COVID-19 ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့သည့် မင်္ဂလာတောင်ညွှန့်မြို့နယ်မှ အမျိုးသား လူနာရှင် မိသားစုနှင့် နေအိမ်နှင့် မန္တလေးမှ လူနာ၏ နေအိမ်တို့အား ပိုးသတ်ဆေးဖြန်းခြင်းများ ပြုလုပ်ထားပြီး အသွားအလာ ကန့်သတ်လိုက်သောကြောင့် အနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်သူရပ်ကွက်သားများက စိုးရိမ်နေကြသည်။
ထိုကြောင့် ရပ်ကွက်သူရပ်ကွက်သားများအတွက် ဆောင်ရန် ရှောင်ရန်နှင့် ကိုဗစ် ၁၉ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး အစိုးရ၏ ပြင်ဆင်ထားမှုနှင့် စပ်လျဉ်းပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးအား ဧရာဝတီ သတင်းဌာနမှ အကြီးတန်း သတင်းထောက် ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါသည်။
မေး ။ ။ ရန်ကုန်က ကိုဗစ် -19 လူနာတယောက် သေသွားပြီဆိုတာ ဟုတ်ပါသလား။
ဖြေ ။ ။ မသေသေးပါဘူးနော်။ မသေသေးပါဘူး။
မေး ။ ။ မန္တလေးမှာဆိုရင် လူနေရပ်ကွက်တွေထဲအထိ Lockdown လုပ်လာပြီ ဆိုတော့ ဘေးနားပတ်ဝန်းကျင်က လူတွေမှာလည်း စိုးရိမ် ပူပန်မှုတွေ ရှိပါတယ်။ သူတို့အတွက် ဆောင်ရန် ရှောင်ရန်တွေ သိချင်ပါတယ်။
ဖြေ ။ ။ အဲဒါမျိုးကို ကျမတို့က Lockdown လုပ်တယ်လို့ မသုံးဘူး။ Social Distancing လို့ သုံးတာပေါ့နော်။ သွားရ လာရတာနဲ့ ဖြစ်တဲ့နေရာနဲ့ ၃ ပေ ကွာပြီး နေရမှာတို့ ဘာတို့ပေါ့နော်။
မေး ။ ။ အဲဒီတော့ ရပ်ကွက်သူ ရပ်ကွက်သားတွေကလည်း စိတ်ပူတာပေါ့နော်။ သူတို့အနေနဲ့ ဘာတွေ ဂရုစိုက်ရမလဲ။ ဘာတွေကို စိုးရိမ်စရာ မလိုဘူးလဲ။
ဖြေ ။ ။ အဲဒါတွေကို ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားတာ ရှိတယ်လေ။ ဝန်ကြီးရဲ့ ပန်ကြားချက်ဆို တာ ရှိတယ်။ နောက်တခုက ဒီလိုမျိုး ပြည်သူပြည်သားတွေ ဘာတွေ လုပ်ရမလဲဆိုတာ ၃ မျက်နှာ ရှိတယ်လေ။ သတင်းဌာနမိုလို့ အသံလိုချင်လို့လား။
မနေ့ကဆိုရင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်တာက နေ့စဉ်ဘဝမှာ ခပ်ခွာခွာ နေကြဖို့ပဲ။ ကိုဗစ် -19 ကူးစက် မပျံ့ နှံ့ဖို့ ဆိုရင် အနည်းဆုံး တယောက်နဲ့တယောက် ၃ ပေ အကွာကနေ ပြောဆိုဆက်ဆံရမယ်။ တတ်နိုင်သလောက် အိမ်ထဲမှာ နေရမယ်။ လိုအပ်တဲ့အချိန်လောက်ပဲ ဈေးဝယ် ထွက်ရမယ်ပေါ့နော်။ အဲလိုမျိုးတွေ တိတိကျကျနဲ့ ၇၅ ရာခိုင်နှုန်း လောက်သာ လုပ်နိုင်မယ်ဆိုရင် ၅ ရက်ကြာရင် လူတယောက်ကိုပဲ ကူးနိုင်မယ်။ ဒီတယောက်က နောက်တယောက်ကိုပဲ ကူးနိုင်မယ်။
ရက် ၃၀ ကြာရင် လူ ၂ ယောက်၊ ၃ ယောက်ကိုပဲ ကူးနိုင်မယ်ဆိုတာ ပြထားတယ်နော်။ တကယ်လို့သာ Social Distancing မလုပ်ဘူး။ တယောက်နဲ့တယောက် ခပ်ခွာခွာ မနေဘူးဆိုရင် လူတယောက်ကနေပြီးတော့မှ ၅ ရက်ကြာရင် ၃ ယောက်လောက်ဖြစ်မယ်။
ရက် ၃၀ ကြာရင် လူ ၁၀၆ ယောက်ဖြစ်မယ်ဆိုတာကို ပုံလေးနဲ့ ပြထားတာလည်း ရှိတယ်။ နောက်တခုက ပြည်သူလူထု လုပ်ဆောင်ရမယ့် အချက်တွေကတော့ သွားတာ ကန့်သတ်ခြင်း ခံရပြီး မိမိနေအိမ်မှာ နေထိုင်တဲ့လူတွေအတွက် လမ်းညွှန်ချက် ဆိုတာ ကျန်တဲ့သူတွေပါ လိုက်နာ ကျင့်ကြံဖို့ လိုတာပေါ့နော်။
အသွားအလာ ကန့်သတ်ချက် ခံရတဲ့သူ၊ မိမိနေအိမ်မှာ နေထိုင်ရမယ့်သူတွေကတော့ အိမ်သို့ ပြန်ရောက်ပြီး ၁၄ ရက်မှာ သီးခြား အခန်းနဲ့ နေရမယ်။ အိမ်သားတွေနဲ့ ရောနှော မနေရဘူး။ ရေချိုးခန်း၊ အိမ်သာ သီးသန့် သုံးရမယ်။ သူ့ပစ္စည်းတွေကိုလည်း သီးသန့် သုံးရမယ်။ မျှဝေသုံးလို့ မရဘူး။ လုံးဝ ဧည့်သည် မလာပါစေနဲ့။ တခြားသူတွေနဲ့ အနီးကပ် ပြောဆိုခြင်း လုံး မလုပ်ပါစေနဲ့။ ဖုန်းတို့ အင်တာနက်ကနေ တဆင့် ဆက်သွယ်ပါ။
လူစုလူဝေး ရှိတဲ့နေရာကို မသွားရပါဘူး။ ဆပ်ပြာတွေကို အသုံးပြုပြီး လက်ကို သေချာဆေးရမယ်။ နှာချေ၊ ချောင်းဆိုရင် အုပ်စိုးရမယ်။ မိမ်ိနဲ့ တခြားသူများရဲ့ နှာခေါင်း၊ ပါးစပ်တွေနဲ့ မထိရဘူး။ မိသားစုနဲ့ ပြောဆိုဆက်ဆံရင်လည်း နှာခေါင်းစည်းနဲ့ လုံခြုံအောင် လုပ်ပြီးမှ ပြောရမယ်။ တစ်ရှုးတွေကို အမှိုက်ပုံးထဲကို စနစ်တကျ စွန့်ပစ်ရမယ်။
သူ့ရဲ့ တကိုယ်ရေ အသုံးအဆောင် ပစ္စည်းတွေကို လျှော်ဖွတ်တဲ့အခါမှာဆိုရင် Kitchen Powder လို့ ခေါ်တာပေါ့။ အဲဒါကို အသုံးပြုပြီးမှ အဝတ်လျှော်စက်တဲ့ ထည့်ပြီး လျှော်ဖွတ်ရမယ်။ အပူချိန် တနေ့ ၂ ကြိမ် တိုင်းရမယ်။ ဖျားရင် ချောင်းဆိုးရင် ကျန်းမာရေး ဝန်ထမ်းကို အကြောင်းကြားရမယ်။ ဒါမျိုးတွေပေါ့နော်။
Social Distancing လုပ်တဲ့အခါမှာလည်း Home Quarantine လုပ်တဲ့အခါမှာလည်း ဒီလိုအချက်တွေကို လိုက်နာဖို့ လို သလို မိသားစုဝင်တွေကလည်း ဒီအချက်တွေကို အတိအကျ လိုက်နာရမယ်။ သူ့ကို သီးသန့်ထားရမယ်။ ခွဲနေရမယ်။ သီးခြား စားသောက်ရမယ်။ ရင်းရင်းနှီးနှီး ပူးကပ်နေလို့ မရဘူး။
မိသားစုဝင်တွေကလည်း လက်ကို မကြာခဏ ဆေးရမယ်။ လူထူထဲကို မသွားရဘူး။ အဲလိုမျိုး Quarantine လုပ်ထား တဲ့သူတွေ နေအိမ်ပြင်ပကို လုံးဝ မသွားလာဖို့ အတွက် စောင့်ကြပ်ကြည့်ရှု့ ပေးရမယ်။ ကျန်းမာရေး အခြေအနေကို သတင်းပို့ရမယ်။ တကယ်လို့ သူက ဖျားနာတယ်ဆိုရင် ကျန်းမာရေးဌာနကို ချက်ချင်း အကြောင်းကြားရမယ်။
ကျန်းမာရေး ဝန်ထမ်းတွေက လာပြီးတော့ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆောင်ရွက်ရင် ကူညီရမယ်ဆိုတာ ဒါက Home Quarantine ရှိနေတဲ့ လူတွေ လိုက်နာရမယ့် ကိစ္စရပ်တွေရယ် ပြုစုစောင့်ရှောက်တဲ့ မိသားစုဝင်တွေ လိုက်နာရမှာတွေ ရယ်။ ဒါတွေက အနှစ်ချုပ်ပေါ့နော်။
ပြည်သူပြည်သားတွေက ၇ ချက်ပဲ ရှိတယ်။ တတ်နိုင်သလောက် အပြင်ထွက်တာ ရှောင်ပေးပါ။ လူအုပ်စုထဲသွားတာ။ အစု အဝေးနဲ့ ပွဲလမ်းသဘင်ထဲသွားတာ။ လုံးဝ မလုပ်ရဘူး။ နံပါတ် ၂ က လက်ကို ထိန်းရမှာပဲ။ လက်ကို ပါးစပ်နဲ့ ခနခန မထိ မိအောင် လုပ်ရမယ်။ ဘာလို့လဲဆိုတော့ လက်က ဘာကို ထိတွေ့ ကိုင်တွယ်ထားလဲဆိုတာ မသိတဲ့အတွက်ကြောင့် လက်ကို ထိန်းချုပ်နိုင်ရင် ကူးရမယ်ဟာတွေ မကူးတော့ဘူး။
နံပါတ် ၃ က လက်ကို မကြာခဏ ဆေးရမယ်။ ခုနကဟာတွေပါပဲ။ ဆေးတဲ့အခါမှာ ဆပ်ပြာကို သုံးပြီး စက္ကန့် ၂၀ ကြာအောင် ဆေးရမယ်။ မရနိုင်ရင် Hand Gel တွေ ပါတွေ သုံးရမယ်။ ချောင်းဆိုးနှာချေရင် တစ်ရှုးကို သုံးမယ်။ ဘယ်လိုမှ မရနိုင်ရင် လက်နဲ့ အုပ်မယ်။ သုံးပြီးသား တစ်ရှုးတွေကို စနစ်တကျ စွန့်ပစ်ရမယ်။ ပြီးရင် လက်ပြန်ဆေးရမယ်။
နံပါတ် ၅ အချက်က ဖျားတယ်။ ချောင်းဆိုးတယ်ဆိုရင် အိမ်မှာပဲနေ။ ကိုယ်ခံအားကောင်းအောင် လုပ် ပြီးတော့ သေသေချာချာ နွေးနွေးထွေးထွေးနေပေါ့။ နံပါတ် ၆ အနေနဲ့ကတော့ ဖျားတာ ချောင်းဆိုးတာကနေ မောတဲ့အထိ ဖြစ်လာရင် ကျန်းမာရေးဝန်ထမ်းကို ဖုန်းနဲ့ အကြောင်းကြားရမယ်။ အိမ်သားတွေက သက်ဆိုင်ရာ မြို့နယ် ကျန်းမာရေး ဦးစီးဌာနကို အကြောင်းကြားရမယ်။ နံပါတ် ၇ ကတော့ အင်ဖော်မေးရှင်းတွေက အမျိုးမျိုး ဖောင်းပွနေတဲ့အခါမှာ ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်ကရတဲ့ သတင်းအချက်အလက်ကိုပဲ ယုံကြည်ပါ။
တနည်းအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဝက်ဆိုဒ်ဘ်တွေ WHO က ထုတ်ပြန်တဲ့ဟာတွေ ခိုင်မာ စိတ်ချရတဲ့ သတင်း အရင်းအမြစ်ကိုပဲ ရယူပါလို့ ပြောထားပါတယ်။ Quarantine လုပ်ထားတဲ့သူတွေ အပြင်မထွက်ဖို့ ကိစ္စမှာလည်း ပြည်သူ လူထုရဲ့ ပူးပေါင်း ပါဝင်မှုက အရေးကြီးပါတယ်။ သူအပြင်ထွက်လို့ ရှိရင် သက်ဆိုင်ရာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကို အကြောင်းကြားရမယ်။ ဒီလို အကြောင်းကြားပေးခြင်းဖြင့် ပြည်သူလူထုက စောင့်ကြပ်ကြည့်ရှု့ တဲ့ အတွက်ကြောင့် Quarantine ကို ဖောက်ဖျက်ဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။
တခုခုဆိုရင် ဒီနေရာ ဒီနေရာမှာတော့ Quarantine လုပ်ထားတဲ့သူက လျှောက်သွားနေတယ်လို့ ပြောတာက အဓိပ္ပါယ် မရှိဘူး။ အဲဒါက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး။ အကျိုးရှိတယ်။ ထိထိရောက်ရောက် လုပ်ချင်တယ်ဆိုရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ဒေသဆိုင်ရာ အာဏာပိုင်နဲ့ ကျန်းမာရေးဌာနကို အကြောင်းကြားဖို့ အရေးကြီးပါတယ်လို့ပဲ ပြော ချင်တယ်။
မေး ။ ။ ဆေးရုံ၊ ဆေးခန်းတွေကို လိုအပ်တဲ့ အထောက်အကူ ပစ္စည်းတွေ ထပ်ပြီး ပံ့ပိုးပေးဖို့များ ရှိမလား။
ဖြေ ။ ။ ဒီမေးခွန်းက နောက်ဆုံးမလား။ ဆေးရုံဆေးခန်းတွေမှာ ပစ္စည်းတွေ လုံလောက်သလားလို့ မေးတာလား။ လုံလောက်သလားဆိုရင် ကျမပြန်မေးချင်တာက ဘယ်နိုင်ငံနဲ့ နှိုင်းယှဉ်ပြီး လုံလောက်သလားလို့ မေးတာလဲ။ အခုက တောင်ကိုရီးယားလို အီတလီလို အီရန်လို နိုင်ငံနဲ့ နှိုင်းယှဉ်ပြီးတော့ မေးတာလား။ ကျမတို့လိုပဲ ၅ ယောက်နဲ့ အောက်ပေါ့နော်။ နိုင်ငံ စုစုပေါင်း ၄၅ နိုင်ငံ ရှိတယ်။ အဲဒီနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီး မေးတာလား။ ဒါမှ မဟုတ်ရင်လည်း ကွန်ဖန်းကေ့စ် ၁၀၀ အောက်ပေါ့နော်။ ဓါတ်ခွဲ အတည်ပြုလူနာ ရှိတဲ့ နိုင်ငံ ၁၅၀ နဲ့ နှိုင်းယှဉ်ပြီး မေးတာလား။
အဲလိုပြန်မေးရမယ်။ ပြောချင်တာကတော့ ကျမတို့ နိုင်ငံအနေနဲ့ ကျမတို့ ရှိတဲ့ အတိုင်းအတာ အတွင်းကနေပြီးတော့ လူနာတွေကို ပြုစုကုသဖို့တော့ တတ်နိုင်သမျှ ပြင်ဆင်ဆောင်ရွက်ထားတယ်။ ဒါပေမယ့် ဘယ်သော အခါမှ ၁၀၀ ရာခိုင်နှုန်း အကုန်လုံး ပြည့်စုံနေပြီဆိုတာ ဘယ်မှာမှ မရှိဘူး။
ကျနော်တို့ထက် ဖွံ့ ဖြိုးပါတယ်။ အမေရိကန်လိုမျိုး အီတလီလိုမျိုးမှာတောင် ပြည့်စုံတယ်ဆိုတာ မရှိဘူး။ မရှိတဲ့အတွက် အကုန်လုံး ပြည့်စုံနေပြီ Full Facilities ရှိပါတယ်လို့ မပြောနိုင်ဘူး။ သို့သော် ကိုဗစ် -19 ရောဂါရဲ့ သဘော သဘာဝကိုက ရောဂါ ဖြစ်တဲ့လူရဲ့ ၄၀ ရာခိုင်နှုန်းက သာမာန်ရောဂါ ဝေဒနာတွေပဲ ခံစားရတဲ့အတွက် ဆေးရုံတောင် တက်ဖို့ မလိုဘူးလို့ တိတိကျကျ ပြောထားတာ ရှိပါတယ်။
Health Facilities ပေါ့နော်။ အဲလို ဆေးရုံလိုမျိုးပေါ့။ သီးသန့်တော့ ထားရမှာ ဖြစ်ပါတယ်။ အလယ်အလတ်ပေါ့နော်။ မော တယ်ပေါ့နော်။ အဲလို လက္ခဏာတွေ့ ရင်တော့ ဆေးရုံတက် ကုသရမှာ ဖြစ်ပါတယ်။ အောက်စီဂျင်တွေ ဘာတွေ မလိုပါ ဘူး။ သူဖြစ်တဲ့ရောဂါကို ကုပေးရုံပါပဲ။ အရမ်းဆိုးတဲ့သူက ၁၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ အဲဒီ ၁၅ ရာခိုင်နှုန်း ကတော့ အောက် ဆီဂျင် လိုနိုင်တယ်။ အခုမေးတဲ့ စက်တွေ လိုတာကတော့ ၅ ရာခိုင်နှုန်းပဲ ရှိတယ်။ လူ ၁၀၀ ရှိရင် ၅ ရာခိုင်နှုန်းကပဲ စက်တွေ လိုတဲ့အထိ ဖြစ်တယ်ဆိုတာ သိပြီဆိုရင် ကျမတို့အတွက်ကတော့ ကိုယ့်နိုင်ငံရဲ့ အတိုင်းအတာ အရ လိုအပ်ချက်တွေကို အတိုင်းအတာ တခုအထိကတော့ ဖြည့်ဆည်းဆောင်ရွက်ထားတယ်။
လူတွေကိုလည်း ဖြည့်ဆည်းထားတယ်။ ကျမတို့မှာ ၂ လခွဲ ၊ ၃ လလောက် အချိန်ရတယ်။ အဲဒီအချိန်အတွင်းမှာ လူရော၊ စက်ရော၊ အသိဉာဏ်ပညာရော၊ အတွေ့ အကြုံတွေရော၊ သူများနိုင်ငံက ကောင်းတဲ့ အတွေ့အကြုံတွေလည်း ယူတယ်။ တနည်းအားဖြင့် ဆောင်ရန် ရှောင်ရန်တွေကို ကျမတို့အတွက် ပြင်ဆင်ထားတယ်။ အဲဒီအတွက် ကျမတို့အတွက်ကတော့ ဒီဥစ္စာကို ပြင်ဆင်မှုတွေက Ready ဖြစ်နေပါပြီ။
You may also like these stories:
Home Quarantine ဆိုတာ လိုအပ်လို့သာ လုပ်ခိုင်းတာ ဖြစ်တယ်
ပိုးတွေ့လူနာသစ် ၂ ဦး၏ နေအိမ်များကို အသွားအလာကန့်သတ်