီလိုမျိုး သွားနေမှာ ဆို တော့ တကယ်တမ်း ရလဒ် မထွက်တဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးပေါ့။
ရလဒ်ထွက်မယ် ဆိုရင် သေချာကတော့ Stake Holder လို့ခေါ်တဲ့ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ဘာကြောင့် ဒီဖွဲ့စည်းပုံကို ဘယ်လောက် အတိုင်းအတာထိ လျှော့ချပြင်ဆင်ရမယ် ဆိုတာ ဒီခေါင်းဆောင်တွေနဲ့ ဆွေးနွေးရမှာ။ ဘာဖြစ်လို့လဲဆိုရင် ခေါင်းဆောင်တွေက အခုထက်ထိ နိုင်ငံမှာ အရေးပါတုန်းပဲ။ သူတို့ မညှိနှိုင်းဘဲနဲ့ဆိုရင် ဒီပုံစံမျိုးပဲ ထွက်မှာပဲ။ ၁၀ ကြိမ်ပဲ ကုန်မယ်၊ ၁၀ ကြိမ် လုပ်လို့ရှိရင်လည်း ငွေပဲကုန်မယ်။ အချိန်ပဲကုန်မယ် ဒီလိုပဲပြုပြင်ပြောင်းလဲမှုက ထွက်မှာပဲ။ ဒါကြောင့် မို့လို့ ပြုပြင်ပြောင်းလဲမှုဆိုတာ မြန်မာနိုင်ငံအခြေအနေရ ထိပ်ပိုင်းက စပြီး ပြုပြင်ပြောင်းလဲရမှာလို့ ကျမထင်မြင်တယ်။
ဦးစိုးသိန်း
တသီးပုဂ္ဂလ ကိုယ်စားလှယ်
သမ္မတရုံး ဝန်ကြီးဟောင်း

ကျနော့်အမြင်ပြောရရင် ဖွဲ့စည်းပုံပြင်ဆင်ရေးက မအောင်မြင်ဘူး။ စလုပ်ကတည်းက မနှစ်က ဇန်နဝါရီ ၂၉ က စတာဗျာ။ အခုဆို တနှစ်နဲ့ ၁ လ ၂ လထဲ ရောက်လာပြီ။ ထိရောက်လားဆိုတော့ မထိရောက်ဘူး။ အချိန်တွေ ကုန်သွားတာပဲ အဖတ် တင်တယ်လို့ ကျနော်ကပြောချင်တယ်။
တကယ်တမ်း စတည် ကတည်းက ဒီလိုမဟုတ်ဘဲ အခြားနည်းလမ်းနဲ့ သိမ်သိမ်မွေ့မွေ့လေး ညှိနှိုင်းပြီးမှ ၅ ခု သွားညှိလိုက် ဒီမှာ(လွှတ်တော်)မှာ တင်လိုက် ၅ ခုကို မဲပေးလိုက်၊ အားလုံး သဘောတူလိုက်။ နည်းနည်းတော့ ကွဲပြားမှာပေါ့။ အဲဒါဆို ပိုပြီး ထိရောက်မယ်လို့ ကျနော် ထင်တယ်။
နောက်လာမယ့် တတိယ အစိုးရပေါ့နော်၊ တတိယ အကြိမ်ကျရင်တော့ ဒီလိုမဟုတ်ဘဲနဲ့ အောင်မြင်တဲ့ နည်းလေး စဉ်း စားပြီးတော့ ပြင်သင့်တာ ပြင်ဖို့ကောင်းတယ်။ လုပ်စရာတွေက အများကြီး ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဦးစားပေးကို ရွေးရမယ်။ ဦးစားပေး ဘာကို ရွေးရဖို့ကောင်းလဲ ဆိုတော့ တိုင်းရင်းသားတွေ လိုအပ်နေတဲ့ ဖက်ဒရယ် ဒီမိုကရေစီ လိုအပ်နေတာလေး ကို ရွေးဖို့ ကောင်းတယ်။
အခု ဒုတိယအကြိမ်က အချို့ ညှိနှိုင်းတတ်ရင် အောင်မြင်နိုင်တယ်။ သုံးသပ်ကြည့်လိုက် ပထမ ၅ နှစ်နဲ့ ဒုတိယ ၅ နှစ် အစိုး ရနဲ့ တပ်ရဲ့အဆင်ပြေမှုက ခင်ဗျား သုံးသပ် . . . ကျနော်မပြောတော့ဘူး။ မဟုတ်ဘူးလား။ ဒါက အဆင်ပြေလေ ပိုလွယ် လေပဲ ဒီကိစ္စက။ အခုက မသန်မစွမ်းနဲ့ မသန်စွမ်း ပြင်သင့်တယ်။ ဒါပေမယ့် ဗမာစာ အရေးသား ပြင်လိုက်တာပဲ ရှိမယ်။
ဦးစိုင်းထွန်းအေး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်

ခြုံငုံသုံးသပ်ရရင်တော့ မူလ အတိုင်းပဲပေါ့။ ကျနော်တို့နိုင်ငံရဲ့ ဖွဲ့စည်းပုံက ပြင်ဆင်ရန် တအားခက်ခဲတဲ့ အမျိုးအစားထဲမှာ ပါတယ်။ ဖွဲ့စည်းပုံ ပြင်ကတည်းကိုက ရလဒ်ကောင်း မထွက်လာဘူး ဆိုတာက သိပြီးသားပဲ။ အဲဒီတော့ အားလုံးက မူလ အတိုင်း ပြန်ဖြစ်သွားတာကတော့ သိပ်ပြီးမှ ထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ဘူး။
နားမကြားတဲ့ လူနှစ်ယောက်က စကားပြောနေတဲ့ ပုံစံမျိုး ဖြစ်နေတဲ့ သဘောဖြစ်တယ်။ တယောက်နဲ့ တယောက်က အဝင် အထွက် အပေးအယူတွေလည်း မရှိဘူး။ လိုက်လျောမှုတွေ ညှိနှိုင်းမှုတွေလည်း မတွေ့ရဘူး။ အဲဒီလိုမျိုး ပုံစံ ဖြစ်တယ်။ တိုင်းရင်းသားတွေကတော့ စိတ်ပျက်မှာပဲ။ ကျနော်တို့နိုင်ငံက ကြွေးကြော်ထားတာက ဖက်ဒရယ်ပြည်ထောင်စု တိုင်းပြည် အဖြစ် ထူထောင်ဖို့ ဒါပေမယ့် လက်တွေ့မှာတော့ အာဏာခွဲဝေမှု အပိုင်းတွေ ကိုယ်ပိုင် ပြဋ္ဌာန်းမှု အပိုင်းတွေ တိုးမြှင့်ပြီးမှ ပေးလာမယ့် အနေအထားတွေ မရှိတဲ့အတွက် သူတို့ အနေနဲ့လည်း စိတ်ဓာတ်ကျမှာပဲ။
ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒီတိုင်းပဲ သွားနေရင် တိုင်းပြည်ကလည်း ခေတ်နောက်ကျနေမယ်။ အနာဂတ်တွေ လည်း ပျောက်နေမယ်။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒ တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တွေလည်း ဆိတ် သုဉ်းနေမယ်ဆိုရင် သူတို့ စိတ်ပျက်နေမှာပေါ့။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးက အားလုံးရဲ့ နိုင်ငံရေး စိတ်ဆန္ဒ ပြည့်ပြည့်၀၀နဲ့ တိုင်းပြည်ရဲ့ ကောင်းကျိုး၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့ အကျိုးစီးပွား ရှေးရှုမှသာလျှင် သူကပြင်လို့ရမယ်။ အဲဒီအနေအထားမှာ တဖွဲ့နဲ့တဖွဲ့က နိုင်ငံရေး အပေး အယူ မရှိတာတွေ၊ နားလည်မှု၊ အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးတွေသာ အားနည်းနေမှု ဒါတွေဟာ အခက် အခဲတွေ ဖြစ်တဲ့ အနေအထားတွေပေါ့။ ဒါကြောင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဖို့ဆိုရင် နိုင်ငံသူ နိုင်ငံသားတွေရဲ့ မျက်နှာကိုကြည့်ဖို့ လိုတယ်။
ဦးလမာနော်အောင်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ကချင်ပြည်နယ် ပြည်သူ့ပါတီ

ကျနော်တို့ တိုင်းရင်းသား ပါတီတွေ အနေနဲ့ တိုင်းရင်းသား လူမျိုးတယောက် အနေနဲ့တော့ ကျနော်တို့ စိတ်မကောင်းတော့ ဖြစ်မိတယ်။ ကျနော်တို့ တိုင်းရင်းသားပါတီတွေ လိုချင်တဲ့ ဖက်ဒရယ်အရွေ့ကို မရွေ့နိုင်ခဲ့ဘူးပေါ့နော်။ အဲဒီအတွက် စိတ် မကောင်းဖြစ်မိတယ်။
ဒါပေမယ့် ဒီပြင်ဆင်ချက် မအောင်မြင်တာကို ကျနော်တို့ သုံးသပ်ပြီးမှ ရှေ့လျှောက်လာမယ့် လွှတ်တော် သက်တမ်းတွေမှာ နိုင်ငံရေး ပါတီတွေ အစုအဖွဲ့တွေ ကိုယ်စားလှယ်တွေ အနေနဲ့ သင်ခန်းစာယူပြီးမှ ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတော့ ရသွားပြီလို့တော့ ယူဆတယ်။
ကျနော်တို့အနေနဲ့ကတော့ တိုင်းရင်းသား အခွင့်အရေးတွေကို ဗဟိုချုပ်ကိုင်မှု လျှော့ချတဲ့ အနေအထားကို ကျနော်တို့ လိုပါ တယ်။ အဓိကကတော့ ၂၆၁ ပေါ့နော်။ တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်ကနေ ဝန်ကြီးချုပ် ရွေးချယ်ခွင့်ကို ကျနော်တို့ တင်သွင်းခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ပြည်ထောင်စု လွှတ်တော်မှာ ရောက်တဲ့အဆင့် မဖြစ်ခဲ့ဘူးပေါ့နော်။ ကြံခိုင်ရေး ပါတီ အနေနဲ့ တင်တာတော့ ရှိပါတယ်။ ဘယ်ပါတီပဲတင်တင် ကျနော်တို့ တိုင်းရင်းသား အခွင့်အရေး အတွက်ဆိုရင်တော့ ကျနော်တို့ကတော့ လိုချင်ပါတယ်။
နိုင်ငံရေးပါတီတွေ၊ တပ်မတော်အစုအဖွဲ့တွေက သူတို့ရဲ့ မူလ ချမှတ်ထားတဲ့ အစီအစဉ်နဲ့ပဲ သွားတဲ့အချိန်ကျတော့ ကြိုတင် ညှိနှိုင်းမှု မရှိတဲ့အချိန်ကျတော့ သူတို့အနေနဲ့ ဘာမှပြင်ဆင်လို့ မရတဲ့ အခြေအနေ ဖြစ်သွားတယ်လို့ ယူဆပါတယ်။
နိုင်ငံရေး ပါတီတွေရော တပ်မတော် အစုအဖွဲ့ ခေါင်းဆောင်တွေရော ဒီလွှတ်တော်ထဲမှာ အင်အားကြီးတဲ့ မဲခွဲ ဆုံးဖြတ်တဲ့ အချိန်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပါတီတွေ အစုအဖွဲ့တွေ အနေနဲ့ ကြိုတင်ပြီးမှ ညှိနှိုင်းတိုင်ပင်မှပဲ အဆင်ပြေမယ်လို့ ယူ ဆပါတယ်။ လွှတ်တော် ပြင်ပနည်းလမ်းနဲ့ပဲ ပိုအဆင်ပြေမယ်လို့ ယူဆပါတယ်။
ကျနော်တို့ တိုင်းရင်းသား ပါတီတွေ အနေနဲ့ကျတော့ လွှတ်တော်ထဲမှာ အဆုံးအဖြတ် ပေးနိုင်တဲ့ ကိုယ်စားလှယ်တွေ အင် အားတွေ ဒီလောက် မရှိဘူး။ မဲထည့်တဲ့ အချိန်မှာ အဆုံးအဖြတ်ပေးနိုင်မယ့် နိုင်ငံရေးပါတီ အင်အားကြီးပါတီတွေနဲ့ တပ် မတော်အစုအဖွဲ့ ပုဂ္ဂိုလ်ကြီးတွေအနေနဲ့ ကြိုတင်ပြီးမှ ညှိနှိုင်းတဲ့ အစီစဉ်တွေတော့ လုပ်ရမယ်။ အခုပုံစံအတိုင်း ဆိုရင်တော့ နောင်လည်း ဖြစ်မယ်လို့တော့ မယူဆဘူး။
ဦးဝေစိန်အောင်
အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
ရခိုင်အမျိုးသား ပါတီ

ဒီ ၅ နှစ်အတွင်းတော့ ထူးလာစရာ မရှိတော့ဘူး။ တတိယ လွှတ်တော် သက်တမ်းမှာတော့ တပ်မတော်နဲ့ ညှိရမယ် အဓိက ကတော့၊ တပ်မတော်ကလည်း လိုလိုချင်ချင် ဖြစ်လာအောင် ညှိရမယ်။ နောက်ပြီးတော့ ပြည်သူတွေလည်း သိကြပါပြီ။ တပါတီတည်းကို မဲပုံထည့်ပြီးတော့ သူလုပ်ချင်ရာ လုပ်တယ်။ ညှိလို့ မရဘူးဆိုတာ သိသွားပြီ။ အဲဒီတော့ နောက်လွှတ် တော် သက်တမ်းမှာ ဟိုပါတီကလည်း မျှမျှတတရ၊ ဒီပါတီကလည်း မျှမျှတတရ။ တပ်မတော်နဲ့ ညှိလို့ရတဲ့အချိန်မှာတော့ အဲဒါ ပြေလည်လာလိမ့်မယ်လို့ ထင်တယ်။
တိုင်းရင်းသားတွေ ပြင်ချင်တာ ဘာမှမရဘူး။ အဲဒါကြောင့် ကျနော်တို့က စိတ်က အဲဒီလိုဖြစ်နေတာ။ ပထမတော့ ၂၆၁ (ခ) လောက် ပြင်နိုင်လိမ့်မယ်လို့ ထင်တယ်။ ဘာလို့လဲဆိုတော့ ၄၅ ဦး ကော်မတီမှာက ၂၆၁ ကို ဖြုတ်ပစ်ခဲ့တယ်။ ဒါပေမယ့် ၃၉ ဦး ကော်မတီ တင်တဲ့အခါ ပြန်ပါလာတယ်။ ပြန်ပါလာတော့ ဒါကို အာဏာရ (NLD) ပါတီက သဘောတူလို့ထင်တော့ ပြန်လာတယ်လို့ပဲ ထင်တော့ ကျနော်တို့က၂၆၁ (ခ) ကတော့ ၅၀=၅၀ ပေါ့လေ။ ရဖို့များတယ်လို့ ထင်ပေမယ့် လက်တွေ့ ကတော့ ရှင်းရှင်းပြောရရင် အာဏာရပါတီက ကန့်ကွက်လိုက်တော့ ဘာမှလည်း မရတော့ဘူး။
တပ်မတော်က ထောက်ခံ၊ ကြံ့ခိုင်ရေးက ထောက်ခံပေမယ့် NLD က ကန့်ကွက်လိုက်တော့ ၂၆၁ လည်း ဘာမှအကောင် အထည်မပေါ်ဘူး ဆိုတော့ တိုင်းရင်းသားရဲ့ အခွင့်အရေးက ဘာမှမရဘူး။ နောက်ဆုံးမှာ ဖက်ဒရယ် ဒီမိုကရေစီဆိုတဲ့ စာ လုံးတောင် မပြင်လိုက်နိုင်ဘူး။၂၁ ရာစုမှာ ဆိုရင် ဖက်ဒရယ် ဒီမိုကရေစီလို့ သွားရအောင် ဆိုပြီးတော့ ၅၁ ချက်မှာ ပါပြီး သား။ အဲဒါတောင် ဒီလွှတ်တော်မှာ မပြင်ရဘူး ဆိုတော့ တော်တော်လည်း ရှုံးတယ်လို့ပဲ သတ်မှတ်တယ်။
တိုင်းရင်းသားတွေလည်း ရှုံးတယ်။ ပြည်ထောင်စု အတွက်လည်း အရှုံးပေါ်တယ်။ အလုပ်ချိန် ပင်ပန်းပြီးတော့ ငွေကုန်ပြီး တော့ ဘာမှလည် မထူးလာဘူးလို့ သုံးသပ်တယ်။ ပြည်သူတွေက ပိုရှုံးတာပေါ့။ ပြည်သူတွေက ဒီမိုကရေစီကို သွားချင် တယ်။ တိုင်းရင်းတွေက ဖက်ဒရယ်ကို သွားချင်တာ။ ဒီမိုကရေစီနဲ့ ပတ်သက်တာတွေလည်း ထူးထူးထွေထွေ ဘာမှ ပြင်လို့ မရဘူးဆိုတော့ ပြည်သူတွေလည်း ဒုံရင်း ဒုံရင်းပါပဲ။
ပြည်သူတွေက၂၀၂၀ မှာ ဒီမိုကရေစီ ဖြစ်မလားဆိုပြီး မဲပေးလိုက်တာပေါ့။ ဒါပေမယ့် မှန်းသလောက်လည်း ဒီမိုကရေစီ လည်း တိုးမလာဘူး။ တိုင်းရင်းသားတွေလည်း တိုးမလာဘူးဆိုတော့ ပြည်သူတွေ အတွက်လည်း ပိုလို့တောင် ဆိုသေး တယ်။
အာဏာရ အစိုးရလည်း ပြောသာပြောတာ။ ဖက်ဒရယ်ကို သွားမယ်သာ ပြောတယ်။ လက်တွေ့ကြတော့ တိုင်းရင်းသား အခွင့်အရေးကို ဘာမှ မပေးဘူး။ ဥပမာ-၂၆၁ (ခ)ကို ပြင်ဖို့ ပထမ တွက်ပေမယ့် နောက်မှာ ဒါ ပြည်နယ်မှာ NLD က မဲမ ရလိုက်ရင် တပ်မတော် စိုးမိုးသွားမှာကို ကြောက်တယ်။ အဲဒီလို အခက်အခဲတွေ ရှိသွားတော့ တိုင်းရင်းသားတွေလည်း ဘာမှ မရဘူး။ တပ်မတော်သားတွေလည်း ဘာမှ မရဘူး။ အာဏာရပါတီအတွက်လည်း အမြတ်မရဘဲ၊ ရှုံးတဲ့ သဘောပဲ ရှိတော့ အလားအလာကတော့ ဒီအတိုင်းဆိုရင် နည်းနေပါသေးတယ်။
တပ်မတော်ကလည်း တင်းထားတာပဲ၊ တပ်မတော်ကို ဖျောင်းဖျရင် လျှော့ပေးမယ့် သဘောရှိပေမယ့် တင်းနေတော့ အထူး သဖြင့် လွှတ်တော်အတွင်း ဆွေးနွေးတာကိုက သူတို့ တိုက်ခိုက်သလို ဖြစ်နေတယ်။ သူ့ကို ကိုယ်ကတိုက်ခိုက်၊ ကိုယ့်ကို သူ တိုက်ခိုက် ဖြစ်နေတယ်။ ဆိုတော့ တပ်မတော်ဘက်က မလျှော့တော့ဘူး။
တပ်မတော်ကိုလည်း မပြင်ချင်ဘူး ဆိုတဲ့ စိတ်က တိုင်းရင်းသားတွေ ဖြစ်သွားတယ်။ ဒီ အာဏာရအစိုးရလည်း ပြောသာ ပြောတယ်။ ပြင်မယ်။ ပြင်မယ်။ ဖက်ဒရယ်သို့ သွားမယ်ဆိုတော့ တကယ်တမ်း လက်တွေ့ကျ တိုင်းရင်းသားတွေကို ဘာမှ အခွင့်အရေး မပေးဘူးပေါ့။
ဒေါက်တာ မြတ်ဉာဏစိုး
အမျိုးသား လွှတ်တော်ကိုယ်စားလှယ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

နောက်ဆုံး မဲရလဒ်နဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို အင်မတန်မှ အားနာပါတယ်။ လွှတ်တော် Channel ကိုလည်း နေ့စဉ်နေ့တိုင်း စောင့်ကြည့်ပြီး အားမလို အားမရ ဖြစ်နေတာကိုလည်း ကျနော်တို့ သိရပါတယ်။ ဒါပေမယ့် ပြည်သူတွေ စိတ်ပျက်ဖို့ မလိုပါဘူး။ စိတ်ရှည်ရှည်နဲ့ ကျနော်တို့ ဇွဲရှိရပါမယ်။ ယုံကြည်ချက်ကို မမှိတ်မသုန် ပျက်ပြားသွားစရာ မလိုဘူး။ အကြိမ်အကြိမ် အခါခါ ကျနော်တို့ ကြိုးပမ်းရမယ်။
တချို့သော အဖွဲ့အစည်းများက ပြောတာတွေ ရှိတယ်လေ။ ကျနော်တို့ ပြန်ကြားပါတယ်။ ဖွဲ့စည်းပုံ ဆိုတာက အမြဲတမ်း ပြင်နေမလား။ အမြဲတမ်း ပြင်ဆင်နေမှာစိုးလို့ ဒီလိုမျိုး ပြင်ဆင်ဖို့ရာ မလွယ်ကူဖို့ တမင်ကို ဆောင်ရွက်ခဲ့တာဆိုတာမျိုး ပြောဆိုခဲ့တာတွေ ရှိပါတယ်။
ပြင်မယ်ဆိုတာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ပြီ ဆိုရင် ထပ်ပြင်စရာ မလိုတော့ဘူးလေ။ ကျနော် အရင်ရက်တွေတုန်းကလည်း ပြောခဲ့ပါတယ်။ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေ ဆိုရင်လည်း အမြဲ ပြင်နေတာ မဟုတ်ပါ ဘူး။ အချိန်ကာလ လိုအပ်ချက် အရသာ ပြင်ရမှာ။ အခုက ကျနော်တို့က ပြင်ဖို့ကို မမှိတ်မသုန် ကြိုးစားနေရဦးမှာပဲ။ ပြင်ဖို့ လိုကို လိုနေသေးလို့။
၂၀၀၈ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းနဲ့ လုံးဝ မညီဘူး။ ရှေ့နောက် ဆီလျှော်ညီညွတ်မှုလည်း မရှိဘူး။ အစွန်းတရားတွေ အလွန်များတယ်။ အစွန်းတရားတွေ အလွန်များတော့ ပြည်သူ ပြည်သားတွေအတွက် ဝန်ထုပ် ဝန်ပိုး ဖြစ်နေတဲ့ အချက် တွေ အများကြီး ရှိနေတယ်။ အဲဒီဟာတွေ ပြေပျောက်သွားတဲ့ အထိ၊ တိုင်းရင်းသားတွေ လိုလားတဲ့အချက်တွေကို ပြည့်စုံ တဲ့အထိ စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုစစ်စစ် တည်ဆောက်နိုင်တဲ့ အထိတော့ ကျနော်တို့က ဦးလည် မသုန် ကြိုးပမ်းနေရီးမှာပဲ။
လွှတ်တော်လမ်းကြောင်းက မဖြစ်နိုင်ဘူး ဆိုတာ မနေ့က ပြောခဲ့သလိုပေါ့နော်။ အသွင်မတူ ကွဲပြားနေတဲ့ လူတွေပေါ့။ ဆုံမှတ်တခုမှာ ညီဖို့ဆိုတာ အချိန်ကာလ တခုမှာတော့ ညီနိုင်ပါလိမ့်မယ်။ လွှတ်တော် လမ်းကြောင်းကနေပြီးတော့ ဖွဲ့ စည်းပုံ ပြင်ဆင်ရေးဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတဲ့ အဖြေမျိုးတော့ မဟုတ်ပါဘူး။
အရင်ပြင်တုန်းက မအောင်မြင်ခဲ့ဘူး။ အခုလည်း မအောင်မြင်သေးဘူး။ အဲဒါဟာ မအောင်မြင်နိုင်တော့ဘူးလို့ ယတိပြတ် ကောက်ချက်ချလို့ ရတဲ့ အနေအထားမျိုးတော့ မဟုတ်ပါဘူး။
ဦးဦးလှစော
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်
ရခိုင် အမျိုးသား ပါတီ (ANP)

လွှတ်တော် ဗဟိုပြုတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး လုပ်ငန်းကတော့ ပြီးဆုံးသွားပြီ။ လွှတ်တော်နိုင်ငံရေး ဖွဲ့စည်းပုံ ဗဟိုပြုတဲ့ လွှတ်တော်ကတော့ နိဂုံးချုပ်သွားပြီ။ သက်တမ်း ၅ နှစ်သက်တမ်း ကုန်သွားပြီ။ မအောင်မြင်ဘူး။ မအောင်မြင်တာကို ဒါကို မြတ်တယ် ဆိုပြီး ကြိုက်တဲ့ ရှုထောင့်ဘက်က ဘယ်သူကတော့ ရှုံးတယ်ဆိုပြီး အရသာခံပြီး ပြောချင်လည်း ပြောကြပေါ့။ လက်တွေ့မှာလည်း မအောင်မြင်ဘူး။
၂၀၀၈ အောက်ပဲသွားကြပေါ့။ ပြောလို့ ရတဲ့အတွက်ကြောင့် အရသာတွေ့လို့ ပြောတဲ့ သူတွေ ရှိတယ်။ ၂၀၀၈ ကို လက်မ ခံဘူးဆိုရင် ဒီလုပ်ငန်းစဉ်ထဲက ထွက်ပေါ့။ တခြား ပြင်မယ့် နည်းလမ်းရှာပေါ့။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ အခုလည်း သွားနေတာပဲလေ။ အခု သွားတယ် လုံးဝ မရောက်ဘူးလား။ မရွေ့ဘူးလား။
ဒါကတော့ နိုင်ငံရေး ပါတီအကုန်လုံးကို မေးရမယ်လေ။ နည်းနည်းပဲ ရွေ့ရွေ့၊ ဘာပဲရွေ့ရွေ့ပေါ့လေ။ ဆိုပါတော့ သတင်း စာ လွတ်လပ်ခွင့်အခု အင်တာဗျုးလို့ ရပြီလေ။ ဒါကောင်းလား၊ မကောင်းဘူးလား။ ဒီထက်တော့ ညီညီညွတ်ညွတ်၊ ညှိညှိ နှိုင်းနှိုင်း လုပ်ရမှာပေါ့။
အခုတော့ ကျနော်မြင်တာကတော့ ရှုံးတယ်။ ဘယ်သူမှ မမြတ်ဘူး ရှုံးတယ်။ ကျနော်တို့ ဗမာပြည် နိုင်ငံရေးမှာ အရေးကြီး တဲ့ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေး မချောမွေ့ဘူး။ ဆိုးသွားတယ်။ လွှတ်တော်ထဲမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတယ်။ ဗမာနဲ့ ဗမာ မဟုတ်တဲ့ တိုင်းရင်းသားတွေ ဆက်ဆံရေး မတိုးတက်ဘူး။
လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တပ်မတော်ကြားထဲမှာ Formally၊ Informally၊ Dialo-gue တွေ လုပ်နေသလို၊ သက် ဆိုင်ရာ အဖွဲ့အစည်းတွေ ကြားထဲမှာလည်း Formally၊ Informally၊ Dialogue ရှိဖို့ လိုတယ်။ ယုံကြည်မှုရှိမှ ဒီဟာကြီးက ဘယ်အချိန်မှာ ဆုံးမလဲ၊ ဘယ်လိုဆုံးမလဲ၊ ဘယ်လို အခြေအနေမှာ ဆုတ်မလဲ ဆိုတဲ့ဟာကို ညှိနှိုင်းပြီးတော့ လုပ်မယ်ဆို ရင် ဒါပေမယ့် ရင်ထဲမှာတော့ ရှိတာပေါ့။ ဆုံးမယ်ဆိုရင်တော့ ဆုံးစေချင်တယ်။
ဆုံးစေချင်တယ်ဆိုလို့ နိုင်ငံရေးမှာ မရဘူးလေ။ ကျနော်တို့လည်း ရခိုင်ပြည်နယ်မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် လိုချင်တယ်။ အဲဒီတော့ တပ်မတော်ကို ဆုတ်စေချင်တယ်။ NLD ကိုလည်း ကျနော်မေးမယ်။ ပေးမလား။ အဲဒီတော့ မေးခွန်းမေးတယ်ဆို တာ ချောင်ပိတ်ပြီး မေးလို့ မရဘူး။ မေးဖို့အတွက် အချင်းချင်းကြားထဲမှာ ယုံကြည်မှု တည်ဆောက်ဖို့ (Trust Building) ဆို တာ ရှိတယ်။
Trust Building မရှိဘဲနဲ့ ခင်ဗျားတို့ ဆုတ်မလား၊ မဆုတ်ဘူးလား၊ အဲဒါဆို ရခိုင်တွေကလည်း မေးမှာပေါ့။ ကိုယ်ပိုင် ပြဋ္ဌာန်း ခွင့် ပေးမှာလား၊ မပေးဘူးလား။ အဲဒါမျိုးမေးလို့ မရဘူးလေ၊ နိုင်ငံရေးမှာ။ နိုင်ငံရေးမှာ ဆိုတာက ဒီမိုကရေစီ ယဉ်ကျေးမှု (Democratic Culture) ဆိုတာ ရှိတယ်လေ။ အဲဒီ Democratic Culture ဘောင်ထဲကပဲ သွားမယ်။ အဲဒီတော့ Democratic Culture ကို ကျနော်တို့ လွှတ်တော်ထဲမှာ မတည်ဆောက်နိုင်ဘူး။ ဒါလက်တွေ့ သက်သေပဲ။
ဒါကတော့ ခေါင်းဆောင် တဦးချင်း စဉ်းစားရမယ်။ ခေါင်းဆောင် ဆိုတာက ကိုယ်လိုချင်တဲ့ Vision ကို အကောင်အထည် ဖော်ဖို့အတွက် ကိုယ်က ဘာပေးရမလဲ။ ဘယ်လို ညှိရမလဲ။ ညှိဖို့ ဘယ်လို အဆင့်ဆင့်တွေ သွားမလဲ။ တဆင့်ပြီး တဆင့် လုပ်ရမယ်။ ဒါမရှိဘဲနဲ့ ဒီအချိန်ကျတော့ ငါတို့ ပြင်လိုက်ရအောင်၊ လုပ်လိုက်ရအောင် အဲဒီလို တပွဲတိုး လုပ်လို့ မရဘူး။ အခု က တပွဲတိုး လှုပ်ရှားမှုလို့ပဲ မြင်တယ်။ တပွဲတိုး လှုပ်ရှားမှုက ဒီလိုပဲ ရုပ်ပျက် ဆင်းပျက် ရှုံးမှာပဲ။
အောင်မြင်ဖို့ဆိုတာ ဘယ်လိုမှ လုပ်လို့မရဘူး။ အာဏာရှိတဲ့လူတွေက သဘောထားကြီးကြီးနဲ့ လျှော့ပေးရင်ရတယ်။ လွှတ်တော်ထဲ ဆွေးနွေး၊ ညှိနှိုင်း၊ ငြင်းခုံကြလုပ်တာပဲ။ မအောင်မြင်ဘူးလေ။ ဒါလက်တွေ့ပဲ။ ညှိနှိုင်းနှိုင်း၊ မနှိုင်းနှိုင်း ကိုယ် က ဘယ်လို သဘာထားကြီးကြီးနဲ့ လျှော့ပေးရမလဲဆိုတာ အာဏာရှိတဲ့လူ တဦးချင်းမှာ ဥပမာ- တပ်မတော်မှာလည်း ကြိုတင် စဉ်းစားထားတာရှိရမယ်။
NLD ခေါင်းဆောင်တွေလည်းပဲ၊ NLD CEC မှာလည်း ကြိုတင်စဉ်းစား၊ တိုင်းရင်းသားတွေမှာလည်း ပြီးတော့ ညှိနှိုင်းမယ် ဆိုရင်လည်း ဒီဖွဲ့စည်းပုံ ညှိနှိုင်းမနေနဲ့၊ ပြည်တွင်းစစ် နှစ် ၇၀ တိုက်ပြီး ဖွဲ့စည်းပုံ ဆိုတာက မနေ့၊ တနေ့က ထလုပ်တာ ဘယ်လိုလုပ်ရမှာတုန်း။ ဖွဲ့စည်းပုံ ဆိုတာ ပြည်တွင်းစစ် အနှစ် ၇၀ ရဲ့ နောက်ဆက်တွဲ ပေါ်လာတဲ့ဟာတခုပဲ ဒါ နိုင်ငံရေး ရေခံ မြေခံ ပြဿနာပဲ။
စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ရှိတယ်။ ဗမာတွေနဲ့ ဗမာ မဟုတ်တွေနဲ့ တိုင်းရင်းသားတွေ ဆက်ဆံရေးရှိတယ်။ တိုင်း ရင်းသားတွေ သူပုန်ထနေတာ ရှိတယ်။ ဗမာတွေမှာ သူပုန်မရှိဘူး။ တိုင်းရင်းသားတွေမှာ သူပုန်လည်း ရှိတယ်။ နိုင်ငံရေး ပါတီတွေလည်း ရှိတယ်။ အဲဒီတော့ ဒီမိုကရေစီ ထွန်းကားဖို့၊ တန်းတူအခွင့်အရေး ရဖို့အတွက် နည်းပေါင်းစုံနဲ့ လုပ်တဲ့ နေ ရာမှာ ဒီဟာလေးက အစိတ်အပိုင်းတခုပဲ။ အဲဒီတော့ ဒီအစိတ်အပိုင်း တခုက မအောင်မြင်ဘူးဆိုတော့ အဲဒါအဆန်း မဟုတ်ဘူး။
ဦးသောင်းအေး
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)

ဖွဲ့စည်းပုံ အခြေခံ ဥပဒေမယ်ဆိုရင် ပြဋ္ဌာန်းထားတဲ့ ဥပဒေမူဘောင်ထဲက ပြင်တာ အကောင်းဆုံးဖြစ်မယ်။ သို့သော်လည်း လွှတ်တော်ရဲ့ ဖွဲ့စည်းတည်ဆောက်မှု အရ ဆန္ဒမဲနဲ့ပဲ ရယူသွားတာဖြစ်တယ်။ ပြောမယ်ဆိုရင် ၂၀၁၉ ဇန်နဝါရီ ၂၉ လောက် ကစတာပေါ့။
အခုဆိုရင် တနှစ်နဲ့ နှစ်လလောက် အချိန်ကုန်သွားတဲ့သဘော။ အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ တကယ်ပြင်ချင်သလား။ မပြင်ချင်ဘူးလာဆိုတာ ဒီအဆိုကို တင်ပြီးတော့ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ဖို့ လုပ်တဲ့ ရည်ရွယ်ချက်က မှန်လား။ တ ကယ်ပဲ။ ဒီလို ရည်ရွယ်ထားတာလား ဆိုတာ ပြည်သူ လူထုအားလုံး သိသွားတာပေါ့ဗျာ။
လက်ရှိ အခြေအနေက အားလုံး မျှော်လင်ထားသလို ဖြစ်မလာဘူး။ မျှော်လင့်ထားသလို ဆိုတဲ့ အဓိပ္ပာယ်ကလည်း ပြင် သင့် ပြင်ထိုက်တာတွေ ပြင်နိုင်ဖို့အတွက်ကို အားလုံးညှိနှိုင်း ဆောင်ရွက်တာ မဟုတ်တဲ့အတွက် ဖြစ်မလာတာပဲ။ တပါတီ၊ တဖွဲ့ရဲ့ရွေးကောက်ပွဲ လူထုကို ပေးထားတဲ့ကတိကို အကောင်အထည်ဖော်တာ တခုလိ့ုပဲ မြင်ပါတယ်။
တကယ့်၊ တကယ်ကျတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာက ပြင်သင့်ပြင်ထိုက်တာတွေလည်း ရှိတယ်။ တချို့ဟာတွေ ကလည်း ပြင်သင့်ပြင်ထိုက်တဲ့ အချိန်ကာလရောက်ရင် ပြင်ရမယ် ဆိုတာလည်း အန်ကယ်တို့ရော တပ်မတော်ရော လက် ခံတယ်။ ဒါပေမယ့် အခုတင်သွင်းလာတဲ့ကိစ္စတွေ အားလုံးကို ကြည့်လိုက်ရင် အားလုံးလည်း သိပါတယ်။
တပ်မတော်ရဲ့ အခန်းကဏ္ဍကို လျော့ချတာတွေ၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးနိုင်တဲ့ဟာတွေ၊ နောက် စနစ် တကျ ကျင့်သုံးရမယ့် ဒီမိုကရေစီ အခွင့်အရေးတွေကို စည်းမဲ့ကမ်းမဲ့ ဖြစ်စေတာ။ ဒါတွေပဲ တင်လာတာဖြစ်တဲ့ အတွက် ဒါကိုလည်း တကယ်နားလည်တဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေကတော့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးက ဒါတွေကို ကန့်ကွက်နေ တယ်လို့ မြင်မယ်လို့ အန်ကယ်ကတော့ မထင်ပါဘူး။ ကာကွယ်သင့်၊ ကာကွယ်ထိုက်တာကို ကာကွယ်တယ်လို့ မြင်တယ်။
You may also like these stories:
အမျိုးသားဝါဒရဲ့ လွှမ်းမိုးမှုက ချင်းလူထုကြားမှာ အရမ်းကြီးနေတယ်
ပြည်နယ် အခြေခံတဲ့ နိုင်ငံရေးစနစ် ထွန်းကားဖို့ ပြည်နယ်နိုင်ငံရေး ပါတီတွေကို မဲပေးဖို့ လိုတယ်