ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) ကူးစက်ခံရသူဦးရေ မြင့်တက်လာလျက်ရှိရာ စက်ရုံ၊ အလုပ်ရုံများ ပိတ် သိမ်းမှုကြောင့် အကြောင်းအမျိုးမျိုးဖြင့် အလုပ်သွားရောက် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အလုံးအရင်းနှင့် ပြန် လည် ဝင်ရောက်လာလျက် ရှိသည်။
ထိုသို့ ပြန်လာသည့် သူများနှင့် ပတ်သက်ပြီး ပြည်သူအချို့က စိုးရိမ်မှုများ ရှိနေသလို သီးသန့်စောင့်ကြည့်ရေး အစီအစဉ် များ လုပ်ဆောင်ပေးဖို့ကိုလည်း တောင်းဆိုနေကြသည်။
ထိုင်းနိုင်ငံမှ ပြန်လာသူများ အနေဖြင့် ယနေ့ မတ်လ ၂၃ ရက် မွန်းလွဲပိုင်းအထိ မြဝတီဂိတ်မှ လူဦးရေ ၂ ထောင်ကျော် ပြန်လည် ဝင်ရောက်ခဲ့ကာ စုစုပေါင်း ဝင်ရောက်လာသူ ၁ သောင်းကျော်ပြီ ဖြစ်ကြောင်း သိရသည်။ အခြား မြန်မာ-ထိုင်း နယ်စပ်ဂိတ်များ ဖြစ်သည့် တာချီလိတ်-မယ်ဆိုင်၊ ဘုရားသုံးဆူ၊ ကော့သောင်း စသည့်ဂိတ်များမှလည်း ပြန်လည်ဝင် ရောက်လျက် ရှိနေကြောင်း သိရသည်။
ပြန်လာသူများအား ကျန်းမာရေး စစ်ဆေးမှု၊ နေရပ်ပြန်ကြသူများအား နေအိမ်တွင် သီးသန့် စောင့်ကြည့်မှုများ ပြုလုပ်ရန် ဆောင်ရွက်ထားမှုများနှင့် စောင့်ကြည့်မည့် အစီအစဉ်များအား မြဝတီမြို့တွင် ကြီးကြပ်ဆောင်ရွက်နေသည့် ကရင်ပြည်နယ်၊ လူမှုရေးဝန်ကြီး စောဘိုဘိုဝေမောင်အား ဧရာဝတီက ဆက်သွယ်မေး မြန်းထားပါသည်။
မေး။ ။ ပြန်လာသူတွေကို စစ်ဆေး၊ စောင့်ကြည့်တာတွေ လုပ်ဖို့ ဘယ်လို အစီအစဉ်တွေနဲ့ လုပ်နေသလဲ။
ဖြေ။ ။ ပြန်ဝင်လာတဲ့သူတွေ အကုန်လုံးကိုတော့ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်ပေးတယ်။ နောက်ပြီးတော့ အားလုံးကို ဒီမှာပဲ ၁၄ ရက် စောင့်ကြည့်တဲ့ အစီအစဉ်နေဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် ပြန်လာသူ တော်တော်များများက ကိုယ့်ဒေသ ကိုပဲ ပြန်ချင်ကြတယ်။ အဲဒီတော့ ပြန်တဲ့သူတွေအနေနဲ့ ကိုယ့်အိမ်မှာပဲ နေပြီးတော့ သီးသန့် စောင့်ကြည့်တဲ့ဟာကို လုပ်ရမယ်။ သူတို့ရဲ့ အချက်အလက် အပြည့်အစုံကိုလည်း ပေးရမယ်။
ထိုင်းဘက်မှာတုန်းကလည်း ဘယ်မှာ အလုပ်လုပ်ခဲ့တယ်၊ ဘယ်မြို့ဘယ်ဒေသကို ပြန်မှာလဲ၊ ဖုန်းနံပါတ်က အစပေါ့။ အဲဒီလိုရပြီးရင် သူတို့ ဒေသက တာဝန်ရှိတဲ့သူတွေဆီကို ဒီအချက်အလက်တွေ ပေးဖို့ သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ် အစိုးရတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ရတာပေါ့။
နောက်ပြီး ဒီကနေ ပြန်သွားတဲ့အခါမှာလည်း လမ်းတလျှောက် ဘယ်ကို ဆက်သွားမယ် ဆိုတာတော့ စီမံခန့်ခွဲလို့ မရပြန်ဘူး။ အဲဒီအတွက်လည်း အစိုးရတွေ ချိတ်ပြီးတော့ ဒီမှာဆို ကျနော်တို့ ကားတွေ စီစဉ်ပေးထားပြီးပြီ။ အဲဒီ ကားတွေနဲ့ သူတို့ သွားမယ့် တိုင်းနှင့် ပြည်နယ်တွေကို ပို့ပေးနေတယ်။ သူတို့ရောက်တဲ့အခါ သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေက ဆက်ပြီးတော့ ပို့ဆောင်တာတွေ စသဖြင့် ဆက်ပြီးလုပ်ဖို့ပေါ့။
တချို့သူတွေကတော့ ကျနော်တော့ မပြန်ချင်ဘူး၊ ဒီမှာပဲ စောင့်ကြည့်တာ လုပ်ချင်တယ် ပြောလာသူတွေလည်း ရှိတယ်။ ဒီအတွက်လည်း ကျနော်တို့မှာ ပြင်ဆင်ထားပါတယ်။ ဂိတ်မှာ စစ်ဆေးတာတွေ လုပ်ပေမယ့်လည်း လက္ခဏာက ၁၄ ရက် လောက်ကြာမှ ပေါ်တတ်တော့ ကျနော်တို့ ကရင်ပြည်နယ်မှာတော့ အုပ်ချုပ်ရေး အဖွဲ့တွေ၊ ပြည်သူ့ ကျန်းမာရေး အဖွဲ့တွေ အားလုံး ပူးပေါင်းပြီး အသေးစိတ် လုပ်နေတယ်။
မေး။ ။ လက်ရှိ ပြန်လာသူတွေထဲက စောင့်ကြည့်လူနာတွေ ရှိသလား။
ဖြေ။ ။ တချို့ အပူချိန်မြင့်နေလို့ စောင့်ကြည့်ခဲ့တဲ့ သူတွေလည်း ရှိပါတယ်။ ဒီနေရာမှာက အပူချိန်မြင့်နေတိုင်းလည်း ဒီရောဂါဖြစ်တာ မဟုတ်ပါဘူး။ အပူချိန်မြင့်တဲ့သူတွေ့ရင်တော့ ချက်ချင်း ခွဲထုတ်ပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးတယ်။ တချို့ကျတော့လည်း အပူချိန်တော့ မမြင့်ဘူး၊ ဒါပေမယ့် ဖျားတဲ့သူနဲ့ ကျနော်အနီးကပ် နေခဲ့ဖူးတယ်။
ဒီမှာပဲ စောင့်ကြည့်မှု ခံယူချင်တယ်ဆိုတဲ့ သူတွေလည်း ရှိတယ်။ သူတို့အတွက်တော့ ကျနော်တို့က ဆက်ပြီးတော့ လိုအပ် တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ပေးနေပါတယ်။ ဒီလိုသူတွေအထဲမှာ ရောဂါကူးစက်မှုနဲ့ ပတ်သက်ပြီး စောင့်ကြည့် ကုသနေတဲ့ သူတော့ တဦးမှ မရှိသေးပါဘူး။
မေး။ ။ လတ်တလောအရ မြဝတီမှာ ရောဂါစောင့်ကြည့်လူနာ ရှိသလား။
ဖြေ။ ။ အခု ပြန်လာတဲ့သူတွေထဲမှာ ရောဂါ ကူးစက်မှုနဲ့ ပတ်သက်လို့ စောင့်ကြည့်လူနာ မရှိသေးဘူး။ အရင်ကတည်းက ရှိတဲ့ စောင့်ကြည့်လူနာ (PUI) အနေနဲ့က လက်ရှိအချိန်အထိ စောင့်ကြည့်လူနာတယောက်ပဲ ရှိသေးတယ်။ အဲဒီ တ ယောက်ကလည်း ပိုးမတွေ့ကြောင်း ရလဒ် ထွက်ထားပြီးပြီ။ ဆက်ပြီးတော့ သီးသန့်ခန်းမှာ ထားပြီး စောင့်ကြည့် ကုသပေးနေပါတယ်။
မနေ့တနေ့က ကာစီနိုမှာ မူးလဲပြီး သေဆုံးသွားတဲ့ တရုတ်လူမျိုးကလည်း COVID-19 ကြောင့် မဟုတ်တာ တွေ့ရတယ်၊ အသေးစိတ် စစ်ဆေးပြီးတဲ့အခါ ဦးနှောက်သွေးကြော ပြတ်တာပေါ့၊ ဦးနှောက်ထဲမှာလည်း သွေးစတွေ့တယ်။
အခုက မြဝတီထက်စာရင် ဘားအံမှာ အခု PUI အနေနဲ့ သတ်မှတ်ထားတဲ့ စောင့်ကြည့်လူနာ၂ ဦး ရှိတယ်။ သူတို့ နှစ်ယောက်ဆိုရင်လည်း ထိုင်းနဲ့ ဆက်စပ်မှု ရှိတဲ့သူတွေပေါ့နော်။ ဒီအတွက် သက်ဆိုင်ရာ အစိုးရ အဖွဲ့တွေက ပြည်ပက ပြန် လာသူတွေကို စောင့်ကြည့်ထိန်းထားဖို့ကို ပူးပေါင်းပြီး အားစိုက် လုပ်နေကြရတာပေါ့နော်။
မေး။ ။ စောင့်ကြည့်လူနာတွေ ရှိလာရင်ရော ထားဖို့ နေရာ စီစဉ်ထားလား။
ဖြေ။ ။ ကျနော်တို့ဆီမှာတော့ မြဝတီ ဆေးရုံကြီးမှာ သီးသန့်ခန်းတွေ လုပ်ပြီး စီစဉ်ထားတယ်။ ဆေးရုံးမှာထားပြီး စောင့်ကြည့်ဖို့ အနေနဲ့လည်း စီစဉ်ထားတာ ရှိပါတယ်။ နောက်ပြီး နေအိမ်မှာထားရှိ စောင့်ကြည့်ဖို့အတွက်လည်း လေးကေ့ကော်နဲ့ မဲ့ကနယ်မှာ စီစဉ်ဆောင်ရွက်ထားတာ ရှိပါတယ်။ ကျနော်တို့ ခန့်မှန်းထားချက်အရ လူ ၂၀၀/၃၀၀ လောက်အထိ လက် ခံနိုင်ဖို့ မှန်းပြီး လုပ်ထားတာပေါ့။ တကယ်လို့ မလောက်ဘူးဆိုရင်လည်း မြို့ပေါ် အ.ထ.က-၁ ကျောင်းမှာ နေရာချထား ဆောင်ရွက်ဖို့ စီစဉ်ထားတာ ရှိပါတယ်။
မေး။ ။ နယ်စပ် တရားမဝင် ဝင်ပေါက်တွေကနေ ပြန်လာသူတွေကိုရော ဘယ်လို စောင့်ကြည့်ဖို့ လုပ်ဆောင်နေလဲ။
ဖြေ။ ။ ရွာတွေမှာရှိတဲ့ အုပ်ချုပ်ရေးဌာနက သူတွေ၊ သက်ဆိုင်ရာ အဖွဲ့တွေက နေ့စဉ်သတင်းပို့ရတဲ့ စနစ်မျိုး လုပ်နေတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ပြည်ပက ပြန်လာသူရှိရင် သူတို့တွေ အိမ်မှာပဲနေပြီး Self-Quarantine လုပ်နေလား၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လို အခက်အခဲတွေ ရှိလဲ။ ဖျားတာရှိလား စတာမျိုးတွေ ရှိရင် ကျနော်တို့ဆီ လှမ်းပြောရတာတွေ လုပ်ထားတယ်။ ပြန်လာတဲ့သူတွေကို ကျန်းမာရေး စစ်ဆေးမှု လုပ်ပြီးရင်လည်း လုပ်ထားကြောင်း သတ်မှတ်ပေးလိုက်တာ ရှိတယ်။
အဲဒါမျိုး မရှိဘဲ ရပ်ရွာမှာ ပြန်ရောက်နေတယ်ဆိုရင် နီးစပ်ရာ ကျန်းမားရေး ဌာနကို အကြောင်းကြားပြီး လုပ်ဖို့လည်း ပြောထားတယ်။ ကျနော်တို့က ဂိတ်မှာလည်း စစ်တယ်။ လမ်းမှာ စစ်တာတွေလည်း လုပ်သလို ရပ်ရွာတွေမှာလည်း လူထု အင်အားကို ယူပြီး စောင့်ကြည့် ဆောင်ရွက်တာတွေ လုပ်နေတာပေါ့။ တနေရာက လွတ်သွားရင်တောင် တနေရာကနေ သိနိုင်အောင် ကြိုးစားဆောင်ရွက်နေပါတယ်။
မေး။ ။ မဲဆောက်ဘက်ကနေ ဒီဘက်ကို ပြန်လာဖို့ လူဦးရေက ဘယ်လောက် ရှိသလဲ၊ ပိတ်မိနေကြတာလား။
ဖြေ။ ။ မနက်က ပုံတွေကနေ တွေ့ရသလောက်က ၁ ထောင်ကျော်လောက် ရှိမယ်။ တဖြည်းဖြည်း များလာပေမယ့် အခု နေ့လယ်ပိုင်းအထိ ဒီဘက်ကို ၂ ထောင်လောက် ပြန်ဝင်လာပြီးပြီဆိုတော့ သိပ်မရှိတော့ပါဘူး။ ထိုင်ဘက်ခြမ်းဂိတ်မှာ လူ တွေ စုပြုံသွားတာကလဲ ထိုင်းနိုင်ငံရဲ့ ဒေသအသီးသီးကနေ လာကြပြီး မဲဆောက်မှာ လာဆုံနေကြတဲ့ သဘောပါ။ သူတို့က ပိတ်မိနေတယ် ဆိုတာထက် သူတို့ဘက်မှာလည်း တယောက်ချင်း ကျန်းမာရေး စစ်ဆေးတာ လုပ်ရတော့ လူအုံသွားတာ မျိုး ဖြစ်တာပါ။ ကျနော်တို့ ဘက်မှာတော့ တန်းစီတဲ့နေရာမှာ တယောက်နဲ့ တယောက် ခွာပြီးတော့ တန်းစီစနစ်နဲ့ လုပ်နေ တာပါ။
မေး။ ။ ပြန်လာတဲ့သူတွေရဲ့ ပူးပေါင်း ဆောင်ရွက်မှုကရော ဘယ်လိုရှိလဲ။
ဖြေ။ ။ လက်ရှိအထိတော့ ပြန်လာတဲ့ ကျနော်တို့ နိုင်ငံသားတွေဟာ တာဝန်ယူမှု ရှိတယ်လို့ပဲ မြင်ပါတယ်။ တန်းစီတာ၊ စစ်ဆေးတာတွေကို ကောင်းကောင်း လက်ခံတယ်။ တချို့ သူတို့ ကိုယ်တိုင်ပြောတာကြောင့် ကျနော်တို့ အံအားသင့်မိ တယ်။ အပူချိန်မြင့်တာ၊ ဖျားတာမျိုး မရှိပေမယ့် လွန်ခဲ့တဲ့ရက်က ဖျားတဲ့သူနဲ့ အတူနေခဲ့ရလို့ ဒီမှာပဲ စောင့်ကြည့်မှု ခံယူချင်တယ်။ အိမ်မပြန်ချင်သေးဘူး၊ ကျနော် တခုခုဖြစ်ရင် ကျနော့် ပတ်ဝန်းကျင် ထိခိုက်မှာဆိုတာမျိုးပေါ့။ သူတို့ ကိုယ်တိုင်က အခြေအနေတွေ ပြောဆိုပြီး တာဝန်ယူတာမျိုးတွေ ရှိပါတယ်။
မေး။ ။ နောက်ရက်တွေမှာ ပြန်လာကြမယ့် သူတွေအတွက် ထိုင်းနိုင်ငံဘက်နဲ့ ဘယ်လို ညှိနှိုင်းမှုတွေ လုပ်ထားလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ပြန်လာချင်တဲ့သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့က ကျနော်တို့ တာဝန်ပါပဲ။ ထိုင်းဘက်က ဖွင့်ပေးတဲ့ အချိန်မှာ အဆင်သင့် လက်ခံနိုင်အောင်တော့ အားလုံးကို ပြင်ဆင်ထားတယ်။ ဒီနေ့လိုမျိုး အားလုံး အဆင်သင့် ပြင်ထားတာမျိုးပေါ့။ ထိုင်းမှာလည်း သူ့ပေါ်လစီနဲ့ သူဆိုတော့ အကောင်းဆုံးတော့ ညှိနှိုင်းဆောင်ရွက်နေပါ တယ်။
မေး။ ။ ထိုင်းဘက်က ပြန်လာသူတွေကို လက်ခံတဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော် ပြောချင်တာကတော့ ပြန်လာတဲ့သူ အများစုက တာဝန်ယူမှုရှိတာ တွေ့ရပါတယ်။ ဒီအတွက် ဂုဏ်ယူပါ တယ်။ ကိုယ့်နိုင်ငံကို အားကိုးပြီးတော့ ပြန်လာတဲ့အချိန်မှာ ကိုယ့်နိုင်ငံအတွက် တာဝန်ယူမှု၊ စည်းစနစ်ကျမှုနဲ့ ပြန်လာကြ စေချင်ပါတယ်။
နောက်တခုက ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်ပတ်ဝန်းကျင်က ဖြစ်စေ၊ ဖျားတာမျိုး၊ မသင်္ကာတာမျိုး တွေ့ရင် ကျန်းမာရေးဌာနနဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အမြန်ဆုံး အကြောင်းကြားပေးဖို့ပါ။ ဒီလို ပူးပေါင်းဆောင်ရွက်မှလည်း ဒီပြဿနာက ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဒါက အဓိကကျတဲ့ အချက်ပါ။
You may also like these stories:
နယ်စပ်ဖြတ် ပြန်လာသူများ အိမ်ပြန်ပို့ပြီး ၁၄ ရက် စောင့်ကြည့်မည်
ထိုင်းမှပြန်လာသည့် ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတဦး ထွက်ပြေး
COVID-19 မကူးစက်ရေး ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ယာယီပိတ်မည်