ယခုလအတွင်း အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာခဲ့သူ ၁ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့သည့်အတွက် ၎င်း နေထိုင်ရာ ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကပ်တဲလ်ရွာကို မတ်လ ၂၄ ရက်မှ စတင်၍ အဝင်အထွက်ပိတ်ခြင်း (Lockdown) ပြုလုပ်လိုက်သည်။
အဆိုပါ ကပ်တဲလ်ရွာတွင် အိမ်ခြေ ၆၉၂ အိမ်၊ လူဦးရေ ၃၆၆၀ ရှိကာ ကူးစက်ခံရသူ သွားလာခဲ့သည့် ကလေးမြို့ကိုလည်း ခရီးသည် ဝင်/ထွက် သွားလာခွင့် ကန့်သတ်လိုက်ပြီး ၎င်းနှင့် တွေ့ဆုံခဲ့သူများ၊ မိသားစုဝင်များကိုလည်း ၎င်းတို့ နေအိမ် များတွင် ၁၄ ရက် နေထိုင်စောင့်ကြည့်မှု (Home quarantine) ပြုလုပ်ထားသည်။
ထိုသို့ Lockdown ချလိုက်ခံလိုက်ရသည့် ကပ်တဲလ်ရွာ (Kaptel) ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍ ကျေးရွာ အုပ်ချုပ်ရေးမှူး ဒိုးဇတွောင်(Do Za Tuang) အား ဧရာဝတီ သတင်းထောက် လဲ့လဲ့က ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ ကပ်တဲလ်ရွာ Lockdown ချပြီးနောက်ပိုင်း ရွာသားတွေ စားသောက်နေထိုင်မှု အခြေအနေ ဘယ်လို ရှိပါသလဲ။
ဖြေ။ ။ ကပ်တဲလ်ရွာမှာ ရောဂါပိုး တွေ့တယ် ဆိုပြီး Lockdown လုပ်လိုက်တယ်။ ဘယ်ဌာနမဆို စောင့်ရှောက်ဖို့ ကုသဖို့ အဲဒါက အရေးကြီးတယ်။ အခုထိ ဘာမှ ဆောင်ရွက်ချက် မသိသေးတော့ အဆင်မပြေဘူး၊ ချင်းပြည်မှာ တခြားကဏ္ဍမှာ ဖွံ့ဖြိုးတိုးတက်ပေမယ့် ကျန်းမာရေး ကဏ္ဍမှာ ဘာမှမရှိဘူးလို့ ယူဆတယ်။
ရောဂါပိုး တွေ့ပြီးနောက်ပိုင်း အပြင်လည်း ပေးမထွက်ဘူး။ ဆန်လည်း မလာဘူး။ ကျန်းမာရေးအတွက်လည်း လုပ်ပေးထားတာ မရှိဘူး။ အခု ကျနော် သွားစစ်ဆေးကြည့်လိုက်တော့ ဆန်က ၁၀ အိတ်လောက်ပဲ ကျန်တော့တယ်။ ဒီလိုပိတ်ပြီး အငတ်ထားတဲ့သဘော ဖြစ်နေတယ်။
မြို့နယ် စီမံခန့်ခွဲမှု ကော်မတီက အစိုးရကို ဒါနဲ့ ပတ်သက်ပြီး စာတင်ပေးမယ် ပြောတာပဲ။ အခုထိ မလာသေးတော့ ဆန် ပြတ်သွားမှာ စိုးလို့ ကိုယ့်ရွာအတွက် ကိုယ့်ဘာသာစီစဉ်ပြီး ဆန်၊ ဆီ၊ ဆားတွေ ဝယ်ဖို့ ကလေးမြို့ကို လွှတ်လိုက်တယ်။ ဒါက ကိုယ့်ရွာ အစီအစဉ်နဲ့ ကိုယ်လုပ်တာ။ အိမ်တက်ဆင်း ပိုက်ဆံ လိုက်ကောက်စုပြီး ဝယ်တာပါ။
ဒါတောင် တချို့အိမ်တွေက ငွေမရှိလို့ နောက်မှ ပေးမယ်ဆိုပြီး စိုက်ထုတ်ဝယ်ခိုင်း လိုက်ရတယ်။ နောက်ဆုံး ဘာရိက္ခာမှ မရဘူး။ ဝမ်းစာအတွက် မရှိဘူးဆိုရင် Lockdown လုပ်ထားတော့ ရိက္ခာပြတ်သွားမှာကို ကျနော်တို့ စိုးရိမ်တယ်။ အခုက တော့ သွားဝယ်လို့တော့ ရတယ်။ ဒါပေမယ့် ကျနော်တို့က သွားဝယ်ဖို့က ကလေးမြို့မှာ သွားဝယ်ရတာ။ ကလေးမြို့မှာ ကလည်း အဝင်အထွက် ပိတ်ထားတယ်။ စားသောက်ဖို့ မရှိဘူးဆိုရင် ကျနော်တို့ အသေခံရမယ့် သဘော ဖြစ်နေတယ်။
မေး။ ။ မနေ့က ကပ်တဲလ်ရွာမှာ ရွာသားတွေနဲ့ အုပ်ချုပ်ရေးမှူး ပြဿနာ ဖြစ်ကြတယ်လို့ ကြားတယ်။ အဲဒါက အခု ဘယ် အခြေအနေ ရှိပါသလဲ။
ဖြေ။ ။ ဟုတ်တယ်။ ပိုးတွေ့တဲ့သူ အိမ်ကလူတွေကို အိမ်ထဲကနေ အပြင်ထွက်ခွင့်မပေးဘူး။ အပြင်ကလူလည်း မလာရ ဘူး။ အဲဒါကို သူတို့က ရောဂါသည် မဟုတ်ဘူး၊ ဘာမှမဆိုင်ဘူးလို့ ပြောပြီး သူတို့သဘောနဲ့ သွားချင်တိုင်း သွားနေတယ်။ တချို့တွေက အရေးကြီးလို့ ဈေးသွားဝယ်တာတွေတော့ လုပ်နေသေးတယ်။ ကျနော် ပြောတာကိုတောင် သိပ်နား မထောင်ချင်ဘူး။
အခုတော့ အဲဒီလို မဟုတ်ဘူး။ ကော်မတီဝင်တွေနဲ့ ကျန်းမာရေးမှူးတွေက ဝိုင်းပြောဆိုလိုက်လို့ ပြန် အဆင်ပြေသွားတယ်။ အခုသူတို့ အိမ်မှာပဲ နေကြတယ်။ ဒါပေမယ့် အခုထိ သူတို့အနေနဲ့ ဒီရောဂါက အဲဒီလောက်ကြီး စိုးရိမ်စရာမလိုဘူး ဆိုတဲ့ သဘောနဲ့နေ နေသေးတယ်။
မေး။ ။ ဒီရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေး အသိပညာပေး မလုပ်ဘူးလား။
ဖြေ။ ။ ကျန်းမာရေး ပညာပေးဖို့လည်း လုပ်ထားတာ ကျနော်တို့ ရွာမှာ မရှိဘူး။ ဘာလို့ဆို ကျနော်တို့မှာ ကျန်းမာရေး ဝန်ထမ်းဆိုလို့ သားဖွား ဆရာမ တဦးနဲ့ ကျန်းမာရေး ကြီးကြပ် အမျိုးသား ၂ ယောက်နဲ့ဆို စုစုပေါင်း ၃ ယောက်ပဲ ရှိတယ်။ ကျန်းမာရေးဌာနကလည်း လုပ်အားပေး စီစဉ်ထား မပေးထားဘူးလေ။
အခု ကျနော်တို့ရွာထဲမှာ ဘာမှ မရှိဘူး။ Mask ၊ လက်အိတ် စတာတွေလည်း ဘာမှမရှိဘူး။ Hand Gel လည်း မရှိဘူး။ ကျန်းမာရေး ဝန်ထမ်းတွေ သွားရင်လည်း ကြောက်ကြောက်လန့်လန့်နဲ့ သွားရတာ။ သူတို့ ကိုယ်တိုင်တောင် ဘာအကာ အကွယ်မှ မရှိဘူး။ စောင့်ရှောက်မှုလည်း မရှိနိုင်ဘူး။ ကျန်းမာရေး ပညာပေး လုပ်ရမယ့် နေရာတွေလည်း ဒီအတိုင်း သွားနေတာပဲ ရှိတယ်။
အမှန်က ရောဂါတခု သွားကုတယ်ဆိုရင် သွားကုတဲ့သူ ကိုယ်တိုင်က အကာအကွယ်တွေ လုပ်ထားရမှာလေ။ ကျန်းမာရေး ပညာပေးမယ့်သူ၊ ရောဂါကုမယ့်သူက ဒီအတိုင်း သွားနေတော့ ဘယ်သူက ယုံတော့မှာလဲ။ ရွာကလူတွေကလည်း အခုထိ ဘာရောဂါမှ မရှိဘဲ နေနေရတော့ သူတို့ မယုံတာလည်း အပြစ်မှ မဟုတ်တာ။
ရွာမှ ဘာမှ မဖြစ်သလို အကာအကွယ်လည်း ဘယ်သူမှ မလုပ်ထားတော့ သူတို့က မယုံဘဲ သက်သက်မဲ့ ပြောနေတာမျိုး ဖြစ်နေတယ်။ သူတို့က ကျနော့်ကိုတောင် ဟာသ လုပ်ချင်နေတာ။ အစိုးရ ပြောတာ မှားသလိုလို ဘာလိုလိုပေါ့။ ကျနော်ပဲ အလကား လျှောက်ပြောနေသလိုလိုပေါ့။ ပြောပြ ရှင်းပြလည်း မယုံကြတဲ့သူများတယ်။
မေး။ ။ အစိုးရကို ကပ်တဲလ်ရွာ လက်ရှိအခြေအနေနဲ့ ပတ်သက်ပြီး ဘာတွေများ ပြောချင်တာ၊ တောင်းဆိုချင်တာ ရှိပါသလဲ။
ဖြေ။ ။ အစိုးရက ကျန်းမာရေးနဲ့ ပတ်သက်ပြီး လုပ်ပေးမယ်လို့တော့ ပြောတယ်။ အခုထိတော့ ဘာမှ မရှိသေးဘူးဆိုတော့ မရှိသလိုပဲပေါ့။ အခုက ပြောတာပဲ ရှိတယ်။ တကယ့် လက်တွေ့ဘာမှ မလုပ်ပေးတော့ ပြောတာပဲ ရှိတယ်။ အစိုးရအနေနဲ့ လုပ်ပေးနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အကာအကွယ်ရှိမှ သွားရောက်တဲ့အချိန်မှာ အဆင်ပြေမှာ။ ဒါကြောင့် အကာအကွယ် ပစ္စည်းတွေကို ပံ့ပိုးပေးစေချင်တယ်။
နောက် ဝန်ထမ်း အင်အား တိုးပေးဖို့၊ ကျန်းမာရေး အသိပညာပေးတဲ့ သူက အကာအကွယ် မပါရင် သူတို့လည်း မယုံဘူး။ သူတို့ကိုယ်တိုင် အကာအကွယ်တွေ တပ်ပြီး ရှင်းပြပေးမှ ရွာသားတွေ နားလည် သဘောပေါက်မှာပေါ့။ အခုတော့ သူတို့ကို ဒီအတိုင်း ရှင်းပြလိုက်တော့ သုံးပါဆိုလည်း ရယ်နေကြတာပဲ။ ကိုယ်တိုင် မသုံးတော့လေ။
အစိုးရကနေ အဲဒီ အကာအကွယ် ပစ္စည်းတွေ ပံ့ပိုးမယ်။ စားနပ်ရိက္ခာ ပံ့ပိုးမယ်ဆိုရင် ကျနော်တို့ အနေနဲ့ အများကြီး အဆင်ပြေနိုင်မှာပါ။ အခုထိ ပေါ်မလာသေးဘူး။ အခုထိဆိုတာ တနေ့ကတည်းက ပံ့ပိုးမယ်ဆိုတာက ၃ ရက်မြောက် ရှိပြီ။ ကျနော် ဆိုလိုတာက မြန်မာပြည်မှာ ဒီဟာကို ကြိုတင် ကာကွယ်မှု လုပ်နေတာ လနဲ့ချီ ကြာပြီ။ တကယ်လို့ ဒီရောဂါ ကျ ရောက်ခဲ့သည် ရှိသော် ဘတ်ဂျက်ကအစ စီစဉ်ဆောင်ရွက်မှု လုပ်ထားရမှာလေ။
အခု ရောဂါသည် တွေ့ပြီဆိုကတည်းက သေသေချာချာ လုပ်ပေးရမှာ။ အခုက ကလေးကျမှ လှေကားထောင်တဲ့ ပုံစံဖြစ်နေ တယ်။ ဒါကို စောင့်ကြည့်တာ ကူညီတာ မရှိဘူး။ ဒါက နာရေး သက်ရောက်နိုင်တဲ့ ရောဂါဖြစ်တယ်။ ကပ်ရောဂါ ဆိုက တည်းက သေချာ ဂရုစိုက်ဖို့ လိုတယ်။ ဒါတွေကို ကြိုတင် စီမံထားရမှာ။ အခုက ဖြစ်နေပြီ ၃ ရက်မြောက်မှာ ဆန်တအိတ် မပြောနဲ့ ဆန်တဗူးတောင်မှ မရဘူး။
နောက် စေတနာ့ ဝန်ထမ်းတွေအတွက် လက်အိတ်တို့၊ နှာခေါင်းစည်းတို့ မရှိဘူး။ Hand Gel လည်းမရှိသေးဘူး။ သူတို့မှာ ဖြစ်လာရင် သေရုံပဲရှိတယ်။ ဝန်ထမ်းတွေက မကြောက်မလန့်သွားနေတော့ ဒီကလူတွေ မယုံဘူး။ သူတို့ ကိုယ်တိုင် အကာအကွယ်မဲ့ သွားနေတော့ ပြောတာပဲ ရှိတယ်။ ရောဂါဖြစ်မှာ မဟုတ်ဘူး ဆိုပြီး သူတို့က ရယ်စရာလိုလို၊ နောက်သ လိုလို ပြောကြတယ်။ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် အရင် ဝတ်ပြ၊ လုပ်ပြ ဆိုတာမျိုးပေါ့။
You may also like these stories:
ချင်းပြည်နယ်ကို ကိုယ့်သဘောဆန္ဒနဲ့ သွားရောက် တာဝန်ထမ်းဆောင်မယ့် မြန်မာဆရာဝန်များ
COVID-19 ပိုးတွေ့လူနာနှင့် လေယာဉ်စီးခဲ့သူ ၁၀ ဦးကျော် အဆက်အသွယ် ရထား
ကပ်တဲလ် ချင်းရွာ၊ တီးတိန်နဲ့ ကလေးမြို့ အဝင်အထွက် ပိတ်