တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားခဲ့သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ COVID-19 (ကိုရိုနာဗိုင်းရပ်စ်) သည် မတ်လ၂၅ ရက်အထိ ကမ္ဘာ့နိုင်ငံ ၁၉၆ နိုင်ငံအထိ ပြန့်ပွားလျက်ရှိပြီး သေဆုံးသူ ၁၈၅၈၉ ဦး ရှိပြီ ဖြစ်သည်။
မတ်လ၂၅ ရက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင်လည်း COVID-19 ပိုး တွေ့ ရှိသူ ၃ ဦးရှိပြီး သံသယလူနာ၂ ဦးနှင့် စောင့်ကြည့်လူနာ၂၇၄ ဦး ရှိသည့်အနက် ပိုးမတွေ့လူနာ၂၅၃ ဦး၊ ဓာတ်ခွဲ စောင့် ဆိုင်းဆဲ၂၀ ဦး ရှိကြောင်း သိရသည်။
တိုင်းနှင့် ပြည်နယ် အသီးသီးတွင် COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်ရန် အတွက် နိုင်ငံပြင်ပမှ ဝင်ရောက်လာသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်ဖြင့် အသွားအလာ ကန့်သတ်ခြင်း (Quarantine) များ ပြုလုပ်လျက် ရှိသည်။ ထိုကဲ့သို့ အသွားအလာ ကန့်သတ်မှုများမှ Home Quarantine နေထိုင်မှုနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အား ကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးအား ဧရာဝတီ သတင်းဌာ နမှ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး။ ။ အခုဆိုရင် Home Quarantine ပြုလုပ်ရမယ့် သူတွေအနေနဲ့ မလိုက်နာဘဲ အပြင်ကို ထွက်နေတာမျိုး ရှိတဲ့အခါ ကျတော့ ဒါနဲ့ ပတ်သက်ပြီး ဆရာမအနေနဲ့ ဘယ်လို ပြောချင်လဲရှင့်။
ဖြေ။ ။ Home Quarantine နဲ့ ပတ်သက်ပြီး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။ ဒီအကျိုးကျေးဇူးနဲ့ ပတ်သက်ပြီး ထပ်ကာ တလဲလဲလည်း ပြောပြီးပါပြီ။ အဓိကကတော့ Home Quarantine ဆိုတာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန က လိုအပ်လို့သာ လုပ်ခိုင်းတာ ဖြစ်ပါတယ်။ Home Quarantine လုပ်ခြင်းအားဖြင့် ဘယ်သူက အရင်အကျိုးရှိမလဲ ဆို တော့ ကာယကံရှင် ကိုယ်တိုင်ပါပဲ။
ဘယ်လို အကျိုးရှိမှာလဲ၊ Home Quarantine လုပ်ခြင်းအားဖြင့် လောလောဆယ် သူ့မှာ ဘာမှ ရောဂါလက္ခဏာ မပေါ်ဘူး။ ဘာမှ မဖြစ်ဘူးဆိုရင် လူကောင်း ပကတိပေါ့။ ဒါပေမယ့် ဒီ စောင့်ကြည့်ကာလ ၁၄ ရက် အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာနိုင်ပါတယ်။ ဒီလိုမျိုး Home Quarantine ထားပြီးတော့ ကျန်းမာရေးဌာနနဲ့ တိုက်ရိုက် ဆက်သွယ်ထားခြင်းအား ဖြင့် သူချောင်းဆိုးတယ်၊ ဖျားတယ်၊ ရောဂါလက္ခဏာတခုခု ပေါ်လာပြီဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ အချိန်မီ သိရှိ နိုင်တဲ့အတွက်ကြောင့် သူ့ကို ကုသမှု အမြန်ဆုံး ပေးနိုင်ပါတယ်။
အဲဒီအတွက်ကြောင့် သူက ဆိုးရွားတဲ့ နောက်ဆက်တွဲတွေ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ နောက်ဆုံး သေဆုံးတဲ့အထိ မဖြစ်တော့ဘဲနဲ့ သာမန်လက္ခဏာအဆင့် စဖြစ်တာနဲ့တင် ကျမတို့ နိုင်နိုင်နင်းနင်း ကုသမှုပေးနိုင်တဲ့ အတွက်ကြောင့် အသက်သေဆုံးမှုအထိ မဖြစ်ပါဘူး။ ဒါက ကာယကံရှင်မှာ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်။
မေး။ ။ Home Quarantine နေထိုင်ရမယ့် သူတွေကိုရော ဘယ်လို တိုက်တွန်းချင်ပါသလဲ။
ဖြေ။ ။ အများအားဖြင့် ကျမတို့ နိုင်ငံရဲ့ နေထိုင်မှု ပုံစံက မိသားစုမှာ အဖေ၊ အမေ၊ သားသမီးပဲ နေတာမျိုး မဟုတ်ဘဲနဲ့ ညီအစ်ကို မောင်နှမတွေ မိဘတွေ၊ အဘိုးအဘွားတွေ ဒါမျိုး စုစုစည်းစည်း နေထိုင်တဲ့ Family Type ဖြစ်ပါတယ်။ Quarantine လုပ်ခြင်းအားဖြင့် သူ့မိသားစုကိုလည်း မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ သီးသန့်နေလိုက်ခြင်း အားဖြင့် ရောဂါ မကူးစက်စေတော့ပါဘူး။ ဒါအထူး အရေးကြီးပါတယ်။
ကိုယ့်မိသားစုကိုလည်း ကာကွယ်ရာလည်း ရောက်ပါတယ်။ ကိုယ့်မိသားစုကနေ ကူးစက်သွားခဲ့ရင်၊ ဒီမိသားစုကနေ တယောက်ပြီး တယောက်သာ ကူးစက်သွားမယ်ဆိုရင် ကူးစက်မှု အရမ်းကို များပြားလာရင် ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး တော့ သေဆုံးမှုတွေ များလာနိုင်ပါတယ်။
နမူနာ ကြည့်မယ်ဆိုရင် တောင်ကိုရီးယား၊ အီရန်၊ အီတလီတို့ ကြည့်လိုက်မယ်ဆိုရင် သိနိုင်ပါတယ်။ ကိုယ်ကိုယ်တိုင် အကျိုးရှိမယ်၊ ကိုယ့်မိသားစု အကျိုးရှိမယ်။ ပြီးရင် ကိုယ့်ပတ်ဝန်းကျင် အကျိုးရှိမယ်၊ ကိုယ့်နိုင်ငံသားတွေ အကျိုးရှိမယ်ဆို ရင် ဒါကို ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ ကိုယ့်ရဲ့ ဘဝသက်တမ်းမှာ ဒီ ၁၄ ရက်လေး ကိုယ့်မိသားစုနဲ့ သီးသီးသန့်သန့်ခွဲနေ လိုက်ခြင်းအားဖြင့် ကိုယ့်အတွက်ရော ကိုယ့်မိသားစုအတွက်ရော အားလုံးအတွက်ရော ကောင်းမယ်။
မခွဲနေဘူးဆိုရင် တသက်တာလုံး ခွဲနေရတဲ့အထိ ရှင်းရှင်းပြောမယ်ဆိုရင် သေတဲ့အထိ ဖြစ်နိုင်တာပေါ့။ ကိုယ်လည်း သေ နိုင်တယ် ကိုယ့်မိသားစုလည်း သေနိုင်တယ်။ ပြောချင်တာက ဒီလို Quarantine လုပ်ခြင်းအားဖြင့် ဒီလို အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာ တယောက်စီ တယောက်စီမှာ တာဝန်ရှိတယ်။
တယောက်စီမှာ တာဝန်ရှိသလို ပတ်ဝန်းကျင်က ထိန်းကျောင်းပေးရမယ်။ ဘယ်သူက Quarantine လုပ်ထားတာ အပြင် ထွက်နေပါတယ် ဆိုပြီး ထစ်ကနဲဆို Facebook မှာ အော်မယ့်အစား ဒီလူ အပြင်မထွက်အောင် ပတ်ဝန်းကျင်ကလည်း စောင့်ကြည့်ဖို့ လိုပါတယ်၊ ပံ့ပိုးဖို့ လိုပါတယ်။ ထွက်ပြီဆိုတာနဲ့ မထွက်ရဘူး၊ အရေးကြီးတယ် မထွက်သင့်ဘူးဆိုတာ သူ့ မိ သားစုဝင်တွေကို ပြောပြရမယ်။ လူအချင်းချင်း ထိန်းကျောင်းဖို့ လိုပါတယ်။
တယောက်တည်း Quarantine လုပ်မယ်ဆိုရင် သူ့အတွက် လိုအပ်တာတွေကို သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ် ရေးဆိုင်ရာတွေက ပံ့ပိုးကူညီဖို့ လိုပါတယ်။ ဒါက တဦးတယောက်တည်း လုပ်ဆောင်လို့ မရပါဘူး။ Quarantine ဆိုတာက ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန တခုတည်းက ဆောင်ရွက်ရတဲ့ ကိစ္စ မဟုတ်ပါဘူး။ အစိုးရ အကုန်လုံးက ပူးပေါင်း ဆောင်ရွက်ရတဲ့ကိစ္စ ဖြစ်ပါတယ်။ ပြည်သူပြည်သားတွေကလည်း တယောက်ချင်းစီ လိုက်နာဖို့ လိုပါတယ်။
မေး။ ။ Home Quarantine ကို မလိုက်နာရင် ဘယ်လို အခြေအနေ ဖြစ်မလဲရှင့်။
ဖြေ။ ။ Quarantine ကို မလိုက်နာရင် ကူးစက် ဥပဒေအရ အရေးယူခံရမှာ ဖြစ်ပါတယ်။ COVID-19 ဟာဆိုရင် ကူးစက် ရောဂါဖြစ်တယ်လို့ ဖေဖော်ဝါရီ၂၈ ကတည်းက ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လက်မှတ်ရေး ထိုးပြီးတော့ ထုတ်ပြန်တာ ဖြစ်ပါတယ်။ ဒီလို ထုတ်ပြန်တာကလည်း ၁၉၉၅ ကူးစက်ရောဂါ ကာကွယ်နှိမ်နှင်းရေး ဥပဒေ ပုဒ် မ၂၁ ပုဒ်မခွဲ (ခ) မှာဆိုရင် ကျန်းမာရေး ဝန်ကြီးဌာန (သို့) ကျန်းမာရေး ဦးစီးဌာနကနေ လိုအပ်သော အမိန့် ညွှန်ကြားချက် များကို ထုတ်ပြန်နိုင်သည် ဆိုတဲ့ အခွင့်အာဏာ ရှိပါတယ်။ အခွင့်အာဏာကို အသုံးပြုပြီးတော့ ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဒါကို မလိုက်နာရင် ၁၉၉၅ ကူးစက်ရောဂါ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ ၂၀၁၁ မှာ ၁၆/၂၀၁၁ အရဆိုရင် မလိုက်နာတဲ့ သူ ကို ထောင်ဒဏ် ၆ လ၊ ဒါမှမဟုတ် ဒဏ်ငွေ ၅ သောင်း (သို့) ထောင်ဒဏ်ရော ဒဏ်ငွေရော နှစ်ရပ်လုံး ဖြစ်စေ ချမှတ်နိုင် သည် ဆိုတာကို အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကျမတို့ အနေနဲ့ ပြည်သူတွေကို မေတ္တာနဲ့ပဲ မေတ္တာရပ်ခံပါတယ်။ အရေးယူ အပြစ်ပေးတာတွေ မလုပ်ချင် ပါဘူး။ ပြည်သူတွေအနေနဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကျန်းမာရေးအတွက် ဒါကို လုပ်နေတယ်ဆိုတာကို သိရှိနားလည်ပြီးတော့ ပူး ပေါင်း ဆောင်ရွက်ဖို့ဆိုတာ ပြောပါရစေ။
ဆက်စပ်ဖတ်ရှုရန်
COVID-19 ကာကွယ်ရန် “ဝ” နယ်စပ်ဂိတ်အားလုံး ယာယီ ပိတ်မည်
အချိန်နှောင်းမှ ကုသမှုခံယူသောကြောင့် COVID-19 ဖြင့် အများစုသေဆုံးရ
COVID-19 ပိုး တွေ့သူနှင့် လေယာဉ်စီးခဲ့သည့် အမျိုးသမီး စစ်ဆေးမှု လာရောက်ခံယူ