တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာ ဗိုင်းရပ်စ်) သည် ယနေ့အထိ တရုတ်နိုင်ငံပြင်ပ ကမ္ဘာ့ နိုင်ငံပေါင်း ၁၉၅ တွင် ပြန့်ပွားခဲ့ရာ မြန်မာနိုင်ငံသို့လည်း ရောက်ရှိလာပြီဖြစ်သည်။
မတ်လ ၂၃ ရက် ညတွင် COVID-19 Positive လူနာ ၂ ဦး တွေ့ရှိသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကြေညာပြီးနောက် ဆေးဆိုင်များ၊ အခြေခံ စားသောက်ကုန် ရောင်းချသည့် ဈေးများ၊ ဈေးဝယ်စင်တာများတွင် အလွန်အမင်း ဈေးဝယ်မှုများ ပြုလုပ်လာကြသည်။
ထိုသို့ ဈေးဝယ်ယူမှုများနှင့် ပတ်သက်ပြီး အခြေခံစားသောက်ကုန် ဈေးနှုန်းများ မြင့်လာနိုင်ခြင်း ရှိ၊ မရှိနှင့် စားသောက်ကုန်များ လုံလောက်စွာ မည်သို့ စီမံဆောင်ရွက်နေသည် ဆိုသည့် အကြောင်းအရာများကို အစိုးရဌာနနှင့် သက်ဆိုင်ရာ အသင်းအဖွဲ့များအား ဧရာဝတီသတင်းထောက်များမှ မေးမြန်းထားသည်ကို စုစည်း တင်ပြလိုုက်ပါသည်။
ဦးမြင့်လွင် (ညွှန်ကြားရေးမှူးချုပ်)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန
လူတွေက အကြောက်တွေ လွန်နေကြတာ ခက်တော့ခက်တယ်။ လက်ရှိ အနေအထားမှာ ဆန်က ပြည်တွင်းမှာ ရှိတယ်လေ။ ပြည်တွင်းမှာ အလုံအလောက်ရှိတယ်။ ဆန်စပါး အသင်းချုပ်က လှမ်းပြောတာ ရှိတယ်။ ဈေးကွက်ထဲမှာ လက်ကားဈေးနဲ့ ရောင်းပေးမယ်တဲ့။ ကျနော်တို့လည်း ညှိနှိုင်းထားတာပေါ့လေ။ ဒီအနေအထားမှာ ပစ္စည်းတွေက ရှိတယ်။ ဆီဆိုလည်း အခု ပုံမှန်ဝင်တယ်။ လူတွေကတော့ ထုံးစံပေါ့ ဝယ်တာ။ ပြည်တွင်းမှာ အခြေခံ စားကုန်က အဆင်သင့်ရှိတယ်။ လုံလောက်မှုရှိတယ်။ လုံလောက်မှု ရှိနေတာကို ကြောက်လန့်မှု မရှိဖို့ဘဲ ပြောချင်တယ်။ ကြောက်လန့်စရာ မလိုပါဘူး။
ဒေါက်တာမောင်မောင်လေး (ဒုဥက္ကဋ္ဌ)
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်
ဒါမျိုးဖြစ်နိုင်တဲ့ အလားအလာတွေက တကမာ္ဘလုံးမှာ ရှိပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အနေနှင့် အကြံပြုချက်တွေ ပေးတယ်။ စားသောက်ကုန်တွေက အပိုအလျှံတွေ ရှိ ပါတယ်။ အဓိကတော့ Supply Change ပစ္စည်း ရောက်ဖို့ပါပဲ။ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းကို ပို့နိုင်မယ်ဆိုရင် စိတ်ပူပန်သောက ရောက်စရာ မလိုပါဘူး။ စိတ်ပူပန်သောက ဖြစ်ရမှာက ရောဂါ မဖြစ်အောင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကို လိုက်နာပြီး နေဖို့ပဲ ရှိပါတယ်။
နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ တော်တော်များများမှာ ဒီဒုက္ခကပ်ကြီးကို ဆိုက်ရောက်နေတဲ့ အတွက် ဗြိတိန်နိုင်ငံမှာဆိုလည်း Lockdown လုပ်လိုက်တယ်။ ဘယ်နေရာမှာဆိုလည်း Lockdown လုပ်လိုက်တယ် ဆိုတော့ အတတ်နိုင်ဆုံး ပြည်သူ ပါဝင်ပြီးတော့ လုပ်ဆောင်မှရမှာ။ အားလုံးကတော့ တက်ညီလက်ညီနဲ့ ပြည်ထောင်စုအရေး၊ တိုင်းပြည်အရေး၊ အကုန်လုံး ကိုယ့်အကျိုးပါ ပါတာပေါ့နော်။ ဒါကို ဝိုင်းလုပ်ဖို့ပဲ အရေးကြီးပါတယ်။ ကိုယ့်ဘာသာ လုပ်လို့တော့ မရဘူးပေါ့နော်။
အားလုံးက ဆေးခါးကြီး သောက်နေရတဲ့အချိန်မှာပေါ့။ အားလုံး ညီညီညွတ်ညွတ်နဲ့ တက်ညီလက်ညီ လုပ်မယ်ဆိုရင် ကာကွယ်နိုင်မယ်။ အားလုံးက ကျန်းမာရေးဝန်ကြီးဌာနရဲ့ တိုက်တွန်းထားတဲ့အတိုင်း လုပ်ဆောင်ကြပါလို့ တိုက်တွန်း ချင်ပါတယ်။
ဦးကျော်မင်း (ဥက္ကဋ္ဌ)
မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
လက်ရှိအနေအထား အရ ဖြစ်တတ်ပါတယ်။ လူတွေ ကြောက်လန့်ပြီး အလုအယက် ဝယ်ကြမယ်။ ဆန်တို့ ဆီတို့က ပူစရာ မလိုဘူး။ ဒါပေမယ့် တကယ်တမ်း ဖြစ်လာရင်က ဝယ်ခြမ်းရေး စနစ်တွေက တမျိုး ဖြစ်သွားမှာပေါ့။ အခုလောလောဆယ် အနေအထား အရကတော့ Lockdown ကတော့ မလုပ်သေးဘူးပေါ့။ ဒါက အစိုးရ ပါရတော့မယ်လေ။ အစိုးရနဲ့ ကုန်သည် ပူးပေါင်းရတော့မှာကိုး။ ပူးပေါင်းတဲ့အခါ ရလဒ်က ထွက်လာမယ်လေ။ အဝယ်တွေ တအားနိုင်တယ် ဆိုရင် ကုန်သည်ရဲ့ သဘောတရားအရ ဈေးဆွဲတင်တာ ရှိမယ်။ ကုန်သည်တွေကလည်း ဒီလိုအချိန်မှာ ဈေးမတင်ရအောင် အစိုးရကလည်း ကုန်သည်တွေဘက်ကို ကြည့်မလား အစိုးရ ဘယ်လောက် စိုက်ထုတ် ပြီး ဝယ်မယ် ဘယ်လိုစနစ်နဲ့ ဝေငှ ရောင်းချမယ် ဆိုတဲ့ စနစ်တွေ လုပ်ရမှာပဲ။ လောလောဆယ်ကတော့ မန္တလေးကတော့ ရန်ကုန်ကို စောင့်ကြည့်ရတဲ့ အနေအထားပေါ့။
ဦးခင်ဟန်(ဥက္ကဋ္ဌ)
မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုချောင် သီးနှံ စိုက်ပျိုး ထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်း
အခုကတော့ COVID-19 ကြောင့် အခြေခံ စားသောက်ကုန်တွေက ဈေးတွေ ကျနေပါတယ်။ ဘာဖြစ်လို့လည်း ဆိုရင် နယ်စပ်ကုန်သွယ်ရေးတွေ အကုန်လုံး အသွားအလာ နည်းနည်းလေး ရပ်ဆိုင်းနေတဲ့ သဘောရှိတယ်။ ကုန်ဈေးနှုန်းက တက်စရာတော့ မရှိဘူး။ တနင်္လာနေ့ကဆိုရင် ဘုရင့်နောင် ကုန်စည်ဒိုင်ကို ကြက်သွန်ကား ၁၃၂ စီး ရောက်တယ်။ ဒီလို ပမာဏက တသက်လုံး တခါမှ မရောက်ဖူးဘူး။ တရက်မှာ ကားအစီးရေ ၆၀ ရောက်တယ်ဆိုတာ ၁ နှစ်လုံးမှ ၂ ခါ၊ ၃ခါ အပြင် မရှိဘူး။ အဲဒီတော့ တွက်သာကြည့်တော့။
အခု ကုန်စည်ဒိုင်မှာ ဆိုရင် ဈေးတွေ တအားကျနေတယ်။ ကြက်သွန်ဆိုရင် ၁ ပိသာ ကျပ် ၅၀၀၊ ကျပ် ၆၀၀ လောက်ပဲ ရှိတယ်။ ငရုတ်သီးဆိုရင် ၁ ပိသာ ၂၂၀၀ ကျပ်မှ ၂၃၀၀ ကျပ်ပဲရှိတယ်။ သာမန်ဈေးဆိုရင် ၂၅၀၀ ကျပ်နဲ့ ၂၇၀၀ ကျပ်ကြား မှာပဲ ရှိတယ်။ ဒီအတိုင်းသာ ဆက်သွားရင် တောင်သူတွေ ဒုက္ခရောက်နိုင်တယ်။ လူတွေ ကြိတ်ကြိတ်တိုး ဝယ်ကြတယ် ဒါ ဘာဖြစ်လို့ ဝယ်တာလည်းလို့ ကျနော် ပြောချင်တယ်။ မြန်မာလူမျိုးက ဆန်ရယ်၊ ဆီရယ်၊ ဆားရယ် ငရုတ်ရယ် ကြက်သွန်ရယ် ရှိရင်ရပြီ။ ပဲ ရှိတယ်ဗျာ။ အဲဒီမှာ ဘာကိုသွားပြီး တိုးဝယ်ကြတာလဲ။ ညသန်းခေါင်ကျော် city mart တွေမှာ တိုးဝယ်လို့ ဘာရှိမှာလဲ။ အပြင်မှာ ဒီလောက် ပေါသောပြီးတော့ ဈေးတွေမှာ ဝယ်သူတောင်မရှိဘူး။ ဘုရင့်နောင်လည်း လာကြည့်ကြအုံး။
သင်္ကြန်နားနီးတော့ ကုန်ပို့တဲ့ ကားတွေရော ထွက်တဲ့ကုန်ရော များပြီးတော့ လမ်းတွေရှုပ် ရောင်းလိုအားမကောင်း ဘာလုပ်ရမယ်မှန်းတောင် မသိဘူး။ ဝယ်သူက City Mart မှာ သွားတိုးဝယ်နေတယ်။ စိုးရိမ်တာများလို့ ဒုက္ခရောက်တာ စားသောက်ကုန်က စိုးရိမ်ရမယ့် အရာမဟုတ်ဘူး။ ကုန်ပစ္စည်းက အလုံအလောက် ရှိတယ်။ ရောဂါကလည်း ရေရှည် မဖြစ်ဖို့ လိုတယ်။ ကုန်စည်တွေက နဂိုထဲက ကြိုလုပ်ထားတဲ့အတွက် ထိန်းနိုင် သိမ်းနိုင်တယ်။ အဓိကတော့ ရောဂါ အများကြီး မပြန့်ဖို့လိုတယ်။ ကျနော်တို့ ဆုတောင်းတာတော့ ရန်ကုန်က မဖြစ်ဖို့လိုတယ်။ လူနေ အရမ်းများတယ်။ နယ်တွေ ဘာတွေက တော်သေးတယ်။
ကုန်ဈေးနှုန်းကတော့ ဘာမှ တက်စရာမရှိဘူး။ အရောင်းအဝယ်က တောင်သူအတွက် ပြဿနာရှိတယ်။ အခုက သွားရလာရ မချောမွေ့တာ အိန္ဒိယဆိုရင် နန်းဖာလုံဈေးလည်း ပိတ်တယ်။ ထိုင်းဆိုရင်လည်း ပိတ်တယ်။ ဒါတွေက တောင်သူအတွက် စိုးရိမ်စရာ ဖြစ်တယ်။
ဦးမြတ်သင်းအောင် (နာယက)
လှိုင်သာယာ စက်မှုဇုန်
မြန်မာနိုင်ငံမှာလည်း ပြည်တွင်းက ထွက်တဲ့ ကုန်ပစ္စည်းတွေ အများကြီးပါ။ အားလုံးက ရနေတော့ စားသောက်ကုန်က ပြတ်တောက်စရာ မရှိပါဘူး။ အခုလည်း ဒီလောက်တော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် တချို့လက်လုပ် လက်စားသမား တွေကတော့ ခဏခဏ ဝယ်နေရတယ်ပေါ့လေ။ ငြိမ်သွားမှာပါ။ ဒါက မစိုးရိမ်ပါနဲ့ အန်ကယ်တို့ စက်မှုဇုန်တွေမှာတော့ ကြိုတင်ပြီးတော့ ဆန်အိတ် ၃၊ ၄ ထောင်၊ ဆီဆိုရင် ပုံးနဲ့ တန် ၂ သောင်းလောက် COVID-19 ရေရှည်ဖြစ်လာရင် ရပ်ကွက်တွေ ဝေဖို့ စီစဉ်နေကြတယ်။
ဒါလက်လုပ်လက်စားသမားတွေအတွက် ပြဿနာ ပေါ်မှာ ဆိုးလို့။ အဲဒီအတွက် ဦးစားပေး လုပ်နေပါတယ်။ အရင်လည်း ၈၈ အတွေ့အကြုံ ရှိတာကိုး။ အဲဒီလောက်လည်း ကြာမှာတော့ မဟုတ်ပါဘူး။ အဖြစ်လည်း ခံမှာ မဟုတ်ပါဘူး။ မနက်ကလည်း လွှတ်တော်ကိုယ်စားလှယ်တွေနဲ့က အစ ကြိုတင် ပြင်ဆင် လုပ်ထားဖို့ အစည်းအဝေး လုပ်ပါတယ်။
ဦးအောင်သန်းဦး (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း
အဓိကတော့ ကျနော်တို့ ရန်ကုန်မြို့ရဲ့ တရက်လိုအပ်ချက် ဆန်အိတ် ၄ သောင်းကို ပြည့်မီအောင် ဝင်ရောက်ရေးပေါ့။ အခုကတော့ တရက် အိတ်ရေ ၄ သောင်းအပြင် တရက်ကို အိတ်ရေ ၇ သောင်းလောက်အထိတော့ ဆန်က ပိုဝင်ပါတယ်။ ဒါပေမယ့် ဝယ်လိုအားကလည်း လက်ရှိမှာ မြင့်နေတယ်။ တချို့ကလည်း စိုးရိမ်ပြီးတော့ ဝယ်နေတာတွေရှိတယ်။ ဒါလည်း ကျနော်တို့ တရက်လိုအပ်ချက်ကို နေ့စဉ် ပြည့်မီအောင် ဆောင်ရွက်ပေးနေတယ်။ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည် အသင်းနဲ့လည်း လိုအပ်တဲ့ ဆန်တွေကို အရန်ဆန် တွေထဲ ကလည်း ဖြည့်ဆည်း ပြီးတော့ ဆောင်ရွက် ပေးနေတယ်။
နောက်တချက်ကတော့ ရောင်းတဲ့ကုန်သည်တွေကို ယခင်ဖြစ်နေတဲ့ ဈေးထက် ပိုမရောင်းဖို့လည်း အသိပေးထားတယ်။ ဒါတွေကတော့ လုပ်နေတယ်။ နောက်တခုကလည်း တခြား ဆန်လိုအပ်ချက် ရှိရင်လည်းပဲ Exporter တွေနဲ့ ညှိနှိုင်းပြီး တော့ ဖြည့်ဆည်းဆောင်ရွက်ဖို့လည်း လုပ်နေပါတယ်။
ပြည်သူတွေ ဆန်မလုံလောက်မှာ ဆန်ဝယ်မရမှာ ပူစရာ မလိုဘူးဆိုတာ ပြောချင်တယ်။ နောက်တခုကလည်းပဲ ပုံမှန် စားသုံးနေတဲ့ ဆန်တွေအပြင် တချို့ကလည်း ပေါ်ဆန်းစားတယ်။ တချို့ကလည်း ငကျွဲဆန် စားတယ်။ အဲဒီလို ဆန်ကောင်းတာ စားနေရာက နေပြီး ဒီဆန်ကောင်းတွေကိုပဲ ဝယ်ယူစုဆောင်းပြီးတော့ သိုလှောင်မယ်၊ ရက်ရှည်၊ လရှည် စားဖို့ ပိုဝယ်ထားမယ်ဆိုရင်တော့ ဈေးကွက်အတွင်းမှာ ဒါတွေက နည်းသွားပြီးတော့ ဈေးမြင့်လာနိုင်တယ်။ ဒါကြောင့်မို့ ဆန်ချောအပြင် အခြားဆန်တွေကိုလည်းပဲ ဒီလိုအခြေအနေ မျိုးမှာ အဓိကတော့ စားနပ်ရိက္ခာ ပြတ်လပ်မှု မရှိအောင် ပူးပေါင်းဆောင်ရွက်တဲ့ အနေနဲ့ အရေးကြီးတဲ့ ဆန်တွေ၊ စားတဲ့ ဆန်တွေပဲ ဝယ်ထားတာမျိုး မဟုတ်ဘဲနဲ့ တကယ် ပြည်တွင်းမှာ အထွက်များတဲ့ ဆန်တွေ ရှိနေတဲ့ ဆန်တွေနဲ့ ရောနှော ပြောင်းလဲ စားဖို့ အတွက် ပြည်သူကို အကြံပေး ချင်ပါတယ်။
ဦးမြင့်ကြူ (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံ ဆီနှင့် ဆီလုပ်ငန်းရှင်များအသင်း
ကျနော်တို့ ဆီလုပ်ငန်းရှင် အသင်းကလည်း ရှိတဲ့ ဆီတွေကို ဈေးနှုန်း မတက်ဘဲနဲ့ ရောင်းတယ်။ မနေ့ကလည်း အဝယ် မရှိဘူး။ တနေ့ကလည်း အဝယ်သိပ်မရှိဘူး။ မနေ့ကတော့ အဝယ်နည်းနည်း များလာတယ်။ များလာတော့ ကျနော်တို့ကတော့ ဈေးမတက်ပါဘူး။ ဝယ်တဲ့သူတွေကို တနေ့ ရောင်းနိုင်သလောက် ခါတိုင်း ရောင်းနေကျလောက်ပဲ control နဲ့ပဲ ရောင်းမယ်လို့ စီစဉ်ထားတယ်ပေါ့။ အခုက နည်းနည်းပါးပါးလေး ပိုပေးပြီး ရောင်းရင်ရောင်းမယ်။ ဒါပေမယ့် တရား လွန်ကြီး နှစ်ပြန်သုံးပြန် တောင်းတာမျိုးတော့ ရောင်းမပေးဘူး။ ဆီတင်သွင်းတဲ့ သူတွေ ရောင်းတဲ့သူတွေ အကုန်လုံးကိုလည်း ညွှန်ကြားထားပါတယ်။
အခုရောဂါဖြစ်တဲ့ သူတွေက မြန်မာနိုင်ငံထဲမှာ နေတဲ့ မြန်မာမဟုတ်ဘူး။ နိုင်ငံခြားမှနေတဲ့ မြန်မာဖြစ်နေတော့ သူတို့ ကိုယ်တွင်း ဖွဲ့စည်းပုံတွေက ပြောင်းလဲပြီးသား ဖြစ်နေတာပေါ့။ အသွားအလာ အဝင်အထွက်တွေ စိစစ်လိုက်မယ်။ ကျန်မာရေး ဝန်ကြီးဌာနကလည်း သူတို့ လုပ်နိုင်သလောက်အကုန်လုပ်နေတာပဲ။ ထိန်းနိုင်သိမ်းနိုင် ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလောက်ကို့ရို့ကားယားကြီးလည်း မဖြစ်နိုင်ပါဘူး။ ဒါပမေယ့် လူတွေက ကိုယ့်ကိစ္စကို စဉ်းစားတော့ ကိုယ့်အိမ်ထဲ ကိုယ်ဝယ်ပြီး ဖြည့်ထားမှာပေါ့။ တချို့ဟာတွေက အကြာကြီး သိမ်းထားလို့ ရတဲ့ဟာတွေ မဟုတ်ဘူး။ လူကြောက်တဲ့ ကိစ္စကိုပဲ စိုးရိမ်တာ။
ဦးရဲမြင့်မောင် (အထွေထွေ အတွင်းရေးမှူး)
မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း
ကျနော်တို့ စာထွက်ပါတယ်။ စားသောက်ကုန် ထုတ်လုပ်တဲ့ လုပ်ငန်းရှင်ရော၊ အခြေခံ စားသောက်ကုန်ရော၊ အသင့်စား စားသောက်ကုန်တွေကိုရော ဝယ်လိုအားရှိတာကြောင့် ဈေးတင်မရောင်းကြဖို့နဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ ကုန်ဈေးနှုန်း မှန်ကန်စွာ စီးဆင်းနိုင်အောင် လုံလုံလောက်လောက် ပေးနိုင်ဖို့ လုပ်ငန်းရှင်တွေအနေနဲ့ မတော်လောဘ မရှိဖို့ ကျနော်တို့ အသင်းအနေနဲ့ အသင်းသားတွေကို မေတ္တာရပ်ခံထားပါတယ်။ မလုပ်ရဘူး ဖမ်းမယ်လို့တော့ ကျနော်တို့ သွားလုပ်လို့ မရဘူးလေ။ ကျနော်တို့က NGO အသင်းအဖွဲ့ဖြစ်တယ်။ ကျနော်တို့ လုပ်ငန်းရှင် အချင်းချင်းကတော့ ဒီလိုမျိုး မလုပ်ဖို့ အသင်းအနေနဲ့ မေတ္တာရပ်ခံထားပါတယ်။
ကျနော်တို့ ကုန်ဈေးနှုန်းတွေ မတက်အောင်တော့ UMFCCI မှာလည်း အစည်းအဝေးတွေ လုပ်ပါတယ်။ နောက်တခုက ဆန်စပါး အသင်းချုပ်ကလည်း လုပ်ထားပါတယ်။ ကျနော်တို့ စက်မှုဇုန်တွေမှာ အဓိကတော့ အခြေခံ လူတန်းစားတွေရဲ့ နေရာတွေရော မြို့တွေမှာရော နောက်ဆုံး Lockdown ဖြစ်သွားရင် ဘယ်လောက်ထိ လုပ်ပေးဖို့ ဆိုပြီး အစီအစဉ်တွေ ဆွဲထားတာရှိပါတယ်။ ဥပမာ- လှိုင်သာယာဆိုရင် လှိုင်သာယာရဲ့ ဘယ်နေရာတွေမှာပေါ့ ဆန်၊ ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ဒါတွေကို ကျနော်တို့ စက်မှုကုန်သည်အသင်းနဲ့ တိုင်းဒေသကြီး အစိုးရနဲ့ ပေါင်းပြီးတော့ လူတဦးချင်း တဦးချင်း ကို ရောင်းပေးနိုင်အောင် အထိ လုပ်ထားပါတယ်။
အဲဒီလို အစီအစဉ်တွေလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါက ကုန်ဈေးနှုန်း မတက်အောင်လို့ပါ။ ပြည်သူတွေ အနေနဲ့ စိတ်ချလက်ချ စားသောက်ကုန်က အလုံအလောက် ရှိပါတယ်။ ဆန်၊ ဆီ၊ ငရုတ်၊ ကြက်သွန် အလုံအလောက် ရှိပါတယ်။
ကျနော်တို့ လူမျိုးက ကြောက်ရင် သူများထက် ပိုကြောက်တတ်တယ်။ မကြောက်ရင်လည်း လုံးဝမကြောက်ကြဘူး။ အဲဒီတော့ စားသောက်ကုန်နဲ့ ပတ်သက်ပြီးတော့ အလုံအလောက် ရှိပါတယ်။ အသင်းတွေကရော၊ လုပ်ငန်းရှင်တွေကရော အကုန်လုံးတတ်နိုင်သမျှ ဒါက တိုင်းပြည်ရဲ့ အရေးပေါ်အခြေအနေဖြစ်တဲ့အတွက် ဝိုင်းဝန်းကူညီပူးပေါင်းပြီး ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ အခြေခံ စားသောက်ကုန် အလုံအလောက် ရရှိရေး အစီအစဉ်တွေ ရေးဆွဲထားပါတယ်။ အပြင် မထွက် ရဘူး ဆိုရင် ဒီစားကုန်ပစ္စည်းတွေကို ဘယ်လို သယ်ယူမလည်း ဆိုတာကို အခုထဲက စက်မှုဇုန်တွေရဲ့ ဘယ်နေရာ၊ ဘယ်နေရာတွေမှာ ဒီကုန်ပစ္စည်းတွေကို ထားသိုထားမယ်။ ဒီလို ဖြန့်ချိရေးအတွက်ပါ ဆောင်ရွက်ပါတယ်။
ဒါက သက်ဆိုင်ရာ အသင်းတွေက ပေါ့နော်။ ဥပမာ- ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး အသင်းဆိုလည်း သူ့အသင်းကနေ ဒါတွေ လုပ်ပေးမယ်။ စားသောက်ကုန်အသင်းဆိုလည်း ဒါတွေတော့ လုပ်ပေးမယ်။ ဆန်အသင်းကဆိုရင် ဒါလုပ်ပေးမယ်။ ဆီအသင်းကနေဆိုရင် ဒါလုပ်ပေးမယ်။ အကုန်ပူးပေါင်းပြီး UMFCCI မှာ ဆောင်ရွက်ထားပါတယ်။
ဒါက ကျနော်တို့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပါ။ အိမ်တွင်း အိမ်ပြင် မထွက်ရဘူးဆိုရင် သယ်ယူပို့ဆောင်ရေးအတွက်က အစိုးရနဲ့ ညိုနှိုင်းရမှာပါ။ ဒီလိုမထွက်ရဘူးဆိုရင် မြန်မာလူမျိုးတွေ အတွက်က ဟုတ်တယ်။ မြန်မာထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသားတွေအတွက်က ဘယ်လိုလုပ်မလည်း သယ်ယူပို့ဆောင်ရေး ဘယ်လိုလုပ်ပေးမလည်းဆိုတာ ဒါတွေကအစ စဉ်းစားရမှာရှိတယ်။ ဘက်စုံထောင့်စုံက လုပ်ရမှာ။ ချက်ချင်းကြီးကတော့ အကုန်လုံးစုံဖို့က ပြည့်စုံသွားတယ်တော့ ဘယ်ရှိမလဲ။ လုပ်ရင်းလုပ်ရင်းနဲ့ တတ်နိုင်သမျှတော့ ပြည့်စုံအောင် လုပ်ထားပါတယ်။ လိုအပ်ချက်တွေရှိနေရင်လည်း လုပ်ရင်းကိုင်ရင်းနဲ့ ပြုပြင်သွားပါ့မယ်။ အစိုးရနဲ့လည်း ညိုနှိုင်းလုပ်ဆောင်သွားရမယ်။
ဒါကြောင့် ပြည်သူတွေကိုတော့ မကြောက်ဘဲလည်း မနေပါနဲ့ အရမ်းကြီးလည်း မကြောက်ပါနဲ့လို့ပဲ ပြောရမှာပဲ။ ဘာဖြစ်လို့ လည်းဆိုတော့ အရမ်းကြောက်ရင်လည်း ပိုပြီးတော့ ဆိုးသွားနိုင်သလို မကြောက်ပဲနေရင်လည်း ပိုပြီးတော့ ဆိုးသွား နိုင်ပါတယ်။ အဓိကတော့ အားလုံးသိတဲ့ အတိုင်းပဲ မိမိကိုယ်ကိုယ် စိတ်ချရအောင် လုပ်ပါ။ ဒါဆိုရင် သူများဆီကလည်း မကူးဘူး။ သူများဆီလည်း မကူးသွားနိုင်ဘူး။ ဒါက အရေးကြီးဆုံးပါပဲ။
You may also like these stories:
ဗဟိုဘဏ် အတိုးနှုန်း ဒုတိယအကြိမ် ထပ်မံ လျှော့ချ
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်